ဆရာ့ကျေးဇူး ကန်းသူ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၈။ ဆရာ့ကျေးဇူး ကန်းသူ(ကျောင်းသားကိုင်သို့)
348359ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၈။ ဆရာ့ကျေးဇူး ကန်းသူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

သင်ခန်းစာခေါင်းစဉ်။ ။ ဆရာ့ကျေးဇူးကန်းသူ

သင်ယူမှုဦးတည်ချက်။ ။ ဆရာ့ကျေးဇူးကန်းလျှင် ဒုက္ခရောက်တတ်ကြောင်း သိရှိပြီး ရှောင်ကြဉ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... တတိယတန်း၊ သင်ခန်းစာ (၂၁)မှာ ဆရာ့ကျေးဇူးကြောင့် ကောင်းကျိုးရသွားတဲ့ “နှမ်းခိုးစားသော မင်းသားငယ်” ဇာတ်လမ်းကို ပြောပြခဲ့ဖူးတယ်၊ မှတ်မိကြသေးလား”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့သမီးတို့ စာတွေရေးတတ်၊ ဖတ်တတ်နေတာ ဘယ်သူတွေရဲ့ ကျေးဇူးကြောင့်လဲ။ (ဆရာများ၏ ကျေးဇူး ကြောင့်ဆိုသော အဖြေပါသည်အထိ မေးပေးပါ။)
-ဆရာ/ဆရာမတွေရဲ့ ကျေးဇူးကို ဘယ်လိုနည်းနဲ့ ပြန်ဆပ်မလဲ။
(မျှော်မှန်းအဖြေ = ဆရာစကား နားထောင်မယ်၊ စာကြိုးစားမယ်၊ ဆရာ့ အလုပ်တွေ ကူညီ လုပ်ကိုင်ပေးမယ်၊ သီတင်းကျွတ်ရင် ဆရာ့ကို ကန်တော့မယ်၊ အိပ်ရာမဝင်ခင် ကန်တော့မယ် ... စသည်)

֍ အဖြေကို ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။ ရေးပြီးလျှင် မိမိရေးထားသော အကြောင်းအရာများကို အလှည့်ကျ ပြောပါစေ။

֍ ကလေးများ ပြောသမျှကို ဆရာက မှတ်သားထားပြီး “နောက်စာသင်ချိန်မှာ ဆရာ၊ တပည့် နှစ်ယောက်အကြောင်း ဇာတ်လမ်းလေးတစ်ပုဒ်ကို လေ့လာကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

ဆရာ့ကျေးဇူးကန်းသူ

ဗာရာဏသီပြည်တွင် “ဂုတ္တိလ” အမည်ရှိ နာမည်ကျော် စောင်းပညာရှင် တစ်ဦးရှိ၏။ သူသည် မျက်မမြင် မိဘ နှစ်ပါးကို စောင်းပညာဖြင့် လုပ်ကျွေးနေသူ ဖြစ်သည်။

တစ်နေ့တွင် “မူသိလ” အမည်ရှိ လူငယ်တစ်ယောက်သည် စောင်းဆရာကြီး ဂုတ္တိလထံတွင် စောင်းပညာ သင်ယူရန် ရောက်လာ၏။ ထိုအချိန်တွင် အိမ်၌ ဆရာဂုတ္တိလ မရှိပေ။ မူသိလသည် ဆရာဂုတ္တိလကို စောင့်နေစဉ် ဆရာ၏ စောင်းကို ယူ၍ တီးကြည့်၏။ ဆရာဂုတ္တိလ၏ မျက်မမြင် မိဘနှစ်ပါးတို့က စောင်းကို ကြွက်ကိုက်နေသည်ဟု ထင်ကာ ကြွက်ကို မောင်း၏။ ထိုအခါ မူသိလက စောင်းပညာကိုသင်ယူရန် ရောက်လာခြင်းဖြစ်ကြောင်း ပြောလေသည်။

