အင်္ဂုလိမာလ မထေရ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ အင်္ဂုလိမာလ မထေရ်(ကျောင်းသားကိုင်သို့)
348348ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၇။ အင်္ဂုလိမာလ မထေရ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

သင်ခန်းစာခေါင်းစဉ်။ ။ အင်္ဂုလိမာလ မထေရ်

သင်ယူမှုဦးတည်ချက်။ ။ အင်္ဂုလိမာလမထေရ်အကြောင်းကို သိရှိပြီး အမှားကိုသိ၍ အမှန်ပြင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-အင်္ဂုလိမာလဆိုတဲ့အမည်ကို ကြားဖူးသလား။ ကြားဖူးတယ်ဆိုရင် ဘယ်မှာ ကြားဖူးတာလဲ။
-ဘာကြောင့် အင်္ဂုလိမာလလို့ ခေါ်တာလဲ။
-သူက ဘယ်လို လူမျိုးလဲ။ သိသလောက် ပြောပြပါ။
-အင်္ဂုလိမာလသုတ်ဆိုတာကိုရော ကြားဖူးသလား။ ဘာကြောင့် ရွတ်ကြတာလဲ။

֍ ထို့နောက် အင်္ဂုလိမာလအကြောင်းကို သိသောကလေးများက ပြောပြကြပါစေ။

֍ ဆရာက အထက်ပါမေးခွန်းများ၏ အဖြေမှန်များကို မပြောသေးဘဲ “အင်္ဂုလိမာလနဲ့ပတ်သက်ပြီး သိချင်တဲ့အချက်တွေကို နောက်စာသင်ချိန်မှာ သားတို့သမီးတို့ကိုယ်တိုင် ဖတ်ကြရမယ်”ဟု ပြော၍ စာသင်ချိန် (၂)ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

֍ အင်္ဂုလိမာလမထေရ် အကြောင်းကို ဖတ်ကြပါစေ။

သင်ယူမှုလုပ်ငန်းစဉ်

အင်္ဂုလိမာလ မထေရ်

ဘုရားရှင်လက်ထက်တော်အခါက ကောသလမင်း၏ ပုရောဟိတ်ပုဏ္ဏားကြီးအိမ်၌ သားတစ်ယောက် ဖွားမြင်၏။ ထိုကလေးဖွားမြင်စဉ် မင်းကြီး၏ သံလျက်အပါအဝင် တစ်မြို့လုံးရှိ ဓား၊ လှံ၊ လက်နက်များသည် အရောင်တဝင်း ဝင်း ထွက်ပေါ်လာ၏။ ထိုထူးဆန်းသောနိမိတ်ကို မြင်တွေ့ရသော မင်းကြီးသည် ထိတ်လန့်တုန်လှုပ်လျက် အိပ်စက်မရ ခဲ့ပေ။

မိုးလင်း၍ ပုဏ္ဏားကြီးအခစားဝင်ရောက်လာသောအခါ မင်းကြီးသည် သူတွေ့ခဲ့ရသော နိမိတ်နှင့် ပတ်သက်၍ ပုဏ္ဏားကြီးအား မေး၏။ ထိုအခါ ပုဏ္ဏားကြီးက မင်းကြီး ထိတ်လန့်စရာမလိုကြောင်း၊ သူ့အိမ်တွင် ဖွားမြင်သော သူ့သား လေးကြောင့်သာဖြစ်ကြောင်း၊ နောင်အခါတွင် ထိုသားလေးသည် တစ်ကိုယ်တော်သူခိုးကြီးဖြစ်လာမည့် နိမိတ်ဖြစ်ကြောင်း၊ ထိုသားလေးကို ယခုကပင် သတ်ပစ်ရမည်လော စသည်ဖြင့် မင်းကြီးအား လျှောက်တင်လိုက်သည်။ မင်းကြီး က တစ်ကိုယ်တော်သူခိုးကြီး ဖြစ်လာမည့်သူသည် မိမိ၏အသက်အန္တရာယ်ကို မစိုးရိမ်ရသဖြင့် ထိုကလေးကို မသတ်ဘဲ ကြီးပြင်းလာသည်အထိ ကျွေးမွေးပြုစုခိုင်းလေသည်။ ထိုကလေး၏အမည်ကို ဟိံသက (မင်းကြီး၏စိတ်ကို နှိပ်စက်ညှဉ်း ပန်းလျက် ဖွားမြင်လာသူ)ဟု အမည်မှည့်ခဲ့၏။ သို့သော် ထိုနာမည်အတိုင်း မဖြစ်စေလိုသော ဆွေမျိုးများက အဟိံသက ဟု ပြင်၍ ခေါ်ကြလေသည်။

