ဆီမီး ကပ်လှူမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ဆီမီး ကပ်လှူမယ်(ကျောင်းသားကိုင်သို့)
348361ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၀။ ဆီမီး ကပ်လှူမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၀)

သင်ခန်းစာခေါင်းစဉ်။ ။ ဆီမီး ကပ်လှူမယ်

သင်ယူမှုဦးတည်ချက်။ ။ ဘုရားကို ဆီမီးကပ်လှူခြင်း၏ အကျိုးကို သိရှိပြီး စနစ်တကျ ကပ်လှူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ပြီးခဲ့သော သင်ခန်းစာများတွင် သင်ခဲ့သောဆွမ်းကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်း၊ ပန်းနံ့သာ ကပ်လှူခြင်းနှင့် ဆုတောင်းစာသားများကို ကလေးများ ပြန်လည် ရွတ်ဆိုကြပါစေ။

֍ ထို့နောက် အုပ်စု (၅) စုဖွဲ့၍ အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-ဘုရားကို ဘာကြောင့် ဆီမီး ကပ်လှူကြတာလဲ။
-ဆီမီးကပ်လှူခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်လို့ထင်သလဲ။

֍ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ ထို့နောက် “ဆီမီးကပ်လှူခြင်းကြောင့် အကျိုးကျေးဇူး ရရှိသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြည့်ကြရအောင်” ဟု ပြော၍ နောက်စာသင်ချိန်ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

֍ အားလုံးဖတ်ပြီးလျှင် ဇာတ်လမ်းကို နားလည်သည့်အတိုင်း ကလေးနှစ်ဦးသုံးဦးခန့်က အလွတ် ပြောပြကြပါစေ။

သောက်ရှူးကြယ်

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဥပုသ်နေ့တွင် သာဝတ္ထိမြို့ သူမြို့ သားတို့သည် ဥပုသ်သီလ ဆောက်တည်ကြ၏။ နံနက်အခါ၌ အလှူဒါနတို့ကိုလည်း ပြုလုပ်ကြ၏။ နေ့လယ်အခါ အဝတ်ဖြူကို ဝတ်ဆင်လျက် ပန်းနံ့သာတို့ကို ယူဆောင်ကာ ဇေတဝန်ကျောင်းတော်သို့ရောက်လာကြ၏။ ညနေချမ်း ရောက်သောအခါ မိမိတို့ ကြည်ညိုရာ ရဟန်းတော်တို့ကို ဆည်းကပ်၍ တရားနာယူကြ၏။ ထိုသို့တရား နာယူနေကြစဉ် နေဝင်၍ မှောင်သွားသည်။

ထိုအခါ ဥပုသ်သည် အမျိုးသမီးတစ်ဦးသည် “အခုလို အချိန်မျိုးမှာ ဆီမီးထွန်းလိုက်ရရင် ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထို့ကြောင့် အိမ်သို့ပြန်ပြီး ဆီယူကာဆီမီးထွန်းညှိ၍ တရားဟောပလ္လင် ရှေ့၌ ချထားပူဇော်လျက် တရား နာယူလေသည်။ ထိုအမျိုးသမီးသည် တရားပွဲပြီးသောအခါ မိမိလှူဒါန်းသော ဆီမီးအလှူကို နှစ်သက်ဝမ်းမြောက်လျက် အိမ်သို့ပြန်သွားလေ၏။

ထိုအမျိုးသမီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်လေသည်။ နတ်သမီးလေး၏ ကိုယ် ရောင်ကိုယ်ဝါသည် ဆီမီးလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် အရပ်ဆယ်မျက်နှာသို့ ထွန်းလင်းတောက်ပလျက် အခြားသော နတ်သမီးတို့၏ အရောင်များကို လွှမ်းမိုး၍ နေလေ၏။

