သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)(ကျောင်းသားကိုင်သို့)
348364ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၃။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

သင်ခန်းစာခေါင်းစဉ်။ ။ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

သင်ယူမှုဦးတည်ချက်။ ။ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိပြီး ယုံယုံကြည်ကြည် ဘုရားရှိခိုးကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ဟာ ရတနာသုံးပါးနဲ့ မိဘဆရာသမားတို့ကို ဩကာသကန်တော့ချိုးနဲ့ ဘာကြောင့် ကန်တော့ကြတယ်ဆိုတာတွေ၊ ဩကာသကန်တော့ချိုးဆိုင်ရာတွေ အတော်များများကို သိသွားကြပြီ၊ ဒီတစ်ခါတော့ ကန်တော့ခြင်းကြောင့် ရရှိတဲ့အကျိုးတရားတွေကို လေ့လာကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများ (အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရန်သူမျိုး ငါးပါး၊ ဗျသနတရား ငါးပါးပုံများ)ကို တစ်ပုံချင်းစီ ထောက်ပြ၍ အောက်ပါ မေးခွန်းများကိုမေးပါ။

-ဒီပုံက ဘာဖြစ်နေတဲ့ ပုံလို့ထင်လဲ။ အဲဒီအကြောင်းအရာကို ကြားဖူးလား/သိလား။ အဲဒီပုံထဲမှာ ဘယ်သူတွေကို တွေ့လဲ။ ဘာလုပ်နေကြတာလဲ။

֍ ပြီးလျှင် အောက်ပါစကားလုံးများကို ကြားဖူးခြင်း ရှိ၊ မရှိနှင့် မည်သို့နားလည်ကြောင်းကို မေးပါ။

အပါယ်လေးပါး၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ကပ် သုံးပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပတ္တိတရား လေးပါး၊ ဗျသနတရားငါးပါး၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်။

(စကားလုံးများကို မိတ်ဆက်ပေးခြင်းသာ ဖြစ်သည်။)

֍ “သားတို့သမီးတို့ ... နောက်စာသင်ချိန်မှာ အထက်က စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို လေ့လာကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဩကာသကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “စာသင်ချိန်(၁) က စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို ကျောင်းသားကိုင်စာအုပ်ထဲမှာ ဖတ်ကြည့်ကြရမယ်။ မဖတ် တတ်တဲ့ စကားလုံးတွေကို သေသေချာချာ မှတ်ထားပါ။ ပြီးရင် ဆရာနဲ့ ပြန်ဆွေးနွေးကြမယ်”ဟု ပြော၍ ကလေးများ နားလည်သည်အထိ ဖတ်ကြပါစေ။

ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

အပါယ် ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရုပ်ကို အပါယ် ဟုခေါ်သည်။

အပါယ် လေးပါး

၁။ ငရဲ (ချမ်းသာမရှိ ဒုက္ခသာရှိသော ဘုံဌာန)
၂။ တိရစ္ဆာန် (ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ငှက်၊ ငါး၊ လိပ် စသော ကုန်းနေ၊ ရေနေ၊ ခြေလေးချောင်း၊ ခြေနှစ်ချောင်း သတ္တဝါတို့နှင့် မြွေစသော အခြေမရှိ သတ္တဝါများ)
၃။ ပြိတ္တာ (ချမ်းသာသုခတို့မှ ကင်းဝေးသော တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ ကျတ်ကောင်)
၄။ အသူရကာယ် (လူနှင့်အလွန် ဝေးကွာသောမြစ်ကမ်း၊ သမုဒ္ဒရာ၊ တောတောင်တို့၌ နေရသော ပြိတ္တာအကြီးစား)

ကပ်

ပျက်စီးချိန်၊ ဘေးဆိုး ကျရောက်ချိန်ကို ကပ်ဟု ခေါ်သည်။

ကပ် သုံးပါး

၁။ သတ္ထန္တရကပ် (ဓား၊ လှံ၊ လေး၊ မြား၊ သေနတ်၊ အမြောက် စသော လက်နက်များနှင့် သတ်ဖြတ်ကြ၍ သေကျေ ပျက်စီးရာ ကာလ)
၂။ ရောဂန္တရကပ် (အနာရောဂါ နှိပ်စက်၍ သေကျေပျက်စီးရာ ကာလ)
၃။ ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာ ငတ်မွတ်ခေါင်းပါး၍ သေကျေပျက်စီးရာ ကာလ)

