မဟာဓန သူဌေးသား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ မဟာဓန သူဌေးသား(ကျောင်းသားကိုင်သို့)
348366ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၅။ မဟာဓန သူဌေးသား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

သင်ခန်းစာခေါင်းစဉ်။ ။ မဟာဓန သူဌေးသား

သင်ယူမှုဦးတည်ချက်။ ။ နောင်တ ဆယ်ပါးကို သိရှိနားလည်ပြီး လုပ်သင့်လုပ်ထိုက်သော အလုပ်များကို အချိန်အခါ အခွင့်အရေးပေးခိုက်တွင် လုပ်ဆောင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ချမ်းသာချင်ကြလား။ ဘာကြောင့်လဲ။ မချမ်းသာချင်တဲ့ သူရောရှိလား။ ဘာကြောင့်လဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေး၍ မိမိဘေးမှ သူငယ်ချင်းနှင့် နှစ်ယောက်တစ်တွဲ အပြန်အလှန် ဆွေးနွေး ကြပါစေ။

-ဆင်းရဲတာကနေ ချမ်းသာသွားတဲ့သူတွေ ရှိသလား။ ဘာကြောင့် သူတို့ ချမ်းသာသွားကြတာလဲ။

(မျှော်မှန်းအဖြေ = ပွဲစားလုပ်လို့၊ အမွေရလို့၊ အလုပ်ကောင်းရလို့၊ အလုပ်ကြိုးစားလို့၊ ရှေးဘဝက ကုသိုလ် ကောင်းမှု ပြုခဲ့လို့၊ ထီပေါက်လို့၊ သူဌေးနဲ့ ရလို့ ... စသည်)

-ချမ်းသာတာကနေ ဆင်းရဲသွားတဲ့သူတွေရော တွေ့ဖူးလား။ ဘာကြောင့် ဆင်းရဲသွားကြတာလဲ။

(မျှော်မှန်းအဖြေ -ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ် လုပ်လို့၊ လောင်းကစားလုပ်လို့၊ အလုပ် မလုပ်လို့၊ အသောက်အစား အပျော်အပါးများလို့၊ အလိမ်ခံရလို့၊ ပညာမတတ်လို့၊ ဆုံးဖြတ်ချက် မှားလို့ ... စသည်)

֍ ဆွေးနွေးပြီးလျှင် အတန်းရှေ့ထွက်၍ တစ်တွဲစီ အလှည့်ကျ ပြောကြပါစေ။ ထို့နောက် ဆရာက အထက်ပါ မျှော်မှန်း အဖြေများ ပါဝင်အောင် အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အခု ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ကြည့်ရအောင်။ ဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်ဟာ ဘယ်လို လူမျိုးလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာဖြစ်သွားလဲ ဆိုတာ ပြန်ဆွေးနွေးကြမယ်”ဟု ဆိုကာ ကလေးများ ကိုယ်တိုင် ဖတ်ကြပါစေ။

မဟာဓန သူဌေးသား

ဘုရားရှင်လက်ထက်တော်အခါက ဗာရာဏသီမြို့၌ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော သူဌေးကြီး ဇနီး မောင်နှံတွင် “မဟာဓန”ဟု ခေါ်သည့် သားတစ်ယောက်ရှိသည်။ မိခင်ဖခင်တို့သည် သားငယ်ကို ချစ်မြတ်နိုးလှသဖြင့် မည်သည့်ပညာကိုမျှ မသင်စေဘဲ အတီးအမှုတ် အကအခုန်စသည့် အပျော်အပါးတို့ဖြင့်သာ အချိန်ကုန်စေသည်။ သူဌေးကြီးက “တို့မှာ စည်းစိမ်ဥစ္စာရတနာတွေ အများကြီးရှိတယ်၊ ဘာအလုပ်မှမလုပ်ဘဲ သားငယ် အလိုရှိသမျှ သုံးနိုင် တယ်”ဟု တွေး၍ သားငယ်အား မည်သည့်အလုပ်မျှ လုပ်ကိုင်စေခြင်း မရှိပေ။ မဟာဓန အရွယ်ရောက်လာသည့်အခါ မိမိတို့ကဲ့သို့ပင် ကုဋေရှစ်ဆယ်ကြွယ်ဝ ချမ်းသာသော သူဌေးသမီးတစ်ယောက်နှင့် လက်ထပ် ထိမ်းမြားပေးလေသည်။