အဟိံသကသည် အရွယ်ရောက်သောအခါ ခွန်အားဗလ အလွန်ကြီးမားသူဖြစ်လာ၏။ ဖခင်ပုဏ္ဏားကြီးသည် သားဖြစ်သူ သူခိုးကြီးဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဒိသာပါမောက္ခ ဆရာကြီးထံတွင် ပညာသင်ကြားစေသည်။ သ သားဖြစ်သူ၏ မာန်မာနကို ချိုးနှိမ်လိုသဖြင့် ဆရာကြီးကို ပူဇော်ရန် မည်သည့်ငွေကြေးဥစ္စာကိုမျှ မပေးလိုက်ပေ။ သို့ဖြစ်၍ အဟိံသကသည် ဒိသာပါမောက္ခ ဆရာကြီးအိမ်တွင် အိမ်မှုကိစ္စများပြုလုပ်၍ ပညာသင်ရ၏။ သို့သော် ပညာကြိုးစား သင်ယူသဖြင့် ပညာရပ်အားလုံးတွင် အထူးချွန်ဆုံးဖြစ်နေသည်။ ဆရာကြီးနှင့် ဇနီးတို့ကလည်း သူ့ကို သားအရင်းပမာ ချစ်ခင်ကြသည်။ ထိုအခါ ကျန်တပည့်များက မနာလိုဖြစ်လာကြပြီး အဟိံသကသည် ဆရာကတော်နှင့် ဖောက်ပြန်နေပါသည်ဟု ဆရာကြီးအား ကုန်းချောကြ၏။ ဆရာကြီးသည် ပြောစတွင် မယုံကြည်သော်လည်း အကြိမ်များစွာ ပြောလာသောအခါ ယုံကြည်လာပြီး အဟိံသကကို သတ်ရန် ကြံစည်လေတော့သည်။

တစ်နေ့တွင် ဆရာကြီးက အဟိံသကကို ခေါ်ပြီး “အမောင် အဟိံသက ... သင်ဟာ အခြားတပည့်တွေထက် ပညာပိုတော်ပေမဲ့ မပြည့်စုံသေးဘူး၊ ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ဖို့ လူပေါင်းတစ်ထောင်ရဲ့ လက်ညှိုးပေါင်း တစ်ထောင်ဖြင့် ငါ့ကို ပူဇော်ရမယ်”ဟု ပြောလိုက်၏။ အဟိံသကလည်း ဖြစ်စေရမည်ဟု ကတိပြု၍ ဆရာကြီးကို ကန်တော့ပြီး တောထဲသို့ ထွက်ခွာသွား၏။

အဟိံသကသည် တောထဲတွင် တွေ့သမျှလူကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်ညှိုးများကို ဖြတ်ယူ၏။ သို့သော် ဖြတ်၍ရသော လက်ညှိုးများကို သစ်ခွ၊ သစ်ကိုင်း၊ သစ်ငုတ်များပေါ်တွင် ပစ်ထားသဖြင့် ပျောက်ကုန်၏။ ပျောက်ဆုံးဖန် များလာသောအခါ အကြံရလာကာ လက်ညှိုးများကို ကြိုးဖြင့်သီကုံး၍ ပခုံး၌ ဆွဲထားလိုက်သည်။ ထိုအခါမှစ၍ လူများ က သူ့ကို အင်္ဂုလိမာလ (လက်ညှိုးပန်းကုံး လွယ်ထားသူ)ဟု ခေါ်ကြသည်။

