ပေါက်ပင်နှင့် ညောင်ပင် (ဆရာ)

From Wikisource
Jump to navigation Jump to search
348365ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၄။ ပေါက်ပင်နှင့် ညောင်ပင်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

သင်ခန်းစာခေါင်းစဉ်။ ။ ပေါက်ပင်နှင့် ညောင်ပင်

သင်ယူမှုဦးတည်ချက်။ ။ မိမိအကျိုး ပျက်စီးစေမည့်အရာများကို ကြိုတင်ကာကွယ်တားဆီးသင့်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ သစ်ပင်ကြီးတစ်ပင်အပေါ်မှာ အခြားအပင်တစ်ပင် ကပ်ပေါက်နေတာကို မြင်ဖူးသလား။ ဘာပင်တွေဖြစ်မလဲ”ဟု မေးကာ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများ ပြောသမျှ အပင်အားလုံးကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။ ပြီးနောက် “နဂိုရှိပြီးသားအပင်ကို အခြားအပင်က လာကပ်ပေါက်ရင် အဲဒီအပင် ဘာဖြစ်သွားမလဲ၊ လာကပ်ပေါက်တဲ့ အပင်က ဘယ်လို ဖြစ်လာမလဲ” ဟု မေး၍ ကလေးများ အုပ်စုလိုက် ဆွေးနွေးကြပါစေ။ ကလေးများ၏ ဆွေးနွေးမှု ရလဒ်များကို အောက်ပါ နမူနာပုံစံအတိုင်း ဖော်ပြကြပါစေ။

မူလအပင် ကပ်ပေါက်တဲ့ အပင်

֍ ဆွေးနွေးပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့ထွက်၍ တင်ပြကြပါစေ။

֍ ထို့နောက် ကလေးများအား “သားတို့သမီးတို့ ဆွေးနွေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို နောက်တစ်ချိန်မှာ လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

ပေါက်ပင်နှင့် ညောင်ပင်

ရှေးလွန်လေပြီးသောအခါ ဘုရားအလောင်းတော်သည် ရွှေဟင်္သာမျိုး၌ မင်းဖြစ်လေ၏။ ရွှေဟင်္သာမင်းသည် စိတ္တကုဋ်တောင် ရွှေဂူ၌နေထိုင်၍ ဟိမဝန္တာတောရှိ ရေအိုင်ကြီးအနီးတွင် ပေါက်လျက်ရှိသည့်သလေးစပါးများကို သွားရောက်စားသောက်လေ့ရှိသည်။ စိတ္တကုဋ်တောင်နှင့် ဟိမဝန္တာကြားတွင် ပေါက်ပင်ကြီးတစ်ပင်ရှိ၏။ ရွှေဟင်္သာမင်းသည် အသွားအပြန်ခရီးများ၌ ထိုပေါက်ပင်တွင် တစ်ခဏမျှ နားနေတတ်၏။ အချိန်ကြာလာသောအခါ ရွှေဟင်္သာမင်းသည် ထိုပေါက်ပင်ရှိ ရုက္ခစိုးနတ်နှင့် မိတ်ဆွေဖြစ်လာသည်။

တစ်နေ့သ၌ ငှက်မတစ်ကောင်သည် ညောင်သီးမှည့်ကိုစားလာ၍ ပေါက်ပင်ခွကြားတွင် ခေတ္တနားနေရင်း ကျင်ကြီးစွန့်ချခဲ့ရာ အချိန်တန်သောအခါ ကျင်ကြီးတွင်ပါလာသော ညောင်စေ့မှ အပင်ပေါက်လာ၏။ ညောင်ပင်သည် တဖြည်းဖြည်းကြီးထွားလာကာ အနီရောင်ရွက်ညွန့်ကလေးများဖြင့် တင့်တယ်လျက်ရှိသည်။

တစ်နေ့တွင် ရွှေဟင်္သာမင်းသည်ပေါက်ပင်၌နားနေစဉ် ထိုညောင်ပင်ငယ်ကို မြင်တွေ့လေလျှင် အန္တရာယ်ကို ကြိုမြင်သဖြင့် ပေါက်ပင်စောင့်နတ်အား “အဆွေ ညောင်ပင်တို့မည်သည် အရွယ် ရောက်လာလျှင် မိမိမှီခိုရာ သစ်ပင်ကို ဖျက်ဆီးတတ်၏၊ ထို့ကြောင့် ဤညောင်ပင်ကို ကြီးခွင့်မပေးလင့်၊ သင့်ဗိမာန်ကို သူမဖျက်ဆီးနိုင်မီ ဦးစွာ နှုတ်ပစ်ပါလော့”ဟု သတိပေး၏။

