မဟာဗုဒ္ဓဝင်/အခန်း- ၄၀

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၄၀

၁၉၇

အခဏ်း-၄၀

အပရိဟာနိယ(ကြီးပွါးကြောင်း)တရားတို့ကို

ဟောကြားတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် (ရှေး၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဌမဗောဓိ = ရှေ့ပိုင်း ဝါတော်နှစ်ဆယ်ကို ထိုထိုမြို့ရွာတို့၌ ဝါကပ် သီတင်းသုံးတော်မူကာ သတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူပြီး၍ ပစ္ဆိမဗောဓိခေါ်သော နောက်ပိုင်း နှစ်ဆယ့်လေးဝါတို့ကို သာဝတ္ထိပြည်၌သာ ဝါကပ် သီတင်းသုံးတော်မူ၍ ဝါကျွတ်သောအခါ ထိုက်သည့်အားလျော်စွာ (ရှေးဖော်ပြရာပါ) ခရီးအဝန်းသုံးပါးဖြင့် ဒေသစာရီ ကြွချီတော်မူကာ ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလေသည်။ ထိုသို့ တိုက်ကျွေးအပ်သည့် တရားရေအေး အမြိုက်ဆေးတို့ကား ကျယ်ဝန်းများပြားလှ၍ ဤ(မဟာဗုဒ္ဓဝင်)ကျမ်း၌ အပြည့်အစုံ မဖော်ပြနိုင်ပါ။ မဟာသမုဒြာရေ၏ ဆားငန်အရသာကို သိရှိရန် ရေအထုများစွာမှ ရေကြည် တပေါက် နှစ်ပေါက်ခန့်ကို ထုတ်ယူပြသ သုံးစွဲစေသော ယောက်ျားကဲ့သို့ အကျွန်ုပ်တို့သည်လည်း ထိုများစွာသော တရားဒေသနာအစုမှ ဓမ္မအရသာကို စာဖတ်ပရိသတ်တို့ သိရှိရုံမျှ ဖော်ပြသောအနေဖြင့် အနည်းငယ်မျှသော သုတ္တန်များကိုသာ ရေးသား ဖော်ပြခဲ့ရပါသည်။ ကျယ်ဝန်းများပြားလှသော တရားဒေသနာတို့ကို လေ့လာလိုက်စား မှတ်သားနာယူလိုသော သူတော်စင်တို့သည် ပိဋ္ဋကတ်တော် မြန်မာပြန် ကျမ်းဂန်များကို (အဋ္ဌကထာ ဋီကာနှင့် ညှိနှိုင်း၍) လေ့လာသုံးသပ် ကြည့်ရှု မှတ်သားကုန်ရာ၏။ အကျွန်ုပ်တို့သည်ကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခါနီး (၄၄)လေးဆယ့်လေးဝါခန့် အချိန်မှစ၍ဖြစ်သော တရားဒေသနာ အဋ္ဌုပ္ပတ် အကြောင်းအရာတို့ကိုသာ ရေးသားဖော်ပြပါတော့အံ့-

     ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် အခါတပါး (ဝါတော် ၄၄-ဝါခန့်



၁၉၈

ရပြီးတော်မူသောအချိန်)၌ ရာဇဂြိုဟ်ပြည်၏အနီး ဂိဇ္ဈကုဋ်တောင်ကျောင်း၌ ကိန်းအောင်းမွေ့လျော် စံနေတော်မူဆဲ ဖြစ်၏။ (တောင်ထွတ်တို့၌ လင်းတများ နားနေကြသည် များသောကြောင့် တနည်း လင်းတငှက်တို့နှင့်တူသော တောင်ထွတ်များ အများအပြားရှိသောကြောင့် ထိုတောင်ကို ဂိဇ္ဈကုဋ်တောင်ဟူ၍ ခေါ်၏)။

     ထိုအခါ အဇာတသတ်မင်းသည် ဝေသာလီပြည် လိစ္ဆဝီ = ဝဇ္ဇီမင်းတို့ကို စစ်ခင်းနှိမ်နင်းရန် သွားလိုရကား “ငါသည် ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့”ဟူ၍ မင်းမာန်စကား ကြိုးဝါးပြောဆိုလျက် ရှိ၏၊ ထိုသို့ ပြောဆိုခြင်း၏ အကြောင်းရင်းကား-

     ရာဇဂြိုဟ်ပြည်နှင့် ဝေသာလီပြည် = ဤနှစ်ပြည်တို့၏ အကြား၌ ဂင်္ဂါမြစ်ကြီး (အရှေ့ အနောက် စီးသွား) ခြားလျက် ရှိလေသည်။ ရာဇဂြိုဟ်ပြည်ကား ဂင်္ဂါမြစ်၏ တောင်ဘက်၌ တည်ရှိလေသည်။ ထိုဂင်္ဂါမြစ်၏ အနီး၌ (ပဋ္ဋနဂါမ-ခေါ်) လှည်းဆိပ်ရွာကြီးတရွာ ရှိလေသည်။ (ယနေ့ အိန္ဒိယတိုင်းသားတို့ “ပဋနား”ဟုခေါ်သော မြို့ကြီးသည် ထိုစဉ်က ထိုရွာပင် ဖြစ်တန်ရာ၏)။ ထိုပဋ္ဋနဂါမ (လှည်းဆိပ်ရွာ)ကို အမှီပြု၍ ယူဇနာဝက်သည် အဇာတသတ်မင်း၏ အာဏာစက် ပြန့်နှံ့ရာဌာန ဖြစ်၏၊ ယူဇနာဝက်သည် လိစ္ဆဝီမင်းတို့၏ အာဏာစက် ပြန့်နှံ့ရာဌာန ဖြစ်၏။

     ထိုပဋ္ဋနဂါမရွာ (=လှည်းဆိပ်ရွာ)၌ တောင်ခြေမှ အဖိုးများစွာထိုက်သော ဥစ္စာဘဏ္ဍာ ထွက်ပေါ်သက်ဆင်းလာလေသည်။ ထိုအကြောင်းကို ကြားသိရ၍ “ယနေ့သွားမည်၊ နက်ဖြန်သွားမည်”ဟု အဇာတသတ်မင်း စီမံခန့်ခွဲနေစဉ်ပင် လိစ္ဆဝီမင်းတို့သည် ညီညွတ် ဝမ်းမြောက်ကြကုန်လျက် အလျင်လက်ဦး သွားရောက်ကြ၍ အလုံးစုံသော အဖိုးထိုက်တန်သည့် ဘဏ္ဍာများကို သိမ်းယူကြလေကုန်၏။ အဇာတသတ်မင်းသည် နောက်မှလာရောက်၍ ထိုသတင်းကို ကြားသိရလေလျှင် အမျက်ထွက်ကာ ပြန်သွား လေ၏။



၁၉၉

     လိစ္ဆဝီမင်းတို့သည် နောက်တနှစ်၌လည်း ထို့အတူပင် ပြုလုပ်ကြကုန်၏။ ထိုအခါ အဇာတသတ်မင်းသည် ရန်ငြိုးကြီးစွာ ဖြစ်ရှိလတ်ရကား “ငါသည် ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့”ဟု လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးလုံး၌ပင် ဤစစ်စကားကိုသာ ပြောကြားရုံမျှမက “သွားရောက်ရန် စီမံကြလော့”ဟုပင် မိမိ၏ စစ်သည်ရဲမက် ဗိုလ်ပါအပေါင်းကို အာဏာထား အမိန့်ပေးလေသည်။

     ထို့နောက်မှ တဖန် အဇာတသတ်မင်းသည် “စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်းနှင့် စစ်ထိုးရခြင်းသည် ဝန်လေးလှ၏။ ပျက်စီးမှု, အကျိုးမပြီး အချည်းနှီး ပစ်ခတ်ထိုးခုတ်မှု တခုမျှ မရှိချေ၊ (ပစ်ခတ်ထိုးခုတ်တိုင်း ပျက်စီးကြသည်သာ ဖြစ်၏)။ စင်စစ်သော်ကား ပညာရှိတဦးတယောက်နှင့် တိုင်ပင်၍ ပြုလုပ်လျှင် အပြစ်မရှိ၊ မြတ်စွာဘုရားနှင့်တူသော ပညာရှိပုဂ္ဂိုလ်လည်း လောက၌ မရှိ၊ ယခုအခါ မြတ်စွာဘုရားသည်လည်း ငါ၏မြို့ဦး ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲရှိ၏၊ ကိုင်း.. ငါသည် ပညာရှိအမတ် တယောက်ယောက်ကို စေလွှတ်၍ မေးလျှောက်ဦးအံ့၊ ငါသွားသဖြင့် အကယ်၍ တစုံတရာ အကျိုးရှိမည်ဖြစ်လျှင် မြတ်စွာဘုရားသည် ဆိတ်ဆိတ်သာ နေတော်မူလိမ့်မည်၊ အကျိုးမဲ့ ဖြစ်မည်ဆိုလျှင်ကား ‘မင်းကြီးအဖို့ရာ ထိုအရပ်သို့သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း’ဟု မိန့်ကြားတော်မူလိမ့်မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ဝဿကာရပုဏ္ဏားကို-

“ပုဏ္ဏား.. သင် သွားလော့၊ သင်သည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို လျှောက်ထားမေးမြန်းလော့- ‘မြတ်စွာဘုရား.. ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား၏



၂၀၀

ခြေတော်တို့ကို ရှိခိုးဦးခိုက်လိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို မေးလိုက်ပါ၏’ဟု သင် လျှောက်လေလော့။

ထို့ပြင် ‘မြတ်စွာဘုရား.. အဇာတသတ်မင်းသည် ဝေသာလီပြည် လိစ္ဆဝီ = ဝဇ္ဇီမင်းတို့ကို စစ်ခင်းနှိမ်နင်းရန် သွားလိုသည်ဖြစ်၍ ‘ငါသည် ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့’ဟု မင်းမာန်တက်ကြွား ကြုံးဝါး ပြောဆိုလျက် ရှိပါသည်’ဟူ၍လည်း လျှောက်ထားလေလော့။ မြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်း ကောင်းစွာမှတ်သား၍ ငါ့အား ပြန်ကြားလော့။ မြတ်စွာဘုရားတို့မည်သည် ချွတ်ယွင်းသောစကားကို မိန့်ကြားတော် မမူကြကုန်”-

ဟု မိန့်ဆိုလေ၏။ ၀ဿကာရပုဏ္ဏားသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံကာ ရထားတပ်ကြီးဖြင့် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂိဇ္ဈကုဋ်တောင် ကျောင်းတိုက်သို့ သွားရောက်၍ မြတ်စွာဘုရား ထံတော်မှောက်သို့ ချဉ်းကပ်လျက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြား ပြီးဆုံးစေပြီးနောက် အပြစ်လွတ်ရာ တခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမ.. အဇာတသတ်မင်းသည် အရှင်ဂေါတမ၏ ခြေတော်တို့ကို ဦးခိုက် ရှိခိုးလိုက်ပါ၏။ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကိုလည်း မေးလျှောက်လိုက်ပါ၏။ အရှင်ဂေါတမ.. အဇာတသတ်မင်းသည် ဝေသာလီပြည် လိစ္ဆဝီ ဝဇ္ဇီမင်းတို့ကို စစ်ခင်းနှိမ်နင်းရန် သွားလိုသည်ဖြစ်၍ ‘ငါသည် ဤသို့ တန်ခိုး, အာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊



၂၀၁

ဖျက်ဆီးအံ့၊ ပျက်စီးပြုန်းတီးစေအံ့’ဟု မင်းမာန်တက်ကြွား ကြုံးဝါးပြောဆိုလျက် ရှိပါသည်”-

ဟူ၍ လျှောက်ထားလေ၏။

မင်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     ထိုစဉ်အခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို ယပ်ခပ်လျက် မြတ်စွာဘုရားရှင်၏ နောက်တော်၌ ရပ်တည်နေဆဲ ဖြစ်၏။ (ဤ၌ အရှင်အာနန္ဒာမထေရ်သည် ၀တ်ကို အဦးမူသဖြင့် မြတ်စွာဘုရားရှင်ကို ယပ်ခပ်ပေးခြင်းဖြစ်သည်။ စင်စစ်သော်ကား မြတ်စွာဘုရားရှင်အဖို့ရာ မခံသာအောင် အေးမှု, ပူမှုဟူ၍ မရှိချေ။ ဘုရားရှင် ပွင့်တော်မူရာ ထိုအခါ၌ ဘုရားရှင်တို့၏ ကုသိုလ်ကောင်းမှု အာနုဘော်ကြောင့် ဥတုသည် အချမ်းအပူ မျှတလျက်သာရှိ၏)။ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားလျှောက်ထားသော စကားကို ကြားသိတော်မူလေလျှင် ပုဏ္ဏားနှင့် တစုံတရာ ပြောကြားတိုင်ပင်မှု ပြုတော်မမူပဲ အရှင်အာနန္ဒာမထေရ်နှင့်သာ အတုံ့အလှယ်စကား မိန့်ကြားတော်မူလိုသည်ဖြစ်၍-

(၁) ပဌမ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏၊ အကြိမ်များစွာ စည်းဝေးကုန်၏”ဟု အကျွန်ုပ် ကြားသိရပါသည်။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်လျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့၏အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၀၂

(ဤ၌။ ။တနေ့လျှင် သုံးကြိမ်ကျ စည်းဝေးကြလျှင်၎င်း, အကြားအကြား၌ စည်းဝေးကြလျှင်၎င်း မကြာမကြာ စည်းဝေးကြသည်မည်၏၊ “ငါတို့သည် ယမန်နေ့ကလည်း စည်းဝေးခဲ့ကြပြီ၊ ရှေးနေ့ကလည်း စည်းဝေးခဲ့ကြပြီ၊ တဖန် ယနေ့ အဘယ်အကျိုးငှါ စည်းဝေးကြကုန်အံ့နည်း၊ (မစည်းဝေးကြပါနှင့်စို့)”ဟု ဆုတ်နစ်ခြင်းသို့ မရောက်ကြလျှင် အကြိမ်များစွာ စည်းဝေးကြသည်မည်၏။

မကြာမကြာ စည်းဝေးခြင်း, မစည်းဝေးခြင်း၌ အကျိုးအပြစ်ကား- (က) မကြာမကြာ မစည်းဝေးကြလျှင် တူရူအရပ် အထောင့်အရပ်တို့မှလာသော သတင်းစကားကို မကြားကြရကုန်၊ ထိုသို့ မကြားရသောကြောင့် “ဤမည်သော ရွာ,နိဂုံးနယ်စပ်များ ချောက်ချားနှောက်ယှက် ပျက်စီးလျက်ရှိသည်၊ ဤမည်သောအရပ် ၌ လူဆိုးသူဆိုးတို့ ထကြွသောင်းကျန်းကြသည်”ဟူ၍ မသိနိုင်ကြကုန်၊ လူဆိုးသူဆိုးများကလည်း “မင်းများ မေ့လျော့နေကြသည်”ဟု သိရှိကြကာ ရွာ,နိဂုံး စသည်တို့ကို လုယက်တိုက်ဖျက် နှိပ်စက်ကြကုန်လျက် တိုက်နယ်အလုံးကို ဖျက်ဆီးကြကုန်၏။ ဤသို့ဖြစ်လတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သောသူတို့အဖို့ ဆုတ်ယုတ်ခြင်း ဖြစ်လေတော့၏။

(ခ) မကြာမကြာ စည်းဝေးကြလျှင်ကား ထိုထိုသတင်းစကားကို ကြားသိရကုန်၏၊ ထိုသို့ ကြားသိရသောကြောင့် စစ်သည်ဗိုလ်ပါကို စေလွှတ်၍ ရန်သူတို့အား နှိမ်နင်းမှုကို အချိန်မီ ပြုလုပ်နိုင်ကုန်၏။ လူဆိုးသူဆိုးတို့သည်လည်း “မင်းများသည် မမေ့မလျော့ကြကုန်၊ ငါတို့သည် အသင်းအဖွဲ့လိုက် လှည့်လည် ကျက်စားခြင်းငှါ မတတ်နိုင်ကြကုန်တော့”ဟု တိုင်ပင်ကာ လူစုခွဲ၍ ထွက်ပြေးကြကုန်၏။ ဤသို့ဖြစ်လတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သူတို့၏ ကြီးပွါးတိုးတက်ခြင်းသည် ဖြစ်လေတော့၏)။

(၂) ဒုတိယ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှ ထကြကုန်၏လော၊ ဝဇ္ဇီတိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် အညီအညွှတ် စည်းဝေးကုန်၏၊ အညီအညွတ် အစည်းအဝေးမှ



၂၀၃

ထကြကုန်၏။ ဝဇ္ဇီတိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်ကုန်၏”ဟု အကျွန်ုပ် ကြားသိရပါသည်။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကြကုန်လျက် ဝဇ္ဇီတိုင်းရေးပြည်ရာ ကိစ္စများကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့၏အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(ဤ၌။ ။စည်းဝေးဖို့ရန် အချက်ပေးစည်, ခေါင်းလောင်း တီးခတ်လိုက်လျှင် “ယနေ့ ငါ့မှာ အခြားကိစ္စတခုရှိသည်။ မင်္ဂလာမှုတခု ရှိနေသည်” ဤသို့စသည် ဆင်ခြေစကား ပြောကြားကြကာ ပြန့်လွင့်မှု အစည်းအဝေးမတက်မှု ပြုလုပ်ကြလျှင် အညီအညွတ် စည်းဝေးကြသည် မမည်။ အချက်ပေးစည်သံ, ခေါင်းလောင်းသံကို ကြားရလျှင်ပင် ထမင်းစားနေဆဲသူများ, တန်းဆာဆင်နေဆဲသူများ, အဝတ်ဝတ်နေဆဲ သူများပင်သော်လည်း စား၍တဝက်တပြက်, တန်းဆာဆင်၍ တဝက်တပြက်, အဝတ်ဝတ်နေ၍ တဝက်တပြက်နှင့်ပင် စည်းဝေးကြလျှင် အညီအညွတ် စည်းဝေးကြသည် မည်၏။

အားလုံးညီမူ စည်းဝေးကြ၍ ကြံစည်တိုင်ပင်သင့်သမျှကို ကြံစည်တိုင်ပင်ကြလျက် ပြုလုပ်သင့်သမျှကို တညီတညွတ်တည်း ပြုလုပ်ကြပြီးလျှင် တပေါင်းတည်း (=တပြိုင်နက်) အစည်းအဝေးပြုရာဌာနမှ မထကြလျှင် အညီအညွတ် အစည်းအဝေးမှ ထကြသည်မမည်၊ ဤကဲ့သို့ မညီမညွတ် တချို့က ထ၍ တချို့က ချန်နေရစ်ခဲ့ကြလျှင် ထ၍သွားကြသော မင်းတို့၏ သန္တာန်ဝယ် “ငါတို့သည် အရေးမကြီးသည့် အပြင်အပ စကားမျှကိုသာ ကြားရကုန်၏၊ ငါတို့ထလာပြီးနောက် ယခုအခါမှ အရေးကြီးသည့် အဆုံးအဖြတ်စကား ဖြစ်ရစ်တော့မည်”ဟု စိတ်ဝမ်းကွဲပြားဖွယ် အကြံမှား အစည်မှား ဖြစ်တတ်သည်။

တိုင်ပင်ဆွေးနွေး စည်းဝေး၍ပြီးလျှင် အားလုံး တညီတညွတ်တည်း စည်းဝေးရာဌာန (=ခန်းမဆောင်)မှ ထွက်ကြ ထကြမှသာ အညီအညွတ် အစည်းအဝေးမှ ထကြသည်မည်၏။ (တနည်း) “ဤမည်သော အရပ်တို့၌ ရွာစပ်နယ်စပ်များ ချောက်ချားနှောက်ယှက် ပျက်စီးလျက်ရှိသည်။ လူဆိုးသူခိုးများ ထကြွသောင်းကျန်းလျက် ရှိကြသည်”ဟု သတင်းစကား ကြားသိရ၍ “ဤရန်သူများကို အဘယ်သူသွားရောက်၍

၂၀၄

နှိမ်နင်းမည်နည်း”ဟု တိုင်ပင်စကား ပြောကြားလတ်သော် “ငါအလျင်သွားမည်, ငါအလျင်သွားမည်”ဟု ပြောဆို၍ သူ့ထက်ငါဦးအောင် သွားကြလျှင်လည်း အညီအညွတ် အစည်းအဝေးမှ ထကြသည်မည်၏။

မင်းတဦးဦး၏ အလုပ်ကိစ္စ ဆုတ်ယုတ်နေလျှင် ကျန်သောမင်းများက သားများ, ညီများကို စေလွှတ်၍ ထိုမင်း၏ အလုပ်ကိစ္စကို ကူညီထောက်ပံ့ကြလျှင်၎င်း, ဧည့်သည်မင်းများ ရောက်ရှိလာလျှင် “ဤမည်သော မင်း၏အိမ်သို့ သွားရောက်တည်းခိုပါ၊ ဤမည်သော မင်း၏အိမ်သို့ သွားရောက်တည်းခိုပါ”ဟု တာဝန်တိမ်းရှောင်သည့်စကား မပြောကြားကြပဲ မင်းအားလုံးပင် တပေါင်းတည်း ညီညွတ်စွာ ချီးမြှောက်ပြုစုကြလျှင်၎င်း, မင်းတဦးဦးမှာ မင်္ဂလာကိစ္စဖြစ်စေ ရောဂါတခုခုဖြစ်စေ အခြားသော သုခဒုက္ခ ကိစ္စတခုခုဖြစ်စေ ဖြစ်ပေါ်လာလျှင် မင်းအားလုံးပင် ထိုကိစ္စ၌ အဖော်သဟဲအဖြစ် ကူညီဆောင်ရွက်ကြလျှင်၎င်း ဝဇ္ဇီတိုင်းရေးပြည်ရာများကို အညီအညွတ် ဆောင်ရွက်ကြသည် မည်၏)။

(၃) တတိယ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သောအရာကို မပညတ်ပဲ ရှိကုန်၏လော၊ ပညတ်ပြီးသောအရာကို မပယ်ဖျက်ပဲ ရှိကုန်၏လော၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ ကျင့်သုံးကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သောအရာကို မပညတ်ကုန်၊ ပညတ်ပြီးသောအရာကို မပယ်ဖျက်ကုန်၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာကျင့်သုံးကုန်၏”ဟု အကျွန်ုပ် ကြားသိရပါသည်။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သောအရာကို မပညတ်ကြပဲ ပညတ်ပြီးသော အရာကို မပယ်ဖျက်ကြပဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာကျင့်သုံးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့၏အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၀၅

(ဤ၌။ ။ရှေးမင်းများလက်ထက်က မကောက်ယူဘူးသော အခွန်အတုတ် ငွေဒဏ်စသည်ကို ကောက်ယူကြလျှင် မပညတ်သောအရာကို ပညတ်ကြသည်မည်၏။ ရှေးမင်းတို့လက်ထက်က အစဉ်အဆက် ဆင်းသက်လာသော အခွန်အတုတ် ငွေဒဏ်စသည်ကို မကောက်ယူကြလျှင် ပညတ်ပြီးသောအရာကို ပယ်ဖျက်ကြသည်မည်၏။ “ဤသူကား လူဆိုးသူခိုးတည်း”ဟု ဖမ်းယူအပ်နှံလတ်သော် မစစ်မဆေးပဲ သတ်ရန် ဖြတ်ရန် ဆုံးဖြတ်ကြလျှင် ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးကို မလိုက်နာ မကျင့်သုံးကြသည် မည်၏။ ရှေးမင်းတို့ မပညတ်ခဲ့သောအရာကို အသစ်တဖန် ပညတ်ကြသော မင်းတို့၏ တိုင်းနိုင်ငံ၌ အခွန်သစ် စသည်တို့ဖြင့် အနှိပ်စက်ခံရကုန်သော တိုင်းသူပြည်သားတို့သည် “ငါတို့သည် အလွန်အမင်း အနှိပ်အစက် ခံနေရကုန်၏၊ ဤမျှမတရားသော မင်းတို့၏နိုင်ငံ၌ အဘယ်သူ နေလိမ့်မည်နည်း”ဟု ညည်းတွားစိတ်ပျက်ကြကာ ပစ္စန္တရစ်သို့ ဝင်ရောက်၍ ကိုယ်တိုင်ပင် လူဆိုးသူဆိုးများ ဖြစ်ကြ၍သော်၎င်း, သို့မဟုတ် လက်ရှိ လူဆိုးသူဆိုးတို့၏ အပင်းအသင်း ဖြစ်ကြ၍သော်၎င်း ဇနပုဒ်တိုက်နယ်ကို လုယက် တိုက်ဖျက် ပုတ်ခတ်ကြလေကုန်၏။

ရှေးမင်းတို့လက်ထက်က အစဉ်အဆက် ဆင်းသက်လာသော အခွန်အတုတ် ငွေဒဏ်စသည်ကို မကောက်ယူကြသော ပညတ်ပြီးသောအရာကို ပယ်ဖျက်ကြသည့် မင်းတို့၏ ဥစ္စာကျီကြများ တနေ့တခြား လျော့ပါးဆုတ်ယုတ်လေ၏။ ထိုအခါ ဆင်, မြင်း, စစ်သည်ဗိုလ်ပါ, မောင်းမမိဿံ-စသော သူတို့သည် ရမြဲတိုင်းသော စားနပ်ရိက္ခာ လာဘ်သပ်ပကာကို မရကြကုန်ရကား အစွမ်းအားမှ ဆုတ်ယုတ်ကြကုန်ရကား စစ်မထိုးနိုင် မခစားနိုင်ကြပဲ ရှိကြရကုန်၏။

ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးကို မလိုက်နာ မကျင့်သုံးကြသော မင်းတို့၏ နိုင်ငံ၌ လူတို့သည် “ငါတို့၏ သားကို, အဖကို, ညီကို, အစ်ကိုကို ခိုးသူမဟုတ်ပါပဲလျက် ခိုးသူဟု ပြုလုပ်ကြကာ ဤမင်းတို့သည် သတ်ခဲ့ကြ ဖြတ်ခဲ့ကြလေပြီ”ဟု အမျက်ထွက်ကြ၍ ပစ္စန္တရစ်သို့ ဝင်ရောက်ပြီးလျှင် ကိုယ်တိုင်ပင် လူဆိုးသူဆိုးများ ဖြစ်ကြ၍၎င်း, သို့မဟုတ် လက်ရှိ လူဆိုးသူဆိုးတို့၏ အသင်းအပင်း သူငယ်ချင်းများ ဖြစ်ကြ၍သော်၎င်း ဇနပုဒ် တိုက်နယ်ကို လုယက်တိုက်ဖျက် ပုတ်ခတ်ကြလေကုန်၏။ ဤသို့ဖြစ်လတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သောသူတို့အဖို့ ဆုတ်ယုတ်ခြင်း ဖြစ်လေတော့၏။

၂၀၆

ရှေးမင်းတို့ ပညတ်ခဲ့သော အရာကိုသာ ပညတ်ကြသော မင်းတို့၏ တိုင်းနိုင်ငံ၌ကား “ရာဇဝင်စဉ်ဆက် ဆင်းသက်လာသည်ကိုသာ မင်းတို့သည် ပြုလုပ်ကြသည်၊ အသစ်တဖန် ပညတ်ကြသည်မဟုတ်”ဟု အောက်မေ့ကြကာ တိုင်းသားပြည်သူ လူအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် လယ်ထွန်ခြင်း, ကုန်သွယ်ခြင်း-စသော မိမိတို့၏ အလုပ်များကို ပြည့်စုံစေကြကုန်၏။

ပညတ်ပြီးသောအရာကို မပယ်ဖျက်ကြပဲ ရှေးမင်းတို့လက်ထက်က အစဉ်အဆက် ဆင်းသက်လာသော အခွန်အတုတ်-စသည်ကို ကောက်ယူကြသော မင်းတို့၏ ဥစ္စာကျီကြများသည် တနေ့တခြား တိုးပွါးလေ၏၊ ထိုအခါ ဆင်, မြင်း, စစ်သည်ဗိုလ်ပါ, မောင်းမမိဿံ-စသော သူတို့သည် ရမြဲတိုင်းသော စားနပ်ရိက္ခာ လာဘ်သပ်ပကာကို ရကြကုန်ရကား ကိုယ်အား ဉာဏ်အား နှစ်ပါးနှင့် ပြည့်စုံကြကာ စစ်ထိုးနိုင်ကြ ခစားလုပ်ကျွေးနိုင်ကြလေကုန်၏။

ရှေးအခါက ဝဇ္ဇီမင်းတို့သည် “ဤသူကား သူခိုးဖြစ်ပါသည်”ဟု ခေါ်ဆောင်၍ ပြလာလျှင် “ထိုခိုးသူကို ဖမ်းကြလော့”ဟု လွယ်လွယ်ကူကူ ပေါ့ပေါ့စားစား မပြောကြားကြပဲ တရားစစ်ဆေးသူ အမတ်ကြီးတို့ထံ အပ်နှံကြကုန်၏၊ ထိုအမတ်ကြီးတို့သည် ထိုသူကို စိစိစစ်စစ် မေးမြန်းကြပြီးလျှင် ခိုးသူမဟုတ်က လွှတ်လိုက်ကြ၏၊ အကယ်၍ ခိုးသူဟု အမှတ်ရှိကြလျှင် မိမိတို့ကိုယ်တိုင်က မကောင်းမှုမှ ကြောက်ကြသောကြောင့် တစုံတရာ ဆုံးဖြတ်စကား မပြောကြားကြပဲ တရားဆုံးဖြတ်သူ အမတ်ကြီးတို့အား အပ်နှင်းပေးကြကုန်၏။ ထိုအမတ်ကြီးတို့ကလည်း စစ်ဆေးမေးမြန်းကြ၍ ခိုးသူမဟုတ်က လွှတ်လိုက်ကြ၏။ အကယ်၍ ခိုးသူဟု အမှတ်ရှိကြ ယူဆကြလျှင် နီတိကျမ်းဆောင် သုခမိန်တို့ထံ ပေးပို့အပ်နှံကြကုန်၏။ ထိုသုခမိန်တို့ကလည်း စစ်ဆေး မေးမြန်းကြ၍ ခိုးသူမဟုတ်က လွှတ်လိုက်ကြ၏။ အကယ်၍ ခိုးသူဟု အမှတ်ရှိကြ ယူဆကြလျှင် (အဆက်ဆက်ဆောင်အပ်သည့် အမျိုးကြီးရှစ်ပါးတို့၌ ဖြစ်ပွါးကြ၍ အဂတိလေးပါးမှ ရှောင်ရှားကြသည့်) ခုံအဖွဲ့ဝင် လူကြီးရှစ်ဦးတို့ထံ အပ်နှံကြပြန်၏၊ ထိုလူကြီးတို့ကလည်း ရှေးနည်းအတူပြု၍ စစ်သူကြီးအား အပ်နှင်းကြကုန်၏။ “စစ်သူကြီးမှတဆင့် အိမ်ရှေ့မင်း, အိမ်ရှေ့မင်းမှတဆင့် မင်းကြီးအား အပ်နှင်း၏။ မင်းကြီးသည် စစ်ဆေးမေးမြန်း၍ ခိုးသူမဟုတ်က လွှတ်လိုက်၏၊ အကယ်၍ ခိုးသူစင်စစ် ဖြစ်နေခဲ့လျှင် အစဉ်အဆက် ဆင်းသက်လာသော ဓမ္မသတ်ကျမ်းကို ဖတ်စေ၏။

၂၀၇

ထိုကျမ်း၌ “အကြင်သူသည် ဤမည်သောအမှုကို ပြုအံ့၊ ထိုသူအား ဤမည်သောဒဏ် ပေးရမည်”ဟု အတိအလင်း ရေးသားထားအပ်လေသည်။ မင်းကြီးသည် ထိုသူ၏အမှုကို ထိုဓမ္မသတ်ကျမ်းနှင့် ညှိနှိုင်းပြီးမှ ထိုအမှုအား လျော်သောဒဏ်ကို ချမှတ်တော်မူလေသည်။

ဤသို့လျှင် ဤဖော်ပြရာပါ ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးကို လိုက်နာကျင့်သုံးကြသော မင်းတို့အား လူတို့သည် မကဲ့ရဲ့ကြပဲ “မင်းများသည် ရှေးဟောင်းကျင့်ထုံးအတိုင်း အမှုကို ဆုံးဖြတ်ကြလေသည်၊ ဤမင်းတို့အား အပြစ်မရှိ၊ ဤမင်းတို့၏ အပြစ်မဟုတ်၊ ငါတို့၏အပြစ်သာ ဖြစ်ချေသည်”ဟု အောက်မေ့ကျေနပ်ကြကာ မမေ့မလျော့ မိမိတို့၏ အလုပ်များကို ရိုးသားစွာ ပြုလုပ်ကြကုန်၏၊ ဤသို့ ပြုလတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သော သူတို့အဖို့ တိုးတက်ကြီးပွါးခြင်း ဖြစ်လေတော့၏)။

(၄) စတုတ္ထ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကြကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားသိရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကြကုန်၏”ဟု အကျွန်ုပ် ကြားသိရပါသည်။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်လျက် အလေးပြုကုန်လျက် မြတ်နိုးကုန်လျက် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ကြ၍ နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့၏အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၀၈

(ကောင်းသော ဥပကာရအထူး ကျေးဇူးပြုသည်ကို အရိုအသေပြု၏ဟု ခေါ်၏။ “ဤသူတို့ကား ငါတို့၏ ကျောက်ထီးအတူ အလေးမူအပ်သော သူတို့တည်း”ဟု အလေးမူသောစိတ်ကို အဖန်ဖန်ဖြစ်စေ၍ ပြုလုပ်သည်ကို အလေးပြု၏ဟု ခေါ်၏။ စိတ်ပါလက်ပါ ချစ်ခင်စွာ ပြုမူသည်ကို မြတ်နိုး၏ဟု ခေါ်၏။ မာန်မာန နှိမ့်ချ၍ ပြုမူသည်ကို ပူဇော်၏ဟု ခေါ်၏။ ထိုသူတို့ထံ တနေ့လျှင် ၂-ကြိမ် ၃-ကြိမ် ဆည်းကပ်၍ ပြောဆိုအပ်သည်ကို နာကြားမှုကို “ထိုသူတို့၏ စကားကို နာကြားသင့်သည်ဟု မှတ်ယူခြင်း”ဟု ခေါ်၏။

ဤကဲ့သို့ အသက်ကြီးသော မင်းတို့၏အပေါ်မှာ အရိုအသေပြုခြင်းစသော အမှုကို မပြုကြသော အဆုံးအမခံယူရန် ထိုအသက်ကြီးသော မင်းတို့ထံ မဆည်းကပ်ကြသော မင်းပျိုမင်းလွင်များမှာ ထိုအသက်ကြီးသော မင်းတို့က ဥပေက္ခာပြု လျစ်လျူရှုကာ အစွန့်အပစ် ခံကြရကုန်သည်ဖြစ်၍ အဆုံးအမ ဩဝါဒကို မရရှိကြပဲ မြူးထူးပျော်ပါး ကစားမူးမေ့ကြကုန်လျက် မင်းစည်းစိမ်မှ ဆုတ်ယုတ်ဆုံးရှုံးကြကုန်၏။

အသက်ကြီးသော မင်းတို့၏အပေါ်မှာ အရိုအသေမှု- စသည်ကို ပြုကြသော မင်းတို့အား အသက်ကြီးသော မင်းတို့သည် “ဤအမှုကို ပြုသင့်၏၊ ဤအမှုကို မပြုသင့်”ဟု ရှေးအစဉ်အလာ ကျင့်ထုံးများကို ပြောကြားကြကုန်၏၊ စစ်ရေးကြုံလာလျှင်လည်း “ဤသို့ ဝင်သင့်၏။ ဤသို့ ထွက်သင့်၏” စသည်ဖြင့် နည်းလမ်း ဥပါယ်ကို ပြကြကုန်၏၊ ထိုမင်းတို့သည် ထိုအသက်ကြီးသော မင်းတို့က ဆုံးမနည်းညွှန်အပ်ကုန်ရကား ဆုံးမသည့်အတိုင်း ကျင့်ကြကုန်သည်ဖြစ်၍ မင်းအစဉ်အဆက် = ရာဇဝင်ကို ကာလမြင့်ရှည် တည်အောင် ရွက်ဆောင်နိုင်စွမ်း ရှိကြလေကုန်၏)။

(၅) ပဉ္စမ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ပဲ ရှိကြ၏လော၊ သင်ချစ်သား အဘယ်သို့ ကြားသိရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြကုန်”ဟု အကျွန်ုပ် ကြားသိရပါသည်။



၂၀၉

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့၏အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(ဤ၌။ ။အိမ့်ရှင်မ အမျိုးသမီးကြီးများနှင့် သမီးပျိုများကို “ငါ မင်းပဲ”ဟု အတင်းဆွဲငင်၍ အနိုင်အထက် သိမ်းပိုက်ကြသော မင်းတို့၏နိုင်ငံ၌ လူတို့သည် “ငါတို့အိမ်မှာ သားသယ်မိခင်တို့ကို၎င်း, တံတွေး, နှပ်-စသည်တို့ကို မရွံမရှာ ခံတွင်းဖြင့် စုတ်ယူ ဖယ်ရှားကြကာ တမြတ်တနိုး ပြုစုမွေးကျွေးသုတ်သင် ကြီးပွါးစေခဲ့ရသော သမီးပျိုများကို၎င်း ဤမင်းတို့သည် အနိုင်အထက် သိမ်းပိုက်ကြ၍ မိမိနန်းအိမ်၌ နေစေကြ ကုန်၏”ဟု အမျက်ထွက်ကြကာ ပစ္စန္တရစ်သို့ ဝင်ရောက်ကြပြီးလျှင် ကိုယ်တိုင်ပင် လူဆိုးသူဆိုးများ ဖြစ်ကြ၍သော်၎င်း, လက်ရှိ လူဆိုးသူဆိုးတို့၏ အပင်းအသင်း သူငယ်ချင်း ဖြစ်ကြ၍သော်၎င်း ဇနပုဒ်တိုက်နယ်ကို လုယက်တိုက်ဖျက် ပုတ်ခတ်ကြလေကုန်၏၊ ဤသို့ ဖြစ်လတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သော သူတို့အဖို့ ဆုတ်ယုတ်ခြင်း ဖြစ်လေတော့၏။

အိမ့်ရှင်မ အမျိုးသမီးကြီးများနှင့် သမီးပျိုများကို အနိုင်အထက် မသိမ်းပိုက်ကြသော မင်းတို့၏ နိုင်ငံ၌ကား လူတို့သည် စိုးရိမ်ကြောင့်ကြခြင်း ကင်းကြလျက် မိမိတို့ဆိုင်ရာ အလုပ်ကိစ္စများကို ရွက်ဆောင်ပြုလုပ်ကြကာ မင်း၏ ဥစ္စာဘဏ္ဍာ ကျီကြကို တိုးပွါးစေကြကုန်၏၊ ဤသို့ ဖြစ်လတ်သော် တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သောသူတို့အဖို့ တိုးတက်ကြီးပွါးခြင်း ဖြစ်လေတော့၏)။

(၆) ဆဋ္ဌ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ ရှေး ဝဇ္ဇီမင်းတို့၏ နတ်ကွန်း (=စေတီ)များကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုနတ်ကွန်းတို့အား ရှေးက ပေးမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သည့် ဗလိနတ်စာကိုလည်း မဆုတ်ယုတ်စေပဲ ရှိကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားသိရသနည်း။



၂၁၀

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီမင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ ရှေး ဝဇ္ဇီမင်းတို့၏ နတ်ကွန်း (=စေတီ)များကို အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏။ ထိုနတ်ကွန်းတို့အား ရှေးက ပေးမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သည့် ဗလိနတ်စာကိုလည်း မဆုတ်ယုတ်စေကုန်”ဟု အကျွန်ုပ် ကြားသိရပါသည်။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီမင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ ရှေးဝဇ္ဇီမင်းတို့၏ နတ်ကွန်း (=စေတီ)များကို အရိုအသေပြုကြလျက် အလေးပြုကြလျက် မြတ်နိုးကြလျက် ပူဇော်ကြလျက် ထိုနတ်ကွန်းတို့အား ရှေးက ပေးမြဲ ပြုမြဲဖြစ်သော ဗလိနတ်စာကိုလည်း မဆုတ်ယုတ်စေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့ အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(မြို့တွင်း မြို့ပြင်ရှိ ရှေးဟောင်းနတ်ကွန်း (=စေတီ)များကို ရိုသေ လေးမြတ် ပူဇော်မှု မပြုကြပဲ ရှေးက ပေးမြဲ ပြုမြဲဖြစ်သော တရားနှင့်ညီလျော်သည့် ဗလိနတ်စာကို ဆုတ်ယုတ်စေကြ = မပေးကြသော မင်းတို့အား နတ်တို့သည် အစောင့်အနေ ကောင်းစွာထားမှုကို မပြုကြကုန်၊ မဖြစ်သေးသော ဆင်းရဲဒုက္ခကို ဖြစ်စေရန် မစွမ်းနိုင်ကြသော်လည်း ဖြစ်နေဆဲရှိသော ချောင်းဆိုးနာ ခေါင်းခဲနာ- စသည်တို့ကို တိုးပွါးစေတတ်ကုန်၏။ စစ်ရေးစစ်ပွဲ ကြုံလတ်သော် အဖော်သဟဲ မဖြစ်ကြကုန်၊ ထိုသို့ ဖြစ်လတ်သော် မင်းတို့အဖို့ ဆုတ်ယုတ်ခြင်း ဖြစ်လေတော့၏။

တရားနှင့်ညီလျော်သည့် ဗလိနတ်စာကို မဆုတ်ယုတ်စေကြ = ပေးမြဲ ပေးကြ, ပြုမြဲ ပြုကြသော မင်းတို့အားကား နတ်တို့သည် အစောင့်အနေ ကောင်းစွာချထားမှု ပြုကြကုန်၏၊ မဖြစ်သေးသော ချမ်းသာသုခကို ဖြစ်စေရန် မစွမ်းနိုင်ကြသော်လည်း ဖြစ်နေဆဲရှိသော ချောင်းဆိုးနာ ခေါင်းခဲနာ- စသည်တို့ကို လျင်စွာ ပျောက်ကင်းစေကုန်၏၊ စစ်ရေးစစ်ပွဲ ကြုံလတ်သော် စစ်ဦး၌ မိမိဖက်က စစ်သည်ဗိုလ်ပါကို နှစ်ဆတက် သုံးဆတက်(တဖက်ရန်သူတို့) ထင်မြင်စေခြင်း, ထိုတဖက်ရန်သူတို့အား ကြောက်မက်ဖွယ်အဖြစ်ကို ပြခြင်း- စသည်ဖြင့် အဖော်သဟဲ ဖြစ်ကြကုန်၏၊ ထိုသို့ ဖြစ်လတ် သော် မင်းတို့အဖို့ တိုးတက်ကြီးပွါးခြင်း ဖြစ်လေတော့၏)။

၂၁၁

(၇) သတ္တမ ကြီးပွါးကြောင်းတရား

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းငှါ, ကြွရောက်လာပြီးသော ရဟန္တာတို့လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံစေမှုကို ကောင်းစွာ စီမံပေးကုန်၏လော၊ သင်ချစ်သား အဘယ်သို့ ကြားသိရသနည်း။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. “ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းငှါ, ကြွရောက်လာပြီးသော ရဟန္တာတို့လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်ကြလျက် လုံခြုံစေမှုကို ကောင်းစွာ စီမံပေးကုန်၏”ဟု အကျွန်ုပ် ကြားသိရပါသည်ဘုရား။

(ဘုရား)

ချစ်သားအာနန္ဒာ.. ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းငှါ, ကြွရောက်လာပြီးသော ရဟန္တာတို့လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရခြင်းငှါ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်ကြလျက် လုံခြုံစေမှုကို ကောင်းစွာ စီမံပေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(ဤ၌။ ။အလိုမရှိအပ်သည့် အန္တရာယ်များ မရောက်အောင် ပြုလုပ်ပေးမှုကို စောင့်ရှောက်မှု ကာကွယ်မှုဟု ခေါ်၏။ အလိုရှိအပ်သော အရာဝတ္ထုများ မပျက်စီးအောင် ထိန်းသိမ်းမှုကို လုံခြုံစေမှုဟု ခေါ်၏။ ထိုသို့ စောင့်ရှောက်ကာကွယ် လုံခြုံစေရာ၌ စစ်သည်ဗိုလ်ပါ တပ်ကြီးဖြင့် ဝန်းရံ၍ စောင့်ရှောက်ခြင်းသည် ရဟန်းတို့အဖို့ရာ တရားနှင့်အညီ စောင့်ရှောက်ကာကွယ် လုံခြုံစေခြင်း မမည်၊ စင်စစ်သော်ကား ကျောင်းတိုက်၏ အနီးဖြစ်သော တော၌ သစ်ပင်များကို မခုတ်လှည်းအောင်, မူဆိုးများ သားကောင်တို့ကို ဖမ်းဆီးပစ်ခတ် သတ်ဖြတ်မှုမပြုအောင်, ကျောင်းတိုက်အနီး ရေကန်များ၌ လူများ ငါးတို့ကို မဖမ်းယူအောင်



