ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ပထမအခန်း

ကိုယ်ကျင့်အဘိဓမ္မာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပထမအခန်း

(ဤအခန်း၌ ပရမတ်အကြောင်း စိတ်အကြောင်းပါသည်။)

ပရမတ္ထတရား ၄ ပါး

ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သော အနက်သဘော” ဟုဆိုလိုသည်။ “မြတ်” ဆိုသည်မှာလည်း “မွန်မြတ်-မြင့်မြတ်-ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုယ်သဘောအတိုင်း မဖေါက်ပြန် မပြောင်း မလွဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ= မြတ်သော+အတ္ထ= အနက်သဘော၊ ပရမတ္ထ=မြတ်သော အနက်သဘော၊ ဤပရမတ္ထ သဘောကို “ပရမတ်”ဟု လည်းခေါ်၏။) ထိုပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် ၄ ပါး ရှိသည်။

မဖောက်ပြန်ပုံ

စေတသိက်တရားတို့၌ လောဘ ဒေါသများပါရှိ၏။ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏သန္တာန်မှာဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာဖြစ်ဖြစ်၊ ခွေးသန္တာန်မှာဖြစ်ဖြစ် လိုချင်သောသဘောမှ ဖေါက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ခက်ထန်ခြင်းသဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖေါက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်း သိပါ။

ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက် စားခြင်းမရှိပဲ မူရင်းအတိုင်း ထင်ရှားမြဲ ဖြစ်သောကြောင့် မိမိ-သူတပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုညွှန်ပြမည့် ပရမတ်သဘောများကို ကြိုးကြိုးစားစား လေ့လာသင့်ကြပါသည်။

[ဆောင်] ၁။ သဘောအမှန်၊ မဖေါက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။

၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါး ပြားဘိသော်။

စိတ်အကြောင်း

အာရုံကို သိတတ်သော သဘောသည် စိတ်

ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြ၏။ ထိုသို့ အာရုံတွေ သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ”ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ”ဟု ခေါ်သည်။

အာရုံ ၆ ပါး အသိ ၆ မျိုး

၁။ အဆင်း အရောင် ဟူသမျှ ... ရူပါရုံ
၂။ အသံ ဟူသမျှ ... သဒ္ဒါရုံ
၃။ အနံ့ ဟူသမျှ ... ဂန္ဓာရုံ
၄။ အရသာ ဟူသမျှ ... ရသာရုံ
၅။ အတွေ့ ဟူသမျှ ... ဖောဋ္ဌဗ္ဗာရုံ
၆။ ကြွင်းသော သိဖွယ်ဟူသမျှ .... ဓမ္မာရုံ

ရူပါရုံကို မြင်သောအခါ မြင်သိ-သိသောစိတ် ဖြစ်၏။ သဒ္ဒါရုံကို ကြားသောအခါ ကြားသိ-သိစိတ်၊ ဂန္ဓာရုံကို နံသော မွေး ယောအခါ နံသိ မွေးသိ-သိသောစိတ်၊ ရသာရုံကို အရသာ ခံသောအခါ အရသာသိ-သိသောစိတ်၊ တစုံဘခုကို တွေ့ထိရသောအခါ အတွေ့အထိသိ-သိသောစိတ်၊ ထိုအာရုံငါးပါးနှင့် တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။

စိတ်၏ အခြင်းအရာ

စိတ်သည် အဝေးသို့လည်း သွားနိုင်၏။ တပါးတည်းသာ လှည့်လှည်လေ့ ရှိ၏။ ခန္ဓာကိုယ် အထည် ဒြပ်လည်းမရှိ။ ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူသည်။ ထိုဟောတော်မူသည့် အတိုင်း စိတ်၏ အခြင်းအရာကို ထင်ရှား ပြပါဦးမည်။

အဝေးလည်းသွား

စိတ်သည် ခြေဖြင့် လျှောက်သွား သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ်။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရင်း အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ-မန္တလေး၌နေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည် မဟုတ်၊ မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သိုလှမ်း၍ အာရုံပြုနိုင်သည်။ ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။

