ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မဂ္ဂဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၅။ ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု
325168ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မဂ္ဂဝဂ် — ၅။ ပဓာနကမ္မိကတိဿတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၅။ ပဓာနကမ္မိကတိဿမထေရ်ဝတ္ထု

ဥဋ္ဌာနကာလမှိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဓာနကမ္မိကတိဿ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းပျင်း နောက်မှ အကြံရခြင်း

သာဝတ္ထိပြည်၌ နေကြကုန်သော ငါးရာကုန်သော အမျိုးကောင်းသားတို့သည် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုကြ၍ ကမ္မဋ္ဌာန်းကို ယူကုန်လျက် တောသို့ ကြွသွားကြလေကုန်သတတ်၊ ထိုငါးရာသော ရဟန်းတို့တွင် တစ်ပါးသော ရဟန်းသည် ထိုဇေတဝန်ကျောင်းတော်၌သာလျှင် ချန်၍ နေခဲ့လေ၏၊ ကြွင်းသော ရဟန်းတို့သည် တော၌ ရဟန်းတရားကို အားထုတ်ကြသဖြင့် အရဟတ္တဖိုလ်သို့ရောက်၍ “ရအပ်ပြီးသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်အံ့”ဟု တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာကြလေကုန်၏။ ထိုရဟန်းတို့သည် သာဝတ္ထိပြည်မှ တစ်ယူဇနာမျှလောက် အတိုင်းအရှည်ရှိသော တစ်ခုသော ရွာငယ်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်ကြသည်တို့ကို မြင်ရ၍ ဒါယကာ တစ်ယောက်သည် ယာဂုဆွမ်း အစရှိသည်တို့ဖြင့် (လှူဒါန်းဆက်ကပ်၍) အနုမောဒနာပြုခြင်းကို ကြားနာရသဖြင့် တစ်ဖန် မိုးသောက်သောနေ့ ကောင်းမှုအကျိုးငှာ ပင့်ဖိတ်လေ၏၊ ထိုရဟန်းတို့သည် ထိုနေ့၌သာလျှင် သာဝတ္ထိပြည်သို့ ရောက်သွားကြ၍ သပိတ်သင်္ကန်းကို သိုမှီးပြီးလျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်သဖြင့် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့် အတူတကွ အလွန်လျှင် နှစ်သက်ဝမ်းမြောက်ခြင်းကို ပြောဟောလျက် ပဋိသန္ထာရ အစေ့အစပ် စကားပြောခြင်းကို ပြုတော်မူ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်၌ ကျန်နေရစ်ခဲ့သော ထိုရဟန်းတို့၏ အဆွေခင်ပွန်း ရဟန်းသည် “ဤရဟန်းတို့နှင့် အတူတကွ အစေ့အစပ် စကားပြောခြင်းကို ပြုတော်မူသော မြတ်စွာဘုရား၏ ခံတွင်းတော်သည် မဆံ့လောက်အောင် ဖြစ်တော်မူ၏၊ ငါ၏သန္တာန်၌ကား မဂ်ဖိုလ်မရှိသော အဖြစ်ကြောင့် ငါနှင့်အတူတကွ စကားဆိုတော်မမူ၊ ယနေ့ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်အောင်ပြု၍ မြတ်စွာဘုရားကို ငါနှင့်အတူတကွ စကားပြောဟောစေ့အံ့”ဟု ကြံလေ၏။

ရဟန်းပျင်း လုံ့လကြောင့် ပေါင်ကျိုးခြင်း

ထိုရဟန်းတို့သည်လည်း “မြတ်စွာဘုရား- တပည့်တော်တို့ကို လာသောခရီး၌ တစ်ယောက်သော ဒါယကာသည် နက်ဖြန်ကောင်းမှုအလို့ငှာ ပင့်ဖိတ်အပ်ပါသည်၊ ထိုပင့်ဖိတ်ရာအရပ်သို့ နံနက်စောစောသာလျှင် သွားလိုကြပါကုန်သည်ဘုရား”ဟု မြတ်စွာဘုရားကို ပန်ကြားကြလေကုန်၏၊ ထိုအခါ ထိုရဟန်းတို့၏ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည် ညဉ့်သုံးယံပတ်လုံး စင်္ကြံသွားသည် ဖြစ်ရကား ငိုက်မျဉ်းသောအားဖြင့် စင်္ကြံဦး၌ တစ်ခုသော ကျောက်ဖျာအပြင်ပေါ်၌ တိမ်းလဲကာ ကျလေ၍ ပေါင်ရိုးကျိုးသွားလေ၏၊ ထိုပေါင်ရိုးကျိုးသော ရဟန်းသည် သည်းစွာသောအသံဖြင့် အော်ဟစ်မြည်တမ်းလေ၏။ ထိုပေါင်ရိုးကျိုးသော ရဟန်း၏ အဆွေခင်ပွန်းဖြစ်သော ရဟန်းတို့သည် အသံကို မှတ်မိသိရှိကြကုန်သဖြင့် ထိုမှဤမှ ပြေးလွှားကြရလေကုန်၏။ ထိုရဟန်းတို့အား ဆီးမီးကိုညှိထွန်း၍ ထိုပေါင်းရိုးကျိုးသော ရဟန်းအား ပြုအပ်သော အမှုကိစ္စကို ပြုကြကုန်စဉ်သာလျှင် အရုဏ်သည် တက်လာလေ၏။ ထိုရဟန်းတို့အား ပင့်ဖိတ်သောရွာသို့ သွားခြင်းငှာ အခွင့်မရကြလေကုန်။ ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အသို့နည်း၊ ဆွမ်းခံရွာသို့ မသွားကြကုန်သေးသလော”ဟု မိန့်တော်မူလေ၏။ ထိုရဟန်းတို့သည် “မြတ်စွာဘုရား မသွားကြရသေးသည်ကား မှန်လှပါသည်ဘုရား”ဟု လျှောက်၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်။

