မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၄) မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့ (ကျောင်းသားကိုင်သို့)
339285ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၄) မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

မြေခွေးနှင့် ပေါင်းမိသော ခြင်္သေ့

သင်ယူမှုဦးတည်ချက် ။ ။ လူမိုက်နှင့် မပေါင်းသင်းအပ်ပုံကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ လူမိုက်နှင့် လူလိမ္မာသရုပ်ဖော်ပုံများ။

(မိဘစကား နားမထောင်ဘဲ ဆိုးသွမ်းနေသော ကလေးပုံ၊ မိဘကို ကူညီနေသည့်ပုံ၊ သူငယ်ချင်းများကို မုန့်ဝေကျွေးနေသော ကလေးပုံ၊ သူများပစ္စည်း ခိုးနေသော ကလေးပုံ၊ ဆရာစာသင်နေသည်ကို ငြိမ်သက်စွာ နားထောင်နေသော ကလေးပုံနှင့် နားမထောင်ဘဲ ကစားနေသော ကလေးပုံ။)

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးအရေအတွက်ပေါ် မူတည်၍ သင့်လျော်သလို အုပ်စု ၆-စု ဖွဲ့ပါ။

֍ရုပ်ပုံများကို အုပ်စုအသီးသီးအား တစ်ခုစီ ပေးထားပါ။

֍ရုပ်ပုံများအကြောင်းကို ရှင်းပြပါ။

֍သင်ပုန်း (သို့မဟုတ်) ဝှိုက်ဘုတ်ပေါ်တွင် “လူမိုက်နှင့် လူလိမ္မာ”ဟူသော စာလုံး နှစ်လုံးကို တစ်ဖက်စီတွင် ရေးသားထားပါ။

֍မိမိတို့ရရှိထားသော ရုပ်ပုံများကို “လူမိုက်နှင့် လူလိမ္မာ စာလုံးနှစ်လုံးအနက် တစ်ခုခု အောက်တွင် သွားရောက်ကပ်ပါစေ။

֍ကပ်ပြီးသောအခါ အုပ်စုအသီးသီးကို ၎င်းတို့ရရှိထားသော ရုပ်ပုံအတွင်း သရုပ်ဖော် ထားချက်များကို ကလေးများသိသလောက် ပြောပြကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မြေခွေးနှင့် ပေါင်းသင်းမိသော ခြင်္သေ့လေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား လူမိုက်နှင့် မပေါင်းဖော်သင့်ကြောင်း၊ လူမိုက်တို့၏ စကားများကို လည်း နားမထောင်သင့်ကြောင်း၊ လူမိုက်တို့၏ အပြုအမူများကို အားမကျသင့် ကြောင်း စသည်ဖြင့်ပြောကြားပြီး အောက်ပါ “မြေခွေးနှင့် ပေါင်းမိသော ခြင်္သေ့လေး” ဇာတ်လမ်းကို ဟန်အမူအရာဖြင့် ပြောပြပါ။

မြေခွေးနှင့် ပေါင်းသင်းမိသော ခြင်္သေ့လေး

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်အနီး တောအုပ်တစ်ခုမှာ ခြင်္သေ့မောင်နှံတို့ ကျက်စားနေထိုင်ကြတယ်။ သူတို့မောင်နှံမှာ ခြင်္သေ့သားလေးတစ်ကောင်နဲ့ ခြင်္သေ့သမီး လေးတစ်ကောင် ရှိပါတယ်။ ခြင်္သေ့သားလေးရဲ့ နာမည်ကတော့ မနောဇလို့ ခေါ်တယ်။ မနောဇလေး အရွယ်ရောက်လာတော့ မိသားစုကို ကျွေးမွေးပြုစုနေခဲ့တယ်။