ထိုတောအုပ်အနီးရှိ ရွာများမှ လူတို့သည် ကြောက်လန့်ပြီး သာဝတ္ထိမြို့တော်သို့ ထွက်ပြေးကာ အင်္ဂုလိမာလကို နှိမ်နှင်းပေးရန် ကောသလမင်းကြီးအား တောင်းဆိုကြသည်။ ထိုအကြောင်းကို ကြားသော အင်္ဂုလိမာလ၏ မိခင်ကြီးသည် သားဖြစ်သူကို ဘုရင်ကြီးက ဖမ်းဆီးသတ်ဖြတ်တော့မည်၊ မဖမ်းမီ သားကို သွားခေါ်ပါဟု ပုဏ္ဏားကြီးအား ပြော၏။ ပုဏ္ဏားကြီးက သူသွားခေါ်ရန် မသင့်ကြောင်း၊ လူမိုက်ဆိုသည်မှာ မည်သူ့ကိုမျှ ညှာတာထောက်ထားမည် မဟုတ်ကြောင်း ပြောဆို၍ ငြင်းလိုက်၏။ ထိုအခါ မိခင်ကြီးသည် မိခင်တို့၏ ချစ်ခြင်းမေတ္တာဖြင့် သားအပေါ်အပြစ်မမြင်နိုင်ရှာ၊ မိမိအသက်အရွယ်ကိုမျှ မငဲ့ကွက်နိုင်ဘဲ ကြမ်းတမ်းလှသော လမ်းခရီးတွင် အလဲလဲအပြိုပြိုဖြင့် သားကို ပြေးလွှားရှာ ဖွေလေသည်။

ထိုအချိန်တွင် အင်္ဂုလိမာလသည် လူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ကာ တောထဲတွင် ဆင်း ဆင်းရဲရဲ ပင်ပင်ပန်းပန်း ပုန်းအောင်းနေရသည်ကို ငြီးငွေ့နေလေပြီ။ ကြိုးနှင့်သီထားသော လက်ညှိုးများမှာလည်း တစ် ထောင်ပြည့်ရန် တစ်ချောင်းသာလိုတော့၏။ ထို့ကြောင့် အင်္ဂုလိမာလသည် ထိုနေ့တွင် ပထမဆုံးတွေ့သူသည် လိုနေသော လက်ညှိုးတစ်ချောင်းအတွက် ဖြစ်ရမည်ဟု ဆုံးဖြတ်ထား၏။

ထိုနေ့နံနက်တွင် မြတ်စွာဘုရားရှင်သည် လောကကို ကြည့်ရှုတော်မူသောအခါ အင်္ဂုလိမာလတို့ သားအမိကို မြင်တော်မူသည်။ အင်္ဂုလိမာလသည် မိမိ၏မိခင်ကိုမြင်လျှင် ဧကန်မုချ သတ်ဖြတ်ပေတော့မည်၊ ဤသို့ဖြစ်လျှင် မိခင်ကြီးသည် အချည်းနှီး သေဆုံးရ၍ အင်္ဂုလိမာလမှာလည်း ရဟန္တာဖြစ်ရန် အခွင့်အရေး ဆုံးရှုံးရပေတော့မည်ဟု ဆင်ခြင်တော်မူကာ ယူဇနာသုံးဆယ်မျှ ကွာလှမ်းသော ခရီးကို တစ်ပါးတည်း ကြွတော်မူသည်။

ထိုအချိန်တွင် မိခင်ပုဏ္ဏေးမကြီးသည် အင်္ဂုလိမာလ နေထိုင်ကျက်စားရာ ဇာလိတောအုပ်သို့ ရောက်ရှိလာသည်။ အင်္ဂုလိမာလသည် မိခင်ကြီးကို မြင်လျှင်မြင်ချင်း ဓားကိုဆွဲ၍ တစ်ဟုန်ထိုး လိုက်လေ၏။ ထိုအချိန်တွင် မိခင်တို့၏ အနန္တမေတ္တာကိုလည်း မမြင်တော့ပေ။ လိုနေသော လက်ညှိုးတစ်ချောင်း ရဖို့အရေးသည်သာ သူ့အတွက် အရေး အကြီးဆုံး ဖြစ်နေသည်။

