ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ဣဿာ အကြောင်း
325629ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ဣဿာ အကြောင်းအရှင်ဇနကာဘိဝံသ

ဣဿာ အကြောင်း

ငြူစူခြင်း၊ မနာလိုခြင်း သဘောရှိသည် “ဣဿာ” ပင်တည်း။ ထို့ကြောင့် “ဣဿာလျှံမူ၊ လွန့်၏”ဟု ဆိုခဲ့သည်။ သူတပါး လှကြောင်း၊ ဥစ္စာ ပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများကို ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုတွင်သာမကပဲ ဇီးကွက်လောက်တော့ ငှက်တိုင်းလှ၍၊ သည်လို ယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နှုတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်း ထိုးကာနှင့် ပြောဆို ကဲ့ရဲ့တတ်ခြင်းသည် ဣသာ သဘော ချည်းတည်း။ ကျေးရွာသားတို့ ကဲ့ရဲ့ ရာ၌ကား “ဒီ ထန်းသီးမှုတ်မျိုးတော့ ဘယ်ထန်းပင် အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။

“ကိုယ်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ”ဟု ဆိုရိုး ရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။ ငါးပိသည်က ရွှေသည်၏ အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည် အချင်းချင်း၊ ငါးပိသည် အချင်းချင်း၊ ရဟန်း သံဃာ အချင်းချင်း၊ ဓမ္မကထိက အချင်းချင်း စာချဘုန်းကြီး အချင်းချင်း၊ ဆရာတော် အချင်းချင်း အတင်း ပြောကာ ဣဿာ ဖြစ်ဘတ်ကြသည်။ သူ၏ ကံစမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်းကြောင့် မိမိထက် သာလွန်၍ တိုးတက်နေသူကို အတင်း အဖျင်းပြောကာ ဣဿာ ဖြစ်မှုကြောင့် ထိုသူ့မှာ အကျိုးမယုတ်ပဲ မိမိမှာသာ ပညာရှိတို့ အထင်သေးခံရမည့်ပြင် ဘဝသံသရာ၌လည်း ယခုထက် အောက်ကျဖို့ အကြောင်း မကောင်းသောတရားတမျိုးဖြစ်၍ စင်စစ် ပယ်ရှားထိုက်လှပေသည်။

မြဂူကို မနာလိုသော ဝက်များ ဟိမဝန္တာတောင် ဂူအတွင်း၌ ခြင်္သေ့တစီး အောင်းနေ၏ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေကြသည်။ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေ ကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏အရောင်ကိုပင် အပြစ်မြင်နေကြ၏။အခါတပါး၌ ထိုဝက်အများ တိုင်ပင်ကာ ရွှံ့ညွန်ထဲ၌လူးပြီးလျှင် ထိုညွှန်ဖြင့် မြဂူကို (အရောင်မှိန်သွားအောင်) ပွတ်တိုက်ကြလေရာ၊ မြဂူမှာ အရောင်မညှိုးပဲ တိုး၍ ပြောင်လာလေသည်။ ထို့အတူ မိမိထက် သာသူကို မနာလို၍ အပြစ်ပြောလျှင် မိမိမှာသာ အနေခက်၍ အထက်တန်းရောက်ပြီးသူမှာ တိုး၍သာ ပြောင်ဖွယ် ရှိလေသည်။

အတုက္ကံသန ပရဝမ္ဘနာ

စကားပြောသောအခါ ဖြစ်စေ၊ စာရေးသောအခါ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍(ဂုဏ်ဖော်၍)ပြောဆိုရေးသားခြင်းကို “အတ္တုက္ကံသန”ဟု ခေါ်၏။ [အတ္တ=မိမိကိုယ်ကို+ ဥက္ကံသန =ချီးမြှောက်ခြင်း၊] သူတပါးကို ရှုတ်ချ၍ ရှုတ်ချ၍ (အပြစ်တင်၍) ပြောဆိုရေးသားမှုကို “ပရဝမ္ဘန”ဟု ခေါ်၏။ [ပရ=သူတပါးကို+ဝမ္ဘန = ရှုတ်ချခြင်း၊ ထိုတွင် အတ္တုက္ကံသန အမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘာနအမှု၌ကား ယခုပြနေသော ဣသာနှင့် မလိုမုန်းထားသော ဒေါသ သဘော ဖြစ်တတ်လေသည်။

ဂုဏ်ဖော်ပုံ

စကားပြောဆိုရာ၊ စာရေးသားရာတို့၌ မိမိ တတ်သိ နားလည်ကြောင်း၊ မိမိ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ အမျိုးအဆွေ ကြီးကြောင်း၊ ဘီအေ-အမ်အေ အောင်ကြောင်း၊ သူများနှင့် ပြိုင်ဆိုင်စဉ်တုန်းက မိမိအနိုင်ရခဲ့ကြောင်း၊ ယခုအခါ အောက်ကျ၍ နေရစေကာမူ ရှေးအခါတုန်းက ရွှေထီးဆောင်းခဲ့ရဘူးကြောင်း၊ (ဘုန်းကြီး ဖြစ်လျှင်) ဘုန်းကံကြီးကြောင်း၊ မိမိ၏ ဒကာ ဒကာမတို့ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ ရာထူးကြီးကြောင်း၊ မိမိ စာမေးပွဲ အောင်ကြောင်း၊ တရားကောင်းကြောင်း၊ စာချ ကောင်းကြောင်း၊ ရွှေ ငွေ ဖြစ်ကြောင်း စသည်ဖြင့် (ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ) ဂုဏ်ဇော်တတ်ကြလေသည်။ ဤသို့ ဂုဏ်ဖော်ကြရာဝယ် ဆင်ခြင် နည်းပါးသူတို့ အပေါ်မှာ အထိုက်အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားက တုံကမူ “ဤသူဟာ အူကြောင်ကြောင်ကြီး”ဟု အထင်သေး တတ်ကြသည်၊သို့ဖြစ်၍ စကားပြောရာ၊ စာရေးရာတို့၌ ဂုဏ်ဖော်ခြင်း ဟူသော အတ္တုက္ကံသန အမှုကို သတိပြု၍ ရှောင်သင့်ပေသည်။

