အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ အသက်နှင့်လဲ၍ သီလစောင့်သူ(ကျောင်းသားကိုင်သို့)
348347ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၆။ အသက်နှင့်လဲ၍ သီလစောင့်သူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

သင်ခန်းစာခေါင်းစဉ်။ ။ အသက်နှင့်လဲ၍ သီလစောင့်သူ

သင်ယူမှုဦးတည်ချက်။ ။ ရှစ်ပါးသီလ ဆောက်တည်ခြင်း၏ အကျိုးကျေးဇူးကို သိရှိပြီး ခံယူဆောက်တည်ကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများအားလုံး ဖတ်ကြပါစေ။

အသက်နှင့်လဲ၍ သီလစောင့်သူ

တစ်ခါက ရွာတစ်ရွာတွင် ရတနာသုံးပါးကို အလွန်ကြည်ညိုသော လယ်သမားတစ်ယောက် ရှိသည်။ တစ်ခု သော နံနက်တွင် လယ်သမားသည် ရွာဦးကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကာ တောသို့ လယ်ထွန်သွားလေသည်။ အချိန်အတန်ကြာထွန်ပြီး ခေတ္တနားနေစဉ် နွားတစ်ကောင် ပျောက်သွားသည်။ နွားကို နေရာ အနှံ့လိုက်ရှာရင်း တောင်ပေါ်သို့ ရောက်သွား၏။

တောင်ပေါ်တွင် လှည့်လည်ရှာဖွေနေစဉ် စပါးကြီးမြွေကြီး တစ်ကောင်က လယ်သမားကို ရုတ်တရက် ရစ်ပတ် လိုက်သည်။ ထိုအချိန်တွင် လယ်သမားအတွက် နွားပြန်တွေ့ရေးထက် အသက်ဘေးမှ လွတ်မြောက်ရေးသည် ပိုအရေးကြီးလေသည်။ ထို့ကြောင့် စပါးကြီးမြွေကြီး၏ ရစ်ပတ်ခြင်းမှ လွတ်မြောက်ရန် အပြင်းအထန် ကြိုးပမ်း၏။ သို့သော် အင်အားချင်းမမျှသဖြင့် လွတ်မြောက်ရန် လမ်းမမြင်ဖြစ်နေသည်။ ထို့ကြောင့် အသင့်ပါလာသော ဓားဖြင့် မြွေကြီး၏ ဦးခေါင်းကို ဖြတ်ရန် ကြံစည်လေသည်။

ဤသို့ အကြံဖြစ်သည်နှင့် တစ်ပြိုင်တည်းမှာပင် နံနက်စောစောက ဆရာတော်ထံ၌ ရှစ်ပါးသီလ ဆောက်တည် ထားသည်ကို သတိရလိုက်၏။ ထို့ကြောင့် မိမိသီလကို စောင့်ထိန်းလိုသဖြင့် မြွေကြီးကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သေရမည်ကို ကြောက်လာပြန်သည်။ ထို့ကြောင့် မြွေကြီး၏ ဦးခေါင်းကိုဖြတ်ရန် ဓားကို ကိုင်မိပြန်သည်။ သီလဆောက်တည်ထားသည်ကိုလည်း သတိရပြန်သည်။ ဤသို့ဖြင့် သုံးကြိမ်တိုင်တိုင် ချီတုံချတုံ ဖြစ်နေ၏။ လယ်သမားအတွက် အသက်နှင့်သီလ တစ်ခုခုကို ရွေးချယ်ရမည့် အခြေအနေတွင် လယ်သမားသည် အသက်ကို အသေခံ၍ သီလကို စောင့်ထိန်းမည်ဟု ဆုံးဖြတ်လိုက်ပြီး ဓားကို လွှင့်ပစ်လိုက်သည်။

ဥပုသ်သည်လယ်သမား၏ သီလတန်ခိုးကြောင့် စပါးကြီးမြွေကြီးသည် လယ်သမားကို ရစ်ပတ်ထားရာမှ ဖြေလွှတ်၍ တောထဲသို့ ဝင်သွားလေသည်။ ဤသို့ဖြင့် ဥပုသ်သည် လယ်သမားသည် အသက်ဘေးမှ အပြီးတိုင် လွတ်မြောက်သွားလေသည်။