၂၁၂

ပြုလုပ်ပေးခြင်း သည် တရားနှင့်အညီ စောင့်ရှောက်ကာကွယ် လုံခြုံစေခြင်း မည်၏။

“တုံ, တ္ထံ, ကာမာ၊ စသည်မှာ၊ စိတ်သာမှတ်သားစွဲ” ပါဠိဘာသာ၌ ကတ္တုံ, ကရဏတ္ထံ, ကာတုကာမော- စသည်ဖြင့်၎င်း၊ မြန်မာဘာသာ၌ ပြုခြင်းငှါ, ပြုလိုသည်ဖြစ်၍- စသည်ဖြင့်၎င်း ဟောကြားရေးသားလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်၏ မနသာဝတ္ထာပိတခေါ်သော စိတ်နှလုံးသွင်းကို ဖော်ပြသည်။

ထို့ကြောင့် ဤ၌ “မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းငှါ, ကြွရောက်လာပြီးသော ရဟန္တာတို့လည်း ချမ်းသာစွာ နေရခြင်းငှါ”ဟူသော စကားရပ်ဖြင့် “ငါတို့နိုင်ငံသို့ ဘယ်လိုနည်းဖြင့် မလာရောက်ကြသေးသော ရဟန္တာများ လာရောက်ကြပါမည်နည်း၊ ဘယ်လိုနည်းဖြင့် ကြွရောက်ပြီးသော ရဟန္တာတို့ချမ်းသာစွာ နေကြရပါမည်နည်း”ဟူ၍ ထိုဝဇ္ဇီမင်းတို့၏ သန္တာန်၌ နှလုံးသွင်း စိတ်ဖြစ်ပုံကို ပြဆိုသည်။

ထိုစကားရပ်၌ မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းကို အလိုမရှိကြသော မင်းတို့သည် သဒ္ဓါတရားမရှိသူ ရတနာသုံးပါး၌ မကြည်ညိုသူများ ဖြစ်ကြကုန်၏၊ ထိုမျှသာမကသေး ထိုမင်းများသည် မိမိတို့နိုင်ငံသို့ ရဟန်းတော်များ ရောက်ဆိုက်လာသောအခါ ခရီးဦးကို မကြိုကြကုန်၊ သွားရောက်၍ ဖူးတွေ့မှု မပြုကြကုန်၊ အစေ့အစပ်စကား မပြောကြားကြကုန်၊ ပြဿနာကို မမေးလျှောက်ကြကုန်၊ တရားကို မနာကြကုန်၊ အလှူဒါနကို မပေးကြကုန်၊ အနုမောဒနာတရား မနာကြားကြကုန်၊ ထိုရဟန်းတို့အတွက် နေရာထိုင်ခင်း အလျှင်း မစီမံကြကုန်။ ထိုအခါ ထိုမင်းတို့အဖို့ရာ “ဤမည်သောမင်းသည် သဒ္ဓါတရားမရှိ၊ ရတနာသုံးပါး၌ မကြည်ညို၊ ရဟန်းတော်များ မိမိနိုင်ငံသို့ ရောက်ဆိုက်လာသောအခါ ခရီးဦးကြိုဆိုမှုကို မပြု၊ (ပ)၊ နေရာထိုင်ခင်း အလျှင်း မစီမံချေ”ဟူ၍ မကောင်းသတင်း ပြန့်နှံ့ ကျော်စောလေ၏။ ထိုအကြောင်းကိုကြား၍ ရဟန်းတို့သည် ထိုမင်း၏ မြို့တံခါးဖြင့် ခရီးမသွားကြတော့ကုန်၊ မတတ်သာ၍ မြို့တံခါးအနီးမှ ခရီးသွားကြသော်လည်း မြို့တွင်းသို့ မဝင်ကြတော့ကုန်၊ ဤသို့ဖြစ်လတ်သော် မလာရောက်သေးသော ရဟန္တာတို့၏ မလာရောက်ခြင်းသာလျှင် ဖြစ်လေတော့၏။

ကြွရောက်လာပြီးသော ရဟန်းတို့ ချမ်းသာစွာ နေထိုင်ရမှု မရှိလျှင်လည်း မသိ၍ လာရောက်ကြသော ရဟန်းတို့ပင် “ငါတို့သည် ဤမြို့၌ နေကုန်အံ့ဟု ကြံစည်၍ လာမိကြကုန်၏၊ သို့သော်လည်း ဤမင်းတို့

၂၁၃

ဤနည်းအတိုင်းသာ ကျင့်ကြံနေကြလျှင် အဘယ်သူသည် နေတော့အံ့နည်း”ဟု ကဲ့ရဲ့ပြောဆိုကာ ထွက်သွားကြလေကုန်၏။ ဤသို့ မလာသေးသော ရဟန်းတို့ မလာရောက်ကြလျှင်၎င်း, ကြွရောက်လာပြီးသော ရဟန်းတို့ ဆင်းရဲစွာ နေကြရကုန်လျှင်၎င်း ထိုအရပ်ဒေသသည် ရဟန်းတို့၏နေရာ မဟုတ်တော့ချေ။ ထိုအခါ နတ်တို့ အစောင့်အရှောက်ဟူ၍ မရှိတော့ချေ၊ နတ်တို့ စောင့်ရှောက်မှု မရှိလတ်သော် ဘီလူးတို့သည် အခွင့်ရကြလေကုန်၏၊ ထိုဘီလူးများ ပြောများလတ်သော် မဖြစ်သေးသော အနာရောဂါ (=မဖြစ်ဘူးသော အနာရောဂါ)ကို ဖြစ်စေကြကုန်၏၊ သီလရှိသူ ပုဂ္ဂိုလ်မြတ်တို့ကို ဖူးမြော်ခြင်း ပြဿနာ မေးလျှောက်ခြင်း စသည်လျှင် အကြောင်းရင်းရှိသော ကုသိုလ်ကောင်းမှုလည်း မဖြစ်ပွါးတော့ချေ။ ထိုသို့ဖြစ်လတ်သော် မင်းတို့အဖို့ ဆုတ်ယုတ်ခြင်း ဖြစ်လေတော့၏။ ။ဤမှ အပြန်အားဖြင့် တိုးတက်ကြီးပွါးခြင်းကို ရှေးနည်းကိုမှီး၍ သိအပ်၏။)

     ထို့နောက် မြတ်စွာဘုရားရှင်သည် မဂဓတိုင်း အမတ်ကြီးဖြစ်သူ ဝဿကာရပုဏ္ဏားကို-

“ပုဏ္ဏား.. အခါတပါး၌ (=တချိန်က) ငါဘုရားသည် ဝေသာလီပြည် သာရန္ဒဒနတ်ကွန်း၌ နေစ၌ ဝဇ္ဇီမင်းတို့အား ဤအပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးတို့ကို ဟောကြားခဲ့လေပြီ။

ပုဏ္ဏား.. ဤအပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌တည်၍ ဝဇ္ဇီမင်းတို့သည်လည်း ဤအပရိဟာနိယတရား ခုနစ်ပါးတို့ကို ကောင်းစွာ ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ”-

ဟု မိန့်ဆိုတော်မူလေ၏။ ထိုအခါ ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမ.. အပရိဟာနိယတရား တပါးပါးနှင့် ပြည့်စုံလျှင်ပင် ဝဇ္ဇီမင်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပါ၏၊



၂၁၄

ဆုတ်ယုတ်ရန် အလျှင်းမရှိပါ၊ အပရိဟာနိယတရား ခုနှစ်ပါးလုံးတို့နှင့် ပြည့်စုံကြပါမူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အိုအရှင်ဂေါတမ.. အဇာတသတ်မင်းသည် (၁) ဖြားယောင်းမှုကိုဖြစ်စေ (၂) အချင်းချင်း စိတ်ဝမ်းကွဲစေ မှုကိုဖြစ်စေ မပြုလုပ်ပဲ စစ်ထိုးကာမျှဖြင့် ဝဇ္ဇီတိုင်းကို သိမ်းပိုက်နိုင်ဖွယ်မရှိပါ။

အို အရှင်ဂေါတမ.. ကိုင်း.. အကျွန်ုပ်တို့သည် ယခုအခါ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသော ပြုဖွယ်ရှိသူများ ဖြစ်ကြပါသည်”–

ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဝဿကာရပုဏ္ဏားကို “ပုဏ္ဏား.. ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ (=သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏)”ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။ ထိုအခါ ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား၏စကားကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှထကာ ပြန်သွားလေ၏။

(မြတ်စွာဘုရားရှင် ပွင့်တော်မမူမီ ထိုနေရာ၌ သာရန္ဒဒနတ်ဘီလူး၏ နေထိုင်ရာ နတ်ကွန်းစေတီ ဖြစ်ခဲ့၏။ ထို့နောက် ဘုရားရှင် ပွင့်တော်မူလာသောအခါ ထိုနေရာ၌ မြတ်စွာဘုရားရှင်အတွက်ကျောင်းတိုက် ဆောက်လုပ် လှူဒါန်းကြသဖြင့် ထိုကျောင်းတိုက်သည် သာရန္ဒဒနတ်ကွန်း ကျောင်းတိုက်ဟု အမည်တွင်လေသည်။

ပုဏ္ဏားပြန်၍ ပြောကြားသောစကားရပ်၌- (၁) ဖြားယောင်းမှု ဟူသည်မှာ “ငါတို့အဖို့ရာ ခိုက်ရန်ငြင်းခုံမှု ပြုသဖြင့် အကျိုးမရှိပါ၊ ယခုအခါ ညီညွတ်ကြပါစို့”ဟု ငြိမ်းချမ်းရေးစကား ပြောဆိုကာ ဆင်, မြင်း, ရထား, ရွှေ, ငွေ-စသော လက်ဆောင်ပဏ္ဏာများကို ပို့ဆက်၍ ချီးမြှောက် (=ရန်သူ၏စိတ်ကို မိမိအလိုပါအောင် ဆွဲယူမှု) ပြုခြင်းကို ခေါ်ဆိုသည်။ ဤကဲ့သို့ သင်္ဂြိုဟ်ချီးမြှောက်မှု ဖြားယောင်းမှုကို ပြုပြီးမှ ရင်းနှီးခင်မင် အကျွမ်းဝင်လာသောအခါ အလွယ်တကူနှင့် ဖမ်းယူသိမ်းပိုက်နိုင်မည်ဟု ဆိုလိုရင်းဖြစ်သည်။ (၂) အမှတ်ပါ စကားရပ်ဖြင့် ဝဇ္ဇီမင်းများကို အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်၍လည်း

၂၁၅

ဖမ်းယူသိမ်းပိုက်နိုင်မည်-ဟူသော အဓိပ္ပါယ်ကို ဖော်ပြ၏။ ဤနည်းလမ်းဥပါယ် (၂)ရပ်ကို ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား၏ ဟောကြားချက်ဖြင့် နည်းမှီး၍ လျှောက်ဆိုလေသည်။ ဤ၌ မေးဖြေဖွယ်ရှိသည်ကား-

(မေး)

မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်က ဤကဲ့သို့ ဟောလိုက်လျှင် ဝဿကာရပုဏ္ဏားကြီး (ဝဇ္ဇီမင်းတို့ကို သိမ်းပိုက်ရန်) နည်းရသွားမည်ကို မသိဘူးလော။

(ဖြေ)

မသိမဟုတ် သိပါ၏။

(မေး)

သိတော်မူပါလျက် အဘယ့်ကြောင့် ဟောတော်မူသနည်း။

(ဖြေ)

ဝဇ္ဇီမင်းတို့ကို သနားစောင့်ရှောက်သဖြင့် ဟောကြားတော်မူ၏။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်၏ ရွှေဉာဏ်တော်ဝယ် “ငါဘုရား မဟောကြားလျှင်လည်း အဇာတသတ်မင်းသည် နှစ်ရက်သုံးရက်အတွင်း သွားရောက်၍ ဝဇ္ဇီမင်း အားလုံးတို့ကို ဖမ်းယူသိမ်းပိုက် သတ်ဖြတ်လိမ့်မည်။ ဟောကြားလျှင်ကား (အကြမ်းနည်းမဖက်ပဲ) ဘေဒဥပါယ်ကိုသုံးကာ ညီညွတ်နေသော လိစ္ဆဝီ = ဝဇ္ဇီမင်းတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်လျက် သုံးနှစ်ကြာမှ သွားရောက်၍ ဝဇ္ဇီမင်း အားလုံးတို့ကို ဖမ်းယူသိမ်းပိုက် သတ်ဖြတ်လိမ့်မည်၊ ဤမျှ သုံးနှစ်ကြာ အသက်ရှည်နေရခြင်းသည်လည်း ချီးမွမ်းအပ် မြတ်လှပေ၏၊ မှန်၏- ဤမျှ သုံးနှစ်ကြာ အသက်ရှင်ကြရကုန်လျှင်ပင် လိစ္ဆဝီ = ဝဇ္ဇီမင်းတို့သည် မိမိတို့၏ ထောက်တည်ရာ ကုသိုလ်ကောင်းမှုကို ပြုလုပ်နိုင်ကြပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင် သိမြင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဝဇ္ဇီမင်းတို့ကို သနားစောင့်ရှောက်သဖြင့် ဟောကြားတော်မူ၏)။

ဝေသာလီပြည် ပျက်စီးခြင်း

     ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရားရှင်ထံတော်မှ ဖဲခဲ့လေ၍ အဇာတသတ်မင်းထံသို့ ရောက်ရှိလေလျှင် အဇာတသတ်မင်းသည် ဝဿကာရပုဏ္ဏားကို “ဆရာ.. မြတ်စွာဘုရားရှင်က ဘယ်လိုများ မိန့်ကြားတော်မူလိုက်ပါသနည်း”ဟု မေးလေ၏။ ဝဿကာရပုဏ္ဏားသည် “အို အရှင်မင်းမြတ်.. ရဟန်းဂေါတမ၏ စကားအရဆိုလျှင် ဝဇ္ဇီမင်းတို့ကို အခြားနည်းလမ်းဖြင့် ဖမ်းဆီးသိမ်းပိုက်ရန် မစွမ်းနိုင်၊ စင်စစ်သော်ကား ဖြားယောင်းခြင်းဖြင့်သော်၎င်း,



၂၁၆

အချင်းချင်း ကွဲပြားအောင် ပြုလုပ်ခြင်းဖြင့်သော်၎င်း ဤနှစ်နည်းသာ ဖမ်းဆီးသိမ်းပိုက်ခြင်းငှါ စွမ်းနိုင်၏”ဟု တင်လျှောက်လေ၏။

     ထိုအခါ အဇာတသတ်မင်းသည် ဝဿကာရပုဏ္ဏားကို “ဖြားယောင်းခြင်းဖြင့် (=ဖြားယောင်းသည့် နည်းကိုသုံးလျှင်) ငါတို့၏ ဆင်, မြင်း စသည်တို့ ပျက်စီးကုန်ကြလိမ့်မည်၊ စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း = ဘေဒဥပါယ်ဖြင့်သာ ထိုဝဇ္ဇီမင်းတို့ကို ဖမ်းဆီးသိမ်းပိုက်ပေအံ့၊ အဘယ်သို့ ပြုရမည်နည်း ဆရာ..”ဟု မေးလေ၏။ ၀ဿကာရပုဏ္ဏားက “မြတ်သောမင်းကြီး.. ထိုသို့ဖြစ်လျှင် အရှင်မင်းကြီးတို့သည် ဝဇ္ဇီမင်းများကို အကြောင်းပြု၍ မှူးမတ်ဗိုလ်ပါ ပရိသတ်အစုံအညီ၌ ဝဇ္ဇီမင်းများနှင့် စစ်ထိုးမည့် အကြောင်းစကား ပြောကြားတော်မူပါလော့၊ ထိုအခါ အကျွန်ုပ်က ‘မြတ်သောမင်းကြီး.. အရှင်မင်းကြီးမှာ ထိုဝဇ္ဇီမင်းတို့ဖြင့် (=ထိုဝဇ္ဇီမင်းများနှင့် စစ်ထိုးခြင်းဖြင့်) အဘယ်အကျိုးရှိအံ့နည်း၊ ထိုဝဇ္ဇီမင်းတို့သည် မိမိတို့၏ ဥစ္စာတို့ဖြင့် လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း စသည်တို့ကို ပြုလုပ်ကြ၍ အသက်ရှင်ကြပါကုန်စေ’ဟု ပြောဆိုကာ (သဘောမတူသော အမူအရာဖြင့်) နေရာမှထ၍ သွားပါအံ့။ ထိုအခါ အရှင်မင်းကြီးတို့သည် ‘အချင်းတို့.. ဤဝဿကာရပုဏ္ဏားက ဝဇ္ဇီမင်းတို့ကို အကြောင်းပြု၍ ငါ စစ်ထိုးမည်ဟူသော စကားကို အဘယ့်ကြောင့် တားမြစ်ရသနည်း’ဟု အမျက်ထွက်သည့်အဟန် မိန့်ဆိုတော်မူကြပါ။ ထို့ပြင်လည်း ကျွန်ုပ်က နေ့ခင်းကြောင်တောင်မှာပင် ဝဇ္ဇီမင်းတို့ထံ လက်ဆောင်ပဏ္ဏာကို ပို့ဆက်ပါမည်၊ ထိုလက်ဆောင်များကိုလည်း ဖမ်းယူစေ၍ အရှင်မင်းကြီးတို့သည် အကျွန်ုပ်အပေါ်မှာ အပြစ်တင်တော်မူကြပြီးလျှင် နှောင်ဖွဲ့ခြင်း ရိုက်ပုတ်ခြင်း- စသည်ကို မပြုကြပဲ အကျွန်ုပ်ကို ခေါင်းတုံးရိတ်မှု သက်သက်ကိုသာ ပြုပြီးလျှင် မြို့မှ နှင်ထုတ်စေတော်မူပါကုန်လော့။ ထိုအခါ အကျွန်ုပ်သည် ‘သင့်မြို့တော်၌ တံတိုင်းများ ကျုံးများကို အခြားသူ ကြပ်မ ပြုလုပ်အပ်သည်မဟုတ်၊ ငါကြပ်မ ပြုလုပ်အပ်ခဲ့သည်၊ ငါသည် သင့်မြို့တော်၌ တံတိုင်းမီးတား



၂၁၇

အားနည်းသောနေရာ, ကျုံးအပြင်ဝယ် ရေတိမ်သောနေရာ, ရေနက်သောနေရာများကို သိသူဖြစ်သည်။ ယခုအခါ မကြာမြင့်မီပင် ရန်သူမင်းများကို ခေါ်ဆောင်လာကာ ငါသည် ထိုသင့်မြို့တော် တံတိုင်းနှင့် ကျုံးများကို ပျက်စီးအောင် ရွက်ဆောင်ကာ တဖြောင့်တည်း (မြေတပြင်တည်း)ဖြစ်သွားအောင် ပြုလုပ်ပေအံ့’ဟု ဆန့်ကျင်စကား ပြောကြားပါမည်၊ ထိုအကြောင်းကို ကြားသိတော်မူလျှင် အရှင်မင်းကြီးတို့က အကျွန်ုပ်ကို ‘ယခုအမြန် တိုင်းပြည်မှ ထွက်သွားရမည်’ဟု ပြည်နှင်ဒဏ်စကား အပြင်းအထန် မိန့်ကြားတော်မူကြပါလော့”ဟု အကြံပေးစကား လျှောက်ထားလေ၏။ အဇာတသတ်မင်းသည်လည်း ပုဏ္ဏား အကြံပေးသမျှ အားလုံးကို ပြုလုပ်လေ၏။

     လိစ္ဆဝီမင်းတို့သည် ဝဿကာရပုဏ္ဏား ရာဇဂြိုဟ်မှ ထွက်လာကြောင်း သတင်းစကားကို ကြားသိကြ၍ “ဝဿကာရပုဏ္ဏားသည် ကောက်ကျစ်စဉ်းလဲသူဖြစ်၏။ သူ့အား ဂင်္ဂါမြစ် ဤဖက်ကမ်းသို့ ကူးသန်းခွင့် မပေးကြနှင့်”ဟု အပြင်းအထန် ကန့်ကွက်စကား ပြောကြားကြကုန်၏။ ထိုလိစ္ဆဝီမင်းတို့အနက် အချို့သော လိစ္ဆဝီမင်းတို့က “ငါတို့ကို အကြောင်းပြု၍ ပြောကြားအပ်သောကြောင့် ထိုဝဿကာရပုဏ္ဏားကို အဇာတသတ်မင်းက ဤသို့ ပြည်နှင်ဒဏ်ခတ်အပ်သတဲ့”ဟု အမျက်ဖြေစကား တင်သွင်း ပြောကြားအပ်သည်ရှိသော် လိစ္ဆဝီမင်းအားလုံးတို့သည် “အချင်းတို့.. ထိုသို့ဖြစ်လျှင် ပုဏ္ဏား လာပါစေ”ဟု သဘောတူစကား ပြောကြားကြလေ၏။

     ဝဿကာရပုဏ္ဏားသည် သွားရောက်၍ လိစ္ဆဝီမင်းတို့ကို တွေ့မြင်ပြီးလျှင် “အဘယ့်ကြောင့် လာရောက်ကုန်သနည်း”ဟု လိစ္ဆဝီမင်းတို့က မေးအပ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ထားလေ၏။ လိစ္ဆဝီမင်းတို့သည် “အနည်းငယ်မျှ မပြောပလောက်သော အကြောင်းဖြင့် ဤသို့စင် ကြီးလေးသော အပြစ်ဒဏ်ကို ပြုဖို့ရန် မသင့်ချေ”ဟု ပြောဆိုကြ၍ “ထိုရာဇဂြိုဟ်ပြည်၌ သင်၏ရာထူးကား အဘယ်ရာထူး နည်း”ဟု မေးကြလေ၏။



၂၁၈

ဝဿကာရပုဏ္ဏားက “အကျွန်ုပ်သည် တရားဆုံးဖြတ်သည့် အမတ်ကြီးဖြစ်ပါသည်”ဟု ပြောဆိုလေလျှင် လိစ္ဆဝီမင်းတို့သည် “သင့်အတွက်တာ ထိုတရားဆုံးဖြတ်သည့် အမတ်ကြီးရာထူးပင် ဖြစ်စေ” ဟု ပြောဆိုကြကာ ပုဏ္ဏားအား တရားဆုံးဖြတ်သည့် အမတ်ရာထူးကို ပေးကြလေကုန်၏။

     ၀ဿကာရပုဏ္ဏားသည် အလွန့်အလွန်ကောင်းမွန်အောင် တရား ဆုံးဖြတ်ပေးလေ၏။ လိစ္ဆဝီမင်းသားတို့သည် ထိုပုဏ္ဏား၏အထံ၌ အတတ်ကို သင်ယူကြကုန်၏။

စိတ်ဝမ်းကွဲအောင် ပြုလုပ်ခြင်း

     ဝဿကာရပုဏ္ဏားသည် ဆရာတယောက် အလေးပြုလောက်အောင် ဂုဏ်ကျေးဇူး ကြီးမြောက်လာသူ ဖြစ်လတ်သော် တနေ့သ၌ လိစ္ဆဝီမင်းတယောက်ကို ခေါ်၍ သင့်လျောက်ပတ်ရာအရပ်သို့ သွားပြီးလျှင် “အရှင်မင်း၏ လူငယ်များ လယ်ထွန်ကြပါ၏လား”ဟု မေးလေ၏။ “လယ်ထွန်ကြပါသည် ဆရာ..”ဟု လိစ္ဆဝီမင်းက ပြောကြားလေလျှင် “နွားနှစ်ကောင်က-၍ ထွန်ကြသလား”ဟု မေးပြန်လေ၏။ လိစ္ဆဝီမင်းကလည်း “ဟုတ်ပါသည် ဆရာ.. နွားနှစ်ကောင်က၍ ထွန်ကြပါ၏”ဟု ဖြေဆိုလေ၏။ ဤမျှသာ ပြောဆိုပြီး မိမိနေရာသို့ ပြန်လာခဲ့လေ၏။ (ဤကဲ့သို့ လိစ္ဆဝီမင်းတယောက်တည်း ခွဲခေါ်၍ အရေးကြီးသည့်စကား ပြောကြားသည့်ဟန် ပြုလုပ်ခြင်းမှာ ထိုမင်းများ စိတ်ဝမ်းကွဲပြားအောင် ဘေဒဥပါယ်သုံးခြင်း တည်း)။ ထိုအခါ ထို(ပုဏ္ဏားနှင့် စကားပြောသည့်) လိစ္ဆဝီမင်းကို အခြားလိစ္ဆဝီမင်း တယောက်က “ဆရာကြီးက ဘာစကားကိုများ ပြောကြားသနည်း”ဟု မေး၍ ထိုအမေးခံ လိစ္ဆဝီမင်းက ပြန်ကြားပြောဆိုအပ်သည်ကို မယုံကြည်နိုင်ပဲ “ဤလိစ္ဆဝီမင်းသည် ငါ့အား ဟုတ်တိုင်းမှန်ရာကို မပြောချေ”ဟု အောက်မေ့ အထင်လွဲကာ ထိုအမေးခံ လိစ္ဆဝီမင်းနှင့် စိတ်ဝမ်းကွဲပြားလေ၏။



၂၁၉

     ဝဿကာရပုဏ္ဏားသည် အခြား တပါးသောနေ့၌ အခြား လိစ္ဆဝီမင်းတယောက်ကို သင့်လျောက်ပတ်ရာ အရပ်သို့ ခေါ်ဆောင်သွားပြီးလျှင် “အရှင်မင်း.. အဘယ်ဟင်းဖြင့် ပွဲတော်စာ စားသုံးခဲ့ပါသနည်း”ဟု ဤမျှသာမေး၍ ပြန်လာခဲ့လေ၏။ ထိုလိစ္ဆဝီမင်းကိုလည်း အခြား လိစ္ဆဝီမင်းတယောက်က မေး၍ ထိုအမေးခံ လိစ္ဆဝီမင်း၏ အမှန်အတိုင်း ဖြေကြားချက်ကို မယုံကြည်နိုင်ပဲ စိတ်ဝမ်းကွဲပြားလေပြန်၏။

     ဝဿကာရပုဏ္ဏားသည် ထို့ပြင် အခြားတပါးသောနေ့၌ လိစ္ဆဝီမင်းတယောက်ကို သင့်လျောက်ပတ်ရာ အရပ်သို့ ခေါ်ဆောင်သွားပြီးလျှင် “အရှင်မင်းသား.. အရှင်မင်းသားသည် အလွန်ဆင်းရဲသတဲ့-ဆိုသည်မှာ မှန်ပါသလား”ဟု မေးလေ၏။ “အဘယ်သူက ဤကဲ့သို့ ပြောသနည်း”ဟု အမေးခံရသော လိစ္ဆဝီမင်းက မေးလေလျှင် “ဤမည်သော လိစ္ဆဝီမင်းက ပြောပါသည်”ဟု ဂုံးချောစကား ပြောကြားလေ၏။ ယင်းသို့ ပုဏ္ဏား ဂုံးချောစကား ပြောကြားမှုကြောင့် ထိုလိစ္ဆဝီမင်းနှစ်ပါးတို့လည်း စေ့စပ်၍ မရနိုင်အောင် စိတ်ဝမ်းကွဲပြားကြလေ၏။

     ပုဏ္ဏားသည် အခြားလိစ္ဆဝီမင်းတပါးကို သင့်လျောက်ပတ်ရာ အရပ်သို့ ခေါ်ဆောင်သွားပြီးလျှင် “အရှင့်သားသည် ကြောက်တတ်သတဲ့-ဆိုသည်မှာ မှန်ပါသလား”ဟု မေးလေ၏။ “အဘယ်သူက ဤသို့ ပြောသနည်း”ဟု အမေးခံရသော လိစ္ဆဝီမင်းက ပြန်၍ မေးလေလျှင် “ဤမည်သော လိစ္ဆဝီမင်းက ပြောပါသည်”ဟု ဂုံးချောစကား ပြောကြားလေ၏။ ထိုလိစ္ဆဝီမင်း နှစ်ပါးတို့လည်း စေ့စပ်၍ မရနိုင်အောင် စိတ်ဝမ်း ကွဲပြားကြလေ၏။

ဝေသာလီတပြည်လုံး ပျက်ပြုန်းခြင်း

     ဤနည်းဖြင့် ၀ဿကာရပုဏ္ဏားသည် အခြား လိစ္ဆဝီမင်းတဦးက မပြောဆိုအပ်သည်ကိုပင် အခြား လိစ္ဆဝီမင်းတဦးအား ပြောကြားလျက် သုံးနှစ်ကာလဖြင့် ထိုလိစ္ဆဝီမင်းတို့ကို အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြုလုပ်၍ မင်းနှစ်ဦးတို့ အတူတကွ



၂၂၀

လမ်းခရီးတခုဖြင့် မသွားနိုင်ကြအောင် ပြုလုပ်ပြီးလျှင် (မည်မျှ စိတ်ဝမ်းကွဲပြားကြသည်ကို သိသာအောင်) အစည်းအဝေး ဖိတ်ခေါ်သော စည်ကြီးကို လည်စေလေ၏။

     လိစ္ဆဝီမင်းတို့သည် “ချမ်းသာကြွယ်ဝ အစိုးရသော မင်းတို့သည် စည်းဝေးကြကုန်လော့၊ ငါတို့ကား ဆင်းရဲစွာလှ အစိုးမရသူများသာ ဖြစ်ကြကုန်၏။ ရဲရင့်သောမင်းတို့သည် စည်းဝေးကြကုန်လော့၊ ငါတို့ကား သူရဲဘောနည်းသူများ ဖြစ်ကြကုန်၏။ ထိုစည်းဝေးရာ အရပ်သို့သွား၍ ငါတို့ အဘယ်အမှုကို ပြုရကုန်အံ့နည်း”ဟု မခံချင်သောစကား မကျေနပ်သော စကားကို ပြောကြားကြကာ အစည်းအဝေး မတက်ရောက် ကြကုန်။

     ဝဿကာရပုဏ္ဏားသည် “ယခုအခါကား ဝေသာလီပြည်အလုံးကို သိမ်းပိုက်နိုင်ရာ ကာလဖြစ်ပါသည်။ အရှင်မင်းကြီးသည် လျင်မြန်စွာသာ စစ်ချီ၍ လာတော်မူပါလော့”ဟု အဇာတသတ်မင်းထံ လျှို့ဝှက်သတင်းစကားကို ပို့စေလေ၏။ အဇာတသတ်မင်းသည် ထိုသတင်းကို ကြားသိရလျှင်ပင် စစ်ချီစစ်တက်သော စည်ကို လည်စေ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့လေ၏။

     ဝေသာလီမင်းတို့သည် ထိုအကြောင်းကို ကြားရ၍ “ငါတို့သည် အဇာတသတ်မင်းအား ဂင်္ဂါမြစ်ကို ကူးဖို့ရန်ပင် အခွင့်မပေးကုန်အံ့”ဟု ဆို၍ အစည်းအဝေးစည်ကြီးကို လည်စေပြန်ကုန်၏။ ထိုအကြောင်းကို ကြား၍လည်း လိစ္ဆဝီမင်းတို့သည် “ရဲရင့်သော မင်းတို့သည် သွားကြကုန်လော့”- အစရှိသဖြင့် မကျေနပ်စကား ပြောကြားကြကာ အစည်းအဝေး မတက်ရောက်ကြကုန်။

     တဖန် ဝေသာလီမင်းတို့သည် အဇာတသတ်မင်း ဂင်္ဂါမြစ် ဤဖက်ကမ်းသို့ ကူးမိသော အခါ “ငါတို့၏ မြို့တွင်းသို့ ဝင်ခွင့်ကို မပေးကြကုန်အံ့၊ မြို့တံခါးများကိုပိတ်၍ အခိုင်အမာ ရပ်တည်ကြကာ ခံစစ်ဆင်ကြကုန်အံ့”ဟု ဆို၍ အစည်းအဝေး စည်ကြီးကို လည်စေကြပြန်ပါသော်လည်း လိစ္ဆဝီမင်းတဦးမျှ အစည်းအဝေး မတက်ရောက်တော့ချေ။



၂၂၁

     အဇာတသတ်မင်းသည် မိမိ၏ စစ်တပ်ကြီးနှင့်တကွ အသင့်ဖွင့်ပြီးသော တံခါးများမှပင် ဝေသာလီပြည်တွင်းသို့ အလွယ်တကူ ဝင်ရောက်ကာ လိစ္ဆဝီမင်းအားလုံးတို့ကို အသက်ဆုံး ပျက်စီး ပြုန်းတီးစေပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ စစ်နိုင်ကာ ပြန်သွားလေ၏။ ။ဤကား ဝေသာလီပြည် ပျက်စီးခြင်း အကြောင်းအရာတည်း။

(ဤ “ဝေသာလီပြည် ပျက်စီးခြင်း အကြောင်းအရာ” ဖြစ်ရပ်များကား မြတ်စွာဘုရားရှင် နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူမည့်နှစ်နှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်နှစ် = ဤသုံးနှစ်ကာလ အတွင်း၌ဖြစ်သော ဖြစ်ရပ်များတည်း။ ဤဖြစ်ရပ်များကို စကားအလျဉ်းသင့်၍ အဋ္ဌကထာ၌ ဖွင့်ပြသည့်အတိုင်း ဤကျမ်း၌ ထုတ်ဖော်ရေးသားခြင်း ဖြစ်သည်။ အသင် ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ် သူတော်စင်သည် မြတ်စွာဘုရားရှင်က ဝဿကာရပုဏ္ဏားကြီးအား ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်း၌ ရာဇအပရိဟာနိယ (=မင်းတို့၏ ကြီးပွါးကြောင်း)တရား ခုနစ်ပါးကို ဟောကြားတော်မူပြီးလျှင် ပုဏ္ဏားကြီး ထိုဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းမှ ထွက်ခွါသွားသော အချိန်ကို မှန်းမျှော်အာရုံပြု၍ ထားစေလိုသည်)။

ရဟန်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     မြတ်စွာဘုရားရှင်သည် ၀ဿကာရပုဏ္ဏားအား မင်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူစဉ်ကပင် “ဤမင်းတို့ ကြီးပွါးကြောင်း တရားစကားသည် သံသရာဝဋ်မှ မလွတ်မြောက်စေပဲ သံသရာဝဋ်၌သာ မှီသောစကား ဖြစ်ချေသည်။ စင်စစ်သော်ကား ငါဘုရား၏ သာသနာတော်၌ ဤကြီးပွါးကြောင်း = အပရိဟာနိယ တရားစကား ဟောကြားသင့်ပေ၏။ ထိုသာသနာအတွက် ဟောကြားအပ်သည့် အပရိဟာနိယ တရားစကားသည် သံသရာဝဋ်မှ ထွက်မြောက်စေတတ်၍ ဝဋ်မှကင်းရာ နိဗ္ဗာန်ကိုမှီသော တရားစကားဖြစ်၏၊ ယင်း တရားစကားကြောင့် သုံးပါးသိက္ခာ သာသနာသည် ငါဘုရားပရိနိဗ္ဗာန် စံလွန်ပြီးနောက် အဓွန့်ရှည်စွာ ကာလမြင့်ကြာ တည်ရစ်လိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူခဲ့လေသည်။



၂၂၂

     ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် ၀ဿကာရပုဏ္ဏား ပြန်သွား၍ မကြာမြင့်မီ အရှင်အာနန္ဒာကို “ချစ်သားအာနန္ဒာ.. သင် သွားချေ၊ ရာဇဂြိုဟ်ပြည်ကို အမှီပြုနေသော ရဟန်းအားလုံးတို့ကို ဓမ္မာရုံ၌ စုဝေးစေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို ဝန်ခံခဲ့၍ ရာဇဂြိုဟ်ပြည်ကို အမှီပြုနေသော ရဟန်းအားလုံးတို့ကို ဝေးသောကျောင်းတို့၌ နေကြသော ရဟန်းတို့ထံ တန်ခိုးရှင် ရဟန်းတို့ကို စေလွှတ်၍၎င်း, နီးသောကျောင်းတို့၌ နေကြသော ရဟန်းတို့ထံ ကိုယ်တိုင် သွားရောက်၍၎င်း “အရှင်တို့.. စည်းဝေးကြလော့၊ မြတ်စွာဘုရားသည် အရှင်တို့၏ စည်းဝေးခြင်းကို အလိုရှိတော်မူ၏”ဟု လျှောက်ထားကာ ဓမ္မာရုံ၌ စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးကာ လျောက်ပတ် သောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရဟန်းအားလုံး စုဝေးမိကြပါပြီ၊ မြတ်စွာဘုရား.. ယခုအခါ၌ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရားပင် သိတော်မူပါသည်။ (=ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်းပင် ဖြစ်ပါသည်)”ဟု လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဓမ္မာရုံသို့ ကြွရောက်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို “ရဟန်းတို့.. သင်တို့အား ငါဘုရားသည် အပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးတို့ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”ဟု မိန့်တော်မူလတ်သော် ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော (အပရိဟာနိယ) ကြီးပွါးကြောင်းတရား ခုနစ်ပါးကို ဟောကြားတော်မူ၏-



၂၂၃

     (၁) ရဟန်းတို့.. ရဟန်းတို့သည် မကြာမကြာ စည်းဝေးကြလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၂) ရဟန်းတို့.. ရဟန်းတို့သည် အညီအညွတ် စည်းဝေးကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကြလျက် သံဃကိစ္စကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၃) ရဟန်းတို့.. ရဟန်းတို့သည် ဘုရားရှင် မပညတ်ခဲ့သော အရာကို မပညတ်ကြပဲ ဘုရားရှင် ပညတ်ပြီးသောအရာကို မပယ်ဖျက်ကြပဲ ဘုရားရှင် ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၄) ရဟန်းတို့.. ရဟန်းတို့သည် ရဟန်းဝါရင့်ကုန်လျက် ရဟန်းသက်ကြီးကြသည့် သံဃဦးစီး မထေရ်ကြီး ရဟန်းတို့ကို အရိုအသေပြုကုန်လျက် အလေးပြုကုန်လျက် မြတ်နိုးကုန်လျက် ပူဇော်ကုန်လျက် ထိုမထေရ်ကြီးတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၅) ရဟန်းတို့.. ရဟန်းတို့သည် ဖြစ်ပေါ်လာသော တဖန်ဘ၀သစ် အကျိုးပေးတတ်သည့် တဏှာ၏အလိုသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၆) ရဟန်းတို့.. ရဟန်းတို့သည် တောကျောင်းတို့၌ (နေထိုင်ရန်) လိုလားသောစိတ် ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၂၄

     (၇) ရဟန်းတို့.. ရဟန်းတို့သည် မရောက်လာကုန်သေးသော သီလကို ချစ်မြတ်နိုးကြသည့် သီတင်းသုံးဖော်တို့ ရောက်လာကြခြင်းငှါ, ရောက်လာကုန်ပြီးသော သီလကို ချစ်မြတ်နိုးကြသည့် သီတင်းသုံးဖော်တို့ ချမ်းသာစွာ နေကြရခြင်းမှ ကိုယ်စီကိုယ်ငှ သတိပြုနေသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။ (မြတ်စွာဘုရားရှင် မိန့်ကြားတော်မူသည့်စကား မပြီးဆုံးသေး)။

(ဤဆိုအပ်ပြီးသည့် တရားခုနစ်ပါးတို့ကို “ပဌမ-ရဟန်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါး”ဟု ခေါ်၏။

(၁) ထိုခုနှစ်ပါးတို့အနက် ရှေးဦးစွာသော အပရိဟာနိယတရားလာ “မကြာမကြာ စည်းဝေးကြမှု”မှာ ဝဇ္ဇီမင်းတို့အတွက် ဟောကြားအပ်သော ၁-အမှတ် အပရိဟာနိယတရား၌ ဆိုအပ်ပြီးသည်နှင့်တူ၏။

ဤပဌမ-အပရိဟာနိယ တရား၌လည်း မကြာမကြာ မစည်းဝေးကြလျှင် ထိုထိုအရပ်တို့၌ ဖြစ်ပေါ်သောသတင်း ထိုထိုအရပ်မှ လာရောက်သော ရဟန်းသံဃာနှင့် ဆိုင်ရာများကို မကြားကြရကုန်၊ ထိုသို့ သတင်းစကား မကြားရခြင်းကြောင့် “ဤမည်သော ကျောင်းတိုက်သိမ်သည် ရောယှက်လျက်ရှိ၏။ ထိုသို့ ရောယှက်ခြင်းကြောင့် ဥပုသ် ပဝါရဏာများ မပြုလုပ်ပဲ ရပ်နားထားရ၏။ ဤမည်သောအရပ်၌ ရဟန်းတို့သည် ဆေးကုခြင်း တမန်မှုကို ပြုခြင်း စသည်များကို ပြုလုပ်နေကြကုန်၏။ အတောင်းအရမ်း ထူပြောကြကာ ပန်းပေးခြင်း- စသည်တို့ဖြင့် အသက်မွေးကြကုန်၏”- ဤသို့ အစရှိသော အကြောင်းတို့ကို မသိနိုင်ကြကုန်။

ရဟန်းယုတ်တို့သည်လည်း “ရဟန်းသံဃာသည် မေ့လျော့၍ နေ၏”ဟု အစုလိုက် အပေါင်းလိုက် ဖြစ်ရှိကြ အင်အားကြီးမားလာကြကာ သာသနာတော်ကို ဆုတ်နစ်စေကြလေကုန်၏။

၂၂၅

မကြာမကြာ စည်းဝေးကြလျှင်ကား ထိုထိုသတင်းစကားကို ကြားသိကြရသောကြောင့် ရဟန်းသံဃာများကို စေလွှတ်ကာ သိမ်ကို ဖြောင့်မတ်အောင် ပြုလုပ်ကြကာ ဥပုသ် ပဝါရဏာကံ- စသည်တို့ကို ဖြစ်စေနိုင်ကုန်၏။ မိစ္ဆာဇီဝမှုဖြင့် အသက်မွေးကြသည့် ရဟန်းယုတ်များ ပြောများရာအရပ်၌ အရိယသာဝက ရဟန်းတော်တို့ကို စေလွှတ်၍ အရိယဝံသတရားစကားကို ဟောကြားစေနိုင်ကုန်၏။ ရဟန်းယုတ်များကို ဝိနည်းဓိုရ် အရှင်မြတ်များကိုလွှတ်၍ နှိပ်ကွပ်စေနိုင်ကုန်၏။ ရဟန်းယုတ်တို့သည်လည်း “ရဟန်းသံဃာသည် မမေ့မလျော့ချေ၊ ငါတို့သည် အသင်းအပင်းဖွဲ့ကာ လှည့်လည်ရန် မစွမ်းနိုင်ကြကုန်”ဟု ပြောဆိုကြကာ အစုခွဲ၍ ကစဉ့်ကရဲ ပြေးသွားကြရလေကုန်၏၊ ဤသို့ ဖြစ်လတ်သော် ရဟန်းတို့အဖို့ရာ သိက္ခာသုံးပါး ကြီးပွါးလေတော့၏။

(၂) ဒုတိယ-အပရိဟာနိယတရား၌ “အညီအညွတ် စည်းဝေးကြသည်” ဟူသည်မှာ- စေတီတော်ကို သုတ်သင်ရန်ဖြစ်စေ, ဗောဓိအိမ် ဥပုသ်အိမ်များ မိုးရန်ဖြစ်စေ, ကတိကဝတ်ကို ထားဖို့ရန်ဖြစ်စေ, အဆုံးအမကို ပေးရန်ဖြစ်စေ “သံဃာသည် စည်းဝေးပါလော့”ဟု စည်ကိုဖြစ်စေ, ခေါင်းလောင်းကိုဖြစ်စေ တီးအပ် နှက်အပ်သည်ရှိသော် “ငါ့မှာ သင်္ကန်းချုပ်ရန်ကိစ္စ ရှိနေသည်, ငါ့မှာ သပိတ်ဖုတ်ရန်ကိစ္စ ရှိနေသည်, ငါ့မှာ နဝကမ္မရှိနေသည်”ဟု ဤသို့စသည် ဆင်ခြေစကား ပြောကြားကြကာ ပြန့်လွင့်မှု အစည်းအဝေးမတက်မှု ပြုလုပ်ကြလျှင် အညီအညွတ် စည်းဝေးကြသည်မမည်။ ဖော်ပြရာပါ သင်္ကန်းချုပ်ခြင်း - အစရှိသော အလုံးစုံသော မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပစ်ထားခဲ့၍ “ငါ အလျင်ရောက်အောင် သွားမည်၊ ငါ အလျင်ရောက်အောင် သွားမည်”ဟူသော နှလုံးသွင်းဖြင့် တပြိုင်နက် စည်းဝေးကြမှသာ အညီအညွတ် စည်းဝေးကြသည်မည်၏။

တိုင်ပင်ဆွေးနွေး စည်းဝေးကြပြီး ပြုသင့်သမျှကို ပြုလုပ်ကြပြီးနောက် တပေါင်းတည်း (=တပြိုင်နက်) အစည်းအဝေးပြုရာဌာနမှ မထကြလျှင် အညီအညွတ် အစည်းအဝေးမှ ထကြသည်မမည်။ ဤကဲ့သို့ မညီမညွတ် တချို့က-ထ၍ တချို့က-ချန်နေရစ်ခဲ့ကြလျှင် အလျင်လက်ဦး ထ၍သွားကြသော ရဟန်းတို့၏ စိတ်သန္တာန်ဝယ် “ငါတို့သည် အရေးမကြီးသည့် အပြင်အပ စကားမျှကိုသာ ကြားခဲ့ရကုန်၏၊ ငါတို့ ထလာပြီးနောက် ယခုအခါမှ အရေးကြီးသည့် အဆုံးအဖြတ်စကား ဖြစ်ရစ်တော့မည်”ဟု စိတ်ဝမ်းကွဲပြားဖွယ် အကြံမှား အစည်မှာ အထင်မှား အမြင်မှား ဖြစ်တတ်သည်။