ဆရာဂုတ္တိလ ပြန်ရောက်လာသောအခါ သူ၏စောင်းကို မူသိလယူတီးထားသည်ကို သိရှိသွားကာ “အင်း ... ဒီလူငယ်ဟာ ခွင့်မတောင်းဘဲ ငါ့စောင်းကို ယူတီးတယ်ဆိုတော့ လက်ဆော့တတ်သူပဲ ဖြစ်ရမယ်”ဟု တွေးမိပြီး တပည့်အဖြစ် လက်မခံလိုကြောင်း ပြော၏။ ထိုအခါ မူသိလက မျက်မမြင် မိဘနှစ်ပါး၏ ခြေတို့ကို ကိုင်၍ သူ့ကို တပည့်အဖြစ် လက်ခံအောင် ပြောပေးရန် အကြိမ်ကြိမ် တောင်းပန်လေသည်။ ဆရာဂုတ္တိလလည်း မိဘများ၏ စကားကို မလွန်ဆန်လိုသဖြင့် လက်ခံလိုက်၏။ သို့သော် စိတ်ထားကောင်းသူပီပီ ဆရာစားမချန်ဘဲ အတတ်ပညာ အားလုံးကို သင်ကြားပေးသည်။ မူသိလကလည်း ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့ရာ မကြာမီပင် စောင်းပညာ အားလုံးကို သင်ယူတတ်မြောက်သွား၏။

စောင်းပညာအားလုံး တတ်မြောက်သွားသောအခါ မူသိလက “ငါ့ဆရာလည်းအိုနေပြီ၊ ဒီတော့ ဗာရာဏသီ ပြည်မှာပဲ အခြေချရရင် ကောင်းမယ်”ဟု ကြံစည်၍ မင်းကြီးထံ ခစားလိုကြောင်း ဆရာဂုတ္တိလအား ပြောပြ၏။ ဆရာ ဂုတ္တိလကလည်း တပည့်အလိုကျ လျှောက်တင်ပေးရာ မင်းကြီးက “သင့်ကို ပေးသည့် လစာအောက် တစ်ဝက်လျှော့၍ မူသိလအား ပေးမည်”ဟု ပြောသည်။ ထိုအကြောင်းကို ဆရာဂုတ္တိလက မူသိလအား ပြောပြ၏။

ထိုအခါ မူသိလက “ဆရာ ... ကျွန်တော်လည်း ဆရာလောက် တတ်တာပဲ၊ ဒါ့ကြောင့် ဆရာ့လစာနဲ့ အတူတူ ရမှသာ မင်းကြီးထံမှာ ခစားနိုင်မယ်”ဟု ပြန်ပြော၏။ ဆရာဂုတ္တိလလည်း ထိုအကြောင်းကို မင်းကြီးအား ပြန်လည် လျှောက်တင်လိုက်သည်။

ထိုအခါ မင်းကြီးက “ဒီလိုဆိုရင် မူသီလအနေနဲ့ဆရာလောက်တတ်ကြောင်းပြဖို့ လိုတယ်”ဟု ဆရာဂုတ္တိလကို ပြော၏။ မူသိလကလည်း ပြမည်ဖြစ်ကြောင်း ပြောသဖြင့် ဆရာတပည့် စောင်းပညာ ပြိုင်ပွဲ ဖြစ်လာသည်။ ထိုအခါ မင်းကြီးက မူသိလကို ခေါ်၍ “သင်ဟာ ဆရာနဲ့ပြိုင်မယ်ဆိုတာ တကယ်လား၊ ဆရာနဲ့ပြိုင်တယ်ဆိုတာဟာ မလုပ်သင့် တဲ့ အလုပ်ဖြစ်တယ်”ဟု ပြော၍ တားမြစ်သော်လည်း မူသိလက လက်မခံပေ။

