သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁) (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၂။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)(ကျောင်းသားကိုင်သို့)
348363ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၂။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

သင်ခန်းစာခေါင်းစဉ်။ ။ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)

သင်ယူမှုဦးတည်ချက်။ ။ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိပြီး စနစ်တကျ ရှိခိုးကန်တော့တတ်ကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ ... နေ့တိုင်း ဘုရားရှိခိုးကြသလား။
-ဘုရားရှိခိုးတဲ့အခါ ဘယ်လိုရွတ်ဆိုပြီး ရှိခိုးကြသလဲ။ (ဩကာသ ကန်တော့ချိုး)

֍ ထို့နောက် စုပေါင်း၍ ဩကာသကန်တော့ချိုးကို ညီညာစွာ ရွတ်ဆိုကြပါစေ။ (အဖြတ်အတောက် မှန်ကန်စွာ ရွတ်ဆို တတ်စေရန် ဆရာက ကူညီပေးပါ။)

֍ ပြီးနောက် အုပ်စု (၅) စု ဖွဲ့၍ အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးတိုင်ပင်ကြစေကာ စာရွက်လွတ်တွင် ရေးကြပါစေ။

-ဩကာသ ကန်တော့ချိုးကို ဘယ်လို နားလည်လဲ။
-ဩကာသကန်တော့ချိုးနဲ့ ဘယ်သူတွေကို ရှိခိုးတာလဲ။ ဘာကြောင့် ရှိခိုးကြတယ်လို့ ထင်သလဲ။

֍ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ ကလေးများ တင်ပြသမျှကို ဆရာက မှတ်သားထားပြီး “နောက်စာသင်ချိန်မှာ ဩကာသကန်တော့ ချိုးဆိုင်ရာ အကြောင်းအရာ တွေကို လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာသင်ချိန်(၁) အတိုင်း အုပ်စု (၅) စုထား၍ ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဖတ်ကြပါစေ။

ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)

ဩကာသ ကန်တော့ချိုး

ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရား ရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး (နှင့်တကွ မိဘ၊ ဆရာသမား)တို့ကို အရိုအသေ အလေးအမြတ် လက်အုပ် မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် မြတ်ကို ရပါလို၏ အရှင်ဘုရား။

ဩကာသ ခေါ်ဆိုပုံ

ဩကာသသည် ပါဠိစကားဖြစ်၏။ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ”ဟု ခွင့်တောင်းခြင်းကို ဩကာသဟု ခေါ်သည်။ လေးနက်စေရန် သုံးကြိမ် ရွတ်ဆိုရခြင်း ဖြစ်သည်။

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့် ပြုလုပ်ခြင်းကို ကာယကံ ဟုခေါ်သည်။
၂။ ဝစီကံ = နှုတ်ဖြင့် ပြောဆိုခြင်းကို ဝစီကံ ဟုခေါ်သည်။
၃။ မနောကံ = စိတ်ဖြင့် ကြံစည်ခြင်းကို မနောကံ ဟုခေါ်သည်။

ရတနာမည်ပုံ

စိတ်နှလုံးကို မွေ့လျော်စေတတ်၊ နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သော သက်ရှိ၊ သက်မဲ့ အရာဝတ္ထု ဟူသမျှသည် “ရတနာ” မည်၏။

စိန်၊ ရွှေ၊ ငွေ ကျောက်သံ ပတ္တမြားရတနာတို့သည် လောကရှိ လူအပေါင်းတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မွေ့လျော်ပျော်ရွှင်စေတတ်သောကြောင့် လောကီရတနာဟု ခေါ်ဆိုသည်။

ဘုရား၊ တရား၊ သံဃာတို့သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မြတ်နိုးစေတတ်သောကြောင့် လောကုတ္တရာရတနာ ဟုခေါ်ဆိုသည်။

ဘုရား၊ တရား၊ သံဃာ

အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား ဟုခေါ်သည်။

အပါယ်ဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် စောင့်ရှောက်တတ်သော ဘုရားရှင်၏ အဆုံးအမကို တရားဟုခေါ်သည်။

ဘုရားရှင်၏ အဆုံးအမကို လိုက်နာကြ၍ အယူသီလတူမျှကြသော၊ သင်ယူ လက်ဆင့်ကမ်း ကျင့်သုံးလိုက်နာကြသော ရဟန်းတော်အပေါင်းကို သံဃာဟု ခေါ်သည်။