ထိုအခိုက် မြတ်စွာဘုရားသည် သားအမိနှစ်ယောက်အကြား၌ ပေါ်လာရာ အင်္ဂုလိမာလသည် မိခင်အစား ဤရဟန်းကိုပဲ သတ်မည်ဟု ဆုံးဖြတ်ချက်ပြောင်းကာ မြတ်စွာဘုရားနောက်သို့ သဲကြီးမဲကြီး လိုက်လေ၏။ ဤသို့ သဲကြီးမဲကြီး ပြေးလိုက်သော်လည်း ဣန္ဒြေရရ ကြွတော်မူသော မြတ်စွာဘုရားကို လိုက်၍မမီပေ။ ထို့ကြောင့် အင်္ဂုလိ မာလက “ရဟန်းကြီး မပြေးပါနဲ့၊ ရပ်ပါ”ဟု ပြောသောအခါ မြတ်စွာဘုရားက “ငါသည် ရပ်နေ၏၊ သင်ကသာ မရပ်မနား ပြေးသွားနေ၏”ဟု ပြန်လည်မိန့်တော်မူ၏။ ထိုအခါ အင်္ဂုလိမာလက “အသင်ရဟန်းသည် အဘယ့်ကြောင့် မုသားစကား ပြောကြားရသနည်း”ဟု မေးရာ မြတ်စွာဘုရားက “အင်္ဂုလိမာလ ... ငါသည် သတ္တဝါတို့အား သတ်ဖြတ် နှိပ်စက်ခြင်းကို ပယ်စွန့်ပြီးဖြစ်၍ ရပ်တန့်နေသူဖြစ်၏၊ သင်သည်ကား သတ္တဝါတို့အား သတ်ဖြတ်နှိပ်စက်ခြင်းကို ပြုနေသည်ဖြစ်၍ ပြေး လွှားနေသူ ဖြစ်၏”ဟု မိန့်တော်မူသည်၊

မြတ်စွာဘုရား၏ တရားစကားကို ကြားနာလိုက်ရသော အင်္ဂုလိမာလသည် အမှန်တရားကို ချက်ချင်း သဘော ပေါက်သွားကာ ပခုံးတွင်ဆွဲထားသော လက်ညှိုးပန်းကုံးနှင့် ဓားလက်နက်တို့ကို ချောက်ထဲသို့ ပစ်ချလိုက်ပြီး မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်း၍ ရဟန်းပြုပေးရန် တောင်းပန်လေသည်။ မြတ်စွာဘုရားက သူ့ကို ရဟန်းပြုပေးကာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်သွား၏။

ထိုအချိန်တွင် အင်္ဂုလိမာလကို နှိမ်နှင်းရန် စစ်သည်ဗိုလ်ပါများနှင့်အတူ ထွက်လာသော ကောသလမင်းကြီးသည် မြတ်စွာဘုရားထံ ရှေးဦးစွာ ဝင်ရောက်ဖူးမြော်သည်။ ထိုအခါ မြတ်စွာဘုရားက အသင်မင်းကြီး သွားရောက် နှိမ်နှင်းမည့် အင်္ဂုလိမာလဆိုတာ ဤရဟန်းပါပဲဟု မိန့်တော်မူရာ မင်းကြီးသည် အင်္ဂုလိမာလမထေရ်ကို ကြည့်ကာ ထိတ်လန့်သွား၏။ ထိုအခါ မြတ်စွာဘုရားက အင်္ဂုလိမာလသည် ယခု ယဉ်ကျေးသိမ်မွေ့သော ရဟန်းတစ်ပါး ဖြစ်နေသည့်အတွက် ထိတ်လန့်စရာကောင်းသောပုဂ္ဂိုလ် မဟုတ်တော့ကြောင်း မိန့်တော်မူလိုက်မှသာ မင်းကြီးလည်း စိတ် သက်သာရာ ရသွားလေသည်။

