ဖိနပ်လှူသည့် သူဌေးကြီး (ဆရာ)

From Wikisource
Jump to navigation Jump to search
348362ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၁။ ဖိနပ်လှူသည့် သူဌေးကြီး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၁)

သင်ခန်းစာခေါင်းစဉ်။ ။ ဖိနပ်လှူသည့် သူဌေးကြီး

သင်ယူမှုဦးတည်ချက်။ ။ အလှူဒါန၏ အကျိုးတရားများကို သိရှိပြီး စိတ်ထားဖြူဖြူစင်စင်ဖြင့် ကိုယ်တိုင် လှူဒါန်းတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-ကလေးတို့ ... အလှူလုပ်ကြတာတွေ တွေ့ဖူးလား။
-ဘယ်သူတွေကို လှူကြတာလဲ။ ဘာကြောင့် လှူကြတယ်လို့ ထင်သလဲ။

֍ ကလေးများအာလုံးဖြေပြီးလျှင် အုပ်စု (၅) စု ဖွဲ့ပါ။ ထို့နောက် ဆရာက “အဲဒီလို လှူတဲ့အတွက်ကြောင့် အလှူ လုပ်တဲ့သူရော အလှူခံတဲ့သူပါ ဘယ်လိုအကျိုးတွေ ရရှိမယ်လို့ ထင်သလဲ”ဟု မေး၍ အောက်ပါပုံစံအတိုင်း ကလေးများကို စုပေါင်းဆွေးနွေးစေ၍ စာရွက်လွတ်တွင် ရေးကြပါစေ။

အလှူပြုသူ ရရှိတဲ့အကျိုး အလှူခံသူ ရရှိတဲ့အကျိုး

֍ အားလုံးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက သင်ပုန်းတွင် လာကပ်၍ ဖတ်ပြကြပါစေ။

֍ ထို့နောက် ဆရာက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့...ဇာတ်လမ်းကို ကိုယ်တိုင်ဖတ်ရမယ်၊ ပြီးလို့ရှိရင် နားလည်သည့်အတိုင်း ပြန်ပြောပြရမယ်” စသည်ဖြင့် ပြောကာ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ဖိနပ်လှူသည့် သူဌေးကြီး

ရှေးလွန်လေပြီးသောအခါက မောဠိနီပြည်တွင် အလွန်ချမ်းသာကြွယ်ဝ၍ အလှူဒါနပြုရန် ထက်သန်သော သူဌေးကြီးတစ်ဦးရှိ၏။ သူဌေးကြီးသည် မြို့ တံခါးလေးခုတွင် အလှူမဏ္ဍပ်လေးခု၊ မြို့ လယ်တွင်တစ်ခု၊ မိမိအိမ်ရှေ့တွင် တစ်ခု၊ စုစုပေါင်းမဏ္ဍပ် ခြောက်ခုဆောက်၍ နေ့စဉ် အသပြာခြောက်သိန်းဖိုး လှူဒါန်းလေ့ရှိသည်။

တစ်နေ့တွင် သူဌေးကြီးသည် “ငါ့အိမ်မှာ ပစ္စည်းဥစ္စာတွေကုန်သွားရင် ဒီလိုလှူနိုင်တော့မှာ မဟုတ်ဘူး၊ ပစ္စည်း ဥစ္စာတွေ မကုန်ခင် စီးပွားရှာထွက်ဦးမှပဲ”ဟု တွေးမိ၍ သုဝဏ္ဏဘူမိသို့ ကုန်ရောင်းကုန်ဝယ်သွားရန် စီစဉ်လေ၏။

ထို့နောက် မိသားစုကိုခေါ်၍ “ငါ သုဝဏ္ဏဘူမိကိုသွားမယ်၊ ငါပြန်မလာခင်အထိ နေ့စဉ်ပြုနေကျ အလှူဝတ်ကို မပျက်ပါ စေနဲ့”ဟု မှာကြားကာ ဖိနပ်ကိုစီး၊ ထီးကိုဆောင်းလျက် နောက်ပါအခြွေအရံများနှင့်အတူ သင်္ဘောဆိပ်သို့ ထွက်ခဲ့သည်။