တပါးတည်းလည်

စိတ်သည် အလွန် အဖြစ် အပျက် မြန်၏။ လက်ဖျစ် တချက်တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတသိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ် အပျက် မြန်သည့်အတွက် စိတ် ၂ မျိုး ၃ မျိုး တပြိုင်နက်ဖြစ်၍ အာရုံ ၂ ခု ၃ ခုကို တခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂ စိတ် ၃ စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစိတ်ပြီးမှ တစိတ်ဖြစ်၍ အာရုံတခုကို ယူပြီးမှတခြားအာရုံတခုကို ဆက်၍ယူရသည်။

မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာ ထိုင်လျက် ချိုချဉ်စားယင်း က၍ သီဆိုနေသူ့ကို ကြည့်ရှုနားထောင်ရာ၌ အဆင်း-အသံ-အနံ့-အရသာ-အတွေ့-အာရုံ ၅ မျိုးလုံးပင် အနီးအပါး တွင်ရှိ၏။ ထိုအခါ၌ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တပြိုင်နက် မသိ၊ မိမိ အနှစ်သက်ဆုံး အာရုံတခုခုကို စိတ်တမျိုးဖြင့် ရှေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တခုပြီးတခု ဆက်၍ ဆက်၍ သိသည်။ ဤသို့လျှင် စိတ်သည် ၂ ပါး၊ ၃ ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုး မရှိ။ တခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တပါးတည်းလည်”ဟု ဆိုရပေသည်။

ဆက်ဦးအံ့-“လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ်၊ အဝေး အာရုံကို ယူနိုင်သောကြောင့် “လည် = လှည့်လည်ဟု ဆိုရပေသည်။ အာရုံတခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစိတ်ထည်းက အပြီးအစီး သိအောင် မယူနိုင်။ အရုံတခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ရသည်။ ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူ အပေါင်းတို့က မြင်မြင်ချင်း၊ ကြား-ကြားချင်း၊ မွှေး-မွေးချင်း၊ ထိ-ထိချင်း သိသည်ဟု မှတ်ထင်ကြလေသည်။

ကိုယ်ထည်မရှိ

စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှား မရှိ။ ထို့ကြောင့် စိတ်ကို ဖြူသည်၊ မဲသည်၊ ပိန်သည်၊ ဝသည်ဟု မဆိုနိုင်။ အာရုံကိုသိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။

ဂူအောင်းဘိ

မြင်သိ သိသော စိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။ ကြားသိ သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။ နံသိ သိသော စိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။ အရသာသိ သိသော စိတ်သည် အတွင်းမှာ ဖြစ်၏။ အတွေ့သိ သိသော စိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာ ဖြစ်၏။ ဤသို့လျှင် အချို့အချို့ စိတ်များ မျက်လုံး စသော အရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တိုကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူနှင့် တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။

အချုပ်မှာ စိတ် ဟူသည် ပုံသဏ္ဌာန် မရှိ အာရုံကို ရအောင်ယူခြင်း အာရုံကိုသိခြင်း သဘော သတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိ ဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တဆံခြည်မျှ အပြင်မထွက်ကြပဲ အလွန်ဝေးသော အာရုံကို လှမ်း၍ ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂ စိတ် ၃ စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ်။ တဆိတ်ပြီး တစိတ် စီကာ စဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။

[ဆောင်] ၁။ အာရုံတခုခု ရအောင်ပြု မှတ်ရှု စိတ်သိပုံ။
၂။ အဝေးလည်းသွား တပါးထည်းလည် ကိုယ်ထည်မရှိ ဂူအောင်းဘိ စိတ်၏ခြင်းရာစုံ၊

စိတ်ကောင်း စိတ်ဆိုးရောနေပုံ

စိတ်တို့သည် အလွန် အဖြစ်အပျက် မြန်သောကြောင့် ၅ မိနစ်လောက် အတွင်းမှာပင် စိတ်ကောင်း စိတ်ဆိုး(ကုသိုလ်-အကုသိုလ်စိတ်) ရောနှောလျက်ဖြစ်တတ်သည်။ နံနက်စောစော အိမ်ပေါ်မှာ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ် အောက်ထပ်မှ ရောင်းဝယ်မှု ကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။ ဘုရားအာရုံပြုနေစဉ် မခံချင်ဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။