ပြိုင်ပွဲနေ့ နီးလာသည်နှင့်အမျှ ဆရာဂုတ္တိလသည် “ငါက အသက်ကြီးပြီ၊ စွမ်းရည်တွေလည်း လျော့လာပြီ၊ ပြည့်စုံအောင် စွမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး၊ တပည့်ဆိုတာ ရှုံးလည်း အကြောင်းမဟုတ်ဘူး၊ ဆရာက ရှုံးရင်သာ အရှက်ရမယ်၊ အရှက်ကွဲရမယ့်အစား သေရတာကမှ ကောင်းမယ်”ဟု တွေးပြီး တောထဲသွားကာ မိမိကိုယ်ကို သတ် သေရန် ကြံစည်လေ၏။ . တောထဲသို့ရောက်သောအခါ သေရမည်ကို ကြောက်သဖြင့် ပြန်လာခဲ့သည်။ တစ်ဖန် မိမိ ကိုယ်ကို သတ်သေရန် တောထဲသွားပြန်၏။ ထိုကဲ့သို့ သွားလိုက်ပြန်လိုက် လုပ်နေသည်မှာ လူသွားလမ်းပင် ဖြစ်လာ၏။

ဆရာဂုတ္တိလ၏ ဖြစ်ကြောင်းစုံလင်ကို သိကြားမင်း သိသွားရာ “မြတ်သော စောင်းဆရာ ... မကြောက်ပါနဲ့၊ ဆရာ့ကို ကျွန်ုပ်ကယ်ပါ့မယ်၊ ဆရာ စောင်းတီးတဲ့အခါ စောင်းကြိုးတစ်ချောင်းကို ဖြတ်ပြီး တီးပါ၊ ကြိုးဖြတ်လိုက်ပေမယ့် ဆရာ့စောင်းသံ မချို့ယွင်းစေရဘူး၊ ဒီလိုလုပ်တာကို ဆရာ့တပည့်မြင်ရင် သူလည်း ကြိုးဖြတ်ပြီး တီးလိမ့်မယ်၊ အဲဒီအခါ သူ့စောင်းသံဟာ ချို့ယွင်းသွားလိမ့်မယ်၊ ဆရာက နောက်ထပ် ကြိုးတစ်ချောင်းဖြတ်ပါ၊ သူလည်း လိုက်ဖြတ်လိမ့်မယ်။ ဒီလိုနည်းနဲ့ တစ်ချောင်းပြီးတစ်ချောင်းဖြတ်ပါ၊ စောင်းကြိုးအားလုံး ကုန်တဲ့အခါ စောင်းရိုးသက်သက်ကိုသာ တီးပါ၊ ဆရာ့ စောင်းက အသံထွက်နေပါလိမ့်မယ်၊ ဒါဆိုရင် ဆရာ အနိုင်ရပြီပေါ့”ဟု အကြံပေးလိုက်၏။

ပြိုင်ပွဲနေ့ရောက်သောအခါ မင်းရင်ပြင်တွင် တိုင်းသူပြည်သားများလည်း လာရောက်နားထောင်ကြသည်။ ဆရာ ဂုတ္တိလလည်း သိကြားမင်းမှာထားသည့်အတိုင်း ပြုလုပ်သည့်အခါ တပည့်မူသိလ မည်သို့မျှ မတတ်နိုင်ဘဲ အရှုံးကြီး ရှုံးသွားလေ၏။ တိုင်းသူပြည်သားများကလည်း “တပည့်ယုတ် ဆရာနဲ့ထပ်တူ လခလိုချင်လို့ ဆရာကို ပြိုင်ရ သလား၊ ကိုယ့်အရည်အချင်းကို ကိုယ်မသိတတ်ပါလား”ဟု ဆိုကာ ဝိုင်းဝန်းပြစ်တင် မောင်းထုတ်လိုက်လေ၏။ မူသိလလည်း ဗာရာဏသီပြည်တွင် မနေရဲတော့ဘဲ ထွက်ပြေးသွားလေသည်။

မှီငြမ်း။ ။ ဂုတ္တိလဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ဒုတိယတွဲ၊ ၃၈၀။ ဇာ၊ဋ္ဌ၊၂၊၂၂၇။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဂုတ္တိလက ဘယ်သူတွေကို လုပ်ကျွေးပြုစုနေသလဲ။
-ဂုတ္တိလက မူသိလကို စောင်းပညာတတ်မြောက်အောင် ဘယ်လိုသင်ပေးခဲ့သလဲ။
-ဂုတ္တိလကို ဆရာကောင်းတစ်ယောက်လို့ ဘာကြောင့်ပြောနိုင်တာလဲ။
-မူသိလက ဘာကြောင့် ဆရာနဲ့ပညာပြိုင်ချင်တာလဲ။
-ဆရာနဲ့ပညာပြိုင်ချင်တဲ့ မူသိလကို ဘုရင်ကြီးက ဘယ်လိုပြောသလဲ။
-မူသိလကို ဆရာ့ကျေးဇူးကန်းသူလို့ ဘာကြောင့် ပြောနိုင်တာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အုပ်စု (၅) စု ဖွဲ့ပြီး စာရွက်လွတ်များကို အုပ်စုတိုင်းအား တစ်ရွက်စီ ဝေပေးပါ။