နှစ်ဖက်မိဘများ ကွယ်လွန်သွားသောအခါ မဟာဓနသူဌေးသားမှာ ကုဋေတစ်ရာ့ခြောက်ဆယ် ကြွယ်ဝလာလေသည်။ သို့သော် စီးပွားဥစ္စာတိုးပွားကြောင်း မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ အတီးအမှုတ် အကအခုန်စသည့် အပျော် အပါးများဖြင့်သာ အချိန်ကုန်နေခဲ့၏။ တစ်နေ့တွင် သူဌေးသားသည် အခြွေအရံများနှင့် ထွက်လာရာ လမ်းတွင် အရက် သမားများနှင့် ဆုံမိကြသည်။ အရက်သမားများက သူဌေးသားကို မှီခိုစားသောက်လိုသည့်အတွက် “သူဌေးမင်း သက်တော်ရာကျော် ရှည်ပါစေ”စသည်ဖြင့် နှုတ်ဆက်မိတ်ဖွဲ့ကြသည်။

မိမိ၏ အလုပ်အကျွေးများကလည်း “အရက်ဟာ လောကမှာ အကောင်းဆုံး အဖျော်ယမကာ ဖြစ်ပေတယ် အရှင့်သား”ဟု ပြောပြကြသဖြင့် သူဌေးသားသည် မြည်းစမ်းသောက်ကြည့်ရာမှ အရက်စွဲသွားလေသည်။ ထိုအချိန်မှစ၍ သူဌေးသားသည် အရက်သမားများနှင့်ပေါင်း၍ သောက်စားမူးယစ်နေသည်။ ပစ္စည်းဥစ္စာများကိုလည်း စည်းကမ်းမရှိ သုံးဖြုန်းပစ်သည့်အတွက် မိဘအမွေများအားလုံး ကုန်ခန်းသွားလေ၏။ ထို့နောက် ဇနီးဘက်မှရရှိသော အမွေများကိုလည်း သုံးဖြုန်းပစ်ပြန်သည်။

အမွေအားလုံး ကုန်သွားသောအခါ လယ်ယာ၊ ကျွဲနွား၊ ခြံမြေ၊ အဝတ်အထည်၊ အိုး၊ ခွက် စသည်တို့ကို ရောင်းချ စားသောက်ပစ်ပြန်သည်။ အသက်အရွယ်ကြီးရင့်လာချိန်တွင် ရောင်းချစားသောက်စရာ မရှိတော့သဖြင့် အိမ်ကိုပင် ရောင်းလိုက်ကြရသည်။ ထို့ကြောင့် နေစရာမရှိတော့ဘဲ သူတစ်ပါး၏ အိမ်ဘေးတွင် မှီခို၍ နေကြရ၏။ စားစရာ လည်းမရှိ၊ စီးပွားလည်း မရှာတတ်သဖြင့် တောင်းရမ်းစားသောက်ကာ အသက်မွေးရတော့သည်။ တစ်နေ့တွင် မဟာဓနတို့ ဇနီးမောင်နှံသည် ဘုရားရှင်၏ ဆွမ်းစားဇရပ်သို့ ရောက်လာကာ ကိုရင်ငယ်များ စွန့်သော ဆွမ်းကျန်၊ ဟင်းကျန်များကို တောင်းရမ်း စားသောက်နေရသည့် အဖြစ်ကို ဘုရားရှင် မြင်တော်မူသောအခါ ပြုံးတော်မူသည်။

