အားငယ်သူ အားပေးပါ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၆) အားငယ်သူ အားပေးပါ (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၆)

အားငယ်သူ အားပေးပါ

သင်ယူမှုဦးတည်ချက် ။ ။ အားငယ်သူ၊ အားနည်းသူများကိုအနိုင်ကျင့်ခြင်း၊ နှိမ်ချဆက်ဆံခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ အားနည်းသူကို ကူညီပါ သီချင်းကဗျာ၊ ကလေးတစ်ဦးကို အခြားကလေးများက အနိုင်ကျင့်နေပုံနှင့် ခြေထောက်မသန်သော ကလေးတစ်ဦးကို ဝိုင်းဝန်းကူညီ အားပေးနေပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံနှစ်ခုကို ပြပြီး ကလေးများ၏ ထင်မြင်ချက်များကို မေးမြန်းပါ။

֍ကလေးများကို တစ်ဦးချင်း လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားခွင့်ပေးပါ။

֍ကလေးများဖြေဆိုသော အကြောင်းအရင်းအပေါ် မူတည်၍ “ဘာကြောင့်” ဟူသော မေးခွန်းဖြင့် ဆက်ကာဆက်ကာ ဖော်ထုတ်ပေးပါ။

֍ထို့နောက် အောက်ပါသီချင်းကဗျာကို အဓိပ္ပာယ်ရှင်းလင်းပြောပြပြီး အသံနေ အသံ ထား မှန်မှန်ဖြင့် ရွတ်ဆိုကြပါစေ။

အားနည်းသူကို ကူညီပါ

သားတို့တွေ သမီးတို့တွေ၊
လိမ္မာပါတယ်လေ။
အားနည်းသူ ဖေးမကူ၊
အနိုင်မယူရဘူးလေ။
ဆိုးသွမ်းကာ ရိုင်းစိုင်းတာ၊
ရှောင်ကြဉ်ပါမယ်လေး။
ကြမ်းတမ်းစွာ မပြုကြပါ။
ယဉ်ကျေးကြမယ်လေ။ ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ အားငယ်သူအားပေးပါဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဟန်ပန်အမူအရာ၊ အသံ အနိမ့်အမြင့် တို့ဖြင့် ဖန်တီးပြောပြပါ။

֍ဇာတ်လမ်း၏ နောက်ဆုံးအပိုဒ်ကို မပြောမီ ကလေးငယ်များအား “ဘာဆက်ဖြစ်မယ် ထင်သလဲ” ဟူသော မေးခွန်းများမေး၍ ထင်မြင်ချက်ကို ခန့်မှန်းပြောဆိုပါစေ။

֍ကလေးများ နားမလည်သော စကားလုံးများကို ဆရာက ပြန်လည်ရှင်းပြပေးရန် လိုသည်။

အားငယ်သူ အားပေးပါ

ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုမှာ တိရစ္ဆာန်မျိုးစုံတို့ နေထိုင်ကြတယ်။ အားလုံးထဲမှာ ခွန်အားကြီးမားတဲ့ ဆင်ကြီးမဲလုံးဟာ ခွန်အားနည်းတဲ့ တိရစ္ဆာန်လေးတွေ အပေါ် အနိုင်ကျင့်တတ်တယ်။ ဆင်ကြီးဟာ တောထဲက သဘာဝအတိုင်းရှိနေတဲ့ ရေကန် ကြီးအနားမှာ တစ်နေ့လုံးထိုင်စောင့်ပြီး တိရစ္ဆာန်ငယ်လေးတွေ ရေလာသောက်ရင် ခွင့်မ ပေးဘဲ နှာမောင်းကြီးရမ်းပြီး မောင်းထုတ်တယ်။ ဒါကြောင့် တိရစ္ဆာန်ငယ်လေးတွေဟာ ရေဘယ်လောက်ဆာဆာ ..အနိုင်ကျင့်တတ်တဲ့ ဆင်ကြီးရှိရင် ရေမသောက်ရဲကြဘူး။ ဆင်ကြီးမရှိတဲ့ ညအခါမှသာ ရေသောက်ကြရတယ်။ အားချင်းယှဉ်ရမှာလည်း ဆင်ကြီးက ခွန်အားကြီးမားနေတော့ အားလုံးကကြောက်ကြလို့ ဆင်ကြီးဟာ ဆိုးချင်တိုင်း ဆိုးနေပါ တော့တယ်။