ဂုဏ်ဖော်သင့်သောအခါ

တခါတရံ ဂုဏ်ဖော်သင့်သော အချက်များလည်း ရှိတတ်သေး၏။ ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျင်မိမိ အလုပ်ကို ဖြစ်စေ၊ မိမိ စကား မိမိ တရားကို ဖြစ်စေ သူတပါးကိုက အထင်သေးဖွယ်ရှိသော အချက်တည်း ထိုကဲ့သို့ အချက်များ ၌ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ ထိုကဲ့သို့ မိမိအလုပ်ပိုစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာန မဟုတ်ပါ။ မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှန်းတင်တတ်၊ စီစဉ်တတ်သော အသိ အလိမ္မာပင်ဖြစ်ပါသည်။

ရှုတ်ချမှု

သူတပါးကို ရှုတ်ချတတ်သော ပရဝမ္ဘနအမှုလည်း သတိ မထားတတ် သူ၏ စာအရေးအသား၊ စကား အပြောအဆိုများ၌ တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင်သေးအောင် နိမ့်ကျသွားအောင် သူတပါးကိုရှုတ်ချခြင်းသည် ယုတ်မာ ဆိုးရွားလှ၏။ သို့သော် တကယ် ယုတ်မာသူကို အများလူတို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့က ဖြစ်စေ အထင် ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့် စပ်သူတို့) အထင်မမှားရလေအောင် အခါအခွင့် အလိုက် ရှုတ်ချထိုက်ပေသည်။ သို့သော် ထိုသို့ အများက အထင်ကြီးနေသူကို အပြစ်ပြ၍ ရှုတ်ချရာဝယ် သက်သေခံ မရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေ။

ကြားဘူးသည်မှာ-ကျောင်းဒကာနှင့် ကျောင်းအမတို့သည် မိမိတို့ ဘုန်းကြီးကို ရဟန္တာလောက်ပင် ကြည်ညိုနေကြ၏။ အခါတပါးသော် အလှူတလှူ၌ သံဃာစဉ်ရာတွင် မိမိတို့ဘုန်းကြီးကို မမြင်ရသောကျောင်းဒကာသည်“ဘုန်းကြီး နေမကောင်းဘူး” ထင်၍ ကျောင်းသို့သွားလေသည်။ ထိုအခါ မီးတင်းကုပ်မှ မီးခိုးထွက်နေသည်ကိုမြင်၍ ချောင်းကြည့်မိရာ ဘုန်းတော်ကြီးကိုယ်တိုင် ကြက်ဥ ကြော်နေသည်ကိုမြင်ရသဖြင့် ကြက်သီးထကာ စိတ်မချမ်းမသာနှင့် ကျောင်းအမကို ပြန်ပြောလေရာ၊ ကျောင်းအမက “ကျောင်းဒကာ စိတ်ဖောက်ပြန်လာပေါ့”ဟု စိုးရိမ်၍ “အရပ်ကတို့...လာကြပါဦး၊ ကျုပ်တို့ ကျောင်းဒကာ ဘာဖြစ်လာမှန်း မသိပါဘူး”ဟု အော်လေရာ၊ ကျောင်းဒကာသည် လွန်စွာ ရှက်၍ သက်သက်အရူးပျောက်သလို လုပ်၍ ရောက်လာသူတို့အား ဘာမှ မဖြစ်ကြောင်းကို ပြောပြရလေသည်။ ထို့နောက် အိပ်ရာဝင်မှ တခါပြန်လေရာ ရှေးနည်း အတိုင်း ကျောင်းအမက အော်မည် လုပ်ပြန်သောကြောင့် ကျောင်းအမကို တောင်းပန်ကာ နောက်နောင်အခါ ဘုန်းကြီး ကြက်ဥကြော်စားသော အမှု မှန်ကို ဘယ်သူ့ကိုမှ မပြောဝံ့တော့ချေ။

ဤသို့လျှင် တချို့ အပြစ်များကို ပြောရာ၌ ပြောဆိုသူကိုပင် အရူး အထင်ခံ ရတတ်သေးသောကြောင့် အခါအခွင့်ကို ကြည့်ကာ ပြောသင့်မှ ပြောဆိုရမည်။ သို့ရာတွင် မိမိအိမ်သား အိမ်သူ စသော အလွန် ရင်းနှီးနေသူတို့ကိုကား (မယုံချင် နေပေစေ) ယုတ်မာသူကို အထင်ကြီးနေလျှင် ကြိုတင်၍ သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာ ရောက်သဖြင့် ထိုယုတ်မာ သူ၏ အပြစ်ကို ပြောထား သင့်သည်။