မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၅။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း(ကျောင်းသားကိုင်သို့)
348346ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၅။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

သင်ခန်းစာခေါင်းစဉ်။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခြင်းအကြောင်းကို သိရှိပြီးနောက်ဆုံးမှာကြားခဲ့သည့် စကားတော်၏ အရေးကြီးမှုကို နားလည်သဘောပေါက်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကြိုတင်ပြင်ဆင်ထားသော မဲလိပ် ငါးလိပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ဟာ ပြီးခဲ့တဲ့ သင်ခန်းစာတွေမှာ မြတ်စွာဘုရားရှင်အကြောင်း အများကြီး လေ့လာခဲ့ကြပြီ၊ ဒီတော့ ဘယ်လောက်နားလည်သလဲဆိုတာ သိရအောင် ဘုရားရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြန်ပြောကြည့် ရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ကာ ဘုရားဖြစ်တော်စဉ်များကို ကလေးများက ပြောကြပါစေ။ ကလေးများ ပြောသမျှကို ဆရာက လက်ခံပေးပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စုဖွဲ့၍ အောက်ပါ ခေါင်းစဉ်များ ရေးထားသော မဲလိပ် ငါးလိပ်ကို မဲနှိုက်ပြီး ဆွေးနွေးကြပါစေ။

၁။ ဘုရားအလောင်း တောထွက်တော်မူခြင်း
၂။ ဘုရားဖြစ်တော်မူခြင်း
၃။ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း
၄။ ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း
၅။ မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း

֍ ကလေးများ ဆွေးနွေးနေစဉ် ဆရာက လိုက်လံကြည့်ရှု၍ ကူညီပေးပါ။ ဆွေးနွေးပြီးသော အချက်များကို အုပ်စုကိုယ် စားလှယ်တစ်ဦးစီက တင်ပြပါစေ။ အုပ်စုတစ်ခု တင်ပြပြီးတိုင်း ကျန်အုပ်စုများက အကြံပြုချက်များ၊ ဖြည့်စွက်လို သော အချက်များကို ဖြည့်စွက်ပေးကြပါစေ။ လိုအပ်ချက်ရှိလျှင် ထိုအချက်ကို ဆရာက မေးခွန်းအဖြစ် ပြောင်းလဲပြီး မေးမြန်းဆွေးနွေးကြပါစေ။

֍ ထို့နောက် ဆရာက အောက်ပါအတိုင်းပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့ အချိန်ကစပြီး ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် သာသနာပြုလုပ်ငန်းများကို မနေမနား လုပ်ဆောင်တော်မူခဲ့တယ်။ အဲဒီလိုလုပ်ဆောင်ရင်းနဲ့ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တယ်၊ အဲဒီအကြောင်းကို နောက်စာသင်ချိန်မှာ ဆွေးနွေးကြမယ်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးချိန်မှစ၍ ကျွတ်ထိုက်သော သတ္တဝါများကို မနေမနား တရားဓမ္မများ ဟောကြားလျက် သာသနာပြုတော်မူသည်။ ဘုရင်မင်းမြတ်နှင့် သူဌေးသူကြွယ်တို့အား တရားဓမ္မများ ဟောကြားညွှန်ပြ ခဲ့သကဲ့သို့ ဆင်းရဲသားတို့ကိုလည်း ဟောပြကယ်တင်တော်မူခဲ့၏။ မြတ်စွာဘုရားရှင်သည် မိမိ၏ သာသနာပြုလုပ်ငန်းများ ပိုမိုထွန်းကားပြန့်ပွားစေရန်နှင့် မိမိမရှိသည့်နောက်တွင်လည်း မိမိဟောကြားခဲ့သော ဒေသနာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် သံဃာ့အဖွဲ့အစည်းကြီးကိုလည်း စည်းကမ်းဥပဒေများ စနစ်တကျ သတ်မှတ်ပြဋ္ဌာန်း၍ ဖွဲ့စည်းတည်ထောင်တော်မူခဲ့သည်။

