ကန္တာရကုန်သည်များ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၈) ကန္တာရကုန်သည်များ (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၈)

ကန္တာရကုန်သည်များ

သင်ယူမှုဦးတည်ချက် ။ ။ ဇွဲရှိရှိနှင့် ကြိုးစားလျှင် အရာရာအောင်မြင်နိုင်ကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မေးခွန်းများကို မေးပြီး စာသင်ချိန်ကို စတင်ပါ။

-ကလေးတို့ ကြီးလာရင် ဘာလုပ်ချင်သလဲ။ ဘာဖြစ်ချင်ကြသလဲ။
-ဖြစ်ချင်တာကိုရအောင် ဘယ်လိုကြိုးစားရမလဲ။
-ကြိုးစားတယ်ဆိုတဲ့စကားကို နားလည်လား။
-ကြိုးစားတယ်ဆိုတာကို နောက်တစ်မျိုး ဘယ်လိုပြောသေးလဲ။ (ကလေးများမှ “ဇွဲ ဆိုသော စကားလုံး ရလာတဲ့အထိ ဆရာက လမ်းကြောင်းပေးပါ။)

֍ကလေးငယ်များထဲမှ သိသောသူရှိလျှင် သူတို့၏ ထင်မြင်ချက်များကို သူတို့နားလည် သလောက် လွတ်လပ်စွာ ပြောပါစေ။ မပြောနိုင်လျှင် သို့မဟုတ် ပြောသော်လည်း အဓိပ္ပာယ်လွဲနေလျှင် ဆရာကဖြည့်စွက်ရှင်းပြပါ။

֍ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပါ။

֍အချိန်ရပါက ကလေးများကိုယ်တိုင် ကြိုးစားလုပ်ဖူးသော အလုပ်များရှိပါက ပြောတတ် သလို ပြောပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကန္တာရကုန်သည်များ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ဇွဲရှိတယ်ဆိုတာကို နားလည်သွားကြပြီနော်၊ အခု အရမ်းဇွဲကောင်းတဲ့ လှည်းကုန်သည်နှစ်ဦးအကြောင်းကို ပြောပြမယ်နော်”ဟု အစချီပြီး အောက်ပါ ကန္တာရ ကုန်သည်များ ဇာတ်လမ်းကို ဟန်ပန်အမူအရာ၊ အသံနေအသံထားဖြင့် စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပါ။

֍ဇာတ်လမ်း၏ အချို့နေရာများတွင် “ဘာဆက်ဖြစ်မယ်ထင်လဲ”ဟူသော ခန့်မှန်းမေးခွန်း များကိုမေးပြီး ကလေးများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးပါ။

֍ကလေးများ၏ ထင်မြင်ချက်များကို အသိအမှတ်ပြုပေးပြီး “ကဲ သားတို့၊ သမီးတို့ ခန့်မှန်းထားတာ မှန်လားဆိုတာကို သိရအောင် ဆက်နားထောင်ကြည့်ပါဦး” ဆိုကာ ဇာတ် လမ်းကို ဆက်လက်ပြောကြားပါ။

ကန္တာရကုန်သည်များ

ကုန်သည်တစ်စုဟာ သဲကန္တာရတစ်ခုကို လှည်းအစီးပေါင်းများစွာနဲ့ ဖြတ်ကျော်ခဲ့ကြ ပါတယ်။ သဲကန္တာရဟာ နေ့ခင်းမှာ ပူပြင်းလွန်းလို့ ညကျမှ ခရီးသွားရပါတယ်။ သူတို့ဟာ လမ်းပြတစ်ယောက်ကိုလည်း ငှားရမ်းခဲ့ကြတယ်။ ကန္တာရကို လွန်မြောက်ဖို့ တစ်ညပဲလိုတော့ တာကို လမ်းပြက အသိပေးလိုက်တယ်။ လှည်းသမားတွေဟာ ပျော်ရွှင်သွားပြီး ပါလာတဲ့ရေ တွေ၊ ထင်းတွေကို အဲဒီနေ့မှာ အကုန်လုံး သုံးစွဲပစ်လိုက်ကြတယ်။