သို့သော် ပေါက်ပင်စောင့်နတ်သည် ရွှေဟင်္သာမင်း၏ သတိပေးစကားကို အလေးမထားဘဲ “အဆွေဟင်္သာမင်း . ညောင်ပင်ငယ်လေးသည် ငါ့ကို မှီခို၍ ရှင်သန်ကြီးထွားလာရ၏။ ဤညောင်ပင်ငယ်လေး ကြီးချင်သလောက် ကြီးပါစေ၊ မိဘများသည် သားသမီးတို့၏ မှီခိုအားထားရာ ဖြစ်သကဲ့သို့ ငါသည်လည်း ဤညောင်ပင်ငယ်လေး၏ မှီခိုအားထားရာ ဖြစ်ပါမည်၊ နောင်သောအခါ ဤညောင်ပင်လေးသည် ငါ၏ မှီခိုအားထားရာ တစ်ဖန် ဖြစ်လာပေလိမ့်မည်”ဟု ပြန်ပြောလိုက်၏။ ရွှေဟင်္သာမင်းလည်း သတိပေးစကားကို မနာယူသော မိတ်ဆွေ ပေါက်ပင်စောင့်နတ်ကို ထားရစ်ခဲ့ပြီး မိမိနေထိုင်ရာ အရပ်သို့ ပြန်သွားလေ၏။ ထိုအချိန်မှစ၍ ပေါက်ပင်သို့ လာရောက်နားခိုခြင်းလည်း မရှိ တော့ပေ။

ညောင်ပင်ငယ်သည် နှစ်ကာလ ကြာမြင့်လေလျှင် အကိုင်းအခက်တို့ဖြင့် တဖြည်းဖြည်း ကြီးထွားလာရာ ပေါက် ပင်ကို ဝါးမျိုသွားလေ၏။ ပေါက်ပင်မှာလည်း အခက်အလက်များ အပိုင်းပိုင်း ပြတ်ကျသွားသဖြင့် ပေါက်ပင်စောင့်နတ်၏ ဘုံဗိမာန်သည် ပျက်စီးရလေသည်။ ထို့နောက် ညောင်ပင်ကို အပိုင်စားရသော ညောင်ပင်စောင့်နတ်တစ်ပါးလည်း ဘုံ ဗိမာန်နှင့်တကွ ဖြစ်ပေါ်လာ၏။

နောက်ဆုံးတွင် ပေါက်ပင်ပျောက်၍ ညောင်ပင်ကြီးသာ ကျန်လေသည်။ ထိုအခါ ပေါက်ပင်စောင့်နတ်သည် ဖြစ်လာမည့်ဘေးကိုမြင်၍ ပြောသော ရွှေဟင်္သာမင်း၏ သတိပေးစကားကို ပြန်လည်ကြားယောင်မိကာ မိတ်ဆွေ ရွှေဟင်္သာမင်း၏ စကားကို မနာယူခဲ့သည်မှာ မှားလေခြင်းဟု တွေး၍ ငိုကြွေးရှာလေတော့၏။

မှီငြမ်း။ ။ ပလာသဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ စာ-၈၄။ ဇာ၊ဋ္ဌ၊၃၊၁၉၄-၁၉၇။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ပေါက်ပင်ပေါ်မှာ ညောင်ပင်က ဘယ်လို ပေါက်လာတာလဲ။
-ရွှေဟင်္သာမင်းက ပေါက်ပင်စောင့်နတ်ကို ဘယ်လို သတိပေးသလဲ။ ဘာကြောင့် အဲဒီလို သတိပေးတာလဲ။
-ပေါက်ပင်စောင့်နတ်က ဘယ်လို ပြန်ပြောလိုက်သလဲ။

֍ ကလေးများ ဖြေပြီးလျှင် အောက်ပါမေးခွန်းနှစ်ခုကို ဘေးကသူငယ်ချင်း တစ်ယောက်နှင့် အပြန်အလှန် ဆွေးနွေး ကြပါစေ။

-ရွှေဟင်္သာမင်းရဲ့ သတိပေးစကားကို သားတို့သမီးတို့ဆိုရင်ရော လက်ခံကြမလား။ ဘာကြောင့်လဲ။
-ပေါက်ပင်စောင့်နတ် ပြန်ပြောတဲ့အကြောင်းအရာတွေကို သားတို့သမီးတို့ဆိုရင်ရော လက်ခံကြမလား။ ဘာကြောင့်လဲ။