နောက်တစ်နေ့နံနက်တွင် အင်္ဂုလိမာလမထေရ် မြို့ တွင်းသို့ ဆွမ်းခံဝင်ရာ မြို့ သူမြို့ သားတို့သည် ဆွမ်းတစ်ဇွန်း မျှ မလောင်းကြသည့်အပြင် မထေရ်ကိုမြင်လျှင် ထွက်ပြေးသူပြေး၊ အိမ်တံခါးပိတ်သူ ပိတ်ကြ၏။ စိတ်မထိန်း နိုင်သူတို့က ခဲ၊ တုတ်တို့ဖြင့် ပစ်ခတ်ကြသဖြင့် မထေရ်၏ ဦးခေါင်းမှ သွေးပေါက်ပေါက် ကျလေ၏။ မထေရ်သည် မေတ္တာဖြင့် သည်းခံတော်မူသည်။

တစ်နေ့တွင် အင်္ဂုလိမာလမထေရ်သည် မြို့တွင်း၌ ဆွမ်းခံကြွစဉ် သားမဖွားနိုင်သော ကိုယ်ဝန်သည် တစ် ယောက်၏ အော်ဟစ်ညည်းညူနေသံကို ကြားခဲ့ရာ မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားလိုက်၏။ မြတ်စွာဘုရား က မထေရ်အား ပရိတ်တရားတော်ကို သင်ပေးလိုက်၏။ မထေရ်သည် ထိုအိမ်သို့ ပြန်ကြွသွားပြီး ပရိတ်တော်ကို ရွတ်ဖတ်ပေးရာ ကိုယ်ဝန်သည် အမျိုးသမီးသည် သားရတနာကို လွယ်ကူစွာ မွေးဖွားလေသည်။ ထိုအချိန်မှစ၍ ထိုပရိတ်တော်သည် “အင်္ဂုလိမာလ ပရိတ်”ဟူ၍ ထင်ရှားလာခဲ့၏။

ထိုသတင်းသည် သာဝတ္ထိတစ်မြို့လုံးသို့ တခဏချင်း ပျံ့နှံ့သွားပြီး လူများသည် အင်္ဂုလိမာလမထေရ်အား ကြည်ညိုလေးစားလာကြသည်။ ထိုအခါမှ လောကလူသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်ပြီဖြစ်၍ မထေရ်၏ စိတ် နှလုံးမှာလည်း အနှောင့်အယှက်များ ကင်းစင်သွားကာ ကမ္မဋ္ဌာန်းတရားကို ကောင်းစွာအားထုတ်နိုင်သဖြင့် မကြာမီပင် ရဟန္တာဖြစ်သွားလေသည်။