၂၂၆

တိုင်ပင်ဆွေးနွေး စည်းဝေး၍ပြီးလျှင် အားလုံး တညီတညွတ်တည်း စည်းဝေးရာဌာန (=ခန်းမဆောင်)မှ ထွက်ကြ ထကြမှသာ အညီအညွတ် အစည်းအဝေးမှ ထကြသည် မည်၏။ (တနည်း) “ဤမည်သောအရပ်၌ ကျောင်းတိုက်သိမ်သည် ရောယှက်လျက်ရှိ၏၊ ထိုသို့ ရောယှက်ခြင်းကြောင့် ဥပုသ် ပဝါရဏာများ မပြုလုပ်နိုင်ပဲ ရပ်နားထားရ၏။ ဤမည်သောအရပ်၌ ဆေးကုမှုစသည် ပြုလုပ်ကြသော ရဟန်းယုတ်များ ပြောများလျက် ရှိကြ၏”ဟူသော သတင်းစကားကို ကြားသိရ၍ “ထို ရဟန်းယုတ်တို့ကို အဘယ်သူ သွားရောက်၍ နှိမ်နင်းမည်နည်း”ဟု တိုင်ပင်စကား ပြောကြားလတ်သော် “ငါ အလျင် သွားမည်၊ ငါ အလျင် သွားမည်”ဟု ပြောဆို၍ သူ့ထက်ငါဦးအောင် သွားကြလျှင်လည်း အညီအညွတ် အစည်းအဝေးမှ ထကြသည်မည်၏။

ထို့ပြင် အာဂန္တု ရဟန်းတပါးပါး လာရောက်သည်ကို မြင်လျှင် “ဤပရိဝုဏ်သို့ သွားပါလေ၊ ထိုပရိဝုဏ်သို့ သွားပါလေ၊ ဤရဟန်းကား အဘယ်သူနည်း” စသည်ဖြင့် တာဝန်တိမ်းရှောင်သည့်စကား မပြောကြားကြပဲ ရဟန်းအားလုံးတို့ အာဂန္တုကဝတ်ကို တညီတညွတ် ပြုကြလျှင်၎င်း, သပိတ်သင်္ကန်း ဟောင်းနွမ်းရိရှား ခေါင်းပါးသော ရဟန်းကို မြင်ကြလတ်သော် ထိုရဟန်းအတွက် ဆွမ်းခံလှည့်လည်ဝတ်ဖြင့် သပိတ်သင်္ကန်းကို ရှာမှီးကြလျှင်၎င်း, သူနာရဟန်းအတွက် တညီတညွတ်တည်း ဆေးပစ္စည်းကို ရှာကြလျှင်၎င်း, ကိုးကွယ်ရာမဲ့သော သူနာရဟန်းကို “ဤမည်သော ပရိဝုဏ်သို့ သွားလေ၊ ဤမည်သော ပရိဝုဏ်သို့ သွားလေ” စသည်ဖြင့် တာဝန်တိမ်းရှောင်သည့်စကား မပြောကြားကြပဲ မိမိ မိမိတို့၏ ပရိဝုဏ် = ကျောင်းအရာမ်၌ ခေါ်ဆောင်ကြကာ ပြုစုကြလျှင်၎င်း, ဘုရားဟောဒေသနာ ကျမ်းစာတခုခု ပါဠိအားဖြင့်သော်၎င်း အနက်အားဖြင့်သော်၎င်း ပျောက်ပျက်တော့မည့် အဖြစ်မျိုးကို တွေ့ကြုံလာလျှင် ဉာဏ်ပညာထက်မြက်သော ရဟန်းတပါးပါးကို ပစ္စည်းလေးပါးတို့ဖြင့် ဝိုင်းဝန်း ချီးမြှောက်ကြ၍ ထိုဉာဏ်ကောင်းသောရဟန်း ထိုကျမ်းကို ပါဠိ, အနက် မပျောက်ပျက်အောင် သင်ကြားနိုင်ရန် ဝိုင်းဝန်း ချီးမြှောက်ကြလျှင်၎င်း “သံဃကိစ္စကို အညီအညွတ် ဆောင်ရွက်နေကြသည်” မည်၏။

(၃) တတိယ အပရိဟာနိယတရား၌ တရားနှင့်မညီသော ကတိကဝတ် အသစ်ကိုသော်၎င်း, သိက္ခာပုဒ် အသစ်ကိုသော်၎င်း ထားကြဖွဲ့ကြလျှင် ဘုရားရှင် မပညတ်ခဲ့သော အရာကို ပညတ်ကြသည် မည်၏။

၂၂၇

ဝိနယ ပါရာဇိကပါဠိ စာမျက်နှာ ၃၃၆-လာ ၂-ကောသိယဝဂ္ဂ ၅-ခုမြောက် သိက္ခာပုဒ်ကို နိသီဒနသန္ထတ သိက္ခာပုဒ်ဟူ၍၎င်း, ပုရာဏသန္ထတ သိက္ခာပုဒ်ဟူ၍၎င်း ခေါ်၏၊ ထိုသိက္ခာပုဒ်၌ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝယ် ကိန်းအောင်းနေတော်မူစဉ် တချိန်၌ ဘုရားရှင်က ရဟန်းတို့ကို “ရဟန်းတို့.. ငါဘုရားသည် သုံးလပတ်လုံး တပါးတည်း ကိန်းအောင်း နေထိုင်လိုသည်၊ ငါဘုရားထံမှောက်သို့ ဆွမ်းပို့သော ရဟန်းမှလွဲ၍ အခြား မည်သည့်ရဟန်းမျှ မလာရောက်ရ”ဟု မိန့်တော်မူထားသည်။ ထိုအခါ သာဝတ္ထိပြည်နေ သံဃာတော်များသည် “ငါ့ရှင်တို့.. မြတ်စွာဘုရားသည် သုံးလပတ်လုံး တပါးတည်း ကိန်းအောင်း နေထိုင်တော်မူလိုသည်။ မြတ်စွာဘုရား ထံတော်မှောက်သို့ ဆွမ်းပို့သော ရဟန်းမှလွဲ၍ အခြား မည်သည့်ရဟန်းမျှ မသွားရောက်ရ၊ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်သော ရဟန်းကို ပါစိတ်အာပတ်ကို ဒေသနာကြားစေရမည်၊ (=သွားရောက်သော ရဟန်းမှန်က မည်သူမဆို ပါစိတ်အာပတ်ကို ဒေသနာ ကြားကြစတမ်း)”ဟူ၍ ကတိကဝတ် ထားကြလေသည်။ (အကြောင်းအရာအကျယ်ကို ပိဋကမြန်မာပြန် ထိုဝတ္ထု (ဝိမြန် ၁၊ စာမျက်နှာ ၃၅၅-၃၅၉)၌ ကြည့်ရှုကုန်ရာ၏)။ ဤသာဝတ္ထိပြည်နေ သံဃာတို့၏ “ဘုရားထံသို့သွားသော ရဟန်းမှန်က ပါစိတ်အာပတ်သင့်သည်ဟု မှတ်ယူကြစတမ်း၊ ပါစိတ်အာပတ်ကို ဒေသနာကြားကြစတမ်း”ဟူသော ကတိကဝတ်သည် ဓမ္မဝိနယနှင့် လုံးဝမညီ၊ ဤသို့လျှင် ထိုသာဝတ္ထိပြည်နေ ရဟန်းတို့ကဲ့သို့ တရားနှင့် မလျော်ညီသော ကတိကဝတ်အသစ်ကို ထားခြင်း-စသည်ကို ပြုကြလျှင် “ဘုရားရှင် မပညတ်ခဲ့သောအရာကို ပညတ်ကြသည်” မည်၏။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ်တရာမြောက်ဝယ် ဝေသာလီပြည်သား ဝဇ္ဇီပုတ္တက ရဟန်းများကဲ့သို့ ဘုရားရှင်၏ ပညတ်ချက် သိက္ခာပုဒ်ကို ပယ်ဖျက်ကာ အဓမ္မဝတ္ထု ၁၀-ပါးကို ပြခြင်း- စသည်အမှု ပြုလုပ်ကြလျှင် “ဘုရားရှင် ပညတ်ပြီးသောအရာကို ပယ်ဖျက်ကြသည်” မည်၏။ (ဝဇ္ဇီပုတ္တကရဟန်းတို့ အဓမ္မဝတ္ထု ၁ဝ-ပါး ပြကြပုံကို ပိဋကမြန်မာပြန် ဝိနယ စူဠဝဂ္ဂပါဠိတော် (စာမျက်နှာ ၄၉၅-၅၁၅) သတ္တသတိကက္ခန္ဓက၌ ကြည့်ရှုကုန်ရာ၏)။

ဘုရားရှင် လက်ထက်တော်အခါက အဿဇိရဟန်း, ပုနဗ္ဗသုကရဟန်းတို့ကဲ့သို့ ခုဒ္ဒါနုခုဒ္ဒကအာပတ်များ (=အာပတ်အငယ်စား)ကို လွန်ကျူးလိုသော စေတနာဖြင့် စေ့ဆော်၍ လွန်ကျူးကြလျှင်

၂၂၈

“ဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြသည်” မမည်။

ပုရာဏသန္ထတဝတ္ထုဝယ် အရှင်ဥပသေန (ရှင်သာရိပုတ္တရာ၏ညီ) ရဟန္တာမထေရ်ကဲ့သို့ တရားနှင့် မညီလျော်သည့် ကတိကဝတ်အသစ်မျိုး သိက္ခာပုဒ်အသစ်မျိုးကို မထားကြ မဖွဲ့ကြလျှင် “ဘုရားရှင် မပညတ်ခဲ့သော အရာကို မပညတ်ကြသည်” မည်၏။

အရှင်ယသ (ဒုတိယသံဂါယနာအမှူး) ရဟန္တာမထေရ်မြတ်ကဲ့သို့ ဓမ္မဝိနယနှင့်အညီ သာသနာ(ဘုရားအဆုံးအမ)ကို ပြကြလျှင် “ဘုရားရှင် ပညတ်ပြီးသောအရာကို မပယ်ဖျက်ကြသည်” မည်၏။

ပဌမသံဂါယနာ တင်ခါနီးအခါဝယ် သံဃအစည်းအဝေး၌ (ဘုရားရှင်က ပရိနိဗ္ဗာန် စံခါနီးတွင် ခုဒ္ဒါနုခုဒ္ဒက (=အငယ်စား) သိက္ခာပုဒ်များကို ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သံဃာက အလိုရှိလျှင် ပယ်နုတ်နိုင်ကြောင်း ခွင့်ပြုခဲ့ချက်ရှိသော်လည်း) ထိုခုဒ္ဒါနုခုဒ္ဒက (=အငယ်စား) သိက္ခာပုဒ်များကို မပယ်နုတ်ရန် ဉတ်ကမ္မဝါစာဖြင့် အခိုင်အမာ အဆိုတင်သွင်းသော အရှင်မဟာကဿပ (ပဌမသံဂါယနာဦးစီး) ရဟန္တာ အရှင်မြတ်ကြီးကဲ့သို့ အငယ်စား သိက္ခာပုဒ်များကိုပင် မပယ်နုတ်ပဲ မလွန်ကျူးကြပဲ လိုက်နာကျင့်သုံးကြလျှင် “ဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ်များကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြသည်” မည်၏။

(၄) စတုတ္ထ အပရိဟာနိယတရား၌ သံဃဦးစီး မထေရ်ကြီးရဟန်းတို့ကို အရိုအသေမှု-စသည် မပြုကြပဲ ထိုမထေရ်ကြီးတို့ထံ အဆုံးအမခံယူရန် တနေ့လျှင် ၂-ကြိမ် ၃-ကြိမ် မဆည်းကပ်ကြသော ရဟန်းတို့အား သံဃဦးစီး မထေရ်ကြီးတို့သည် အဆုံးအမ ဩဝါဒကို မပေးကြကုန်၊ ဆရာစဉ်ဆက် ဆင်းသက်လာသော တရားစကားကို မဟောကြားကြကုန်၊ အနှစ်သာရဖြစ်သော လက်ဆုပ်တရားများကို သင်ကြား၍ မပေး ကြကုန်။ ထိုသို့ သံဃဦးစီး မထေရ်ကြီးတို့က အစွန့်အပစ်ခံရသော ရဟန်းတို့သည် သီလ-စသော ကျေးဇူးတရားငါးပါး၊ အရိယဥစ္စာခုနစ်ပါး- ဤသို့အစရှိသော ဂုဏ်ကျေးဇူးတရားတို့မှ ဆုတ်ယုတ်ကြ ဆုံးရှုံးကြကုန်၏။

သံဃဦးစီး မထေရ်ကြီးရဟန်းတို့ကို အရိုအသေမှု-စသည် ပြုကြ၍ ထိုမထေရ်ကြီးတို့ထံ အဆုံးအမခံယူရန် တနေ့လျှင် ၂-ကြိမ် ၃-ကြိမ်

၂၂၉

ဆည်းကပ်ကြသော ရဟန်းတို့အားကား ထိုမထေရ်ကြီးတို့သည် အဆုံးအမ ဩဝါဒကို ပေးကြကုန်၏။ “ဤသို့ ငါ့ရှင်သည် ရှေ့သို့တက်ရာ၏၊ ဤသို့ ငါ့ရှင်သည် နောက်သို့ ဆုတ်ရာ၏၊ ဤသို့ ငါ့ရှင်သည် တူရူ ကြည့်ရှုရာ၏၊ ဤသို့ ငါ့ရှင်သည် တစောင်းကြည့်ရှုရာ၏၊ ဤသို့ ငါ့ရှင်သည် လက်ကိုကွေးရာ၏၊ ဤသို့ ငါ့ရှင်သည် လက်ကိုဆန့်ရာ၏။ ဤသို့ ငါ့ရှင်သည် ဒုကုဋ်, သပိတ်, သင်္ကန်းများကို ဝတ်ရုံဆောင်ယူရာ၏” ဤသို့စသည်ဖြင့် ဆရာစဉ်ဆက် ဆင်းသက်လာသော တရားစကားကို ဟောကြားကြကုန်၏၊ အနှစ်သာရဖြစ်သော လက်ဆုပ်တရားများကိုလည်း သင်ကြား၍ ပေးကြကုန်၏။ ဓုတင်တဆယ့်သုံးပါး ကထာဝတ္ထု ဆယ်ပါးတို့ဖြင့် ကံမြစ်ကြကုန်၏၊ ထိုရဟန်းတို့သည် ထိုမထေရ်ကြီးတို့၏ အဆုံးအမ ဩဝါဒ၌ တည်ကြ၍ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် ကြီးပွါးကြကုန်လျက် အရိယဖိုလ် တည်းဟူသော ရဟန်းပြုရကျိုး သို့ ရောက်ဆိုက်ကြရကုန်၏။

(၅) ပဉ္စမ အပရိဟာနိယတရား၌ ပစ္စည်းလေးပါး ရလိုမှုကြောင့် ဒါယကာတို့နောက်သို့ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါကြ၍ တရွာမှ တရွာသို့ တမြို့မှ တမြို့သို့ လှည့်လည်ကျက်စား သွားလာနေကြလျှင် တဏှာ၏ အလိုအကြိုက်သို့ လိုက်ပါကြသည် မည်ကုန်၏။ ထိုသို့ လိုက်ပါလျှင် ထိုရဟန်းတို့အဖို့ရာ သီလ-စသော ဂုဏ်ကျေးဇူးတို့ ဆုတ်ယုတ်ကြကုန်၏။ ထိုသို့ တဏှာ၏အလိုသို့ မလိုက်ပါကြလျှင် သီလစသော ဂုဏ်ကျေးဇူးတို့ ပွါးတိုးစည်ပင်ကုန်၏။

(၆) ဆဋ္ဌ အပရိဟာနိယတရား၌ ကုပ်လုပ်လေးတာ အပြန်ငါးရာ ဝေးသောကျောင်းကို “တောကျောင်း”ဟု ခေါ်၏။ ထိုတောကျောင်းများ၌ နေထိုင်ရန် လိုလားတောင့်တမှု ရှိရမည်ဟု ဆိုလိုသည်။ မှန်၏- မြို့ရွာနှင့် နီးကပ်သော ကျောင်းများ၌ ဈာန်ကိုဝင်စား၍ နေသော်လည်း ထိုဈာန်မှထလျှင်ပင် မိန်းမသံ, ယောက်ျားသံ, ကလေးသံ- စသည်ကို ကြားနေရ၏၊ ယင်းသို့ ကြားနေရခြင်းကြောင့် ထိုရဟန်း၏အဖို့ရာ ရရှိပြီးသော လောကီဈာန်တရားများလည်း လျှောကျပျက်စီး ဆုံးရှုံးတတ်၏။

တောကျောင်း၌ကား အိပ်ရာမှနိုးလျှင်ပင် ခြင်္သေ့, သစ်, ကျား, ဥဒေါင်း- စသည်တို့၏ အသံများကို ကြားရ၏၊ ယင်းသို့ ကြားရသောကြောင့် တော၌ဖြစ်သော မွေ့လျော်ခြင်း နှစ်သက်ခြင်း ပီတိတရားကို ရရှိကာ ထိုပီတိကိုပင် သုံးသပ်လျက် အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

၂၃၀

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် မြို့ရွာနီးသောကျောင်း၌ ဈာန်ဝင်စား၍နေသော ရဟန်းထက် တောကျောင်းဝယ် အိပ်၍နေသော ရဟန်းကို ချီးမွမ်းတော်မူ၏၊ ထို့ကြောင့် ထိုတောကျောင်းနေ ရဟန်းအဖို့ရာ အရဟတ္တဖိုလ်သို့ အလွယ်နှင့် ရောက်ဆိုက်ရန် အထောက်အပံ့ အကြောင်းများကို ရလွယ်မှု တည်းဟူသော အကျိုးကို မျှော်တော်မူ၍ မြတ်စွာဘုရားရှင်သည် “တောကျောင်းတို့၌ နေထိုင်ရန် လိုလားသောစိတ် ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ”ဟု ဟောတော်မူ၏။

(၇) သတ္တမ အပရိဟာနိယတရား၌ သီလကို ချစ်မြတ်နိုးကြသည့် သီတင်းသုံးဖော် အရှင်သူမြတ်တို့ မိမိတို့ကျောင်းတိုက်သို့ လာရောက်မှုကို အလိုမရှိကြသော ကျောင်းနေ အာဝါသိက ရဟန်းတို့သည် သဒ္ဓါတရား ခေါင်းပါးသူများ ရတနာသုံးပါး၌ မကြည်ညိုသူများသာ ဖြစ်ကြကုန်၏၊ သို့ရကား ထိုကျောင်းနေ အာဝါသိက ရဟန်းတို့သည် မိမိတို့ကျောင်းတိုက်သို့ ရောက်ဆိုက်လာကြသော အာဂန္တုရဟန်းတို့အား ခရီးဦးကြိုဆိုမှု, သပိတ်သင်္ကန်းကို ဆီးကြိုယူမှု, နေရာခင်းပေးမှု, ယပ်လေခပ်ပေးမှု-စသော ကျောင်းနေ အာဝါသိကရဟန်းတို့ ပြုရမည့် ဝတ်တရားများကို မပြုကြကုန်၊ ထိုအခါ ထိုအာဝါသိက ရဟန်းတို့အဖို့ရာ “ဤမည်သော ကျောင်းနေရဟန်းတို့သည် သဒ္ဓါတရား ခေါင်းပါးသူများ, ရတနာသုံးပါး၌ မကြည်ညိုသူများ ဖြစ်ကြလျက် ကျောင်းတိုက်တွင်းသို့ ဝင်ရောက်လာသော အာဂန္တုရဟန်းတို့အား ဝတ်ကြီးဝတ်ငယ်များကို မပြုကြကုန်”ဟု မကောင်းသတင်း ပြန့်နှံ့လေတော့၏။ ထိုမကောင်းသတင်းကို ကြားကြရ၍ ရဟန်းတို့သည် ကျောင်းတိုက်တံခါးဝမှ ခရီးသွားကြသော်လည်း ထိုကျောင်းတိုက်သို့ မဝင်ရောက်ကြကုန်။ ဤသို့ဖြစ်လတ်သော် မရောက်လာသေးသော လဇ္ဇီရဟန်းတို့၏ မရောက်လာမြဲ မရောက်လာခြင်းသာ ဖြစ်လေ၏။ ထိုမှတပါး ရောက်လာပြီးသော ထိုရဟန်းကောင်းတို့အဖို့ရာ ချမ်းသာစွာ နေထိုင်ရမှု မရှိလျှင် မသိ၍ လာရောက်ကြသော ရဟန်းတို့သည်လည်း “ငါတို့သည် နေထိုင်ကုန်အံ့-ဟု လာရောက်ကြပါသည်၊ ဤကျောင်းနေ ကျောင်းခံ အာဝါသိကရဟန်းတို့၏ ဤသို့ ဝတ်တရားမကျေ နေထိုင်ပုံနည်းဖြင့်ကား အဘယ်သူသည် နေတော့အံ့နည်း”ဟု ရှုတ်ချစကား ပြောကြားကြကာ ထွက်ခွါ၍ သွားကြကုန်၏။ ဤသို့ဖြစ်လတ်သော် ထိုကျောင်းတိုက်သည် အခြား လဇ္ဇီရဟန်းကောင်းတို့၏ မနေထိုင်ရာသာ ဖြစ်လေ၏။ ထိုအခါ ကျောင်းနေ အာဝါသိကရဟန်းတို့သည် လဇ္ဇီ သီလဝန် အရှင်မွန်

၂၃၁

အရှင်မြတ်တို့ကို ဖူးမြော်ခွင့် မရကြကုန်ရကား မိမိတို့၏ ယုံမှားသံသယ ပယ်ဖျောက်နိုင်မှုကို၎င်း, ကိုယ်ကျင့်သိက္ခာကို သင်ကြားပြသပေးမည့် ဆရာကောင်းကို၎င်း, ချိုမြိန်သော တရားစကား နာကြားရခြင်းကို၎င်း အလျှင်းပင် မရကြတော့ကုန်၊ ထိုကျောင်းနေ အာဝါသိကရဟန်းတို့ အဖို့ရာ မသင်ကြားရသေးသော တရားကို သင်ကြားရမှု, သင်ကြားပြီးသော တရားကို ရွတ်ပွါးသရဇ္ဈာယ်မှုဟူ၍ အလျှင်းပင် မရှိတော့ရကား သီလစသော ဂုဏ်ကျေးဇူးတရားတို့သည် တနေ့တခြား လျော့ပါး ဆုတ်ယုတ်လေကုန်၏။

သီတင်းသုံးဖော် လဇ္ဇီရဟန်းကောင်းတို့ မိမိတို့ကျောင်းတိုက်သို့ လာရောက်ခြင်းကို အလိုရှိကြ တောင့်တကြသော ကျောင်းနေ အာဝါသိက ရဟန်းတို့သည်ကား သဒ္ဓါတရား ကြီးမားသူများ ရတနာသုံးပါး၌ ကြည်ညိုသူများ ဖြစ်ကြ၏၊ သို့ရကား မိမိတို့ကျောင်းတိုက်သို့ ရောက်ဆိုက်လာကြသည့် သီတင်းသုံးဖော် လဇ္ဇီ ရဟန်းတော်တို့အား ခရီးဦးကြိုဆိုမှု- စသည်ကို ပြုကြ၍ ကျောင်းအိပ်ရာနေရာကို ခင်း၍ပေးကြကုန်၏၊ ထိုအာဂန္တု လဇ္ဇီရဟန်းတို့ကို ပင့်ဆောင်၍ ဆွမ်းခံရွာသို့ ဝင်ကြကုန်၏၊ မိမိတို့ယုံမှားသံသယကို ပယ်ဖျောက်ကြကုန်၏၊ ချိုမြိန်သော တရားစကား နာကြားခွင့်ကို ရကြကုန်၏။ ထိုအခါ ထိုကျောင်းနေ အာဝါသိကရဟန်းတို့ အဖို့ရာ “ဤမည်သောကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတို့သည် ဤသို့ဤပုံ သဒ္ဓါတရားနှင့် ပြည့်စုံကြကုန်၏။ ရတနာသုံးပါး၌ ကြည်ညိုကြကုန်၏၊ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံကြကုန်၏၊ သီတင်းသုံးဖော် အာဂန္တု လဇ္ဇီရဟန်းတော်တို့အား ချီးမြှောက်ကြကုန်၏”ဟူ၍ ကောင်းသောသတင်း ကျော်စောခြင်း ဖြစ်လေ၏။ ထိုသတင်းစကားကို ကြားရ၍ အဝေးမှလည်း လဇ္ဇီရဟန်းကောင်းတို့သည် လာရောက်ကြကုန်၏။ ထိုအာဂန္တု လဇ္ဇီရဟန်းတော်တို့အား ကျောင်းနေ အာဝါသိက ရဟန်းတို့သည် ဝတ်ကြီးဝတ်ငယ်ကို ပြုကြကုန်၏၊ အာဂန္တု လဇ္ဇီရဟန်းတော်တို့၏ အနီးသို့ ချဉ်းကပ်ကြကာ သိက္ခာဝါကြီးသော အာဂန္တု လဇ္ဇီုရဟန်းကို ရှိခိုး၍ ရိုသေစွာ ထိုင်နေကြကုန်၏၊ သီတင်းငယ် အာဂန္တုရဟန်း၏အနီး၌ မိမိတို့၏ နေရာထိုင်များကို ယူဆောင်၍ ထိုင်နေကြကုန်၏၊ ထိုသို့ ထိုင်နေကြပြီးသော် “အရှင်မြတ်တို့သည် ဤကျောင်းတိုက်၌ နေတော်မူကြမည်လော၊ သို့မဟုတ် ဆက်၍ပင် ခရီးကြွချီတော်မူကြမည်လော”ဟု မေးကြကုန်၏။ အာဂန္တုရဟန်းက “ခရီးဆက်၍ သွားပါမည်”ဟု ပြောကြားလျှင် “ဤကျောင်းအိပ်ရာ နေရာသည် အရှင်တို့နှင့် သင့်လျော်လျောက်ပတ် သပ္ပါယဖြစ်ပါသည်၊

၂၃၂

ဆွမ်းလည်း ရလွယ်ပါသည်”- ဤသို့စသည်ဖြင့် ဆက်လက်နေချင်ဖွယ် စကားများကို ပြောကြား၍ သွားဖို့ရန် အခွင့်မပေးကြကုန်၊ အာဂန္တုရဟန်းသည် ဝိနည်းဓိုရ်ရဟန်း ဖြစ်ခဲ့လျှင် ထိုရဟန်း၏အထံ၌ ဝိနည်းကို သင်ကြား သရဇ္ဈာယ်ကြကုန်၏၊ သုတ္တန်ဆောင်ရဟန်း-စသည် ဖြစ်လျှင်လည်း ထိုရဟန်း၏အထံ၌ ထိုရဟန်းဆောင်သည့် ထိုထိုတရားစုကို သင်ကြား သရဇ္ဈာယ်ကြကုန်၏။ ထိုကျောင်းနေ အာဝါသိကရဟန်းတို့သည် အာဂန္တု လဇ္ဇီရဟန်းကောင်းတို့၏ အဆုံးအမ ဩဝါဒ၌ တည်ကြ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ (=ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြလေ၏-ဟု ဆိုလိုသည်)။ အာဂန္တု လဇ္ဇီရဟန်းကောင်းတို့သည် “ငါတို့ကား တရက်နှစ်ရက်မျှ နေကြကုန်အံ့ဟု လာခဲ့ကြပါသည်၊ သို့သော် ဤအာဝါသိက ရဟန်းတို့နှင့် အတူတကွ နေထိုင်ရသည်မှာ ချမ်းသာလှသောကြောင့် ဆယ်နှစ် ဆယ့်နှစ်နှစ် ကာလရှည်ကြာ ငါတို့ နေထိုင်ကုန်အံ့”ဟု ဝမ်းမြောက်ဖွယ်စကား ပြောကြားကြကုန်၏။ ထိုသို့ဖြစ်လတ်သော် ထိုရဟန်းတို့အဖို့ရာ သီလစသော ဂုဏ်ကျေးဇူးတရားတို့ တိုးတက် ကြီးပွါးခြင်းသာလျှင် ဖြစ်လေ၏)။

ဒုတိယ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ ရဟန်းတို့အား ဒုတိယ ကြီးပွါးကြောင်းတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူလိုရကား “ရဟန်းတို့.. သင်တို့အား ငါဘုရားသည် ဆိုခဲ့ပြီးသည်မှ တပါးသော အပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”ဟု မိန့်တော်မူလတ်သော် ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့ သော အပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးကို ဟောကြားတော်မူ၏-

     (၁) ရဟန်းတို့.. ရဟန်းတို့သည် ကိစ္စကြီးငယ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၃၃

     (၂) ရဟန်းတို့.. ရဟန်းတို့သည် စကားစမြည်ပြောဆိုခြင်း၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၃) ရဟန်းတို့.. ရဟန်းတို့သည် ထိုင်းမှိုင်းပျင်းရိလျက် အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၄) ရဟန်းတို့.. ရဟန်းတို့သည် အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၅) ရဟန်းတို့.. ရဟန်းတို့သည် မရှိသောဂုဏ်ကို ဖော်ပြတတ်သည့် အလိုဆိုးမှ ကင်းကုန်လျက် အလိုဆိုးတို့၏ ဆွဲဆောင်ရာသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၆) ရဟန်းတို့.. ရဟန်းတို့သည် ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအသင်း မရှိကြ၍ ယုတ်ညံ့သူတို့၌ စိတ်မညွတ်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၇) ရဟန်းတို့.. ရဟန်းတို့သည် အနည်းငယ်သော တရားထူးကို ရရုံမျှဖြင့် (အရဟတ္တဖိုလ်သို့ မရောက်မီ) လမ်းခွတ်လပ်၌ ရပ်စဲ၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ) တရားတို့ကို



၂၃၄

ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။ (တရားမဆုံးသေး)

(ဤဆိုအပ်ပြီးသည့် တရားခုနစ်ပါးတို့ကို ဒုတိယ ရဟန်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါး”ဟု ခေါ်၏။

(၁) ထိုခုနစ်ပါးတို့အနက် ရှေးဦးစွာသော အပရိဟာနိယတရားလာ “ကိစ္စကြီးငယ်”ဟူသည်မှာ- သင်္ကန်းစီရင်မှု, သင်္ကန်းချုပ်မှု, အထပ်အလွှာတင်မှု = နှစ်ထပ်သုံးထပ် စသည်ပြုမှု, အပ်ကျည်ပြုလုပ်မှု, သပိတ်အိတ်ချုပ်မှု, ပခုံးဖွဲ့ချုပ်မှု, ခါးပန်းချုပ်မှု, ရေစစ်ချုပ်မှု, သပိတ်ပြုလုပ်မှု, ခြေပွတ်အိုးခြမ်းပြုမှု, တံမြက်စည်း ပြုလုပ်မှု- စသည်ကို ခေါ်သည်။

အချို့သော ရဟန်းသည် ဖော်ပြရာပါ ကိစ္စကြီးငယ်တို့ကို ပြုလုပ်သည်ရှိသော် တနေ့ပတ်လုံး ထိုကိစ္စကြီးငယ်တို့ကိုသာ ပြု၍နေ၏။ ထိုကဲ့သို့သော ရဟန်းမျိုးကို ရည်စူး၍ ဤသို့ ပယ်မြစ်ခြင်းဖြစ်သည်။ ထိုကိစ္စကြီးငယ်တို့ကို ပြုလုပ်သင့်သော အချိန်၌သာ ပြုလုပ်၍ စာသင်ချိန်၌ စာသင်သောရဟန်း, စာအံချိန်၌ စာအံသောရဟန်း, စေတိယင်္ဂဏဝတ်ကို ပြုလုပ်သင့်သော အချိန်၌ ပြုလုပ်သောရဟန်း, ကမ္မဋ္ဌာန်းတရား နှလုံးသွင်းသင့်သော အချိန်၌ နှလုံးသွင်းသောရဟန်း- ဤရဟန်းမျိုးသည်ကား “ကိစ္စကြီးငယ်၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍နေသော ရဟန်း” မမည်ချေ။

(၂) မိန်းမ၏ ဂုဏ်ကျေးဇူးစကား, ယောက်ျား၏ ဂုဏ်ကျေးဇူးစကား- စသည်အားဖြင့် မဂ်ဖိုလ်အား ကျေးဇူးမများသော စကားမျိုးကိုသာ ပြောဆိုလျက် နေ့ညဉ့်ကို ကုန်စေသောရဟန်း, ဤသို့သော စကားမျိုး၌ အဆုံးအပိုင်းအခြား ထားမှုကို မပြုသော ရဟန်းမျိုးသည် “စကားစမြည် ပြောဆိုခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်နေသော ရဟန်း”မည်၏။ ညဉ့်နေ့ဆက်ကာ တရားဟောသောရဟန်း, ပြဿနာကို ဖြေဆိုသော ရဟန်းသည်ကား “စကားနည်းသောရဟန်း, စကားပြောဆိုမှု၌ အပိုင်းအခြားထားရှိကာ နှိုင်းနှိုင်းရှည်ရှည် ပြောဆိုသော ရဟန်း”မည်၏။ အကြောင်းကား- “သန္နိပတိတာနံ ဝေါ ဘိက္ခဝေ ဒွယံ ကရဏီယံ ဓမ္မံ ဝါ ကထာ, အရိယော ဝါ တုဏှီဘာဝေါ = ရဟန်းတို့.. သင်ချစ်သားတို့အဖို့ရာ ပေါင်းဆုံစည်းဝေးမိကြလျှင် ပြုလုပ်ကြရမည့် ကိစ္စမှာ ၁-တရားဟောခြင်း၊ ၂-သမာပတ်ဝင်စားကာ

၂၃၅

ဆိတ်ဆိတ်နေခြင်းဟူ၍ = နှစ်ပါးသာရှိ၏”ဟု (မ၊ ၁၊ ၂၁၇-မျက်နှာ၌) မြတ်စွာဘုရား ဟောကြားတော်မူသောကြောင့်တည်း။

(၃) တတိယ အပရိဟာနိယတရား၌ သွားသော်၎င်း, ထိုင်သော်၎င်း, လျောင်းသော်၎င်း, (ဝါ- သွားရင်း ထိုင်ရင်း လျောင်းရင်းပင်) ထိနမိဒ္ဓတရား လွှမ်းမိုးနှိပ်စက်ကာ အိပ်သောရဟန်းသည် “ထိုင်းမှိုင်းပျင်းရိလျက် အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍နေသော ရဟန်း”မည်၏။ ရဟန်းတို့အလုပ်ကို ကြိုးစားအားထုတ်သဖြင့် ကရဇခေါ်ဆို ဤခန္ဓာကိုယ် ပင်ပန်း နွမ်းနယ်သောကြောင့် စိတ်အစဉ် ဘဝင်သို့ သက်ရောက်သော ရဟန်းသည်ကား “အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက်သော ရဟန်း”မမည်။

(၄) စတုတ္ထ အပရိဟာနိယတရား၌ အဖော်ရဟန်းတပါးရှိလျှင် မိမိက နှစ်ယောက်မြောက်ဖြစ်၍၎င်း, နှစ်ပါးရှိလျှင် သုံးယောက်မြောက်ဖြစ်၍၎င်း, သုံးပါးရှိလျှင် လေးယောက်မြောက်ဖြစ်၍၎င်း- ဤသို့ စသည်ဖြင့် အဖော်ရဟန်းတို့နှင့် ရောနှောယှက်တင်၍သာ နေသောရဟန်း, တပါးတည်းနေရလျှင် သက်သာရာ မရသော ရဟန်းသည် “အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍နေသော ရဟန်း”မည်၏။ လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးတို့၌ အဖော်မမှီး တကိုယ်ထီးနေရမှ သက်သာရာရသော ရဟန်းသည် “အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍နေသော ရဟန်း”မမည်။

(၅) ပဉ္စမ အပရိဟာနိယတရား၌ မိမိက ဒုဿီလပုဂ္ဂိုလ် ဖြစ်ပါလျက် မိမိ၌ မရှိသောဂုဏ်ကို ဖော်ပြတတ်သော ရဟန်းသည် အလိုဆိုးရှိသော ရဟန်းမည်၏။ ထိုမှ အပြန်အားဖြင့် အလိုဆိုးမှကင်းသော ရဟန်းကို သိအပ်၏။

(၆) ဆဋ္ဌ အပရိဟာနိယတရား၌ မေတ္တာသက်ဝင် ချစ်ခင်အပ်သောသူသည် အဆွေခင်ပွန်း (မိတ်ဆွေ) မည်၏၊ အတူတကွ သွားဖော်လာဖက် စားဖော်သောက်ဖက် ဖြစ်သောသူသည် အပေါင်းအသင်း (=သူငယ်ချင်း = သဟာယ်ချင်း) မည်၏။

(၇) သတ္တမ အပရိဟာနိယတရား၌ “သီလစင်ကြယ်ရုံမျှဖြင့်၎င်း, ဝိပဿနာမျှဖြင့်၎င်း ဈာန်တရားမျှဖြင့်၎င်း, သောတာပန် အဖြစ်မျှဖြင့်၎င်း, သကဒါဂါမ် အဖြစ်မျှဖြင့်၎င်း, အနာဂါမ်အဖြစ်မျှဖြင့်၎င်း

၂၃၆

ရပ်စဲတန့်နား၍ မနေကြသမျှ ကာလပဘ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ”ဟု ဆိုလိုသည်)။

တတိယ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ ရဟန်းတို့အား တတိယ ကြီးပွါးကြောင်းတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူလိုရကား “ရဟန်းတို့.. သင်တို့အား ငါဘုရားသည် ဆိုခဲ့ပြီးသည်မှ တပါးသော အပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ခုနစ်ပါးတို့ကိုလည်း ဟောဦးအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”ဟု မိန့်တော်မူလတ်သော် ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော အပရိဟာနိယ (ကြီးပွါးကြောင်း)တရား ခုနစ်ပါးကို ဟောကြားတော်မူ၏-

     (၁) ရဟန်းတို့.. ရဟန်းတို့သည် ယုံကြည်ခြင်း = သဒ္ဓါတရားနှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၂) ရဟန်းတို့.. ရဟန်းတို့သည် မကောင်းမှုမှ ရှက်ခြင်း = ဟိရီတရား ရှိနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၃) မကောင်းမှုမှ ကြောက်ခြင်း = ဩတ္တပ္ပတရား ရှိနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၄) များသော အကြားအမြင် = ဗဟုသုတ ရှိနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၅) အားထုတ်အပ်သော လုံ့လရှိနေကြသမျှ ကာလပတ် လုံး ၊(ပ)၊

     (၆) စွဲမြဲသော သတိနှင့် ပြည့်စုံနေကြသမျှ ကာလပတ် လုံး ၊(ပ)၊



၂၃၇

     (၇) ရဟန်းတို့.. ရဟန်းတို့သည် ဝိပဿနာပညာနှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ) တရားတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။ (တရားမဆုံးသေး)

(ဤဆိုအပ်ပြီးသည့် တရားခုနစ်ပါးတို့ကို “တတိယ ရဟန်းတို့၏ ကြီးပွါးကြောင်းတရား ခုနစ်ပါး”ဟု ခေါ်၏။

(၁) ထိုခုနစ်ပါးတို့အနက် ရှေးဦးစွာသော အပရိဟာနိယတရားအရာ၌ သဒ္ဓါတရားသည် (က) အာဂမနီယသဒ္ဓါ (ခ) အဓိဂမသဒ္ဓါ (ဂ) ပသာဒသဒ္ဓါ (ဃ) ဩကပ္ပနသဒ္ဓါဟူ၍ လေးမျိုးရှိ၏၊ ထိုလေးမျိုးတို့တွင် (က) သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ကောင်းမြတ်သော ပါရမီ, စာဂ, စရိယအကျင့်တရား တည်းဟူသော အာဂမနီယပဋိပဒါကြောင့် ဘုရားအလောင်းတော်တို့၏ သန္တာန်၌ သူတပါးနည်းညွှန်း ဥပဒေသမှကင်းလျက် ကြည်ညိုဖွယ်ရာဝတ္ထုကို မဖောက်မပြန် သက်ဝင်ကာ ကြည်ညိုဖြစ်ပွါးလာသော သဒ္ဓါတရားကို အာဂမနီယသဒ္ဓါတရားဟု ခေါ်၏။

(ခ) သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းကြောင့် အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်ပွါးလာသော (သုရမ္ဗဋ္ဌအရိယာ၏ သဒ္ဓါတရားကဲ့သို့) မည်သူတဦးတယောက်မျှ ဖျက်ဆီး၍မရသော သဒ္ဓါတရားသည် အဓိဂမသဒ္ဓါမည်၏။ (သုရမ္ဗဋ္ဌ အရိယာအကြောင်းကို သံဃရတနာအခဏ်းသို့ရောက်မှ ရေးသား ဖော်ပြပေအံ့)။

(ဂ) မဟာကပ္ပိနမင်း- စသည်တို့၏ သန္တာန်၌ဖြစ်သော သဒ္ဓါတရားကဲ့သို့ “ဘုရား, တရား, သံဃာ”ဟူ၍ ပြောဆိုအပ်သော် ထိုစကားမျှကို ကြားရလျှင်ပင် သူတပါးတို့က “မြတ်စွာဘုရားသည် ဤသို့ဤသို့သော ဂုဏ်ကျေးဇူးရှိ၏၊ တရားတော်သည် ဤသို့ဤသို့သော ဂုဏ်ကျေးဇူးရှိ၏၊ သံဃာတော်သည် ဤသို့ဤသို့သော ဂုဏ်ကျေးဇူးရှိ၏” စသည်ဖြင့် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို

၂၃၈

အကျယ်ဖော်ပြ မပြောကြားရပဲ “သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ= မြတ်စွာဘုရားသည် ခပ်သိမ်းသော တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူပါပေစွာ့” ဤသို့ စသည်ဖြင့် ရတနာသုံးပါးတို့၌ ဖြစ်ပွါးလာသော ကြည်ညိုမှု သဒ္ဓါတရားသည် ပသာဒသဒ္ဓါမည်၏။ (အောက်က (တတိယတွဲ စာမျက်နှာ ၁၈ဝ-မှစ၍) ဖော်ပြခဲ့သော အနာထပိဏ်သူဌေးတို့၏ သဒ္ဓါတရားမျိုးတည်း)။

(ဃ) “ဘုရား, တရား, သံဃာ”ဟူ၍ သူတပါးက ပြောဆိုအပ်သော် ထိုရတနာသုံးပါး၏ ဂုဏ်ကို ဉာဏ်ဖြင့်သက်ဝင် ဆင်ခြင်ကြံစည်ပြီးမှ ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရသည့်အလား မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားကို ဩကပ္ပနသဒ္ဓါဟူ၍ ခေါ်၏။ ဤပဌမ အပရိဟာနိယတရား၌ ပသာဒသဒ္ဓါနှင့် ဩကပ္ပနသဒ္ဓါ = ဤ၂-ပါးကို ယူရမည်။

(၂-၃) ဒုတိယ, တတိယ အပရိဟာနိယ တရားတို့၌ မကောင်းမှုမှ ရှက်ခြင်း စက်ဆုပ်ခြင်း = ဟိရီတရား, မကောင်းမှုမှ ထိတ်လန့်ကြောက်ရွံ့ခြင်း = ဩတ္တပ္ပတရား = ဤ၂-ပါးတို့၏ သဘောသွား ထူးခြားဟန်ကို ဤဆိုလတ္တံ့သော ဥပမာဖြင့် သိရာ၏- ၁-အေးမြ၍ မစင်အညစ်အကြေး လိမ်းထေးပေကျံနေသော သံတွေခဲ၊ ၂-ရဲရဲပြောင်ပြောင် မီးတောက်လောင်ထားသော သံတွေခဲဟူ၍ = သံတွေခဲ ၂-ခဲရှိရာ ပညာရှိသောသူသည် ၁-အမှတ်ပြ သံတွေခဲကို မစင်လူးမည်မှ စက်ဆုပ် ရွံရှာသောကြောင့် မကိုင်ဝံ့၊ ၂-အမှတ်ပြ သံတွေခဲကို ပူလောင်မည်မှ ကြောက်ရွံ့သောကြောင့် မကိုင်ဝံ့၊ ထို့အတူပင် သူတော်ကောင်းဖြစ်သော သူသည်လည်း ၁-မကောင်းမှု ဒုစရိုက်၏ ယုတ်မာညစ်ညမ်းမှုသဘော တည်းဟူသော အညစ်အကြေးမှ စက်ဆုပ်ရွံရှာခြင်း တည်းဟူသော ဟိရီတရားကြောင့် ထိုသံတွေခဲနှင့်တူသော မကောင်းမှု ဒုစရိုက်ကို မကိုင်ဝံ့ မပြုဝံ့ပဲ ရှောင်ဖဲလေသည်၊ ၂-ထိုမကောင်းမှု ဒုစရိုက်၏ မျက်မှောက်ဘ၀ တမလွန်ဘဝတို့၌ ခံရမည့် အပြစ်ဘေး တည်းဟူသော ပူလောင်မည့်အရေးမှ ကြောက်လန့်ခြင်း တည်းဟူသော ဩတ္တပ္ပတရားကြောင့် ထိုသံတွေခဲနှင့်တူသော မကောင်းမှု ဒုစရိုက်ကို မကိုင်ဝံ့ မပြုဝံ့ပဲ ရှောင်ဖဲလေသည်။