ထိုအချိန်တွင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် သမုဒ္ဒရာအတွင်းတွင် သူဌေးကြီး အန္တရာယ်ကျရောက်မည်ကို ကြိုမြင်သည့်အတွက် “ဒီသူဌေးကြီးဟာ ထီး၊ ဖိနပ်တွေကို ငါ့ကို လှူခဲ့ရင် အဲဒီအန္တရာယ်က လွတ်ကင်းနိုင်လိမ့်မယ်၊ သူဟာ သူတော်ကောင်းယောက်ျားမြတ် ဖြစ်တယ်၊ သူ့ကို ငါကယ်မှ ဖြစ်မယ်”ဟု ဆုံးဖြတ်၍ သဲပူလမ်းပေါ်တွင် ဖိနပ်မပါဘဲ ကြွလာလေ၏။ ဤသို့ကြွတော်မူလာသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရသဖြင့် သူဌေးကြီးသည် “ငါ ခရီးမထွက်ခင် ကုသိုလ် မျိုးစေ့သဖွယ်ဖြစ်တဲ့ အလှူခံကို တွေ့ပြီ”ဟု တွေးကာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

သို့ဖြစ်၍ သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါထံချဉ်းကပ်၍ “အရှင်ဘုရား ... တပည့်တော်ရဲ့ အလှူကို လက်ခံတော် မူပါဘုရား”ဟု လျှောက်တင်၏။ ထို့နောက် ပစ္စေကဗုဒ္ဓါ၏ ခြေတော်အစုံကို ရေဖြင့် စင်ကြယ်အောင် ဆေးကြော၍ နံ့သာဆီဖြင့် သုတ်လိမ်းပေး၏။ လှူမည့်ဖိနပ်ကိုလည်း အဝတ်ဖြင့် သန့်စင်အောင်သုတ်ကာ ပစ္စေကဗုဒ္ဓါ၏ ခြေအစုံတွင် ဝတ်ဆင်လှူဒါန်း၏။ပြီးလျှင် “အရှင်ဘုရား ... ဒီဖိနပ်ကိုစီးပြီး ဒီထီးကိုဆောင်းကာ ခရီးဆက်ပါ”ဟု လျှောက်ထား၍ ထီးကိုလည်း လှူလိုက်သည်။ ပစ္စေကဗုဒ္ဓါလည်း သူဌေးကြီး၏အလှူကို ဝမ်းမြောက်စွာ လက်ခံ၍ မိမိအလှူအတွက် သူဌေးကြီး ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် သူဌေးကြီး၏ ရှေ့၌ပင် တန်ခိုးဖြင့် ကောင်းကင်သို့ ကြွသွားတော်မူ၏။

သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါအပေါ် ကြည်ညိုစိတ်များ ယိုဖိတ်လျက် ပင်လယ်ပြင် ခရီးကို ဆက်ခဲ့သည်။ ခုနစ်ရက်မြောက်သောနေ့တွင် သင်္ဘောပျက်၍ သင်္ဘောပေါ်တွင်ပါလာသူ ခရီးသည်၊ ကုန်သည်များ ဒုက္ခရောက်ကြ၏။ အသားစား ပင်လယ်သတ္တဝါများ စားသည်ကို ခံကြရ၏။ အချို့မှာ သေဘေးကို ကြောက်ရွံ့လှသဖြင့် မိမိတို့ကိုးကွယ်ရာ နတ်ဘုရားများကို တိုင်တည်၍ ငိုကြွေးမြည်တမ်းကြသည်။ သူဌေးကြီးနှင့် သူ၏ အလုပ်အကျွေးတို့သည် ခန္ဓာကိုယ် တစ်ခုလုံးကို ဆီဖြင့်သုတ်လိမ်း၍ ထောပတ်မုန့်များကို အဝစားကြ၏။ စားပြီးသည်နှင့် တစ်ပြိုင်နက် ရွက်တိုင်ထိပ်သို့ တက်ကာ “ဒီဘက် အရပ်မျက်နှာမှာ ငါတို့ မြို့ ရှိလိမ့်မယ်”ဟု မှန်းဆ၍ ခုန်ချလိုက်ကြရာ အသားစားသော ပင်လယ် သတ္တဝါတို့၏ ရန်မှလွတ်လေ၏။ သို့သော်လည်း သမုဒ္ဒရာအတွင်း၌ ခုနစ်ရက်ပတ်လုံး ကူးခပ်ကြရသည်။