ထိုအခါ အရှင်အာနန္ဒာက ပြုံးတော်မူသော အကြောင်းရင်းကို မေးလျှောက်သောအခါ “ချစ်သားအာနန္ဒာ ...ဒီသူဌေးသားဟာ ပထမအရွယ်မှာစီးပွားရှာခဲ့ရင် ဟောဒီဗာရာဏသီမြို့မှာ ပထမတန်းစား သူဌေးကြီးတစ်ဦး ဖြစ်နိုင်တယ်၊ ဒုတိယအရွယ်မှာ စီးပွားရှာခဲ့ရင် ဒုတိယတန်းစား သူဌေးကြီး ဖြစ်နိုင်တယ်၊ တတိယအရွယ်မှာ စီးပွားရှာခဲ့ရင် တတိယတန်းစား သူဌေးကြီး ဖြစ်နိုင်သေးတယ်၊ လူ့ဘောင်ကနေ ရှောင်ခွာပြီး ရဟန်းပြုရင်လည်း ဇနီးမောင်နှံနှစ်ဦးစလုံး အကျွတ်တရား ရနိုင်တယ်၊ ခုတော့ သူဟာ လူ့လောကစည်းစိမ်ချမ်းသာကိုရော လောကုတ္တရာချမ်းသာကိုပါ လက်လွှတ် ဆုံးရှုံးရပြီ၊ သူဟာ အရွယ်ရှိတုန်း အချိန်အခါ အခွင့်အရေးပေးတုန်းမှာ လုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ခဲ့ဘူး၊ ဒါ့ကြောင့် အကျိုးစီးပွားမှန်သမျှ ဆုံးရှုံးခဲ့ရတယ်၊ အခုတော့ သူတို့နှစ်ဦးဟာ ငါးမရှိတဲ့ ညွန်အိုင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာ အိုလို ငေးမှိုင်နေရတယ်၊ ရှေးဖြစ်ဟောင်း ချမ်းသာတွေကို ညည်းတွား အောက်မေ့ပြီးသာ နေရတော့တယ်”ဟု မိန့်ကြားတော်မူသည်။

֍ အောက်ပါမေးခွန်းများ မေးပါ။

မှီငြမ်း။ ။ မဟာဓနသူဌေးသားဝတ္ထု၊ ဓမ္မပဒဝတ္ထု၊ တတိယတွဲ၊ ၃၁၄။ ဓမ္မ၊ဋ္ဌ၊၂၊၈၁။

-သူဌေးသားရဲ့အမည် ဘယ်လိုခေါ်လဲ။
-သူဌေးသားဟာ ဘာကြောင့် ပညာမသင်ခဲ့ရတာလဲ။
-မဟာဓနသူဌေးသားဟာ ဘယ်သူတွေနဲ့ မိတ်ဆွေဖြစ်သွားလဲ။
-မဟာဓနသူဌေးသားဟာ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ။ ဘာကြောင့်လဲ။
-မြတ်စွာဘုရားက မဟာဓနသူဌေးသားရဲ့ အဖြစ်ကိုမြင်ပြီး အရှင်အာနန္ဒာကို ဘယ်လို မိန့်တော်မူခဲ့သလဲ။
-ဒီဇာတ်လမ်းထဲက မဟာဓနသူဌေးသားလို မဖြစ်အောင် သားတို့သမီးတို့အနေနဲ့ ဘာတွေ ကြိုတင်ပြီး လုပ်ကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ နောင်တ ဆယ်ပါး ရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အရွယ်ရှိတုန်း၊ အချိန်အခါ အခွင့်အရေးပေးတုန်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို မလုပ်ရင် နောင်တရတတ်တယ်ဆိုတာ မဟာဓန သူဌေးသားဇာတ်လမ်းထဲမှာ သိခဲ့ပြီးပြီ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော (စာရွက်ကြီးပေါ်တွင် ရေးထားသော) နောင်တ ဆယ်ပါးကို ဆရာက ပြောပြပါ။