ရပ်ပြစ်

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို မရနိုင်ခြင်း ဟုဆိုအပ်သော အပြစ်များရှိသည့် အရပ်ကို ရပ်ပြစ် ဟုခေါ်သည်။

ရပ်ပြစ် ရှစ်ပါး

၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၄။ အသညသတ်နှင့် အရူပဗြဟ္မာ (ခန္ဓာကိုယ်ရှိသော်လည်း စိတ်မရှိသော ဗြဟ္မာနှင့် စိတ်သာရှိ၍ ခန္ဓာကိုယ်မရှိသော ဗြဟ္မာများ။ ၄င်းတို့သည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ကြ၍ ရပ်ပြစ်ရှစ်ပါး၌ ကျရောက်နေသူများ ဖြစ်ကြသည်။)
၅။ ပစ္စန္တရစ် (ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်သော အစွန်အဖျား အရပ်ဒေသ)
၆။ မိစ္ဆာဒိဋ္ဌိ (တရားမှန်ကို မသိဘဲ မှားသော အယူရှိသူ)
၇။ တရားကို နားလည်လောက်သော ဉာဏ်မရှိသူ
၈။ သာသနာပ ကာလ၌ လူဖြစ်ရသူ။

ရန်သူ မိမိအကျိုး ပျက်ပြားအောင် ပြုလုပ်သောသူကို ရန်သူ ဟုခေါ်သည်။

ရန်သူမျိုး ငါးပါး

၁။ ရေ
၂။ မီး
၃။ မင်းဆိုး
၄။ ခိုးသူ
၅။ အမွေခံ သားသမီးဆိုး။

ဝိပတ္တိ ဖောက်ပြန်ခြင်းကို ဝိပတ္တိ ဟုခေါ်သည်။

ဝိပတ္တိတရား လေးပါး

၁။ ကာလဝိပတ္တိ (မင်းဆိုး၊ မင်းယုတ် အုပ်စိုးသောကာလ)
၂။ ဂတိဝိပတ္တိ (အပါယ်လေးပါး၌ ဖြစ်ရခြင်း)
၃။ ဥပဓိဝိပတ္တိ (ကိုယ်အင်္ဂါကြီးငယ် ချို့တဲ့ခြင်း)
၄။ ပယောဂဝိပတ္တိ (လုပ်ဆောင်မှု မှားယွင်းခြင်း)

ဗျသန ပျက်စီးဆုံးပါးခြင်းကို ဗျသန ဟုခေါ်သည်။

ဗျသနတရား ငါးပါး

၁။ ဉာတိဗျသန (ဆွေမျိုးသားချင်းများ ပျက်စီးခြင်း)
၂။ ဘောဂဗျသန (စည်းစိမ်ဥစ္စာပျက်စီးခြင်း)
၃။ ရောဂဗျသန (အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း)
၄။ သီလဗျသန (ကိုယ်ကျင့်သီလပျက်စီးခြင်း)
၅။ ဒိဋ္ဌိဗျသန (အယူလွဲမှား၍ ပျက်စီးခြင်း)

မဂ်၊ ဖိုလ်

နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ် ဟုခေါ်သည်။
မဂ်၏ အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်။

နိဗ္ဗာန်

ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော သဘောကို နိဗ္ဗာန် ဟုခေါ်သည်။

֍ ကလေးများ မဖတ်တတ်သော စကားလုံးများကို ဆရာက ရွတ်ဆိုပြပြီးနောက် ကလေးများကို ဖတ်တတ်သည်အထိ သင်ပေးပါ။

