ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း သာဌေယျ အကြောင်း
325618ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း သာဌေယျ အကြောင်းအရှင်ဇနကာဘိဝံသ

သာဌေယျ အကြောင်း

မာယာနှင့်စပ်၍ သာဌေယျ အကြောင်းကိုလည်း မှတ်သားထိုက်၏။ အခြား သူတို့ အထင်ကြီးအောင် မိမိမှာမရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတမျိုးကိုပင်။ “သာဌေယျ”ဟု ခေါ်သည်။ မာယာသည်ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထို၂-မျိုးလုံးပင် အလိမ်ဉာဏ်၊ အပလီဉာဏ်၊ အကောက်ဉာဏ် မျိုးချည်းတည်း။

ဘုန်းကြီးများ သာဌေယျ

သီလမရှိပဲ သီလရှိဟန်၊ အကျင့် မကောင်းပဲ အကျကောင်းဟန်၊ စာပေ မတတ်ပဲ စာပေ တတ်ဟန်ဆောင်ခြင်းသည် “သားဌေယျ ပင်တည်း။ ပါးနပ်သော ဒကာများနှင့် မတွေ့သမျှ ထိုဟန်ဆောင်မှု သာဌေယျသည် ထိုပုဂ္ဂိုလ်မှာ အကျိုးရလျက် ရှိ၏။ ပါးနပ် သူတို့နှင့် တွေ့စေကာမူ ထိုသူတို့က “ငါတို့ အနေသာချည်းပဲ၊ သူ့ဘာသာသူ ညာချင် ညာပေစေ”ဟု သဘောထားသောကြောင့် လည်းကောင်း၊ ရင်းနှီး၍ ပါးနပ်သူတို့ကမူ မိမိဆရာ၏ အရည်အချင်း မရှိကြောင်းကို အခြားသူတို့ သိမည် စိုးသောကြောင့် လည်းကောင်း၊ ထိုသူ၏ ဟန်ဆောင်မှု သာယျသည် ယခုဘဝအတွက် အကျိုးရလျက်ပင်။

လူများ သာဌေယျ

သီလ မရှိပဲ သီလ ရှိဟန်၊ သမာဓိ မရှိပဲ သမာဓိ ရှိဟန်၊ စွမ်းရည် သတ္တိ မရှိပဲ စွမ်းရည်သတ္တိ ရှိဟန်၊ ပညာ မရှိပဲ ဘီအေ၊ အမ်အေ အောင်ဟန်၊ ဥစ္စာ မရှိပဲ ဥစ္စာ ရှိဟန် စသည်ဖြင့် လူတို့၏ ဟိတ်ဟန်ထုတ်မှု သာဌေယျလည်း များလှပေသည်။

မာယာသာဌေယျတို့ ဆိုးရွားပုံ

ဤ မာယာ သာယျတို့သည် ဖြစ်ရိုး ဖြစ်စဉ်လိုချင်မှု လောဘထက်ပင် လောက၌ ဆိုးရွာ၏။ ထင်ရှားစေအံ့- ဘုန်းကြီးများမှာ သီလ သမာဓိ ပညာမရှိပဲ ရှိဟန်ဆောင် နေသည့်အတွက် သီလ သမာဓိ ပညာ အမှန်ရှိသော ပုဂ္ဂိုလ်များကို မိမိနှင့် တန်းတူထား၍ ဝါကြွား ပြောဆိုရတော့မည်။ ထိုသို့ ပြောဆိုမိသည့်အတွက် ဘဝသံသရာ၌ ကိုယ်ကျိုးနစ်နာခဲ့လေပြီ။ ထိုဘုန်းကြီး မျိုးကို ကိုးကွယ် ထားသော ဒကာ ဒကာမတို့မှာလည်း အသိ အလိမ္မာ တိုးပွားဖို့ မရှိသည့်အပြင် လှူဒါန်းရာ၌လည်း ပစ္စည်း ကုန်သလောက် အကျိုးမများ တော့ချေ။ လူတို့တွင်လည်း သီလ သမာဓိ မရှိပဲ ရှိဟန်ဆောင်နေကြသော ကြောင်သူတော်များကြောင့် အမျိုးသမီးကလေးတွေ ပျက်စီးရ၏။ ထိုလူကြီးလူကောင်း အခေါ်ခံနေသူတို့၏ ဆိုးရွားသော မတရားအသက် မွေးမှုကြောင့် မြို့ ရွာ နယ်ပယ်ရှိ လူအများလည်း အကျင့်စာရိတ္တ ပျက်ပြား ရ၏။