(၄) စတုတ္ထ အပရိဟာနိယတရား၌ “များသော အကြားအမြင် = ဗဟုသုတရှိသူ” ဟူရာဝယ် (၁) ပရိယတ္တိဗဟုသုတရှိသူ = ပိဋကတ်ကျမ်းဂန် အကြားအမြင် များစွာရှိသောပုဂ္ဂိုလ်

၂၃၉

(၂) ပဋိဝေဓဗဟုသုတရှိသူ = သစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်သည့် လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ် (အကြားအမြင်) များစွာရှိသော ပုဂ္ဂိုလ်ဟူ၍ ဗဟုသုတပုဂ္ဂိုလ် = အကြားအမြင် များစွာရှိသော ပုဂ္ဂိုလ် ၂-မျိုးရှိရာ ဤအရာ၌ ပရိယတ္တိဗဟုသုတ ပုဂ္ဂိုလ်ကိုသာ ယူရမည်။ ထိုပရိယတ္တိဗဟုသုတ ပုဂ္ဂိုလ်သည်လည်း ၁-နိဿယမုစ္စနက ဗဟုသုတပုဂ္ဂိုလ် = နိဿယည်း လွတ်လောက်အောင် အကြားအမြင် အရည်အချင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်၊၂-ပရိသုပဋ္ဌာက ဗဟုသုတပုဂ္ဂိုလ် = ပရိသတ် မွေးမြူနိုင်လောက်အောင် (ကျောင်းထိုင်ဘုန်းကြီး ပြုလုပ်နိုင်လောက်အောင်) အကြားအမြင် အရည်အချင်း ဗဟုသုတနှင့် ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်၊ ၃-ဘိက္ခုနောဝါဒက ဗဟုသုတပုဂ္ဂိုလ် = ဘိက္ခုနီမတို့ကို ဆုံးမနိုင်သော ရဟန်းဟူ၍ သမ္မုတိပေးနိုင်လောက်အောင် အကြားအမြင် အရည်အချင်း ဗဟုသုတနှင့် ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်, (ဤပုဂ္ဂိုလ် ၃-မျိုး အကျယ်အဓိပ္ပါယ်ကို သမန္တပါသာဒိက ဝိနယအဋ္ဌကထာ ပါစိတ္တိယအဖွင့် ဩဝါဒဝဂ် (ဝိ-ဋ္ဌ ၂၊ ၅၄-မျက်နှာ)၌ ကြည့်ရှုမှတ်ယူရာ၏)။ ၄-သဗ္ဗတ္ထက ဗဟုသုတပုဂ္ဂိုလ် = ရှေးဗဟုသုတပုဂ္ဂိုလ် သုံးမျိုး တို့ကဲ့သို့ ပိဋကသုံးပုံမှ ပိုင်းခြားသတ်မှတ်ရာပါ တစိတ်တဒေသမျှ အကြားအမြင်ရှိသူမဟုတ်ပဲ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကဲ့သို့ ပိဋကသုံးပုံ အလုံးစုံ၌ ပြောဆို ဟောကြားနိုင်သော အကြားအမြင် အရည်အချင်း ဗဟုသုတနှင့် ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်ဟူ၍ = လေးမျိုးရှိပြန်ရာ ဤစတုတ္ထ အပရိဟာနိယတရားအရာ၌ လေးယောက်မြောက်ဖြစ်သော သဗ္ဗတ္ထက ဗဟုသုတပုဂ္ဂိုလ်ကို ယူရမည်၊ အကြောင်းကား- ထိုပုဂ္ဂိုလ်ကမှသာ ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဓသဒ္ဓမ္မ = နှစ်ပါး၏ မူလရင်းဖြစ်သော ပရိယတ္တိသဒ္ဓမ္မ၌ ကောင်းစွာ တည်သောကြောင့်တည်း။

(၅) ပဉ္စမ အပရိဟာနိယတရား၌ “အားထုတ်အပ်သော လုံ့လဝီရိယ ရှိသူ”ဟူသော စကားရပ်ဝယ် ဝီရိယသည် ၁-ကာယိကဝီရိယ = ကိုယ်၌မှီသော ဝီရိယ, ၂-စေတသိကဝီရိယ = စိတ်၌မှီသော ဝီရိယဟူ၍ = ၂-ပါးရှိရာ ၁-ကာယသင်္ဂဏိကာခေါ်သည့် အပေါင်းအသင်းတို့နှင့် ရောထွေးယှက်တင် နေထိုင်မှုကို ပယ်ဖျောက်၍ လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးတို့၌ ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးကို ပွါးများကာ တကိုယ်ရေတကာယ နေထိုင်ကြသော ရဟန်းတို့သန္တာန်၌ ဖြစ်ပွါးသော ဝီရိယကို ကာယိကဝီရိယ ခေါ်၏။ ၂-စိတ္တသင်္ဂဏိကာခေါ်သည့် စိတ်၏ အာရုံခြောက်ပါးနှင့် ကိလေသာတရား တဖွားဖွားဖြစ်ပွါးကာ ရောထွေးယှက်တင် နေထိုင်မှုကို ပယ်ဖျောက်၍

၂၄၀

ဈာန်သမာပတ် ရှစ်ပါးကို လေ့လာဝင်စားကာ တကိုယ်ရေတကာယ နေထိုင်ကြလျက် သွားသောအခါ၌ဖြစ်သော ကိလေသာအား ရပ်တည်အခါသို့ ရောက်ခွင့်ကို မပေး, ရပ်တည်သောအခါ၌ဖြစ်သော ကိလေသာအား ထိုင်သောအခါသို့ ရောက်ခွင့်ကို မပေး, ထိုင်သောအခါ၌ဖြစ်သော ကိလေသာအား လျောင်းသောအခါသို့ ရောက်ခွင့်ကို မပေးပဲ ဖြစ်ရာဖြစ်ရာဌာန၌ပင် ကိလေသာတို့ကို နှိပ်ကွပ်သောရဟန်းတို့၏ ဝီရိယကို စေတသိကဝီရိယ ခေါ်၏။ “ဖော်ပြရာပါ ကာယိကဝီရိယ, စေတသိကဝီရိယ = နှစ်ပါးတို့နှင့် ပြည့်စုံ၍ နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ”ဟု ဆိုလိုသည်။

(၆) ဆဋ္ဌ အပရိဟာနိယတရား၌ “စွဲမြဲသတိနှင့် ပြည့်စုံကြသူများ” ဟူသည်မှာ မဟာဂတိမ္ဗယ အဘယမထေရ်, ဒီဃဘာဏက အဘယမထေရ်, တိပိဋက စူဠာဘယမထေရ်တို့ကဲ့သို့ လွန်ခဲ့သည့် အချိန်ကြာမြင့်စွာက ပြုခဲ့ ပြောခဲ့သော ကာယကံမှု ဝစီကံမှုတို့ကို မမေ့မပျောက် အောက်မေ့နိုင်သော ပုဂ္ဂိုလ်များကို ဆိုလိုသည်။ ဥပမာအဖြစ်ဖြင့် ဖော်ပြအပ်သော ထိုမထေရ်သုံးပါးတို့အနက်-

၁-မဟာဂတိမ္ဗယ အဘယမထေရ်သည် မိမိဖွားမြင်ပြီးနောက် ၅-ရက်မြောက်၌ မင်္ဂလာနို့ထမင်း ကျွေးမွေးသော ပွဲလမ်းသဘင်ဝယ် နို့ထမင်းခွက်မှ နို့ထမင်းကို စားဖို့ရန် နှုတ်သီးကိုဆန့်တန်းသည့် ကျီးကိုမြင်၍ “ဟုံ ဟုံ”ဟူသော အသံကို ပြုခဲ့လေသည်။ ထို့နောက် ထိုသူငယ်သည် ရဟန်းဖြစ်၍ မထေရ်ကြီးဖြစ်သောအခါ တပည့်ရဟန်းတို့က “အရှင်ဘုရား.. အဘယ်အချိန်ကစ၍ ကာယကံမှု ၀စီကံမှုများကို အောက်မေ့ အမှတ်ရပါသနည်း”ဟု မေးလျှောက်အပ်လေလျှင် “မွေးဖွားပြီးနောက် ၅-ရက်မြောက်၌ ကျီးကိုချောက်လှန့်ရန် “ဟုံ ဟုံ”ဟု ပြုခဲ့သော အသံမှစ၍ အမှတ်ရ၏ ငါ့ရှင်တို့..”ဟူ၍ မိန့်ကြားတော်မူသတဲ့။

၂-ဒီဃဘာဏက အဘယမထေရ်ဖြစ်မည့် သူငယ် မွေးဖွားပြီးနောက် ၉-ရက်မြောက်နေ့၌ မိခင်ဖြစ်သူသည် သားကို ချစ်မြတ်နိုးလှ၍ “နမ်းစုတ်မည်”ဟု သားမျက်နှာပေါ်သို့ ညွတ်လိုက်ရာ မိခင်ဖြစ်သူ၏ ဆံထုံးကြီးသည် ပြေ၍ကျလေ၏၊ ထိုအခါ တပြည်သားမျှသော မုလေး (မြတ်လေး)ပန်းတို့သည် သူငယ်၏ ရင်ပပ်ပေါ်၌ ကျရောက်ကုန်၍ ဆင်းရဲနာကျင်မှုကို ဖြစ်စေကြလေသည်၊ ထိုသူငယ်သည် ဒီဃဘာဏက အဘယမထေရ်ကြီး ဖြစ်သောအခါ၌ တပည့်ရဟန်းတို့က “အဘယ်အချိန်ကစ၍

၂၄၁

အမှတ်ရကြပါသနည်း အရှင်ဘုရား..”ဟု မေးလျှောက်အပ်လေလျှင် “မွေးဖွားပြီးနောက် ၉-ရက်မြောက်နေ့မှစ၍ အမှတ်ရ၏ ငါ့ရှင်တို့..”ဟု ဖြေကြားတော်မူလေ၏။

၃-တိပိဋကစူဠာဘယ မထေရ်မြတ်သည်ကား တပည့်ရဟန်းတို့က “အဘယ်မျှလောက် အောက်မေ့ မှတ်ဆောင်နိုင်ပါသနည်း အရှင်ဘုရား”ဟု မေးလျှောက်အပ်လေလျှင် “အနုရာဓမြို့တော်၌ တံခါးမကြီး လေးပေါက်ရှိရာ တံခါးမကြီးသုံးပေါက်ကို ပိတ်ဆို့ထား၍ လူတို့ကို တံခါးပေါက်တခုတည်းမှ အထွက်ခိုင်းလျက် ‘သင်သည် အဘယ်အမည်ရှိသနည်း၊ သင်သည် အဘယ်အမည်ရှိသနည်း’ဟု တယောက်စီ တယောက်စီ လူစေ့မေးပြီး ထိုလူအားလုံးတို့ ပြောကြားဖြေဆိုသော အမည်များကို မှတ်သားထားပြီးနောက် ညနေချမ်း၌ တဖန် မြို့တွင်းသို့ အဝင်ခိုင်းပြီးလျှင် အသစ်မမေးရတော့ပဲ ထိုလူများ၏ အမည်များကို မမှားရအောင် ‘ဤသူကား ဤအမည်ရှိ၏၊ ဤသူကား ဤအမည်ရှိ၏’ဟု သူ့အမည်နှင့်သူ တပ်၍ ပြောနိုင်၏ ငါ့ရှင်တို့..”ဟု ဖြေကြားတော်မူလေ၏။

(၇) သတ္တမ အပရိဟာနိယတရား၌ “ဝိပဿနာ ပညာ”ဟူသည် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိမ်းဆည်းသိမြင်သော = ဥဒယဗ္ဗယပညာကို ဆိုလို၏။ တနည်း ၆,၇-ဆဋ္ဌ,သတ္တမ အပရိဟာနိယ တရားတို့၌လာသော သတိ,ပညာဟူသော စကားနှစ်ရပ်ဖြင့် ဝိပဿနာရှုကြသော ရဟန်းတို့၏ ဝိပဿနာ အဆောက်အဦဖြစ်သော သမ္မာသတိနှင့် ဝိပဿနာပညာကို ဆိုအပ်ကုန်၏၊ (ဝိပဿနာရှုစဉ်အခါဖြစ်သော သတိနှင့် ပညာကို ယူလေဟု ဆိုလိုသည်)။ ဤကား မှတ်ဖွယ်အထူးတည်း)။

စတုတ္ထ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူ တဖန်ဆက်၍ အပရိဟာနိယတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူပြန်သည်မှာ-

     (၁) ရဟန်းတို့..ရဟန်းတို့သည် မဂ်၏အကြောင်းဖြစ်သော အောက်မေ့မှု = သတိသမ္ဗောဇ္ဈင်ကို ပွါးများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၄၂

     (၂) ရဟန်းတို့.. ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော ပညာ = ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ၊(ပ)၊

     (၃) မဂ်၏ အကြောင်းဖြစ်သော လုံ့လ = ဝီရိယသမ္ဗောဇ္ဈင်ကို ၊(ပ)၊

     (၄) မဂ်၏ အကြောင်းဖြစ်သော နှစ်သိမ့်မှု = ပီတိသမ္ဗောဇ္ဈင်ကို ၊(ပ)၊

     (၅) မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု = ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ၊(ပ)၊

     (၆) မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု = သမာဓိသမ္ဗောဇ္ဈင်ကို ၊(ပ)၊

     (၇) ရဟန်းတို့..ရဟန်းတို့သည် မဂ်၏အကြောင်းဖြစ်သော လျစ်လျူရှုမှု = ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ) တရားတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။ (တရားမဆုံးသေး)

(ဤဗောဇ္ဈင်ခုနစ်ပါး ကြီးပွါးကြောင်းတရားဖြင့် ဝိပဿနာ, မဂ်, ဖိုလ်နှင့်ယှဉ်သော လောကီ လောကုတ္တရာအရောဖြစ်သော ဗောဇ္ဈင်တရားတို့ကို ဟောတော်မူသည်)။

ပဉ္စမ ကြီးပွါးကြောင်းတရား ခုနစ်ပါး

     မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူ တဖန်ဆက်၍ အပရိဟာနိယတရား ခုနစ်ပါးတို့ကို ဟောကြားတော်မူပြန်သည်မှာ-



၂၄၃

     (၁) ရဟန်းတို့.. ရဟန်းတို့သည် မမြဲဟု သိမှတ်မှု = အနိစ္စသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၂) ရဟန်းတို့.. ရဟန်းတို့သည် အတ္တမဟုတ်ဟု သိမှတ်မှု = အနတ္တသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၃) မတင့်တယ်ဟု သိမှတ်မှု = အသုဘသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၄) အပြစ်ကို သိမှတ်မှု = အာဒီနဝသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၅) ပယ်ဖို့ရန် သိမှတ်မှု = ပဟာနသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၆) တပ်မက်ခြင်းကင်းရန် သိမှတ်မှု တပ်ခြင်းကင်းရာ နိဗ္ဗာန်ကို သိမှတ်မှု = ဝိရာဂသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ၊(ပ)၊

     (၇) ရဟန်းတို့.. ရဟန်းတို့သည် ချုပ်ခြင်းကို သိမှတ်မှု (တနည်း) ချုပ်ရာနိဗ္ဗာန်ကို သိမှတ်မှု = နိရောဓသညာကို ပွါးများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။ (တရားမဆုံးသေး)

(ဤ၌။ ။အနိစ္စဟု အဖန်ဖန်ရှုသော အနုပဿနာပညာနှင့် တကွဖြစ်သော သညာသည် အနိစ္စသညာမည်၏၊ အနတ္တသညာ- စသည်တို့၌လည်း ဤနည်းအတူသာတည်း။ တေဘူမက သင်္ခါရတို့ကို အနိစ္စဟူ၍ ရှုကြောင်းဖြစ်သော ပညာ (=အနိစ္စဝိပဿနာ)သည် အနိစ္စာနုပဿနာ မည်၏၊



၂၄၄

ထိုပညာနှင့် တကွဖြစ်သော သညာကို ပွါးများလျှင် (=ဖြစ်စေလျှင်) ပညာကိုလည်း ပွါးများအပ် (=ဖြစ်စေအပ်)သည်သာ မည်၏။ ထို့ကြောင့် ပါဠိတော်၌ “အနိစ္စသညာ” စသည်ဖြင့် ဟောတော်မူအပ်လေသည်။ (တနည်း) သညာကို အဦးမူသဖြင့် ဝိပဿနာပညာကိုသာ ညွှန်ပြဟောဆိုခြင်း ဖြစ်သည်။ အနတ္တသညာ- စသည်တို့၌လည်း ဤနည်းအတူသာတည်း။

ဤသညာခုနစ်ပါး ကြီးပွါးကြောင်းတရားတို့အနက် ရှေ့၅-ပါးသည် လောကီတို့သာ ဖြစ်၏၊ နောက်နှစ်ပါးကား လောကီ လောကုတ္တရာ အရောဖြစ်၏။ ဤကား အထူးမှတ်ရန်တည်း)။

ရဟန်းတို့၏ ကြီးပွါးကြောင်းတရား ၆-ပါး

     မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ ရဟန်းတို့အား ကြီးပွါးကြောင်းတရား ၆-ပါးတို့ကို ဟောကြားတော်မူလိုရကား “ရဟန်းတို့.. သင်တို့အား ငါဘုရားသည် ကြီးပွါးကြောင်းတရား ၆-ပါးတို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်ဦးလော့၊ ကောင်းစွာ နှလုံးသွင်းကုန်ဦးလော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”ဟု မိန့်တော်မူလတ်သော် ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော အပရိဟာနိယ (=ကြီးပွါးကြောင်း)တရား ၆-ပါးကို ဟောကြားတော်မူ၏-

     (၁) ရဟန်းတို့.. ရဟန်းတို့သည် သီတင်းသုံးဖော်တို့၏အပေါ်၌ မေတ္တာစိတ်ဖြင့်ပြုအပ်သော ကိုယ်အမူအရာ (=ကာယကံ)ကို မျက်မှောက်,မျက်ကွယ် = နှစ်သွယ်လုံး၌ ရှေးရှုထင်စေကြသမျှ (=ဖြစ်စေကြသမျှ) ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၂) ရဟန်းတို့.. ရဟန်းတို့သည် သီတင်းသုံးဖော်တို့၏အပေါ်၌ မေတ္တာစိတ်ဖြင့်ပြုအပ်သော နှုတ်အမူအရာ (=ဝစီကံ)ကို မျက်မှောက်,မျက်ကွယ် = နှစ်သွယ်လုံး၌ ရှေးရှုထင်စေကြသမျှ (=ဖြစ်စေကြသမျှ) ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။



၂၄၅

     (၃) ရဟန်းတို့.. ရဟန်းတို့သည် သီတင်းသုံးဖော်တို့၏အပေါ်၌ မေတ္တာစိတ်ဖြင့်ပြုအပ်သော စိတ်အမူအရာ (=မနောကံ)ကို မျက်မှောက်,မျက်ကွယ် = နှစ်သွယ်လုံး၌ ရှေးရှုထင်စေကြသမျှ (=ဖြစ်စေကြသမျှ) ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၄) ရဟန်းတို့.. ရဟန်းတို့သည် တရားနှင့်အညီရသော ပစ္စည်းလေးရပ် = ဓမ္မိယလာဘ်ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း သီးခြားခွဲ၍ မသုံးဆောင်ပဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် သက်ဆိုင်စေ၍ သုံးဆောင်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၅) ရဟန်းတို့.. တဏှာ၏ကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော, ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော, မှားယွင်းစွာ မသုံးသပ်အပ်ကုန်သော, သမာဓိကို ဖြစ်စေတတ်ကုန်သော, မကျိုး, မပေါက်, မကျား, မပြောက်ကုန်သော သီလတို့ဖြင့် ရဟန်းတို့သည် မျက်မှောက်,မျက်ကွယ် = နှစ်သွယ်လုံး၌ပင် သီတင်းသုံးဖော်တို့နှင့် သီလချင်း တူမျှလျက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     (၆) ရဟန်းတို့.. နိဗ္ဗာန်သို့ဆောင်တတ်သော အကြင် အရိယပညာသည် ထိုပညာကို လိုက်နာပြုကျင့်သူအား ဆင်းရဲစင်စစ် ကုန်ဖို့ရန် ဆောင်တတ်၏။ ထိုသို့သော အရိယပညာအားဖြင့် ရဟန်းတို့သည် မျက်မှောက်,မျက်ကွယ် = နှစ်သွယ်လုံး၌ပင် သီတင်းသုံးဖော်တို့နှင့် ပညာချင်းတူမျှလျက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

     ရဟန်းတို့.. ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ၆-ပါးတို့သည် ရဟန်းတို့၌ တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွါးကြောင်း (=အပရိဟာနိယ)တရား ၆-ပါးတို့ကို



၂၄၆

ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွါးရန်သာ ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ-ဟူ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား ကြီးပွါးကြောင်းတရား ခုနစ်ပါး ၅-စု, ခြောက်ပါး ၁-စု = ဤသို့ ခြောက်စုထား၍ ဟောကြားတော်မူ၏။

(၁-၂-၃) မေတ္တာစိတ်ဖြင့် ပြုအပ်သမျှသော ကာယကံ = ကိုယ်အမူအရာ အားလုံးကို မေတ္တာကာယကံဟူ၍ ခေါ်၏၊ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သမျှသော ဝစီကံ = နှုတ်အမူအရာ အားလုံးကို မေတ္တာဝစီကံဟူ၍ ခေါ်၏။ မေတ္တာစိတ်ဖြင့် ကြံစည်အပ်သမျှ မနောကံ = စိတ်အမူအရာ အားလုံးကို မေတ္တာမနောကံဟူ၍ ခေါ်၏။

ပါဠိတော်၌ ဤမေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံတို့ကို ပရိသတ်လေးပါးတို့တွင် ရဟန်းပရိသတ်က အမြတ်ဆုံးဖြစ်သောကြောင့် ရဟန်းတို့နှင့်စပ်၍ ဟောကြားတော်မူအပ်၏၊ သို့သော်လည်း မြတ်စွာဘုရား၏ တရားတော်သည် ပရိသတ်လေးပါးတို့နှင့် ဆက်ဆံသောကြောင့် လူဝတ်ကြောင်တို့၌လည်း ဤမေတ္တာကာယကံ, မေတ္တာ၀စီကံ, မေတ္တာမနောကံတို့ကို ရအပ်ကုန်၏။ ရပုံမှာ-

ရဟန်းတို့အဖို့ရာ မေတ္တာစိတ်ဖြင့် ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ခြင်းသည် မေတ္တာကာယကံမည်၏။ လူတို့အဖို့ရာ စေတီတော်ကို ဖူးမြော်ရန် ဗောဓိပင်ကို ရှိခိုးရန် သံဃာတော်ကို ပင့်ဖိတ်ရန် သွားခြင်းမှ ရွာတွင်းသို့ ဆွမ်းခံဝင်လာသော ရဟန်းကိုမြင်လျှင် ခရီးဦးကြိုဆိုခြင်း, သပိတ်ကို ဆီးကြိုယူငင်ခြင်း, နေရာခင်းခြင်း, ရဟန်းပြန်ကြွသောအခါ လိုက်၍ပို့ခြင်း- အစရှိသည်များသည် မေတ္တာကာယကံမည်၏။

ရဟန်းတို့အဖို့ရာ မေတ္တာစိတ်ဖြင့် လိုက်နာကျင့်သုံးရမည့် သိက္ခာပုဒ်များကို ပြောကြားပြခြင်း,

၂၄၇

ကမ္မဋ္ဌာန်းတရား ဟောကြားပြသခြင်း, အခြားတရား ဟောပြောခြင်း, အချုပ်အားဖြင့် ပိဋကသုံးပုံကို သင်ကြားပြသ ပို့ချပေးခြင်းသည် မေတ္တာဝစီကံမည်၏။ လူတို့အဖို့ရာ “စေတီတော်ကို ဖူးမြော်ရန် သွားကြကုန်အံ့၊ ဗောဓိပင်ကို ဖူးမြော်ရန် သွားကြကုန်အံ့၊ တရားနာ သွားကြကုန်အံ့၊ တရားနာမှု ပြုကြကုန်အံ့၊ ဆီမီး ရေချမ်း ပန်းပူဇော်မှု ပြုကြကုန်အံ့၊ သုစရိုက်သုံးမျိုးတို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်အံ့၊ စာရေးတံဆွမ်း- စသည်တို့ကို ပေးလှူကြကုန်အံ့၊ ဝါဆိုသင်္ကန်း လှူဒါန်းကြကုန်အံ့၊ ယနေ့ သံဃာတော်အား ပစ္စည်းလေးပါးတို့ကို ပေးလှူကြကုန်အံ့၊ (သံဃာတော်တို့ကို ပင့်ဖိတ်ပြီးသောအခါ) ခဲဖွယ်-စသည်တို့ကို စီမံကြကုန်လော့၊ နေရာတို့ကို ခင်းကြကုန်လော့၊ သောက်ရေကို တည်ထားကြကုန်လော့၊ သံဃာတော်များကို ခရီးဦးကြိုဆို၍ ပင့်ဆောင်ခဲ့ကြကုန်လော့၊ ခင်းထားအပ်ပြီးသော နေရာ၌ ထိုင်စေကြကုန်လော့၊ ထက်သန်သောဆန္ဒ ထက်သန်သောလုံ့လ ဖြစ်ရှိကြကာ ဝေယျာဝစ္စကို ပြုကြကုန်လော့” ဤသို့စသည် ပြောဆိုသောအခါ မေတ္တာဝစီကံမည်၏။

ရဟန်းတို့အဖို့ရာ စောစောထ၍ ကိုယ်လက်သုတ်သင်ကာ စေတိယင်္ဂဏဝတ် စသည်တို့ကို ပြုလုပ်ပြီးလျှင် ဆိတ်ငြိမ်သောနေရာ၌ ထိုင်နေ၍ “ဤကျောင်းတိုက်၌ နေကြသော ရဟန်းတို့သည် ချမ်းသာကြပါစေ, ရန်ကင်းကြပါစေ, ဒေါသဗျာပါဒ ကင်းကြပါစေ” ဤသို့ ကြံစည်စဉ်းစား နှလုံးထားခြင်းသည် မေတ္တာမနောကံ မည်၏။ လူတို့အဖို့ရာ “အရှင်မြတ်တို့သည် ချမ်းသာကြပါစေ, ရန်ကင်းကြပါစေ, ဒေါသဗျာပါဒ ကင်းကြပါစေ”- ဤသို့စသည် ကြံစည်စဉ်းစား နှလုံးထားခြင်းသည် မေတ္တာမနောကံမည်၏။



၂၄၈

သမ္မုခါမေတ္တာ, ပရမ္မုခါမေတ္တာ

(မျက်မှောက်မေတ္တာ, မျက်ကွယ်မေတ္တာ)

မျက်မှောက်ရှေ့တွင် မေတ္တာစိတ်ဖြင့် ပြုအပ် ပြောအပ် ကြံအပ်သမျှသော အမူအရာစုသည် သမ္မုခါမေတ္တာ မည်၏၊ မျက်ကွယ်တွင် မေတ္တာစိတ်ဖြင့် ပြုအပ် ပြောအပ် ကြံအပ်သမျှသော အမူအရာစုသည် ပရမ္မုခါမေတ္တာ မည်၏။

ထိုနှစ်ပါးတို့တွင် သီတင်းငယ်ရဟန်းတို့၏ သင်္ကန်းချုပ်မှု- စသည်တို့၌ ထေရ်ကြီးတို့က ကူညီဝိုင်းဝန်း ပြုလုပ်ပေးမှုသည် ထေရ်ကြီးတို့၏ သမ္မုခါမေတ္တာကာယကံ = မျက်မှောက်မေတ္တာကာယကံ မည်၏။ သီတင်းငယ်တို့က ထေရ်ကြီးတို့အား ခြေဆေးပေးခြင်း, ရှိခိုးခြင်း, ယပ်လေခပ်ပေးခြင်း-စသော အရိုအသေပြုမှု အားလုံးသည် သီတင်းငယ်တို့၏ သမ္မုခါမေတ္တာကာယကံ မည်၏။ သီတင်းငယ်, ထေရ်ကြီး = နှစ်ဦးတို့ အထားမတော်သော သစ်ဘဏ္ဍာ- စသည်တို့ကို ထိုပစ္စည်းရှင် သီတင်းငယ်, ထေရ်ကြီးတို့၌ မထီမဲ့မြင်မှု (အထင်သေးမှု) လုံးဝမပြုပဲ မိမိပင် အထားမတော်သည့် ဘဏ္ဍာများကိုကဲ့သို့ တရိုတသေ သိမ်းဆည်းမှုသည် ပရမ္မုခါမေတ္တာကာယကံ = မျက်ကွယ်မေတ္တာကာယကံ မည်၏။

မျက်မှောက်ရှေ့တွင် စကားပြောဆိုသောအခါ “ဒေဝမထေရ်သူမြတ်၊ တိဿမထေရ် သူမြတ်” ဤသို့စသည်ဖြင့် ချီးချီးမြှောက်မြှောက် ပြောကြားခြင်းသည် သမ္မုခါမေတ္တာဝစီကံ = မျက်မှောက် မေတ္တာဝစီကံ မည်၏။ ကျောင်းတိုက်၌မရှိသော ရဟန်းကို မေးမြန်းလိုလတ်သော် “အကျွန်ုပ်တို့၏ ဒေဝမထေရ်သူမြတ်သည် အဘယ်မှာနည်း၊ အကျွန်ုပ်တို့၏ တိဿမထေရ်သူမြတ်သည် အဘယ်မှာနည်း၊ အဘယ်အခါ၌ ကြွလာတော်မူပါမည်နည်း”



၂၄၉

ဤသို့စသည်ဖြင့် မြတ်နိုးတနာ ပြောကြားမေးမြန်းခြင်းသည် ပရမ္မုခါမေတ္တာဝစီကံ = မျက်ကွယ်မေတ္တာဝစီကံ မည်၏။

မျက်မှောက်ထင်ထင် မေတ္တာအစေးတို့ဖြင့် ပြေပြစ်သော စိုစွတ်သော မျက်လုံးတို့ကို ဖွင့်၍ အလွန် ကြည်လင်ရွှင်ပျသော မျက်နှာဖြင့် ကြည့်ရှုသောအခါ ယင်းသို့ ကြည့်ရှုကြောင်းဖြစ်သော မေတ္တာစိတ်စေတနာသည် သမ္မုခါမေတ္တာမနောကံ = မျက်မှောက် မေတ္တာမနောကံမည်၏။ (မေတ္တာအစေးဖြင့် ပြေပြစ်စိုစွတ်သော မျက်လုံးတို့ကို ဖွင့်ခြင်း, ကြည်လင်ရွှင်ပျသော မျက်နှာဖြင့် ကြည့်ရှုခြင်းများကား မေတ္တာကာယကံဖြစ်သည်)။ မျက်ကွယ်၌ “ဒေဝမထေရ်သူမြတ် တိဿမထေရ်သူမြတ်သည် ရောဂါအနာ ကင်းရှင်းတော်မူပါစေ”ဟု နှလုံးသွင်းခြင်းသည် ပရမ္မုခါမေတ္တာမနောကံ = မျက်ကွယ် မေတ္တာမနောကံမည်၏။

(၄) စတုတ္ထ အပရိဟာနိယတရား၌ “သီးခြားခွဲ၍ မသုံးဆောင်ပဲ” ဟူရာဝယ် သီးခြားခွဲမှုသည် ၁-အာမိသ (ပစ္စည်းလာဘ်လာဘ)ကို သီးခြားခွဲမှု, ၂-ပုဂ္ဂိုလ်ကို သီးခြားခွဲမှုဟူ၍ = နှစ်မျိုးရှိ၏။ ထိုတွင် ၁-“ဤမျှကိုသာ ငါပေးဝေအံ့၊ ဤမျှကိုကား ငါမပေးဝေအံ့” ဤကဲ့သို့ စိတ်ဖြင့် ခွဲဝေမှုသည် အာမိသကို သီးခြားခွဲမှု မည်၏။ ၂-“ဤမည်သော ရဟန်းအား ငါပေးမည်၊ ဤမည်သော ရဟန်းအားတော့ ငါမပေး” ဤကဲ့သို့ စိတ်ဖြင့် ခွဲဝေမှုသည်ကား ပုဂ္ဂိုလ်ကို သီးခြားခွဲမှုမည်၏။

ဤစတုတ္ထ အပရိဟာနိယတရားပါ “သီလရှိသော သီတင်းသုံးဖော်တို့နှင့် သက်ဆိုင်စေ၍”ဟူသော စကားရပ်၌ သီလဝန္တသီတင်းသုံးဖော်တို့နှင့် သက်ဆိုင်စေ၍ သုံးဆောင်သော ရဟန်း၏ လက္ခဏာကား-



၂၅၀

အကြင် အကြင် ကောင်းမွန်သောဆွမ်းကို ရအပ်၏၊ ထိုထိုရအပ်သည့် မွန်မြတ်သောဆွမ်းကို လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းကို အဦးမူသဖြင့် လူတို့အားလည်း မပေး၊ မိမိကိုယ်တိုင်လည်း လက်ဦးမစား၊ သံဃာအား ခွဲဝေပေးပြီးမှ ကျန်လျှင် မိမိစား၏၊ ခံယူစဉ်ကပင် “သံဃာနှင့် သက်ဆိုင်စေ”ဟူသော နှလုံးသွင်းဖြင့် ခံယူပြီးလျှင် ခေါင်းလောင်း ကျောက်စည်ထိုး၍ စားသုံးရမည့် သံဃလာဘ် သံယိကဥစ္စာကဲ့သို့ ရှုကြည့်၏။ ဤအကျင့်ကို သာသနာတော်၌ သာရဏီယဝတ်အကျင့်ဟူ၍ ခေါ်၏။

သာရဏီယဝတ်အကျင့်နှင့်စပ်၍ သိမှတ်ဖွယ်

ဤသာရဏီယဝတ်အကျင့်ကို အဘယ်ရဟန်းသည် ကျင့်နိုင်သနည်း၊ အဘယ်ရဟန်းသည် မကျင့်နိုင်သနည်းဟူမူ- ရှေးဦးစွာ ဒုဿီလရဟန်းသည် မဖြည့်ကျင့်နိုင်၊ မှန်၏- ထိုဒုဿီလရဟန်း၏ ဥစ္စာကို သီလဝန္တ ရဟန်းတော်တို့သည် အဘယ်နည်းဖြင့်မျှ မခံယူကြကုန်၊ ထို့ကြောင့် ဒုဿီလရဟန်းသည် ဤသာရဏီယဝတ်အကျင့်ကို မဖြည့်ကျင့်နိုင်။

ထက်ဝန်းကျင် စင်ကြယ်သော သီလရှိသော ရဟန်းသည်သာ ဖြည့်ကျင့်နိုင်၏။ ထိုသီလဝန္တရဟန်းသည်လည်း ဤသာရဏီယဝတ်အကျင့်ကို မကျိုးမပြတ်စေပဲ ဖြည့်ကျင့်ရ၏၊ ထိုသာရဏီယ ဓမ္မအရာ၌ ဤဆိုလတ္တံ့သည်ကား ကျင့်ပုံတည်း-

အကြင်ရဟန်းသည် ရည်ညွှန်းပိုင်းခြားမှုကိုပြု၍ အမိအားဖြစ်စေ, အဖအားဖြစ်စေ, ဆရာဥပဇ္ဈာယ် စသည် တို့အားဖြစ်စေ ပေးငြားအံ့၊ ထိုရဟန်းသည် ပေးသင့်သည်ကို ပေးသောရဟန်းသာ ဖြစ်၏။ သူ၏ပေးခြင်းသည် သာရဏီယဝတ်အကျင့်ကို ဖြည့်ကျင့်ခြင်း မဟုတ်ပေ၊ ပလိဗောဓကို သုတ်သင်ခြင်းဟူ၍သာ သာသနာတော်၌ ခေါ်၏။



၂၅၁

မှန်၏- သာရဏီယ ဝတ်အကျင့်သည် ပလိဗောဓ ကျွတ်လွတ်ပြီးသော ရဟန်းအားသာ သင့်၏။

သာရဏီယဝတ်အကျင့်ကို တကယ်ဖြည့်ကျင့်လိုသော ရဟန်းသည် ရည်ညွှန်းပိုင်းခြား မှုပြု၍ ပေးလိုလျှင် သူနာရဟန်း, သူနာပြုရဟန်း, အာဂန္တုရဟန်း, ခရီးသွားရဟန်းနှင့် သင်္ကန်းကိုင်ပုံ သပိတ်ကိုင်ပုံ မကျွမ်းကျင် မလိမ္မာသေးသည့် ရဟန်းသစ် = ဤသူများအား ပေးသင့်၏၊ ပေးနိုင်၏။ ထိုသူများအား ပေးပြီးနောက် (သပိတ်ထဲ၌ ဆွမ်းကျန်သေးလျှင်) မထေရ်ကြီး၏ နေရာမှစ၍ (အနည်းငယ်သာ မပေးပဲ) ထေရ်ကြီးစသော ရဟန်းတို့ ခံယူလိုသလောက် ပေးရာ၏။ သပိတ်ထဲ၌ ဆွမ်းကျန်မရှိခဲ့သော် (ဆွမ်းကုန်၍ ဆွမ်းခံရန်အချိန် ရှိသေးသော်) တဖန် ဆွမ်းခံလှည့်လည်၍ မထေရ်ကြီးနေရာမှစ၍ (=ထေရ်ကြီးက စ၍ဟု ဆိုလိုသည်) ထိုအရှင်မြတ်တို့ အလိုရှိအပ်သည့် မွန်မြတ်ရာရာ ဆွမ်းကို အလိုရှိသမျှ ပေးလှူပြီးမှ သပိတ်၌ ဆွမ်းကျန်သေးလျှင် မိမိစားရာ၏။ (သပိတ်၌လည်း ဆွမ်းမကျန်, ဆွမ်းခံချိန်ကလည်း မရှိတော့လျှင် စိတ်မပျက်ရ၊ မိမိ ဖြည့်ကျင့်အပ်သော သာရဏီယဝတ်အကျင့်ကို အောက်မေ့ကာ ဝမ်းမြောက်နှစ်သက်စွာ ပီတိပါမောဇ္ဇဖြင့် နေရာ၏)။ အထူးမှတ်ရန်ကား- ပါဠိတော်၌ “သီလရှိသော သီတင်းသုံးဖော်တို့နှင့်”ဟူ၍ ဝိသေသနဖြင့် ဟောတော်မူအပ်သောကြောင့် ဒုဿီလရဟန်းအား မပေးခြင်းငှါလည်း အပ်ပါ၏၊ ပေးလိုကလည်း သနားသဖြင့် ပေးနိုင်ပါ၏။ ဝတ်ကို ဖြည့်ကျင့်သောအနေဖြင့်ကား ပေးရန်မဟုတ်ပေ။

သာရဏီယဝတ်အကျင့်ကို ဖြည့်ကျင့်ပုံ အစီအရင်၌ ကောင်းစွာတတ်သိ ကျွမ်းကျင် လိမ္မာသော သံဃပရိသတ်၌ ဤသာရဏီယဝတ်အကျင့်ကို ဖြည့်ကျင့်ရန် လွယ်ကူ၏။ သံဃပရိသတ်က ထိုအကျင့်ကို ဖြည့်ကျင့်ပုံ အစီအရင်၌



၂၅၂

မကျွမ်းကျင် မလိမ္မာသော ပရိသတ်ဖြစ်လျှင် ဖြည့်ကျင့်ရန် မလွယ်ကူချေ၊ ဆင်းရဲလှဘိ၏။

ကောင်းစွာတတ်သိ ကျွမ်းကျင်လိမ္မာသော သံဃပရိသတ်ဖြစ်က ဖြည့်ကျင့်ရန် လွယ်ကူ ချမ်းသာပုံမှာ- ထိုတတ်သိ ကျွမ်းကျင်လိမ္မာသော သံဃပရိသတ်၌ အခြားမှ ဆွမ်းရသော ရဟန်းသည် မခံယူချေ၊ အခြားမှ ဆွမ်းမရသော ရဟန်းကလည်း (ထိုဝတ်ကျင့်သောရဟန်း ပင်ပန်းဆင်းရဲမှု မရှိစေရန်) အတိုင်းအရှည်ပမာဏနှင့် ယှဉ်၍သာလျှင် ခံယူ၏၊ အပိုအလျှံ မခံယူပေ၊ သို့ရကား တတ်သိ ကျွမ်းကျင် လိမ္မာသော သံဃပရိသတ်ဖြစ်က ထိုသာရဏီယ ဝတ်အကျင့်ကို ဖြည့်ကျင့်ရန် လွယ်ကူ ချမ်းသာလှ၏။ ထိုအကျင့်ကို ဖြည့်ကျင့်ပုံ အစီအရင်၌ မတတ်သိ မလိမ္မာ မကျွမ်းကျင်သော သံဃပရိသတ်၌ကား အခြားမှ ဆွမ်းရခဲ့သော ရဟန်းကလည်း လောဘတိုက်ကာ ခံယူတတ်၏။ အခြားမှ ဆွမ်းမရသော ရဟန်းကလည်း အတိုင်းအရှည် ပမာဏထက် အပိုအလျှံ ခံယူတတ်၏။ ထိုအခါ အချိန်ရှိသမျှ ထပ်ခါထပ်ခါ ဆွမ်းခံရ၊ ရသမျှကလည်း ကုန်၊ ဝတ်ကျင့်သော ရဟန်းမှာ ဆွမ်းငတ်ရမှုနှင့် နေ့ဆက် ရက်ဆက် ကြုံရတတ်သောကြောင့် မတတ်သိ မကျွမ်းကျင် မလိမ္မာသော သံဃပရိသတ်ဖြစ်က ထိုသာရဏီယ ဝတ်အကျင့်ကို ဖြည့်ကျင့်ရန် မလွယ်ကူချေ၊ ဆင်းရဲလှဘိ၏။

ဆယ့်နှစ်နှစ်ကြာ ဖြည့်ကျင့်မှ အောင်မြင်ခြင်း

ဤဆိုအပ်ပြီးသောအတိုင်း ထပ်ခါထပ်ခါ ဆွမ်းခံ၍ ရတိုင်းရတိုင်းသော ဆွမ်းကို သီတင်းသုံးဖော် သီလဝန္တ ရဟန်းတော်တို့အား လှူဒါန်းသော (ဝတ်ဖြည့်သည့်) ရဟန်းအဖို့ရာမှာလည်း ဆယ့်နှစ်နှစ် တင်းတင်းပြည့်အောင် ဖြည့်ကျင့်မှ ဤသာရဏီယ ဝတ်အကျင့်



၂၅၃

ပြည့်စုံအောင်မြင်လေသည်၊ ဆယ့်နှစ်နှစ် မပြည့်လျှင် မအောင်မြင်နိုင်။

အကယ်၍ ဆယ့်နှစ်နှစ် ပြည့်သောနေ့၌ သာရဏီယ ဝတ်အကျင့်ကို ဖြည့်ကျင့်သော ရဟန်းသည် ဆွမ်းဖြင့် ပြည့်သောသပိတ်ကို ဆွမ်းစားကောင်း၍ ရေချိုးရန် သွားနေစဉ် သံဃမထေရ်ကြီးက “ဤသပိတ်သည် အဘယ်သူ၏ သပိတ်နည်း”ဟု မေး၍ အခြားရဟန်းတို့က “သာရဏီယဝတ်အကျင့်ကို ဖြည့်ကျင့်သော ရဟန်း၏ သပိတ်ဖြစ်ပါသည်”ဟု လျှောက်ထားကြလေလျှင် သံဃမထေရ်ကြီးသည် “ထိုသို့ဖြစ်လျှင် ထိုသပိတ်ကို ယူခဲ့ကြလော့”ဟု မိန့်တော်မူကာ အလုံးစုံသောဆွမ်းကို ဝါစဉ်လိုက် ပေးဝေဘုဉ်းပေး၍ အချည်းနှီးသော သပိတ်ကို ထားငြားအံ့၊ ထို့နောက်မှ သာရဏီယ၀တ်အကျင့်ကို ဖြည့်ကျင့်သော ရဟန်းသည် ဆွမ်းမရှိသည့် အချည်းနှီးသော သပိတ်ကိုမြင်၍ “ငါ့အတွက်တာ လုံးဝမချန်ကြပဲ စားရက် ကြပေကုန်၏”ဟု နှလုံးမသာယာမှုကို ဖြစ်စေခဲ့လျှင် သာရဏီယ၀တ်အကျင့် ပျက်လေတော့၏။ နောက်ထပ် ဆယ့်နှစ်နှစ်ကြာ ဖြည့်ကျင့်ရပြန်၏။ မှန်၏- ဤသာရဏီယ ဝတ်အကျင့်သည် တိတ္တိယပရိဝါသ်နှင့် တူ၏၊ တကြိမ် ကျိုးပြတ်လျှင် တဖန် အသစ်ထပ်၍ ဖြည့်ကျင့်ရပြန်၏။