လမ်းပြသမားလည်း အိပ်ရေးပျက်တဲ့ညတွေများခဲ့တော့ ပင်ပန်းပြီး အိပ်ပျော်သွားပါ တယ်။ လှည်းတွေက တစ်ညလုံး နောက်ပြန်လှည့်သွားလိုက်တာကို သတိမထားမိကြဘူး။ မိုးလင်းခါနီးမှ လမ်းပြသမားလည်း လန့်နိုးလာတယ်။ ထိတ်လန့်တကြားနဲ့ လှည်းတွေအားလုံး ချက်ချင်းရပ်ဖို့ ပြောလိုက်တယ်။ လှည်းသမားတွေအားလုံး ထိတ်လန့်သွားကြတယ်။ တဖြည်း ဖြည်းနဲ့ နေထွက်လာပြီး ပူပြင်းလာပါပြီ။ လှည်းတွေကို စက်ဝိုင်းပုံဖွဲ့ထားပြီး အပေါ်ကနေ အမိုး မိုးကာ အရိပ်ရအောင် မဏ္ဍပ်ထိုးလိုက်ကြပါတယ်။ ရေမရရင် အကုန်လုံး ကန္တာရထဲမှာ သေဆုံးရမယ့် အခြေအနေဖြစ်လာခဲ့ပါပြီ။

ကန္တာရထဲမှာ ရေတွင်းတူးနိုင်မယ့်နေရာ လိုက်ရှာကြပါတယ်။ မြက်ရိုင်းတွေ အနည်း ငယ်ပေါက်နေတဲ့ နေရာတစ်ခုကို တွေ့ ခဲ့ကြပါတယ်။ ခေါင်းဆောင်ဖြစ်သူက အဲ့ဒီနေရာမှာ ရေတွင်းကို တူးခိုင်းပါတယ်။ မြေတူးတဲ့သူက တူး၊ မြေသယ်တဲ့သူက သယ်ပြီး တစ်ယောက် တစ်လက် ဝိုင်းပြီးလုပ်ကြရာ အတောင်များစွာ နက်လာခဲ့တယ်။ ရေကို မတွေ့ သေးပေမဲ့လည်း ရေဓာတ်ကို ရနေတဲ့အတွက် စိတ်အားထက်သန်ပြီး တူးကြတယ်။ တူးရင်းတူးရင်းနဲ့ ကျောက် ဖျာကြီးတစ်ခုနဲ့ သွားတိုးကြတယ်။ ဆက်ပြီးတူးဖို့ လက်လျှော့လိုက်ကြတယ်။ အကုန်လုံး ခြေကုန်လက်ပန်းကျပြီး လှည်းတွေရှိရာကို ပြန်သွားခဲ့ကြတယ်။ ခေါင်းဆောင်နဲ့ ခွန်အားဗလ ကောင်းတဲ့ လူငယ်တစ်ယောက်ပဲ ကျန်နေခဲ့ကြတယ်။ သူတို့ကတော့ အလုပ်တစ်ခုကို ဘယ် တော့မှ လက်မလျှော့တတ်ကြဘူး။

ခေါင်းဆောင်ဖြစ်သူက တွင်းထဲဆင်းပြီး စူးစမ်းလေ့လာတယ်။ ကျောက်ဖျာကို နားနဲ့ ကပ်ပြီး နားထောင်ကြည့်တော့ အောက်ကရေစီးသံ ခပ်သဲ့သဲ့ကြားရတယ်။ ခွန်အားဗလ ကောင်းတဲ့ လူငယ်ကို ဇွဲသတ္တိမလျှော့ဖို့အားပေးရင်း သံတူနဲ့ ကျောက်ဖျာကို ရိုက်ခွဲခိုင်းတယ်။ လူငယ်ဟာ ကျောက်ဖျာပေါ်မှာ တောင့်တောင့်မတ်မတ် ရပ်လိုက်တယ်။ ပြီးတော့ သံတူအရိုး ကို လက်နှစ်ဖက်နဲ့ သေချာချိန်ပြီး မိမိရရကိုင်ကာ ခေါင်းပေါ်ရောက်အောင် မြှောက်လိုက်ပြီး ရှိသမျှစွမ်းအားနဲ့ ကျောက်ဖျာကို ထုခွဲလိုက်တယ်။ ကျောက်ဖျာဟာ ထက်ပိုင်းကွဲပြီး ရေတွေ အပေါ်ကို ပန်းတက်လာတော့တယ်။ လူငယ်လေးလည်း အလျင်အမြန် တွင်းပေါ်တက်လာ ရတယ်။