တစ်နေ့တော့ မနောဇလေး သားကောင်ဖမ်းနေတဲ့အချိန်မှာ မြေခွေးတစ်ကောင် ရောက်လာခဲ့တယ်။ မြေခွေးက ရိုးသားတဲ့ ခြင်္သေ့လေးကို လိမ်ညာလှည့်ဖြားချင်လို့ ရောက်လာခဲ့တယ်။ မြေခွေးက မနောဇလေးကို တွေ့ တာနဲ့ ရိုရိုသေသေ ရှိခိုးပြီး ခစားနေ တယ်။ မနောဇလေးဟာ သူ့ကို ရှိခိုးနေတဲ့ မြေခွေးကို တွေ့လိုက်ရတော့ “အဆွေ မြေခွေး ... အဘယ့်ကြောင့် ငါ့ကို ရှိခိုးနေရတာလဲ”လို့ မေးလိုက်တယ်။ အဲဒီအခါ မြေခွေး က “အရှင်ခြင်္သေ့မင်းထံမှာ တပည့်ခံ ခစားချင်လို့ပါ”လို့ ဖြေလိုက်တယ်။ မနောဇလေး ကလည်း အသက်ငယ်ရွယ်သူ ဖြစ်လေတော့ သေသေချာချာ စဉ်းစားတတ်တဲ့အသိ ဉာဏ် မရှိသေးတဲ့အတွက် “ကောင်းပြီ၊ ခစားလော့”လို့ ဆိုကာ မြေခွေးကို မိမိနေရာကို ခေါ်သွားခဲ့တယ်။

မနောဇရဲ့ ဖခင်ခြင်္သေ့က မြေခွေးကို မြင်တော့ “ချစ်သား မနောဇ မြေခွေး ဆိုတာ သီလမရှိ၊ ယုတ်မာသောအကျင့်ရှိတယ်၊ မြေခွေးနဲ့ အတူမနေပါနဲ့”လို့ တားမြစ် ဆုံးမပါတယ်။ ဒါပေမဲ့ မနောဇလေးက ဖခင်စကားကို နားမထောင်ဘဲ မြေခွေးနဲ့ ဆက်လက်ပေါင်းသင်းနေခဲ့တယ်။

တစ်နေ့တော့ မြင်းသားကို စားချင်နေတဲ့ မြေခွေးက မနောဇလေးကို “အရှင်... ငါတို့ဟာ အသားမျိုးစုံကို စားဖူးတယ်၊ ဒါပေမဲ့ မြင်းသားကိုတော့ မစားဖူးသေးဘူး၊ မြင်းသား စားဖူးချင်လိုက်တာလို့ ပြောတယ်။ အဲဒီတော့ မနောဇလေးလည်း “အဆွေ မြေခွေး ... မြင်း ဘယ်နားမှာရှိလဲ၊ ကျွန်ုပ် ဖမ်းပေးပါ့မယ်”လို့ ပြောလိုက်တယ်။ ယုတ်မာ တဲ့အကြံနဲ့ ကျေးဇူးတရားနားမလည်တဲ့ မြေခွေးက “ဗာရာဏသီပြည် မြစ်နားမှာ မြင်း တွေ အများကြီး ရှိပါတယ်”လို့ ပြန်ဖြေလိုက်တယ်။

မနောဇလေးဟာ မြင်းသားရှာဖို့ ဗာရာဏသီမြစ်နားကို မြေခွေးနဲ့အတူ သွားခဲ့ ကြပါတယ်။ မနောဇလေးဟာ မြစ်ထဲရေချိုးနေတဲ့ မြင်းတစ်ကောင်ကို ဖမ်းကာ လိုဏ်ဂူ ကိုသယ်ခဲ့ပြီး မြေခွေးနဲ့အတူ စားသောက်ခဲ့ကြတယ်။

