အချိန်ကို စီမံခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ အချိန်ကို စီမံခြင်း(ကျောင်းသားကိုင်သို့)
348367ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၆။ အချိန်ကို စီမံခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သင်ခန်းစာခေါင်းစဉ်။ ။ အချိန်ကို စီမံခြင်း

သင်ယူမှုဦးတည်ချက်။ ။ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ တစ်နေ့တာ ဘာတွေ လုပ်ကြသလဲ။
-ဖေဖေမေမေတို့ရော တစ်နေ့တာ ဘာတွေ လုပ်ကြသလဲ။

֍ ကလေးတစ်ဦးချင်းစီ ဖြေစေပြီး မတူညီသောအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

֍ ထို့နောက် အောက်ပါမေးခွန်းကို ဆက်မေးပါ။

(ပြောချင်သော ကလေးများ အလှည့်ကျ ပြောကြပါစေ။)

-ဓမ္မစကူးလ်ကို လာတဲ့လမ်းမှာ လူတွေ ဘာလုပ်နေတာ တွေ့ခဲ့သလဲ။

֍ ကလေးများ ပြောသမျှကို မှတ်တမ်းတင်ထားပြီး ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပါ

“သားတို့သမီးတို့ရော၊ ဖေဖေမေမေတို့ရော၊ လူတွေအားလုံးရော တစ်နေ့တာ အလုပ်တွေ လုပ်ကြရတယ်။ ဆရာတို့၊ သားတို့သမီးတို့ကိုးကွယ်တဲ့ . မြတ်စွာဘုရားရှင်ဟာလည်း တစ်နေ့တာမှာ အလုပ်တွေ အများကြီး လုပ်တယ်။ မြတ်စွာဘုရား ဘယ်လို လုပ်ခဲ့တယ်ဆိုတာကို လေ့လာကြည့်ရအောင်။”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ မြတ်စွာဘုရား၏ တစ်နေ့တာ လုပ်ငန်းစဉ်များ အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ မြတ်စွာဘုရား၏ တစ်နေ့တာ လုပ်ငန်းစဉ်များအကြောင်းကို ကလေးများ ကိုယ်တိုင် ဖတ်ကြပါစေ။

မြတ်စွာဘုရား၏ တစ်နေ့တာ လုပ်ငန်းစဉ်များ

ဗုဒ္ဓမြတ်စွာသည် နေ့စဉ်လုပ်ငန်းများကို သတ်မှတ်ပိုင်းခြားထားသည့် အစီအစဉ်အတိုင်း စနစ်တကျ ဆောင်ရွက်တော်မူလေ့ရှိ၏။ ခန္ဓာကိုယ်အတွက် လိုအပ်ချက်များကို ဖြည့်ပေးနေရသည့် အချိန်မှတစ်ပါး အခြားအချိန်များ၌ တစ်နေ့ တာပတ်လုံး လောကအကျိုးပြုလုပ်ငန်းများကိုသာ ဆောင်ရွက်တော်မူလေ့ရှိ၏။ ဗုဒ္ဓမြတ်စွာသည် မိမိ၏ နေ့စဉ်လုပ်ငန်းများကို အောက်ပါအတိုင်း ငါးပိုင်းခွဲ၍ ဆောင်ရွက်တော်မူလေ့ရှိသည်။ ယင်းတို့မှာ-

၁။ နံနက်ပိုင်း လုပ်ငန်းစဉ်
၂။ နေ့လယ်ပိုင်း လုပ်ငန်းစဉ်
၃။ ညဉ့်ဦးပိုင်း လုပ်ငန်းစဉ်
၄။ သန်းခေါင်ယံညဉ့်လယ်ပိုင်း လုပ်ငန်းစဉ်
၅။ မိုးသောက်ယံညဉ့်နှောင်းပိုင်း လုပ်ငန်းစဉ် တို့ဖြစ်သည်။

နံနက်ပိုင်း လုပ်ငန်းစဉ်များကို နံနက် ၄ နာရီမှ နေ့လယ် ၁၂ နာရီအထိပိုင်းခြားနိုင်သည်။ မြတ်စွာဘုရားသည် နံနက် ၄ နာရီ၌ ကျိန်းစက်အနားယူရာမှ ထတော်မူသည်။ ထို့နောက် ကိုယ်လက် သန့်စင်ခြင်း၊ မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်းစသည်တို့ကို ပြုလုပ်၍ ၁ နာရီနီးပါး ဖလသမာပတ်ဝင်စားတော်မူသည်။ နံနက် ၅ နာရီခန့်မှ ၆ နာရီခန့် အထိ အကူအညီလိုအပ်နေသူရှိ၊ မရှိ လောကကြီး တစ်ခုလုံးကို တန်ခိုးတော်ဖြင့် ကြည့်တော်မူ၏။ ၆ နာရီခန့်တွင် သင်္ကန်းကို သပ်ရပ်စွာ ဝတ်ရုံတော်မူ၍ ဆွမ်းခံကြွတော်မူသည်။ မြတ်စွာဘုရားသည် တစ်ခါတစ်ရံ တစ်ပါးတည်း ကြွတော်မူ၍ တစ်ခါတစ်ရံ နောက်ပါသံဃာတော်များစွာဖြင့် ကြွတော်မူ၏။ ဆွမ်းခံကြွရင်း လူတို့အား တရားဒေသနာများ ဟောကြားတော်မူသည်။

