မတူသည်ကို တုမိသူ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ မတူသည်ကို တုမိသူ(ကျောင်းသားကိုင်သို့)
348358ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၇။ မတူသည်ကို တုမိသူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

သင်ခန်းစာခေါင်းစဉ်။ ။ မတူသည်ကို တုမိသူ

သင်ယူမှုဦးတည်ချက်။ ။ မိမိကိုယ်ကို အထင်ကြီးလွန်းခြင်းကြောင့် ရရှိသောဆိုးကျိုးများကို သိရှိပြီး သတိထား နေထိုင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက “သားတို့သမီးတို့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာ ကြားဖူးလား၊ ဘယ်လို နားလည် သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ နားလည်သည့်အတိုင်း ပြောကြပါစေ။ ပြောသမျှကို လက်ခံ ပေးပါ။

֍ ထို့နောက် ဆရာက “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဆိုတာ ဘယ်လိုလူမျိုးလဲ”ဟု ဆက်မေးပါ။

(မျှော်မှန်းအဖြေ = ကျောင်းကို တစ်ယောက်တည်း သွားရဲတယ်၊ တစ်ယောက်တည်း ဈေးသွားဝယ်ရဲတယ်၊ ကျူရှင်မတက်ဘဲ စာမေးပွဲကို အောင်အောင် ဖြေနိုင်တယ်၊ ဆရာရဲ့ မေးခွန်းတွေကို အတန်းရှေ့မှာ ရဲရဲဝံ့ဝံ့ ဖြေရဲတယ်၊ အကျိုးအကြောင်း ခိုင်လုံစွာနဲ့ အမှား၊ အမှန်ကို သတ္တိရှိရှိ ပြောရဲတယ် ... စသည်)

֍ ဆရာက ကလေးများ ပြောသမျှကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပေးပါ။

֍ ပြီးနောက် ဆရာက အောက်ပါမေးခွန်းကို ဆက်မေးပါ၊

-ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

֍ ကလေးများ ပြောသမျှကို ဆရာက နားထောင်ပေးပြီး “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲရင် ဘာတွေ ဖြစ်လာ နိုင်သလဲဆိုတာ သိရအောင် ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်ကြည့်ကြစို့”ဟု ပြော၍ နောက်စာသင်ချိန်ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ အုပ်စု (၄) စု ဖွဲ့၍ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

မတူသည်ကို တုမိသူ

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခု၌ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော မြေခွေးတစ်ကောင်ရှိ၏။ တစ်နေ့တွင် မြေခွေးသည် အစာရှာထွက်စဉ် ခြင်္သေ့တစ်ကောင်နှင့် ရင်ဆိုင်တိုးမိသည်။ ခြင်္သေ့ရန်မှ မလွတ်နိုင်တော့ မှန်း သိလိုက်သည့်အတွက် မြေခွေးသည် ထိတ်ထိတ်လန့်လန့်ဖြင့် ခြင်္သေ့ရှေ့၌ တုပ်ဝပ်ရှိခိုးလိုက်၏။ ခြင်္သေ့က “ဘာလုပ် တာလဲ”ဟု မေးရာ မြေခွေးက “အရှင်ခြင်္သေ့မင်းအား အနီးကပ် ပြုစုလုပ်ကျွေးချင်လို့ပါ”ဟု ပြန်ပြောလိုက်၏။ ခြင်္သေ့ကလည်း ခွင့်ပြုလိုက်သည်။

ထို့နောက် ခြင်္သေ့က သူနေထိုင်သော ကျောက်ဂူကြီးအတွင်းသို့ မြေခွေးကို ခေါ်သွားပြီး စားကြွင်းစားကျန်များကို ကျွေး၏။ ဤသို့ဖြင့် မြေခွေးသည် မကြာမီပင် ဝဖြိုးလာသည်။ မြေခွေးသည် နေ့စဉ်နေ့တိုင်း တောင်ထိပ်သို့ သွား၍ တောင်ခြေ၌ သွားလာကျက်စားနေသော သားကောင်တို့ကို စောင့်ကြည့်ပြီး သူစားချင်သော သားကောင်ကို မှတ်သား၍ သတင်းပို့ရ၏။ ခြင်္သေ့က ထိုသားကောင်ကို သွားရောက်ဖမ်းဆီးပြီး ကိုယ်တိုင်လည်း စား၏၊ မြေခွေးကိုလည်း ကျွေး၏။

