ယဉ်ယဉ်ကျေးကျေး ပြောကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၇) ယဉ်ယဉ်ကျေးကျေး ပြောကြမယ် (ကျောင်းသားကိုင်သို့)
339329ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၇) ယဉ်ယဉ်ကျေးကျေး ပြောကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

ယဉ်ယဉ်ကျေးကျေးပြောကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ စကားပြောရာတွင်ယဉ်ကျေးချိုသာစွာပြောဆိုရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ အလှဆုံး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-လမ်းမှာ လူကြီးတစ်ယောက်ကို တွေ့ ရင် ဘယ်လိုနှုတ်ဆက်ရမလဲ။
-လမ်းမှာ သူငယ်ချင်းကို တွေ့ ရင် ဘယ်လိုနှုတ်ဆက်မလဲ။
-အသက်အရွယ်ကြီးတဲ့သူတစ်ယောက်က လမ်းမေးရင် ဘယ်လိုဖြေမလဲ။
-လူကြီးတွေက ခေါ်ရင် ဘယ်လိုထူးမလဲ။
-လူကြီးတွေနဲ့ စကားပြောရင် ဘယ်လိုပြောကြမလဲ။

֍တစ်ဦးချင်းစီကို မေးပါ။ ကလေးများ နှစ်သက်ရာ ဝါကျကို သုံး၍ ဖြေကြပါစေ။

֍ထို့နောက် စကားပြောဆိုရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းနှင့်ပတ်သက်၍ ပထမတန်းတွင် သင်ပေးခဲ့သော “အလှဆုံး” ဟူသော ကဗျာကို မှတ်မိခြင်း ရှိ/မရှိ မေးမြန်းပြီး ဆိုခိုင်းကြည့်ပါ။

֍မိန်းကလေးတစ်ဦး၊ ယောက်ျားလေးတစ်ဦးကို အတန်းရှေ့သို့ ထွက်၍ ဆိုပါစေ။

֍နောက်ဆုံးတွင် ဆရာနှင့် ကလေးအားလုံး အတူတူ အောက်ပါ “အလှဆုံး” ကဗျာကို ပြိုင်တူရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

အလှဆုံး

စကားပြောဆို ချိုချိုသာ
သမီး အလိမ္မာ၊
(စကားပြောဆို ချိုချိုသာ
သားသား အလိမ္မာ။)
ယဉ်ကျေးသူမှာ မျက်နှာပြုံး
သမီးအလှဆုံး။
(ယဉ်ကျေးသူမှာ မျက်နှာပြုံး
သားသား အလှဆုံး)။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ နန္ဒိဝိသာလ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပြပါ။

နန္ဒိဝိသာလ

ဟိုးရှေးရှေးတုန်းက လယ်သမားတစ်ယောက်မှာ နန္ဒိဝိသာလလို့ခေါ်တဲ့ နွားတစ် ကောင် ရှိတယ်။ လယ်သမားက နန္ဒိဝိသာလကို သားတစ်ယောက်လို ချစ်တာကြောင့် သူစား သလိုပဲ ကျွေးမွေးတယ်။ နန္ဒိဝိသာလက “ငါ့သခင်က ငါ့အပေါ်မှာ အလွန်ကျေးဇူးကြီးတယ်၊ ဒီနယ်တစ်ဝိုက်မှာ ငါ့လောက် ခွန်အားကြီးတဲ့ နွားဆိုတာ မရှိဘူး၊ ငါ့ရဲ့ခွန်အားနဲ့ သခင့်ကို ပြန်ပြီး ကျေးဇူးဆပ်ရမယ်”လို့ ကြံစည်နေခဲ့တယ်။

တစ်နေ့တော့ နန္ဒိဝိသာလက သူ့သခင်ကို “အရှင်၊ ငါတို့မြို့က သူဌေးကြီးဆီသွားပြီး “ငါ့ရဲ့ နွားဟာ တစ်စီးနှင့်တစ်စီး ဆက်ထားတဲ့ လှည်းအစီးပေါင်းတစ်ရာကို ဆွဲနိုင်တယ်” လို့ ပြောပြီး ငွေတစ်ထောင်ကြေး အလောင်းအစားလုပ်ပါ” လို့ ပြောတယ်။ လယ်သမားက သူဌေး ကြီးဆီသွားပြီး “သူဌေးကြီး၊ ကျွန်တော့်ဆီမှာ လှည်းတစ်ရာကို ဆွဲနိုင်တဲ့ နွားတစ်ကောင် ရှိပါတယ်” လို့ ပြောတယ်။ သူဌေးကြီးက “ဒီလိုနွားမျိုး ဘယ်လိုလုပ် ရှိမှာလဲ”လို့ ပြန်ပြော တယ်။ လယ်သမားက “သူဌေးကြီး မယုံဘူးဆိုရင် ကျွန်တော်တို့ ငွေတစ်ထောင်ကြေး အလောင်းအစားလုပ်ကြမယ်”လို့ ပြောတဲ့အခါ “ကောင်းပြီလေ”လို့ သူဌေးကြီးက ပြန်ပြောခဲ့တယ်။

