ပန်း ကပ်လှူမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ ပန်း ကပ်လှူမယ်
344854ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁၉။ ပန်း ကပ်လှူမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉) ပန်း ကပ်လှူမယ်[edit]

ပန်းလှူခဲ့သော နတ်သမီးလေး[edit]

တစ်ခါတုန်းက အနီရောင် ဖန်ဗိမာန်ကြီးတစ်ခု၌ မဉ္ဇိဋ္ဌကအမည်ရှိ နတ်သမီးလေးတစ်ပါး စံမြန်းနေသည်။ ဗိမာန်၏ အနီး၌ ရနံ့ အလွန်မွှေးကြိုင်သော အင်ကြင်းတောကြီး ရှိ၏။ နတ်သမီး ကလေးသည် ဗိမာန်ကြီးမှ ထွက်၍ အင်ကြင်းတောသို့ ဝင်သောအခါ အင်ကြင်းကိုင်း၊ အင်ကြင်းခက် တို့သည် ကိုင်းညွတ်လျက် နတ်သမီးလေး၏ အထက်၌ ပြန့်ကြဲနေကြ၏။

တစ်နေ့သ၌ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူလာစဉ် ထိုနတ်သမီးလေးကို မြင်လေသည်။ ထိုအခါ မထေရ်မြတ်က “နတ်သမီး ... ဘယ်လို ကုသိုလ်ကောင်းမှ မျိုးကို ပြုခဲ့လို့ အခုလို ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ချမ်းသာကို ရရှိခံစားနေရတာလဲ”ဟု မေးတော်မူ၏။ ထိုအခါ နတ်သမီးလေးက “အရှင်ဘုရား ... တပည့်တော်မဟာ လွန်ခဲ့တဲ့ဘဝက သာဝတ္ထိပြည် သူဌေးကြီးတစ်ဦးအိမ်မှာ အစေခံမတစ်ယောက် ဖြစ်ခဲ့ပါတယ်၊ တစ်နေ့မှာ သူဌေးကြီးဟာ မြတ်စွာဘုရား ရှင်နဲ့ သံဃာတော်များကို ပင့်ဖိတ်ပြီး အလှူကြီးပေးပါတယ်၊ တပည့်တော်မလည်း အဲဒီအလှူပွဲကြီး မှာ ကုသိုလ်ပါဝင်ချင်ခဲ့ပါတယ်၊ ဒါပေမဲ့ တပည့်တော်မမှာ လှူစရာမရှိခဲ့ပါ။ ဒါ့ကြောင့် အင်ကြင်းတော ကြီးဆီ သွားပြီး အင်ကြင်းပန်းတွေကို ခူးယူကာ လျှော်မျှင်တွေနဲ့ သီကုံးပြီး မြတ်စွာဘုရားရှင် ထိုင်တော်မူရာ ထက်ဝန်းကျင်မှာ ချထား ပူဇော်ခဲ့ပါတယ်၊ အဲဒီအင်ကြင်းပန်းလှူခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် အခုလို ကြီးကျယ် မြင့်မြတ်တဲ့ စည်းစိမ်ချမ်းသာကို ရရှိခံစားနေရခြင်း ဖြစ်ပါတယ်ဘုရား”ဟု ပြန်လည် လျှောက်ထားလေ၏။

ပန်းတော်ကပ်[edit]

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မဟာကရုဏာသခင် ရှင်တော်မြတ်ဘုရားအား ဤတင့်တယ်လှပမွှေးကြိုင်သော ပန်းတော်ကို (မွှေးကြိုင်သင်းပျံ့သော နံ့သာ ကို) လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား၊ ဤသို့ ပန်း (နံ့သာ) လှူရသော ကောင်းမှုကြောင့် နိဗ္ဗာန် ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

ဆုတောင်း[edit]

အနံ့လည်းသင်း၊ အဆင်းလည်းလှ၊ ပန်းလှူရ၍၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ သွယ်သွယ်ဂုဏ်နှင့်၊ အစုံတင့်၊ ထုံသင်းကြိုင်ရပါလို၏ အရှင်ဘုရား။