တရားစောင့်သောသူကို တရားက ပြန်စောင့်ရှောက်သည်ဟု မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်းပင် သီလကို အသက်နှင့်လဲ၍ စောင့်ထိန်းသူကို သူစောင့်ထိန်းသောသီလက ပြန်၍ စောင့်ရှာက်ခဲ့ခြင်းပင် ဖြစ်သည်။

မှီငြမ်း။ ။ ပုံတော်စုံ မင်္ဂလတ္ထဒီပနီ၊ ညောင်ကန်ဆရာတော်ဘုရာကြီး၊ ၄၉၆-၅၀၀၊ မ၊ဋ္ဌ၊၁၊၂၀၇။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-လယ်သမားဟာ ဆရာတော်ထံက ဘယ်သီလကို ဆောက်တည်ခဲ့သလဲ။
-လယ်သမားဟာ တောင်ပေါ်မှာ ဘယ်လို ဒုက္ခနဲ့ တွေ့ခဲ့ရသလဲ။
-လယ်သမားက မြွေကြီးကို ဘာကြောင့် မသတ်တာလဲ။
-လယ်သမားဟာ အသက်အန္တရာယ်က ဘာကြောင့် လွတ်မြောက်ခဲ့ရသလဲ။
-တကယ်လို့ လယ်သမားက မြွေကြီးကို သတ်လိုက်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ။
-လယ်သမားနေရာမှာ ကလေးတို့ဆိုရင် ဘာလုပ်မလဲ။
-ဥပုသ်သည် လယ်သမားဟာ ရှစ်ပါးသီလထဲက ဘယ်သီလကို အသက်နဲ့လဲပြီး စောင့်ထိန်းခဲ့တာလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကြိုတင်ရေးထားသော ရှစ်ပါးသီလတောင်း စာသားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အခုဖတ်ခဲ့တဲ့ ဇာတ်လမ်းရဲ့ ခေါင်းစဉ်ကို ပြောပါဦး။ ဇာတ်လမ်းအမည်က “အသက်နဲ့လဲ၍ သီလစောင့်သူ”ဆိုတော့ သီလအကြောင်းကို ဆွေးနွေးကြရအောင်၊ သီလဆိုတာကို ဘယ်လို နားလည်ကြသလဲ၊ အရင်ဆုံး ပြောပါဦး”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

(ကိုယ်ဖြင့် မကောင်းမှု မပြုမိအောင်၊ နှုတ်ဖြင့် မကောင်းသော စကားမပြောမိအောင် စောင့်စည်းခြင်းကို သီလဟု ခေါ်သည်။ သီလကို ကိုယ်ကျင့်တရားဟု သုံးကြသည်။)

֍ ထို့နောက် ငါးပါးသီလ ခံယူဆောက်တည်ပုံကို ကလေးများအားလုံး ရွတ်ဆိုကြပါစေ။ ကလေးများ အခက်အခဲ ဖြစ်နေလျှင် ဆရာက ကူညီပေးပါ။

(ငါးပါးသီလ ခံယူဆောက်တည်ရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် ရွတ်ဆိုရကြောင်း ဦးစွာ ရှင်းပြထားပါ။

၁။ ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ခြင်း။
၂။ သီလတောင်းခြင်း။
၃။ နမော တဿ ရွတ်ဆို ရှိခိုးခြင်း။
၄။ သရဏဂုံ ဆောက်တည်ခြင်း။
၅။ ငါးပါးသီလ သိက္ခာပုဒ်များကို ရွတ်ဆိုခြင်း။)

֍ပြီးလျှင် ဆရာက “သားတို့သမီးတို့ ... ငါးပါးသီလထက် ပိုအဆင့်မြင့်တဲ့ သီလလည်း ရှိသေးတယ်၊ အဲဒီသီလက ရှစ်ပါးရှိတယ်။ အထူးသဖြင့် ဥပုသ်နေ့တွေမှာ စောင့်ထိန်းကြတယ်။ ဒါကြောင့် အဲဒီသီလကို ဥပုသ်သီလလို့ ခေါ်တယ်။ အခု အဲဒီဥပုသ်သီလကို ခံယူဆောက်တည်ကြည့်ကြရအောင်”ဟု ပြော၍ ဆောက်တည်ပုံ အဆင့်ဆင့်ကို ရှင်းပြပါ။