အကြင် သာရဏီယ၀တ်အကျင့်ကို ဖြည့်ကျင့်သော ရဟန်းသည်ကား ထိုကဲ့သို့ သီတင်းသုံးဖော်တို့က မိမိမျက်ကွယ်တွင် ဘုဉ်းပေးကြ၍ သပိတ်အချည်းနှီးကို မြင်လေလျှင် (ယခင်ရဟန်းကဲ့သို့ မဟုတ်ပဲ) “ဩ.. ငါ၏ သပိတ်အတွင်းရှိ ဆွမ်းကို မပန်မကြားကြပဲပင် သီတင်းသုံးဖော် အရှင်သူမြတ်တို့သည် ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်၏၊ ငါ့အဖို့ရာ အရတော်လေစွာ့”ဟု ဝမ်းမြောက်မှုကို ဖြစ်စေ၏၊ ထို ရဟန်း၏ သာရဏီယ ဝတ်အကျင့်သည် ပြည့်စုံအောင်မြင်သည်မည်၏။



၂၅၄

သာရဏီယဝတ်ကို ဖြည့်ကျင့်ရခြင်းအကျိုး

ဤသို့ ဆယ့်နှစ်နှစ်ကြာ အောင်မြောက်စွာ သာရဏီယ ဝတ်အကျင့်ကို ဖြည့်ကျင့်ပြီးသော ရဟန်း၏ သန္တာန်၌ ကာလမြင့်ကြာ ပွါးအပ်သောဘာဝနာဖြင့် ခါတွက်ပယ်ဖျောက်အပ်သောကြောင့် မနာလိုမှု = ဣဿာတရား, ဝန်တိုမှု = မစ္ဆရိယတရားများ မဖြစ်ပေ (၁)၊ ထိုရဟန်းကို စွန့်ကြဲလေ့ရှိသည်၏ အဖြစ်ဖြင့် စင်ကြယ်သူဖြစ်သောကြောင့် မြင်မြင်သမျှ လူအပေါင်းတို့ကလည်း ချစ်ခင်မြတ်နိုးအပ်လေသည် (၂)၊ ထိုရဟန်းသည် ဒါနနှင့်စပ်၍ ကုသိုလ်ဆန္ဒ ပြင်းပြအားကြီးသော ပုဂ္ဂိုလ်တို့၏ အလှူဒါနက ဤဘဝ၌ပင် ပစ္စည်းကိုရမှု တည်းဟူသော အာနိသံသ အကျိုးပေးခြင်း သဘောရှိသောကြောင့် ပစ္စည်းလေးဖြာကို လွယ်ကူစွာ ရရှိ၏ (၃)၊ သပိတ်အတွင်းရှိ ဆွမ်းဖြင့် ဆယ့်နှစ်နှစ်ကြာ မြတ်လှစွာသော ဝတ်အကျင့်ကို မပြတ်အောင် ဖြည့်ကျင့်တော်မူခဲ့သောကြောင့် ထိုရဟန်း၏ သပိတ်အတွင်းရှိ ဆွမ်းသည် သူတပါးတို့အား မည်မျှပင် ပေးငြားသော်လည်း မကုန်ခန်းနိုင် (၄)၊ နေ့စဉ်နေ့တိုင်း မြတ်သော အလှူခံ သီတင်းသုံးဖော်တို့အား အကြီးအဦး ပုဂ္ဂိုလ်မှစ၍ ဆွမ်းအလှူဒါန ပေးလှူအပ်ခဲ့သောကြောင့် သံဃာတော်များ ပစ္စည်းဥစ္စာ ဘဏ္ဍာ ခွဲဝေပေးရာဌာန၌ အကောင်းဆုံး အမြတ်ဆုံးသော ဘဏ္ဍာကို ရရှိ၏ (၅)၊ လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ်တို့ကို ခွဲခြမ်းမှုမပြုပဲ မိမိအတွက် ငဲ့ကွက်လိုစိတ် ပိတ်မရှိပဲ ကာလရှည်စွာ ဒါနဝတ်ကို ဖြည့်ကျင့်ခြင်းဖြင့် ကြည်လင်စေအပ်သော စိတ်နှလုံးရှိခဲ့သောကြောင့် တစုံတရာသော ဘေးရန် ဆာလောင်မွတ်သိပ်ခြင်းများ (ဒုဗ္ဘိက္ခဘေးများ) ဖြစ်ပွါးရောက်ဆိုက်သောအခါ နတ်များက ထိုဘေးတို့မှ လွတ်မြောက်အောင် ကြောင့်ကြစိုက် ကူညီကြကုန်၏ (၆)။



၂၅၅

အကျိုးပြ ဝတ္ထုများ

(၁) သေနမည်သော တောင်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူသော တိဿမထေရ်သည် မဟာဂိရိ-မည်သော ရွာကို ဂေါစရဂါမ် အမှီပြု၍ နေတော်မူ၏။ ထိုအခါ မထေရ်ငါးဆယ်တို့သည် နာဂဒီပ-စေတီတော်ကို ဖူးမြော်ရန် သွားကြသည်တွင် မဟာဂိရိရွာ၌ ဆွမ်းခံလှည့်လည်ကြ၍ တစုံတရာ တစိုးတစိမျှ မရရှိကြပဲ ရွာမှ ထွက်တော်မူခဲ့ကြကုန်၏။ အာဝါသိကဖြစ်သော ဖော်ပြရာပါ တိဿမထေရ်သူမြတ်သည် ဆွမ်းခံဝင်လတ်သော် ထိုမထေရ် ငါးဆယ်တို့ကို မြင်၍ “ဆွမ်းရတော်မူခဲ့ကြပါ၏လော အရှင်ဘုရားတို့..”ဟူ၍ မေးလေ၏။ “ဆွမ်းခံလှည့်လည်ခဲ့ကြပါပြီ ငါ့ရှင်..”ဟူ၍ မထေရ်ငါးဆယ်တို့က အရိပ်အမြွက်မျှ မိန့်ဆိုကြလေလျှင် တိဿမထေရ်သူမြတ်သည် ထိုမထေရ်ငါးဆယ်ကို ဆွမ်းမရခဲ့ကြောင်း ကောင်းစွာရိပ်မိ သိရှိတော်မူ၍ “အရှင်ဘုရားတို့.. တပည့်တော် ပြန်လာသည်တိုင်အောင် ဤနေရာမှာပင် သီတင်းသုံး နေတော်မူနှင့်ကြပါဦး”ဟု လျှောက်ထားလေ၏။ မထေရ်ငါးဆယ်တို့က “ငါ့ရှင်.. ငါတို့ငါးဆယ်လုံးမှာ သပိတ်စွတ်ရုံမျှသော ဆွမ်းကိုမျှလည်း မရခဲ့ကြပါကုန်၊ (သင်တပါးတည်း အဘယ်သို့ ရနိုင်အံ့နည်း)”ဟု မိန့်ဆိုကြလေသော် တိဿမထေရ်သည် “အရှင်တို့ဘုရား.. ရပ်ရွာ၌ အမြဲနေကြသည့် (နေဝါသိက) အာဝါသိကပုဂ္ဂိုလ်တို့မည်သည် စွမ်းနိုင်ကြပါသည်ဘုရား၊ ဘုန်းအလွန်မကြီး၍ လာဘ်မများကြသူများပင် ဖြစ်လင့်ကစား ဆွမ်းရနိုင်သည့် ဆွမ်းခံလမ်းခရီးကို သိတတ်ကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မထေရ်ငါးဆယ်တို့သည် ထိုနေရာ၌ပင် စောင့်ဆိုင်းငံ့လင့်၍ နေတော်မူကြကုန်၏။

တိဿမထေရ်သည် မဟာဂိရိရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေ၏၊ ရွာအဝင်စ ပဌမလက်ဦးအိမ်၌ပင်



၂၅၆

အိမ်ရှင် ဒါယိကာမကြီးသည် နွားနို့ဆွမ်းကို စီမံပြီး၍ တိဿမထေရ်ကို စောင့်မျှော် ရပ်တည်လျက် ရှိလေသည်။ ထို့နောက် မိမိအိမ်တံခါးဝသို့ ရောက်လျှင်ရောက်ခြင်းပင် တိဿမထေရ်မြတ်အား နို့ဆွမ်းကို သပိတ်အပြည့် လောင်းလှူလိုက်လေ၏။

တိဿမထေရ်သည် ထိုဒါယိကာမကြီး လောင်းလှူလိုက်သော နွားနို့ဆွမ်းကို ယူဆောင်ခဲ့၍ မထေရ်တို့ထံ သွားရောက်ပြီးလျှင် သံဃမထေရ်ကြီးကို “အလှူခံတော် မူကြပါ အရှင်ဘုရားတို့..”ဟု လျှောက်ဆိုလေ၏။ သံဃမထေရ်ကြီးသည် “ဤမျှများကြွယ် ငါးဆယ်သော ငါတို့သည် သပိတ်စွတ်ရုံမျှ တစိုးတစိ မရရှိအပ်ခဲ့ချေ၊ ဤရဟန်းသည်ကား လျင်မြန်စွာ နွားနို့ဆွမ်းကို ယူဆောင်၍ လာပေ၏၊ ဘယ်လို သဘောနည်း”ဟု စဉ်းစားဆင်ခြင်ကာ အံ့ဩသောအမူအရာဖြင့် ကျန်သောရဟန်း (၄၉)လေးကျိပ်ကိုးပါးတို့၏ မျက်နှာကို ကြည့်ရှုလေ၏။ တိဿမထေရ်သူမြတ်သည် ကြည့်ပုံအခြင်းအရာဖြင့်ပင် မထေရ်ကြီး၏ စိတ်အကြံကို ရိပ်မိသိရှိတော်မူ၍ “အရှင်ဘုရား.. တရားနှင့်အညီ ရအပ်သောဆွမ်း ဖြစ်ပါသည်၊ ယုံမှားသံသယ ကုက္ကုစ္စကင်းစွာသာ ခံယူတော်မူကြပါကုန်”ဟု လျှောက်ထားကာ အစ (သံဃမထေရ်ကြီး)မှ အစပြု၍ မထေရ် ငါးဆယ်လုံးတို့အား အလိုရှိသမျှ ပြည့်ဝအောင် ဆွမ်းလှူပြီးလျှင် နောက်ဆုံးမှ မိမိလည်း အလိုရှိသမျှ ပြည့်ဝအောင် နွားနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

ထိုအခါ တိဿမထေရ်သူမြတ်ကို ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ၌ မထေရ် ငါးကျိပ်တို့က “ငါ့ရှင်.. သင်သည် အဘယ်အခါလောက်က လောကုတ္တရာတရားကို ထိုးထွင်းသိခဲ့ပါသနည်း”ဟု မေးမြန်းကြလေ၏။ “အရှင်ဘုရားတို့.. တပည့်တော်မှာ လောကုတ္တရာတရား မရှိသေးပါဘုရား”ဟု တိဿမထေရ်က ပြန်ကြားလျှောက်ထားလေလျှင်



၂၅၇

မထေရ်ငါးကျိပ်တို့က တဖန် “ငါ့ရှင်.. ထိုသို့ဖြစ်လျှင် သင်သည် လောကီဈာန်ကို ရရှိသူ = ဈာနလာဘီပုဂ္ဂိုလ် ဖြစ်လေသလော”ဟု မေးမြန်းကြပြန်၏။ တိဿမထေရ်က “အရှင်ဘုရားတို့ မိန့်ကြားသည့် ထိုဈာန်တရားလည်း တပည့်တော်မှာ မရှိပါဘုရား”ဟု ပြန်ကြား လျှောက်ထားလေလျှင် မထေရ်ငါးကျိပ်တို့က “ငါ့ရှင်.. ငါတို့ငါးကျိပ်လုံး သပိတ်စွတ်ရုံမျှ ဆွမ်းမရကြပါလျက် သင့်မှာမှ အလွန်မွန်မြတ်သော နွားနို့ဆွမ်းကို အလွယ်တကူ ရရှိခြင်းသည် သင်၏တန်ခိုး ပြာဋိဟာပင် မဟုတ်လော”ဟု မိန့်ဆိုကြလေ၏။ ထိုအခါ တိဿမထေရ်သူမြတ်သည် သာရဏီယအကျင့်မှာ ဥတ္တရိမနုဿဓမ္မ မဟုတ်သောကြောင့်၎င်း, မထေရ်ငါးကျိပ်တို့၏ ယုံမှားသံသယကို ပယ်ဖျောက်လိုသောကြောင့်၎င်း “အရှင်ဘုရားတို့.. တပည့်တော်သည် သာရဏီယဝတ်ကို အပြည့်အစုံ ဖြည့်ကျင့်အပ်ခဲ့ပါပြီ၊ တပည့်တော်၏အဖို့ရာ ထိုသာရဏီယဝတ်ကို ဖြည့်ကျင့်ပြီးသော အခါမှစ၍ သီတင်းသုံးဖော် ရဟန်းတော်ပေါင်း တသိန်းပင်ဖြစ်လင့်ကစား ထိုရဟန်းတော်တို့အား ဆွမ်းကို လှူပါသော်လည်း သပိတ်အတွင်းရှိဆွမ်းသည် မကုန်နိုင်ပါဘုရား”ဟု ဖွင့်ဟဝန်ခံ လျှောက်ထားလေ၏။ မထေရ်ငါးကျိပ်တို့သည် “အို သူတော်ကောင်း.. ကောင်းစွာ့ ကောင်းစွာ့၊ ဤတန်ခိုးပြာဋိဟာသည် သင်ကဲ့သို့သော သူတော်ကောင်းအား လျောက်ပတ် သင့်လျော်လှပါပေ၏”ဟု ဝမ်းမြောက်စကား မိန့်ကြားတော်မူကြလေ၏။ ။ဤဆိုအပ်ပြီးသည်ကား “ထိုရဟန်း၏ သပိတ်အတွင်းရှိဆွမ်းသည် သူတပါးတို့အား မည်မျှပင် ပေးငြားသော်လည်း မကုန်ခန်းနိုင်”ဟူသော ၄-အမှတ်ပြ အကျိုး၌ ဝတ္ထုသက်သေတည်း။

“လူအပေါင်းတို့က ချစ်ခင်မြတ်နိုးခြင်း”ဟူသော ၂-အမှတ်ပြအကျိုး, “ပစ္စည်းလေးဖြာကို လွယ်ကူစွာ ရရှိခြင်း”ဟူသော



၂၅၈

၃-အမှတ်ပြ အကျိုးများအတွက်လည်း ဤဝတ္ထုပင် သက်သေဖြစ်၏။ သို့သော်လည်း ဤဝတ္ထု၌ သပိတ် အတွင်းရှိ ဆွမ်းမကုန်နိုင်မှုက အထူးသဖြင့် ထင်ရှားသောကြောင့် ဤဝတ္ထု ကို ၄- အမှတ်ပြ အကျိုးအတွက် ဝတ္ထုသက်သေတည်းဟု အဋ္ဌကထာ၌ မိန့်ဆိုတော်မူလေသည်။

(၂) ဤအရှင်တိဿမထေရ်သည်ပင် စေတိယတောင်ကျောင်းဝယ် *ဂိရိဘဏ္ဍမဟာပူဇာသဘင် ကျင်းပရာ၌ အလှူပေးရာအရပ်သို့ ရောက်ရှိ၍ “ဤအလှူပေးရာဌာန၌ အကောင်းဆုံး အမြတ်ဆုံးသော လှူဖွယ်ဝတ္ထုကား အဘယ်ဝတ္ထုနည်း”ဟု သီတင်းသုံးဖော် ရဟန်းတို့ကိုမေး၍ ရဟန်းတို့က “ချောမွေ့နုညက်သော သင်္ကန်းလျာ အဝတ်နှစ်ထည်တို့သည် အကောင်းဆုံး အမြတ်ဆုံး လှူဖွယ်ဝတ္ထု ဖြစ်ပါသည်”ဟု လျှောက်ထားကြလေလျှင် တိဿမထေရ်သူမြတ်သည် “ထိုအဝတ်နှစ်ထည်တို့သည် ငါ့အား ရောက်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူလေ၏။ ထိုစကားကိုကြား၍ အမတ်တယောက်သည် မင်းကြီးအား “ရဟန်းငယ်တပါးက ဤကဲ့သို့ ပြောကြားပါသည်”ဟု လျှောက်ထားလေ၏။ မင်းကြီးသည်လည်း “ရဟန်းငယ်၏ သန္တာန်၌ ဤကဲ့သို့ စိတ်ဖြစ်သော်လည်း မထေရ်ကြီးတို့အားသာ ထိုချောမွေ့နုညက်သော သင်္ကန်းလျာအဝတ်တို့သည် သင့်လျော် လျောက်ပတ်ကုန်၏”ဟု ပြောဆိုကာ “မထေရ်ကြီးတို့အား လှူအံ့”ဟု ကြံစည်၍ ထားရှိလေသည်။


     * ဂိရိဘဏ္ဍမဟာပူဇာသဘင်- ဟူသည်မှာ စေတိယတောင်၌၎င်း, သီဟိုဠ်ကျွန်း တကျွန်းလုံး၌၎င်း တယူဇနာမျှလောက်သော သမုဒြာ၌လည်း လှေတွဲ-စသည် တည်ထားပြုလုပ်ကြ၍ ဆီမီး, ပန်း, နံ့သာ- စသည်တို့ဖြင့် ပူဇော်ကျင်းပအပ်သော “ကျွန်းလုံးကျွတ် ပူဇော်ပွဲသဘင်ကြီး” ဖြစ်သည်။



၂၅၉

ထို့နောက် ရဟန်းသံဃာတော်များ ထေရ်စဉ်ဝါလိုက် ရပ်တည်လတ်သော် မင်းကြီးကိုယ်တိုင် ဆက်ကပ်လှူဒါန်းသောအခါ ထိပ်ဦး၌ ထားရှိအပ်ပါကုန်သော်လည်း ထိုအဝတ်နှစ်ထည်တို့သည် မင်းကြီး၏လက်သို့ မတက်ရောက်လာကြပဲ အခြားလှူဖွယ်ဝတ္ထုများသာ တက်ရောက်လာကြကုန်၏။ ရဟန်းငယ် အရှင်တိဿအား လှူဒါန်းသောအခါ၌ကား အံ့ဩဖွယ်ရာ ထိုအဝတ်နှစ်ထည်တို့သည် မင်းကြီးလက်သို့ တက်ရောက်လာကုန်၏။

မင်းကြီးသည် ထိုအဝတ်နှစ်ထည်တို့ကို အရှင်တိဿ၏လက်၌ ဆက်ကပ်လှူဒါန်း၍ အမတ်၏မျက်နှာကို ကြည့်လျက် ရဟန်းငယ်ဖြစ်သော အရှင်တိဿကို ထိုင်နေစေပြီးလျှင် လှူဖွယ်များကို ဆက်လက်လှူဒါန်း၍ သံဃာတော်ကို လွှတ်လိုက်ပြီးနောက် ရဟန်းငယ် အရှင်တိဿ၏အထံ၌ ထိုင်နေပြီးလျှင် “အရှင်ဘုရား.. ဤတရားထူးကို အရှင်ဘုရားတို့သည် အဘယ်အခါက ရတော်မူခဲ့ကြပါသနည်း”ဟု မေးလျှောက်လေ၏။ အရှင်တိဿမထေရ်သည် ပရိယာယ်အားဖြင့်သော်လည်း မိမိ၌ ထင်ရှားမရှိသော လောကုတ္တရာတရားကို ပြောကြားတော်မမူလိုရကား “မြတ်သောမင်းကြီး.. ငါ့မှာ လောကုတ္တရာတရား ထင်ရှားမရှိသေးပါ”ဟု ရိုးသားစွာပင် ဖြေကြားတော်မူလေ၏။ မင်းကြီးက “အရှင်ဘုရား.. အရှင်ဘုရားတို့သည် မလှူမီ ရှေးအဖို့ကပင် “ထိုအဝတ်နှစ်ထည်တို့သည် ငါ့အား ရောက်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့ကြသည် မဟုတ်လော”ဟု လျှောက်ထားလေလျှင် အရှင်တိဿမထေရ်မြတ်သည် “မြတ်သောမင်းကြီး.. အိမ်း ငါပြောခဲ့သည် မှန်ပါ၏။ ငါကား သာရဏီယဝတ်ကို ဖြည့်ကျင့်သော ရဟန်းဖြစ်သည်၊ ထိုသာရဏီယဝတ်ကို ဖြည့်ကျင့်ပြီးသော အခါမှစ၍ သံဃာအား လှူဖွယ်ဝတ္ထု ဘဏ္ဍာများကို ဝေဘန်ရာဌာန၌ အဦးအမြတ်ဖြစ်သော



၂၆၀

လှူဖွယ်ဝတ္ထု ဘဏ္ဍာသည် ငါ့အားသာ ရောက်ရှိပေ၏”ဟု မိန့်တော်မူလေ၏။ မင်းကြီးသည် “အရှင်ဘုရား.. ကောင်းစွာ့ ကောင်းစွာ့၊ ဤတန်ခိုးပြာဟာသည် အရှင်ဘုရားအား လျောက်ပတ် သင့်လျော်လှပါပေ၏”ဟု ပြောဆို လျှောက်ထားကာ ရှိခိုး၍ ရွှေနန်းတော်သို့ ပြန်သွားလေ၏။ ။ဤကား “သံဃာတော်များ ပစ္စည်းဥစ္စာ ဘဏ္ဍာ ခွဲဝေပေးရာဌာန၌ အကောင်းဆုံး အမြတ်ဆုံးသော ဘဏ္ဍာကို ရရှိ၏”ဟူသော ၅-အမှတ်ပြ အကျိုး၌ ဝတ္ထုသက်သေတည်း။

(၃) ထိုမှတပါး သီဟိုဠ်ကျွန်းဝယ် ဗြာဟ္မဏတိဿဘေးကြီး ဆိုက်ရောက်သောအခါ၌ ဘာတရ-မည်သော ရွာနေသူ လူအပေါင်းတို့သည် နာဂ-မည်သော ထေရီမကြီးအား (အသိမပေး) မပြောကြားကြပဲ ဗြာဟ္မဏတိဿ သူပုန်ဘေးကြောင့် အရပ်တပါးသို့ ရှောင်ရှား ပြေးသွားကြလေ၏။ နာဂ-ထေရီမကြီးသည် မိုးသောက်ထအခါ၌ “ဘာတရရွာကြီးသည် အလွန်လျှင် အသံတိတ်ဆိတ်လှ၏။ စုံစမ်းကြဦးလော့”ဟု ဘိက္ခုနီမငယ်တို့ကို ပြောဆို စေလွှတ်လိုက်လေ၏။ ဘိက္ခုနီမငယ်တို့သည် သွားရောက်ကြ၍ ရွာနေသူ လူအားလုံးတို့ ထွက်ပြေးသွားကြကြောင်းကို သိရှိကြကာ ပြန်လာကြ၍ နာဂထေရီမကြီးအား ထိုအကြောင်းကို လျှောက်ထား ပြောကြားကြလေ၏။

နာဂထေရီမကြီးသည် ထိုအကြောင်းကို ကြားသိရလေလျှင် “ရှင်မတို့သည် ထိုရွာနေ လူအားလုံးတို့၏ ထွက်ပြေးသွားကြသည်၏အဖြစ်ကို ထွေရာလေးပါး အကြံများကာ မစိုးရိမ်ကြလင့်၊ မိမိတို့ဆိုင်ရာ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, ကမ္မဋ္ဌာန်းအလုပ် အားထုတ် နှလုံးသွင်းခြင်းတို့၌သာလျှင် လုံ့လကြိုးကုတ် အားထုတ်ကြလော့”ဟု မိန့်ဆို၍ ဆွမ်းခံချိန် ကျရောက်သောအခါ၌ သင်္ကန်းရုံ၍ မိမိလျှင် တကျိပ်နှစ်ပါးမြောက်ရှိလျက်



၂၆၁

(မိမိနောက်က ထေရီမတကျိပ်တပါးကို ခေါ်ဆောင်လျက်) ဘာတရရွာတံခါးအနီးရှိ ပညောင်ပင်ကြီးအရင်း၌ ရပ်တည်လေ၏။ ပညောင်ပင်စောင့် နတ်မင်းသည် ထေရီမ တကျိပ်နှစ်ပါးလုံးတို့အား ဆွမ်းအပြည့်အစုံ လှူဒါန်းပြီးလျှင် “အရှင်မတို့.. အရပ်တပါးသို့ မသွားကြပါလင့်၊ အမြဲတမ်း ဤညောင်ပင်သို့သာ ကြွတော်မူခဲ့ကြပါလော့”ဟု ဖိတ်မန်စကား ပြောကြားလေ၏။

အထူးအားဖြင့် နာဂထေရီမကြီး၏ မောင်အငယ်ဖြစ်သော နာဂ-မည်သော မထေရ်တပါး ရှိလေသည်။ ထိုနာဂမထေရ်သည်“ဘေးကား ကြီးလှ၏၊ ဤသီဟိုဠ်ကျွန်း၌ မျှတခြင်းငှါ မစွမ်းနိုင်၊ သမုဒြာတဖက်ကမ်းသို့ ငါသွားအံ့”ဟု ကြံစည်ကာ မိမိလျှင် တကျိပ်နှစ်ပါးမြောက်ဖြစ်၍ (မိမိနောက်ပါ ရဟန်းတကျိပ်တပါးကို ခေါ်ဆောင်ခဲ့၍) မိမိနေရာ ကျောင်းတိုက်မှ ထွက်လတ်သော် “အမကြီး နာဂထေရီကို တွေ့မြင်ပြီးမှ သွားအံ့”ဟူသော အကြံဖြင့် ဘာတရရွာသို့ ကြွလာတော်မူခဲ့လေ၏။ နာဂထေရီမကြီးသည် “မထေရ်မြတ်များ လာရောက်ကြသည်”ဟူသော သတင်းစကားကို ကြားသိရ၍ မထေရ်တို့ထံ သွားရောက်ပြီးလျှင် “အရှင်တို့.. အကြောင်း အသို့နည်း”ဟု မေးလျှောက်လေသော် နာဂမထေရ်သည် ထိုအကြောင်းကို ပြောကြားလေ၏။ နာဂထေရီမကြီးသည် “အရှင်တို့.. အရှင်တို့သည် ယနေ့တရက်တော့ဖြင့် ကျောင်းတိုက်၌သာ အပန်းဖြေ နားနေတော်မူကြ၍ နက်ဖြန်ကျမှ ကြွတော်မူကြပါကုန်လော့”ဟု တောင်းပန်စကား လျှောက်ထားလေ၏။ မထေရ် တကျိပ်နှစ်ပါးတို့သည် ကျောင်းတိုက်သို့ သွားရောက် နေထိုင်ကြလေကုန်၏။

နာဂထေရီမကြီးသည် နောက်တနေ့၌ ပညောင်ပင်ရင်းဝယ် ဆွမ်းခံလှည့်လည်ခဲ့၍ နာဂမထေရ်ထံသို့ ဆည်းကပ်လျက် “ဤဆွမ်းကို ဘုဉ်းပေးတော်မူကြပါဘုရား”ဟု



၂၆၂

လျှောက်ထားလေ၏။ နာဂမထေရ်မြတ်သည် “ထေရီမကြီး.. အပ်စပ်မှ အပ်စပ်ပါရဲ့လား”ဟု မိန့်ကြားကာ ဆိတ်ဆိတ်သာ ရပ်တည်နေတော်မူလေ၏။ “မောင်ငယ်ဘုရား.. ဤဆွမ်းကား တရားသဖြင့်ရအပ်သော ဆွမ်းဖြစ်ပါသည်၊ အပ်လေသလော မအပ်လောဟု ကုက္ကုစ္စမှု လုံးဝမပြုပဲ ဘုဉ်းပေးတော်မူကြပါဘုရား”ဟု နာဂထေရီမကြီးက ပြန်ကြား လျှောက်ထားလေလျှင် နာဂမထေရ်မြတ်သည် တဖန်ထပ်၍ “အပ်စပ်မှ အပ်စပ်ပါမည်လား ထေရီမကြီး..”ဟု အလို့လို့ ကုက္ကုစ္စစကား မိန့်ကြားတော်မူပြန်လေသည်။

နာဂမထေရ်၏ ရဲရဲတောက် နှလုံးရည်

ထိုအခါ နာဂထေရီမကြီးသည် သပိတ်ကို ယူတည့်၍ ကောင်းကင်သို့ ပစ်လိုက်လေ၏။ သပိတ်သည် ကောင်းကင်၌ တည်လေ၏။ နာဂမထေရ်သည် “ထန်းခုနစ်ဆင့်မျှ၌ တည်စေကာမူ ဘိက္ခုနီမ၏ဆွမ်းပင် ဖြစ်ပါသည် ထေရီမကြီး..”ဟု မိန့်တော်မူ၍ “ဘေးမည်သည် အခါခပ်သိမ်း ဖြစ်နိုင်သည်မဟုတ်ပါ၊ ဤဒုဗ္ဘိက္ခဘေး ငြိမ်းအေးလတ်သော် အရိယဝံသ ဓမ္မကထာစကား ပြောကြားသော ငါသည် မိမိကိုယ်ကို ‘အို ပိဏ္ဍပါတ်ဓုတင်ဆောင်.. ဘိက္ခုနီမဆွမ်းကို စားသုံး၍ ဗြာဟ္မဏတိဿဘေးကို သင် လွန်မြောက်ခဲ့ရလေပြီ’ဟု မိမိစိတ်က ကဲ့ရဲ့စွပ်စွဲစကား အပြောကြားခံရသည်ဖြစ်၍ ကြံ့ကြံ့ခိုင်ကျည် ရပ်တည်နိုင်လိမ့်မည်မဟုတ်၊ မမေ့မလျော့သာ နေရစ်ကြလော့ ထေရီမတို့..”ဟု အပ္ပမာဒ ဩဝါဒစကား မိန့်ကြားတော်မူခဲ့၍ လမ်းခရီးသို့ တက်တော်မူလေ၏။

ပညောင်ပင်စောင့် နတ်သည်လည်း “အကယ်၍ နာဂမထေရ်သည် နာဂထေရီမကြီး၏လက်မှ ဆွမ်းကို ခံယူ သုံးဆောင်တော်မူခဲ့လျှင် ထိုနာဂမထေရ်ကို ပြန်နစ်ဖို့ရန်



၂၆၃

ငါ မလျှောက်ထားအံ့၊ အကယ်၍ ဘုဉ်းပေးသုံးဆောင်တော်မမူလျှင် ပြန်နစ်ဖို့ရန် တောင်းပန်စကား ငါ လျှောက်ထားမည်”ဟု ကြံစည်လျက် ရပ်တည်နေရင်းက နာဂမထေရ်သူမြတ်၏ ထေရီမကြီး၏ဆွမ်းကို မဘုဉ်းပေးပဲ ခရီးဆက်လက် ကြွသွားခြင်းကို ပက်ပင်းပါ ဖူးမြင်ရသဖြင့် ပညောင်ပင်ထက်မှ ဆင်းသက်၍ “သပိတ်ကို ပေးတော်မူကြပါ အရှင်ဘုရားတို့..”ဟု လျှောက်ထားကာ မထေရ်လက်မှ သပိတ်ကို ယူဆောင်လျက် နာဂမထေရ်ကို ပညောင်ပင်ရင်းသို့ပင် ပင့်ဆောင်သွားပြီး နေရာကို ခင်းကျင်းပေး၍ ဆွမ်းလှူပြီးနောက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးပြီးသော နာဂမထေရ်မြတ်ကို ဤအရပ်၌ပင် နေထိုင်ရန် တောင်းပန် လျှောက်ထားကာ မထေရ်မြတ်ထံမှ “နေထိုင်မည်”ဟူသော ဝန်ခံချက်ကို ရယူပြီးလျှင် ရဟန်းမ- တကျိပ်နှစ်ပါး, ရဟန်းယောက်ျား- တကျိပ်နှစ်ပါးတို့ကို ခုနစ်နှစ်ကြာ ပြုစုလုပ်ကျွေးလေ၏။ ။ဤကား “နတ်များက ထိုဘေးတို့မှ လွတ်မြောက်အောင် ကြောင့်ကြစိုက် ကူညီကြကုန်၏”ဟူသော ၆-အမှတ်ပြ အကျိုး၌ ဝတ္ထုသက်သေတည်း။ ဤဝတ္ထု၌ နာဂထေရီမကြီးသည် သာရဏီယ ဝတ်အကျင့်ကို ဖြည့်ကျင့်ပြီးသူ ဖြစ်လေသည်။ နာဂမထေရ်အတွက်ကား သီလတန်ခိုးကြောင့်ပင် နတ်က ကြောင့်ကြစိုက်လေသည်။

(၅) ပဉ္စမ အပရိဟာနိယတရား၌ “မကျိုး, မပေါက်, မကျား, မပြောက်သော သီလတို့” ဟူရာဝယ် ရဟန်းတို့အဖို့ရာ ဥဒ္ဒေသ အစဉ်အလိုက် အာပတ်ခုနစ်ပုံတို့အနက်, လူသာမဏေတို့အဖို့ရာ ဆောက်တည်အပ်သော အစဉ်အလိုက် သိက္ခာပုဒ်များ ရှိသည့်အနက် အစ၌ဖြစ်စေ အဆုံး၌ဖြစ်စေ သိက္ခာပုဒ်ပျက်စီးလျှင် ထိုသူ၏သီလသည် အစွန်း အဖျား ကလနား၌ စုတ်ပြတ်သော အဝတ်ကဲ့သို့ ကျိုးပြတ်သော သီလမည်၏။ အလယ်၌ သိက္ခာပုဒ်ပျက်စီးလျှင်



၂၆၄

ထိုသူ၏ သီလသည် အလယ်၌ပေါက်သော အဝတ်ကဲ့သို့ ပေါက်သောသီလမည်၏။ အစဉ်အတိုင်း သိက္ခာပုဒ် နှစ်ပါး သုံးပါး ပျက်စီးလျှင် ထိုသူ၏ သီလသည် ကျော၌ဖြစ်စေ ဝမ်း၌ဖြစ်စေ ဖြစ်ပေါ်သော မတူသောအဆင်းဖြင့် ကျားသော နွားမကဲ့သို့ ကျားသောသီလမည်၏။ အကြားအကြား၌ သိက္ခာပုဒ်များ ပျက်စီးလျှင် နွားပျောက်မကဲ့သို့ ထိုရဟန်း၏ သီလသည် ပြောက်သောသီလမည်၏။ ဆိုအပ်ပြီးသည့် အစ၌ဖြစ်စေ အဆုံး၌ဖြစ်စေ သိက္ခာပုဒ်၏ ပျက်စီးခြင်း, အလယ်၌ သိက္ခာပုဒ်ပျက်စီးခြင်း, အစဉ်အတိုင်း သိက္ခာပုဒ် နှစ်ပါး သုံးပါး ပျက်စီးခြင်း, အကြားအကြား၌ သိက္ခာပုဒ်များ ပျက်စီးခြင်း = ဤလေးမျိုးသော ပျက်စီးခြင်းဖြင့် အလျှင်းပင် မပျက်စီးသော သီလသည်သာ “မကျိုး, မပေါက်, မကျား, မပြောက်သော သီလတို့” မည်ကုန်၏။ (မဟာဗုဒ္ဓဝင်၊ ပဌမတွဲ၊ ပဌမပိုင်း၊ အနုဒီပနီ၊ စာမျက်နှာ-ပါး-ဖ-လည်းရှု)

ထိုဖော်ပြရာပါ ဂုဏ်လေးပါးတို့နှင့် ပြည့်စုံသော သီလတို့သည် မဂ်ဖိုလ်၏ ဥပနိဿယည်း ပစ္စည်းအဖြစ်သို့ ရောက်စေနိုင်ကုန်ရကား ထိုသီလနှင့် ပြည့်စုံသူသည် မိမိအလိုအတိုင်း လွတ်လပ်ချမ်းသာစွာ နေထိုင်နိုင်၍ တဏှာ၏ကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်သော သီလတို့ မည်ကုန်၏။ အလွန်စင်ကြယ်သော သီလတို့ဖြစ်၍ ဘုရားအစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သော သီလတို့ မည်ကုန်၏။ “ငါသည် ဤသီလဖြင့် ထင်ရှားသောနတ် မထင်ရှားသောနတ် တမျိုးမျိုး ဖြစ်ရလို၏”ဟု တဏှာဖြင့်ဖြစ်စေ၊ ထိုနတ်ဘဝ၌ “မြဲ၏၊ ခိုင်၏၊ အခါခပ်သိမ်း ဖြစ်နိုင်၏”ဟု ဒိဋ္ဌိဖြင့်ဖြစ်စေ မသုံးသပ်အပ်သောကြောင့်၎င်း, “ဤကား သင်၏ သီလတို့၌ အပြစ်တည်း”ဟု ဝိပတ္တိလေးပါးတို့တွင် တပါးပါးသော ဝိပတ္တိဖြင့်မျှ ပြ၍ သူတပါးတို့ မစွပ်စွဲ မဖျက်ဆီးနိုင်သောကြောင့်၎င်း



၂၆၅

မှားယွင်းစွာ မသုံးသပ်အပ်သောသီလ (=အပရာမဋ္ဌသီလ)တို့ မည်ကုန်၏။ ဥပစာရသမာဓိ, အပ္ပနာသမာဓိ နှစ်ပါးတို့ကို လှလှကြီး ဖြစ်စေနိုင်သောကြောင့် သမာဓိသံဝတ္တနိကသီလ (=သမာဓိကို ဖြစ်စေတတ်ကုန်သော သီလ)တို့ မည်ကုန်၏။ ပုထုဇန်တို့၏ စတုပါရိသုဒ္ဓိသီလမှာ ဧကန်စင်စစ် ထပ်မျှညီတူ မဖြစ်နိုင်၊ အရိယာတို့၏ သီလကသာလျှင် ဧကန်စင်စစ် ထပ်မျှညီတူ ဖြစ်နိုင်သောကြောင့် ဤပဉ္စမ အပရိဟာနိယ တရားအရာ၌ လောကုတ္တရာ မဂ်သီလကိုရည်၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။ ထို့အတူပင် (၆)အမှတ်ပြ အပရိဟာနိယ တရားအရာ၌လည်း လောကုတ္တရာ အရိယမဂ္ဂ သမ္မာဒိဋ္ဌိပညာကို မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။ ။(ဤယခု အပရိဟာနိယတရား ၆-ပါးတို့ကို (အံ ၂-၂၅၅၊ ဒီ ၃၊ ၂၀၂-တို့၌) သာရဏီယတရား ၆-ပါးဟူ၍လည်း မြတ်စွာဘုရား ဟောကြားတော်မူအပ်၏)။

သီလ,သမာဓိ,ပညာ = တရားစကားကိုသာ

များစွာဟောတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် (လာမည့် တနှစ်လွန်မြောက် သုံးလရောက်လျှင် ပရိနိဗ္ဗာန် စံလွန်တော်မူတော့မည် ဖြစ်ရကား) ပရိနိဗ္ဗာန် စံလွန်တော်မူရန်အချိန် နီးကပ်လာပြီဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြား တော်မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး,အာနိသင်ရှိ၏။ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုး,အာနိသင်ရှိ၏။ ပညာ၌တည်၍



၂၆၆

ဖြစ်စေအပ်သောစိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဟောတော်မူ၏။

အမ္ဗလဋ္ဌိကာ(သရက်ဥယျာဉ်)သို့ ကြွတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ အမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို ဝန်ခံ လျှောက်ကြားလေ၏။

(ဤ၌။ ။အရှင်အာနန္ဒာက မြတ်စွာဘုရားရှင် အနီးအပါး၌ အမြဲတစေ နေတော်မူသောကြောင့် အရှင်အာနန္ဒာကို မြတ်စွာဘုရားရှင် ခေါ်ဝေါ် မိန့်ကြားခြင်းဖြစ်သည်၊ ထိုအချိန်၌ ဘုရားရှင်ထံတော်ဝယ် နေသောရဟန်းများ မရှိသောကြောင့် မဟုတ်၊ မှန်၏.. ထိုအချိန်၌ မြတ်စွာဘုရားရှင် ထံတော်ဝယ် နေသောရဟန်းတို့ကား အရေအတွက် အပိုင်းအခြား များလှပေ၏)။

     အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ထံ ဝန်ခံစကား လျှောက်ကြားပြီးနောက် ရဟန်းတို့အား “ငါ့ရှင်တို့.. သပိတ်သင်္ကန်းကို ယူကြလော့၊ မြတ်စွာဘုရားသည် အမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)သို့ ကြွတော်မူလို၏”ဟု ပြောကြားနှိုးဆော်လေသည်။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် အမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)သို့ ကြွတော်မူ၍ မင်းကွန်း (=မင်းတဲ)၌ သီတင်းသုံး နေတော်မူ၏။ မြတ်စွာဘုရားရှင်သည် ထိုအမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)အတွင်း မင်းကွန်း (=မင်းတဲ)၌ နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါ ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-



၂၆၇

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သောသမာဓိသည် များသော အကျိုး,အာနိသင်ရှိ၏၊ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုး,အာနိသင်ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သောစိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဤတရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏။

(ဤ၌။ ။“ဤကား သီလ, ဤကား သမာဓိ, ဤကား ပညာ”ဟူသော စကားရပ်ဝယ် သီလ, သမာဓိ, ပညာတို့အရ မဂ်၏ အဆောက်အဦဖြစ်သော လောကီ စတုပါရိသုဒ္ဓိသီလ, လောကီ ဥပစာရသမာဓိ အပ္ပနာသမာဓိ, လောကီ ဝိပဿနာပညာတို့ကို ယူအပ်၏။

“သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိ” ဟူရာ၌ သမာဓိအရ လောကုတ္တရာ မဂ်သမာဓိ ဖိုလ်သမာဓိကို ကောက်ယူရာ၏။ ထိုမဂ်သမာဓိ, ဖိုလ်သမာဓိ နှစ်ပါးတို့တွင် မင်္ဂသမာဓိသည် အရိယဖိုလ် တည်းဟူသော များမြတ်သော အကျိုးရှိ၏၊ (အကျိုးရင်းကို ဖလ = အကျိုးဟု ဆိုသည်)။ ဝဋ်ဆင်းရဲ၏ ငြိမ်းအေးခြင်း တည်းဟူသော များမြတ်သော အာနိသင်ရှိ၏။ (အကျိုးဆက် အကျိုးဖျားကို အာနိသံသ = အကျိုးဆက်ဟု ဆိုသည်)။ နောက်၌လည်း ဤနည်းအတူတည်း။ ။ဖိုလ်သမာဓိသည် ကိလေသာတို့ကို ပဋိပ္ပဿဒ္ဓိပဟာန်ဖြင့် ပယ်ခြင်းတည်းဟူသော အကျိုးရင်း ကိလေသာငြိမ်းအေးမှု = နိဗ္ဗုတိချမ်းသာသုခကို ဖြစ်စေခြင်း တည်းဟူသော အကျိုးဆက်ရှိ၏။

“သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာ” ဟူရာ၌ ပညာအရ လောကုတ္တရာ မဂ်ပညာ ဖိုလ်ပညာကို ကောက်ယူရာ၏။ ထိုပညာနှစ်ပါး၏ အကျိုးရင်း အကျိုးဆက် များမြတ်ပုံမှာ သမာဓိနှင့် အလားတူဖြစ်၏။

“ပညာ၌တည်၍ ဖြစ်စေအပ်သောစိတ်” ဟူရာ၌ ပညာအရ လောကီ ဝိပဿနာပညာ, ဈာန်သမာဓိနှင့် တကွဖြစ်သော ပညာတို့ကို ကောက်ယူရ၏။ စိတ်အရ လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်တို့ကို ကောက်ယူရာ၏။ မဂ်စိတ်သည် သမုစ္ဆေဒပဟာန်အနေဖြင့်၎င်း ဖိုလ်စိတ်သည် ပဋိပ္ပဿဒ္ဓိပဟာန် အနေဖြင့်၎င်း အာသဝတရားတို့မှ အရိပ်အမြွက်မျှ အငွေ့အသက်မျှ မကျန်ရအောင် လွတ်မြောက်၏-ဟု ဆိုလိုသည်)။

၂၆၈

နာဠန္ဒမြို့သို့ ကြွတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ နာဠန္ဒမြို့သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပြီး မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို ဝန်ခံလျှောက်ကြားပြီးနောက် ရဟန်းတို့ကို ရှေးနည်းအတူ ပြောကြား နှိုးဆော်တော်မူလေသည်။

အရှင်သာရိပုတ္တရာ ရဲရင့်သောစကားကို ဆိုခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ နာဠန္ဒမြို့သို့ ကြွရောက်တော်မူ၍ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေထိုင်တော်မူ၏။

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သူမြတ် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ချဉ်းကပ် တုံ့ဝပ်ရိုကျိုး ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်နှင့် အပြန်အလှန် ရဲရဲတောက်စကား လျှောက်ထား မေးမြန်းတော်မူကြသည်မှာ-

     (အရှင်သာရိပုတ္တရာ) မြတ်စွာဘုရား.. သဗ္ဗညုတဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍ သိသော အခြား သမဏ,ဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်။

     (ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. သင်ချစ်သားသည် “မြတ်စွာဘုရား.. သဗ္ဗညုတ ဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍ သိသော အခြား သမဏဗြာဟ္မဏမည်သည် ရှိလည်းမရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်”ဟူသော ဤကြီးကျယ်ခံ့ညားလှသော စကားကို ဆိုဘိ၏၊ တိကျလှသော စကားကို ဆိုဘိ၏။ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်စကားကို ဆိုဘိ၏။