တစ်နေ့တွင် အရှင်မဟာမောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူလာစဉ် ထိုနတ်သမီးလေးကို တွေ့မြင်တော်မူသည်။ ထိုအခါ မထေရ်မြတ်က “အသင်နတ်သမီး ဘယ်လို ကုသိုလ်ထူးကြောင့်

သောက်ရှူးကြယ်ကဲ့သို့ ထူးကဲသော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်နေရတာလဲ”ဟု မေးတော်မူ၏။

ထိုအခါ နတ်သမီးလေးက “အရှင်မြတ်ဘုရား ... တပည့်တော်မဟာ လူ့ဘဝတုန်းက အလွန်မှောင်တဲ့ည တစ်ညမှာ တရားဟောပလ္လင်ရှေ့တွင် ဆီမီးလှူဒါန်းပူဇော်ပြီး တရားနာယူခဲ့ပါတယ်။ အဲဒီ ကုသိုလ်ထူးကြောင့် အခြား နတ်သမီးတို့ထက် သာလွန်တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါကို ရရှိပိုင်ဆိုင်ရခြင်း ဖြစ်ပါတယ်”ဟု ဖြေကြားလျှောက်ထားလေ၏။

မှီငြမ်း။ ။ဒီပဝိမာနဝတ္ထု၊ ပုံတော်စုံ ဝိမာနဝတ္ထုတော်ကြီး၊ ၃၅-၃၈။ ဝိမာနဝတ္ထု၊ဋ္ဌ၊၄၄။

֍ အောက်ပါမေးခွန်းကို မေးပါ။

-သာဝတ္ထိမြို့ သူ/သားတွေဟာ ဥပုသ်နေ့တိုင်း ဘာလုပ်လေ့ရှိကြသလဲ။
-နံနက်အခါမှာ ဘာလုပ်ကြသလဲ၊ နေ့လယ်အခါမှာရော ဘာလုပ်ကြသလဲ၊ ညနေချမ်း ရောက်တဲ့အခါမှာရော ဘာတွေ လုပ်ကြသလဲ။
-နေဝင်သွားတဲ့အခါ ဥပုသ်သည် အမျိုးသမီးက ဘယ်လို အကြံရသလဲ။ အဲဒီတော့ သူ ဘာလုပ်ခဲ့သလဲ။
-အဲဒီ ကုသိုလ်ကောင်းမှုကြောင့် သူ ဘာဖြစ်သွားလဲ။
-အရှင်မဟာမောဂ္ဂလာန်မထေရ်က နတ်သမီးကို ဘယ်လို မေးခဲ့လဲ။ နတ်သမီးက ဘယ်လို ပြန်ဖြေခဲ့သလဲ။
-သားတို့သမီးတို့ရော ဆီမီးလှူဖူးသလား၊ ဘယ်နှခါ လှူဖူးသလဲ။ ဘယ်အချိန်တွေမှာ လှူခဲ့တာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား စာသင်ချိန် (၁)က အုပ်စု (၅) စုအတိုင်းထား၍ အောက်ပါမေးခွန်းကို ဆွေးနွေးကြပါစေ။

-ဆီမီးလှူတဲ့သူဟာ ဘယ်လိုကုသိုလ်တွေ ရရှိမလဲ၊ အလှူခံရရှိသူမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ။

֍ ဆွေးနွေးထားသည်များကို စာရွက်လွတ်တွင် အုပ်စုလိုက် ရေးကြပါစေ။ပြီးလျှင် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြကြပါစေ။

֍ ပြီးနောက် အောက်ပါ ပန်းလှူရကျိုးကို သင်ပုန်းပေါ်တွင် ဆရာက ရေးပါ။ ကလေးများကိုလည်း သူတို့၏ မှတ်စု စာအုပ်တွင် ကူးရေးခိုင်းပါ။

֍ အဓိပ္ပာယ်ကို ကလေးများ နားလည်သည့်အတိုင်း ပြောကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