အားလုံးပဲ ဝမ်းသာအားရနဲ့ ပျော်ပျော်ရွှင်ရွှင် ရေတွေသောက်၊ အားပါးတရ ရေတွေ ချိုးကြနဲ့ ပူပြင်းတဲ့ကန္တာရထဲမှာ ချက်ချင်းပဲ ဆူညံသွားတယ်။ နွားတွေကိုလည်း ရေတွေတိုက်၊ ရေတွေချိုးပေးနိုင်ခဲ့ကြတယ်။ အဲ့ဒီရေလျှံတွင်းနေရာမှာ အလံတိုင်တစ်ခုစိုက်ပြီး ညနေပိုင်း ရောက်တော့ ခရီးဆက်ထွက်ခဲ့ကြတယ်။ ဇွဲမလျှော့တဲ့ ကုန်သည်တွေဟာ နောက်ဆုံးတော့ သဲကန္တာရကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်။

မှီငြမ်း ။ ။ ဝဏ္ဏုပထဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၁၆။ ဇာ၊ ဋ္ဌ၊ ၁၊ ၁၂၂။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-ကုန်သည်တွေဟာ ဘာဖြစ်လို့ရေတွေကို သွန်ပစ်လိုက်ကြလဲ။
-ဇာတ်လမ်းထဲမှာ ခေါင်းဆောင်က ဘာလုပ်ခိုင်းလဲ။
-ကျောက်ဖျာကြီးကိုတွေ့ တော့ လှည်းသမားတွေ ဘာဖြစ်သွားကြလဲ။
-လူငယ်ဟာ ဘယ်လိုစိတ်ဓာတ်နဲ့ ကျောက်ဖျာကြီးကို ထုခွဲသလဲ။
-ကလေးတို့သာ လူငယ်ဆိုရင် ခေါင်းဆောင်စကားကို လိုက်နာမှာလား။
-ကလေးတို့သာ ခေါင်းဆောင်ဆိုရင် ဘာလုပ်မလဲ။
-ခေါင်းဆောင်ဖြစ်တဲ့သူသာ လက်လျှော့လိုက်ရင် လှည်းသမားတွေအားလုံး ဘာဖြစ်သွားမလဲ။
-သားတို့၊ သမီးတို့ရော အရမ်းခက်တဲ့စာပဲဆိုပြီး မကျက်ဘဲထားရင် ဘာဖြစ်မလဲ။
-စာမေးပွဲအောင်ဖို့အတွက် အလိုအပ်ဆုံးအချက်တစ်ချက်ကို ပြောပါဆိုရင် ဘာဖြစ်မလဲ။ (ကြိုးစားမှု)

֍ပြီးလျှင် ဉာဏ်ပညာနှင့် ဝီရိယတို့၏ အကျိုးကျေးဇူးများကို ဆရာက ရှင်းပြပြီး သင်ခန်းစာ ကို အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရောင်စုံပူဖောင်းများ၊ အပ်ချည်လုံးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတစ်စုထဲမှ တစ်ယောက်ကို ဇာတ်လမ်းပြောပြစေ၍ ထိုအုပ်စုထဲမှ ကျန်သူများက ဇာတ်လမ်းအတိုင်း လိုက်၍ သရုပ်ဆောင်ပါစေ။

֍ထိုနည်းဖြင့် တစ်ဖွဲ့ပြီး တစ်ဖွဲ့ လုပ်ဆောင်သွားပါစေ။

֍ပြီးလျှင် ပုံပြောအကောင်းဆုံးနှင့် သရုပ်ဆောင်အကောင်းဆုံးအဖွဲ့ကို လက်ခုပ်တီး ဂုဏ်ပြု၍ ဆရာက ဆုချပေးပါ။ (ဥပမာ - သကြားလုံးတစ်ထုပ် သို့မဟုတ် ဒေသထွက်မုန့်များ)

[သတိပြုရန် 1]

֍ကျန်ကလေးများကိုလည်း ဆုရကလေးများအဖွဲ့ က ဝေမျှပေးပါဟု ဆရာက တိုက်တွန်းပေးပါ။

֍အချိန်ရပါက အုပ်စု (၄) စု ဖွဲ့ပြီး တစ်ဖွဲ့ချင်းကို တီးတိုးမှာကြားထားပါ။

֍မိမိပူဖောင်းများကို မကွဲအောင် ကာကွယ်ထားရမည်ဖြစ်သလို .. အခြားအုပ်စုများ၏ ပူဖောင်းများကို လုရမည်ဖြစ်ကြောင်း၊ ပူဖောင်းအများဆုံး ထိန်းသိမ်းထားနိုင်သောအုပ်စု အနိုင်ရမှာဖြစ်ကြောင်း အုပ်စု (၄) စုအား တီးတိုးမှာကြားထားပါ။ တီးတိုးပြောစကား များကို အခြားအုပ်စုမှ ကလေးများ မသိစေရ။