၁။ ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ခြင်း။
၂။ သီလတောင်းခြင်း။
၃။ နမော တဿ ရွတ်ဆို ရှိခိုးခြင်း။
၄။ သရဏဂုံ ဆောက်တည်ခြင်း။
၅။ ရှစ်ပါးသီလ သိက္ခာပုဒ်များကို ရွတ်ဆိုခြင်း။

֍ “သီလ ခံယူတော့မယ်ဆိုရင် ပထမဆုံး ဩကာသကန်တော့ချိုးနဲ့ ကန်တော့ရတယ်။ ဩကာသနဲ့ ကန်တော့ပြီးလို့ ဘုန်းဘုန်းတွေက ဆုပေးတဲ့အခါ သားတို့သမီးတို့က ‘ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ ဘုရားလို့ ပြောရမယ်။ ပြီးရင် သီလတောင်းရမယ်။ သီလတောင်းတဲ့စာကို ဆိုကြည့်ကြရအောင်”ဟု ပြော၍ အောက်ပါ သီလတောင်းကို ရွတ်ဆို ကြပါစေ။ (ကလေးများ ရွတ်ဆိုရန် အခက်အခဲရှိလျှင် ဆရာက ကူညီပေးပါ။)

ဘုန်းဘုန်း။ ။ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

လူပုဂ္ဂိုလ်။ ။ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဘုန်းဘုန်း။ ။ ယမဟံ ဝဒါမိ တံ ဝဒေထ။
လူပုဂ္ဂိုလ်။ ။ အာမဘန္တေ။

ဘုန်းဘုန်း။ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
လူပုဂ္ဂိုလ်။ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (သုံးကြိမ်)

ဘုန်းဘုန်း။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

လူပုဂ္ဂိုလ်။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

ဘုန်းဘုန်း ။ ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

လူပုဂ္ဂိုလ်။ ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

ဘုန်းဘုန်း။ ။ တတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ။ ။

လူပုဂ္ဂိုလ်။ ။ တတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ။

ဘုန်းဘုန်း။ ။ တိသရဏ ဂမနံ ပရိပုဏ္ဏံ။
လူပုဂ္ဂိုလ်။ ။ အာမ ဘန္တေ။

ဘုန်းဘုန်း။ ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
လူပုဂ္ဂိုလ်။ ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဘုန်းဘုန်း။ ။ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူပုဂ္ဂိုလ်။ ။ အာမ ဘန္တေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ရှစ်ပါးသီလ ပါဠိနှင့် အနက်။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က ရှစ်ပါးသီလကို ဘယ်လို ဆောက်တည်ရမယ်ဆိုတာ သိသွားကြပြီ၊ သားတို့သမီးတို့ ရွတ်ဆိုခဲ့ တဲ့ ပါဠိစာသားတွေရဲ့ အဓိပ္ပာယ်တွေကိုရော သိကြလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ နားလည်သည့်အတိုင်း ဖြေကြပါစေ။

֍ ထို့နောက် ဆရာက အောက်ပါအတိုင်း ပါဠိနှင့် အနက်အဓိပ္ပာယ်ကို တွဲ၍ တစ်ချက်စီ ရှင်းပြပါ။

ဘုန်းဘုန်း။ ။ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ-အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(အရှင်ဘုရား ... ဘုရားတပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို တောင်းခံပါ၏။ တပည့်တော်အား ချီးမြှောက်သောအားဖြင့် သီလပေးတော်မူပါဘုရား။ နှစ်ကြိမ်မြောက်လည်း သုံးကြိမ်မြောက်လည်း...။)

ဘုန်းဘုန်း။ ။ ယမဟံ ဝဒါမိ တံ ဝဒေထ။ (ဘုန်းဘုန်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။)
လူပုဂ္ဂိုလ်များ။ ။ အာမ ဘန္တေ။ (ကောင်းပါပြီ အရှင်ဘုရား။)

ဘုန်းဘုန်း။ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ သစ္စာလေးပါး မြတ်တရားကို ဆရာမကူ ကိုယ်တော်တိုင် သိမြင်တော်မူသော၊ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏။)

ဘုန်းဘုန်း။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ (မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။)
ဓမ္မံ သရဏံ ဂစ္ဆာမိ။ (တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။)
သံဃံ သရဏံ ဂစ္ဆာမိ။ (သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။)
(နှစ်ကြိမ်မြောက်လည်း ...၊ သုံးကြိမ်မြောက်လည်း ... ။)