֍ ထို့နောက် အောက်ပါမေးခွန်းကို မေး၍အုပ်စုလိုက် ဆွေးနွေးရေးသားကြပါစေ။

-ဆရာ့ကျေးဇူးကန်းသူ ဇာတ်လမ်းကို ဖတ်ပြီးတဲ့နောက်မှာ သားတို့သမီးတို့ အနေနဲ့ ဆရာတွေ မကြိုက်တဲ့ ဘယ်လို အပြုအမှုမျိုးတွေကို ရှောင်သင့်သလဲ။ ဘာကြောင့်လဲ။

֍ ကလေးအားလုံး ဆွေးနွေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးချက်များကို တင်ပြပါစေ။

֍ ဆရာက ကလေးများဆွေးနွေးတင်ပြချက်များကို မှတ်သားထားပြီး လိုအပ်လျှင် ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မြတ်သော ဆရာ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများ၏ အဖြေကို ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-သားတို့သမီးတို့ရဲ့ ဘဝမှာ အချစ်ဆုံး ဆရာ၊ ဆရာမတွေ့ရှိလား၊ ဘာကြောင့် သူတို့ကို ချစ်ကြတာလဲ။
-အဲဒီဆရာ/မက ကလေးတို့အပေါ် ဘာတွေ မှတ်မှတ်ရရ လုပ်ပေးခဲ့သလဲ။
-ကလေးတို့ကရော အဲဒီဆရာ/မအပေါ် ဘာတွေ ပြန်လုပ်ပေးချင်သလဲ။

֍ အားလုံးရေးပြီးလျှင် အလှည့်ကျ ပြောကြပါစေ။

֍ ထို့နောက် မြတ်သောဆရာ တေးကဗျာကို စုပေါင်း သီဆိုပါ။

မြတ်သောဆရာ

တပည့်ရင်သွေးများ နွေးထွေးစွာကြိုဆို
ကောင်းကျိုးညွန်ရာ မြတ်သောဆရာ။
လောကအလယ် ပွဲလယ်တင့်တယ်အောင်
ပညာနို့ရည်တိုက်ကျွေးကာ
အသိဉာဏ်တွေ ဖွင့်ပေးတဲ့ မြတ်သောဆရာ။
ဝါသနာ ကရုဏာ စေတနာပိုကာ ကြီးမားမေတ္တာ ကုဋေကုဋာ
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် စံနမူနာ မြတ်သောဆရာ။ ။

֍ နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း နိဂုံးချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“သားတို့သမီးတို့ကို စာတတ်အောင် သင်ကြားပေးတဲ့သူကိုပဲ ဆရာလို့ သတ်မှတ်ရမှာ မဟုတ်ဘူး၊ အခြားပညာရပ် တွေကို သင်ကြားပေးသူ မှန်သမျှကိုလည်း ဆရာအဖြစ် သတ်မှတ်ရမယ်၊ ကိုယ်မသိတဲ့အရာတွေကို သင်ပြပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဟာလည်း ဆရာတွေပဲ ဖြစ်တယ်၊ ဒါ့ကြောင့်မို့ သားတို့ သမီးတို့ကလည်း တပည့်ကျင့်ဝတ်နဲ့အညီ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးကို အတတ်နိုင်ဆုံး ဆပ်နိုင်အောင် ကြိုးစားကြရမယ်၊ ကျေးဇူးမဆပ်နိုင်ရင်တောင်မှ ကျေးဇူးမကန်းမိအောင် သတိထားပြီး နေထိုင်သွားကြပါ”