တိရစ္ဆာန်လေးများကို ကြင်နာပါ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၅) တိရစ္ဆာန်လေးများကို ကြင်နာပါ (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၅)

တိရစ္ဆာန်လေးများကိုကြင်နာပါ

သင်ယူမှုဦးတည်ချက် ။ ။ တိရစ္ဆာန်လေးများကိုကြင်နာတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကဲ ... သားတို့၊ သမီးတို့သိတဲ့ တိရစ္ဆာန်လေးတွေရဲ့ အမည်တွေကို ပြောပြပါဦး” ဟု အစချီပြီး ကလေးများအား ၎င်းတို့သိသော တိရစ္ဆာန်လေးများကို မေးမြန်းပါ။

[သတိပြုရန် 1]

֍အိမ်မွေးတိရစ္ဆာန်များ၏ အမည်များကိုလည်း ကလေးများသိသလောက် မေးမြန်းပါ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-သားတို့၊ သမီးတို့ တိရစ္ဆာန်လေးတွေကို ချစ်သလား။
-ဘယ်တိရစ္ဆာန်လေးတွေကို ချစ်သလဲ၊ ဘာကြောင့် ချစ်တာလဲ။
-ဘယ်တိရစ္ဆာန်လေးတွေကို မချစ်ဘူးလဲ၊ ဘာကြောင့် မချစ်တာလဲ။
-အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ ရှိလား။
-အဲဒီခွေးလေးတွေ၊ ကြောင်လေးတွေကို ရိုက်ဖူးလား။
-ငှက်လေးတွေကို ခဲနဲ့ ပစ်ဖူးသလား။
-တိရစ္ဆာန်လေးတွေဟာ သားတို့၊ သမီးတို့လိုပဲ နာတတ်တယ်ဆိုတာ သိလား။
-ကဲ .. ဟုတ်လား၊ မဟုတ်ဘူးလား သိရအောင် ညာလက်နဲ့ ဘယ်ဘက် လက် မောင်းကို ဆိတ်ကြည့်မယ်၊ ဘာဖြစ်သလဲ။
-သားတို့၊ သမီးတို့ထဲက တစ်ယောက်ထွက်လာပါဦး၊ ဆရာ နည်းနည်း ဆိတ်ကြည့်မယ်၊ ဘာဖြစ်သလဲ။

֍“သားတို့၊ သမီးတို့ နာသလို တိရစ္ဆာန်လေးတွေလည်း နာတတ်တယ်။ ဒါကြောင့် သားတို့၊ သမီးတို့က တိရစ္ဆာန်လေးတွေကို နာကျင်အောင် မလုပ်ရဘူးနော်။ တိရစ္ဆာန်လေးတွေကို ကြင်နာရမယ်၊ ချစ်ရမယ်နော်” စသည်ဖြင့် ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တိရစ္ဆာန်လေးများကို ကြင်နာပါဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “တိရစ္ဆာန်လေးများကို ကြင်နာပါ” ဇာတ်လမ်းကို ပြောပြပါ။

֍ဇာတ်လမ်းပြောရာတွင် အသံနေအသံထား ဟန်အမူအရာဖြင့် ပြောပြပါ။

တိရစ္ဆာန်လေးများကို ကြင်နာပါ

ဟိုးရှေးရှေးတုန်းက အလွန်စည်ကားတဲ့ မြို့ကြီးတစ်မြို့ ရှိခဲ့ပါတယ်။ အဲဒီမြို့ က လူအများစုဟာ မြတ်စွာဘုရားရှင်နဲ့ ရဟန်းတော်တွေကို အလွန်ရိုသေကြပါတယ်။ အဲဒီ မြို့မှာ နာမည်ကြီး သူဌေးကြီးတစ်ဦးလည်း ရှိပါတယ်။ သူဌေးကြီးက အလွန်ချမ်းသာ တော့ အလွန်ကြီးကျယ်တဲ့ ဘုန်းကြီးကျောင်း အကြီးကြီးကိုလည်း မြို့နဲ့ မလှမ်းမကမ်းမှာ ဆောက်လုပ်လှူဒါန်းထားပါတယ်။ အဲဒီကျောင်းကြီးမှာ မြတ်စွာဘုရားရှင် သီတင်းသုံးနေ စဉ်မှာ အောက်ပါအဖြစ်အပျက်လေး ဖြစ်ပေါ်ခဲ့တယ်။

တစ်နေ့မှာ မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွတော်မူခဲ့ပါတယ်။ အဲဒီလို ကြွတော်မူလာရင်း မြို့ တွင်းမရောက်ခင် လမ်းတစ်နေရာမှာ ဝိုင်းအုံဖွဲ့ပြီး ဆူညံ ဆူညံလုပ်နေတဲ့ ကလေးငယ်တစ်ဖွဲ့နဲ့ ဆုံမိတယ်။ အဲဒီအချိန်မှာ ကလေးငယ်တွေက မြွေတစ်ကောင်ကို ဝိုင်းရိုက်နေကြတယ်။ အဲဒါနဲ့ မြတ်စွာဘုရားက ကလေးငယ်တွေကို လှမ်းမေးလိုက်တယ်။ (မြတ်စွာဘုရားရှင်ဆွမ်းခံကြွနေပုံ)