ဤသို့နေလာခဲ့ရာမှ ရက်အတန်ကြာလာသောအခါ မြေခွေးသည် ကိုယ့်ကိုယ်ကို အထင်ကြီးလာပြီး ခြင်္သေ့နှင့် တာဝန်လဲလှယ်လိုစိတ် ဖြစ်လာ၏။ ထို့ကြောင့် “ငါ့မှာလည်း ခြေလေးချောင်း ရှိနေတာပဲ၊ ဘာ့ကြောင့် သူများ ကျွေးနေတာကိုပဲ ထိုင်စားနေရမှာလဲ၊ ခြင်္သေ့လိုပဲ ငါလည်း ဆင်စတဲ့ သားကောင်တွေကို ကိုယ်တိုင်သတ်ပြီး စားမယ်”ဟု အကြံ ဖြစ်သည်။ ထိုအကြံကို ခြင်္သေ့အား ပြောလိုက်၏။

ထိုအခါ ခြင်္သေ့က “မဖြစ်နိုင်ဘူး၊ ဆင်ကို ဖမ်းယူစားသောက်နိုင်တဲ့ မြေခွေးဆိုတာ လောကမှာ မရှိဘူး၊ ဒါ့ကြောင့် မလုပ်ပါနဲ့” ဟု တားမြစ်၏။ သို့သော် မြေခွေးက လက်မခံခဲ့ပေ။ နောက်ဆုံး၌ ခြင်္သေ့သည် မြေခွေးကို ဆန္ဒရှိသည့်အတိုင်း လုပ်ရန် ခွင့်ပေးလိုက်၏။ ထို့နောက် ခြင်္သေ့သည် တောင်ထိပ်သို့ သွားကာ တောင်ခြေ၌ မုန်ယိုနေသော ဆင်တစ်ကောင်ကို မှတ်သား၍ ပြန်လာပြီး မြေခွေးကို သတင်းပို့လိုက်၏။ မြေခွေးလည်း ဂူမှထွက်၍ ခြင်္သေ့ကဲ့သို့ သုံးကြိမ် ဟိန်းဟောက်လိုက်သည်။ သို့ရာတွင် ခြင်္သေ့သံ ထွက်မလာဘဲ ခွေးဟောင်သံသာ ထွက်လာခဲ့၏။ သို့သော် ဟန်မပျက် ဆင်ဖမ်းရန် မာန်အပြည့်ဖြင့် ဆက်လက် ထွက်ခွာသွားခဲ့သည်။

မြေခွေးသည် ဆင်ကို မြင်သောအခါ ဆင်၏ ဦးခေါင်းပေါ်သို့ ကျအောင် ခုန်လိုက်၏။ သို့သော် ဆင်၏ ခြေရင်း၌သာ ကျလေသည်။ ထိုအခါ ဆင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် မြေခွေး၏ ခေါင်းကို နင်းချေလိုက်ရာ မြေခွေး၏ ခေါင်းသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။ ဤသို့ဖြင့် မိမိကိုယ်ကို အထင်ကြီးပြီး မတူသည်ကို တုမိသော မြေခွေးသည် မရှုမလှ ပျက်စီးရလေတော့သည်။

မှီငြမ်း။ ။ ဝိရောစဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၅၃၂-၅၃၄။ ဇာ၊ဋ္ဌ၊၁၊၅၁၆။

֍ ခြင်္သေ့၊ မြေခွေး၊ သားကောင်များ၊ ဆင် အမည်ဖြင့် မဲလိပ် လေးလိပ်ကို ဆရာက စီစဉ်ထားပါ။

֍ အဖွဲ့ကိုယ်စားလှယ်တစ်ဦးစီက မဲနှိုက်ကြပါစေ။ မိမိကျသော မဲလိပ်ပါ ဇာတ်ကောင်ကို အဖွဲ့ဝင်အချင်းချင်း တိုင်ပင်၍ “ဘယ်လို သရုပ်ဆောင်မလဲ” ဆိုသည်ကို ဆွေးနွေးကြပါစေ။