အဲဒီအခါမှာ ဖခင်ခြင်္သေ့ကြီးဟာ သားငယ်မနောဇရဲ့.. အသက်အန္တရာယ်ကို မြင်လို့ ဆုံးမစကား ပြောကြားခဲ့တယ်။ “ချစ်သားမနောဇ... မြင်းဆိုတာ ဘုရင်တွေ စီးကြတာ၊ ဘုရင့်ဆီမှာ ကျွမ်းကျင်တဲ့ လေးသမားတွေရှိတယ်၊ ဒီတော့ မြင်းတွေကို မဖမ်းပါတော့နဲ့လို့ ဆိုဆုံးမခဲ့တယ်။ ဒါပေမဲ့ မနောဇလေးဟာ စိတ်ကောင်းမရှိတဲ့ မြေခွေး စကားကို နားယောင်ပြီး ဖခင်ခြင်္သေ့ရဲ့ ဆုံးမစကားကို နားမထောင်ဘဲ မြစ်ကိုသွားပြီး မြင်းတွေကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းစားနေခဲ့ပါတယ်။

မြင်းတွေကို အမြဲဖမ်းနေတော့ “ဗာရာဏသီပြည်မှာ ခြင်္သေ့တစ်ကောင်က မြင်း တွေကို ဖမ်းယူသတ်ဖြတ်နေတယ်” ဆိုတဲ့ သတင်းစကား ပျံ့နှံ့သွားပါတယ်။ ဒီသတင်း စကားကို ဘုရင်ကြားသွားတော့ မြင်းတွေကို မြစ်ဆိပ်မှာ ရေမချိုးစေတော့ဘဲ မြင်းတင်း ကုပ်မှာပဲ ရေချိုး၊ မြင်းတင်းကုပ်မှာပဲ အစာကျွေးဖို့ အမိန့်ပေးခဲ့တယ်။

မနောဇလေးလည်း မြေခွေးစကားကို နားယောင်နေမိတော့ မြင်းမဖမ်းဘဲ မနေ နိုင် ဖြစ်နေခဲ့တယ်။ အဲဒီတော့ မြင်းတင်းကုပ်အထိလာပြီး မြင်းတွေကို ဖမ်းယူနေတယ်။ နောက်ဆုံးတော့ ဘုရင်ကလည်း လေးသမားတွေကိုခေါ်ကာ ခြင်္သေ့ကို သတ်ပစ်နိုင်သူ ရှိလား၊ ခြင်္သေ့ကို ပစ်သတ်နိုင်သူကို ဆုငွေများစွာ ပေးသနားမယ်” လို့ ပြောကြားတယ်။ လေးသမားတွေကလည်း “ခြင်္သေ့ကို ပစ်သတ်ပြီး ဖမ်းပေးနိုင်ပါတယ်” လို့ အဖြေပေးကြတယ်။

နောက်တစ်နေ့ မနောဇလေး မြင်းလာဖမ်းတဲ့အချိန်မှာ လေးသမားတွေကလည်း လေးနဲ့ချိန်ပြီး စောင့်နေခဲ့ကြတယ်။ လေးသမားတွေက မနောဇလေး လာနေတဲ့အချိန်မှာ မပစ်သေးဘဲ မြင်းကိုကိုက်သတ်ပြီး ချီပြေးတဲ့အခါမှ မြားနဲ့ ပစ်လိုက်ကြတယ်။ အဲဒီ အခါမှာ ခြင်္သေ့လေးမနောဇဟာ “ငါ့ကို မြားမှန်ပြီ”လို့ အော်ဟစ်ငိုကြွေးရင်း မြို့ပြင်ကို ပြေးထွက်သွားခဲ့တယ်။ မြို့ပြင်မှာစောင့်နေတဲ့ မြေခွေးက မနောဇရဲ့ အော်သံကို ကြား လိုက်တဲ့အခါ “မနောဇတော့ လေးသမားပစ်လို့ မြားမှန်ပြီး သေတော့မယ်၊ သေ တော့မယ့်သူနဲ့ အပေါင်းအသင်း လုပ်နေလို့ ငါ့အတွက် ဘာအကျိုးမှရှိမှာ မဟုတ်ဘူး၊ ငါ့အသက် မသေအောင် တောထဲ ဝေးရာကို ပြေးမှပဲ” လို့ ကြံကာ ဒဏ်ရာရနေတဲ့ မနောဇလေးကို မကူညီဘဲ ပစ်ထားခဲ့ပြီး မြို့ နဲ့ဝေးရာကို ထွက်ပြေးသွားခဲ့ပါတယ်။

