ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ဝိစိကိစ္ဆာ အကြောင်း
325632ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ဝိစိကိစ္ဆာ အကြောင်းအရှင်ဇနကာဘိဝံသ

ဝိစိကိစ္ဆာ အကြောင်း

ဘုရား စသည်၌ ယုံမှားခြင်း သဘောသည် ဝိစိကိစ္ဆာတည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှားဘိမူ၊ ဝိစိကိစ္ဆာ”ဟု ဆိုခဲ့သည်။ “ယုံမှား” ဟူသည် လုံးလုံး မယုံခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချလည်း မယုံကြည်ပဲ “မယုံ တဝက် ယုံတဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤ ဝိစိကိစ္ဆာ၏ မယုံမှု များကား--

၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား။
၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား
၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာ ကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။
၄။ ငါတို့ ကျင့်ကြံ စောင့်ရှောက်အပ်သော သီလသိက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့ မလား။
၅။ ငါတို့ ရှေးရှေး ဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့ လား။ (ယခုဘဝမှ ထာဝရဘုရား-ဖန်ဆင်းလို့ ဖြစ်ရတာလေလား)
၆။ နောက်၌ ရောက်ဖို့ရာဘဝ ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘဝသေလျှင် ပြီးချင် ပြီးနေမလား)
၇။ ပြုသမျှကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိ ကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကို မယုံကြည်ပုံ)
၈။ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)
၉။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော အကြောင်း အကျိုးစပ်ပုံသည်ဟုတ်မှ ဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။ ဤသို့ ဘုရား စသည်၌ မယုံကြည်ခြင်းကိုသာ ဝိစိကိစ္ဆာဟု မှတ်ပါ။ ဤဝိစိကိစ္ဆာကို “သံသယ ဖြစ်ခြင်း” ဟုလည်း ဆိုကြသည်။

ဝိစိကိစ္ဆာ

စာအဓိပ္ပါယ်ကိုဖြစ်စေ၊ တစုံတခု အမှုကိစ္စကို ဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ၊ “ဟုတ်မှ ဟုတ်ပမလား၊ ပြုလို့ တော်ပါ့မလား” စသော ယုံမှား သံသယများ ဖြစ်တတ်၏။ ရဟန္တာ များပင် ဝိနည်းတော်ဆိုင်ရာ၌ “ဤ အမှုဟာ အပ်မှအပ်မလား”ဟု ယုံမှားတော်မူကြသေး၏။ ဤ ယုံမှားသံသယ ဝိစိကိစ္ဆာ မဟုတ်။ တချို့ အရာ၌ စဉ်းစား ကြံစည်တတ်သော ဉာဏ်၊ တချို့ အရာ၌ အကြံသက်သက် ဝိတက် သဘောသာ ဖြစ်၏။ ဧကန်ယုံထိုက်သော ဘုရား စသည်ကို မယုံသင်္ကာ ဖြစ်နေရာ၌သာ ဝိစိကိစ္ဆာအစစ်ဖြစ်သည်။ ဤသို့ ဝိစိကိစ္ဆာဖြစ်သောအခါ ပညာရှိများ အထံ မေးမြန်းရမည်။ သို့မှသာ ဝိစိကိစ္ဆာ ကင်းကွာလျက် ဘုရား စသည်တို့၌ ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်လာ နိုင်ပေမည်။

နိဂုံး

ဤပြခဲ့သော စကားအစဉ်ဖြင့် စိတ်ကို မကောင်းအောင် ခြယ်လှယ်စာတ်သော အကုသိုလ်စေတသိက်များကို နိဂုံးအုပ်ပါတော့မည်။ ပြခဲ့သော အကုသိုလ်တို့သည် သူသူကိုယ်ကိုယ် သန္တာန်၌ တွေ့မြင်နိုင်သော စေတသိက်များ ဖြစ်၏။ တကမ္ဘာလုံး ထိုတရားဆိုးများ သောင်းကျန်းလျက်ရှိသောကြောင့်သာ ဒုက္ခအဖုံဖုံကို နေ့စဉ်နှင့်အမျှ တွေ့ကြုံ ကြားသိ နေကြရလေသည်။

ဤသို့ စိတ်ဆိုး စိတ်ယုတ်မာဖြစ်အောင် ခြယ်လှယ်တတ်သော အသိုလ် တရားစုကို သိသာ ထင်ရှား အများ နားလည်အောင် ကြိုးကြိုးစား ရေးသားပြုစု၏ ကောင်းမှုကြောင့် ငါ့သန္တာန်၌ အကုသိုလ်တရား နည်းပါး သည်ထက် နည်းပါးပါစေ။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်တို့လည်း စိတ်ကောင်းရှိသူတွေသာ ဖြစ်ကြပါစေ။ ဤကျမ်းကိုကြည့်ရှုကြသူ အများလူလည်း စိတ်ကောင်းရှိသူတွေ ဖြစ်ကြပါစေ။

အကုသိုလ်မျိုး၊ စိတ်ယုတ်ဆိုးကို ကြိုးကြိုးစားစား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမှု၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပါပ ညစ်ညမ်း၊ အပြစ် သွမ်းတို့၊ ကုန်ခန်းပျောက်လွင့်၊ စိတ်ကောင်း တင့်၍၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်းတူ၊ စိတ်ကောင်း ယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက်များ ပြီးပြီ။