ဘုန်းဘုန်း။ ။ တိသရဏ ဂမနံ ပရိပုဏ္ဏ။ (သရဏဂုံသုံးပါး ဆောက်တည်မှု ပြည့်စုံသွားပြီ။)
လူပုဂ္ဂိုလ်များ ။ ။ အာမ ဘန္တေ။ (ကောင်းပါပြီ အရှင်ဘုရား)

ဘုန်းဘုန်း။ ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (မမြတ်သော မေထုန်အကျင့်ကို ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (မူးယစ်စေတတ်သော သေရည် အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာ လိမ်းခြင်းတို့မှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(မြင့်သောနေရာ၊ မြတ်သောနေရာတို့၌ နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
ဘုန်းဘုန်း။ ။ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ (သရဏဂုံ သုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလ ကျင့်ဝတ်များကို ကောင်းမွန်လေး စားစွာ မမေ့သော သတိဖြင့် ပြည့်စုံအောင် ဖြည့်ကျင့်ကြပါ။)

လူပုဂ္ဂိုလ်များ။ ။ အာမ ဘန္တေ။ (ကောင်းပါပြီ အရှင်ဘုရား)

֍ ရှင်းပြပြီးလျှင် ကလေးများအားလုံး ရှစ်ပါးသီလကို ပါဠိနှင့်မြန်မာ တွဲ၍ ထပ်မံရွတ်ဆိုကြပါစေ။

֍ ပြီးလျှင် ဆရာက “သားတို့သမီးတို့ ... ရှစ်ပါးသီလကို ဘယ်လို ဆောက်တည်ရမယ်ဆိုတာတွေ၊ ရှစ်ပါးသီလ ဆောက်တည်တဲ့အခါ ရွတ်ဆိုရတဲ့ ပါဠိတွေရဲ့ အဓိပ္ပာယ်တွေကို သိခဲ့ကြပြီ။ နောက်စာသင်ချိန်မှာတော့ ရှစ်ပါး သီလ ဆောက်တည်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခံစားရတယ်ဆိုတာ ဆွေးနွေးကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... စာသင်ချိန် (၁)မှာ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲက လယ်သမားဟာ ဘယ်သီလကို စောင့်ထိန်းခဲ့ လို့ အသက်ဘေးက လွတ်မြောက်ခဲ့တာလဲ” ဟူသော မေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ ဖြေဆိုပြီးလျှင် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

-ရှစ်ပါးသီလ စောင့်ထိန်းရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။

֍ အထက်ပါမေးခွန်းကို အုပ်စုလိုက်ဆွေးနွေး၍ အောက်ပါနမူနာပုံစံအတိုင်း စာရွက်လွတ်တွင် ရေးကြပါစေ။ (ဆရာ က အောက်ပါနမူနာပုံစံကို ရေးဆွဲပြပါ။)

ရှစ်ပါးသီလ

သူများ အသက်မသတ်ခြင်း

အသက်ရှည်ခြင်း

֍ အားလုံးရေးပြီးလျှင် မိမိတို့ရေးဆွဲထားသော စာရွက်များကို အများမြင်သာသော နေရာတွင် ကပ်ကြပါစေ။ ကလေး အားလုံးကို လှည့်လည်ကြည့်ရှုစေပြီး မိမိအဖွဲ့နှင့် မတူသောအချက်များကို မှတ်သား၍ အုပ်စုကိုယ်စားလှယ် တစ်ဦး စီက ပြန်လည်တင်ပြပါစေ။

֍ အုပ်စုအားလုံး တင်ပြပြီးလျှင် အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“သီလစောင့်ထိန်းတယ်ဆိုတာ ကောင်းတဲ့အလုပ်ဖြစ်တယ်။ . ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရတယ်။ ဒါကြောင့် သီလစောင့်ထိန်းကြမယ်ဆိုရင် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာမယ်၊ အသက်ရှည်မယ်၊ စည်းစိမ်ဥစ္စာ ပေါများမယ်၊ သီလစောင့်ထိန်းတဲ့အတွက် အခုဘဝမှာရော နောင်ဘဝတွေမှာပါ ကောင်းကျိုးချမ်းသာ တွေကို ခံစားရမှာဖြစ်တယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။