ရောင်းမှု ဝယ်မှု လောဘကိစ္စပြုတုန်းမှာပင် လှူချင်ဒါန်းချင်သည့်အခါ (လှူမည်ဒါန်းမည်ဟု ကြံမိသည့်အခါ)သဒ္ဓါစိတ် ကုသိုလ်စိတ်ဖြစ်၏။ တစုံ တခု အလိုမကျ၍ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် (ကုသိုလ်စိတ်)ဖြစ်ပြန်၏၊ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်းစကားပြောနေစဉ် စကားပြောတဲ့၍ဒေါသစိတ်ဖြစ်လေရာ တယောက်နောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍လာသောအခါ လောဘစိတ်ဖြစ်ပြန်၏။ ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ် ဖြစ် တိုင်း ဖြစ် တိုင်း မိမိစိတ်ကို “စိတ်ကောင်းလား စိတ်ဆိုးလား”ဟု ခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်း များများဖြစ်အောင် ပြုပြင်ကြပါကုန်။

ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ

လူတို့မှာ တယောက်နှင့်တယောက် ရုပ်ချင်းမတူကြသကဲ့သို့၊ ထို့အတူ စိတ်ချင်းလည်းမတူကြချေ။ ထုံထိုင်းသောရုပ်၊ သွက်လက်သော ရုပ်၊ ကွဲပြား သကဲ့သို့ ထုံထိုင်း ရိုးအသောစိတ်၊ သွက်သွက်လက်လက်ထက်မြက်သော စိတ် ဟုလည်းကွဲပြားလျက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက်-အသွက် ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းလောက်အောင် လှသူ သွက်သူများလည်းရှိ၏။ အဆိုးဘက်-အထိုင်းဘက်မှာလည်း အဆက်ဆက်အောက် ကျလျက် တစ္ဆေပြိတ္တာတမျှ ဆိုးဝါးသူများလည်း ရှိကြလေသည်။ ထို့အတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက် ဆက် တန်းတက်ကာ ပြိုင်ဘက် ကင်းလောက်အောင် စိတ်ကောင်းသူ ထက်မြက်သူများရှိကြ၍ စိတ်ယုတ်မာဘက် စိတ်ထိုင်းဘက်၌လည်း အဆက်ဆက် ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ-သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများရှိကြလေသည်။

ပြင်၍ရနိုင်ပုံ

တော၌မွေး၍ သွေးပါလာသော တောသူတောသားသည် မြို့ကြီး ပြကြီး သူတို့၏ ဝတ်ပုံ စားပုံ နေပုံကို အလုံးစုံအတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေး ကိုပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင်ရုပ်တမျိုးပြောင်းကာ ၁ နှစ် ၂ နှစ်လောက်ကြာလျှင် ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်းပြောင်းလာနိုင်၏။ ဤသို့အပြောင်းအလဲနှေးသဖြင့် အပြင်ခက်သောရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ပြင်ဆင် နေလိုက်က တမျိုးတဖုံပြောင်းနိုင်သေး၏။ အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သောစိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရပဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရားစိတ်တို့ကို နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူဖြစ် ကာ ၂ နှစ်၊ ၃ နှစ် လောက်ကြာသောအခါ ကိုယ့်စိတ်ကိုယ်ပင် ကြည်ညိုချင်လာအောင် စိတ်ကောင်းများ ဖြစ်သွာပါလိမ့်မည်။

စိတ်ကိုပြင်သင့်သောအကြောင်းများ

မိမိ၏ စိတ်နေစိတ်ထားကို ကောင်းအောင် ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထားမကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာ အသိဆုံးဖြစ်၏။ ထိုကဲ့သို့စိတ်ယုတ်မာရှိနေ သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ် အနေအထားဖြင့် အောက်တန်းအစားပင် ဖြစ်သေး၏။ စိတ်နေ စိတ် ထား အောက်တန်းစား ဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက် နောက်ဘဝတို့၌ အောက်ကျနောက်ကျ ဖြစ်ရတော့လတ္တံ့။ ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။