မြတ်စွာဘုရားရှင်သည် သာသနာပြုကာလ ၄၅-နှစ်မြောက်၊ သက်တော် ၈၀ အရွယ်သို့ ရောက်သောအခါ နောက်ပါရဟန်းများနှင့်အတူ ကုသိနာရုံပြည်သို့ ကြွတော်မူသည်။ လမ်းခရီးတွင် ပါဝါပြည်၌ နားတော်မူရာ စုန္ဒပန်းထိမ် သည်က မြတ်စွာဘုရားကို တောဝက်ပျိုသားနှင့် ဆွမ်းဆက်ကပ်လှူဒါန်း၏။ သက်တော်ကြီးရင့်တော်မူသော မြတ်စွာဘုရားသည် ဝမ်းရောဂါဖြစ်၍ သွေးဝမ်းသွန်တော်မူသည်။ ထိုရောဂါကို သည်းခံတော်မူလျက် ခရီးဆက်ရာ လမ်းခရီး တစ်လျှောက် ပင်ပန်းတော်မူသည့်အတွက် အကြိမ်များစွာ အနားယူတော်မူရသည်။

လမ်းခရီးတစ်နေရာတွင် ရေဆာတော်မူသဖြင့် အရှင်အာနန္ဒာကို ရေခပ်ခိုင်းတော်မူသည်။ ထိုအခါ အရှင်အာနန္ဒာက ချောင်းကို လှည်းအစီး ၅၀၀ ဖြတ်သန်းသွားပြီးစအချိန်ဖြစ်နေ၍ ရေများနောက်ကျိနေကြောင်း၊ ကကုဓာမြစ်သည် သိပ်မဝေးတော့ကြောင်း၊ ထိုမြစ်သို့ ရောက်သောအခါမှသာလျှင် ဘုဉ်းပေးတော်မူပါရန် လျှောက်ထားလိုက်၏။ သို့သော် မြတ်စွာဘုရားရှင်က သုံးကြိမ်တိုင်တိုင် အခပ်ခိုင်းတော်မူသောအခါ အရှင်အာနန္ဒာသည် သပိတ်တော်နှင့် ရေသွားခပ်သည်။ ထိုသို့ ရေခပ်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ကျိနေသောရေသည် သန့်ရှင်းကြည်လင်သွား၏။ ထိုရေကို ဘုဉ်းပေးတော်မူပြီးနောက် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ဆက်လက်ကြွတော်မူသည်။

အင်ကြင်းဥယျာဉ်သို့ ရောက်သောအခါ မြတ်စွာဘုရားရှင်သည် အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းပေါ်တွင် လျောင်းတော်မူနေသည်။ ထိုအခါ အင်ကြင်းပင် အစုံတို့သည် ဘုရားရှင်ကို ပူဇော်သည့်အနေဖြင့် အချိန်အခါမဟုတ်ဘဲ ပင်လုံးကျွတ် ပွင့်ကြ၏။ ထို့နောက် နတ်ဗြဟ္မာများ စုရုံးရောက်ရှိလာကြပြီး နတ်ပန်းများ၊ နတ်တူရိယာများဖြင့် တီးခတ်ပူဇော်ကြ၏။ နတ်ဗြဟ္မာများ ပူဇော်အပြီးတွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော ရဟန်းသံဃာတော်များ၊ လူဒါယကာ၊ ဒါယိကာမများသည် နောက်ဆုံးအနေဖြင့် ရှိခိုးပူဇော် ကြသည်။ ထို့နောက် နောက်ဆုံးချေချွတ်မည့် သုဘဒ္ဒပရိဗိုဇ်ကို ချေချွတ်တော်မူပြီး သတိတရား အမြဲလက်ကိုင်ထား၍ နေကြရန် မှာကြားတော်မူကာ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ပဉ္စမတွဲ။ ၃၉၃-၄၈၆။

ခက်ဆစ်အဖွင့်

ပရိနိဗ္ဗာန်စံခြင်း = ဘုရားရဟန္တာတို့၏ နောက်ဆုံးဘဝ ခန္ဓာချုပ်ငြိမ်းခြင်း
ပရိဗိုဇ် = သာသနာပ ရဟန်း