နောင်တ ဆယ်ပါး

၁။ ငယ်ရွယ်စဉ် ဥစ္စာကို ရှာဖွေစုဆောင်းမှု မပြုခြင်း။
၂။ ငယ်ရွယ်စဉ် အသက်မွေးဝမ်းကျောင်းအတတ်ကို သင်ယူမထားခြင်း။
၃။ ကောက်ကျစ်မှု၊ ကုန်းချောစကားပြောဆိုမှု၊ ကြမ်းကြုတ်မှု၊ လာဘ်စားမှု၊ ရုန့်ရင်းစကားပြောဆိုမှုကို ပြုမိခြင်း။
၄။ သူ့အသက်သတ်မှုကို ပြုမိခြင်း။
၅။ သူတစ်ပါးသားမယား၌ ပြစ်မှားမှု ပြုမိခြင်း၊
၆။ စားဖွယ်သောက်ဖွယ်များစွာရှိလျက် အလှူဒါန မပြုမိခြင်း။
၇။ တတ်နိုင်ပါလျက် မိဘကို မလုပ်ကျွေးမိခြင်း။
၈။ ဖခင်၏ ဆုံးမစကားကို နားမထောင်မိခြင်း။
၉။ သီလရှိသော ရဟန်းသံဃာတို့ကို မဆည်းကပ်၊ မလုပ်ကျွေးမိခြင်း။
၁၀။ ကိုယ်ကျင့်သီလကို လုံခြုံအောင် မစောင့်ထိန်းမိခြင်း။
(ဇာတက၊၁၊၂၄၇။) (ဇာ၊ဋ္ဌ၊၄၊၁၇၈။)

֍ ပြီးလျှင် အောက်ပါမေးခွန်းများကို အုပ်စု (၅) စုအား မေး၍ ဆွေးနွေးစေပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြောပြကြပါ

-မဟာဓနသူဌေးသား ရခဲ့တဲ့ နောင်တတွေဟာ နောင်တ ဆယ်ပါးထဲက ဘယ်လို နောင်တစ်မျိုးတွေလဲ။
-သားတို့သမီးတို့အတွက် ဘယ်လိုနောင်တတွေမဖြစ်ဖို့ အရေးကြီးတယ် ထင်သလဲ။

֍ ထို့နောက် ဆရာက နောင်တ ဆယ်ပါးလုံးသည် အရေးကြီးပြီး ရှောင်ရှားသင့်ကြောင်း ပြောပြ၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ နောင်တ ဆယ်ပါး ရေးထားသော မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အခုဆိုရင် ကလေးတို့လည်း နောင်တ ဆယ်ပါးကို သိရှိသွားပြီ။ အဲဒီ နောင်တတွေ မဖြစ်ရအောင် သားတို့သမီးတို့ အနေနဲ့ ဒီအသက်အရွယ်ကစပြီး ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ ဆွေးနွေးကြရအောင်”ဟု ပြော၍ စာသင် ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပြီး နောင်တ ဆယ်ပါးထဲမှ အချက်နှစ်ချက်စီကို အုပ်စု ကိုယ်စားလှယ် တစ်ဦးစီအား မဲနှိုက်စေပြီးလျှင် မိမိတို့ကျရာ အချက်နှစ်ချက်ကို အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးကြပါစေ။

-အဲဒီအချက်တွေကိုသာ မရှောင်နိုင်ခဲ့ရင် နောင်အခါ ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်မလဲ။
-အဲဒီအချက်တွေကိုသာ ရှောင်နိုင်ခဲ့ရင် နောင်အခါ ဘယ်လို ကောင်းကျိုးတွေ ရလာနိုင်မလဲ။

֍ ကလေးများ ဆွေးနွေးပြီးနောက် မိမိတို့၏ ရလဒ်များကို အတန်းသားအားလုံးသို့ မျှဝေပြောပြ ကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... ဘဝမှာ ပြုသင့်တာတွေကို ပြုလုပ်မိဖို့၊ မပြုသင့်တာတွေကို ရှောင်ရှားဖို့ သတိထားကြရမယ်၊ ဘယ်အလုပ်ကိုလုပ်လုပ် နောင်တ ဆယ်ပါးကို ဆင်ခြင်ဖို့ လိုအပ်တယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။