နွေရာသီရောက်လာတော့ နေက ပိုပြီး ပူလာတယ်။ နေပူလွန်းလို့ ရေပိုဆာတဲ့ အခါ သောက်စရာရေရှိပေမဲ့ သောက်ခွင့်မရကြလို့ တိရစ္ဆာန်လေးတွေ စိတ်ဆင်းရဲကြရ တယ်။ ဆင်ကြီးအပေါ်လည်း စိတ်ဆိုးကြတယ်။ ဆင်ကြီးကတော့ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို ကြည့်ပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ နှာမောင်းကြီးကို မြှောက်ကာ မြှောက် ကာ သဘောကျနေပါတယ်။ တိရစ္ဆာန်လေးတွေက ရေသောက်ခွင့်ပြုဖို့ တောင်းပန်ပေမဲ့ ဆင်ကြီးက ခွင့်မပြုပါဘူး။ ရေကိုသောက်မှာစိုးလို့လည်း နေ့ခင်းမှာ အစာရှာမထွက် တော့ဘဲ ညအခါမှသာ အစာရှာထွက်ပါတော့တယ်။

တစ်ညမှာတော့ အစာရှာထွက်တဲ့ ဆင်ကြီးရဲ့ ခြေထောက်ကို သစ်ငုတ်ကြီး စူးမိတယ်။ ဆင်ကြီးဟာ ဒဏ်ရာကြောင့် ရှေ့ဆက်မသွားနိုင်တော့ဘဲ သူနေတဲ့ ရေကန် ကြီး နားရောက်အောင် မနည်းအားတင်းပြီး ပြန်လာခဲ့တယ်။ သူ့နေရာရောက်တော့ လဲကျ သွားလိုက်တာ နောက်တစ်နေ့ည အစာရှာထွက်ချိန်ရောက်တဲ့အထိ မထနိုင်တော့ဘူး။ နာလွန်းလို့ အော်ဟစ်နေရတယ်။ တိရစ္ဆာန်ငယ်လေးတွေက ဆင်ကြီး ဒုက္ခရောက်နေတာ ကို သိကြပေမဲ့ သူတို့ကို အနိုင်ကျင့်ခဲ့တဲ့ ဆင်ကြီးကို ကြောက်တာနဲ့ အဝေးကနေပဲ ကြည့်နေကြတယ်။

ဆင်ကြီးဟာ ဒဏ်ရာကလည်း နာ၊ ဗိုက်ကလည်း ဆာနဲ့ အော်ဟစ်နေရင်း ကူညီ သူမရှိတဲ့ သူ့အဖြစ်ကို တွေးမိပြီး ဝမ်းနည်းလို့ မျက်ရည်တွေ ကျနေပါတယ်။ အဲဒီအချိန်မှာ သနားကြင်နာတတ်တဲ့ တိရစ္ဆာန်လေးတွေဟာ စည်းဝေးတိုင်ပင်ကြပြီး ဆင်ကြီးရှိရာကို လာကြတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းကနေ “အို ... ဆင်ကြီးမဲလုံး၊ ငါတို့ ဆင်ကြီးမဲလုံးကို ကူညီပါ့မယ်၊ ငါတို့ကို ရန်မလုပ်ပါဘူးလို့ ကတိပေးနိုင်မလား”လို့ မေးကြတော့ အားငယ် နေတဲ့ ဆင်ကြီးက အားကိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီအခါ တိရစ္ဆာန်လေးတွေဟာ ပြေးလာကြပြီး ယုန်လေးက သွက်သွက်လက်လက်နဲ့ ဆေးပင်ရှာပေးတယ်။ ကျားလေးက ဆေးပင်ကို အရည်ညှစ်ပြီး အနာထဲ ထည့်ပေးတယ်။ တောဝက်လေးက ဆင်ကြီးစားဖို့ ဝါးမျှစ်နုနုလေးတွေ ရှာပေးတယ်။ သမင်လေးကလည်း အားကျမခံ ကြံချောင်းချိုချိုလေးတွေ ယူလာပေးပြန်တယ်။ တခြားတိရစ္ဆာန်လေးတွေက လည်း အားပေးစကားတွေ ပြောပြီး ဝိုင်းဝန်းပြုစုကြပါတယ်။

ဆင်ကြီးဟာ သူက သူများတွေအပေါ် မကောင်းခဲ့ပေမဲ့ သူဒုက္ခရောက်တဲ့အခါ တိရစ္ဆာန်လေးတွေက ပစ်မထားကြဘဲ ဝိုင်းဝန်းပြုစုကြတော့ နောင်တတွေရလို့ သူ့ရဲ့ အမှားတွေကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။ . တိရစ္ဆာန်လေးတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်ပါတယ်လို့ပြောပြီး ဆင်ကြီးရဲ့ အနာပျောက်တဲ့အထိ ကြင်နာစွာ ပြုစုကူညီကြပါတယ်။ ဆင်ကြီးရဲ့ အနာ ပျောက်သွားတဲ့အချိန်ကစပြီး ဆင်ကြီးမဲလုံးနဲ့ တိရစ္ဆာန်ငယ်လေးတွေ ရေကန်ထဲမှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေ ကြတဲ့ အသံတွေဟာ တောနက်ကြီးထဲမှာ ဆူညံနေပါတော့တယ်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာ့အနီးတွင်ရှိသော ကလေးမှစ၍ အားလုံး ကုန်သည်အထိ ၁၊ ၂၊ ၃၊ ၄၊ ၅- ဟု ရေတွက်၍ နံပါတ်တူရာ နေစေပြီး အုပ်စုဖွဲ့ ပေးပါ။