“ကလေးတို့ ဘာလုပ်နေကြတာလဲ”
“အရှင်ဘုရား၊ တပည့်တော်တို့ မြွေကို တုတ်နဲ့ ရိုက်နေကြတာပါ ဘုရား”
“ဪ ... ကလေးတို့က ဘာဖြစ်လို့ မြွေလေးကို ရိုက်တာလဲ”။ (ကလေးငယ်များမြွေတစ်ကောင်ကိုဝိုင်းရိုက်နေပုံ)
“တပည့်တော်တို့ကို ကိုက်မှာ ကြောက်လို့ပါဘုရား”
“ကလေးတို့ မြွေကိုက်ခံရမှာ ကြောက်သလား”
“တင်ပါ့ဘုရား...ကြောက်ပါတယ်ဘုရား”
(မြတ်စွာဘုရားရှင်နှင့် ကလေးငယ်များအမေးအဖြေလုပ်နေပုံ)
“အေး ... ကလေးတို့ ကြောက်သလိုပဲ မြွေကလေးကလည်း သူ့ကို ရိုက်မှာ ကြောက်တာပေါ့ကွယ်”
“ကိုယ့်အသားနာမှာကြောက်လို့ တိရစ္ဆာန်လေးတွေရဲ့ အသားကို နာအောင် လုပ်ရင် ကလေးတို့မှာလည်း ဆင်းရဲတတ်တယ်၊ ရောဂါများတတ်တယ်၊ အဲဒါကြောင့် ကိုယ်ချင်းစာတရားထားပြီး အားလုံးကို ကြင်ကြင်နာနာ ဆက်ဆံကြရမယ်နော်”
(ဆင်းရဲသူအချို့ ၏ရုပ်ပုံ)
မြတ်စွာဘုရားရှင်က အခုလိုရှင်းပြလိုက်တော့ ကလေးငယ်လေးတွေလည်း သဘောပေါက်သွားကြပြီး တိရစ္ဆာန်လေးတွေကို တွေ့ တဲ့အခါ ကြင်ကြင်နာနာ ဆက်ဆံ ကြတော့တယ်။

မှီငြမ်း ။ ။ သမ္ဗဟုလကုမာရကဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ တတိယတွဲ၊၂၂၅။ ဓမ္မပဒ၊ ဋ္ဌ၊ ၂။ ၃၃။

֍အထက်ပါအဖြစ်အပျက်ကို ပြောပြပြီးနောက် “သားတို့၊ သမီးတို့လည်း တိရစ္ဆာန်လေး တွေတွေ့ ရင် တုတ်တွေ၊ ခဲတွေနဲ့ မပစ်ဘဲ ကြင်ကြင်နာနာ ဆက်ဆံကြရမယ်နော်။ သူတို့ကြိုက်တဲ့ အစာလေးတွေကိုလည်း ကျွေးပေးမယ်ဆိုရင် သူတို့ကလည်း သားတို့၊ သမီးတို့ကို ပြန်ချစ်လာကြမှာပေါ့ကွယ်” စသည်ဖြင့် အနှစ်ချုပ် ပြောပြပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တိရစ္ဆာန်လေးများကို ကြင်နာပါ သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

တိရစ္ဆာန်တစ်ကောင်၏ နာမည်ကို ပြောပြပြီး ထိုတိရစ္ဆာန်၏ လှုပ်ရှားပုံကိုလည်း ပြောပြထားပါ။ ဥပမာ ကြောင်ကဲ့သို့ အသံမထွက်ဘဲ သွားနည်း၊ မြွေကဲ့သို့ တွန့်လိမ်တွန့်လိမ် သွားနည်း၊ ယုန်ကဲ့သို့ ခုန်ဆွခုန်ဆွ သွားနည်း၊ ဆင်ကဲ့သို့ လမ်းလျှောက်သွားနည်း၊ ငှက်ကဲ့သို့ ပျံသန်းသွားနည်း စသည်တို့ကို လုပ်ပြပါ။ ထို့နောက် အောက်ပါ “တိရစ္ဆာန်လေးများကို ကြင်နာပါ” သီချင်းကဗျာကို သင်ပေးပါ။

တိရစ္ဆာန်လေးများကို ကြင်နာပါ

တို့တစ်တွေမှာ၊ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ...
တို့တစ်တွေမှာ၊ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ်...