မာန်လျှော့

ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ကို မြင့်မြတ်ရာ၌ထား၍ မိမိ၌ရှိသော မာန်မာနတရားများကို လျှော့ချ ဖယ်ရှားထားခြင်းကို မာန်လျှော့သည်ဟု ခေါ်သည်။

ကန်တော့

ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြစ်မှားမိခဲ့သော် ထိုအပြစ်တို့ကို ကင်းပျောက်စေရန် လက်အုပ်မိုး၍ တောင်းပန်ဝန်ချခြင်းကို ကန်တော့သည် ဟုခေါ်သည်။

֍ ဖတ်ပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက နားလည်သည့်အတိုင်း ပြန်ပြောကြပါစေ။ လိုအပ်ပါလျှင် ဆရာက ဖြည့်စွက် ရှင်းပြပေးပါ။ ထို့နောက် အောက်ပါ မေးခွန်းများကိုမေးပါ။

-ဩကာသရဲ့ အဓိပ္ပာယ်ကို ဘယ်လို နားလည်သလဲ။
-ဩကာသကို ဘာကြောင့် သုံးကြိမ်ရွတ်ဆိုကြတာလဲ။
-ကံသုံးပါးက ဘာတွေလဲ။
-ဘာတွေကို ရတနာလို့ ခေါ်တာလဲ။ ဘာကြောင့်လဲ။
-ရတနာမြတ်သုံးပါးက ဘာတွေလဲ။
-သူတို့ကို ဘာကြောင့် ရတနာမြတ်သုံးပါးလို့ ခေါ်တာလဲ။ ဘာကြောင့် ကန်တော့ကြတာလဲ။
-မာန်လျှော့ဆိုတာကို ဘယ်လိုနားလည်သလဲ။
-ကန်တော့တယ်ဆိုတာ ဘာကို ပြောတာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ထိခြင်းငါးပါးကို မှတ်မိခြင်း ရှိမရှိ ကလေးများအား ပြန်လည် မေးမြန်းပြီး အောက်ပါ “ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း” ကဗျာကို (ဆရာက သင်ပုန်းတွင် ရေးထားပါ။) စုပေါင်း၍ ပြန်လည်ရွတ်ဆိုကြပါစေ။

ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း

လက်အုပ်ကိုပင် ကြာငုံသွင်၊ အရင်ပြုလုပ်ပါ။
ခြေချ လက်ချ၊ ဒူး တံတောင်ချ၊
နဖူးချကာ ဦးချပါ။

֍ ထို့နောက် ဩကာသကန်တော့ချိုးကို ညီညီညာညာ ပြန်လည်ရွတ်ဆိုစေ၍ ထိခြင်းကြီးငါးပါးဖြင့် လက်တွေ့ ရှိခိုး ဦးချကြပါစေ။

֍ ပြီးနောက် ဆရာက အောက်ပါမေးခွန်းကို ဆက်မေးပါ။ ဖြေဆိုချင်သော ကလေးများကို လက်ထောင်ခိုင်းပြီး အလှည့်ကျ ဖြေကြပါစေ။

-ရတနာမြတ်သုံးပါးနဲ့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ဩကာသ ကန်တော့ချိုးနဲ့ ဘာကြောင့် ရှိခိုးကြတယ်လို့ ထင်သလဲ။

֍ ကလေးများပြောသမျှကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပြီး လိုအပ်လျှင် ဖြည့်စွက်၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်အပိုင်းလေးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။ ကလေးတိုင်းကို စာရွက်ပိုင်းလေးများ ဝေပေးပြီး အဖြေကို ရေးကြပါစေ။

-ရတနာမြတ်သုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ကန်တော့ရတဲ့အတွက် သားတို့သမီးတို့မှာ ချက်ချင်း ဘယ်လို ခံစားရမယ်၊ ဘယ်လိုအကျိုးတွေ ရရှိမယ်လို့ ထင်သလဲ။

֍ အားလုံးရေးပြီးပါက အတန်းရှေ့ထွက်၍ ဖတ်ပြပြီး သင်ပုန်းပေါ်တွင် ကပ်ကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “ရတနာမြတ်သုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ဩကာသကန်တော့ချိုးနဲ့ ရိုရို သေသေ စနစ်တကျ ဘယ်လို ရှိခိုးရမယ်ဆိုတာ သိသွားကြပြီ၊ ဒီတော့ နေ့စဉ်နေ့တိုင်း ရှိခိုးကြပါ။ နေ့စဉ်နေ့တိုင်း ရှိခိုးကြတဲ့ သားလိမ္မာသမီးလိမ္မာလေးတွေ ဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။