တန်ဆောင်တိုင်ပွဲတော် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၉) တန်ဆောင်တိုင်ပွဲတော် (ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၉)

တန်ဆောင်တိုင်ပွဲတော်

သင်ယူမှုဦးတည်ချက် ။ ။ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်ကိုယဉ်ကျေးစွာ ဆင်နွှဲတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မီးပုံးပျံပုံဆွဲထားသော ပန်းချီကားတစ်ချပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့အနေနဲ့ ဒီပန်းချီကားကို ကြည့်ပြီး ဘာပွဲတော်ဆိုတာ ပြောပြပါဦး။
-တန်ဆောင်တိုင်မှာ မီးပုံးပျံတွေ လွှတ်တာမြင်ရင် သားတို့၊ သမီးတို့ ပျော်ကြလား။
-ဘာလို့ ပျော်ကြတာလဲ။
-တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကလေးတို့ ဘာတွေ လုပ်ကြလဲ။
-ညအချိန်ရောက်ရင် အိမ်တိုင်း အိမ်တိုင်းမှာ ဘာလုပ်ကြသလဲ။
-တန်ဆောင်မုန်းလမှာ ဘာပွဲ ရှိသလဲ။ (ကလေးများ မဖြေနိုင်လျှင် ဆရာက ဖြေဆိုရှင်း လင်းပေးပါ။)
-ကထိန်လှည့်တာ မြင်ဖူးလား။
-ဘယ်လို လှည့်လည်ကြသလဲ။
-ကထိန်မှာ ဘာတွေ လှူလို့ရသလဲ။ (ဥပမာ - ထီး၊ ဖိနပ်၊ ယပ်၊ ဆပ်ပြာ၊ တဘက် စသည်ဖြင့်)
-အဲဒီကထိန်ပစ္စည်းတွေက ဘယ်သူတွေကို လှူတာလဲ။

֍မေးခွန်းများမေး၍ ကလေးတစ်ဦးချင်းစီ၏ စဉ်းစားတွေးခေါ်မှုတို့ကို ဂရုတစိုက် နားထောင်ပြီး အသိအမှတ်ပြုပေးရန် လိုပါသည်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တန်ဆောင်တိုင်ပွဲတော်အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ထို့နောက် တန်ဆောင်တိုင်ပွဲတော်အကြောင်းကို ပြောပြပါ။

တန်ဆောင်တိုင်ပွဲတော်

ရှေးမြန်မာမင်းတွေ လက်ထက်ကစပြီး ဒီနေ့ကာလအထိ တန်ဆောင်မုန်းလပြည့် နေ့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို မြန်မာတစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပကြတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ လနဲ့ ကြယ်တာရာတွေ စုံစုံညီညီ ထွက်ပေါ်တာမို့ အလွန်လှပတဲ့အတွက် အဲဒီညရဲ့ အလှကို ပိုမိုပေါ်လွင်စေဖို ့ ဆီမီးတွေ ထွန်းညှိ ပူဇော်ကြခြင်း ဖြစ်တယ်။ တန်ဆောင်တိုင်ဆိုတာကတော့ အလင်းရောင်ကို ယူဆောင်ထားတဲ့ . တိုင်လို့ အဓိပ္ပာယ်ရပါတယ်။ တန်ဆောင်မုန်းလမှာ ကထိန်ပွဲတော်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ ရှိကြတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ အိမ်တိုင်းအိမ်တိုင်း၊ လမ်းတိုင်းလမ်းတိုင်း ဆီမီးတွေ ထွန်းပြီး ပူဇော်ကြ၊ လျှပ်စစ်မီးတွေ သွယ်တန်းပြီး ပူဇော်ကြနဲ့ တစ်ပြည်လုံး အလင်းရောင်တွေ ဖုံးလွှမ်းနေတယ်။ နေရာဒေသ အနှံ့အပြားမှာရှိတဲ့ ဘုရားပုထိုးစေတီတွေမှာ ဆီမီးတစ်ထောင်၊ ပန်းပေါင်းတစ်ထောင်တွေနဲ့လည်း ပူဇော်ကြတယ်။

မဟာဒုက်မဲတွေ ဖောက်၊ စတုဒိသာတွေကျွေး၊ နိဗ္ဗာန်ဈေးပွဲတော်တွေကျင်းပနဲ့ အလှူအမျိုးမျိုးတွေကိုလည်း မရိုးနိုင်အောင် လုပ်ကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီးလည်း ပျော်ကြတယ်။ ဈေးချိုချိုနဲ့ ရောင်းတဲ့ ပွဲဈေးတန်းတွေမှာ ပျော်ရွှင်စွာ ဈေးဝယ်ကြတယ်။

မြန်မာလူမျိုးတွေက တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခတယ်လို့ ရှေးကတည်းက ယုံကြည်ကြတဲ့အတွက် မဲဇလီဖူး သုပ်စားကြတယ်။ မဲဇလီဖူးသုပ်စားတာဟာ ရောဂါကင်းပြီး အသက်ရှည်တယ်လို့ ယုံကြည်ကြတာမို့ ကိုယ်တိုင်လည်း သုပ်စားကြသလို အိမ်နီးချင်းတွေကိုလည်း ဝေပေးကြတယ်။ ဒါကြောင့် တန်ဆောင်တိုင်ပွဲတော်ဟာ ကုသိုလ် လည်းရ ပျော်စရာလည်းကောင်းတဲ့ ပွဲတော်တစ်ခုပါပဲ။

မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီလုံး ပွဲတော်တွေရှိပြီးတော့ အဲဒီပွဲတော်တွေ အားလုံးဟာလည်း စိတ်ဝင်စားဖွယ် ပျော်ရွှင်ဖွယ်ကောင်းတဲ့အပြင် ကုသိုလ်ကောင်းမှုတွေကို လည်း စိတ်ကြည်နူးစွာနဲ့ လုပ်ခွင့်ရကြတယ်။

ဒီလို တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပတာဟာ ဘာသာရေး၊ လူမှုရေးတွေကို အများကြီး အကျိုးပြုတာမို့ ကောင်းတဲ့ ရိုးရာဓလေ့ အစဉ်အလာတွေကို မပျောက်ပျက် အောင် လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရမှာကတော့ သားတို့၊ သမီးတို့တာဝန်၊ ဆရာ၊ ဆရာမတို့ တာဝန်ပဲဖြစ်ပါတယ်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တန်ဆောင်မုန်းလ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍“ဒီနှစ် တန်ဆောင်တိုင် ဘာလုပ်ကြမလဲ”ဟူသော မေးခွန်းကို အုပ်စုတိုင်းအား စုပေါင်း စဉ်းစားစေပြီး ၎င်းတို့ ပြုလုပ်လိုသည်များကို ချရေးကြပါစေ။

֍ပြီးလျှင် အုပ်စုကိုယ်စားလှယ်များက မိမိအဖွဲ့ အနေဖြင့် ပြုလုပ်လိုသည်များကို အတန်း ရှေ့ထွက်ပြီး ရှင်းလင်းပြောကြားပေးပါစေ။

֍အုပ်စုတစ်ဖွဲ့ ရှင်းပြီးတိုင်း လက်ခုပ်တီး၍ အားပေးကြပါစေ။

֍ထို့နောက် အောက်ပါကဗျာကို သင်ပေးပြီး စုပေါင်းရွတ်ဆိုကြပါစေ။

တန်ဆောင်မုန်းလ

ဆီမီး ရောင်စုံ တမြိုင်မြိုင်၊
လမြတ်တန်ဆောင်တိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် တို့ဆင်နွှဲ၊
ကထိန်ခင်းတဲ့ပွဲ။
သောသောညံလို့ ရွာထဲတွင်၊
နိဗ္ဗာန်ဈေးတွက် ပြင်။
ဆေးဖက်ဝင် မဲဇလီဖူး၊
ဝိုင်းဖွဲ့စားလို့ ပျော်ရွှင်မြူး၊
အားလုံးစိတ်ကြည်နူး။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရောင်စုံစာရွက်များ၊ တိပ် သို့မဟုတ် ကော်၊ ပဒေသာပင်တိုင်၊ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ စက္ကူ ခေါက်ပြီး မီးပုံးလေးတွေ လုပ်နည်းကို သင်ပေးမယ်နော်”ဟု ပြောပြီး မီးပုံးပုံ စက္ကူခေါက်နည်းကို သင်ပေးပါ။

֍မီးပုံးပြုလုပ်ရာတွင် ကလေးများ တတ်ကျွမ်းသွားသည်အထိ သေချာရှင်းပြ၍ အတတ်သင်ပေးပါ။

֍မီးပုံးများ ပြုလုပ်ပြီးပါက ကျောင်းတွင် လှည့်ပတ်၍ ကလေးများကိုယ်တိုင် ချိတ်ဆွဲပါစေ။

֍ပဒေသာပင်အစစ် ပြုလုပ်လိုလျှင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

-သင်ခန်းစာ မသင်မီ တစ်ပတ်အလိုတွင် “ဒီနှစ်တန်ဆောင်တိုင် ကျောင်းတွင် ကထိန်ခင်းမှာ ဖြစ်တဲ့အတွက် သားတို့၊ သမီးတို့ လှူချင်တဲ့ ပစ္စည်းလေးတွေရှိရင် တစ်ယောက်တစ်ခုစီ ယူလာခဲ့ကြရန်” ကလေးများကို မှာကြားလိုက်ပါ။

֍ထို့နောက် ကလေးများယူလာသော ပစ္စည်းများကို နာမည်တပ်ပေး၍ ဆရာနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲကြပါစေ။

သို့မဟုတ်

֍ပဒေသာပင်အစစ် မပြုလုပ်လိုလျှင်လည်း အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

֍ကလေးများအားလုံးကို ကတ်ပြားများ တစ်ခုစီ ပေးထားပြီး ပဒေသာပင်သည် ကထိန် ပဒေသာပင်ဖြစ်ကြောင်း၊ လှူဖွယ်ပစ္စည်းများ ပြည့်နေသော ပဒေသာပင်ဖြစ်အောင် ပြုလုပ် ကြမည်ဖြစ်ကြောင်း၊ သားတို့၊ သမီးတို့ထံမှာရှိသော ကတ်ပြားများပေါ်တွင် သားတို့၊ သမီးတို့ လှူဒါန်းလိုသော ပစ္စည်းများကို ရေးပြရမည်ဖြစ်ကြောင်း ပြောကြားပေးပါ။

֍ထို့နောက် ကတ်ပြားများကို ပဒေသာပင်တွင် စနစ်တကျ ချိတ်ဆွဲကြပါစေ။ ဆရာက ကူညီလုပ်ကိုင်ပေးရန် လိုအပ်သည်။

֍ပဒေသာပင်တွင် အားလုံးကို ချိတ်ပြီးပါက ကလေးများကို “ပဒေသာပင် သီးနေတဲ့ အချိန် မှာ ဘယ်လိုခံစားရလဲဟု မေးပါ။ ကလေးများအားလုံး ပါဝင်ဖြေဆိုနိုင်ရန် တိုက်တွန်း အားပေးပါ။