စားသောက်ရာမှာ ယဉ်ကျေးပါ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၆) စားသောက်ရာမှာ ယဉ်ကျေးပါ (ကျောင်းသားကိုင်သို့)
339328ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၆) စားသောက်ရာမှာ ယဉ်ကျေးပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

စားသောက်ရာမှာယဉ်ကျေးပါ

သင်ယူမှု ဦးတည်ချက် ။ သန့်သန့်ရှင်းရှင်းယဉ်ယဉ်ကျေးကျေးစားသောက်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဟော့ဒီလို ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ထမင်းစားတဲ့အခါ ပုံမှန်အားဖြင့် လက်နဲ့စားကြတယ် မဟုတ်လား။ ဘယ်ဘက်လက်နဲ့ စားသလဲ”ဟု မေးမြန်းပြီး “ညာဘက်လက်နဲ့စားတဲ့သူ . လက်ညှိုး ထောင်”၊ “ဘယ်ဘက်လက်နဲ့စားတဲ့သူ လက်ညှိုးထောင်”ဟု ပြောပြီး လက်ညှိုးထောင်ကြ ပါစေ။

[သတိပြုရန် 1]

֍“တချို့က လက်နဲ့မစားဘဲ ဇွန်းနဲ့စားကြတယ်။ လက်နဲ့ပဲစားစား၊ ဇွန်းနဲ့ပဲစားစား အရေးကြီး တာက အစာမစားခင် လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြရမယ်” ဟု ပြောပြီးလျှင် အောက်ပါကဗျာကို ရွတ်ဆိုကြပါစေ။

ဟော့ဒီလို

ဘယ်လက်ကို ရှေ့ပစ်လိုက်
ဘယ်လက်ကို နောက်ပစ်လိုက်
ဘယ်လက်ကို ရှေ့ပစ်လိုက် ..
နောက်ပြီးတော့ ဟောဒီလိုလှုပ်
ကိုယ်လုံးကို ပတ်ချာလှည့်
ဒါဟာ ပျော်စရာပဲ ... ။
ညာလက်ကို ရှေ့ပစ်လိုက်
ညာလက်ကို နောက်ပစ်လိုက်
ညာလက်ကို ရှေ့ပစ်လိုက် .
နောက်ပြီးတော့ ဟောဒီလိုလှုပ်
ကိုယ်လုံးကို ပတ်ချာလှည့်
ဒါဟာ ပျော်စရာပဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ထွေးထွေးအပျော်ဆုံးနေ့ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ထွေးထွေးအပျော်ဆုံးနေ့ဇာတ်လမ်းကို ကလေးများစိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ထွေးထွေးအပျော်ဆုံးနေ့

ထွေးထွေးဟာ စာတော်တဲ့ကျောင်းသူလေး ဖြစ်တယ်။ အတန်းထဲမှာလည်း အမြဲတမ်း ပထမရတယ်။ ထွေးထွေးမှာ ခင်ခင်ဆိုတဲ့ညီမလေးတစ်ယောက် ရှိတယ်။ ထွေးထွေးလေးက စာတော်ပေမဲ့ အစားအသောက်ကိုတော့ သန့်သန့်ရှင်းရှင်း၊ ယဉ်ယဉ်ကျေးကျေး မစားသောက် ဘူး။ ထမင်းမစားခင် လက်ကို စင်အောင်မဆေးဘူး။ ထမင်းစားတဲ့အခါမှာ ထမင်းစေ့တွေ အောက်ကျအောင် စားတယ်။ ထမင်းစားတဲ့ လက်နဲ့လည်း .. ဟင်းခပ်ဇွန်းကို ကိုင်တယ်။ တစ်ခါတလေကျရင် ဟင်းခွက်ကိုတောင် လက်နဲ့ နှိုက်တယ်။ ဒါ့အပြင် ထမင်းစားရင်လည်း ပျတ်ပျတ်နဲ့ အသံမြည်တယ်။ ထမင်းစားနေရင်းနဲ့လည်း စကားပြောသေးတယ်။ ပိုဆိုးတာ ကတော့ စားပြီးတဲ့ လက်ပေကြီးကို လျှာနဲ့လျက်တာပဲ။ ထမင်းစားပြီးတော့လည်း ပလုတ် မကျင်းဘူး။ သူ့ရဲ့ ဖေဖေနဲ့ မေမေက ပြောပြလည်း ထွေးထွေးလေးက နားမထောင်ဘူး။ ဖေဖေနဲ့ မေမေက အဲဒီလိုခဏခဏပြောနေတာဟာ သူ့ကို မချစ်လို့ပဲလို့ ထင်နေတယ်။

