ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း

From Wikisource
Jump to navigation Jump to search

ဒုတိယ အခန်း

[ဤအခန်း၌ စေတသိက်အကြောင်းနှင့် အကုသိုလ်စေတသိက်များပါသည်။]

စေတသိက်က စိတ်ကို ခြယ်လှယ်ပုံ

စိတ် အကြောင်းကို ပြရာဝယ် “စိတ်ကောင်းစိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန် ကိစ္စတခုသာရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြား နိုင်ချေ။ စေတသိက် အမျိုးမျိုးနှင့်အတူ ဖြစ်ရသောကြောင့် ထိုစေတသိက် အများ၏ အကောင်းအဆိုးလိုက်၍ စိတ်သည်လည်း စိတ်ကောင်းစိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက်စေတသိက်များက ခြယ်လှယ်၍ထားကြသည်”ဟု ဆိုလိုသည်။ ဥပမာ-ရေသည် ပင်ကိုယ် အနေဖြင့် အရောင်တမျိုးတည်းရှိသော်လည်း ဆေးနီ-ဆေးဝါ-ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက်ဖြစ်ရတော့ သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်း စိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာ သင့်ကြပေသည်။

[ဆောင်] စိတ်၏တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်းဆိုး၊ မကွဲရိုးတည်း၊ တမျိုးတွဲဖက်၊ စေတသိက် တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လဲ စေတသိုက်ကြောင့်သာကိုး၊