နေ့လယ်ပိုင်း လုပ်ငန်းစဉ်များကို ဆွမ်းဘုဉ်းပေးပြီးသော နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ ပိုင်းခြား နိုင်၏။ ရှေးဦးစွာ မြတ်စွာဘုရားသည် ရဟန်းတော်များ မေးလျှောက်သော အမေးပုစ္ဆာများကို ဥပမာများနှင့်တကွ ကျိုးကြောင်းပြကာ ဖြေရှင်းပေးတော်မူသည်။ ထို့နောက် ခေတ္တ အနားယူတော်မူသည်။ အနားယူပြီးသောအခါ လောက တစ်ခုလုံးကို တန်ခိုးတော်ဖြင့် ကြည့်ရှုတော်မူ၏။ ထိုသို့ကြည့်သောအခါ တရားဟောသင့်သူတစ်ယောက်ကို ဖြစ်စေ၊ အများကိုဖြစ်စေ မြင်တော်မူလျှင် မည်မျှဝေးလံသော ဒေသဖြစ်စေကာမူ ကြွရောက်၍ တရားဟောတော်မူသည်။ ညနေပိုင်းတွင် မိမိထံ လာရောက်တရားနာသူများကို တရားဟောတော်မူသည်။

ညဉ့်ဦးပိုင်း လုပ်ငန်းစဉ်များကို ညနေ ၆ နာရီခန့်မှ ည ၁၀ နာရီခန့်အထိ ပိုင်းခြားနိုင်သည်။ နေဝင်ချိန်တွင် ရေချိုးတော်မူသည်။ ညချမ်းအချိန်တွင် တရားအားထုတ်ပြီး ပြန်ကြွလာကြသော ရဟန်းတော်များ မေးမြန်းသည့် ပုစ္ဆာ ပြဿနာများကို ဖြေကြားတော်မူကာ လိုအပ်သည်များကို လမ်းညွန်ပေးတော်မူသည်။ ရဟန်းတော်များ၏ အခက်အခဲ ပြဿနာများကို ဂရုပြု နားထောင်တော်မူပြီးနောက် မေးမြန်းသင့်သည်များကို ပြန်လည်မေးမြန်းကာ ဖြေရှင်းပေးတော်မူ၏။

သန်းခေါင်ယံ ညဉ့်လယ်ပိုင်း လုပ်ငန်းစဉ်များကို ည ၁၀ နာရီခန့်မှ ၂ နာရီခန့်အထိ ပိုင်းခြားနိုင်သည်။ လူခြေ တိတ်ချိန်ဖြစ်သဖြင့် မြတ်စွာဘုရားထံသို့ နတ်ဗြဟ္မာများ လာရောက်ဖူးမြော်ကြကာ ပုစ္ဆာပြဿနာများ မေးလျှောက်၍ တရားတော်များ နာယူပါက ပြေလည်အောင် ဖြေရှင်းဟောကြားပေးတော်မူသည်။

မိုးသောက်ယံ ညဉ့်နှောင်းပိုင်း လုပ်ငန်းစဉ်များကို ည ၂ နာရီခန့်မှ ၄ နာရီခန့်အထိ ပိုင်းခြားနိုင်သည်။ ထိုအချိန် အတွင်း မြတ်စွာဘုရားသည် စင်္ကြံလျှောက်တရားရှုမှတ်တော်မူပြီး ခေတ္တမျှ ကျိန်းစက်အနားယူတော်မူသည်။

မြတ်စွာဘုရားသည် တစ်နေ့လျှင် ၂ နာရီခန့်သာ ကျိန်းစက်အနားယူတော်မူ၍ နာရီများစွာ အလုပ်လုပ်တော်မူသည်။ ဤသို့ဖြင့် မြတ်စွာဘုရားသည် လေးဆယ့်ငါးနှစ်ပတ်လုံး သတ္တဝါအများ တရားအသိ အမြင်ရရှိရေး၊ လောက ငြိမ်းချမ်းရေးအတွက် မနေမနား ကြိုးပမ်းအားထုတ်တော်မူခဲ့လေသည်။

မှီငြမ်း။ ။ ဗုဒ္ဓဝင်အမေးအဖြေ၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၊ ၁၀၃-၁၀၇။ မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ ၄၄-၅၁၊ ဒီ၊ဋ္ဌ၊၁၊၄၈။ အနှစ်ချုပ်ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓဝါဒအခြေပြ၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ၁၅၈-၁၆၂။

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့၍ အုပ်စုတစ်ခုစီအား အောက်ပါမေးခွန်းတစ်ခုစီ ပေးကာ ဆွေးနွေးကြပါစေ။