၂၆၉

ချစ်သား သာရိပုတ္တရာ.. အသို့နည်း ရှေးအခါက ပွင့်တော်မူကြပြီးသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် အားလုံးတို့ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့သော သီလ, ဤသို့သော သမာဓိ, ဤသို့သောပညာ ရှိကြကုန်၏၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြောက်ခြင်း ရှိကြကုန်၏”ဟု ထိုအတိတ် မြက်စွာဘုရားတို့၏ စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

     (အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

     (ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. အသို့နည်း အနာဂတ်ကာလ၌ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် အားလုံးတို့ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့သောသီလ, ဤသို့သောသမာဓိ, ဤသို့သောပညာ ရှိကြလိမ့်မည်၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြေက်ခြင်း ရှိကြလိမ့်မည်”ဟု ထိုအနာဂတ် မြတ်စွာဘုရားတို့၏ စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

     (အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

     (ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. အသို့နည်း ယခုအခါ ပွင့်တော်မူဆဲဖြစ်သည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ငါဘုရားကို “မြတ်စွာဘုရားသည် ဤသို့သောသီလ, ဤသို့သောသမာဓိ, ဤသို့သောပညာ ရှိတော်မူ၏၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြောက်ခြင်း ရှိတော်မူ၏”ဟု ငါဘုရား၏စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

     (အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

     (ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. ဤအရာဝယ် ပွင့်ပြီး, ပွင့်လတ္တံ့, ပွင့်ဆဲဖြစ်ကြသည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်တို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်သော = စေတောပရိယဉာဏ်သည် သင်ချစ်သားမှာ မရှိပါပဲလျက် “မြတ်စွာဘုရား.. သဗ္ဗညုတဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍သိသော အခြား သမဏ,ဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊



၂၇၀

ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်”ဟူသော ဤကြီးကျယ်ခံ့ညား တိကျပြတ်သား၍ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်စကားကို အဘယ့်ကြောင့် သင်ချစ်သား ဆိုဘိသနည်း။

     (အရှင်သာရိပုတ္တရာ) မြတ်စွာဘုရား.. ပွင့်ပြီး, ပွင့်လတ္တံ့, ပွင့်ဆဲဖြစ်ကြသည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်တို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်သော = စေတောပရိယဉာဏ်သည် အကျွန်ုပ်မှာ မရှိပါ။ ထိုသို့ မရှိငြားသော်လည်း အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော = ဓမ္မနွယဉာဏ်ကို ရရှိထားပါသည်။

     မြတ်စွာဘုရား.. ဥပမာသော်ကား ခိုင်ခံသော မြို့ရိုးအခြေနှင့်တကွ ခိုင်ခံသောတံတိုင်း, တုရိုဏ်တိုင်ရှိသော တံခါးတပေါက်တည်းသာရှိသော မင်း၏ တိုင်းစွန်ပြည်ဖျားမြို့သည် ရှိရာပါ၏။ ထိုမြို့၌ လိမ္မာတတ်သိ ပညာရှိ၍ (မိမိ) မသိသောသူတို့ကို တားမြစ်လျက် သိသူတို့အားသာ ဝင်ခွင့်ပြုသော တံခါးစောင့်သည် ရှိရာပါ၏၊ ထိုတံခါးစောင့်သည် ထိုမြို့၏ ထက်ဝန်းကျင်ပတ်၍ သွားသော (မြို့ပတ်)လမ်းကို လှည့်လည် ကြည့်ရှုလတ်သော် အယုတ်ဆုံး ကြောင်ကလေးတကောင် ထွက်လောက်ရုံမျှသော တံတိုင်းအစပ်, တံတိုင်း အပေါက်ကိုသော်မျှ မတွေ့မြင်ရသည်ဖြစ်ရာ၏။ ထိုအခါ ထိုတံခါးစောင့်၏ စိတ်သန္တာန်ဝယ်-

“ဤမြို့၌ ဝင်ကြ ထွက်ကြသမျှ ကြီးသော သတ္တဝါ အားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်ကြထွက်ကြကုန်၏”-

ဟု ဆင်ခြင်ဉာဏ် ဖြစ်လေရာသကဲ့သို့-

     မြတ်စွာဘုရား.. ဤအတူပင်လျှင် အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော = ဓမ္မနွယဉာဏ်ကို ရရှိထားပါသည်။ မြတ်စွာဘုရား.. အတိတ်အခါ ပွင့်တော်မူကုန်ပြီးသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်အားလုံးတို့သည် စိတ်ကို ညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့်



၂၇၁

နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိကြကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်၍ ဘုရားဖြစ်တော်မူကြလေပြီ၊ (မြတ်စွာဘုရားတို့နှင့်သာ သက်ဆိုင်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟု ဆိုသည်)။

     မြတ်စွာဘုရား.. နောင်အနာဂတ်အခါ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင် အားလုံးတို့သည်လည်း စိတ်ကိုညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့် နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိကြကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများကြ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်တော်မူကြကာ ဘုရား ဖြစ်တော်မူကြပေလိမ့်မည်။

     မြတ်စွာဘုရား.. ယခုအခါ ပွင့်တော်မူဆဲဖြစ်သော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ရှင်ပင်ဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့် နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိတော်မူလျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများတော်မူ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်တော်မူကာ ဘုရားဖြစ်တော်မူပေ၏ဟု မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော ဓမ္မနွယဉာဏ်ကို အကျွန်ုပ်မှာ ရရှိထားပါသည်။ ။(ဤကား အရှင်သာရိပုတ္တရာ မထေရ်နှင့် မြတ်စွာဘုရားရှင်တို့ ရဲရဲတောက်စကား လျှောက်ထား မေးမြန်းတော်မူကြပုံတည်း)။



၂၇၂

     မြတ်စွာဘုရားရှင်သည် ထိုနာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်အတွင်း သီတင်းသုံး နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော် မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလတည်၍ ဖြစ်စေအပ်သောသမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏။ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသ၀ တည်းဟူသော အာသ၀တရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဤတရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏။

သီလပျက်စီးသူ၏ အပြစ် ၅-ပါး

     ထိုအခါ မြတ်စွာဘုရားသည် နာဠန္ဒမြို့၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ပါဋလိရွာဆီသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ မိန့်ကြားချက်ကို ဝန်ခံ လျှောက်ကြားပြီးနောက် ရဟန်းတို့ကို ရှေးနည်းအတူ ပြောကြား နှိုးဆော်တော်မူလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ ပါဋလိရွာသို့ ကြွရောက်တော်မူ၏။

     ပါဋလိရွာသား ဥပါသကာများသည် “မြတ်စွာဘုရားရှင် ပါဋလိရွာသို့ ရောက်တော်မူ၏”ဟူသော သတင်းစကားကို ကြားသိကြရလျှင်ပင် “ငါတို့သည် တမင် သွားရောက်၍သော်လည်း မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ရမည်ဖြစ်သည်၊ ယခုမူ ထိုမြတ်စွာဘုရားသည် ငါတို့နေရာ ပါဋလိရွာသို့ မပင့်ဖိတ်ရပဲ အလိုလို



၂၇၃

ကိုယ်တော်တိုင်ပင် ကြွရောက်တော်မူလာလေပြီ၊ ယနေ့ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ကာ ငါတို့တည်ဆောက်ပြီးစဖြစ်သည့် ဧည့်တည်းရာစရပ်၌ အနုမောဒနာ မင်္ဂလာတရား ဟောကြားတော်မူစေကြမည်”ဟု ကြံစည်တိုင်ပင်ကြပြီးသော် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုး ဦးညွတ်ကြကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြ၍ “မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် တပည့်တော်များ တည်ထား ဆောက်လုပ်ပြီးစဖြစ်သည့် ဧည့်တည်းရာစရပ်ကို လက်ခံတော်မူပါဘုရား”ဟု တောင်းပန် လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသဖြင့် လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။

     ထိုအခါ ပါဋလိရွာသား ဥပါသကာများသည် မြတ်စွာဘုရားရှင် လက်ခံတော်မူသည်ကို သိကြ၍ နေရာမှထကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် ဧည့်တည်းရာစရပ်သို့ သွားရောက်ကြ၍ ထိုစရပ်၌ ခင်းနှီးအပြည့်ခင်းခြင်း, နေရာထိုင်တို့ကို ပြင်ထားခြင်း, ရေပြည့်အိုးကြီး တည်ထားခြင်း, ဆီမီးညှိထွန်းခြင်း အမှုတို့ကို ပြုကြပြီးနောက် ရွာတွင်းရှိ ကလေးများကိုလည်း စောစောစီးစီး အစာကျွေးနို့တိုက်၍ သိပ်ထားကြရန် စီမံကြပြီးသော် ဘုရားရှင် ထံတော်မှောက်သို့ တဖန်လာရောက် ဝပ်လျှိုး ရှိခိုးရပ်တည်ကြ၍-

“မြတ်စွာဘုရား.. ဧည့်တည်းရာစရပ်ကို ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ နေရာထိုင်တို့ကိုလည်း ပြင်ထားပြီးပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း ညှိထွန်းပြီးပါပြီ၊ မြတ်စွာဘုရား.. ယခုအခါ၌ ကြွတော်မူရန်အချိန်ကို ရှင်ပင်ဘုရား သိတော်မူပါသည် (=ကြွရန်မှာ ရှင်ပင်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါသည်”-

ဟု တောင်းပန်စကား လျှောက်ထားကြလေကုန်၏။

(ဤ၌။ ။လိစ္ဆဝီမင်း မဂဓမင်းတို့၏ မင်းချင်းများသည် အမြဲမပြတ် နယ်စပ်ဖြစ်သော ပါဋလိရွာ၌ လာရောက်ကြကာ ရွာနေလူများကို



၂၇၄

မိမိတို့အိမ်မှ ဖယ်ရှားစေ၍ တလ, လဝက်စသည် နေထိုင်ကြလေသည်။ ထိုရွာနေလူများသည် အမြဲမပြတ် နေထိုင်မှု ကြပ်တည်းကုန်ရကား “ထိုမင်းချင်းများ လာရောက်ကြသောအခါ နေထိုင်စရာ ဖြစ်စိမ့်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ ရွာအလယ်တွင် စရပ်ကြီးတဆောင် တည်ဆောက်ကြပြီးလျှင် နေရန် ထိုင်ရန် ဘဏ္ဍာထားရန် အခန်းများ သားနားသပ်ယပ်စွာ ပြုလုပ်ကြလေသည်။ ထိုဧည့်တည်းရာစရပ်ကြီး ဆောက်လုပ်ပြီးစ အချိန်တွင်ပင် မြတ်စွာဘုရားရှင် မိမိတို့ရွာသို့ ကြွရောက်တော်မူလာကြောင်း သတင်းကောင်းကြားသိရ၍ ဖော်ပြရာပါအတိုင်း အကြံဖြစ်ကာ သွားရောက် ပင့်လျှောက်ကြလေသည်။

ထိုရွာသားတို့သည် ပဌမ၌ကား “မြတ်စွာဘုရားတို့သည် တောအရပ်၌ မွေ့လျော်တော်မူကြသဖြင့် ရွာတွင်း၌နေရန် အလိုတော် ရှိချင်မှရှိမည်”ဟု မြတ်စွာဘုရားရှင်၏ စိတ်အလိုတော်ကို မသိကြသည့်အတွက် ဧည့်တည်းရာစရပ်ကို မသုတ်သင် မပြင်ဆင်ကြပဲ ဘုရားရှင်ထံသို့ လာရောက်ကြလေသည်။ ယခုသော်မူ မြတ်စွာဘုရားရှင်၏ စိတ်အလိုတော်ကို သိရ၍ အလျင်လက်ဦး သွားရောက်၍ ဧည့်တည်းရာစရပ်ကို ပြင်ဆင်ကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်လျှောက်ကြလေသည်)။

     ထိုသို့ ပင့်လျှောက်ကြသောအခါ မြတ်စွာဘုရားသည် ညချမ်းအခါ၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူလျက် ရဟန်းအပေါင်းနှင့် အတူတကွ ဧည့်တည်းရာစရပ်သို့ ကြွရောက်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ ဧည့်တည်းရာစရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူလေ၏။ ရဟန်းအပေါင်းသည်လည်း ခြေဆေး၍ ဧည့်တည်းရာစရပ်သို့ ဝင်ပြီးသော် အနောက်ဖက်နံရံကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေလေ၏။ ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကြ၍ ဧည့်တည်းရာစရပ်သို့ ဝင်ကုန်ပြီးသော် အရှေ့ဖက်နံရံကို မှီကုန်လျက် အနောက်အရပ်သို့ မျက်နှာမူကြကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာများကို ဤဆိုလတ္တံ့သောအတိုင်း သီလပျက်စီးသူ၏ အပြစ် ၅-ပါး,



၂၇၅

သီလရှိသူ၏ အကျိုး ၅-ပါးတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏-

     ဥပါသကာတို့.. သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤ၅-ပါးသော အပြစ်တို့သည် ဖြစ်ကုန်၏၊ အဘယ်၅-ပါးတို့နည်းဟူမူ-

     (၁) ဥပါသကာတို့.. ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းဟူသော အကြောင်းကြောင့် များစွာသော (ကြီးစွာသော) စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်တည်း။

     (၂) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက်ဖြစ်သော အပြစ်တည်း။

     (၃) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ်, ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်, သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်လတ်သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ သုံးခုမြောက်ဖြစ်သော အပြစ်တည်း။

     (၄) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေဖြစ်လျက် သေရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ လေးခုမြောက်ဖြစ်သော အပြစ်တည်း။

     (၅) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှနောက်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ဖြစ်ရ၏။ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ ငါးခုမြောက်ဖြစ်သော အပြစ်တည်း။



၂၇၆

     ဥပါသကာတို့.. သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤ၅-ပါးတို့တည်း။

သီလရှိသူ၏ အကျိုး၅-ပါး

<p     ဥပါသကာတို့.. သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ဤ၅-ပါးသော အကျိုးတို့သည် ဖြစ်ကုန်၏၊ အဘယ် ၅-ပါးတို့နည်းဟူမူ-

     (၁) ဥပါသကာတို့.. ဤလောက၌ သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မမေ့မလျော့ခြင်းဟူသော အကြောင်းကြောင့် များစွာသော စည်းစိမ်အစုကို ရရှိ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုးတည်း။

     (၂) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူ၏ ကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက်ဖြစ်သော အကျိုးတည်း။

     (၃) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မင်းပရိသတ်, ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်, သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်လတ်သော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ပဲ ချဉ်းကပ်ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက်ဖြစ်သော အကျိုးတည်း။

     (၄) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် တွေဝေခြင်း အလျှင်းမရှိပဲ သေရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခုမြောက်ဖြစ်သော အကျိုးတည်း။

     (၅) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရ၏။



၂၇၇

ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ငါးခုမြောက်ဖြစ်သော အကျိုးတည်း။

     ဥပါသကာတို့.. သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုးတို့သည် ဤ၅-ပါး တို့တည်း-ဟု ဟောကြားတော်မူ၏။

(ဤ၌-

“စည်းစိမ်ပျက်လျှင်း၊ သတင်းဆိုးနှံ့၊ ကြောက်ရွံ့ပရိသာ၊ သေခါတွေဝေ၊ သေငရဲလား၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

စည်းစိမ်ရလျှင်း၊ သတင်းကောင်းပြန့်၊ မရွံ့ပရိသာ၊ သေခါမတွေ၊ သေရွာနတ်လား၊ ကျိုးငါးပါး၊ မှတ်သား သီလဝန္တ”-

ဟူသော ဤဆောင်ပုဒ်လင်္ကာကို အရဆောင်ထားရာ၏၊ ဤတရားတော်ကို လူတို့နှင့်စပ်၍ ဟောကြားအပ်သော်လည်း ရဟန်းတို့အတွက်လည်း ရအပ်သည်သာ၊ လူ,ရဟန်း နှစ်ဦးလုံးအတွက် ရအပ်ပုံမှာ-

လူဖြစ်သောသူသည် မိမိတတ်သိသော လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်ဖြင့် အသက်မွေးမှု အပြစ်ကင်းစွာ ပြုနေရာမှ ကိုယ်ကျင့်သီလ ဖောက်ပြန်ကာ သူ့အသက်ကိုသတ်ခြင်း စသည်ဖြင့် မေ့လျော့လတ်သည်ရှိသော် မိမိပြုနေကျဖြစ်သည့် ထိုထို လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို အချိန်မှန်မှန် မပြုလုပ်နိုင်တော့ချေ။ ထိုအခါ ထိုသူ၏အဖို့ရာ အမြတ်အစွန်း မဆိုထားဘိ၊ အရင်းဥစ္စာပင်သော်လည်း ဆုံးရှုံး ပျက်စီးသွားလေ၏။ ပြည့်ရှင်မင်းများက သားငါးကို မသတ်ရဟု စည်လည် ကျေညာထားသော အခါမျိုး၌ ပါဏာတိပါတ = သူ့သက်သတ်မှုကို ပြုခဲ့မိသော်၎င်း, သူတပါးဥစ္စာကို ခိုးယူမှု ပြုခဲ့သော်၎င်း မင်းပြစ်စိုးဒဏ် သင့်ရောက်ကာ များစွာသော စည်းစိမ်ဥစ္စာ ပျက်ပြုန်း ဆုံးရှုံးခြင်းသို့ ရောက်ရလေ၏။ သီလမရှိသော သီလပျက်စီးသော ရှင်ရဟန်းသည် မေ့လျော့ခြင်းဟူသော အကြောင်းကြောင့် သီလတရားမှ၎င်း, ဘုရားစကားတော်မှ၎င်း, ဈာန်တရားမှ၎င်း, အရိယဥစ္စာ ခုနစ်ပါးမှ၎င်း ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရလေ၏။ (၁)

သီလမရှိသော သီလပျက်သော လူ၏အဖို့ရာ “ဤမည်သော အမျိုး၌ဖြစ်သော ဤမည်သောသူသည် သီလမရှိ၊ ယုတ်မာသော ကိုယ်ကျင့်ရှိ၏၊ ပစ္စုပ္ပန်တမလွန် နှစ်တန်သော လောကမှ စွန့်ပစ်အပ်ပြီးသူ ဖြစ်၏။ စာရေးတံဆွမ်းမျှကိုလည်း လှူသူမဟုတ်၊ စေးနှဲ ကပ်ကုပ်လှ၏” ဤသို့

၂၇၈

စသည်ဖြင့် ပရိသတ်လေးပါး အလယ်၌ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏။ သီလမရှိသော ရှင်ရဟန်း၏ အဖို့ရာလည်း “ဤမည်သော ရှင်ရဟန်းသည် သီလကို လုံခြုံအောင် မစောင့်ရှောက်နိုင်၊ ဘုရားစကားကို မသင်ကြား မနာယူနိုင်၊ ဘုရားရှင် စက်ဆုပ်အပ်သည့် ဆေးကုခြင်းအမှု စသည်တို့ဖြင့် အသက်မွေးသူ မိစ္ဆာဇီဝသမား ဖြစ်သည့်ပြင် အဂါရဝတရား ၆-ပါးတို့နှင့်လည်း ပြည့်စုံသူဖြစ်၏” ဤသို့စသည်ဖြင့် ပရိသတ်လေးပါးအလယ်၌ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏။ (၂)

သီလမရှိသော သီလပျက်သော လူဝတ်ကြောင်သည် “ဧကန်ပင် လူအများ စည်းဝေးရာဌာန၌ အချို့သောသူတို့သည် ငါ့အမှုကို သိကြပေလိမ့်မည်၊ ထိုအခါ ငါ့ကို နှိပ်ကြလိမ့်မည်” ဟူ၍၎င်း, “မင်းထံစိုးမှောက် ပို့ရောက် ပြသကြလိမ့်မည်” ဟူ၍၎င်း ကြောက်ကြောက်ရွံ့ရွံ့ ပရိသတ်လေးပါးသို့ ချဉ်းကပ်ရ၏။ ပရိသတ်အလယ်သို့ ရောက်သောအခါလည်း မျက်နှာမလှ ပခုံးကျလျက် ဦးခေါင်းငိုက်ဆိုက်(ပရိသတ်ကို မျှော်မကြည့်ဝံ့ပဲ) မြေ၌သာ ရေးခြစ်၍ ထိုင်နေရ၏၊ ရဲဝံ့စွာ စကားမဆိုနိုင်ချေ။ သီလမရှိသော သီလပျက်သော ရှင်ရဟန်းသည်လည်း “ရဟန်းများစွာ စည်းဝေးနေကြသည်။ ဧကန်ပင် ထိုရဟန်းတို့အထဲမှ ရဟန်းတပါးပါးသည် ငါ့အမှုကို သိပေလိမ့်မည်။ ထိုအခါ ငါ့အား ဥပုသ်, ပဝါရဏာ-စသော သံဃကံများကို မြစ်တား၍ ရဟန်းအဖြစ်မှ လျှောကျရွေ့စေကြကာ သာသနာမှ နှင်ထုတ်ကြပေလိမ့်မည်”ဟု အောက်မေ့ကာ ကြောက်ကြောက်ရွံ့ရွံ့ ရဟန်းပရိသတ်သို့ ချဉ်းကပ်ရ၏၊ ရဲဝံ့စွာ စကားမဆိုနိုင်ချေ။ အထူးအားဖြင့် အချို့သော ဒုဿီလရဟန်းသည် မိမိက ဒုဿီလပင် ဖြစ်လင့်ကစား ဝင့်ကြွား ခေါင်းထောင်ကာ လှည့်လည် ကျက်စားတတ်သေး၏၊ ထိုဒုဿီလ ရဟန်းသည်ကား အပေါ်ယံက မည်မျှပင် ဝင့်ကြွားခေါင်းထောင်၍ နေစေကာမူ ထိုသူ၏ အတွင်းစိတ် အလိုအားဖြင့်ကား မျက်နှာမသာ လွန်စွာ ညှိုးငယ်လှသည်သာ ဖြစ်ပေ၏။ (၃)

ရှင်ရဟန်းဖြစ်စေ, လူဖြစ်စေ ဒုဿီလပုဂ္ဂိုလ်၏ အဖို့ရာ ပကတိ ကျန်းမာစဉ်အခါ၌ ဟန်လုပ်၍ တဝင့်ကြွားကြွား သွားလာနေထိုင်နိုင်စေကာမူ သေရာညောင်စောင်း လျောင်းစက်ရသောအခါ၌ကား သူ၏ ဒုဿီလအမှုတို့ကို ပြုလုပ်ရာဌာနများသည် ဆိုင်ရာဒွါရ၌ ထင်လာကုန်တော့၏၊ ထိုသူသည် မျက်စိကိုဖွင့်၍ ဤလောကကို ကြည့်လိုက်, မျက်စိကိုမှိတ်၍ တမလွန်လောကကို ကြည့်လိုက်နှင့် အားကိုးရာမဲ့ဖြစ်၍

၂၇၉

နေလေ၏၊ ထိုသူအား အပါယ်လေးပါးတို့သည် ထင်ရှား၍ လာကုန်၏။ လှံမအရာဖြင့် ဦးခေါင်း၌ ထိုးစိုက်အပ်သကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် “တားကြပါ၊ မြစ်ကြပါ” တစာစာ မြည်တမ်းလျက်သာ စုတိပြတ်ကြွေ သေလွန်ရလေ၏။ ထို့ကြောင့် “တွေတွေဝေဝေဖြစ်လျက် သေရ၏”ဟု မြတ်စွာဘုရား ဟောကြားအပ်လေသည်။ (၄)။ ၅-ခုမြောက်အပြစ်ကား ထင်ရှားပေါ်လွင်၏။ ဤကား သီလမရှိသူ၏ အပြစ် ၅-ပါးနှင့် စပ်၍ မှတ်ဖွယ်တည်း။ သီလရှိသူ၏ အကျိုး၅-ပါးနှင့်စပ်၍ မှတ်ဖွယ်ကိုလည်း ဆိုအပ်ပြီးသည်မှ အပြန်အားဖြင့် သိရာ၏)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ပါဋလိရွာသား ဥပါသကာများကို ညဉ့်နက်သည်တိုင်အောင် ဒုဿီလ၏ အပြစ်၅-ပါး, သီလဝန္တ၏ အကျိုး၅-ပါးတို့မှတပါး အခြားသော တရားစကားဖြင့်၎င်း, ဧည့်တည်းရာစရပ်အလှူနှင့်စပ်သော အနုမောဒနာ တရားစကားဖြင့်၎င်း အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်ကြစေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးလျှင် “ဥပါသကာတို့.. ညဉ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိကုန်၏ (=သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်၏)”ဟု မိန့်ဆိုကာ ပြန်လွှတ်တော်မူလေ၏။

     “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ပါဋလိရွာသား ဥပါသကာများ ဘုရားရှင်၏ မိန့်ဆိုချက်ကို ဝန်ခံစကား လျှောက်ထားကြကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြကာ ပြန်သွားကြသောအခါ၌ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာများ ပြန်သွား၍ မကြာမြင့်မီပင် ဆိတ်ငြိမ်ရာသို့ ကပ်ဝင်တော်မူလေ၏။

(ဤ၌။ ။ဆိတ်ငြိမ်ရာအရပ် အသီးအခြားမရှိ၊ စင်စစ်သော်ကား ထိုဧည့်တည်းရာ စရပ်၌ပင် နံပါးတနေရာဝယ် တင်းထိမ်ကန့်လန့်ကာ ဝန်းရံကာ၍ “ဤနေရာ၌ မြတ်စွာဘုရားသည် အပန်းဖြေတော်မူလိမ့်မည်”ဟု ပါဋလိရွာသား ဥပါသကာများသည် စောစောကပင် ကြိုတင်၍ ခဋင်ညောင်စောင်းကို ခင်းထားကြလေသည်။ မြတ်စွာဘုရားရှင်သည် “လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးတို့ဖြင့် ဧည့်တည်းရာစရပ်ကို အသုံးအစွဲပြုအပ်လျှင် ထိုဥပါသကာတို့ အဖို့ရာ လွန်စွာ အကျိုးကြီးပေလိမ့်မည်”ဟု ဆင်ခြင်တော်မူ၍



၂၈၀

ထိုခဋင်ညောင်စောင်း၌ လက်ျာနံတောင်းဖြင့် လျောင်းတော်မူကာ အပန်းဖြေတော်မူလေသည်)။

ပါဋလိပုတ်ပြည် တည်ထောင်ဖန်ဆင်းခြင်း

     ထိုစဉ်အခါ မဂဓတိုင်း အမတ်ကြီးများ ဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရ ပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီး ပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့တည်ဆောက်လျက် ရှိကြကုန်၏။ ထိုအခါ များစွာသော နတ်တို့သည် ထောင်လိုက် ထောင်လိုက် (=တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် ရှိကြကုန်၏။

     တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏၊ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့်အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏၊ တန်ခိုးငယ်သောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးငယ်သော မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။

(ဤ၌။ ။မြေကြန်အတတ် တတ်သိကြသူ မြို့နန်းတည်ဆောက်သူ ပညာရှိတို့သည် မိမိတို့၏ အတတ်ပညာ အာနုဘော်ဖြင့် အောက်မြေအတွင်း အတောင်သုံးဆယ်ခန့်တိုင်အောင်သော အရပ်၌ “ဤမြေအရပ်ဝယ် နဂါးသိမ်းပိုက်ခြင်းရှိသည်။ ဤမြေအရပ်ဝယ် ယက္ခနတ် သိမ်းပိုက်ခြင်းရှိသည်၊ ဤမြေအရပ်ဝယ် ဘုတ်ပြိတ္တာ သိမ်းပိုက်ခြင်းရှိသည်။ ဤမြေအရပ်ဝယ် ကျောက်ဖျာရှိသည် သစ်ငုတ်ရှိသည်”ဟူ၍ သိမြင်ကြကုန်၏၊ ထိုအခါ ထိုပညာရှိတို့သည် မိမိတို့၏ အတတ်ပညာ ဂါထာ မန္တာန်ကို မန်းမှုတ်ပြီးလျှင် နတ်တို့နှင့်တိုင်ပင်၍ တည်ဆောက်သည့်အလား မြို့နန်းကို တည်ဆောက်ကြလေသည်။



၂၈၁

တနည်း- ထိုပညာရှိတို့၏ကိုယ်၌ နတ်များ ပူးဝင်ကြကာ ထိုထိုနေရာတို့၌ နန်းအိမ်တို့ကို တည်ဆောက်ရန် စိတ်ကို ညွတ်စေကြကုန်၏။ ထိုနတ်များသည် နန်းအိမ်ရာအတွက် ထောင့်လေးထောင့်က ပန္နက်တိုင်များ စိုက်နှက်သတ်မှတ်၍ နန်းအိမ်ရာကို ယူပြီးသောအခါမှ ထိုမြို့နန်းတည် ပညာရှိတို့၏ကိုယ်မှ ထွက်ကြကုန်၏။ သဒ္ဓါတရား ရှိသူများအတွက် သဒ္ဓါတရားရှိသော နတ်များက ထိုကဲ့သို့ ပူးဝင်၍ အိမ်ရာသတ်မှတ် သိမ်းပိုက်မှုကို ပြုကြလေသည်။ သဒ္ဓါတရား မရှိသူများအတွက် သဒ္ဓါတရားမရှိသော နတ်များက ထိုကဲ့သို့ ပူးဝင်၍ အိမ်ရာသတ်မှတ် သိမ်းပိုက်မှုကို ပြုကြလေသည်။ အကြောင်းကား- သဒ္ဓါတရားရှိသော နတ်တို့၏ စိတ်သန္တာန်ဝယ် “ဤနေရာ၌ သဒ္ဓါတရားရှိသူ လူတို့သည် နေအိမ်တို့ကို တည်ဆောက်ကြကာ ရှေးဦးစွာ ရဟန်းသံဃာကို ပင့်ဖိတ် နေရာထိုင်ခင်း ပေးကြပြီးလျှင် မင်္ဂလာတရား တိုးပွါးစေကြလိမ့်မည်၊ ထိုအခါ ငါတို့သည် သီလရှိသော ရဟန်းတို့ကို ဖူးမြော်ခွင့်ကို ရကြပေလိမ့်မည်၊ ထိုအရှင်မြတ်တို့ ဟောကြားအပ်သည့် တရားစကား အမေးအဖြေ အနုမောဒနာတရားများကို နာကြားခွင့် ရကြပေလိမ့်မည်၊ လူများသည် အလှူဒါနကို ပေးလှူကြကာ ငါတို့အား ကောင်းမှုကုသိုလ် အဖို့အစုကို အမျှပေးကြပေလိမ့်မည်”ဟု ကြံစည်စဉ်းစားမိကြသောကြောင့် ထိုကဲ့သို့ ပူးဝင်ကာ အိမ်နေရာကို သိမ်းပိုက် သတ်မှတ်ကြလေသည်)။

     မြတ်စွာဘုရားရှင်သည် ထောင်လိုက် ထောင်လိုက် (တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာသိမ်းပိုက်ကြသော ထိုနတ်တို့ကို ဒိဗ္ဗစက္ခု ရွှေဉာဏ်တော်ဖြင့် မြင်တော်မူသောအခါ ညဉ့်၏အဆုံး မိုးသောက်ယံ၌ လျောင်းစက်ရာမှ ထတော်မူ၍ အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. အဘယ်သူများသည် ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြသနည်း”ဟု မေးတော်မူ၍ “မြတ်စွာဘုရား.. မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြပါသည်”ဟု အရှင်အာနန္ဒာ မထေရ်က ပြန်ကြား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည်-



၂၈၂

“ချစ်သားအာနန္ဒာ.. မဂဓတိုင်း အမတ်ကြီးများ ဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့ ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြသည်မှာ တာဝတိံသာ နတ်တို့နှင့် တိုင်ပင်၍ တည်ဆောက်ကြသကဲ့သို့ ရှိချေ၏။

ချစ်သားအာနန္ဒာ.. ထောင်လိုက် ထောင်လိုက် (တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာ သိမ်းပိုက်ကြသော နတ်တို့ကို ငါဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်ရ၏။

ချစ်သားအာနန္ဒာ.. တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။ တန်ခိုးငယ်သောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးငယ်သော မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။

ချစ်သားအာနန္ဒာ.. အရိယ(=အရိယန်) လူမျိုးတို့၏ စုဝေးနေထိုင်ရာ, ကူးသန်းရောင်းဝယ်ရာ မြို့တကာတို့တွင် ဤမြို့သစ်သည် ကုန်ထုပ်များကို ဖွင့်လှစ်ရောင်းချရာ “ပါဋလိပုတ်”မည်သော အကြီးဆုံးမြို့ ဖြစ်ပေလိမ့်မည်။

ချစ်သားအာနန္ဒာ.. ပါဋလိပုတ်မြို့၌ မီးကြောင့်၎င်း, ရေကြောင့်၎င်း, အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကြောင့်၎င်း = ဤသုံးပါးသော အကြောင်းကြောင့် မြို့ပျက်ခြင်း အန္တရာယ်တို့ ဖြစ်ပေလိမ့်မည်”-



၂၈၃

ဟူ၍ မိန့်တော်မူလေ၏။ ။(ပါဋလိပုတ်ပြည် တစုသည် မီးသင့်လောင်သဖြင့် ပျက်စီးလိမ့်မည်။ တစုကို ဂင်္ဂါမြစ်က တိုက်မျောစား၍ သွားလိမ့်မည်၊ အခြားတစုကား ဂုံးချောသမားတို့၏ စကားကို ယုံကြည်မိသဖြင့် လူများအချင်းချင်း စိတ်ဝမ်းကွဲပြား၍ ပျက်စီးလိမ့်မည်ဟု မိန့်တော်မူလိုရင်းဖြစ်သည်)။ ။မြတ်စွာဘုရားသည် ဤကဲ့သို့ မိန့်တော်မူပြီးလျှင် မိုးသောက်ထအခါ ဂင်္ဂါမြစ်ကမ်းသို့ ကြွတော်မူ၍ မျက်နှာတော်သစ်ပြီးကာ ဆွမ်းခံချိန်ကို စောင့်ဆိုင်း၍ ထိုင်နေတော်မူ၏။

     ထိုအခါ သုနိဓပုဏ္ဏားနှင့် ၀ဿကာရ ပုဏ္ဏားတို့သည် “ငါတို့၏အရှင် ဘုရင်အဇာတသတ်မင်းသည် ရဟန်းဂေါတမ၏ ပစ္စည်းလေးပါး ဒါယကာတဦး ဖြစ်သည်၊ ထိုအဇာတသတ်မင်းသည် ငါတို့ကို ‘မြတ်စွာဘုရားသည် ပါဋလိရွာသို့ ကြွသွားတော်မူသတဲ့၊ အသင်တို့သည် ထိုမြတ်စွာဘုရားထံတော်သို့ သွားရောက်ခဲ့ကြ၏လော၊ မသွားရောက်ခဲ့ကြဘူးလော’ဟု မေးလိမ့်မည်။ ‘သွားရောက်ခဲ့ကြပါသည်’ဟု ပြောဆိုလျှင် လည်း ‘ဖိတ်ကြား၍ ဆွမ်းများ ဆက်ကပ်ခဲ့ကြ၏လော၊ မဆက်ကပ်ခဲ့ကြဘူးလော’ဟု မေးပေလိမ့်ဦးမည်။ ‘မဖိတ်မကြားမိကြပါ’ဟု ပြောဆိုလျှင်လည်း ငါတို့အပေါ် အပြစ်တင်၍ နှိပ်ပေလိမ့်ဦးမည်။ ငါတို့သည် ယခုလာရောက်ရာ ဤပါဋလိရွာ၌ မြို့သစ်တည်ဖန်ဆဲ ဖြစ်ကြလေသည်။ အထူးအားဖြင့် ရဟန်းဂေါတမ၏ ရောက်ရာ ရောက်ရာ အရပ်တိုင်း၌ ကြက်သရေမဲ့သည့် ကာဠကဏ္ဏီသတ္တဝါတို့သည်(*)


     * ကာဠကဏ္ဏီသတ္တဝါ- ဟူသည်မှာ မိမိကိုယ်တိုင်က မည်းနက်သည့် အကုသိုလ်တရားများသူ ဖြစ်သောကြောင့်၎င်း, သူတပါးတို့အဖို့လည်း မည်းနက်သော အကုသိုလ်အကျိုး အကျိုးမဲ့ဖြစ်ခြင်း၏အကြောင်း ဖြစ်သောကြောင့်၎င်း “ကာဠကဏ္ဏီ = ဘုန်းကံအသရေမဲ့သူ”ဟူ၍ အများပညတ် ရအပ်သောအမည်ရှိသော သူတပါးတို့အား ဘေးဥပဒ်ကို ဖြစ်စေတတ်သည့် ဘုန်းမဲ့ကံမဲ့ သတ္တဝါတို့တည်း။ (လောသကတိဿတို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတည်း)။

     ကာဠကဏ္ဏီ သတ္တာတိ အတ္တနာ ကဏှဓမ္မဗဟုလတာယ ပရေသဉ္စ ကဏှဝိပါကာနတ္ထနိဗ္ဗတ္တိနိမိတ္တတာယ “ကာဠကဏ္ဏီ”တိ လဒ္ဓနာမာ ပရူပဒ္ဒဝကရာ အပ္ပေသက္ခသတ္တာ။ [သုတ်မဟာဝါဋီကာ၊ မျက်နှာ ၁၃၉-မှ)]



၂၈၄

ဖဲရှားကြမြဲဖြစ်သည်။ ငါတို့သည် ထိုရဟန်းဂေါတမကို ပင့်ဖိတ်ကြကာ မြို့သစ်နန်းတည် မင်္ဂလာစကား ဟောကြားကြစေအံ့”ဟု ကြံစည်ကြကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်ကြ၍ လျောက်ပတ်ရာအရပ်၌ ရပ်တည်ကြကာ မြတ်စွာဘုရားရှင်နှင့် ဝမ်းမြောက်စဖွယ် အသက်ထက်ဆုံး အောက်မေ့ဖွယ်စကား ပြောကြားကြပြီးလျှင် “အရှင်ဂေါတမသည် ရဟန်းသံဃာနှင့်တကွ ယနေ့အဖို့ အကျွန်ုပ်တို့၏ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားရှင်ကို ဖိတ်မန်စကား လျှောက်ထားကြလေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ပုဏ္ဏားတို့ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။

     ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားရှင်၏ လက်ခံတော်မူကြောင်းကို ကောင်းစွာသိကြ၍ မိမိတို့ တည်းခိုအိမ်သို့ သွားရောက်ကြပြီးလျှင် ထိုအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးသော် “အရှင်ဂေါတမ.. အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို လျှောက်ကြားစေကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူလျက် ရဟန်းအပေါင်းနှင့် အတူတကွ မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့၏ တည်းခိုအိမ်သို့ ကြွရောက်တော်မူ၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူ၏။ သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား အမှူးရှိသော ရဟန်း အပေါင်းကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲတင်းတိမ်၍ “တန်ပြီ”ဟု တားမြစ်သည်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးကြလေ၏။ ထို့နောက် သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတခုကို ယူကြ၍ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြကုန်၏။



၂၈၅

     သင့်လျောက်ပတ်ရာ အရပ်၌ ထိုင်နေကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏-

ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။

သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော။ (၁)


ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။

တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ။ (၂)


တတော နံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ ဩရသံ။

ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ။ (၃)

ဗြာဟ္မဏာ = သုနိဓနှင့် ၀ဿကာရပုဏ္ဏား အမတ်များတို့..။ ယသ္မိံ ပဒေသေ = အကြင်အရပ်၌။ ပဏ္ဍိတဇာတိယော = ပညာရှိငြား အမျိုးကောင်းသားသည်။ ဝါသံ = အိမ်ရာဆောက်လုပ် နေထိုင်ခြင်းကို။ ကပ္ပေတိ = ပြု၏။ ဧတ္ထ = ဤအရပ်၌။ သီလဝန္တေ = ကောင်းသော အကျင့်သီလနှင့် ပြည့်စုံကြကုန်သော။ သညတေ = ကိုယ်,နှုတ်,နှလုံး စောင့်သုံးကြကုန်သော။ ဗြဟ္မစာရယော = မြတ်သောအကျင့်ကို ကျင့်ကြံပေတတ် ပုဂ္ဂိုလ်မြတ်တို့ကို။ ဘောဇေတွာ = သဒ္ဓါရှေး ဆွမ်းကျွေးကြပြီးလျှင်။ (၁)

တတ္ထ = ထိုအိမ်ရာအရပ်၌။ ယာ ဒေဝတာ = အိမ်ရာစောင့်ကြပ် အကြင်နတ်တို့သည်။ အာသုံ = ထင်ရှားရှိကြကုန်၏။ တာသံ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့အား။ ဒက္ခိဏံ = မိမိလှူရ အလှူ၏ အဖို့ဘာဂကို။ အာဒိသေ = အမျှနှုတ်ခွန်း မြွက်ညွှန်းလှစ်ခြွေ ပေးဝေရာ၏။ ဧဝံ = ဤသို့ အမျှခွန်း ညွှန်းမြွက်သောထွေ ပေးဝေလတ်သည်ရှိသော်။ ပူဇိတာ = မိမိတို့က အမျှပေးလတ် ပူဇော်အပ်ကုန်သော။ တာ ဒေဝတာ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့သည်။ နံ = ထိုအိမ့်ရှင်ယောက်ျား အမျိုးသားကို။ ပူဇယန္တိ = ဘေးမရောက်အောင် စောင့်ရှောက်သောအားဖြင့်



၂၈၆

ပူဇော်တုံ့တဖန် ပူဇော်ကြပြန်ကုန်၏။ မာနိတာ = ဗလိနတ်စာ ပူဇာသက္ကာရမှု ပြုလုပ်တုံလတ် မိမိက မြတ်နိုးအပ်ကုန်သော။ တာ ဒေဝတာ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့သည်။ နံ = ထိုအိမ်ရှင်ယောက်ျား အမျိုးသားကို။ မာနယန္တိ = ဖြစ်ပေါ်လာသော ဘေးရန်ကို တွန်းလှန်ပယ်ချိုးသဖြင့် မြတ်နိုးတုံ့တဖန် မြတ်နိုးကြပြန်ကုန်၏။ (၂)

တတော = ထို့ကြောင့်။ မာတာ = အမိသည်။ ဩရသံ ပုတ္တံ =ရင်၌ပွေ့ထား ကြီးပွါးစေအပ်သော သားကို။ အနုကမ္ပန္တိ ဣ၀ = စောင့်ရှောက်သကဲ့သို့။ ဒေဝတာ = အိမ်ရာစောင့်ကြပ် နတ်တို့သည်။ နံ = ထိုပညာရှိငြား အမျိုးကောင်းသားကို။ အနုကမ္ပန္တိ = မေတ္တာရှေ့ထား သနားစောင့်ရှောက်ကြကုန်၏။ ဒေဝတာနုကမ္ပိတော = အိမ်စောင့်နတ်များ မေတ္တာထား၍ သနားစောင့်ရှောက်အပ်သော။ ပေါသော = ပညာရှိငြား အမျိုးသားသည်။ သဒါ = နေ့ညဉ့်ဆက်ကာ ခပ်သိမ်းသောအခါ၌။ ဘဒြာနိ = ကောင်းမြတ်ချမ်းသာ မင်္ဂလာတို့ကို။ ပဿတိ = နှစ်သက်ဖွယ်အလား ကြား,သိ,တွေ့,မြင်ရလေ၏။ (၃)

     ထိုအခါ မြတ်စွာဘုရားရှင်သည် မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသည့် သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့ကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူပြီးလျှင် နေရာမှထ၍ ကြွတော်မူ၏။

     ထိုစဉ်အခါ သုနိဓပုဏ္ဏားနှင့် ၀ဿကာရ ပုဏ္ဏားတို့သည် “ယနေ့ အရှင်ဂေါတမထွက်သွားရာ တံခါးကို ‘ဂေါတမတံခါး’ဟု တွင်စေမည်။ အရှင်ဂေါတမ ကူးသွားရာ ဂင်္ဂါမြစ်ဆိပ်ကို ‘ဂေါတမဆိပ်’ဟု တွင်စေမည်”ဟူ၍ ကြံရွယ်ကြလျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်တစိုက် လိုက်ကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရား ထွက်သွားရာတံခါးသည် ‘ဂေါတမတံခါး’ဟု အမည်တွင်လေ၏။ ထို့နောက် မြတ်စွာဘုရားသည်



၂၈၇

ဂင်္ဂါမြစ်သို့ ကြွရောက်တော်မူ၏။ ထိုစဉ်အခါ၌ ဂင်္ဂါမြစ်သည် ကမ်းမှာနား၍ ကျီးသောက်နိုင်လောက်အောင်ပင် ကမ်းနှင့်အညီ ရေပြည့်လျက်ရှိ၏။

     ကမ်းတဖက်မှ ကမ်းတဖက်သို့ သွားရောက်လိုသော အချို့သူတို့သည် လှေကို ရှာကုန်၏။ အချို့သူတို့သည် သစ်ဖောင်ကို ရှာကုန်၏။ အချို့သူတို့သည် ဝါးဖောင်ကို ဖွဲ့ကုန်၏။

     ထိုအခါ အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်သကဲ့သို့၎င်း, ဆန့်သောလက်ကို ကွေးသကဲ့သို၎င်း, ထို့အတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဖက်ကမ်းမှ ကွယ်တော်မူခဲ့၍ ထိုမှာဖက်ကမ်း၌ ရဟန်းအပေါင်းနှင့် အတူတကွ ထင်ရှား ဖြစ်တော်မူလေ၏။