ချိန်းဆိုထားတဲ့ရက် ရောက်တဲ့အခါ လယ်သမားက နန္ဒိဝိသာလကို သဲနဲ့ကျောက် စရစ်ခဲတွေ အပြည့်တင်ထားတဲ့ လှည်းအစီးတစ်ရာကို နန္ဒိဝိသာလကို ဆွဲခိုင်းတယ်။ လယ် သမားက လှည်းဦးမှာ ထိုင်လိုက်ပြီး နှင်တံကိုမြှောက်ကာ “ဟဲ့ ရိုင်းစိုင်း၊ ကြမ်းတမ်းလှတဲ့နွား၊ ဝန်ကို ရုန်းပေတော့”လို့ ဆိုလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အခါ နန္ဒိဝိသာလက လှည်းကို မဆွဲတော့ဘဲ ပေကပ်ပြီး ရပ်နေတယ်။ ဒါကြောင့် လယ်သမားက သူဌေးကြီးကို ငွေတစ် ထောင် လျော်ပေးလိုက်ရတယ်။

လယ်သမားလည်း ငွေတစ်ထောင် ရှုံးသွားတာကြောင့် စိတ်ဆင်းရဲပြီး မှိုင်တွေ နေတော့တယ်။ နန္ဒိဝိသာလက သူ့သခင်ဆီကို သွားပြီး “အခု ရှုံးရတာက ကျွန်ုပ်အပြစ် မဟုတ်ပါဘူး၊ ဒါ ... အရှင့် အပြစ်ပါပဲ၊ ကျွန်ုပ်က အရှင်ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကိုမှ မဖျက်ဆီး ဖူးပါဘူး၊ အရှင့်အပေါ်မှာလည်း ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံခဲ့ပါဘူး။ ဒါကို အရှင်က ကျွန်ုပ်အား ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်လို့ ဆိုခဲ့တယ်၊ ဘာ့ကြောင့် အဲဒီလို ပြောရတာလဲ၊ အရှင်သာ ကျွန်ုပ်ကို ချိုချိုသာသာ၊ မှန်မှန်ကန်ကန်နဲ့ စကားပြောပါ၊ ငွေတစ်ထောင် ပြန်ရအောင် ကျွန်ုပ် လုပ်ပေးပါ့မယ်” လို့ ပြောလိုက်တယ်။ နောက်ပြီး နောက်တစ်ကြိမ် သူဌေးကြီးနဲ့ ငွေနှစ်ထောင် ကြေး လောင်းဖို့လည်း အကြံပေးလိုက်တယ်။

နန္ဒိဝိသာလရဲ့စကားအတိုင်း လယ်သမားက သူဌေးကြီးနဲ့ ငွေနှစ်ထောင်ကြေး အလောင်းအစား ပြန်လုပ်တယ်။ ဒီတစ်ခါမှာတော့ လယ်သမားဟာ လှည်းဦးမှာ ထိုင်ပြီး နန္ဒိဝိသာလရဲ့ ကျောကုန်းကို လက်နဲ့ ပွတ်သပ်ကာ “ချစ်သားကြီး၊ လှည်းကို ဆွဲလို့ရပြီ၊ ငါ့သား ကြီးရဲ့ အစွမ်းကို ပြလိုက်ပါ”လို့ ဆိုလိုက်တယ်။ ယဉ်ကျေးချိုသာတဲ့ စကားကို ကြားလိုက် ရတော့ နန္ဒိဝိသာလဟာ ချက်ချင်းပဲ လှည်းအစီးတစ်ရာကို ဆွဲပြလိုက်တယ်။

ဒါ့ကြောင့် သူဌေးကြီးလည်း လယ်သမားကို ငွေနှစ်ထောင် ပေးလိုက်ရပြီး နန္ဒိသာလ ရဲ့ကျောကို ပွတ်သပ်ကာ ချီးကျူးပြောဆိုခဲ့တယ်။ လာကြည့်ကြတဲ့ ပရိသတ်ကလည်း နန္ဒိ ဝိသာလကို ချီးကျူးပြောဆိုပြီး ငွေတွေ ပေးခဲ့ကြတယ်။ အဲဒီနေ့ကစပြီး လယ်သမားလည်း နန္ဒိဝိသာလကိုသာမက သူနဲ့ဆက်ဆံရတဲ့သူများကိုပါ ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာနဲ့ ပြောဆိုဆက်ဆံပါတော့တယ်။

