ပန်း ကပ်လှူမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ ပန်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)
348360ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၉။ ပန်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

သင်ခန်းစာခေါင်းစဉ်။ ။ ပန်း ကပ်လှူမယ်

သင်ယူမှုဦးတည်ချက်။ ။ ဘုရားကို ပန်းကပ်လှူခြင်း၏ အကျိုးကို သိရှိပြီး စနစ်တကျ ကပ်လှူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... စတုတ္ထတန်းတုန်းက သင်ခဲ့ရတဲ့ ရေချမ်း ကပ်လှူတဲ့အခါ၊ ဆွမ်းကပ်လှူတဲ့ အခါတွေမှာ ရွတ်ဆိုလေ့ရှိတဲ့ စာသားတွေ၊ ရေချမ်း၊ ဆွမ်းကပ်လှူလို့ ရရှိတဲ့အကျိုးတရားတွေကို မှတ်မိကြသေးသလား”ဟု မေး၍ ကလေးများအား ရွတ်ဆိုစေပြီး စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများ ရွတ်ဆိုပြီးလျှင် ဆရာက “ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားကို ရေချမ်း၊ ဆွမ်းအပြင် ပန်းလည်း ကပ်လှူကြတယ်။ သားတို့သမီးတို့ရော ဘုရားကို ပန်းကပ်လှူဖူးကြလား”ဟု ဆက်မေးပါ။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကို မေး၍ သင်ပုန်းပေါ်တွင် ကလေးများ ပြောသမျှကို မှတ်တမ်းတင်ထားပါ။ -ဗုဒ္ဓဘာသာဝင်တွေဟာ ဘာကြောင့် ဘုရားကို ပန်းကပ်လှူကြတယ်လို့ ထင်သလဲ။

֍ ပြီးနောက် ဆရာက “သားတို့သမီးတို့ပြောတဲ့ အဖြေတွေ ပါ၊ မပါ နောက်စာသင်ချိန်တွေမှာ လေ့လာကြည့်ကြရ အောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

ပန်းလှူခဲ့သော နတ်သမီးလေး

တစ်ခါတုန်းက အနီရောင် ဖန်ဗိမာန်ကြီးတစ်ခု၌ မဉ္ဇိဋ္ဌကအမည်ရှိ နတ်သမီးလေးတစ်ပါး စံမြန်းနေသည်။ ဗိမာန်၏ အနီး၌ ရနံ့အလွန်မွှေးကြိုင်သော အင်ကြင်းတောကြီးရှိ၏။ နတ်သမီးကလေးသည် ဗိမာန်ကြီးမှထွက်၍ အင်ကြင်း တောသို့ ဝင်သောအခါ အင်ကြင်းကိုင်း၊ အင်ကြင်းခက်တို့သည် ကိုင်းညွတ်လျက် နတ်သမီးလေး၏ အထက်၌ ပြန့်ကြဲ နေကြ၏။

တစ်နေ့သ၌ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူလာစဉ် ထိုနတ်သမီး လေးကို မြင်လေသည်။ ထိုအခါ မထေရ်မြတ်က “အသင် နတ်သမီး ... ဘယ်လို ကုသိုလ်ကောင်းမှုမျိုးကို ပြုခဲ့လို့ အခုလို ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ချမ်းသာကို ရရှိခံစားနေရတာလဲ”ဟု မေးတော်မူ၏။

ထိုအခါ နတ်သမီးလေးက “အရှင်ဘုရား ... တပည့်တော်မဟာ လွန်ခဲ့တဲ့ဘဝက သာဝတ္ထိပြည် သူဌေးကြီး တစ်ဦးအိမ်မှာ အစေခံမတစ်ယောက် ဖြစ်ခဲ့ပါတယ်၊ တစ်နေ့မှာ သူဌေးကြီးဟာ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်များကို ပင့်ဖိတ်ပြီး အလှူကြီးပေးပါတယ်၊ တပည့်တော်မလည်း အဲဒီအလှူပွဲကြီးမှာ ကုသိုလ်ပါဝင်ချင်ခဲ့ပါတယ်၊ ဒါပေမဲ့ တပည့်တော်မမှာ လှူစရာမရှိခဲ့ပါ။ ဒါ့ကြောင့် အင်ကြင်းတောကြီးဆီသွားပြီး အင်ကြင်းပန်းတွေကို ခူးယူကာ လျှော်မျှင်တွေနဲ့ သီကုံးပြီး မြတ်စွာဘုရားရှင် ထိုင်တော်မူရာ ထက်ဝန်းကျင်မှာ ချထားပူဇော်ခဲ့ပါတယ်၊ အဲဒီအင်ကြင်းပန်းလှူခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် အခုလို ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ချမ်းသာကို ရရှိခံစားနေရခြင်း ဖြစ်ပါတယ်ဘုရား”ဟု ပြန်လည် လျှောက်ထားလေ၏။