မနောဇခြင်္သေ့လေးဟာ မြင်းကိုသယ်လာပြီး.. သူနေတဲ့နေရာ လိုဏ်ဂူဆီ အရောက်ပြန်လာခဲ့တယ်။ လိုဏ်ဂူအဝရောက်မှ မြင်းကိုချပြီး လဲကျသွားခဲ့တယ်။ မနောဇ လေးရဲ့ ဖခင်ခြင်္သေ့နဲ့ ဆွေမျိုးတွေက မြားမှန်ပြီး သွေးအလိမ်းလိမ်းကပ်နေတဲ့ မနောဇ လေးကို ကြင်နာစွာ ဆေးကုပေးကြတယ်။ မနောဇလေးကိုလည်း “ကောင်းစေချင်လို့ ဆုံးမတဲ့ မိဘစကားကို နားမထောင်ဘဲ မြေခွေးယုတ်နဲ့ ပေါင်းတာမို့ ဒီလို ဘေးဒုက္ခ ကြုံရတာ၊ နောက်ဆိုရင် မိဘစကားကို နားထောင်ပါ၊ စိတ်ထားယုတ်မာတဲ့ လူမိုက်တွေနဲ့ မပေါင်းသင်းပါနဲ့”လို့ ဆုံးမခဲ့ကြတယ်။

“မနောဇခြင်္သေ့လေးလည်း အခုအချိန်ကစပြီး မိဘစကားကို နားထောင်ပါတော့ မယ်၊ လူမိုက်တွေနဲ့ မပေါင်းသင်းတော့ပါဘူး”လို့ ကတိပေးပြီး မိဘတွေကို ကန်တော့ တောင်းပန်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မနောဇခြင်္သေ့လေးဟာ မိဘစကားကို အစဉ်အမြဲ နားထောင်ပြီး လူမိုက်တွေနဲ့ မပေါင်းသင်းတော့ဘဲ ပျော်ရွှင်စွာ နေထိုင်သွားခဲ့ တယ်။

-

မှီငြမ်း ။ ။ မနောဇဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၂၄၂။ ဇာ၊ ဋ္ဌ၊ ၃။ ၃ဝ၂။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါ မေးခွန်းများကို မေးမြန်းပါ။

-ခြင်္သေ့လေးနာမည် ဘယ်လို ခေါ်သလဲ။
-ခြင်္သေ့လေးဟာ ဘယ်သူနဲ့ အပေါင်းအသင်း လုပ်မိသွားခဲ့သလဲ။
-ခြင်္သေ့လေးဟာ ဘာဖြစ်လို့ မြားပစ်ခံရတာလဲ။
-ခြင်္သေ့လေး မြားပစ်ခံရတော့ မြေခွေးကြီးက ဆေးကုပေးသလား၊ ဘာလုပ်ပေးသလဲ။
-စိတ်ထားမကောင်းတဲ့ လူမိုက်တွေနဲ့ ပေါင်းရင် ဘယ်လို ဖြစ်တတ်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မြေခွေးနှင့်ပေါင်းမိသော ခြင်္သေ့လေး ဇာတ်လမ်း သရုပ်ဖော်ပုံများ။ (ခြင်္သေ့မောင်နှံနှင့် ခြင်္သေ့သားလေးများ ပျော်ရွှင်စွာ နေထိုင်နေကြပုံ၊ မြေခွေးကြီးက ခြင်္သေ့လေးကို ဦးချနေပုံ၊ မြေခွေးကြီးနှင့် ခြင်္သေ့လေး မြစ်ကမ်းတွင် မြင်းဖမ်းနေပုံ၊ မြင်းတင်းကုပ်မှ မြင်းကို ခြင်္သေ့လေး ကိုက်ချီသွားစဉ် မြားပစ်ခံရပုံ၊ ခြင်္သေ့လေးကို မိခင်ဖခင်များက ပြုစုပေးနေပုံ။)