မှီငြမ်း။ ။ ထေရီ ထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ၊ ဝဏ္ဏသီရိ၊ ၃၃၆-၃၄၅။ ထေရ၊ဋ္ဌ၊၂၊၃၂၄-၃၃၅။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-အဟိံသကလို့ ဘာကြောင့် အမည်ပေးခဲ့တာလဲ။
-မိဘဆွေမျိုးတွေက ဟိံသကကို ဘယ်လို ခေါ်ခဲ့သလဲ။ ဘာကြောင့်လဲ။
-အဟိံသကဟာ ဆရာကြီးဆီမှာ ပညာကို ဘယ်လို သင်ယူခဲ့ရသလဲ။ ဘာကြောင့်လဲ။
-ဆရာကြီးက အဟိံသကကို ဘာကြောင့် သတ်ဖို့ ကြံစည်ခဲ့တာလဲ။
-ဆရာကြီးက အဟိံသကကို ဘယ်လို ပူဇော်ခိုင်းခဲ့သလဲ။
-အဟိံသကကို အင်္ဂုလိမာလလို့ ဘာကြောင့် ခေါ်တာလဲ။
-မြတ်စွာဘုရားကို မုသားစကားပြောတယ်လို့ အင်္ဂုလိမာလက ဘာကြောင့် စွပ်စွဲတာလဲ။
-အင်္ဂုလိမာလရဲ့ စွပ်စွဲချက်ကို မြတ်စွာဘုရားက ဘယ်လို ပြန်ဖြေခဲ့သလဲ။
-အင်္ဂုလိမာလပရိတ်တော်က ဘယ်လိုဖြစ်ပေါ်လာတာလဲ။
-ဘုရားရှင်နဲ့ မတွေ့ဘူးဆိုရင် အင်္ဂုလိမာလ ဘယ်လို ဖြစ်သွားမယ်လို့ ထင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ပုဂ္ဂိုလ်လေးမျိုးအကြောင်း ရေးထားသော စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “တကယ်တော့... အင်္ဂုလိမာလဟာ လူတော်လူကောင်းတစ်ယောက်ဖြစ်တယ်။ ဆရာကြီးရဲ့ မကောင်းတဲ့အကြံ ကြောင့်သာ လူဆိုးတစ်ယောက် ဖြစ်သွားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားရှင်နဲ့တွေ့ပြီး လူကောင်းတစ်ယောက် ပြန်ဖြစ်လာ ခဲ့တယ်။ အဲဒီလိုပဲ လောကမှာ မကောင်းတဲ့ဘဝကနေ မကောင်းတဲ့ဘဝကိုပဲ ပြန်သွားတဲ့သူ၊ မကောင်းတဲ့ဘဝ ကနေ ကောင်းတဲ့ဘဝကို သွားတဲ့သူ စသည်ဖြင့် ပုဂ္ဂိုလ်လေးမျိုး ရှိတယ်။ အဲဒီပုဂ္ဂိုလ်လေးမျိုးကို လေ့လာကြည့်ရ အောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ဆရာက အောက်ပါပုဂ္ဂိုလ်လေးမျိုးကို သင်ပုန်းတွင် ကြိုတင် ရေးထားပါ။

အမှောင်မှ လာ၍ အမှောင်သို့ သွားသူ။
အမှောင်မှ လာ၍ အလင်းသို့ သွားသူ။
အလင်းမှ လာ၍ အမှောင်သို့ သွားသူ။
အလင်းမှ လာ၍ အလင်းသို့ သွားသူ။

၁။ ဤလောကတွင် အချို့လူများသည် ဆင်းဆင်းရဲရဲ နေရ၏။ အဝတ်အစား အသုံးအဆောင်များလည်း ရှားပါး၏။ ရုပ်ရည်ကလည်း မလှပေ။ အနာရောဂါလည်း ထူပြော၏။ မကောင်းမှုများကိုလည်း ပြုလုပ် နေ၏။

၂။ ဤလောကတွင် အချို့လူများသည် ဆင်းဆင်းရဲရဲ နေရ၏။ အဝတ်အစား အသုံးအဆောင်များလည်း ရှားပါး၏။ ရုပ်ရည်ကလည်း မလှပေ။ အနာရောဂါလည်း ထူပြော၏။ သို့သော် ကောင်းမှုကုသိုလ်များကို ပြုလုပ်နေ၏။

၃။ ဤလောကတွင် အချို့လူများသည် ချမ်းသာကြွယ်ဝကြ၏။ အဝတ်အစား အသုံးအဆောင်များလည်း ပေါ များ၏။ ရုပ်ရည်ကလည်း လှပ၏။ အနာရောဂါလည်း ကင်းရှင်း၏။ သို့သော်လည်း မကောင်းမှုများကို ပြုလုပ်နေ၏။

၄။ ဤလောကတွင် အချို့လူများသည် ချမ်းသာကြွယ်ဝကြ၏။ အဝတ်အစား အသုံးအဆောင်များလည်း ပေါ များ၏။ ရုပ်ရည်ကလည်း လှပ၏။ အနာရောဂါလည်း ကင်းရှင်း၏။ ကုသိုလ် ကောင်းမှုများကိုလည်း ပြုလုပ်နေ၏။

֍ ထို့နောက် ဆရာက ကြိုတင်ရေးထားသော အထက်ပါ ပုဂ္ဂိုလ်လေးမျိုး အကြောင်းအရာကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။ ဖတ်ပြီးလျှင် ဆရာက အောက်ပါမေးခွန်းများကို မေး၍ ပုဂ္ဂိုလ်လေးမျိုး အကြောင်းနှင့် တွဲစပ်ဖြေဆို ကြပါစေ။