စိတ်ဆိုးစိတ်ယုတ် ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း-ညီအစ်ကိုမောင်နှမသားချင်း သမီးခင်ပွန်းချင်း ဆရာဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးကြသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည် မဟုတ်။ ဤသို့ ရင်းနှီး သူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ကိုဖြူစင် ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။

ထို့ပြင်~စိတ်ဆိုး စိတ်ယုတ်မာရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းစီးဖြန်း၊ မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည် ဟူ၍ မမှတ်ထင်ထိုက်။ ထိုစိတ်ရင်း မကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိ တတ်ချေ။ ဤသို့ နောက်နောက်ဘဝ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်ကို စိုးသောကြောင့်လည်း မိမိ စိတ်ကို ဖြူစင် ဖြောင့်မတ် ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။

ထို့ပြင်~စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ယခုတဘဝသာ ယုတ်မာ မည်မဟုတ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက တသန္တာန်လုံး (တကိုယ်လုံး) ထုံမွှမ်းနေရကား နောက်နောက် ဘဝပေါင်း များစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူ့ကို ရင့်မာသောပါရမီရှင်ဟု ဆို့ဖို့ရန်ခဲယဉ်းလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များ၌ စာရင်း မပါဝင်မည်စိုး၍လည်း ယုတ်မာ ဆိုးဝါးသောစိတ်များကို အမြန်ဆုံးပြင်ထိုက်ကြသည်။ ဤသို့လျှင် မိမိ၏ စိတ်နေ စိတ်ထားကို မကောင်း ကောင်းအောင် ပြုပြင်သင့်သော အကြောင်းအရာတွေ များစွာရှိပေသည်။

မိလိန္ဒမင်း စိတ်ပြုပြင်ပုံ

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော ပြသာနာတို့ကို မေးဖို့ရန် အကြံ ဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးပဲ ၇-ရက် ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်း စောင့်စည်း နေပုံမှာ သူတော်ကောင်းတိုင်း အတု ယူစရာကောင်းလှပေသည်။

စောင့်စည်းပုံကား--နံနက် စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ဝတ်ရိုးဝတ်စဉ် အဝတ် တန်ဆာများကို မဝတ်တော့ပဲ ဖန်ရည် ဆိုးသော အဝတ်ကို ဝတ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးသွင် မှတ်ထင် လောက်အောင် ခေါင်းစွပ်ကို စွပ်လျက် (ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ဂ-ပါးသော အချက်များကို ၇-ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာဆောက်တည်လေသည်။ ဂ-ပါးကား...

၁။ ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂ စိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၄။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော် ကျွန်တော် အလုပ်သမား အမှုထမ်းများအပေါ်၌သော်လည်း စိတ်ကို နှိမ်ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
၇။ မြင်ရ ကြားရ တွေ့ရ သိရသမျှသော အာရုံများအတွက် အကုသိုလ် မဖြစ်အောင် မျက်စိ နား စသော ဣန္ဒြေများကိုစောင့်စည်းမည်။
၈။ အားလုံး သတ္တဝါတို့အပေါ်မှာ မေတ္တာစိတ်ထားမည်။

ဤရှစ်ပါးသော အချက်ကို ၇-ရက်လုံး စောင့်သုံးလျက် ၈-ရက် မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစော စား၍ ဣန္ဒြေကြီးမားသော ရဟန်းတော်ကဲ့သို့ စက္ခုန္ဒြေချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင် အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်း ကပ်လျက် လေးနက်သော ပြဿနာများကို မေးလျှောက်လေသည်။

အတုယူဖွယ်

ဤ မိလိန္ဒမင်းကြီး၏ ၇-ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတု ယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိတို့ နေအိမ်မှာပင် တနေ့ တရက် တနံနက် စသည်ဖြင့် ရက်ကိုပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင်အဖြစ်သို့တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ပဲ ရှိပါလိမ့်မည်။

“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတခု၏ အလိုသို့ လိုက်နေရသည်”။ တရားတော်

“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြစမ်းစေချင်၊ စိတ်အစဉ်ကို ပြင်ဆင်လေကွဲ့-နေ့စဉ်တဲ့။

စိတ်အကြောင်း ပြီး၏။