မှီငြမ်း ။ ။ နန္ဒိဝိသာလဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၁၂၂။ ဇာ၊ဋ္ဌ၊ ၁၊ ၂ဝ၇။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲမှာပါတဲ့ နွား နာမည်က ဘာလဲ။
-လယ်သမားက သူ့နွားကို ဘယ်လိုကျွေးမွေးပြုစုသလဲ။
-နန္ဒိဝိသာလက သူ့သခင်ကို ဘယ်သူနဲ့ အလောင်းအစား လုပ်ခိုင်းသလဲ။
-ပထမတစ်ခေါက်မှာ နန္ဒိဝိသာလက လှည်းကို ဆွဲသလား/မဆွဲဘူးလား။ ဘာ့ကြောင့် မဆွဲတာလဲ။
-နောက်တစ်ခေါက်ပြိုင်တော့ နန္ဒိဝိသာလက လှည်းကို ဆွဲသလား/မဆွဲဘူးလား။
-ဘာ့ကြောင့် ဆွဲတာလဲ။
-ဒါဆိုရင် သားတို့၊ သမီးတို့အနေနဲ့ စကားပြောဆိုရာမှာ ဘယ်လိုပုံစံနဲ့ ပြောရမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၂) ကဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး သင့်လျော်သလို အုပ်စု ဖွဲ့ပါ။

֍ပြီးလျှင် “ဒီဇာတ်လမ်းထဲက နွားကြီးကို ကြမ်းကြမ်းတမ်းတမ်း ခိုင်းမယ်ဆို ဘယ်လိုအပြော အဆိုနဲ့ ပြောမလဲ။ ချိုချိုသာသာ ခိုင်းမယ်ဆို ဘယ်လိုပြောမလဲ ဆိုတာကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍ဆွေးနွေးပြီးလျှင် အုပ်စုတွင်းမှ သရုပ်ဆောင်မည့်သူများက မိမိတို့ပြောမည့် စကားအတိုင်း ရှေ့ထွက်၍ သရုပ်ဆောင်ကြပါစေ။

֍အထက်ပါနည်းအတိုင်း အုပ်စုတိုင်းပါဝင် သရုပ်ဆောင်ကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ “ဟုတ်ကဲ့ခင်ဗျာ/ရှင့်၊ မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်၊ တပည့်တော်” ဟူသော စာသားများကို အသီးသီး ရေးထားသော ကတ်ထူပြား/စာရွက် (၄)ခု။

သင်ယူမှုလုပ်ငန်းစဉ်

֍အုပ်စု (၄) စု ဖွဲ့ပြီး အုပ်စု တစ်ခုချင်းစီအား ကတ်ထူပြား/စာရွက် တစ်ခုစီကို ဝေပါ။

[သတိပြုရန် 1]

֍ကတ်ထူပြား၌ ရေးသားထားသော စာလုံးများအား ဘယ်အချိန်၊ ဘယ်အခါ၌ သုံးသည်ကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍ကလေးများဖြေသော အဖြေပေါ်မူတည်၍ အုပ်စုကိုယ်စားလှယ်က ထ၍ ပြောပါစေ။ ဥပမာ “ဟုတ်ကဲ့ခင်ဗျာ” အဖွဲ့မှ ရသောအဖြေများကို အတန်းအား ပြောပြပါစေ။

- နောက်ဆုံးတွင် ဆရာက အထက်ပါ စာလုံး (၄) ခုလုံး၏ အသုံးအနှုန်းနှင့် ပတ်သက် ပြီး ဘယ်အချိန်၊ ဘယ်အခါ၌ ပြောရသည်ကို ခြုံငုံပြောပြပြီး ဘာ့ကြောင့် ပြောရသည် ကိုလည်း ဖြည့်စွက်ကာ ကလေးများအား ရှင်းပြပေးပါ။

֍“သားတို့၊ သမီးတို့ ဒီသင်ခန်းစာကို လေ့လာပြီးတော့ ဘာအသိဉာဏ်တွေ ရလိုက်သလဲ” ဟု မေးပါ။

֍ချိုချိုသာသာ၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုတာကို လူတိုင်းနှစ်သက်ကြတယ်။ ကြမ်း ကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာကိုကျတော့ ဘယ်သူမှ မနှစ်သက်ကြဘူး။ တိရစ္ဆာန်တွေတောင်မှ မနှစ်သက်ကြဘူး။ ဒါကြောင့် သားတို့၊ သမီးတို့လည်း စကားပြော ဆိုတဲ့အခါ ချိုသာယဉ်ကျေးစွာ ပြောဆိုကြရမယ်” ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. အချိန်ရမည် ဆိုပါက (၂) ကြိမ်ခန့် ပြုလုပ်ပေးပါ။ အုပ်စု (၁) စုပြီးမှ (၁) စုပြောပါစေ။