သူဌေးကြီးသည် ပင်လယ်ထဲ၌ ဆားငန်ရေဖြင့် ပလုတ်ကျင်း၍ ခုနစ်ရက်ပတ်လုံး ဥပုသ်စောင့်၏။ ထိုအချိန်တွင် သီလစင်ကြယ်သော သူတော်ကောင်းများကို ကယ်တင်ရန် တာဝန်ပေးအပ်ခြင်းခံထားရသည့် မဏိမေခလာ ပင်လယ် စောင့်နတ်သမီးသည် နတ်စည်းစိမ်ခံစားနေသည့်အတွက် သူတော်စင်သူဌေးကြီး ဒုက္ခရောက်နေသည်ကို မသိလိုက်ပေ။ သူဌေးကြီးပင်လယ်ထဲတွင် ကူးခပ်၍ ခုနစ်ရက် မြောက်သောနေ့တွင် နတ်သမီးက ပင်လယ်ကို ကြည့်လိုက်သောအခါ သူဌေးကြီး ဒုက္ခရောက်နေသည်ကိုတွေ့ရ၏။ ထိုအခါနတ်သမီးသည် “ဒီသူတော်ကောင်းကို မကယ်ရင် နတ်ကောင်း နတ်မြတ်တွေက ငါ့ကို ကဲ့ရဲ့ကြတော့မယ်”ဟု တွေးမိသဖြင့် အရသာနှင့်ပြည့်စုံသော နတ်သုဒ္ဓါကို ရွှေခွက်ဖြင့် ယူဆောင်လျက် သူဌေးကြီးအား သုံးဆောင်စေသည်။

ထိုအခါ သူဌေးကြီးသည် ဥပုသ်စောင့်ထားသည့်အတွက် မစားလိုကြောင်း ငြင်းပယ်လေ၏။ ထို့ကြောင့် နတ် သမီးက “သူဌေးကြီး ... ဒီလိုဆိုရင် ဘာကို တောင့်တပါသလဲ၊ ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်”ဟုပြောလျှင် သူဌေးကြီး က “နတ်သမီး ... သင် ဒီလိုဖြည့်ဆည်းပေးနိုင်တာ သင့်ရဲ့ တန်ခိုးကြောင့်လား၊ ကျွန်ုပ်ရဲ့ ကောင်းမှုကုသိုလ်တွေ ကြောင့်လား”ဟု မေးလေ၏။