֍ အဆင်သင့်ဖြစ်လျှင် ဆရာက ဇာတ်လမ်းကို ဖြည်းဖြည်းမှန်မှန် စပြောပါ။ ပြောနေစဉ် အဖွဲ့တိုင်းက မိမိကျသော ဇာတ်ကောင်နေရာ ရောက်လျင် ဝင်၍ သရုပ်ဆောင်ကြပါစေ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ခြင်္သေ့နဲ့မြေခွေး ဘယ်လိုတွေ့ဆုံခဲ့သလဲ၊ ဘယ်လို ဖြစ်ခဲ့သလဲ။
-ခြင်္သေ့နဲ့မြေခွေး ဘယ်လို နေထိုင်ခဲ့သလဲ၊ ဘာတာဝန်တွေ ယူခဲ့ကြသလဲ။
-မြေခွေးက ဘယ်လိုအတွေးနဲ့ ခြင်္သေ့ရဲ့ တာဝန်ကို ယူခဲ့တာလဲ။ မြေခွေး ဘာဖြစ်သွားသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

-ဇာတ်လမ်းထဲက မြေခွေး ဘာကြောင့် ဒုက္ခရောက်သွားတာလဲ။

֍ ကလေးများ ဖြေပြီးလျှင် အုပ်စုကို စာသင်ချိန် (၂) အတိုင်းထား၍ အောက်ပါမေးခွန်းကို ဆက်၍ ဆွေးနွေးကြပါစေ။

-မိမိကိုယ်ကိုယ် အထင်ကြီးလွန်း၊ ယုံကြည်မှု လွန်ကဲလွန်းရင် ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်သလဲ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးထားသည်များကို တင်ပြကြပါစေ။

֍ တင်ပြသွားသည့်အချက်များနှင့် ပတ်သက်၍ အခြားအုပ်စုဝင်များက သိလိုသည်များရှိလျှင် မေးမြန်းကြပါစေ။ အုပ်စု တစ်စု တင်ပြပြီးတိုင်း လက်ခုပ်တီး ချီးကျူးအားပေးကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မတူရင်မတုနဲ့တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါတေးကဗျာကို စုပေါင်းရွတ်ဆိုကြပါစေ။

မတူတာကို တုမိသူ

အလုပ်ဟူသမျှ ... ဂုဏ်ရှိစွ
သို့သော် နေရာမှန်ပါမှ။
ခြင်္သေ့မင်းက မာန်ဟုန်ဟုန်
တောလုံး ဖိန့်ဖိန့်တုန်။
မြေခွေးပုံက ကုပ်ချောင်းချောင်း
ဆင်ကိုဖမ်းဖို့ သူချောင်းမြောင်း။
မိမိအကြောင်း ပိုကဲစွာ
အထင်ကြီးတဲ့ မြေခွေးမှာ။
သေကြေကာ ဘဝပျက်စီး
မတူသည်ကို တုမိပြီး။ ။

֍ တေးကဗျာ၏ အဓိပ္ပာယ်ကို ကလေးများ နားလည်သည့်အတိုင်း ရှင်းပြကြပါစေ။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကို မေး၍ အဖြေကို ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-ကလေးတို့ရဲ့ ဘဝမှာ ဘယ်လိုစိတ်ထားမျိုးနဲ့ နေထိုင်သွားကြမလဲ။ ဘာကြောင့်လဲ။

(မျှော်မှန်းအဖြေ = အတန်းထဲမှာ ပထမရရင်လည်း မာနမကြီးဘူး၊ ကိုယ်သိတာကိုလည်း သူငယ်ချင်းတွေကို ရှင်းပြတယ်၊ မိဘဆီက မုန့်ဖိုးတွေ အများကြီးရရင်လည်း အကုန်မသုံးဘူး၊ လူကြီး၊ မိဘ၊ ဆရာသမားတွေကို ယဉ်ယဉ်ကျေးကျေး ပြုမူပြောဆိုတယ် ... စသည့် အဖြေများရအောင် ဆရာက ပံ့ပိုးပေးပါ။)

֍ ကလေးအားလုံး ရေးပြီးပါက မိမိတို့ရေးထားသော အကြောင်းအရာကို ကလေးခြောက်ဦးခန့် တင်ပြကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ ယုံကြည်မှု လွန်လွန်ကဲကဲ မဖြစ်စေဖို့ သတိထားရမယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ယုံကြည်မှု လွန်ကဲလွန်းရင် ဒုက္ခရောက်ရတတ်တယ်။ အဲဒီတော့ သားတို့သမီးတို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲအောင် ဆင်ဆင်ခြင်ခြင် သတိ ထားပြီး နေထိုင်သွားကြရမယ်”ဟု ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။