မြတ်စွာဘုရားနှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ မြတ်စွာဘုရားနှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း(ကျောင်းသားကိုင်သို့)
348345ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၄။ မြတ်စွာဘုရားနှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

သင်ခန်းစာခေါင်းစဉ်။ ။ မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း

သင်ယူမှုဦးတည်ချက်။ ။ မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်းအကြောင်းကို သိရှိပြီး သရဏဂုံသုံးပါးကို ဆောက်တည်ကိုးကွယ်ဆည်းကပ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံ ခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့... ပြီးခဲ့တဲ့အပတ်က ဆွေးနွေးခဲ့တဲ့ သင်ခန်းစာကို မှတ်မိသေးလား။ အဲဒီသင်ခန်းစာထဲမှာ မြတ်စွာဘုရားရှင်က ဥရုဝေလကဿပရသေ့ကြီးကို ဘယ်လိုချေချွတ်ခဲ့တယ်ဆိုတာ မှတ်မိသလောက် ပြောပြကြ ပါ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ (ပြောလိုသော ကလေး ၄/၅-ဦးခန့်က ပြောပြကြပါစေ။)

֍ ထို့နောက် ကလေးများအား အောက်ပါမေးခွန်းများကိုမေးပါ။ ဖြေဆိုလိုသောကလေးများက လက်ထောင်၍ ဖြေဆို ကြပါစေ။

-ဗိမ္ဗိသာရမင်းကြီးဆိုတာကို ကြားဖူးသလား။
-ဗိမ္ဗိသာရမင်းကြီးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသလဲ။

֍ ထို့နောက် ကျောင်းသားကိုင်စာအုပ်ပါ ဗိမ္ဗိသာရမင်းကြီးနှင့် တွေ့ဆုံခန်းအကြောင်း သရုပ်ဖော်ပုံများကို တစ်ပုံစီ ကြည့်၍ စဉ်းစားစေပြီးနောက် အောက်ပါမေးခွန်းများကို ဖြေဆိုကြပါစေ။ (စာသားများကို အုပ်ထားစေပြီး ပုံများကိုသာ ကြည့်ပါစေ။)

-ဒီပုံထဲက လူတွေက ဘယ်သူတွေလို့ ထင်သလဲ။
-ဘာလုပ်နေကြတာလို့ထင်လဲ။ ဘာကြောင့် အဲဒီလိုလုပ်နေတာလို့ ထင်သလဲ။

֍ အထက်ပါပုံများကို ဆက်စပ်၍ ဗိမ္ဗိသာရမင်းကြီး အကြောင်းကို ကလေး ၃/၄-ဦးခန့်က နားလည်သည့်အတိုင်း ပြော ကြပါစေ။

֍ ကလေးများပြောပြီးလျှင် ဆရာက “ကလေးတို့ အခုပြောသွားတဲ့အကြောင်းအရာနဲ့ ကလေးတို့ကိုင်ထားတဲ့ စာအုပ် ထဲမှာပါတဲ့ ဗိမ္ဗိသာရမင်းကြီးအကြောင်း ဘယ်အချက်တွေ တူညီနေသလဲဆိုတာသိဖို့ နောက်စာသင်ချိန်ကျရင် ဆက်ပြီးဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဗိမ္ဗိသာရမင်းကြီးနှင့် တွေ့ဆုံခြင်းအကြောင်းကို ကလေးများ ဖတ်ကြပါစေ။

မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း

ဘုရားအလောင်းတော်သည် တောထွက်တော်မူလာစဉ် ဗိမ္ဗိသာရမင်းကြီးနှင့်တွေ့ရာ ဘုရားအဖြစ်သို့ ရောက်တော်မူလျှင် ရာဇဂြိုဟ်ပြည်သို့ ရှေးဦးစွာ ကြွရောက်တော်မူပါရန် မင်းကြီးက တောင်းပန်လျှောက်ထားခဲ့သည်။