မှတ်ချက် ။ ။ “သူတို့လည်း” ဟူသောနေရာတွင် ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် အစားထိုးပြီး ရွတ်ဆိုနိုင်ပါသည်။

֍တိရစ္ဆာန်လေးများ အမူအရာနှင့် သီချင်းကဗျာကို မှတ်မိစေပြီးသောအခါ အစားထိုး ထားသော တိရစ္ဆာန်တို့၏ လှုပ်ရှားမှုအတိုင်း အမူအရာလုပ်စေလျက် သီချင်းကဗျာ ကို ပျော်ရွှင်စွာ ရွတ်ဆိုကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားရှင်နှင့် ဆင်ကြီးရုပ်ပုံ၊ တောထဲရှိ ရဟန်းတစ်ပါးနှင့် မြွေများ သွားလာနေသည့်ဟန် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“တိရစ္ဆာန်လေးတွေကို ကြင်ကြင်နာနာ ဆက်ဆံရမယ်လို့ ဗုဒ္ဓဘုရားရှင် ပြောခဲ့တာ သားတို့၊ သမီးတို့ သိပြီးပြီနော်”ဟု နိဒါန်းပျိုးပြီး ဘုရားရှင်နှင့် ဆင်ကြီး ရုပ်ပုံကို ပြပါ။

[သတိပြုရန် 2]

֍ထို့နောက် အောက်ပါအတိုင်း ရှင်းလင်းပါ။

-တောထဲမှာ ဘုရားရှင်တစ်ပါးတည်း သီတင်းသုံးနေတဲ့အချိန်မှာ ဆင်ကြီး တစ်ကောင်ဟာ ဘုရားရှင်အတွက် ရေရှာဖွေပြီး သောက်တော်ရေကပ်တယ်။ စားစရာတွေ တောထဲကရှာဖွေပြီး ဘုရားရှင်ကို ဆက်ကပ်အလုပ်အကျွေးပြု တယ်။ ဘုရားရှင်က ဆင်ကြီးကို ကြင်ကြင်နာနာ ဆက်ဆံတယ်။

֍ထို့နောက် ရုပ်ပုံကို ကလေးများ မမြင်အောင် မိမိဘက်သို့ လှည့်လိုက်ပါ။

֍ရုပ်ပုံပါအရာများမှ ၃-ခု မှတ်မိသူရှိလျှင် လက်ထောင်ခိုင်းပါ။

[သတိပြုရန် 3]

֍တောထဲရှိ ရဟန်းတစ်ပါးနှင့် မြွေများ သွားလာနေပုံကို ပြပါ။

[သတိပြုရန် 4]

֍မြွေများအပေါ် မေတ္တာတရားထား (ကြင်ကြင်နာနာဆက်ဆံ) သည့်အတွက် မြွေများ က ရဟန်းများကို အန္တရာယ်မပြုပုံအကြောင်း ရှင်းလင်းပါ။

֍ထို့နောက် ရုပ်ပုံများကို ကလေးများ မမြင်အောင် မိမိဘက်သို့ လှည့်လိုက်ပါ။ ရုပ်ပုံပါအရာများမှ ၃-ခု မှတ်မိသူရှိလျှင် လက်ထောင်ခိုင်းပါ။

֍ဗုဒ္ဓဘုရားရှင်က “ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ ခြေမပါတွားသွားသော မည်သည့် သတ္တဝါမဆို ကြင်နာသနား မေတ္တာထားရမည်”ဟု ပြောကြားခဲ့ကြောင်း ကလေးများ ကို ပြောပြပါ။

֍“ခြေလေးချောင်းရှိတာ ဘာကောင်တွေလဲ။ ခြေနှစ်ချောင်းရှိတာ ဘာကောင်တွေလဲ။ ခြေမပါ တွားသွားတာ ဘာကောင်တွေလဲ” စသည်ဖြင့် မေးမြန်းနိုင်ပါသည်။

֍ထို့နောက် ကလေးများကို ငြိမ်သက်စွာ ထိုင်စေပြီးနောက် ဆရာက “သားတို့၊ သမီးတို့ကို ဆုမွန်ကောင်း တောင်းပေးမယ်၊ အားလုံးမျက်လုံး မှိတ်ထားရအောင်”ဟု ပြောပြီး ဆရာက အောက်ပါအတိုင်း ဆုမွန်ကောင်း တောင်းပေးပါ။

-“ဆရာတို့ ဗုဒ္ဓဘုရားရှင်ဟာ တိရစ္ဆာန်လေးတွေကို ကိုယ်ချင်းစာတရားထားပြီး အားလုံးကို ကြင်ကြင်နာနာ .. ဆက်ဆံကြတဲ့ လူတွေကို သဘောကျတယ်။ သားတို့၊ သမီးတို့အားလုံး တိရစ္ဆာန်လေးတွေကို ကြင်ကြင်နာနာ ဆက်ဆံကြပြီး ပျော်စရာကောင်းတဲ့ ဘဝကိုရကြပါစေ”ဟု ဆုမွန်ကောင်း တောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးအားလုံးကို ပြောပြခွင့်ပေးရန်ဖြစ်သည်။
  2. ဘုရားရှင်နှင့်ဆင်ကြီးရုပ်ပုံ။
  3. ဥပမာ - ဘုရားရှင် ဆင်ကြီး၊ သစ်ပင်စသည်။
  4. တောထဲရှိရဟန်း တစ်ပါးနှင့် မြွေများသွားလာနေပုံ၊ မြွေ၊ မြက်ပင်၊ ရဟန်း စသည်။ လက်ထောင်ထားသူ အားလုံးကို ဖြေဆိုခွင့် ပေးနိုင်က ပေးပါ။