-ဘယ်လိုလူမျိုးတွေဟာ အလင်းကလာပြီး အမှောင်ကို သွားသူလဲ။ ဘာကြောင့်လဲ။
-ဘယ်လိုလူမျိုးတွေဟာ အမှောင်ကလာပြီး အမှောင်ကို သွားသူလဲ။ ဘာကြောင့်လဲ။
-ဘယ်လိုလူမျိုးတွေဟာ အလင်းကလာပြီး အလင်းကို သွားသူလဲ။ ဘာကြောင့်လဲ။
-ဘယ်လိုလူမျိုးတွေဟာ အမှောင်ကလာပြီး အလင်းကို သွားသူလဲ။ ဘာကြောင့်လဲ။

֍ ပြီးလျှင် ဆရာက “အခု သားတို့သမီးတို့ လေ့လာခဲ့တဲ့ အင်္ဂုလိမာလဟာ ဒီပုဂ္ဂိုလ်လေးမျိုးထဲက ဘယ်အမျိုးအစား ထဲမှာ ပါသလဲ”ဟူသောမေးခွန်းကို ကလေးများနှင့် အမေးအဖြေ ပြုလုပ်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က ပုဂ္ဂိုလ်လေးမျိုးရှိတယ်ဆိုတာလည်း သိသွားပြီ။ အင်္ဂုလိမာလက ဘယ်အမျိုးအစားထဲပါတယ် ဆိုတာလည်း သိပြီးပြီ၊ ဒီတစ်ခါတော့ သားတို့သမီးတို့ကိုယ်တိုင် ဘယ်ပုဂ္ဂိုလ်အမျိုးအစားထဲမှာ ပါချင်သလဲဆိုတာ ဆရာက မေးမယ်။ လက်ထောင်ပြီး ဖြေကြပါ”ဟု ပြော၍ အောက်ပါ မေးခွန်းများကို မေးပါ။

-အမှောင်က လာပြီး အမှောင်ကို သွားတဲ့သူ။
-အမှောင်က လာပြီး အလင်းကို သွားတဲ့သူ။
-အလင်းက လာပြီး အမှောင်ကို သွားတဲ့သူ။
-အလင်းက လာပြီး အလင်းကို သွားတဲ့သူ။

֍ ထို့နောက် ဆရာက “အဲဒီလို ပုဂ္ဂိုလ်မျိုး ဘာကြောင့်ဖြစ်ချင်တာလဲ။ အဲလိုဖြစ်အောင် ဘာတွေ လုပ်ရမလဲ”ဟူသော မေးခွန်းကို ကလေးများ ဖြေကြပါစေ။ (ဥပမာ-စာတော်နေတဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ စာဆက်တော် နေအောင်၊ လိမ္မာနေတဲ့ ကျောင်းသားတစ်ယောက် ဆက်လက် လိမ္မာနေအောင်၊ အောင်မြင်နေတဲ့ လူတစ်ယောက် ဆက်လက်အောင်မြင်နေအောင် ဘာတွေ လုပ်မလဲ စသည့် မေးခွန်းများကို အခြေခံ၍ မေးပါ။)

֍ ဖြေလိုသောကလေးများ ဖြေကြပါစေ။ ဆရာက ကလေးများ တင်ပြသည့်အချက်များကို မှတ်သားထားပြီး အောက် ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“သားတို့သမီးတို့ ... လူတိုင်းဟာ အမှားနဲ့ မကင်းကြဘူး။ ဒါပေမဲ့ အဲဒီအမှားကို သိမြင်ပြီး ပြန်လည်ပြုပြင်ရင် လူတော်၊ လူကောင်းတွေ ပြန်ဖြစ်လာနိုင်တယ်။ သားတို့သမီးတို့လည်း အမှားတွေ လုပ်မိခဲ့ရင် ပြုပြင်သွားကြရ မယ်။ အခုအချိန်မှာ လူတော်လူကောင်းတွေ ဖြစ်နေပြီးရင်လည်း ဆက်ပြီးတော့ ဖြစ်နေအောင် ကြိုးစားသွားကြရမယ်”