မှီငြမ်း။ ။ မဉ္ဇိဋ္ဌကဝိမာနဝတ္ထု၊ ပုံတော်စုံ ဝိမာနဝတ္ထုတော်ကြီး၊ ၂၁၀-၂၁၃။ ဝိမာန၊ဋ္ဌ၊၁၆၀။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဖန်ဗိမာန်ကြီးမှာ နေတဲ့ နတ်သမီးလေးရဲ့ အမည်က ဘာလဲ။
-ဖန်ဗိမာန်ကြီးအနီးမှာ ဘယ်လို တောကြီး ရှိသလဲ။
-ရှင်မဟာမောဂ္ဂလာန်က နတ်သမီးကို ဘယ်လို မေးလိုက်သလဲ။ နတ်သမီးက ဘယ်လို ပြန်ဖြေသလဲ။
-သားတို့သမီးတို့ရော နတ်သမီးလေးလို ဘုရားကို ပန်းမလှူချင်ကြဘူးလား။ ဘယ်လို ပန်းတွေ လှူချင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ အုပ်စု(၅) စု ဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-ပန်းလှူတဲ့သူဟာ ဘယ်လိုကုသိုလ်တွေ ရရှိမလဲ၊ အလှူခံသူမှာ ဘယ်လို အကျိုး ကျေးဇူးတွေရရှိမလဲ။

֍ ဆွေးနွေးထားသည်များကို စာရွက်လွတ်တွင် အုပ်စုလိုက် ရေးကြပါစေ။ပြီးလျှင် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြကြပါစေ။

֍ ပြီးနောက် အောက်ပါ ပန်းလှူရကျိုးကို သင်ပုန်းပေါ်တွင် ဆရာက ရေးပါ။ ကလေးများကိုလည်း သူတို့၏ မှတ်စု စာအုပ်တွင် ကူးရေးခိုင်းပါ။

֍ အဓိပ္ပာယ်ကို ကလေးများ နားလည်သည့်အတိုင်း ပြောကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

ပန်းလှူရကျိုး

၁။ လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း။
၂။ သင်းပျံ့ မွှေးကြိုင်သော ကိုယ်ရနံ့ရှိခြင်း။
၃။ ကျော်ဇောသတင်း ပျံ့ နှံ့ခြင်း။
၄။ ကိုယ်စိတ်ချမ်းသာ ရွှင်လန်းခြင်း။
၅။ နတ်ပြည်သို့ ရောက်ရခြင်း။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ပန်းကပ်လှူခြင်း ဆုတောင်းစာသားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘုရားကို ပန်းကပ်တဲ့အခါ ရွတ်ဆိုလေ့ရှိတဲ့ စာသားတွေကို အခု သားတို့သမီးတို့ကို သင်ပေးမယ်” စသည်ဖြင့် ပြော၍ ဆရာက သင်ပုန်းပေါ်တွင် အဆင်သင့်ရေးထားသော “ပန်းနံ့သာ ကပ်လှူခြင်းနှင့် ဆုတောင်း” စာသားနှစ်ခုကို အလွတ်ရသည်အထိ စုပေါင်းရွတ်ဆိုကြပါစေ။

ပန်းတော်ကပ်

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မဟာကရုဏာသခင် ရှင်တော် မြတ်ဘုရားအား ဤတင့်တယ်လှပမွှေးကြိုင်သော ပန်းတော်ကို (မွှေးကြိုင်သင်းပျံ့ သော နံ့သာကို) လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား၊ ဤသို့ ပန်း(နံ့သာ) လှူရသော ကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

֍ “အဲဒီလို ကပ်လှူပြီးတဲ့အခါမှာ သားတို့သမီးတို့အနေနဲ့ ဒီလိုထပ်ပြီး ဆုတောင်းနိုင်တယ်” စသည်ဖြင့် ဆိုကာ အောက်ပါ ဆုတောင်းကိုလည်း စုပေါင်းရွတ်ဆိုကြပါစေ။

ဆုတောင်း

အနံ့လည်းသင်း၊ အဆင်းလည်းလှ၊ ပန်းလှူရ၍၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ သွယ်သွယ် ဂုဏ်နှင့်၊ အစုံ တင့်၊ ထုံသင်းကြိုင်ရပါလို၏ အရှင်ဘုရား။

֍ ပန်းနံ့သာကပ်လှူခြင်းနှင့် ဆုတောင်းစာသားနှစ်ခုကို ကလေးများ၏ မှတ်စုတွင်လည်း လိုက်၍ ရေးကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... အခုဆိုရင် ဘုရားကို ဘယ်လို ပန်းကပ်လှူရမယ်ဆိုတာ၊ ပန်းကပ် လှူခြင်းကြောင့် ဘယ်လိုအကျိုးတွေ ရရှိနိုင်တယ်ဆိုတာ သိသွားကြပြီ၊ ဒီတော့ သားတို့သမီးတို့ဟာ နေ့စဉ်နေ့တိုင်း ဘုရားကို ပန်းကပ်လှူနိုင်အောင် ကြိုးစားကြပါ။ ပန်းကပ်လှူတဲ့ အခါတိုင်းမှာလည်း ပန်းနံ့သာ ကပ်လှူခြင်းနဲ့ ဆုတောင်းစာသားတွေကို စနစ်တကျ ရွတ်ဆိုပြီး ကပ်လှူကြပါ”ဟု တိုက်တွန်း၍ သင်ခန်းစာကို အဆုံးသတ်ပါ။