ဆီမီး ကပ်လှူမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ဆီမီး ကပ်လှူမယ်
344855ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၀။ ဆီမီး ကပ်လှူမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ) ဆီမီး ကပ်လှူမယ်[edit]

သောက်ရှူးကြယ်[edit]

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဥပုသ်နေ့တွင် သာဝတ္ထိမြို့သူမြို့သားတို့သည် ဥပုသ်သီလ ဆောက်တည်ကြ၏။ နံနက်အခါ၌ အလှူဒါနတို့ကိုလည်း ပြုလုပ်ကြ၏။ နေ့လယ်အခါ အဝတ်ဖြူကို ဝတ်ဆင်လျက် ပန်းနံ့သာတို့ကို ယူဆောင်ကာ ဇေတဝန်ကျောင်းတော်သို့ ရောက်လာကြ၏။ ညနေချမ်း ရောက်သောအခါ မိမိတို့ကြည်ညိုရာ ရဟန်းတော်တို့ကို ဆည်းကပ်၍ တရားနာယူကြ၏။ ထိုသို့ တရားနာယူနေကြစဉ် နေဝင်၍ မှောင်သွားသည်။

ထိုအခါ ဥပုသ်သည် အမျိုးသမီးတစ်ဦးသည် “အခုလို အချိန်မျိုးမှာ ဆီမီးထွန်းလိုက်ရရင် ကောင်းမှာပဲ”ဟု အကြံဖြစ်၏။ ထို့ကြောင့် အိမ်သို့ ပြန်ပြီး ဆီယူကာ ဆီမီးထွန်းညှိ၍ တရားဟောပလ္လင်ရှေ့၌ ချထားပူဇော်လျက် တရားနာယူလေသည်။ တရားပွဲပြီးသောအခါ ထိုအမျိုးသမီးသည် မိမိလှူဒါန်းသော ဆီမီးအလှူကို နှစ်သက်ဝမ်းမြောက်လျက် အိမ်သို့ပြန်သွားလေ၏။

ထိုအမျိုးသမီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်လေသည်။ နတ်သမီး လေး၏ ကိုယ်ရောင်ကိုယ်ဝါသည် ဆီမီးလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် အရပ်ဆယ်မျက်နှာသို့ ထွန်းလင်းတောက်ပလျက် အခြားသော နတ်သမီးတို့၏ အရောင်များကို လွှမ်းမိုး၍ နေလေ၏။

တစ်နေ့တွင် အရှင်မဟာမောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူလာစဉ် ထိုနတ်သမီးလေးကို တွေ့မြင်တော်မူသည်။ ထိုအခါ မထေရ်မြတ်က “နတ်သမီး ... ဘယ်လို ကုသိုလ်ထူးကြောင့် သောက်ရှူးကြယ်ကဲ့သို့ ထူးကဲသော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်နေရတာလဲ” ဟု မေးတော်မူ၏။ ထိုအခါ နတ်သမီးလေးက “အရှင်မြတ်ဘုရား ... တပည့်တော်မဟာ လူ့ဘဝတုန်းက အလွန် မှောင်တဲ့ညတစ်ညမှာ တရားဟောပလ္လင်ရှေ့မှာ ဆီမီးလှူဒါန်းပူဇော်ပြီး တရားနာယူခဲ့ပါတယ်။ အဲဒီ ကုသိုလ်ထူးကြောင့် အခြားနတ်သမီးများထက် သာလွန်တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါကို ရရှိပိုင်ဆိုင် ရခြင်း ဖြစ်ပါတယ်”ဟု ဖြေကြားလျှောက်ထားလေ၏။

ဆီးမီးကပ်[edit]

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မှုသော မဟာကရုဏာ သခင် ရှင်တော်မြတ်ဘုရားအား အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းတောက်ပသော ဤဆီမီး (ဤလျှပ်စစ်မီး) ကို လှူဒါန်းပူဇော်ပါ၏ အရှင်ဘုရား။ ဤဆီမီးလှူရသော ကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

ဆုတောင်း[edit]

ထွန်းလင်းတောက်ပ၊ မီးလှူရ၍၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ လနှယ်နေနှင့်၊ အသရေတင့်၊ ဆင့်ဆင့်ထွန်းလင်း၊ ဉာဏ်မြင်ရှင်း၍၊ အဆင်း လှပရပါလို၏ အရှင်ဘုရား။