     မြတ်စွာဘုရားသည် ကမ်းတဖက်မှ ကမ်းတဖက်သို့ သွားရောက်လိုကုန်၍ အချို့က လှေကိုရှာလျက်, အချို့က သစ်ဖောင်ကိုရှာလျက်, အချို့က ဝါးဖောင်ကိုဖွဲ့လျက်နေသော ထိုသူတို့ကို မြင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအချိန်တွင် ဤဆိုလတ္တံ့သော ဥဒါန်းစကားကို ကျူးရင့်တော်မူ၏-

ယေ တရန္တိ အဏ္ဏဝံ သရံ။

သေတုံ ကတွာ ဝိသဇ္ဇ ပလ္လလာနိ။

ကုလ္လံ ဟိ ဇနော ဗန္ဓတိ။။

တိဏ္ဏာ မေဓာဝိနော ဇနာ။

ယေ = အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဏ္ဏဝံ = အပြောကျယ်လျက် နက်လည်း နက်စွာထသော။ သရံ = တဏှာတည်းဟူသော မြစ်ကြီးကို။ တရန္တိ = ကူးကြကုန်၏။ တေ = ထိုအရိယာပုဂ္ဂိုလ်တို့သည်။ သေတုံ = အရိယမဂ်တည်းဟူသော တံတားကို။ ကတွာ = ဆောက်လုပ်ကြ၍။ ပလ္လလာနိ = သံသရာခေတ် တဏှာမြစ်ဝယ် ကျွံနစ်ရန်အကြောင်း ကိလေသာ ညွန်ပျောင်းတို့ကို။



၂၈၈

ပဟာယ = ပယ်စွန့်ကုန်လျက်။ တရန္တိ = ကူးသွားကြကုန်၏။ ဇနော ဟိ = မပြောပလောက် ဤဂင်္ဂါမြစ်မျှလောက်ကို ကူးမြောက်လိုတောင်း လူအပေါင်းသည်ကား။ ကုလ္လံ = ဖောင်ကို။ ဗန္ဓတိ = ဖွဲ့၍နေရ၏။ မေဓာဝိနော ဇနာ = ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်း ပညာရှိအပေါင်းတို့သည်ကား။ တိဏ္ဏာ = ဖောင်မဖွဲ့လစ် တဏှာမြစ်ကို ရှစ်ရပ်သော မဂ်တံတားဖြင့် ကူးသွားတော်မူကြကုန်ပြီ။

အရိယသစ္စာလေးပါးကို ဟောကြားတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာကို “ချစ်သားအာနန္ဒာ.. လာ, သွားကြစို့၊ ကောဋိရွာသို့ သွားကြကုန်အံ့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ဝန်ခံစကား လျှောက်ထား၍ ရှေးနည်းအတူ ရဟန်းတို့ကို စည်းဝေးစေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်းနှင့် အတူတကွ ကောဋိရွာသို့ ကြွရောက်တော်မူပြီးလျှင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ။(ဤ၌ မဟာပနာဒမင်း၏ ပြာသာဒ်စွန်း ကျရာဌာန၌ တည်သောရွာ ဖြစ်သောကြောင့် ထိုရွာ၏အမည်မှာ ကောဋိရွာဟု တွင်လေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို ဤဆိုလတ္တံ့သောအတိုင်း အရိယသစ္စာလေးပါး တရားကို ဟောကြားတော်မူ၏-

     “ရဟန်းတို့.. အရိယသစ္စာ လေးပါးတို့ကို လျော်ကန်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ရှည်လျားလှစွာ ဤသံသရာ ကာလပတ်လုံး ဘဝတခုမှ ဘဝတခုသို့ မရပ်မနား ပြေးသွားအပ်ခဲ့လေပြီ၊ ဘဝတခု၌ ထပ်ခါထပ်ခါ မရပ်မတည် ကျင်လည်ခဲ့အပ်လေပြီ။ အဘယ် လေးပါးတို့ကို မသိခြင်းကြောင့်နည်း ဟူမူကား-



၂၈၉

     ရဟန်းတို့.. ဆင်းရဲအမှန် (=ဒုက္ခအရိယသစ္စာ)ကို လျော်ကန်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ရှည်လျားလှစွာ ဤသံသရာ ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။ (၁)။ ရဟန်းတို့.. ဆင်းရဲဖြစ်ကြောင်းအမှန် (=သမုဒ္ဒယအရိယသစ္စာ)ကို (ပ) (၂)။ ရဟန်းတို့.. ဆင်းရဲချုပ်ရာအမှန် (=နိရောဓ အရိယသစ္စာ)ကို (ပ) (၃)။ ရဟန်းတို့.. ဆင်းရဲချုပ်ရာသို့ရောက်ကြောင်း လမ်းစဉ်အမှန် (=မဂ္ဂအရိယသစ္စာ)ကို လျော်ကန်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ရှည်လျားလှစွာ ဤသံသရာ ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

     ရဟန်းတို့.. ယခုအခါ ငါဘုရားသည် ထိုဆင်းရဲအမှန် (=ဒုက္ခအရိယသစ္စာ)ကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍လည်း သိအပ်ပြီ။ ထိုဆင်းရဲဖြစ်ကြောင်းအမှန် (=သမုဒယအရိယသစ္စာ)ကို ။ပ။ ထိုဆင်းရဲချုပ်ရာအမှန် (=နိရောဓ အရိယသစ္စာ)ကို ။ပ။ ထိုဆင်းရဲချုပ်ရာသို့ရောက်ကြောင်း လမ်းစဉ်အမှန် (=မဂ္ဂအရိယသစ္စာ)ကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍လည်း သိအပ်ပြီ၊ ဘဝ၌ တပ်မက်တတ်သော ဘဝတဏှာကို အကြွင်းမဲ့ အမြစ်ပြတ် ဖြတ်အပ်လေပြီ၊ ငါဘုရား၏ သန္တာန်ဝယ် ဘဝသစ်သို့ ဆွဲဆောင်တတ်သည့် ကြိုးနှင့်တူစွာ ဘဝတဏှာသည် ကုန်ခဲ့လေပြီ၊ ယခုအခါ ငါဘုရားအဖို့ရာ တဖန်ဘဝအသစ်၌ ဖြစ်ခြင်းမရှိ တော့ပြီ”ဟု ဟောကြားတော်မူ၏။ ။(ဤ၌ မဂ်၏ ရှေးအဖို့ လောကီဝိပဿနာဉာဏ်ဖြင့် သိခြင်းကို ပါဠိလို အနုဗောဓသိ, မြန်မာလို လျော်ကန်စွာ သိခြင်းဟု ခေါ်၏။ မဂ်ဉာဏ်ဖြင့် ကိလေသာကို ဖြိုခွဲဖျက်ဆီး ဖောက်ထွင်းပြီး သိခြင်းကို ပါဠိလို ပဋိဝေဓသိ, မြန်မာလို ထိုးထွင်း၍ သိခြင်းဟု ခေါ်၏)။

     မြတ်စွာဘုရားရှင်သည် ဤစကားကို မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော စကားကိုလည်း မိန့်တော်မူပြန်၏-



၂၉၀

“စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဒဿနာ။

သံသိတံ ဒီဃမဒ္ဓါနံ၊ တာသု တာသွေဝ ဇာတိသု။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ စတုန္နံ = လေးပါးကုန်သော။ အရိယသစ္စာနံ = အရိယာအဖြစ်ကို စင်စစ်ပြုတတ်သည့် လေးရပ်သစ္စာ နက်နဲစွာတို့ကို။ ယထာဘူတံ = မဖောက်မပြန် အမှန်အတိုင်း။ အဒဿနာ = ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် ဝေဘန်ထိုးထွင်း မသိမမြင်ခြင်းကြောင့်။ ဒီဃမဒ္ဓါနံ = ရှည်လျားလှစွာ သံသရာကာလပတ်လုံး။ တာသု တာသွေဝ ဇာတိသု = ထိုထိုယုတ်မြတ် ဘဝဇာတ်တို့၌သာလျှင်။ သံသိတံ = မရပ်မတည် ကျင်လည်အပ်ခဲ့လှလေပြီ။

တာနိ ဧတာနိ ဒိဋ္ဌာနိ၊ ဘဝနေတ္တိ သမူဟတာ။

ဥစ္ဆိန္နံ မူလံ ဒုက္ခဿ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ မယာ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ တာနိ ဧတာနိ = ထိုလေးရပ်သစ္စာ နက်နဲစွာတို့ကို။ ဒိဋ္ဌာနိ = ကိစ္စလေးထောက် အရဟတ္တဖိုလ်တိုင်ရောက်အောင် ပြီးမြောက်ကုန်စင် သိမြင်အပ်ကုန်ပြီ။ ဘဝနေတ္တိ = ဘဝလွန်ကြိုး တဏှာဆိုးကို။ သမူဟတာ = ကောင်းစွာပယ်ဖျောက် နုပ်နုပ်ဖြတ်တောက်အပ်လေပြီ။ ဒုက္ခဿ = စက်သံသာရ ၀ဋ်ဒုက္ခ၏။ မူလံ = ဖြစ်စေတုံလျှင်း အကြောင်းရင်း တဏှာလောဘကို။ ဥစ္ဆိန္နံ = အနုသယ အမြစ်မကျန် ပယ်လှန် ဖြတ်တောက်အပ်လေပြီ။ မေ = လူသုံးပါးတို့၏ဆရာ ဘုရားငါ၏ အဖို့ရာ။ ပုနဗ္ဘဝေါ = တဖန်ဘဝသစ်ဝယ် ဖြစ်ရခြင်း ပဋိသန္ဓေသည်။ နတ္ထိ = တစိုးတစိ မရှိတော့ပြီ” -

ဤတရားဂါထာကိုလည်း ဟောတော်မူပြန်၏။



၂၉၁

     မြတ်စွာဘုရားရှင်သည် ထိုကောဋိရွာ၌ နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး,အာနိသင်ရှိ၏၊ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဤတရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏။

နာတိကရွာသို့ ကြွတော်မူ၍

ဆုတ်နစ်ခြင်းသဘောမရှိ အထက်မဂ်လျှင် လားရာရှိသူတို့ကို

ဟောတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် ကောဋိရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ နာတိကရွာသို့ သွားရောက်ကြကုန်အံ့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ဝန်ခံစကား လျှောက်ထား၍ ရှေးနည်းအတူ ရဟန်းတို့ကို စည်းဝေးစေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်းနှင့် အတူတကွ နာတိကရွာသို့ ကြွရောက်တော်မူပြီးလျှင် ထိုနာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ။(ဤ၌ တဖက်ဆည်ကန်ကြီးတခုကို အမှီပြု၍ ဘကြီး, ဘထွေး (=ညီအစ်ကိုနှစ်ဦး)တို့၏ သားနှစ်ယောက်တို့ ဦးဆောင်တည်သော ရွာနှစ်ရွာတို့ ရှိကြ၏၊ ထိုရွာတို့ကို ဉာတိကရွာ = ဆွေမျိုးရွာဟု ဆိုလိုလျက် ဉ-အက္ခရာကို



၂၉၂

န-အက္ခရာပြု၍ နာတိကရွာဟူ၍ ခေါ်ဆို၏။ ထိုနာတိကရွာ နှစ်ရွာရှိကြသည့်အနက် တရွာ၌ အုတ်ကျောင်းတော်ဝယ် ဘုရားရှင် သီတင်းသုံး နေထိုင်တော်မူသည်)။

     ထိုအခါ အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက် မေးမြန်းလျှောက်ထားသည်မှာ-

“မြတ်စွာဘုရား.. နာတိကရွာ၌ သာဠမည်သော ရဟန်းသည် စုတေသွားပါ၏၊ ထိုရဟန်း၏ လားရာ = ဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

မြတ်စွာဘုရား.. နာတိကရွာ၌ နန္ဒာမည်သော ရဟန်းမိန်းမသည် စုတေသွားပါ၏၊ ထိုရဟန်းမိန်းမ၏ လားရာ = ဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ် ပါနည်း။

မြတ်စွာဘုရား.. နာတိကရွာ၌ သုဒတ္တမည်သော ဥပါသကာသည် စုတေသွားပါ၏၊ ထိုဥပါသကာ၏ လားရာ = ဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။

မြတ်စွာဘုရား.. နာတိကရွာ၌ သုဇာတာမည်သော ဥပါသိကာမသည် စုတေသွားပါ၏။ ထိုဥပါသိကာမ၏ လားရာ = ဂတိကား အဘယ်ပါနည်း၊ တမလွန်ဘ၀ကား အဘယ်ပါနည်း။

မြတ်စွာဘုရား.. နာတိကရွာ၌ ကုက္ကုဋမည်သော ဥပါသကာသည် ။ပ။ ကာဠိမ္ဗမည်သော ဥပါသကာသည် ။ပ။ နိကဋမည်သော ဥပါသကာသည် ။ပ။ ကဋိဿဟမည်သော ဥပါသကာသည် ။ပ။ တုဋ္ဌမည်သော ဥပါသကာသည် ။ပ။ သန္တုဋ္ဌမည်သော ဥပါသကာသည် ။ပ။ ဘဒ္ဒမည်သော ဥပါသကာသည် ။ပ။ သုဘဒ္ဒမည်သော ဥပါသကာသည် စုတေသွားပါ၏။ ထိုဥပါသကာ၏

၂၉၃

လားရာ = ဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”-

ဤကဲ့သို့ မေးမြန်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရား အစဉ်အတိုင်း ဖြေကြားတော်မူသည်မှာ-

“ချစ်သားအာနန္ဒာ.. သာဠမည်သော ရဟန်းသည် အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သည့် အရဟတ္တဖိုလ်သမာဓိနှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေသော ရဟန္တာပေတည်း။

ချစ်သားအာနန္ဒာ.. နန္ဒာမည်သော ရဟန်းမိန်းမသည် အောက်ကာမဘုံ၌ ပဋိသန္ဓေတည်နေခြင်း အဖို့ရှိသည့် ဩရမ္ဘာဂိယသံယောဇဉ် ၅-မျိုးတို့ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလိမ့်မည့် ထိုဘုံမှ (အောက်ကာမဘုံသို့) ပြန်နစ်ခြင်း သဘောမရှိသော အနာဂါမ်အရိယာပေတည်း။

ချစ်သားအာနန္ဒာ.. သုဒတ္တမည်သော ဥပါသကာသည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ တည်းဟူသော) သံယောဇဉ်အနှောင်အဖွဲ့ သုံးမျိုးတို့ အကြွင်းမဲ့ ကုန်သည့်ပြင် တပ်မက်ခြင်း = ရာဂ, အမျက်ထွက်ခြင်း = ဒေါသ, တွေဝေခြင်း = မောဟတို့ ခေါင်းပါးလှခြင်းကြောင့် ထိုလူ့ပြည်သို့ တကြိမ်သာ ပဋိသန္ဓေ အနေလာ၍ ဆင်းရဲ၏အဆုံးကို ပြုလိမ့်မည်ဖြစ်သော သကဒါဂါမ် အရိယာပေတည်း။

ချစ်သားအာနန္ဒာ.. သုဇာတာမည်သော ဥပါသိကာမသည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ တည်းဟူသော) သံယောဇဉ်အနှောင်အဖွဲ့ သုံးမျိုးတို့



၂၉၄

အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော အလျှင်းမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် နောက်ဆုံး လားရောက်ရာရှိသော သောတာပန် အရိယာပေတည်း။

ချစ်သားအာနန္ဒာ.. ကုက္ကုဋမည်သော ဥပါသကာသည် ။ပ။ ကာဠိမ္ဗမည်သော ဥပါသကာသည် ။ပ။ နိကဋမည်သော ဥပါသကာသည် ။ပ။ ကဋိဿဟမည်သော ဥပါသကာသည် ။ပ။ တုဋ္ဌမည်သော ဥပါသကာသည် ။ပ။ သန္တုဋ္ဌမည်သော ဥပါသကာသည် ။ပ။ ဘဒ္ဒမည်သော ဥပါသကာသည် ။ပ။ သုဘဒ္ဒမည်သော ဥပါသကာသည် အောက်ကာမဘုံ၌ ပဋိသန္ဓေတည်နေခြင်း အဖို့ရှိသည့် ဩရမ္ဘာဂိယသံယောဇဉ် ၅-မျိုးတို့ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလိမ့်မည့် ထိုဘုံမှ အောက် ကာမဘုံသို့ ပြန်နစ်ခြင်း သဘောမရှိသော အနာဂါမ် အရိယာပေတည်း။

ချစ်သားအာနန္ဒာ.. နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ငါးကျိပ်ကျော်တို့သည် အောက်ကာမဘုံ၌ ပဋိသန္ဓေတည်နေခြင်း အဖို့ရှိသည့် ဩရမ္ဘာဂိယ သံယောဇဉ် ၅-မျိုးတို့ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလိမ့်မည့် အောက်ကာမဘုံသို့ ပြန်နစ်ခြင်းသဘောမရှိသော အနာဂါမ် အရိယာတို့ပေတည်း။

ချစ်သားအာနန္ဒာ.. နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ကိုးကျိပ်ကျော်တို့သည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ တည်းဟူသော) သံယောဇဉ် အနှောင်အဖွဲ့ သုံးမျိုးတို့ အကြွင်းမဲ့ကုန်သည့်ပြင် တပ်မက်ခြင်း = ရာဂ, အမျက်ထွက်ခြင်း = ဒေါသ, တွေဝေခြင်း = မောဟတို့ ခေါင်းပါးလှခြင်းကြောင့် ဤလူ့ပြည်သို့



၂၉၅

တကြိမ်သာ ပဋိသန္ဓေ အနေလာ၍ ဆင်းရဲ၏အဆုံးကို ပြုလိမ့်မည်ဖြစ်သော သကဒါဂါမ် အရိယာတို့ပေတည်း။

ချစ်သားအာနန္ဒာ.. နာတိကရွာမှ စုတေသွားကြသော ဥပါသကာ ငါးရာကျော်တို့သည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ တည်းဟူသော) သံယောဇဉ်အနှောင်အဖွဲ့ သုံးမျိုးတို့ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော အလျှင်းမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် နောက်ဆုံး လားရာရှိသော သောတာပန် အရိယာတို့ပေတည်း။

ဓမ္မာဒါသ ဓမ္မပရိယာယ = ကြေးမုံတရားကို

ဟောတော်မူခြင်း

ချစ်သားအာနန္ဒာ.. ဤသေသွားသူ၏ လားရာ = ဂတိနှင့် တမလွန်ဘဝ အကြောင်းအရာကို ပြောကြားမှုသည် တရားနှင့် ပြည့်စုံသူတိုင်း ကိုယ်တိုင်ပင် ပြုလုပ်နိုင်သော အမှုဖြစ်၍ ဘုရားရှင်ကိုယ်တိုင် ဆောင်ရွက် ရလောက်အောင် ခက်ခဲသော အံ့ဖွယ်အထူးအဆန်း မဟုတ်၊ ချစ်သားအာနန္ဒာ.. လူသေတိုင်း သေတိုင်းပင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤအကြောင်းအရာကို မေးမြန်းနေကြလျှင် မြတ်စွာဘုရားအား ပင်ပန်းစေရုံမျှသာ ဖြစ်ရာ၏။

ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား အကြင် ကြေးမုံတရားနှင့် ပြည့်စုံသော အရိယသာဝကသည် ပြောကြားလိုပါမူ “ငါသည် ငရဲဂတိ ကုန်ပြီးသူဖြစ်၏၊ တိရစ္ဆာန်ဂတိ ကုန်ပြီးသူဖြစ်၏၊ ပြိတ္တာဂတိ ကုန်ပြီးသူဖြစ်၏။ ကြီးပွါးချမ်းသာခြင်း ကင်းရာ ဒုက္ခ၏မှီခိုရာ ဖရိုဖရဲ ပြိုကွဲပျက်စီး၍ ကျရောက်ရာ အပါယဂတိ ကုန်ပြီးသူဖြစ်၏။ ငါသည် သောတာပန်ဖြစ်ပြီ၊ ပျက်စီးကျရောက်ခြင်းသဘော မရှိပြီ၊ ကိန်းသေမြဲသူ ဖြစ်လေပြီ၊ အထက်မဂ်သုံးပါးလျှင် နောက်ဆုံး လားရာရောက်ရာရှိသူ ဖြစ်လေပြီ”ဟု မိမိကိုယ်တိုင်ပင်



၂၉၆

မိမိအကြောင်းကို ပြောကြားနိုင်ပေ၏။ ထိုကြေးမုံတရားမည်သော ဒေသနာတော်ကို ဟောကြားပေအံ့၊ ချစ်သားအာနန္ဒာ.. ကြေးမုံတရားမည်သော ထိုဒေသနာကား အဘယ်နည်း-

ချစ်သားအာနန္ဒာ.. ဤသာသနာတော်၌ အရိယသာဝက (=ငါဘုရား၏ တပည့်သား, တပည့်မ)သည်-

‘ထိုမြတ်စွာဘုရားသည် ဤသို့ ဤသို့သော အကြောင်းကြောင့် အရဟံဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏၊ သမ္မာသမ္ဗုဒ္ဓဂုဏ်, ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်, သုဂတဂုဏ်, လောကဝိဒူဂုဏ်, အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်, သတ္ထာဒေ၀မနုဿာနံဂုဏ်, ဗုဒ္ဓဂုဏ်, ဘဂဝဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏’ဟု ဘုရားမြတ်စွာ ရတနာ၌ ကျေးဇူးဂုဏ်တို့ကို ဉာဏ်ဖြင့်သက်ဝင် တွေ့မြင်သိရှိကာ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ (၁)

‘မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် အပြစ်ကင်းကွာ ကောင်းစွာ ဟောကြားအပ်သဖြင့် သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပါပေ၏၊ မျက်မှောက်ဘဝ အကျိုးရနိုင်သဖြင့် သန္ဒိဋ္ဌိကဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏၊ အခါမလင့် အကျိုးပေးတတ်သဖြင့် အကာလိကဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏။ လာလှည့် ရှုလှည့် ကျင့်ကြံလှည့်ဟု ဖိတ်ခေါ်ကာပြထိုက်သဖြင့် ဧဟိပဿိကဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ သွင်းထားထိုက်သဖြင့် ဩပနေယျိကဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏၊ အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သဖြင့် ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏’ဟု တရားရတနာ၌ ကျေးဇူးဂုဏ်ကို ဉာဏ်ဖြင့်သက်ဝင် တွေ့မြင်သိရှိကာ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ (၂)



၂၉၇

‘မြတ်စွာဘုရား၏ တပည့်သား သာဝက သံဃာတော်သည် အဓိသီလ, အဓိစိတ္တ, အဓိပညာ = သိက္ခာသုံးရပ် တည်းဟူသော အလွန်ကောင်းမြတ်သည့် ပဋိပတ်ဂုဏ်, အလွန်ဖြောင့်မတ်သည့် ပဋိပတ်ဂုဏ်, အလွန်သင့်မြတ်သည့် ပဋိပတ်ဂုဏ်, ရိုသေလေးစားအပ်သည့် ပဋိပတ်ဂုဏ် = ဤအကြောင်းဖြစ်သော ကျေးဇူးဂုဏ်လေးပါးတို့နှင့် ပြည့်စုံသည့်ပြင် အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါး အရေအတွက်ရှိသော ထိုမြတ်စွာဘုရား၏ တပည့်သား သာဝက သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်သောဂုဏ်, ဧည့်သည်တို့အတွက် စီမံထားသော ဝတ္ထုကိုသော်လည်း (ဧည့်သည်ကို ခေတ္တဆိုင်းထား၍) ပေးလှူပူဇော်ရန် ထိုက်တန်သောဂုဏ်, တမလွန်အတွက် ရည်မြော်သော အလှူကို ခံယူထိုက်သောဂုဏ်, လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်, သတ္တဝါအပေါင်းတို့၏ ကောင်းမှုပြုရန် အမြတ်ဆုံးသော လယ်မြေသဖွယ်ဖြစ်သောဂုဏ် = ဤအကျိုးဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံတော်မူပါပေ၏’ဟု သံဃာရတနာ၌ ကျေးဇူးဂုဏ်တို့ကို ဉာဏ်ဖြင့်သက်ဝင် တွေ့မြင်သိရှိကာ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ (၃)

တဏှာ၏ ကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော, ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော, မှားယွင်းစွာ မသုံးသပ်အပ်ကုန်သော, သမာဓိကို ဖြစ်စေတတ်ကုန်သော, မကျိုး, မပေါက်, မကျား, မပြောက်ကုန်သော, အရိယာတို့ မြတ်နိုးအပ်သည့် သီလတို့နှင့် ပြည့်စုံ၏။ (၄)

ချစ်သားအာနန္ဒာ.. အကြင် ဆိုအပ်ပြီးသည့် ကြေးမုံတရား ၄-ပါးနှင့် ပြည့်စုံသော အရိယသာဝကသည် ပြောကြားလိုပါမူ “ငါသည် ငရဲဂတိ ကုန်ပြီးသူဖြစ်၏၊ တိရစ္ဆာန်ဂတိ ကုန်ပြီးသူဖြစ်၏၊ ပြိတ္တာဂတိ ကုန်ပြီးသူဖြစ်၏၊



၂၉၈

ကြီးပွါးချမ်းသာခြင်း ကင်းရာ, ဒုက္ခ၏မှီခိုရာ ဖရိုဖရဲ ပြိုကွဲပျက်စီး၍ ကျရောက်ရာ အပါယဂတိ ကုန်ပြီးသူဖြစ်၏၊ ငါသည် သောတာပန်ဖြစ်ပြီ၊ ပျက်စီးကျရောက်ခြင်းသဘော မရှိပြီ၊ ကိန်းသေမြဲသူ ဖြစ်လေပြီ၊ အထက်မဂ်သုံးပါးလျှင် နောက်ဆုံးလားရာ ရောက်ရာရှိသူ ဖြစ်လေပြီ”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြားနိုင်ပေ၏။ ကြေးမုံတရားမည်သော ထိုဒေသနာကား ဤသည်ပင်တည်း”–

ဟု မိန့်တော်မူ၏။

     မြတ်စွာဘုရားရှင်သည် ထိုနာတိကရွာ အုတ်ကျောင်းတော်၌ နေတော်မူစဉ်လည်း ရှေး ဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏၊ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဤတရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏။

ဝေသာလီပြည် အမ္ဗပါလီသရက်ဥယျာဉ်သို့

ကြွတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် နာတိကရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ဝေသာလီပြည်သို့ သွားရောက်ကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ဝန်ခံစကား လျှောက်ထား၍ ရှေးနည်းအတူ ရဟန်းတို့ကို စည်းဝေးစေလ၏။



၂၉၉

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ ဝေသာလီပြည်သို့ ကြွရောက်တော်မူပြီးလျှင် ထိုဝေသာလီပြည်ဝယ် အမ္ဗပါလီ ပြည့်တန်းဆာမ၏ သရက်ဥယျာဉ်အရာမ်၌ သီတင်းသုံးနေတော်မူ၏။

     ထိုအချိန်၌ မြတ်စွာဘုရား၏ နောက်တော်ပါ ရဟန်းပေါင်း များစွာတို့အနက် ငါးရာမျှသော ရဟန်းတို့သည် အသက်အရွယ် နုနယ်သူများ ဖြစ်ကြသည့်ပြင် ရဟန်းပြု၍လည်း မကြာသေးသူများ ဖြစ်ကြ၏။ လုံ့လဝီရိယ လျော့ပါးသူများလည်း ဖြစ်ကြ၏။ မကြာမြင့်မီ အချိန်မှာပင် အမ္ဗပါလီ ပြည့်တန်းဆာမသည်လည်း မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်လိမ့်မည် ဖြစ်၏။ ထိုသို့ လာရောက်လျှင် အမ္ဗပါလီ ပြည့်တန်းဆာမကို ကြည့်ရှုရာ၌ ထိုရဟန်းငယ်ငါးရာတို့ သတိထားနိုင်ကြစိမ့်သောငှါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ကြိုတင်၍ သတိပေးသောအနေဖြင့်-

“ရဟန်းတို့.. ရဟန်းသည် သတိရှိလျက် ဆင်ခြင်လျက် နေရာ၏၊ ဤကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမပေတည်း။

ရဟန်းတို့.. အဘယ်သို့လျှင် ရဟန်းသည် သတိရှိရာသနည်း။ ရဟန်းတို့.. ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်ကိုယ်၌ ရုပ်ကိုယ်ဟု အဖန်ဖန်ရှုလျက် လောက၌ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ခံစားမှု = ဝေဒနာတို့၌ ခံစားမှု = ဝေဒနာဟု အဖန်ဖန်ရှုလျက် (ပ)။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် (ပ)။ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ရဟန်းတို့.. ဤသို့လျှင် ရဟန်းသည် သတိရှိပေ၏။



၃၀၀

ရဟန်းတို့.. အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်သနည်း။ ရဟန်းတို့.. ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူ (တည့်တည့်)ကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်, သပိတ်, သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ, သောက်ရာ, ခဲရာ, လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ကျင်ကြီး,ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ သွားရာ, ရပ်ရာ, ထိုင်ရာ, အိပ်ရာ, နိုးရာ, ပြောရာ, ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ရဟန်းတို့.. ဤသို့လျှင် ရဟန်းသည် ဆင်ခြင်လျက် နေရာ၏။

ရဟန်းတို့.. ရဟန်းသည် သတိရှိလျက် ဆင်ခြင်လျက် နေရာ၏၊ ဤကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမပေတည်း”-

ဟု မိန့်တော်မူ၏။

ဘုရားထံသို့ အမ္ဗပါလီ လာရောက်ဆည်းကပ်ခြင်း

     အမ္ဗပါလီ ပြည့်တန်းဆာမသည် မြတ်စွာဘုရားရှင် ဝေသာလီပြည်သို့ ဆိုက်ရောက်၍ မိမိ၏ သရက်ဥယျာဉ်၌ နေတော်မူကြောင်းကို ကြားသိလေလျှင် အလွန့်အလွန် ကောင်းမွန်သော ယာဉ်တို့ကို က-စေ၍ ကောင်းမွန်သော ယာဉ်ကိုစီးလျက် အလွန့်အလွန် ကောင်းမွန်သော အရံယာဉ်တို့နှင့်တကွ ဝေသာလီပြည်မှ ထွက်ခဲ့၍ မိမိအရာမ် ဥယျာဉ်ဆီသို့ သွားလေ၏။ ယာဉ်ဖြင့် သွားသင့်သမျှသောအရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှသက်ပြီးသော် ခြေလျင်သာလျှင် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် အပြစ်လွတ်ရာ တခုသောနေရာ၌ ထိုင်နေလေ၏။



၃၀၁

     ယင်းသို့ အပြစ်လွတ်ရာ တခုသောနေရာ၌ ထိုင်နေသော အမ္ဗပါလီ ပြည့်တန်းဆာမကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက်, တရားကို ဆောက်တည်စေကာ, တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်က တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက်, တရားကို ဆောက်တည်စေကာ, တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေအပ်ပြီးသော အမ္ဗပါလီ ပြည့်တန်းဆာမသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ရဟန်းအပေါင်းနှင့်တကွ နက်ဖြန်အဖို့ တပည့်တော်မ၏ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေသဖြင့် အမ္ဗပါလီ၏ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။

     ထိုအခါ အမ္ဗပါလီ ပြည့်တန်းဆာမသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးလျက် ဖဲခွါသွားလေ၏။

လိစ္ဆဝီမင်းတို့ မြတ်စွာဘုရားရှင်ကို အဖူးအမြော်

လာရောက်ကြခြင်း

     ဝေသာလီပြည်၌ နေကုန်သော လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားရှင် ဝေသာလီပြည်သို့ ဆိုက်ရောက်၍ အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ နေတော်မူကြောင်းကို ကြားသိကြလေလျှင် အလွန့်အလွန် ကောင်းမွန်သော ယာဉ်တို့ကို က-စေကြ၍ ကောင်းမွန်သော ယာဉ်တို့ကို စီးကြလျက် အလွန့်အလွန် ကောင်းမွန်သော အရံယာဉ်တို့နှင့်တကွ ဝေသာလီပြည်မှ ထွက်ခဲ့ကြလေကုန်၏။

     ထိုလိစ္ဆဝီမင်းတို့အနက် အချို့သော လိစ္ဆဝီမင်းတို့သည် ညိုသောအဝတ်, ညိုသော တန်းဆာ ရှိကြ၍ ညိုသော အဆင်းအရောင် ရှိကုန်၏။ အချို့သော လိစ္ဆဝီမင်းတို့သည် ဝါသောအဝတ်, ဝါသော တန်းဆာ ရှိကြ၍ ဝါသော အဆင်းအရောင် ရှိကုန်၏။ အချို့သော လိစ္ဆဝီမင်းတို့သည် နီသောအဝတ်, နီသော တန်းဆာ ရှိကြ၍ နီသော အဆင်းအရောင် ရှိကုန်၏။



၃၀၂

အချို့သော လိစ္ဆဝီမင်းတို့သည် ဖြူသောအဝတ်, ဖြူသော တန်းဆာ ရှိကြ၍ ဖြူသော အဆင်းအရောင် ရှိကုန်၏။

(ဤ၌- လိစ္ဆဝီမင်းတို့၏ ပကတိအဆင်းကား ညိုသည်မဟုတ်။ ညိုသော အဆင်းရှိသော နံ့သာပျောင်းကို လိမ်းကျံထားအပ်သောကြောင့် ထိုမင်းတို့၏ အဆင်းအရောင်သည် နီလာရောင်ထွက်ကာ ညို၍ နေကုန်၏။ ထိုမင်းတို့၏ ဝတ်စုံများမှာလည်း ညိုသော အဆင်းရှိသော ဝတ်စုံများသာ ဖြစ်သည့်အပြင် ညိုသော အဆင်းရှိသော ကျောက်မျက်ရတနာ ညိုသောပန်းတို့ဖြင့် ထိုမင်းတို့ကိုယ်မှာ တန်းဆာဆင်၍ ထားအပ်ပေ၏။ ထိုမင်းတို့၏ ရထားများမှာလည်း နီလာကျောက်တို့ဖြင့် ခြယ်စီအပ်၍ ညိုသော အဝတ်တို့ဖြင့် ဖုံးအုပ်အပ်ကုန်သည့်ပြင် ညိုသောအလံတို့ကို တလူလူ လွှင့်ထူအပ်ကုန်လျက် ညိုသော ချပ်ဝတ်တန်းဆာ ဆင်ယင်အပ်သည့် မြင်းတို့ဖြင့် က-အပ်ကုန်၏။ ကြိမ်တို့မှာလည်း ညိုသောအဆင်း ရှိကုန်၏။ ဤနည်းဖြင့် ကျန်သော ဝါသောအဆင်း, နီသောအဆင်း, ဖြူသောအဆင်း ရှိရာတို့၌လည်း အနက်ကို သိအပ်၏)။

     ထိုအခါ အမ္ဗပါလီ ပြည့်တန်းဆာမသည် အသက်အရွယ် ငယ်ကုန် ငယ်ကုန်သော လိစ္ဆဝီမင်းတို့၏ ရထားတို့ကို မိမိရထားနှင့် ဝင်ရိုး ဝင်ရိုးချင်း, ဘီး ဘီးချင်း, ထမ်းပိုး ထမ်းပိုးချင်း တိုက်ခိုက်စေ၏။ ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် အမ္ဗပါလီ ပြည့်တန်းဆာမကို “ဟယ် အမ္ဗပါလီ.. မယ်မင်းသည် အသက်အရွယ် ငယ်ကုန် ငယ်ကုန်သော လိစ္ဆဝီမင်းတို့၏ ရထားတို့ကို မယ်မင်း၏ ရထားနှင့် ဝင်ရိုး ဝင်ရိုးချင်း, ဘီး ဘီးချင်း, ထမ်းပိုး ထမ်းပိုးချင်း အဘယ့်ကြောင့် တိုက်ခိုက်စေဘိသနည်း”ဟု မေးမြန်း ပြောဆိုကြကုန်၏။ ထိုအခါ အမ္ဗပါလီ ပြည့်တန်းဆာမသည် လိစ္ဆဝီမင်းတို့ကို “အရှင့်သားတို့.. ရဟန်းအပေါင်းနှင့်တကွ မြတ်စွာဘုရားရှင်ကို နက်ဖြန်ခါ ဆွမ်းဘုဉ်းပေးရန် အကျွန်ုပ် ပင့်ဖိတ်အပ်ခဲ့ပြီ။ ထို့ကြောင့် တိုက်ခိုက်စေပါသည်”ဟု ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ လိစ္ဆဝီမင်းများက “ဟယ် အမ္ဗပါလီ.. ထိုဆွမ်းကို အသပြာတသိန်းဖြင့် ငါတို့အား ပေးပါလော့”ဟု တောင်းခံစကား ပြောကြားကြလေလျှင် အမ္ဗပါလီ ပြည့်တန်းဆာမသည် “အရှင့်သားတို့.. စားကျေး = တိုင်းခရိုင်နှင့်တကွ



၃၀၃

ဝေသာလီပြည်ကိုပင် အကျွန်ုပ်အား ပေးကြစေကာမူ ထိုဆွမ်းကို အကျွန်ုပ် မပေးနိုင်ပါ”ဟု ရဲရဲတောက်စကား ပြန်ကြားပြောဆိုလေ၏။ ထိုအခါ လိစ္ဆဝီမင်းတို့သည် “ငါတို့ကို မိန်းမငယ်က နိုင်သွားလေပြီ အမောင်တို့..၊ ငါကို မိန်းမငယ်က နိုင်သွားလေပြီ အမောင်တို့..”ဟု ပြောဆိုကုန်လျက် လက်ဖျားကို ခါကြကုန်၏။

     ထို့နောက် ထိုလိစ္ဆဝီမင်းတို့သည် အမ္ဗပါလီ ပြည့်တန်းဆာမ၏ သရက်ဥယျာဉ်ရှိရာသို့ ရထားတို့ကို မောင်းနှင်၍ သွားကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် အစုလိုက် အငန်းလိုက် ခမ်းနားကြီးကျယ်စွာ လာနေကြသော ထိုလိစ္ဆဝီမင်းတို့ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့ကို-

“ရဟန်းတို့.. တာဝတိံသာနတ်တို့ကို မမြင်ဘူးသော ရဟန်းတို့သည် လိစ္ဆဝီမင်းပရိသတ်ကို ကြည့်ရှုကုန်လော့၊ လိစ္ဆဝီမင်းပရိသတ်ကို အဖန်ဖန် ကြည့်ရှုကုန်လော့၊ လိစ္ဆဝီမင်းပရိသတ်ကို တာဝတိံသာ နတ်ပရိသတ်နှင့် အတူထား၍ ကြည့်ရှုကုန်လော့”-

ဟု တိုက်တွန်းစကား မိန့်ကြားတော်မူလေ၏။

(ဤ၌ “လိစ္ဆဝီမင်းပရိသတ်ကို တာဝတိံသာ နတ်ပရိသတ်နှင့် အတူထား၍ ကြည့်ရှုကုန်လော့”ဟူသော ဤမိန့်ကြားတော်မူချက်သည် ရဟန်းတို့ကို သုဘနိမိတ်ဟု စွဲယူရန် တိုက်တွန်းခြင်း မဟုတ်ပါပေ၊ စင်စစ်သော်ကား “ဤလိစ္ဆဝီမင်းတို့၏ ဣဿရိယ မင်းစည်းစိမ်သည် နတ်စည်းစိမ်နှင့် တူလှပေ၏”ဟု (ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ တည်းဟူသော) အနုပုဒ္ဓိကထာ- တရားဒေသနာ ဟောစဉ်တွင် သဂ္ဂကထာကဲ့သို့သော တရားဒေသနာသာ ဖြစ်၏။ သို့သော်လည်း ထိုတရားနာ ရဟန်းတို့အနက် အချို့သော ရဟန်းတို့အဖို့ရာ ထိုစကားရပ်၌ သုဘနိမိတ်ဟု စွဲယူမှုလည်း ဖြစ်နိုင်လေရာ၏။ သို့ရကား ဤမိန့်ကြားတော်မူချက်၌-

“မြတ်စွာဘုရားရှင်သည် သုတ္တန်ရာပေါင်း များစွာတို့ဖြင့် စက္ခု-စသည်တို့၏ ရူပါရုံ-စသည်တို့၌ သုဘနိမိတ်- စသည် စွဲယူမှုကို တားမြစ်တော်မူပါလျက် ဤအရာသို့ကျမှ အဘယ့်ကြောင့် ကြီးစွာသော လုံ့လဖြင့် သုဘနိမိတ်ဟု စွဲယူရန် တိုက်တွန်းတော်မူပါသနည်း”ဟု မေးရန်ရှိ၏။



၃၀၄

အဖြေကား- “ရဟန်းတို့၏ အကျိုးစီးပွါးကို လိုလားတော်မူသောကြောင့်” တိုက်တွန်းတော်မူသည်။ ချဲ့ဦးအံ့- ထိုတရားနာရဟန်းပေါင်း များစွာတို့တွင် အချို့သောရဟန်းတို့သည် သမ္မာပဋိပတ်၌ ဆုတ်နစ်သော လုံ့လဝီရိယ ရှိကြကုန်၏၊ ထိုရဟန်းတို့အား ဣဿရိယ မင်းစည်းစိမ်ဖြင့် ဖြားယောင်း သွေးဆောင်တော်မူလိုသည်ဖြစ်၍ “မမေ့မလျော့ ရဟန်းတရားကို ပွါးများကုန်သူတို့ အဖို့ရာ ဤသို့သော ဣဿရိယ မင်းစည်းစိမ်ကို အလွယ်တကူ ရနိုင်ပေ၏”ဟု ညွှန်ပြတော်မူကာ (အရှင်နန္ဒမထေရ်အား အကျိုးစီးပွါးကို လိုလားတော်မူသောကြောင့် နတ်ရွာစည်းစိမ်ကို ပြတော်မူခြင်းကဲ့သို့ပင်) ဤ၌လည်း ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြစေရန် ဤကဲ့သို့ ဟောတော်မူသည်။

ထို့ပြင်လည်း “ထိုလိစ္ဆဝီမင်းတို့၏ စည်းစိမ်နှင့် ဆက်စပ်၍ ရဟန်းတို့အဖို့ရာ အနိစ္စလက္ခဏာ ထင်ရှားရန်လည်း” ထိုကဲ့သို့ ဟောတော်မူသည်။ ချဲ့ဦးအံ့- ထိုလိစ္ဆဝီမင်း အားလုံးတို့သည်ပင် နောက်အခါ မကြာမြင့်မီ အဇာတသတ်မင်း၏ တိုက်ဖျက်မှုကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပေလိမ့်မည်။ ထိုသို့ ပျက်စီးသောအခါ ထိုလိစ္ဆဝီမင်းတို့၏ မင်းအဖြစ် အသရေစည်းစိမ်ကို မြင်၍ တည်ကြသော ရဟန်းတို့သည် (ယခု ဒိဋ္ဌထင်ထင် တွေ့မြင်ရသော ရဟန်းတို့သည် ထိုသို့ပျက်စီးသောအခါ၌) “ထိုသို့သဘောရှိသော ကြီးကျယ်ခမ်းနားလှသည့် မင်းအဖြစ် အသရေ စည်းစိမ်ကြီး၏သော်မှလည်း ပျက်စီးခြင်းသည် ထင်လင်းဘိ၏”ဟု အောက်မေ့ကြကာ အနိစ္စလက္ခဏာကို ပွါးများကြ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြပေလိမ့်မည်။ သို့ရကား ထိုရဟန်းတို့အဖို့ရာ အနိစ္စလက္ခဏာ ထင်ရှားရန် ဤကဲ့သို့ ဟောတော်မူသည်။ ။ဤကား အဖြေတည်း)။

     ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် ယာဉ်ဖြင့် သွားသင့်သမျှသောအရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ကြပြီးသော် ခြေလျင်သာလျှင် မြတ်စွာဘုရားရှင် ထံတော်သို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာ တခုသောနေရာ၌ ထိုင်နေကြလေ၏။ ယင်းသို့ ထိုင်နေပြီးသော လိစ္ဆဝီမင်းတို့ကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက်, တရားကို ဆောက်တည်စေကာ, တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်က တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက်,



၃၀၅

တရားကို ဆောက်တည်စေကာ, တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေအပ်ပြီးသော လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ရဟန်းအပေါင်းနှင့်တကွ နက်ဖြန်အဖို့ တပည့်တော်တို့၏ဆွမ်းကို လက်ခံတော်မူပါဘုရား”ဟု လျှောက်ထားကြလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “လိစ္ဆဝီမင်းတို့.. နက်ဖြန်အဖို့ အမ္ဗပါလီ ပြည့်တန်းဆာမ၏ ဆွမ်းကို ငါဘုရား လက်ခံပြီးပြီ”ဟု မိန့်တော်မူလေလျှင် ထိုလိစ္ဆဝီမင်းတို့သည် “ငါတို့ကို မိန်းမငယ်က နိုင်သွားလေပြီ အမောင်တို့..၊ ငါတို့ကို မိန်းမငယ်က နိုင်သွားလေပြီ အမောင်တို့..”ဟု ပြောဆိုကုန်လျက် လက်ဖျားကို ခါကြကုန်၏။

     ထို့နောက် လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို အလွန်နှစ်သက်၍ အနုမောဒနာ ပြုကြပြီးသော် နေရာမှထကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကုန်လျက် ဖဲသွားကြလေကုန်၏။