ဝရုဏဇာတ် အမြွက်

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤရဟန်းသည် ယခုအခါ၌သာလျှင် သင်တို့၏ လာဘ်လာဘ အန္တရာယ်ကို ပြုလုပ်သည်မဟုတ်သေး။ ရှေးအခါ၌လည်း ပြုလုပ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက်-

ယော ပုဗ္ဗေ ကရဏီယာနိ၊ ပစ္ဆာသော ကာတုမိစ္ဆတိ။
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ သ ပစ္ဆာမနုတပ္ပတိ။

ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေးလက်ဦးမဆွ အခါကာလ၌။ ကရဏီယာနိ၊ ပြုသင့်သော အမှုကိစ္စတို့ကို။ ပစ္ဆာသော၊ နောက်မှ။ (သော-ကား ပဉ္စမီဝိတ်ဘတ်၏ ကာရိယတည်း။) ကာတုံ၊ ပြုခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ သ-သော၊ ထိုသူသည်။ ဝရုဏကဋ္ဌဘဉ္ဇောဝ၊ ခံတက်ပင်စိုကို ထင်းခြောက်ပင်ဟု မှတ်ထင်၍ ချိုးသော လုလင်ပျင်းကဲ့သို့။ ပစ္ဆာ၊ နောက်ကာလ၌။ အနုတပ္ပတိ၊ အဖန်တလဲလဲ ပူပန်ရ၏။

ဧကနိပါတ်၊ ဝရုဏဝဂ်လာ၊ ဝရုဏဇာတ်တော်ကို ချဲ့ကာ ဟောကြားတော်မူလေ၏။ ထိုရဟန်းတို့သည် ငါးရာသော လုလင်ပျိုတို့ ဖြစ်ဖူးကြကုန်၏၊ ပျင်းရိသော လုလင်ပျိုသည် ဤပေါင်ရိုးကျိုးသော ရဟန်းဖြစ်ဖူးလေ၏၊ ဆရာသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူဖူး၏ဟု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- အကြင်သူသည် ထကြွလုံ့လပြုသင့်သော အခါကာလ၌ ထကြွလုံ့လကို မပြု၊ အကြံအစည် မပြည့်စုံသော သူဖြစ်၏၊ ပျင်းရိသောသူဖြစ်၏။ ထိုသူသည် ဈာန်အစရှိသော တရားထူးကို မရနိုင်ပေ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၈၀] ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊
ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊
ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။

ဥဋ္ဌာနကာလမှိ၊ ထကြွလုံ့လ ပြုသင့်သောကာလ၌။ အနုဋ္ဌဟာနော၊ ထကြွလုံ့လမပြုသော။ ယုဝါ၊ ပထမအရွယ်၌တည်သော။ ဗလီ၊ အားနှင့်ပြည့်စုံသော သူသည်။ အာလသိယံ၊ ပျင်းရိသောသူ၏ အဖြစ်သို့။ ဥပေတော၊ ရောက်၏။( စားပြီး,အိပ်၏ဟူလို။) သံသန္နသင်္ကပ္ပမနော၊ ကောင်းသောစိတ်အကြံနှင့် မပြည့်စုံသော။ ကုသီတော အလသော၊ လူပျင်းကြီးသည်။ ပညာယ၊ ပညာဖြင့်။ ဒဋ္ဌဗ္ဗံ၊ ရှုအပ်သော။ မဂ္ဂံ၊ အရိယာမဂ်ကို။ န ဝိန္ဒတိ၊ မရ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဓာနကမ္မိကတိဿမထေရ် ဝတ္ထု ပြီး၏။