ထိုအခါ နတ်သမီးက “ခရီးမထွက်ခင်ပစ္စေကဗုဒ္ဓါတစ်ပါးကို ထီး၊ ဖိနပ်လှူခဲ့တဲ့ ကောင်းမှုကုသိုလ်ကြောင့် ဖြစ် တယ်”ဟု ဖြေကြား၏။ ထိုအခါ သူဌေးကြီးက “ကောင်းပြီ၊ ဒါဆိုရင် လေနှင်ရာကို ကောင်းကောင်း ဆောင်နိုင်ပြီး ရေမဝင် နိုင်တဲ့ ရွက်သင်္ဘောတစ်စီး လိုချင်ပါတယ်”ဟု တောင်းဆိုလိုက်၏။ ထိုအခါ နတ်သမီးသည် ရတနာခုနစ်ပါးဖြင့် စီခြယ် ထားသော သင်္ဘောတစ်စီးကို ဖန်ဆင်းပေးကာ သူဌေးကြီးကို သင်္ဘောပေါ်သို့ တင်ပေးလိုက်လေ၏။ သူဌေးကြီးနှင့်အတူ အသက်ရှင်ကျန်ရစ်သော တပည့်တစ်ယောက်မှာ မတက်နိုင်ဘဲ ဖြစ်နေရာ သူဌေးကြီးက မိမိပြုလုပ်ခဲ့သော ကောင်းမှ ကုသိုလ်ကို အမျှပေးဝေလိုက်သည်။ ထိုအခါ တပည့်သည် သာဓုခေါ်ဆို၍ ကုသိုလ်အမျှရကာ သင်္ဘောပေါ်သို့ တက်နိုင် သွား၏။ ထို့နောက် သူဌေးကြီးနှင့်တပည့်တို့သည် မိမိတို့နေထိုင်ရာ မောဠိနီမြို့သို့ ပြန်ခဲ့လေတော့သည်။

မှီငြမ်း။ ။ သင်္ခဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၆၀၂။ ဇာ၊ဋ္ဌ၊၄၊၁၅။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သူဌေးကြီးက ဘယ်လိုအလှူတွေ ပြုလုပ်လေ့ရှိလဲ။
-သူဌေးကြီးက နောက်ထပ်အလှူတွေ ဆက်လုပ်နိုင်ဖို့အတွက် ဘယ်လို စဉ်းစားခဲ့သလဲ။
-သူဌေးကြီးဟာ ဘယ်ကို ဘယ်လို ခရီးထွက်ခဲ့သလဲ။
-သူဌေးကြီး ဒုက္ခရောက်မှာကို သိတဲ့ ပစ္စေကဗုဒ္ဓါဟာ ဘယ်လို ဆုံးဖြတ်ချက် ချခဲ့သလဲ။
-ပစ္စေကဗုဒ္ဓါကို သူဌေးကြီးက ဘာတွေ လှူလိုက်လဲ။ ဘယ်လို လှူသလဲ။
-အန္တရာယ်ဖြစ်မှာကို ကြိုသိလို့ သူဌေးကြီးက လှူလိုက်တာလား။
-နတ်သမီးက ဘာဖြစ်လို့ သူဌေးကြီးကို ချက်ချင်းမကယ်တာလဲ။
-နောက်ဆုံး သူဌေးကြီး ဘာဖြစ်သွားသလဲ။ ဘာကြောင့်လဲ။
-သူဌေးကြီး အသက်ချမ်းသာရာ ရသွားတာဟာ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အလှူဒါန ပြုခြင်းကြောင့် ရရှိတဲ့ အကျိုးငါးပါး ရှိတယ်။ သိကြသလား”ဟု မေး၍ ကလေးများ သိသမျှ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

֍ ထို့နောက် ကလေးငါးယောက်ခန့်က အတန်းရှေ့ထွက်၍ ပြောကြပါစေ။ လိုအပ်လျှင် ဆရာက အောက်ပါ ဒါန အကျိုးငါးပါးကို သင်ပုန်းပေါ်တွင် ရေး၍ ရှင်းပြပါ။

ဒါနအကျိုး ငါးပါး

အသက်ရှည်ခြင်း
အဆင်းလှခြင်း
ချမ်းသာကြီးခြင်း
အခြံအရံ အကျော်အစော ရှိခြင်း
အရှိန်အဝါ ဩဇာကြီးမားခြင်း
(အံ၊၂၊၂၇။ အံ၊ မြန် ၂၊ ၃၇)