သင်ယူမှုလုပ်ငန်းစဉ်

֍ကျောင်းသား အရေအတွက်အပေါ် မူတည်၍ သင့်လျော်သလို အုပ်စုဖွဲ့ ပေးပါ။

֍မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့လေးဇာတ်လမ်း သရုပ်ဖော်ပုံများကို အုပ်စု အားလုံးအား ဝေပေးပါ။

֍ရုပ်ပုံများကို ဇာတ်လမ်းအစီအစဉ်အတိုင်း ဖြစ်အောင် စီစဉ်ပါစေ။ အစီအစဉ်ကျအောင် ပထမဆုံး စဉ်နိုင်သောအုပ်စုအား အနိုင်ပေးပါ။

֍ကလေးများအပေါ်မူတည်၍ ၎င်းတို့ စဉ်ထားသည့်ပုံများကို ကြည့်ပြီး ဇာတ်လမ်း အကြောင်းအရာကို ပြန်လည်ပြောပြကြပါစေ။

֍ထို့နောက် ကလေးများ၏ လုပ်ဆောင်ချက်များကို ချီးကျူးပြီး စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မနောဇခြင်္သေ့လေးကဗျာ၊ မနောဇခြင်္သေ့ပုံ၊ ဖခင်ခြင်္သေ့ကြီးပုံ၊ မြေခွေးပုံ၊ မြင်းပုံ၊ လေးသမားများပုံ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မြေခွေးနှင့်ပေါင်းမိသော ခြင်္သေ့လေးဇာတ်လမ်းကို ပြန်လည်ဆွေးနွေးပြီး အောက်ပါကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ပြပါ။

မနောဇခြင်္သေ့လေး

မနောဇ တဲ့၊ ခြင်္သေ့ငယ်၊
မြေခွေးမိုက်နဲ့၊ ပေါင်းမိတယ်။
မိဘစကား၊ သူပယ်ရှား၊
ဘေးဒဏ်သင့်မှ၊ နောင်တပွား။
မောင်ညီငယ်များ၊ တို့တစ်တွေ၊
လူမိုက်များနဲ့၊ ကင်းအောင်နေ။
ဖေဖေမေမေ၊ ဆိုစကား၊
ခြင်္သေ့ငယ်လို၊ မပယ်ရှား၊
တို့တစ်တွေ လွန်လေးစား။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကလေးများအား သင့်လျော်သလို အုပ်စု (၅) စု ဖွဲ့ပါ။

֍ဆရာက မနောခြင်္သေ့လေးပုံ၊ ဖခင်ခြင်္သေ့ကြီးပုံ၊ မြေခွေးပုံ၊ မြင်းပုံ၊ လေးသမားများ ပုံ ကတ်ပြားများကို မဲစနစ်ဖြင့် တစ်ခုစီ ဝေပေးပါ။

֍ထို့နောက် မိမိရရှိသော ဇာတ်ကောင်၏ လုပ်ဆောင်ချက်များကို ပြောပြပါစေ။

֍အားလုံးပြောပြပြီးသောအခါ ကဗျာကို ပြန်လည်ရွတ်ဆိုပါစေ။ ထို့နောက် မိဘ စကားနားထောင်ပြီး လူမိုက်များနှင့် မပေါင်းသင်းကြဖို့ ဆုံးမပြောကြားပြီး စာသင်ချိန် ကို အဆုံးသတ်ပါ။