သို့ဖြစ်၍ ဘုရားရှင်သည် ဘုရားဖြစ်တော်မူသောအခါ ရဟန္တာ ၁၀၀၀ ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ကြွလာတော်မူပြီး ရာဇဂြိုဟ်မြို့ အနီး ထန်းတောကြီးရှိ ပညောင်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူသည်။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ကြွတော်မူလာကြောင်း ကြားသိသောအခါ ပုဏ္ဏားသူဌေး တစ်သိန်းနှစ်သောင်း ခြံရံလျက် မြတ်စွာဘုရား ထံသို့ လာရောက်ဖူးမြော်လေ၏။ ဘုရားရှင်ထံမှောက် ရောက်သောအခါ မြတ်စွာဘုရားရှင်ကို ရိုသေစွာရှိခိုး၍ အပြစ် ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေလေသည်။

ပုဏ္ဏားသူဋ္ဌေးတို့သည် မြတ်စွာဘုရားရှင်၏အနီး၌ ဥရုဝေလကဿပရသေ့ကြီးကို တွေ့ကြရာ “ဥရုဝေလ ကဿပရသေ့ကြီးက မြတ်စွာဘုရားထံ တပည့်ခံလိုက်တာလား၊ မြတ်စွာဘုရားက ဥရုဝေလကဿပရသေ့ကြီးထံ တပည့်ခံလိုက်တာလား”ဟု သံသယဖြစ်နေကြ၏။ သူဌေးတို့၏ စိတ်အကြံကို သိတော်မူသော မြတ်စွာဘုရားရှင်က “ချစ်သားကဿပ ... အရင်က ကျင့်ခဲ့တဲ့ မီးပူဇော်ခြင်းစသည့် အကျင့်များကို ကျင့်သေးသလား”ဟု ဥရုဝေလကဿပ ရသေ့ကြီးအားမေးတော်မူသည်။ ထိုအခါ ရသေ့ကြီးက “မီးပူဇော်ခြင်း အကျင့်များကို မကျင့်တော့ပါ၊ အရှင်ဘုရား ဟောကြားတော်မူတဲ့ တရားတော်ကို သိမြင်ပြီးပါပြီဘုရား”ဟု ပြန်လည်လျှောက်ထား၏။ ထို့နောက် မြတ်စွာဘုရားရှင်၏ ခြေဖမိုးပေါ်တွင် ဦးခေါင်းကို တင်၍ “တပည့်တော်က အရှင်ဘုရားရဲ့ တပည့်ဖြစ်ပါတယ်ဘုရား”ဟု လျှောက်ထား၏။ ထိုအခါ သူဌေးအပေါင်းတို့လည်း သံသယရှင်းသွားကြတော့သည်။

ထို့နောက် မြတ်စွာဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးနှင့် ပုဏ္ဏားသူဌေး တစ်သိန်းနှစ်သောင်းတို့ကို တရားဟောကြားတော်မူသည်။ တရားအဆုံး၌ ဗိမ္ဗိသာရမင်းကြီးနှင့် ပုဏ္ဏားသူဌေး တစ်သိန်းတစ်သောင်းတို့သည် သောတာပတ္တိ ဖိုလ်၌ တည်ကြ၏။ ကျန်ပုဏ္ဏားသူဌေး တစ်သောင်းတို့လည်း သရဏဂုံတည် ဥပါသကာများ ဖြစ်ခဲ့ကြလေသည်။

ဗိမ္ဗိသာရမင်းကြီးသည် ရှင်ဘုရင်မဖြစ်မီ မင်းသားဘဝတွင်ပင် တောင့်တချက်ငါးပါး ရှိခဲ့သည်။ ထိုငါးပါးတို့မှာ မဂဓတိုင်း၏ ရှင်ဘုရင်ဖြစ်လိုခြင်း၊ မိမိတိုင်းပြည်သို့ မြတ်စွာဘုရား ကြွလာတော်မူရန် အလိုရှိခြင်း၊ မြတ်စွာဘုရားအား ရိုသေစွာ ပူဇော်ဆည်းကပ်လိုခြင်း၊ မြတ်စွာဘုရားထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နာကြားလိုခြင်းနှင့် တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်လိုခြင်းတို့ ဖြစ်သည်။ ယခုအခါ ထိုအချက် ငါးပါးလုံး ပြည့်စုံခဲ့ပြီ ဖြစ်၏။

ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး ဥပါသကာအဖြစ် မှတ်ယူတော် မူပါဟု လျှောက်ထားလေသည်။ ထို့နောက် မင်းကြီးသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ကို ဆွမ်းအလှူခံရန် ပင့်ဖိတ်ခဲ့သည်။ မြတ်စွာဘုရားသည် မင်းကြီး၏ ပင့်ဖိတ်ခြင်းကို လက်ခံတော်မူ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နန်းတော်သို့ ပြန်သွားလေသည်။

ဗိမ္ဗိသာရမင်းကြီး၏ ဆွမ်းအလှူတော်ပွဲသို့ ကြွရောက်တော်မူမည့် မြတ်စွာဘုရားကို လူပရိသတ်များစွာတို့က ထန်းတောဥယျာဉ်သို့ လာရောက်ဖူးမြော်ကြသည်။ လူပရိသတ် များလွန်းလှသဖြင့် ရဟန်းတော်တစ်ပါး လမ်းလျှောက် ကြွနိုင်ရုံလောက်ပင် နေရာမရှိ ဖြစ်နေသည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ကြွနိုင်ရန် သိကြားမင်းက လုလင်ပျိုအသွင် ဖန်ဆင်းကာ လမ်းရှင်းပေးရသည်။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားရှင်ကို ကြည်ညိုလှသဖြင့် ထိုဆွမ်းအလှူပွဲတွင် ဝေဠုဝန်ဥယျာဉ်တော်ကို မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ရေစက်သွန်းချ လှူဒါန်းခဲ့၏။ မြတ်စွာဘုရားရှင်သည် ထိုဝေဠုဝန်ဥယျာဉ်ကျောင်းတိုက်တော်၌ နှစ်ပေါင်းများစွာ ဝါဆိုဝါကပ်တော်မူခဲ့ပြီး တရားဒေသနာတော်များစွာကိုလည်း ဟောကြားတော်မူခဲ့သည်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၅၇၉

֍ အောက်ပါမေးခွန်းများ မေးပါ။

-မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည်ကို ပထမဦးဆုံးကြွလာတာ ဘာကြောင့်လဲ။
-မြတ်စွာဘုရားနဲ့အတူ ဘယ်သူတွေ ရာဇဂြိုဟ်ပြည်ကို ကြွလာခဲ့သလဲ။
-မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်ကို ကြွလာတဲ့အခါ ဘယ်သူတွေ လာရောက် ဖူးမြော်ကြတာလဲ။
-မြတ်စွာဘုရားနဲ့ ဥရုဝေလကဿပကြီးကို တစ်နေရာထဲမှာ အတူတူမြင်ရတော့ သူဌေးတွေက ဘယ်လိုတွေးမိကြသလဲ။
-သူဌေးတွေရဲ့ သံသယကို ရှင်းသွားအောင် မြတ်စွာဘုရားက ဘယ်လိုဖြေရှင်းခဲ့သလဲ။ မြတ်စွာဘုရားက ဘယ်သူတွေကို တရားဟောခဲ့တာလဲ။
-မြတ်စွာဘုရားရဲ့တရားကို နာရတဲ့အတွက် ဘယ်သူတွေ သောတာပန် ဖြစ်သွားကြသလဲ။ ဘယ်သူတွေ သရဏဂုံတည်ပြီး ဥပါသကာ ဖြစ်သွားကြသလဲ။
-ဗိမ္ဗိသာရမင်းကြီး မင်းသားဘဝက တောင့်တချက် ငါးပါးက ဘာတွေလဲ။
-ဗိမ္ဗိသာရမင်းကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ ဥပါသကာဖြစ်လာပြီးနောက် ဘာတွေ လုပ်ဆောင်ခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘုရားရှင်ရဲ့တရားတော်ကို နာကြားရလို့ ဗိမ္ဗိသာရမင်းကြီးနဲ့ သူဌေးများစွာတို့ဟာ သောတာပန်တွေ ဖြစ်သွားကြပြီး အချို့ကတော့ သရဏဂုံတည် ဥပါသကာများ ဖြစ်သွားကြတယ်ဆိုတာ ကလေးတို့ သိပြီးသွားပြီ”ဟု ပြော၍ အောက်ပါ မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သရဏဂုံဆိုတာကို ကြားဖူးသလား။
-သရဏဂုံတည်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ (ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်ခြင်း၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ပါဠိဘာသာဖြင့် ဖြစ်စေ “ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ... သက်ဝင်ယုံကြည် ... ကိုးကွယ်ဆည်းကပ်ပါ၏”ဟု မြန်မာဘာသာ ဖြင့်ဖြစ်စေ ရွတ်ဆိုခြင်းကို သရဏဂုံဆောက်တည်သည်ဟု ခေါ်ပါသည်။ ပုဂ္ဂိုလ်တစ်ဦးဦး၏ သန္တာန်၌ သရဏဂုံသုံးပါး တည်ရှိနေခြင်းကို သရဏဂုံတည်သည်ဟု ဆိုလိုပါသည်။)
-သရဏဂုံ ဘယ်နှပါးရှိသလဲ။ သရဏဂုံ သုံးပါးရဲ့ အဓိပ္ပာယ်ကို ပြောပြပါ။

(ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ -မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိ -တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဘုရား။
သံဃံ သရဏံ ဂစ္ဆာမိ -သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဘုရား။)

(သရဏဂုံသုံးပါးကို ကလေးများ အသံထွက်မှန်မှန်ဖြင့် ရွတ်ဆိုတတ်အောင် လေ့ကျင့်ပေးပါ။ သရဏဂုံ ရွတ်ဆို တဲ့အခါ ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးတို့ကို အာရုံပြု၍ မိမိရှေ့မှာ အမှန်တကယ် ရှိနေသကဲ့သို့ မှန်းဆကာ မျက်စိမှိတ် ရွတ်ဆိုကြပါစေ။)

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စုဖွဲ့၍ အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-မြတ်စွာဘုရားကို ဘာကြောင့် ကိုးကွယ်ဆည်းကပ်တာလဲ။
-တရားတော်ကို ဘာကြောင့် ကိုးကွယ်ဆည်းကပ်တာလဲ။
-သံဃာတော်ကို ဘာကြောင့် ကိုးကွယ်ဆည်းကပ်တာလဲ။
-သရဏဂုံသုံးပါးကို ဆောက်တည်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေရမယ် ထင်သလဲ။

֍ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာ သင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ပြီးခဲ့တဲ့စာသင်ချိန်မှာ သူဌေးအချို့ ဟာ သရဏဂုံတည် ဥပါသကာများ ဖြစ်သွားကြတယ်လို့ ပြောခဲ့တယ်။ ဒီတော့ ဥပါသကာဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ခေါ်တာလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ ဖြေသမျှကို လက်ခံပေးပါ။ ဆရာက “ဥပါသကာဆိုတာ ရတနာသုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်သူကို ခေါ်တယ်”ဟု ရှင်းပြပါ။

֍ ထို့နောက် စာသင်ချိန် (၃) အတိုင်း အုပ်စုကိုထား၍ အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရမှာလဲ။

֍ ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေး၍ အောက်ပါ ဥပါသကာရတနာဖြစ်ကြောင်း တရားငါးပါးကို ရှင်းပြပါ။

၁။ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။
၂။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၊
၃။ ကောတုဟလ မင်္ဂလာ(အမြင်အကြားအတွေ့ကို စွဲ၍ ကြံစည်အပ်သော မင်္ဂလာ)ကို မယုံကြည်ခြင်း/ အတိတ် နိမိတ်ကို မယုံကြည်ခြင်း။
၄။ ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း။
၅။ ဘုရားသာသနာတော်၌သာ ကုသိုလ် ကောင်းမှု ပြုလုပ်ခြင်း။ (အံ၊၂၊၁၈၁)

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ဟာလည်း ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူတွေဆိုတော့ ဥပါသ ကာ၊ ဥပါသိကာမလေးတွေပေါ့၊ ဒါကြောင့် သားတို့သမီးတို့ ဖော်ထုတ်ခဲ့တဲ့ လုပ်ငန်းတွေကို ဥပါသကာ၊ ဥပါသိကာမ တစ်ယောက်အနေနဲ့ လက်တွေ့လုပ်နိုင်အောင် ကြိုးစားရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။