֍ ထို့နောက် အောက်ပါမေးခွန်းကို မေးပါ။

-ဒါနအကျိုးငါးပါးထဲက ဘယ်အကျိုးတွေကို ဇာတ်လမ်းထဲက သူဌေးကြီး ချက်ချင်းရရှိသွားသလဲ။

֍ ကလေးများ ဖြေပြီးလျှင် အောက်ပါ “ဒါနအကျိုး ငါးသွယ်” ကဗျာကို စုပေါင်း ရွတ်ဆိုကြပါစေ။

ဒါနအကျိုး ငါးပါး

အသက်ရှည်စွာ၊ လွန်ချမ်းသာရ
အဆင်းလှပြီး၊ ဩဇာကြီးမား
ခြံရံများမယ်၊ ဤငါးသွယ်က
ဒါနအလှူ၊ ဖြူစေတနာ
အကျိုးပါတည်း။

֍ “သားတို့သမီးတို့... အခုဆိုရင် ဒါနအကျိုးငါးပါးကို သိသွားကြပြီ။ ဒီတော့ နောက်ဆိုရင် အလှူဒါနတွေ ပြုတဲ့ အခါတိုင်း ဒီအကျိုးငါးပါးကို ယုံကြည်ပြီးတော့ ပြုလုပ်ကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ အလှူဒါန ပြုကြမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဇာတ်လမ်းထဲမှာ သူဌေးကြီးက ဘာတွေ လှူဒါန်းခဲ့သလဲ။ ဘယ်သူ့ကို လှူဒါန်းခဲ့တာလဲ။ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းခဲ့တာလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အုပ်စု (၅) စု ဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-သားတို့သမီးတို့ရော ဘယ်သူတွေကို ဘာတွေ လှူဒါန်းချင်သလဲ။ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းချင်တာလဲ။ ဘာကြောင့်လဲ။

֍ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့ထွက်၍ တင်ပြကြပါစေ။

֍ ပြီးလျှင် ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်၍ “အလှူဒါန ပြုကြမယ်” ကဗျာကို စုပေါင်းရွတ်ပါ။

အလှူဒါန ပြုကြမယ်

ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊
မြတ်သော ဒါနပါ။
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်း စိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန် မုချပေး။

֍ ထို့နောက် ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“ဗုဒ္ဓဘာသာဟာ လက်တွေ့ကျတယ်။ သူများက မှန်တယ်လို့ ပြောတိုင်း မှန်တယ်ဆိုပြီး လက်ခံတဲ့ ဘာသာ မဟုတ် ဘူး။ ဥပမာအနေနဲ့ ပြောရရင် ... သားတို့သမီးတို့က ဆာလောင်ငတ်မွတ်နေတဲ့ သူတစ်ယောက်ကို ကြင်ကြင် နာနာနဲ့ ထမင်းအဝကျွေးလိုက်မယ်ဆိုရင် အဲဒီသူဟာ အသက်ရှည်သွားမယ်၊ ရုပ်အဆင်း ပြည့်ဖြိုးသွားမယ်၊ စိတ် ချမ်းသာ၊ ကိုယ်ကျန်းမာသွားမယ်။ အဲဒီသူဟာ အဲဒီလို အကျိုးတွေ ရသွားသလိုပဲ လှူလိုက်တဲ့ သားတို့သမီးတို့မှာလည်း အဲဒီအကျိုးတွေ မတောင်းရဘဲနဲ့ ပြန်ရကြမှာ သေချာတယ်။ ဒါ့အပြင် သူများကို ကူညီလှူဒါန်းတတ်သူကို လူအများကလည်း ချစ်ခင်နှစ်သက်ကြတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကိုလည်း လေးလေးစားစားနဲ့ နားထောင်ပြီး လိုက်နာ ဆောင်ရွက်တတ်ကြတယ်။ ဒါကြောင့် သားတို့သမီးတို့ဟာ စိတ်ထားဖြူဖြူစင်စင်နဲ့ အလှူဒါနတွေကို တတ်နိုင်သလောက် လုပ်သွားကြရမယ်”