တစ်နေ့မှာ ထွေးထွေးက သူ့မေမေကို “မေမေတို့က သမီးကို မချစ်ပါဘူး။ ညီမလေး ကိုပဲ ဝိုင်းချစ်နေကြတယ်” လို့ ပြောတယ်။ ဒါနဲ့ သူ့မေမေက “ဪ - မဟုတ်ပါဘူး သမီးရယ်၊ မေမေတို့က သမီးလေးကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ သမီးက အစားအသောက်ကို သန့်သန့် ရှင်းရှင်း၊ ယဉ်ယဉ်ကျေးကျေး မစားလို့ မေမေတို့က ပြောပြပေးနေရတာပါ။ ငါ့သမီးလေးကို မချစ်လို့ မဟုတ်ပါဘူး” လို့ ပြန်ပြောတယ်။

အဲဒီအခါ ဖေဖေက အခန်းထဲဝင်လာပြီး “ဟုတ်တယ် သမီးရဲ့။ သမီးလေး ယဉ်ယဉ် ကျေးကျေး စားတတ်ဖို့အတွက် ဖေဖေတို့က သင်ပေးနေရတာ။ သမီးသာ ယဉ်ယဉ်ကျေးကျေး စားသောက်တတ်မယ်ဆိုရင် သမီးလုပ်ချင်တာ ဖေဖေတို့ လုပ်ပေးမယ်။ သမီး လိုချင်တာလည်း ဝယ်ပေးမယ်။ သမီးက တစ်လတိတိ ဖေဖေ၊ မေမေ သဘောကျအောင် နေရမယ်နော်။ ကဲ ဘယ်လိုလဲ” ဟု ဖေဖေက ပြောတဲ့အခါ ထွေးထွေးမျက်နှာ ဝင်းလက်သွားတယ်။ “ဖေဖေ တကယ်ပြောတာနော်၊ ဒါဆိုရင် သမီးက အစားအသောက်ကို သန့်သန့်ရှင်းရှင်းနဲ့ ယဉ်ယဉ် ကျေးကျေး ဖြစ်အောင်စားပြမယ်။ တစ်လပြည့်ရင် သမီးကို တိရစ္ဆာန်ရုံ လိုက်ပို့ပေးရမယ်။ တိရစ္ဆာန်ရုံမှာ တစ်နေကုန် လျှောက်လည်ပေးရမှာနော်၊ နောက်ပြီး ဝက်ဝံရုပ်အကြီးကြီး တစ်ခု ကိုလည်း ဝယ်ပေးရမယ်”လို့ ပြောတယ်။

အဲဒီလိုကတိပေးပြီးတဲ့နောက်ပိုင်းမှာ ထွေးထွေးရဲ့ အမူအရာတချို့ ပြောင်းလဲလာ တယ်။ အစားအသောက်ကိုလည်း သန့်သန့်ရှင်းရှင်း၊ ယဉ်ယဉ်ကျေးကျေး စားသောက်တတ် လာတယ်။ ဖေဖေနဲ့ မေမေကလည်း ထွေးထွေးလေးရဲ့ အမူအရာတွေကို ကြည့်ပြီးတော့ ဝမ်းသာနေကြတယ်။ ပြီးတော့ “လိမ္မာလိုက်တဲ့ ငါတို့သမီးလေး ဆိုပြီးတော့လည်း ချီးကျူးကြတယ်။