စွမ်းရည်သတ္တိ မရှိပါပဲလျက် စွမ်းရည် သတ္တိ ရှိဟန်ဆောင်၍ ခေါင်းဆောင် အခေါ်ခံနေသူတို့အတွက် နောက်လိုက် ငယ်သားတို့အသက်စည်းစိမ့် ကိုပါ ဆုံးရှုံးကြ ရုံမက၊ ထီးကျိုးစည်ပေါက်၍ တိုင်းပြည်ပါ မှောက်တတ်လေသည်။ ပစ္စည်း ဥစ္စာ အရည်အချင်း မရှိပါပဲ ရှိဟန်ဆောင်ကြသော မာယာသာဌေယျသမား လူလိမ်ကြီးများကို ယုံမှားမိကြ၍ ယခုကာလ လက်ထပ် ထိမ်းမြားသော အချို့ မင်္ဂလာတွေမှာ ပေါင်းမိကြသောအခါ မင်္ဂလာ မစစ်နိုင်တော့ပဲ အမင်္ဂလာ အဖြစ်သို့ ပြောင်းလဲရှာရလေသည်။

ဆက်ဦးအံ့---လက်ထပ် မင်္ဂလာပြုကြရာ၌ ၂-ဘက်လုံးမှာ ဖြစ်စေ၊ တဘက် ဘက်မှာ ဖြစ်စေ ရှိနေသော အပြစ် အနာများကို ဖုံးကွယ်ထားသော မာယာနှင့် မရှိသော ဂုဏ်သိန် စည်းစိမ်ကို ရှိဟန်ဆောင်မှု သာဌေယျေတို့ ပါနေကြပါမူ လက်ထပ်ပြီးနောက် မကြာမီ ပေါ်ပေါက်ပါလိမ့်မည်။ ထိုအခါ မိမိအား လှည့်စား သူကို (ဆွေမျိုးတစုကို) မြတ်နိုးနိုင် ပါဦးမည်လော။ မမြတ်နိုးပဲ ပေါင်းသင်းနေရလျှင်ကော စိတ်ချမ်းသာ နိုင်ပါဦးမည်လော။ အိမ်ထောင်ဘက်” ဟူသည် တဏှာဖြင့် ချစ်ရုံတွင်မက၊ မေတ္တာစစ်ဖြင့် မြတ်နိုးမှုလည်း ပါရှိရပါသေးသည်။

ဗုဒ္ဓဘာသာဝင်တို့၏ လက်ထပ် မင်္ဂလာမှုသည် ယခု တဘဝနှင့် ကိစ္စပြီးနိုင်ကြသည် မဟုတ်ပေ။ စိတ်တူ သဘောတူ ကြည်ကြည်ဖြူဖြူ ရှိကြပါမူ ဘုရားသွား ကျောင်းတက် အလှူရေစက်တို့က နောက်နောင် သံသရာအတွက် ဆက်လက် ပေးတတ်ကြလေသည်။ (အားလုံး ပေးလိမ့်မည်ဟု မဆိုလို၊ ပေးတတ်သည်ဟု ဆိုလိုပါသည်။) ထိုကဲ့သို့ မဖြူစင်ကြပဲ၊ မာယာ သာဌေယျတို့ကို အရင်းခံခဲ့ပါလော။တဘဝတွင် မက၊ အတူပြုရသမျှ ကုသိုလ်တို့၌လည်း စိတ် မထက်သန်ရကား နောက်နောင်သံသရာတိုင်အောင် အကျိုးနည်းဖွယ်ရှိ၏။ ထို့ကြောင့် လက်ထပ် မင်္ဂလာပြုမည်ဟု ကြံစည်စကပင် မာယာသာဌေယျမနှော စင်းလုံးချော မင်္ဂလာ ဖြစ်စေသင့်ကြပါသည်။

ဤသို့လျှင် မာယာသာယျသည် တဦးတယောက်ကို ဖြစ်စေ၊ လူအများ ကိုဖြစ်စေ၊ တတိုင်းပြည်လုံးကိုဖြစ်စေ၊ (ဘုရား မဟုတ်ပဲ ဘုရားလုပ်နေသူ တိတ္ထိ များကဲ့သို) တကမ္ဘာလုံးကိုဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန် ယုတ်မာဆိုးရွားသော တရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြား ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာဌေယျသမား လူအများတွင် မပါဝင်ကြစေပဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်စေရအောင် အထူး သတိထားကြပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ရှိသူချည်းသာ ဖြစ်သင့်ကြပေသတည်း။