֍ ပြီးနောက် ကလေး(၂) ဦးခန့်က တစ်တန်းလုံးကို ပြန်လည်တင်ပြကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက မိမိအကျိုးကို ပျက်စီးစေမည့် အရာမှန်သမျှကို သတိနှင့် ကြိုတင်၍ ကာကွယ်တားဆီး သင့်ကြောင်း အနှစ်ချုပ်ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဇာတ်လမ်းထဲက ပေါက်ပင်စောင့်နတ်ဟာ ကျရောက်လာမယ့် အန္တရာယ်ကို ကြိုတင်မကာ ကွယ်ခဲ့လို့ ပျက်စီးခဲ့ရတယ်ဆိုတာ သိခဲ့ရပြီးပြီ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို စာသင်ချိန် (၁)အတိုင်း အုပ်စု (၅) စု ထားပါ။ ထို့နောက် အောက်ပါမေးခွန်းကို မေး၍ အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-သားတို့ သမီးတို့ကို ပျက်စီးစေမယ့် အရာတွေက ဘာတွေလဲ။ အဲဒါတွေကို ဘယ်လိုရှောင်မလဲ။

֍ ပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ တင်ပြချက်များထဲမှ အရေးကြီးသောအချက်များကို ဆရာက မှတ်သား၍ လိုအပ်လျှင် ဖြည့်စွက် အနှစ်ချုပ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ကို ပျက်စီးစေမယ့် အကြောင်းအရာတွေကို ဘယ်လို ကာကွယ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ပြီးပြီ၊ နောက်ထပ် ဖြစ်ရပ်လေးတွေကို စဉ်းစားသုံးသပ်ပြီး ဖြေကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ပြီးခဲ့သော စာသင်ချိန်မှ အုပ်စုအတိုင်းထား၍ အောက်ပါဖြစ်ရပ်များကို ကလေးတစ်ဦးက တစ်ခုချင်းစီ ဖတ်ပြပါ။

ပြီးလျှင် မေးခွန်းကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

ဖြစ်ရပ် (၁)

မောင်မောင်နဲ့ စိုးကျော်တို့ဟာ အလွန်ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့ဟာ ပဉ္စမတန်း ကျောင်း သားလေးများ ဖြစ်ကြတယ်။ သူတို့ရွာမှာ ပဉ္စမတန်းမရှိတော့ အခြားရွာကို ကျောင်းသွားတက်ရတယ်။ သူတို့ နှစ်ယောက်မှာ မောင်မောင်က စာကြိုးစား၊ ကျောင်းမှန်မှန်တက်လို့ စာတော်တယ်။ စိုးကျော်ကတော့ ခဏခဏ ကျောင်းပြေးတယ်။ စာလည်း မကြိုးစားဘူး။ တစ်နေ့မှာ စိုးကျော်က မောင်မောင့်ကို သူနဲ့အတူ ကျောင်းပြေးဖို့ ခေါ်တယ်။ မောင်မောင်က ကျောင်းပြေးဖို့ လုံးဝဆန္ဒမရှိဘူး။ ဒါပေမယ့် စိုးကျော်ဟာ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ဖြစ်နေတော့ မောင်မောင့်အတွက် ငြင်းဖို့လည်း ခက်နေတယ်။

-မောင်မောင် ဘယ်လိုလုပ်မယ် ထင်သလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၂)

ချစ်စုဟာ မနက်ဖြန် လပတ်စာမေးပွဲအတွက် စာကျက်ဖို့ ပြင်ဆင်နေတယ်။ အဲဒီအချိန်မှာ ချစ်စု အစ်မရဲ့ သူငယ်ချင်းတွေ ရောက်လာပြီး သီချင်းတွေ အကျယ်ကြီးဖွင့်၊ စကားတွေလည်း အကျယ်ကြီး ပြောနေကြတယ်။ အဲဒီအခါမှာ ချစ်စုလည်း စာကျက်လို့ မရတော့ဘဲ စိတ်တိုလာတယ်။

-ချစ်စု ဘာလုပ်မယ် ထင်သလဲ။ ဘာကြောင့်လဲ။

֍ ပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။ (တင်ပြချက်အပေါ်တွင် မူတည်ပြီး မိမိအကျိုးကို မထိခိုက် အောင် ကာကွယ်သည့်အခါတွင် အခြားသူ၏ အကျိုးကိုလည်း ထိခိုက်စေခြင်း ရှိ၊ မရှိကိုပါ ထည့်သွင်းစဉ်းစားနိုင်အောင် ဆရာက မေးခွန်းများဖြင့် ပံ့ပိုးပေးပါ။)

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... မိမိအကျိုးကို ထိခိုက်လာနိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ သူတစ်ပါးအကျိုးရော၊ မိမိအကျိုးပါ မထိခိုက်အောင် ဖြေရှင်းသင့်တယ်”ဟု ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။