-မြတ်စွာဘုရားရဲ့ မနက်ပိုင်း လုပ်ငန်းစဉ်က ဘာတွေလဲ။
-မြတ်စွာဘုရားရဲ့ နေ့လယ်ပိုင်း လုပ်ငန်းစဉ်က ဘာတွေလဲ။
-မြတ်စွာဘုရားရဲ့ ညဉ့်ဦးပိုင်း လုပ်ငန်းစဉ်က ဘာတွေလဲ။
-မြတ်စွာဘုရားရဲ့ သန်းခေါင်းယံ ညဉ့်လယ်ပိုင်း လုပ်ငန်းစဉ်က ဘာတွေလဲ။
-မြတ်စွာဘုရားရဲ့ မိုးသောက်ယံ ညဉ့်နှောင်းပိုင်း လုပ်ငန်းစဉ်က ဘာတွေလဲ။

֍ ကလေးများ ဆွေးနွေးပြီးနောက် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။ လိုအပ်လျှင် ဆရာက ပြည့်စုံအောင်ဖြည့်စွက် ပြောပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ စာသင်ချိန်(၂) အတိုင်း အုပ်စုကိုထားပါ။

֍ ဆရာက “မြတ်စွာဘုရားဟာ တစ်နေ့တာအချိန်ကို သတ္တဝါကောင်းကျိုး၊ လောက ကောင်းကျိုးအတွက် အကျိုးရှိ အောင် စီမံဆောင်ရွက်တယ်ဆိုတာ သိပြီးပြီ။ ကလေးတို့ရော တစ်နေ့တာအချိန်ကို အကျိုးရှိအောင် ဘယ်လို အသုံး ပြုမလဲဆိုတာ စဉ်းစားဆွေးနွေးကြည့်ရအောင်”ဟု ပြောပြီး အောက်ပါလုပ်ငန်းစဉ်များကို အုပ်စုတိုင်းအား စာရွက် လွတ်တစ်ရွက်စီပေး၍ ဆွေးနွေးကြပါစေ။

(၁) မနက်ပိုင်း
(၂) နေ့လယ်ပိုင်း
(၃) ညပိုင်း

֍ ဥပမာ-

မနက်ပိုင်း လုပ်ငန်းစဉ်
ညပိုင်း လုပ်ငန်းစဉ်
နေ့လည်ပိုင်း လုပ်ငန်းစဉ်

֍ ပြီးနောက် ဆွေးနွေးမှု ရလဒ်များကို သင်ပုန်းတွင် လာ၍ကပ်စေပြီး ကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။ ကျန်အုပ်စုဝင်များက မိမိတို့ သိလိုသော အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြပါစေ။

֍ ဆရာက ကလေးများ၏ တင်ပြချက်များကို မှတ်သားထား၍ အောက်ပါအတိုင်း အနှစ်ချုပ်ပါ။

“မနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညပိုင်း လုပ်ရမယ့် အလုပ်တွေကို သိပြီးသွားပြီဆိုတော့ သားတို့သမီးတို့ရဲ့ တစ်နေ့တာ အချိန်ကို အကျိုးရှိရှိ အသုံးပြုပြီး အကျိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်အောင် ကြိုးစားရမယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ တစ်ပတ်တာ အချိန်ဇယား နမူနာပုံစံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့... မြတ်စွာဘုရားရဲ့ တစ်နေ့တာ အချိန်ကိုစီမံပုံ၊ သူငယ်ချင်းတွေရဲ့ တစ်နေ့တာအချိန်ကို အကျိုးရှိရှိလုပ်ဆောင်ပုံတွေကို သိခဲ့ရပြီ၊ အခုတော့ သားတို့သမီးတို့ လုပ်ရမယ့် အလုပ်တွေကို တစ်ပတ်တာ အချိန်ဇယား ဆွဲကြည့်ရအောင်”ဟု ပြော၍ အောက်ပါ အချိန်ဇယားပုံစံအတိုင်း ကလေးများ၏ မှတ်စုစာအုပ်ထဲတွင် ဆွဲကြပါစေ။

..........၏ တစ်ပတ်တာ အချိန်ဇယားနမူနာပုံစံ

အချိန် တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ

နံနက် ၆-နေ့လည် ၁၂ နာရီ

နေ့လယ် ၁၂-ညနေ ၆ နာရီ

ညနေ ၆-ည ၁၂ နာရီ

֍ ထို့နောက် ဆွဲထားသော အချိန်ဇယားကို ကလေးတစ်ဦးချင်းစီက အလှည့်ကျ တင်ပြကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “အခု သားတို့သမီးတို့ ဆွဲထားတဲ့ အချိန်ဇယားကို အိမ်ယူသွားကြပါ၊ ဆွဲထားတဲ့ အချိန် ဇယားအတိုင်း ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ကြပါ”ဟု တိုက်တွန်း၍ စာသင်ချိန်ကို အဆုံးသတ်ပါ။