ဥပမာ ... ကလေးအယောက် (၃၀) ဆိုပါစို့။ ၎င်းအယောက် (၃၀) ကို ၆-အုပ်စု ဖွဲ့လိုလျှင် (၁) မှ (၅) အထိ ဦးစွာ ရေတွက်ရမည်။ ထို့နောက် (၁) နံပါတ်တူသူများ တစ်အုပ်စု၊ (၂) နံပါတ်တူသူများ တစ်အုပ်စုဟု အသီးအသီး အုပ်စုဖွဲ့ရမည်။ ֍ဇာတ်လမ်းထဲမှ ဆင်ကြီး၊ ယုန်၊ ကျား၊ တောဝက်၊ သမင်တို့၏ အမည်များကို မဲလိပ်ပြု လုပ်ပြီး အုပ်စုအားလုံး မဲနှိုက်ကြပါစေ။

֍ထို့နောက် မိမိအုပ်စုရရှိသော ဇာတ်ကောင်၏ လုပ်ဆောင်ချက်များကို အချင်းချင်း ဆွေးနွေးစေပြီး အုပ်စုအလိုက် ပြန်လည်ပြောပြပါစေ။ (အုပ်စုတစ်စုမှ တစ်ယောက်စီ ထစေပြီး ဇာတ်လမ်းထဲမှ မှတ်မိသော အကြောင်းအရာ၊ စာသား၊ စကားလုံးများကို ပြောတတ်သလို ပြောပါစေ။)

֍ကလေးများ အခြေအနေကိုကြည့်၍ လိုအပ်သော အုပ်စုများကို ဆရာက ဝင်ရောက် ဆွေးနွေးပေးပါ။

֍တစ်အုပ်စုပြောပြီးတိုင်း လက်ခုပ်တီး၍ အားပေးပါ။

֍အနှစ်ချုပ်အနေဖြင့် “သားတို့၊ သမီးတို့အနေနဲ့ ကိုယ့်အတန်းထဲက ကိုယ့်သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ကိုယ်ထက်ငယ်တဲ့ မောင်လေး၊ ညီမလေးတွေကိုပဲဖြစ်ဖြစ်၊ အနိုင်ကျင့်တာ၊ နှိမ်ပြောတာတွေ မလုပ်သင့်ကြောင်း၊ ကိုယ့်ထက်အားနည်း၊ အားငယ်တဲ့သူတွေကို ကူညီသင့်၊ ချစ်ခင်သင့်ကြောင်း” ပြောရင်း စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို စက်ဝိုင်းပုံ ၂-ထပ်ဝိုင်းပါစေ။ အတွင်းစက်ဝိုင်းမှ ကလေးများကို လက်တွဲလျက် ညာဘက်သို့လည်စေပြီး အပြင်စက်ဝိုင်းမှ ကလေးများကို ဘယ်ဘက်သို့ လည်နေကြပါစေ။

֍အားငယ်သူ၊ အားကြီးသူ၊ ကူညီသူများအဖြစ် သရုပ်ဆောင်ပြရမည်ဖြစ်ကြောင်း၊ အားလုံး ညီညီညာညာဖြင့် သရုပ်ဆောင်ပြရမည်ဖြစ်ကြောင်း ဦးစွာ ပြောပြထားပါ။

[သတိပြုရန် 1]

֍ထို့နောက် ဆရာက “အားငယ်သူ၊ အားကြီးသူ၊ ကူညီသူ”ဟူသော စကားလုံး သုံးလုံးတွင် တစ်ခုခုကို အော်ပြောလိုက်သည်နှင့် ကလေးအားလုံး သရုပ်ဆောင်ပြ ရမည်။ သရုပ်ဆောင်ရာတွင် ပါးစပ်ကလည်း အော်၊ အမူအရာလည်း လုပ်ကာ သရုပ် ဆောင်ရမည်။ ဥပမာ ပါးစပ်က “အားငယ်သူ”ဟု အော်နေရင်း အားငယ်နေသူ တစ်ယောက်၏ အမူအရာများကို သရုပ်ဆောင်ပြရမည်။

֍ထို့နောက် စာသင်ချိန် (၁) တွင် ပါဝင်သော ကဗျာကို ကလေးများ မှတ်မိသွားစေရန် ပျော်ရွှင်စွာ ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။


Cite error: <ref> tags exist for a group named "သတိပြုရန်", but no corresponding <references group="သတိပြုရန်"/> tag was found