ဒီလိုနဲ့ တစ်လပြည့်တဲ့နေ့မှာတော့ ဖေဖေက သူပြောထားတဲ့အတိုင်း ထွေးထွေး လေးကို အလွန်ချစ်စရာကောင်းတဲ့ ဝက်ဝံရုပ်ကြီးတစ်ရုပ်ကို ဝယ်ပေးလိုက်တယ်။ ပြီးတော့ ထွေးထွေးလေးက ဖေဖေ၊ မေမေ၊ ညီမလေးတို့နဲ့ အတူ တိရစ္ဆာန်ဥယျာဉ်ကို ပျော်ပျော်ရွှင်ရွှင် သွားခဲ့တယ်။ တိရစ္ဆာန်ဥယျာဉ်ထဲမှာ တစ်နေကုန် လျှောက်လည်ကြတယ်။ အဲဒီနေ့ဟာ ထွေးထွေးအတွက် အပျော်ဆုံးနေ့လေးတစ်နေ့ ဖြစ်ခဲ့ရပါတယ်။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-ထွေးထွေးက ထမင်းစားရင် ဘယ်လိုအပြုအမူမျိုးတွေ လုပ်တတ်သလဲ။
-သူ့အပြုအမူတွေက ကောင်းသလား/မကောင်းဘူးလား။
-ဘာဖြစ်လို့လဲ။
-သူ့မေမေနဲ့ ဖေဖေက ဘယ်လိုဖြစ်စေချင်တာလဲ။
-သူ့ရဲ့အပြုအမူတွေကို ပြောင်းလိုက်သလား။
-နောက်ဆုံး သူဘာဖြစ်သွားလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရုပ်ပုံများ။ (ထမင်းများ ဖိတ်စဉ်ကျနေ၍ ယင်၊ ပိုးဟပ်တို့ ရှိနေပုံ၊ လက်ကို လျှာနဲ့ လျက်နေပုံ၊ ထမင်းကို ပလုတ်ပလောင်းစားပြီး စကားပြော နေ၍ ဘေးလူကို ထမင်းလုံးစဉ်သွားပုံ၊ ပျတ်ပျတ်နဲ့ အသံမြည်အောင် စားနေပုံ၊ ထမင်းစားတဲ့လက်နဲ့ ဟင်းခပ်ဇွန်းကို ကိုင်နေ၍ ဘေးလူက မကြည်ကြည့် ကြည့်နေပုံ၊ ထမင်းစားတဲ့လက်နဲ့ ဟင်းခွက်ကိုနှိုက်နေ၍ မေမေက ဟင်းတွေ သိုးကုန်တော့မှာပဲဟု ပြောနေပုံ။)

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ရုပ်ပုံများအားလုံးအား အုပ်စုလိုက် “ဘာလုပ်နေလဲ၊ ဘာတွေ ဖြစ်လာနိုင်သလဲ” စသည်ဖြင့် လေ့လာ/ဆွေးနွေးကြပါစေ။

֍ကလေးများ ဆွေးနွေးပြီးပါက ရုပ်ပုံတစ်ခုချင်းကို ပြ၍ အောက်ပါမေးခွန်းများ မေးပါ။

[သတိပြုရန် 2]

-သူဘာလုပ်နေသလဲ။

-ဒီလိုလုပ်တာ ကောင်းသလား။

-ဘာ့ကြောင့်လဲ။

-ဘာတွေဖြစ်လာနိုင်သလဲ။

-ကလေးတို့ရော ထမင်းစားရင် ဘယ်လို လုပ်ရမလဲ/ ဘယ်လို စားရမလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၃)တွင် သုံးခဲ့သောရုပ်ပုံများ။ လုပ်မယ်၊ မလုပ်ဘူးရေးထားသော စာရွက်။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအတိုင်း အဆင့်ဆင့် ညွန်ကြားခြင်းဖြင့် ကလေးများအားလုံး ပါဝင်ကစားကြပါစေ။

֍သင်ပုန်းပေါ်တွင် “လုပ်မယ်၊ မလုပ်ဘူး” ရေးထားသော စာရွက်ကိုကပ်ထားပါ။

֍ပထမဦးစွာ ကလေးများကို နှစ်တန်း တန်းစီခိုင်းပါ။

֍ရှေ့ဆုံးက ကလေးတစ်ဦးထံသို့ ရုပ်ပုံတစ်ပုံထည့်ပေးပြီး ထိုရုပ်ပုံကို နောက်သို့လက်ဆင့် ကမ်းသွားကြပါစေ။

֍ပြီးလျှင် နောက်ဆုံးက ကလေးက မိမိလက်ထဲရောက်လာသော ရုပ်ပုံကိုကြည့်ပြီး “လုပ် မယ်၊ မလုပ်ဘူး” ခေါင်းစဉ်အောက်မှာ ပြေး၍ ကပ်ပါစေ။

֍လုပ်သင့်သောအပြုအမူဆိုလျှင် “လုပ်မယ်” အောက်တွင် ကပ်ပြီး မလုပ်သင့်သော အပြုအမူဆိုလျှင် “မလုပ်ဘူး” အောက်မှာ ကပ်ကြပါစေ။

֍အထက်ပါနည်းအတိုင်း တန်းစီထားသော ကလေးများအားလုံး ပါဝင်ကြပါစေ။

֍မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ကပ်နိုင်သောအုပ်စုကို အနိုင်ပေးပါ။

֍ကစားပြီးလျှင် ဆရာက လိုအပ်သလို အနှစ်ချုပ်ပေးပါ။

  1. ကလေးများ၏ အဖြေကို ချီးကျူးအားပေးပါ။
  2. ကလေးအားလုံး ဖြေပါစေ။