ဆီမီးကပ်လှူရကျိုး

-ထွန်းလင်းတောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိခြင်း။
-နံရံ၊ တောင်၊ ကျောက်တို့ကို ဖောက်၍ မြင်နိုင်သော ဉာဏ်မျက်စိ အလင်းကို ရရှိနိုင်ခြင်း။
-မျက်စိကြည်လင်ခြင်း။
-ဉာဏ်ပညာကြီးခြင်း။
-လူ့ပြည် နတ်ပြည်တို့၌ အကြိမ်ကြိမ် ဖြစ်ရခြင်း။
-နောက်ဆုံးဘဝ၌ လွယ်ကူစွာ တရားထူးရနိုင်ခြင်း။

֍ နောက်ဆုံးတွင် ဆွမ်းလှူရကျိုး၊ ရေချမ်းကပ်လှူရကျိုးနှင့် ပန်းနံ့သာလှူရကျိုးတို့ကို မှတ်မိသလောက် ကလေးများက ပြန်၍ ပြောကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဆီမီးကပ်လှူခြင်းနှင့် ဆုတောင်းစာသားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘုရားကို ဆီမီးကပ်တဲ့အခါ ရွတ်ဆိုလေ့ရှိတဲ့ စာသားတွေကို အခု သားတို့သမီးတို့ကို သင်ပေးမယ်”စသည်ဖြင့် ပြော၍ ဆရာက သင်ပုန်းပေါ်တွင် အဆင်သင့်ရေးထားသော “ဆီမီးကပ်လှူခြင်းနှင့် ဆုတောင်း” စာသားနှစ်ခုကို စုပေါင်းရွတ်ဆိုကြပါစေ။

ဆီးမီးကပ်

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မှုသော မဟာကရုဏာသခင် ရှင်တော် မြတ်ဘုရားအား အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းတောက်ပသော ဤဆီမီး (ဤလျှပ်စစ်မီး)ကို လှူဒါန်းပူဇော် ပါ၏ အရှင်ဘုရား။ ဤမီးလှူရသော ကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

֍ “အဲဒီလို ကပ်လှူပြီးတဲ့အခါမှာ သားတို့၊ သမီးတို့အနေနဲ့ ဒီလိုထပ်ပြီး ဆုတောင်းနိုင်တယ်” စသည်ဖြင့် ဆိုကာ အောက်ပါဆုတောင်းကိုလည်း အလွတ်ရသည်အထိ စုပေါင်းရွတ်ဆိုကြပါစေ။

ဆုတောင်း

ထွန်းလင်းတောက်ပ၊ မီးလှူရ၍၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ လနယ်နေနှင့်၊ အသရေတင့်၊ ဆင့်ဆင့် ထွန်းလင်း၊ ဉာဏ်မြင်ရှင်း၍၊ အဆင်း လှပရပါလို၏ အရှင်ဘုရား။

֍ ဆီမီး ကပ်လှူခြင်းနှင့် ဆုတောင်းစာသားနှစ်ခုကို ကလေးများ၏ မှတ်စုတွင်လည်း လိုက်၍ ရေးကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... အခုဆိုရင် ဘုရားကို ဘယ်လို ဆီမီးကပ်လှူရမယ်ဆိုတာ၊ ဆီမီး ကပ်လှူခြင်းကြောင့် ဘယ်လိုအကျိုးတွေ ရရှိနိုင်တယ်ဆိုတာ သိသွားကြပြီ၊ ဒီတော့ သားတို့သမီးတို့ဟာ ညစဉ် ညတိုင်း ဘုရားကို ဆီမီးကပ်လှူနိုင်အောင် ကြိုးစားကြပါ။ ဆီမီးကပ်လှူတဲ့အခါတိုင်းမှာလည်း ဆီမီးကပ်လှူခြင်းနှင့် ဆုတောင်းစာသားတွေကို စနစ်တကျ ရွတ်ဆိုပြီး ကပ်လှူကြပါ”ဟု တိုက်တွန်း၍ သင်ခန်းစာကို အဆုံးသတ်ပါ။