֍ထို့နောက် အုပ်စုအသီးသီးမှ ကလေး (၄) ယောက်၏ ခြေထောက်တွင် အပြာရောင် ပူဖောင်း၊ အနီရောင်ပူဖောင်း၊ အဝါရောင်ပူဖောင်းနှင့် အစိမ်းရောင်ပူဖောင်းကို အပ်ချည်နှင့် အသီးအသီးချည်ထားရမည်။ တစ်ဖွဲ့တွင် ကလေး (၁၀) ယောက်ဖြစ်လျှင် (၄) ယောက် တွင် ပူဖောင်းချည်ထားပြီး ကျန် (၆) ယောက်က ကာကွယ်သူအဖြစ်သာမက အခြားအုပ်စုမှ ပူဖောင်းများကို လိုက်လုသူအဖြစ်ပါ ကစားရမည်။

֍ဆရာက “စပြီ”ဟု အော်ပြောလိုက်သည်နှင့် အုပ်စုအသီးသီးက တီးတိုးပြောကြားထား သည့်အတိုင်း လှုပ်ရှားကစားကြပါစေ။

֍ကစားပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-“ဒီလို ကစားရတာ ပျော်သလား၊ ဘယ်လို ခံစားရသလဲ”
-“အနိုင်ရတဲ့အုပ်စုက အုပ်စု ( ) ဖြစ်တယ်၊ သူတို့ ဘာဖြစ်လို့ အနိုင်ရတာလဲ”

֍မေးခွန်းများကို လွတ်လပ်စွာ ဖြေဆိုစေပြီးနောက် အသိဉာဏ်ပညာရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိကြရန် တိုက်တွန်းပြောကြားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရေရရှိသဖြင့် ပျော်ရွှင်နေကြသော လှည်းသမားများ ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရေရရှိသဖြင့် ပျော်ရွှင်နေကြသော လှည်းသမားများပုံကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးပါက ကလေးများနှင့် အောက်ပါအတိုင်းဆွေးနွေးပါ။

֍သင်ပုန်းပေါ်တွင် T ပုံစံဇယားဆွဲ၍ ဇွဲရှိခြင်းနှင့် ဇွဲမရှိခြင်း” ဟူသော စကားလုံးနှစ်လုံးကို T ပုံစံဇယား၏ ထိပ်တစ်ဖက်စီတွင် ထင်ရှားစွာ ရေးသားထားရမည်။

֍ထို့နောက် အောက်ပါ မေးခွန်းနှစ်ခုမေးပါ။

-သားတို့၊ သမီးတို့ ပတ်ဝန်းကျင်မှာ ဇွဲရှိတဲ့လူကို တွေ့ဖူးလား။ ဘယ်လို လူမျိုးလဲ။
-ဇွဲမရှိတဲ့လူကိုရော တွေ့ ဖူးလား။ ဘယ်လို လူမျိုးလဲ။

֍အထက်ပါ မေးခွန်းများ၏ ဆန့်ကျင်ဘက်အဖြေများကို ကလေးများနှင့် အပြန်အလှန် အမေးအဖြေလုပ်ပါ။

֍ကလေးတစ်ဦးချင်းစီ၏ ထင်မြင်ချက်၊ ခံစားချက်များကို လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးခွင့်ပေးပါ။

֍အသိအမှတ်ပြုသောအနေဖြင့် ကလေးများဖြေဆိုသော အချက်များကို သင်ပုန်းသို့မဟုတ် ဝှိုက်ဘုတ်ပေါ်ရှိ “ဇွဲရှိခြင်းနှင့် ဇွဲမရှိခြင်း”ဟူသော စကားလုံးနှစ်လုံးအောက်တွင် အသီးသီး ချရေးထားပါ။

֍အနှစ်ချုပ်အနေဖြင့် အလုပ်လုပ်သည့်အခါဖြစ်စေ၊ စာသင်ကြားသည့်နေရာမှာဖြစ်စေ “မလုပ်နိုင်ဘူး” ဆိုကာ လက်မလျှော့သင့်ကြောင်း၊ ဇာတ်လမ်းထဲက ခေါင်းဆောင် ကုန်သည်ကဲ့သို့ ဇွဲရှိရှိနှင့် လုပ်ဆောင်လျှင် အောင်မြင်နိုင်ကြောင်းပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကိုယ်အောင်မြင်ပါက မျှဝေခံစားတတ်ရန် ရည်ရွယ်ပါသည်။