֍ ဥပမာ-သတ္တန္တရကပ် = သတ်တန်တရ ကပ်။
ဒုဗ္ဘိက္ခန္တရကပ် = ဒုဗ်ဘိက်ခန်တရ ကပ်။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-အပါယ် ဆိုတာ ဘာလဲ။ အပါယ် ဘယ်နှမျိုး ရှိသလဲ။
-ကပ် ဆိုတာ ဘာလဲ။ ကပ် ဘယ်နှမျိုး ရှိသလဲ။
-ရပ်ပြစ် ဆိုတာ ဘာလဲ။ ရပ်ပြစ် ဘယ်နှမျိုး ရှိသလဲ။
-ရန်သူ ဆိုတာ ဘာလဲ။ ရန်သူ ဘယ်နှမျိုး ရှိသလဲ။
-ဝိပတ္တိ ဆိုတာ ဘာလဲ။ ဝိပတ္တိ ဘယ်နှမျိုး ရှိသလဲ။
-ဗျသန ဆိုတာ ဘာလဲ။ ဗျသန ဘယ်နှမျိုး ရှိသလဲ။
-မဂ်၊ ဖိုလ်ရဲ့ အဓိပ္ပာယ်က ဘာလဲ။
-နိဗ္ဗာန်ရဲ့ အဓိပ္ပာယ်က ဘာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ် ငါးလိပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။ ပြီးနောက် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါးနှင့် ဝိပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါးအမည်များဖြင့် မဲလိပ် ငါးလိပ် လုပ်ပြီး မဲနှိုက်ကြပါစေ။ ကျရာခေါင်းစဉ် အလိုက် အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-အပါယ်လေးပါးက ဘာတွေလဲ၊ ဘာကြောင့် မရောက်ချင်တာလဲ။
-ကပ်သုံးပါးက ဘာတွေလဲ၊ ဘာကြောင့် ကင်းလွတ်ချင်တာလဲ။
-ရပ်ပြစ်ရှစ်ပါးက ဘာတွေလဲ၊ ဘာကြောင့် ကင်းလွတ်ချင်တာလဲ။
-ရန်သူမျိုး ငါးပါးနှင့် ဝိပတ္တိတရား လေးပါးက ဘာတွေလဲ၊ ဘာကြောင့် ကင်းလွတ်ချင်တာလဲ။
-ဗျသနတရားငါးပါးက ဘာတွေလဲ၊ ဘာကြောင့် ကင်းလွတ်ချင်တာလဲ။

֍ အုပ်စုအားလုံး ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့ ထွက်၍ တင်ပြကြပါစေ။

֍ ထို့နောက် ဆရာက “ဒီမကောင်းတဲ့ အဖြစ်တွေကနေ ကင်းလွတ်ပြီး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရောက်ရှိရန် ရည်ရွယ်ချက် နဲ့ ရှိခိုး ကန်တော့ကြခြင်း ဖြစ်တယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာသင်ချိန် (၃)အတိုင်း အုပ်စု (၅) စု ထားပါ။ ထို့နောက် အောက်ပါမေးခွန်းကိုမေး၍ အုပ်စုလိုက် ဆွေးနွေးပြီး အဖြေကို စာရွက်လွတ်တွင် ရေးကြပါစေ။

-ရှိခိုးရုံနဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ မကောင်းတဲ့ အဖြစ်တွေကနေ လွတ်ပြီး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရရှိနိုင် သလား။ ဘာတွေ လက်တွေ့လုပ်ဖို့ လိုသလဲ။

(မျှော်မှန်းအဖြေ = အလှူဒါန ပြုခြင်း(ဒါန)၊ သီလ စောင့်ထိန်းခြင်း(သီလ)၊ တရားအားထုတ်ခြင်း (ဘာဝနာ) အလုပ်တွေကို ကြိုးစား လုပ်ဆောင်ရမယ် ... စသည်)

֍ ပြီးလျှင် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြကြပါစေ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ ရတနာသုံးပါးနဲ့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ဩကာသ ကန်တော့ချိုးနဲ့ ကန်တော့တဲ့အခါ သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို အစဉ်အောက်မေ့ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့ကြ ရမယ်။ အဲဒီလို ကန်တော့ရတဲ့အတွက်ကြောင့် မကောင်းတဲ့ အဖြစ်တွေအားလုံးမှ ကင်းလွတ်ကြပါစေ။ ဒုက္ခအားလုံး ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကိုလည်း ရရှိနိုင်ကြပါစေ၊ နိဗ္ဗာန်ကို ရရှိစေမယ့် ကောင်းတဲ့အလုပ်တွေကိုလည်း လုပ်ဆောင်နိုင် ကြပါစေ”ဟု ဆုတောင်းပေး၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။