֍ အောက်ပါ မေးခွန်းများကို မေးပါ။

-ပရိနိဗ္ဗာန်စံတယ်ဆိုတာ ဘာကို ပြောတာလဲ။ (ကလေးများ မသိလျှင် ဆရာက ရှင်းပြပါ။)
-မြတ်စွာဘုရားဟာ ဘယ်နေရာမှာ ပရိနိဗ္ဗာန်ပြုခဲ့သလဲ။ ဘယ်နေ့မှာလဲ။
-မြတ်စွာဘုရားရှင်ဟာ နှစ်ပေါင်း ဘယ်လောက်ကြာအောင် သာသနာပြုခဲ့သလဲ။
-မြတ်စွာဘုရားရှင်က သံဃာ့အဖွဲ့အစည်းကြီးကို ဘာကြောင့် တည်ထောင်ပေးခဲ့တာလဲ။ ဘယ်လို ဖွဲ့စည်းခဲ့သလဲ။
-မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီးမှာ ဘယ်သူတွေက ဘယ်လို ပူဇော်ကြသလဲ။
-မြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်မပြုခင်မှာ ဘယ်လို မှာကြားခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “မြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ နောက်ဆုံးစကားတော်အဖြစ် သတိတရား လက်ကိုင်ထား၍ နေကြဖို့ရန် မှာကြားတော်မူခဲ့တယ်။ ဘာကြောင့် အဲဒီလို မှာခဲ့တယ်လို့ ထင်သလဲ။ သတိတရားက ဘယ်လောက် အရေးကြီးလို့လဲ”ဟူသော မေးခွန်း၏ အဖြေများကို ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

֍ ရေးထားသည်များကို အချိန်ပေါ် မူတည်၍ တစ်ဦးချင်းစီ ဖတ်ပြပါစေ၊

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... အလုပ်လုပ်ရာမှာပဲ ဖြစ်ဖြစ်၊ တရားအားထုတ်တဲ့ အခါမှာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် သတိတရား လက်ကိုင်ထားမှသာလျှင် အောင်မြင်ပြီးမြောက်နိုင်တယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က သတိတရားအမြဲ လက်ကိုင်ထားကြဖို့ နောက်ဆုံး မှာကြားခဲ့ခြင်းဖြစ်တယ်။ သားတို့သမီးတို့လည်း ဘာပဲ လုပ်လုပ် သတိတရားထားပြီး လုပ်ကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ အခုဆိုရင် သတိတရားဟာ နေရာတိုင်းမှာ အရေးကြီးတယ်ဆိုတာကို မြတ်စွာဘုရား နောက်ဆုံးမှာကြားခဲ့တဲ့ စကားတော်အရရော၊ သားတို့သမီးတို့ ရေးသားဖော်ပြထားတဲ့ အချက်တွေအရရော သိခဲ့ကြပြီ၊ အခုတစ်ခါတော့ အဲဒီသတိတရားနဲ့ ဘယ်လိုလုပ်ကိုင် နေထိုင်ကြမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်” ဟု ပြောပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့၍ အောက်ပါမေးခွန်းကို ဆွေးနွေးစေပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

-သားတို့သမီးတို့အနေနဲ့ဆိုရင် သတိတရားကို ဘယ်လိုနေရာတွေမှာ လက်တွေ့အသုံးပြုဖို့ လိုမယ်ထင်သလဲ။ (စာသင်ယူနေတဲ့အချိန်၊ စာကျက်တဲ့အချိန်၊ စာမေးပွဲ ဖြေတဲ့အချိန်၊ လမ်းဖြတ်ကူးတဲ့အချိန်၊ ကစားတဲ့အချိန် စသည်)

֍ အားလုံးတင်ပြပြီးလျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။ “သားတို့သမီးတို့ဟာ အခုအချိန်မှာ ပညာသင်နေဆဲ အရွယ်ဖြစ်တယ်၊ ဒီတော့ သားတို့သမီးတို့ရဲ့ အဓိကတာဝန်က ပညာတတ်ကြီးတွေဖြစ်လာဖို့ ပညာကို ကြိုးစားသင်ယူဖို့ပဲပေါ့၊ ဒါပေမဲ့ ကြိုးစားရုံသက်သက်နဲ့တော့ သားတို့သမီးတို့ လိုချင်တဲ့ ပညာတတ်ကြီးတွေဖြစ်ဖို့ ခက်လိမ့်မယ်၊ သတိတရားနဲ့ ကြိုးစားမှသာ ဖြစ်လာနိုင်တယ်၊ ဒါ့ကြောင့် မြတ်စွာဘုရား နောက်ဆုံးမှာကြားခဲ့တဲ့ သတိတရားရဲ့ အရေးကြီးမှုကို နားလည်သဘောပေါက်ပြီး ပညာရေး အောင် မြင်မှုတွေ ရအောင်ကြိုးစားကြပါ”