(ဤ၌- “လိစ္ဆဝီမင်းတို့သည် အမ္ဗပါလီ ပြည့်တန်းဆာမက မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာကို ပင့်ဖိတ်အပ်ပြီးဖြစ်ကြောင်း (အမ္ဗပါလီ ပြောဆိုချက်အရ) သိရှိကြပါလျက် အဘယ့်ကြောင့် ပင့်ဖိတ်ကြသနည်း”ဟု မေးမြန်းဖွယ်ရှိ၏။

အဖြေကား- (၁) အမ္ဗပါလီအပေါ်၌ မယုံကြည်ခြင်းကြောင့်၎င်း, (၂) ဒါယကာတို့ လိုက်နာကျင့်သုံးရမည့်ဝတ်ကို အဦးမူသောကြောင့်၎င်း ပင့်ဖိတ်ကြသည်။ ချဲ့ဦးအံ့- (၁) ထိုလိစ္ဆဝီမင်းတို့၏ သန္တာန်ဝယ် “ဤအမ္ဗပါလီ ပြည့်တန်းဆာမသည် မိန်းမပေါ့ မိန်းမပျက် ဖြစ်ရကား မဖိတ်ကြားခဲ့ပါပဲလျက်လည်း ဖိတ်ကြားခဲ့သည်ဟု ပြောလေရာ၏”ဟု ကြံစည် စဉ်းစားမိကြလေသည်။ (၂) ထို့ပြင်လည်း တရားနာပြီး၍ ပြန်သွားအံ့သောအခါ၌ ပင့်ဖိတ်၍ သွားခြင်းမည်သည်လည်း လူဒါယကာတို့၏ ဓမ္မဝတ်တပါး ဖြစ်လေသည်။ သို့ရကား အမ္ဗပါလီအပေါ်၌ မယုံကြည်ခြင်း, ဒါယကာတို့၏ဝတ်ကို အဦးမူခြင်း = ဤအကြောင်းနှစ်ပါးကြောင့် ပင့်ဖိတ်ကြလေသည်)။

၃၀၆

အမ္ဗပါလီ သရက်ဥယျာဉ်ကို လှူဒါန်းခြင်း

     ထိုအခါ အမ္ဗပါလီ ပြည့်တန်းဆာမသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိအရာမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် “မြတ်စွာဘုရား.. ဆွမ်းဘုဉ်းပေးချိန် တန်ပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားရှင်အား အချိန်တန်ကြောင်း ကြားလျှောက်စေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူလျက် ရဟန်းအပေါင်းနှင့် အတူတကွ အမ္ဗပါလီ ပြည့်တန်းဆာမ၏ အိမ်သို့ (*) ကြွရောက်တော်မူ၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူ၏။

(ဤ၌* (ခရားပွင့်အမှတ်ပြ) အမ္ဗပါလီ၏ အိမ်အရကို ဝေသာလီပြည် အတွင်းမှာရှိသည့် ၎င်း၏အိမ်ကို မယူပဲ သရက်ဥယျာဉ်အတွင်း တနေရာ၌ ဆောက်လုပ်ထားအပ်သည့် တည်းခိုအိမ်ကို ယူမှသာလျှင် ဝိနည်း မဟာဝဂ္ဂပါဠိ ဘေသဇ္ဇက္ခန္ဓကလာ စကားရပ်နှင့်၎င်း, ဤသုတ်မဟာဝါပါဠိ ဤအခဏ်း ရှေ့နောက်စကားရပ်များနှင့်၎င်း ညီညွတ်ပေမည်။ မှန်၏- ဝိနည်းမဟာဝါ ဘေသဇ္ဇက္ခန္ဓက၌ အမ္ဗပါလီ ပြည့်တန်းဆာမသည် မိမိ၏ အရာမ်ဥယျာဉ်အတွင်း တည်းခိုအိမ်၌ ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းဆက်ကပ်ပြီးနောက် မိမိပိုင် သရက်ဥယျာဉ်ကို ဗုဒ္ဓပမုခ ဘိက္ခုသံဃာအား လှူဒါန်းကြောင်း လာရှိသည့်ပြင် ဤသုတ်မဟာဝါ ဤအခဏ်း ဤစာပိုဒ်အစ၌ “မိမိပိုင် အရာမ်အတွင်း၌ ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို စီမံစေကြောင်း”နှင့် နောက်၌လည်း “ဣမာဟံ ဘန္တေ အာရာမံ ဗုဒ္ဓပမုခဿ ဘိက္ခုသံဃဿ ဒမ္မိ = မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤအရာမ်ဥယျာဉ်ကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူပါ၏”ဟူ၍ ဣမ-ဟူသော ပါဠိသဒ္ဒါ, ဤ-ဟူသော မြန်မာသဒ္ဒါတို့ဖြင့် လျှောက်ထား လှူဒါန်းကြောင်း လာရှိသောကြောင့် ဤယခု အမ္ဗပါလီ ၏ အိမ်အရကို ဝေသာလီပြည် အတွင်းမှာရှိသည့် ၎င်း၏နေအိမ်ကို မယူပဲ သရက်ဥယျာဉ်အတွင်း တနေရာ၌ ဆောက်လုပ်ထားအပ်သည့် ၎င်းပိုင် တည်းခိုအိမ်ကို ယူသင့်ပေသည်)။

     ထိုအခါ အမ္ဗပါလီ ပြည့်တန်းဆာမသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းအပေါင်းကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိက သက္ကစ္စမြောက်



၃၀၇

ဆက်ကပ်ပြီးနောက် လျောက်ပတ်သော နေရာ၌ ထိုင်ပြီးလျှင် “မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤအရာမ်ဥယျာဉ်ကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူပါ၏”ဟု မြတ်စွာဘုရားအား လျှောက်ထားလှူဒါန်းလေ၏။ မြတ်စွာဘုရားရှင်သည် ထိုအရာမ်ဥယျာဉ်ကို အလှူခံတော်မူပြီးလျှင် အမ္ဗပါလီ ပြည့်တန်းဆာမကို တရားစကား ဟောကြားပြီးနောက် နေရာမှထ၍ ကြွသွားတော်မူ၏။

     မြတ်စွာဘုရားသည် ထိုဝေသာလီပြည် အမ္ဗပါလီ သရက်ဥယျာဉ်၌ နေတော်မူစဉ်လည်း ရှေးနည်းအတူပင် သီလ, သမာဓိ, ပညာ = သိက္ခာသုံးပါး တရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူလေ၏။

ဝေဠုဝရွာ၌ နောက်ဆုံးဝါ ကပ်တော်မူခြင်း

     ထို့နောက် မြတ်စွာဘုရားရှင်သည် အမ္ဗပါလီ သရက်ဥယျာဉ်၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို ရှေးနည်းအတူပင် ဝေဠုဝရွာသို့ သွားရောက်ရန် မိန့်ကြားတော်မူ၍ များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ ဝေသာလီပြည်၏ အနီးမှာပင်ရှိသော ဝေဠုဝရွာငယ်သို့ ကြွရောက်တော်မူ၏။

     မြတ်စွာဘုရားရှင်သည် ထိုဝေဠုဝရွာငယ်၌ နေတော်မူစဉ် (နောက်ဆုံး လေးဆယ့်ငါးဝါမြောက် ဝါဆိုလပြည့်နေ့လောက်၌) ရဟန်းတို့ကို “ရဟန်းတို့.. သွားကြကုန်လော့၊ သင်တို့သည် ဝေသာလီပြည်၏ ပတ်ဝန်းကျင် မိတ်ဆွေအသိအကျွမ်း ရဟန်းများရှိရာ ကျောင်းတိုက်၌ ဝါကပ်ကြကုန်လော့၊ ငါဘုရားမူကား ဤဝေဠုဝရွာငယ်၌ပင် ဝါကပ်ဆိုအံ့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံကြ၍ ဝေသာလီပြည်၏ ပတ်ဝန်းကျင် မိတ်ဆွေအသိအကျွမ်း ရဟန်းများရှိရာ ထိုထိုကျောင်းတိုက်တို့၌ ဝါကပ်ကြကုန်၏၊ မြတ်စွာဘုရားသည်ကား ထိုဝေဠုဝရွာငယ်၌ပင် ဝါကပ်တော်မူ၏။



၃၀၈

(ဤ၌- ဝေဠုဝရွာငယ်မှာ ထိုရဟန်းများစွာ နေထိုင်လောက်အောင် ကျောင်းလည်းမရှိ၊ ဆွမ်းလည်း မျှတမည်မဟုတ်။ ဝေသာလီပြည်၏ ပတ်ဝန်းကျင်၌ကား ကျောင်းတို့လည်း အလွန်များသည့်ပြင် ဆွမ်းပစ္စည်းလည်း ရလွယ်၏၊ ထို့ကြောင့် ထိုရဟန်းတို့ ချမ်းသာစွာ ဝါကပ်နေနိုင်ကြရန် ဤကဲ့သို့ “ဝေသာလီပြည်၏ ပတ်ဝန်းကျင် မိတ်ဆွေအသိအကျွမ်း ရဟန်းများရှိရာ ကျောင်းတိုက်၌ ဝါကပ်ကြကုန်လော့”ဟု မိန့်တော်မူလေသည်။

ထိုသို့ဖြစ်လျှင် “ရဟန်းတို့.. သင်တို့အလိုရှိတိုင်း ချမ်းသာရာအရပ်သို့ သွားရောက်ကာ ဝါကပ်ကြကုန်လော့”ဟု အဘယ့်ကြောင့် လွတ်လွတ်ကျွတ်ကျွတ် လွှတ်တော်မမူသနည်းဟု မေးဖွယ်ရှိ၏။

အဖြေကား- ထိုရဟန်းတို့ကို သနားစောင့်ရှောက်တော်မူသောကြောင့် လွတ်လွတ်ကျွတ်ကျွတ် လွှတ်တော်မမူ။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် “ငါဘုရားသည် ဆယ်လမျှသာ တည်နေပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံလိမ့်မည်။ အကယ်၍ ဤရဟန်းများ အလွန်ဝေးသောအရပ်၌ သွားရောက် နေထိုင်ကြလျှင် ငါဘုရား ပရိနိဗ္ဗာန် ဝင်စံသောအခါ၌ ဖူးမြော်နိုင်ကြလိမ့်မည်မဟုတ်။ ထိုသို့ဖြစ်လျှင် ထိုရဟန်းတို့ စိတ်သန္တာန်ဝယ် ‘မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံတော့မည် ဖြစ်တော်မူပါလျက် ငါတို့အား သတိပေးတော်မမူချေ။ အကယ်၍ ပရိနိဗ္ဗာန် ဝင်စံတော်မူမည်ကို ငါတို့ကြိုတင် သိရှိကြပါမူ ယခုလို ဝေးသောအရပ်၌ မနေမိကြကုန်လေရာ’ဟု နှလုံးမသာယာမှု ဖြစ်လေရာ၏။ ဝေသာလီပြည်၏ ပတ်ဝန်းကျင်၌ ဝါကပ်နေထိုင်ကြလျှင်ကား တလတလလျှင် ရှစ်ကြိမ်ရှစ်ကြိမ်ကျ လာရောက်ကြ၍ တရားနာကြရသဖြင့် ဘုရားရှင်အဆုံးအမကို ရကြပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်ခြင်း ဖြစ်ရှိလေသည်။ သို့ရကား ထိုရဟန်းတို့ကို သနားစောင့်ရှောက်တော်မူသောကြောင့် လွတ်လွတ်ကျွတ်ကျွတ် (သွားလိုရာ သွားကြလော့)ဟု လွှတ်တော်မမူ)။

မြတ်စွာဘုရားအား ပရိနိဗ္ဗာန်စံလောက်အောင်

ကြမ်းတမ်းသောရောဂါ ကပ်လာခြင်း

     ထို့နောက် ဝေဠုဝရွာငယ်၌ ဝါကပ်တော်မူပြီးလျှင်ပင် မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ ကြမ်းတမ်းသောရောဂါ ကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝေဒနာသည်



၃၀၉

ဖြစ်ပေါ်လာ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရောဂါဝေဒနာကို သတိသမ္ပဇဉ် ကိုယ်တော်ယှဉ်လျက် ပင်ပန်းသည်ဟု မရေတွက်ပဲ သည်းခံတော်မူ၏။ ။(ဤ၌ ရောဂါဝေဒနာ၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောကို ဝိပဿနာဉာဏ်ဖြင့် ပိုင်းခြားရှုမြင် ဆင်ခြင်တော်မူခြင်းဖြင့် ထိုရောဂါဝေဒနာကို သည်းခံတော်မူသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် “ငါသည် အလုပ်အကျွေးကို အသိမပေးပဲ, ရဟန်းသံဃာကို မပန်ကြားပဲ ပရိနိဗ္ဗာန်ပြုခြင်းငှါ မလျောက်ပတ်ချေ၊ ငါသည် ဤယခု စွဲကပ်သော ရောဂါဝေဒနာကို အရဟတ္တဖလသမာပတ်၏ အခြေခံ ရှေ့ပိုင်း ဝိပဿနာဝီရိယ, ဖလသမာပတ္တိ ဝီရိယဖြင့် ပယ်ခွါ တွန်းလှန်၍ အသက်ရှည်စေနိုင်သော သမာပတ်ကို ၀င်စားလျက် နေရမူ ကောင်းလေစွာ့”ဟု အကြံဖြစ်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် ကြံစည်တော်မူသည့်အတိုင်း ထိုစွဲကပ်သော ရောဂါဝေဒနာကို အခြေခံ ရှေ့ပိုင်း ဝိပဿနာဝီရိယ, ဖလသမာပတ္တိဝီရိယ = နှစ်ပါးတို့ဖြင့် ပယ်ခွါတွန်းလှန်၍ အသက်ရှည်စေနိုင်သော သမာပတ်ကို ၀င်စားလျက် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ ကိုယ်တော်၌ စွဲကပ်သော ထိုရောဂါသည် ငြိမ်းလေ၏။

(ဤ၌- ရုပ်ဇီဝိတ နာမ်ဇီဝိတ သန္တာန်အစဉ်ကိုလည်း ဇီဝိတသင်္ခါရ (ကံသည် ပြုပြင်အပ်သော ဇီဝိတ)ဟု ခေါ်၏။ ထိုဇီဝိတမည်သော ရုပ်သက် နာမ်သက်ကို ကာလဆက်စည် ရှည်စေနိုင်သော ဖလသမာပတ်ကိုလည်း ဇီဝိတသင်္ခါရဟု ခေါ်၏။ ထိုဇီဝိတသင်္ခါရကိုပင် အာယုသင်္ခါရဟူ၍လည်း ခေါ်၏။

ဤ၌ မြတ်စွာဘုရား၏ အရဟတ္တသမာပတ်ကို (၁) မဂ္ဂါနန္တရ ဖလသမာပတ်, (၂) ဝဠဉ္ဇန ဖလသမာပတ်, (၃) အာယုသင်္ခါရ ဖလသမာပတ် (တနည်း) အာယုပါလက ဖလသမာပတ်ဟူ၍ = သုံးမျိုးခွဲခြား မှတ်သားသင့်၏။

ထိုသုံးမျိုးတို့တွင် (၁) မြတ်စွာဘုရားရှင်၏ အရဟတ္တမဂ္ဂဝီထိဝယ် အရဟတ္တမဂ်၏ အခြားမဲ့၌ (မဂ်ဇော၏ အခါမလင့် အကျိုးပေးခြင်း

၃၁၀

တည်းဟူသော အကာလိက ဂုဏ်ကျေးဇူးသတ္တိကြောင့်)ဖြစ်သော ဖိုလ်သုံးကြိမ်ကို မဂ္ဂါနန္တရ ဖလသမာပတ်ဟူ၍ မှတ်ယူသင့်၏။ (၂) နောက်အခါ အလိုတော်ရှိသည့်အချိန်၌ အချိန်မရွေး ဝင်စားအပ်သော မြတ်စွာဘုရား၏ အရဟတ္တဖလသမာပတ်ကို ဝဠဉ္ဇန ဖလသမာပတ်ဟူ၍ မှတ်ယူသင့်၏၊ (နိဗ္ဗာန်ချမ်းသာကို အသုံးအစွဲပြုသော ဖလသမာပတ်ကို ဆိုလိုသည်)။ ဤဝဠဉ္ဇနဖလသမာပတ်ကို မြတ်စွာဘုရားသည် တရားဒေသနာ ဟောတော်မူသော အခါ၌လည်း တရားနာပရိသတ်တို့ သာဓုအနုမောဒနာ ခေါ်ဆိုနေခိုက် အားလပ်သော အချိန်ကလေးမှာပင် စိတ္တိဿရိယဘုန်းတော်ရှင် ဖြစ်တော်မူသောကြောင့် ဝင်စားတော်မူကာ နိဗ္ဗာန်ချမ်းသာကို သုံးစွဲခံစားတော်မူလေသည်။ အခြားတပါး အားလပ်ခွင့်ရသော အချိန်၌ကား ဆိုဖွယ်ရာ မရှိပြီ။

(၃) ဤယခု ဝေဠုဝရွာငယ်၌ ဝါကပ်တော်မူပြီးနောက် အသက်ကို ဖြတ်တောက် ခြွေနိုင်လောက်အောင် ပြင်းထန်ကြမ်းတမ်းသော ရောဂါဝေဒနာ ကပ်ရောက်လာသောအခါ မြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်၌ ဘုရားဖြစ်တော်မူခါနီး အခါကကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောများကို ရူပသတ္တက နာမသတ္တက နည်းတို့ဖြင့် လက္ခဏယာဉ် သုံးချက်တင်၍ အခြေခံ ဝိပဿနာတရား ပွါးများတော်မူပြီးမှ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားလုလတ်သော် “ဤမှနောက် ကဆုန်လပြည့်တိုင်အောင် ဆယ်လတို့ပတ်လုံး ဤရောဂါ ဝေဒနာတို့သည် မဖြစ်ပါစေကုန်သား”ဟု အဓိဋ္ဌာန်တော်မူပြီးမှ အရဟတ္တဖိုလ် သမာပတ်ကို ၀င်စားတော်မူလေသည်။ (ရူပသတ္တက နာမသတ္တက နည်းများအကြောင်းကို ဝိသုဒ္ဓိမဂ် (ဒုတိယတွဲ ၂၅၃-၂၆၄)မှ ထုတ်နုတ်မှတ်သားကုန်ရာ၏)။ ထိုအရဟတ္တဖိုလ် သမာပတ်၏ တန်ခိုးသတ္တိကြောင့် မြတ်စွာဘုရားရှင်၏ သန္တာန်တော်၌ ထိုသေလောက်သည့် ရောဂါဝေဒနာများ ဆယ်လတိုင်တိုင် မဖြစ်ပွါးတော့ပဲ ငြိမ်းစဲနေကြလေသည်။ သို့ဖြစ်ရကား ရူပသတ္တက နာမသတ္တကနည်းဖြင့် ပွါးများအပ်သော ဝိပဿနာကို အခြေခံပြု၍ ယခုကဲ့သို့ ဝင်စားအပ်သော ဖလသမာပတ်ကို (အသက်ရှည်အောင် ပြုပြင်နိုင်စွမ်းရှိသောကြောင့်) ဇီဝိတသင်္ခါရဖလသမာပတ် (တနည်း) အာယုပါလက ဖလသမာပတ် (တနည်း) အာယုသင်္ခါရ ဖလသမာပတ်ဟူ၍ ခေါ်ဆိုအပ်၏။

ထိုဖလသမာပတ်သုံးမျိုးတို့တွင် (၁) မဂ္ဂါနန္တရ ဖလသမာပတ်နှင့် (၂) ဝဠဉ္ဇန ဖလသမာပတ် နှစ်ပါးတို့ကို အဋ္ဌကထာ ဋီကာတို့၌ ခဏိကဖလသမာပတ်ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ (၃) အမှတ်ပြ

၃၁၁

ဖလသမာပတ်ကိုကား ဇီဝိတသင်္ခါရ (တနည်း) အာယုသင်္ခါရ ဖလသမာပတ်ဟူ၍ ခေါ်ဆိုသုံးနှုန်းကြပါသည်။

ဤဝေဠုဝရွာငယ်၌ နောက်ဆုံး ဝါကပ်တော်မူပြီးနောက် အသက်တော်ကို ဖြတ်တောက်နိုင်လောက်အောင် ပေါ်ပေါက် ဖြစ်ပွါးလာသော ရောဂါဝေဒနာကို မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ ဇီဝိတသင်္ခါရဖလသမာပတ် (တနည်း) အာယုသင်္ခါရဖလသမာပတ် - ( တနည်း ) အာယုပါလက အရဟတ္တဖိုလ် သမာပတ်ဖြင့် ဟန့်တား ပယ်ရှားတော်မူလေသည်၊ ထို့ကြောင့် ထိုရောဂါဝေဒနာသည် ကဆုန်လပြည့်တိုင်ရောက်အောင် မပေါ်တော့ပဲ ငြိမ်းစဲသွားလေသည်ဟု ဆိုလိုသည်။

ဤ၌ “မြတ်စွာဘုရားသည် ဤအခါမှ ရှေးကာလက ဖလသမာပတ်ကို မဝင်စားဘူးလား”ဟု မေးဖွယ်ရှိ၏။ အဖြေကား- မဝင်စားသည်မဟုတ်၊ ဝင်စားတော်မူပါ၏၊ ထိုဝင်စားအပ်သော ဖလသမာပတ်ကား ခဏိကသမာပတ်သာ ဖြစ်၏။ (ဝင်စားလိုသော ခဏမှာပင် ဝိပဿနာ သာမန် အခြေခံ၍ ဝင်စားအပ်သော ဖလသမာပတ် ဖြစ်၏ဟု ဆိုလိုသည်)။ ဆက်ဦးအံ့- ခဏိကဖလသမာပတ်သည် သမာပတ်၏ အတွင်း၌သာလျှင် ရောဂါဝေဒနာကို ပယ်ခွါတွန်းလှန်နိုင်၏။ မှော်ရှိသော ရေအိုင်အတွင်း၌ ကျောက်ခဲ အုတ်ခဲကို ပစ်ချလိုက်လျှင် ထိုကျောက်ခဲ အုတ်ခဲ ကျရောက်ချိန် ခဏလောက်သာ မှော်ရှဲ၍ ထိုကျောက်ခဲ အုတ်ခဲတို့ ရေထဲသို့ ကျရောက်သွားသောအခါ မှော်များသည် တဖန် လွှမ်းမိုးမြဲ လွှမ်းမိုးသကဲ့သို့ ထိုခဏိက ဖလသမာပတ်ကို ၀င်စားသောအခါမှာလည်း သမာပတ် ဝင်စားချိန်အတွင်း၌သာ ရောဂါဝေဒနာတို့ ခွါရှဲ၍ သမာပတ် မှထသောအခါ ရောဂါဝေဒနာများ တဖန်ပြန်၍ လွှမ်းမိုးမြဲ လွှမ်းမိုးလေသည်။

ယခု ဝေဠုဝရွာငယ်၌ အသက်တော်ကို ခြွေနိုင်လောက်သည့် ရောဂါဝေဒနာ စွဲရောက်သောအခါ ဝင်စားတော်မူအပ်သော ဖလသမာပတ်ကား ရူပသတ္တက နာမသတ္တက နည်းများဖြင့် ကြီးစွာသော မဟာဝိပဿနာကို အခြေခံ၍ ဝင်စားအပ်သော ဖလသမာပတ် ဖြစ်လေသည်။ ထိုဖလသမာပတ်ဖြင့် ရောဂါဝေဒနာကို အချိန်ကြာမြင့်စွာ ဖယ်ရှား ဟန့်တားထားနိုင်လေသည်။ ဥပမာအားဖြင့်- အားကောင်းသော ယောက်ျားသည် ရေကန်တွင်းသို့ သက်ဆင်း၍ လက်ခြေတို့ဖြင့် တအားကုန် ဖယ်ရှားအပ်သော မှော်အစုသည် အချိန် အလွန်ကြာမြင့်မှ ရေပြင်ကို တဖန်ပြန်၍ ဖုံးလွှမ်းသကဲ့သို့ ဤအတူပင် ဖော်ပြရာပါ

၃၁၂

မဟာဝိပဿနာ အခြေခံ၍ ဝင်စားအပ်သော ဖလသမာပတ် (အာယုပါလက ဖလသမာပတ်)မှ ထသော မြတ်စွာဘုရားရှင်၏ ကိုယ်ခန္ဓာတော်မှာ ထိုသောက်သည့် ရောဂါဝေဒနာများ ဆယ်လအချိန် ကြာမြင့်စွာ ငြိမ်းစဲ၍ သွားလေသည်။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ထိုသေလောက်သောရောဂါ စွဲကပ်သောနေ့၌ မဟာဗောဓိပလ္လင်ဝယ် ဘုရားဖြစ်ခါနီးတုန်းက မဟာဝိပဿနာကို ပွါးများတော်မူသကဲ့သို့ ရူပသတ္တက နာမသတ္တက နည်းတို့ဖြင့် မဟာဝိပဿနာကို ပွါးများ၍ ထိုမဟာဝိပဿနာဖြင့် ရောဂါဝေဒနာကို ခွါရှဲတော်မူပြီးလျှင် “ဆယ်လတို့တိုင်တိုင် ဤရောဂါဝေဒနာများ မဖြစ်ကြစေသား”ဟု အဓိဋ္ဌာန်တော်မူပြီးမှ အရဟတ္တ ဖလသမာပတ်ကို ဝင်စားတော်မူလေသည်။ ထိုဇီဝိတသင်္ခါရခေါ်သည့် အာယုပါလက ဖလသမာပတ်ဖြင့် ပယ်ခွါအပ်သော ရောဂါဝေဒနာတို့သည် ဆယ်လတိုင်တိုင် မဖြစ်ပွါးတော့ပဲ ငြိမ်းစဲ၍ နေလေကုန်၏)။

     ထို့နောက် အနာရောဂါမှ ထမြောက်ပြီးသော မြတ်စွာဘုရားသည် နာလန်ထ၍ မကြာမီ ကျောင်းမှ ထွက်တော်မူ၍ ကျောင်းအရိပ်တွင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် အထံတော်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးနောက် သင့်လျောက်ပတ်သော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ ချမ်းသာတော်မူခြင်းကို တွေ့မြင်ရပါပြီ၊ မြတ်စွာဘုရား.. အကျွန်ုပ်သည် ရှင်တော်ဘုရား၏ ကျန်းမာတော်မူခြင်းကို တွေ့မြင်ရပါပြီ၊ မြတ်စွာဘုရား.. ယခု ဤသို့ တွေ့မြင်ရသော်လည်း ရှင်တော်ဘုရား မကျန်းမာခြင်းကြောင့် အကျွန်ုပ်၏ ခန္ဓာကိုယ်သည် လေးလံ တောင့်တင်းနေသကဲ့သို့ ဖြစ်ပါသည်။ အကျွန်ုပ်၏အဖို့ရာ အရပ်မျက်နှာတို့လည်း မကွဲပြားပါကုန်၊ သတိပဋ္ဌာန် အစရှိသော တရားတို့သည်လည်း အကျွန်ုပ်၏ဉာဏ်၌ မထင်လင်းပါကုန်။

မြတ်စွာဘုရား.. ထိုသို့ဖြစ်သော်လည်း ရှင်တော်ဘုရားသည် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစုံတရာ



၃၁၃

မှာထားချက်ကို မြွက်ကြားတော် မမူရသေးသမျှ ကာလပတ်လုံး ရှင်တော်ဘုရားသည် ပရိနိဗ္ဗာန် ဝင်စံတော်မူလိမ့်မည် မဟုတ်ဟု အောက်မေ့နေသောကြောင့်သာ အကျွန်ုပ်၏အဖို့ရာ အနည်းငယ် သက်သာခွင့် ရရှိပါတော့သည်ဘုရား”-

ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရှင်အာနန္ဒာမထေရ်ကို ဤဆိုလတ္တံ့သောအတိုင်း ဖြေရှင်း ဟောကြားတော်မူ၏-

“ချစ်သားအာနန္ဒာ.. ရဟန်းသံဃာသည် ငါဘုရားထံမှ အဘယ်အရာကို မျှော်လင့်နေသေးသနည်း၊ ချစ်သားအာနန္ဒာ.. ငါဘုရားသည် အတွင်းအပြင်မထားပဲ တရားကို ဟောခဲ့ပြီ၊ ချစ်သားအာနန္ဒာ.. ငါဘုရား၏အဖို့ရာ တရားအရာတို့၌ ဆရာ့လက်ဆုပ် ပြုလုပ်ထားသော လျှို့ဝှက်ချက် မရှိချေ။ ချစ်သားအာနန္ဒာ.. ‘ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့’ ဟူ၍၎င်း ‘ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးရာရှိ၍ နေစေ’ ဟူ၍၎င်း အကြင်သူ့မှာ ဤကဲ့သို့ လိုလားခြင်း ရှိရာ၏၊ ထိုသူသည်သာလျှင် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစုံတရာ မှာထားချက်ကို မြွက်ဆိုရာ၏။ ချစ်သားအာနန္ဒာ.. ငါဘုရားမှာမူကား ‘ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့’ ဟူ၍၎င်း ‘ရဟန်းသံဃာသည် ငါ့ကိုသာ အားကိုးရာရှိ၍ နေစေ’ ဟူ၍၎င်း ဤသို့သော လိုလားချက်သည် လုံးဝမရှိချေ။ ချစ်သားအာနန္ဒာ.. ထိုသို့ လိုလားချက် လုံးဝမရှိသော ငါဘုရားသည် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစုံတရာ မှာထားချက်ကို အဘယ်မှာ မြွက်ဆိုတော့အံ့နည်း။

ချစ်သားအာနန္ဒာ.. ယခုအခါ ငါဘုရားသည် အိုမင်း ကြီးရင့်လှလေပြီ၊ အရွယ်လွန်၍ အဆုံးပိုင်းသို့ ရောက်နေချေပြီ၊ ယခု ငါဘုရား၏အသက်မှာ အနှစ်ရှစ်ဆယ်ရှိနေပြီ၊



၃၁၄

ချစ်သားအာနန္ဒာ.. လှည်းအိုကြီးသည် ဖွဲ့စည်း တုပ်နှောင်ခြင်းဖြင့် တည်တံ့သကဲ့သို့ ဤအတူပင် ငါဘုရား၏ ခန္ဓာကိုယ်သည်လည်း ဖွဲ့စည်း တုပ်နှောင်ခြင်းနှင့်တူသော အာယုပါလက ဖလသမာပတ်ဖြင့် တည်တံ့လျက်ရှိ၏။ ချစ်သားအာနန္ဒာ.. အကြင်အခါ မြတ်စွာဘုရားသည် အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့်၎င်း, အချို့သော (လောကီ) ဝေဒနာတို့ ချုပ်ခြင်းကြောင့်၎င်း သင်္ခါရနိမိတ်ကို အာရုံမပြု (သင်္ခါရဆိတ်သည့် နိဗ္ဗာန်ကိုသာ အာရုံပြု)သော အရဟတ္တဖိုလ်သမာဓိသို့ ရောက်၍နေ၏။ ချစ်သားအာနန္ဒာ.. ထိုအခါ၌ မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် သာလွန်၍ ချမ်းသာ၏။

ချစ်သားအာနန္ဒာ.. ထိုသို့ဖြစ်ရကား သင်ချစ်သားတို့သည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာမရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြကုန်လော့။ ချစ်သားအာနန္ဒာ.. အဘယ်သို့လျှင် ရဟန်းသည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာမရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေသနည်း၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေသနည်းဟူမူ-

ချစ်သားအာနန္ဒာ.. ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်ကိုယ်၌ ရုပ်ကိုယ်ဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ခံစားမှု = ဝေဒနာတို့၌ ခံစားမှု = ဝေဒနာဟု အဖန်ဖန်ရှုလျက် (ပ)။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် (ပ)။ သဘောတရားတို့၌ သဘောတရားဟု



၃၁၅

အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ချစ်သားအာနန္ဒာ.. ဤသို့လျှင် ရဟန်းသည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာမရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏။ တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏။

ချစ်သားအာနန္ဒာ.. အကြင်ရဟန်းတို့သည် ယခုအခါ၌ဖြစ်စေ ငါဘုရား ကွယ်လွန်သောအခါ၌ဖြစ်စေ မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာမရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍, တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြမည်ဆိုလျှင် ထိုအလုံးစုံသော ရဟန်းတို့သည် သိက္ခာသုံးပါး လိုလားကြသည့် ရဟန်းဟူသမျှတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် (=ရဟန္တာပုဂ္ဂိုလ်)စင်စစ် ဖြစ်ကြပေလိမ့်မည်”–

ဟု အရဟတ္တဖိုလ် အထွတ်တပ်၍ ဓမ္မဒေသနာတရား ဖြေရှင်း ဟောကြားတော်မူ၏။

အဂ္ဂသာဝကနှစ်ပါး ပရိနိဗ္ဗာန်စံခြင်း

     မြတ်စွာဘုရားရှင်သည် ဝေဠုဝရွာငယ်၌ နောက်ဆုံး ဝါဆိုတော်မူ၍ ဝါကျွတ်လတ်သော် ထိုရွာငယ်မှ ထွက်ကြွတော်မူကာ “သာဝတ္ထိပြည်သို့ သွားအံ့”ဟူ၍ ကြွလာတော်မူရင်း လမ်းစဉ်အတိုင်း ပြန်၍လာခဲ့ရာ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတိုက်သို့ ဝင်တော်မူလေ၏။ (ထိုနေ့ကား တန်ဆောင်မုန်းလဆန်း ၈-ရက်နေ့လောက်ဖြစ်သည်)။

     ထိုနေ့မှာပင် အရှင်သာရိပုတ္တရာသည် မိမိ၏ အာယုသင်္ခါရ ခုနစ်ရက်သာ ကျန်ရှိတော့ကြောင်း ဆင်ခြင်သိရှိတော်မူ၍ မြတ်စွာဘုရားရှင်ထံ ခွင့်ပန်ပြီးလျှင် ခုနစ်ရက်ခရီးဖြင့် ဖွားတော်မူရာ



၃၁၆

ရာဇဂြိုဟ်ပြည်နယ် နာဠကရွာသို့ ကြွရောက်၍ မိမိဖွားတော်မူရာ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ပရိနိဗ္ဗာန် ဝင်စံတော်မူသည်။ (အကြောင်းအရာ အကျယ်ကို သံဃရတနာအခဏ်းသို့ရောက်မှ ဖော်ပြပေအံ့)။

     အရှင်သာရိပုတ္တရာ၏ ဈာပနကိစ္စ ပြီးသောအခါ ညီတော် အရှင်စုန္ဒမထေရ် ဆောင်ယူခဲ့သော အရှင်သာရိပုတ္တရာ၏ သက်န်း,သပိတ်-စသော ပရိဘောဂများ သာရီရိက ဓာတ်တော်များကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ စေတီတည်စေတော်မူပြီးနောက် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူသည်။ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန်မထေရ် တန်ဆောင်မုန်း လကွယ်နေ့တွင် ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။ (အကြောင်းအရာ အကျယ်ကို သံဃရတနာအခဏ်းသို့ရောက်မှ ဖော်ပြပေအံ့)။

     မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်၌ အရှင်မဟာမောဂ္ဂလ္လာန်၏ သာရီရိက ဓာတ်တော်များကို စေတီတည်ထားစေပြီးနောက် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ အစဉ်သဖြင့် ဥက္ကစေလသို့ ရောက်တော်မူ၍ ထိုဥက္ကစေလမြို့ ဂင်္ဂါမြစ်ဆိပ်၌ အဂ္ဂသာဝကနှစ်ပါး ပရိနိဗ္ဗာန်စံခြင်းနှင့်စပ်သော တရားဒေသနာ (သံ၊ ၃၊ ၁၄၁-မျက်နှာ ဥက္ကစေလသုတ်)ကို ဟောတော်မူ၍ ထိုဥက္ကစေလမြို့မှ ထွက်ကြွတော်မူခဲ့ရာ အစဉ်သဖြင့် ဝေသာလီပြည်သို့ ဆိုက်ရောက်တော်မူလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် နံနက်အချိန် ဝေသာလီပြည်တွင်းသို့ ဆွမ်းခံ လှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးပြီးနောက် ဆွမ်းစားရာမှ ဖဲခွါခဲ့ပြီးသော် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ထိုင်စရာအခင်းကို ယူခဲ့လော့၊ နေ့သန့်စင်နေခြင်းငှါ စာပါလစေတီသို့ သွားရောက်ကြကုန်အံ့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား လျှောက်ထား၍



၃၁၇

ထိုင်စရာအခင်းကို ယူပြီးလျှင် မြတ်စွာဘုရားရှင်၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။

နိမိတ်အရိပ်အရောင် ပြတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် စာပါလစေတီသို့ ကြွရောက်၍ ပြင်ထားသောနေရာ၌ ထိုင်နေတော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း မြတ်စွာဘုရားရှင်ကို ရှိခိုး၍ အပြစ်ကင်းလွတ် လျောက်ပတ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို ထင်ရှားသော နိမိတ် အရိပ်အရောင်စကား မိန့်ကြားတော်မူသည်မှာ-

“ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိ၏။ ဂေါတမကစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ်ရှိ၏။ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ်ရှိ၏။

ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏၊ ကောင်းစွာဆည်းပူး ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီး



၃၁၈

ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သား အာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”-

ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားရှင်က ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင် ပြပါသော်လည်း အရှင်အာနန္ဒာသည်ကား သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ ထို့ကြောင့် “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို သနားစောင့်ရှောက်တော်မူပါရန် ရှင်တော်ဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်နေတော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ။ အခြားမာရ်နတ် အနှောက်အယှက် ခံရသော စိတ်ရှိသူကဲ့သို့ပင် အရှင်အာနန္ဒာသည်လည်း ဖြစ်၍နေလေ၏။

(ဤ၌။ ။ဥဒေနဘီလူး၏ နတ်ကွန်းနေရာ၌ ဆောက်လုပ်အပ်သော ကျောင်းကို “ဥဒေနစေတီ”ဟု ခေါ်သည်။ ဂေါတမကစေတီ- စသည်တို့၌လည်း ဤနည်းအတူပင်တည်း။

ဤ၌- “ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ = ( ) ကပ်ပတ်လုံးဖြစ်စေ, ( ) ကပ်ထက်ပိုလွန်၍ဖြစ်စေ နေနိုင်ပေ၏”ဟူသော စကားရပ်ဝယ် ကပ်အရကို အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့က (အာယု)ကပ်ခေါ်သော ထိုခေတ်လူတို့၏ အသက်တမ်း = အနှစ်တရာကို တညီတညွတ်တည်း ယူတော်မူကြ၏။

မဟာသီဝမထေရ်သည်ကား “မြတ်စွာဘုရားတို့မှာ အရာမဟုတ်သည်၌ ကြုံးဝါးခြင်းမည်သည် မရှိ။ ထင်ရှားစေဦးအံ့- ဝေဠုဝရွာငယ်တုန်းက ဖြစ်ပေါ်သည့် သေလောက်သော ရောဂါဝေဒနာကို အာယုပါလက ဖလသမာပတ်ဖြင့် ဆယ်လတို့ပတ်လုံး ဟန့်တားပယ်ခွါသကဲ့သို့ ဤအတူ ထပ်ခါထပ်ခါ ထိုအာယုပါလက ဖလသမာပတ်ကို ဝင်စား၍ ဆယ်လ ဆယ်လတို့ပတ်လုံး ထိုရောဂါဝေဒနာကို ဟန့်တားပယ်ခွါလျက် ဤဘဒ္ဒကပ်ကမ္ဘာပတ်လုံး တည်နေနိုင်၏။ (ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့်

၃၁၉

မတည်နေသနည်းဟူမူ)၊ ဥပါဒိန္နက ရုပ်ခန္ဓာကိုယ် သက်ရှိလူတို့၏ ခန္ဓာကိုယ်မည်သည်ကို ဆံဖြူခြင်း, သွားကြွေခြင်းစသော ဇရာတရားသည် လွှမ်းမိုးနှိပ်စက်အပ်၏၊ ဘုရားတို့သည်လည်း ဆံဖြူခြင်း, သွားကြွေခြင်း- စသည်သို့ မရောက်မီ လက်ရှိ သတ္တဝါတို့၏ အသက်တမ်း = အာယုကပ်ကို ငါးပုံပြု၍ စတုတ္ထအပုံပြည့်မြောက် ပဉ္စမအပုံသို့ရောက်လျှင်ပင် လူများအပေါင်း ချစ်ခင်ကြည်ညို လေးစားမြတ်နိုးအပ်သည့် အချိန်၌သာ ပရိနိဗ္ဗာန် ဝင်စံမြဲဓမ္မတာ ဖြစ်ကြကုန်၏။ ထို့ပြင်လည်း ဗုဒ္ဓါနုဗုဒ္ဓ မဟာသာဝကကြီးများ ပရိနိဗ္ဗာန် စံဝင်တော်မူကြပြီးနောက် ကိုယ်တော်အထီးတည်းသော်၎င်း သို့မဟုတ် ရဟန်းငယ်, သာမဏေများ ခြံရံအပ် လျက်၎င်း မတင့်မတယ် တည်ရှိနေရစ်လေရာ၏။ ထိုသို့ဖြစ်လျှင် ‘ဩ.. ဘုရားရှင်တို့၏ ပရိသတ်ကား ဖြစ်မှဖြစ်ရလေ’ဟု လူသူလေးပါး ကဲ့ရဲ့ရှုတ်ချဖွယ်ရာ ဖြစ်လေရာ၏။ ထို့ကြောင့် တည်နေတော်မမူ”ဟူ၍ အခိုင်အမာ မိန့်ဆို၏။ ထိုသို့ပင် ဆိုအပ်သော်လည်း ထိုမထေရ်၏ဝါဒကို မနှစ်သက်အပ်။ ကပ်အရ အာယုကပ် ဟူ၍သာလျှင် ရှေးပကိဏ္ဏကဒေသနာ အဋ္ဌကထာ၌ အခိုင်အမာ မိန့်ဆိုအပ်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြအပ်လေသည်။ (ဒီ ဋ္ဌ ၂။ ၁၄၄-၁၄၅-မှ)။

ဤမဟာသီဝမထေရ်၏ ဝါဒကို သုတ်မဟာဝါဋီကာ ဆရာတော်မြတ်ကလည်း “ထိုမထေရ်၏ ဝါဒစကားရပ်ဝယ် ‘သက်ရှိလူတို့၏ ခန္ဓာကိုယ်မည်သည်ကို ဆံဖြူခြင်း, သွားကြွေခြင်း-စသော ဇရာတရားသည် လွှမ်းမိုး နှိပ်စက်အပ်၏’-စသော စကားရပ်ဖြင့်ပင် ဇရာတရားကို တန်ခိုးဣဒ္ဓိပါဒ်ဖြင့် မတားနိုင်သကဲ့သို့ ထို့အတူပင် မရဏတရားကိုလည်း တန်ခိုးဣဒ္ဓိပါဒ်အစွမ်းဖြင့် မတားနိုင်ဟူသော အနက်အဓိပ္ပါယ် ရောက်နေသောကြောင့် ‘မြှားပစ်ရာတခြား မြှားကျရာတပါး’ကဲ့သို့ ဖြစ်နေသော ထိုမထေရ်၏ဝါဒထက် အဋ္ဌကထာစကားသည်သာလျှင် ခိုင်မာလှ၏”ဟူ၍ မိန့်ဆိုအပ်လေသည်။ (ဒီ ဋီ ၂၊ ၁၄၉-မျက်နှာမှ)။

ဤ၌- မဟာသီဝမထေရ်ကား ဘုရားအလောင်းတော်တို့၏ နောက်ဆုံး = ပစ္ဆိမဘဝ ပဋိသန္ဓေကျိုး ပေးလိုက်သောကံမှာ နှစ်ပေါင်းအသင်္ချေ အသက်ရှည်မှုကို ဖြစ်စေနိုင်သော အစွမ်းသတ္တိ ရှိသည်ကိုသာ နှလုံးပိုက်တော်မူ၍ မြတ်စွာဘုရားရှင်တို့၏ အာယုပါလက ဖလသမာပတ်၏ အသက်ဘေးရန်ကို တွန်းလှန်ပယ်ခွါနိုင်ကြောင်း ပါဠိတော်၌ တိုက်ရိုက်လာသောကြောင့် “ဤဘဒ္ဒကမ္ဘာပတ်လုံး တည်နေနိုင်၏”ဟု ဆိုတော်မူလေသည်။ ထိုသို့ပင် ဆိုအပ်သော်လည်း ထိုထိုသတ္တဝါတို့၏ ပဋိသန္ဓေကျိုး ပေးလိုက်သော ကံသည် နှစ်ပေါင်းအသင်္ချေ အသက်ရှည်မှုကို

၃၂၀

ဖြစ်စေနိုင်သောကံပင် ဖြစ်လင့်ကစား လူတို့၏ အသက်တမ်းက နှစ်ပေါင်းအသင်္ချေ အသက်ရှည်သောကာလမျိုး (=အာယုကပ်မျိုးပဲဖြစ်မှ နှစ်ပေါင်းအသင်္ချေ အသက်ရှည်စေနိုင်လေသည်။ လူ၏အသက်တမ်း က အနှစ်တရာတမ်းမျိုး ဖြစ်နေလျှင် အာယုကပ်ကာလ အပိုင်းအခြားအရ အနှစ်တရာသာ အသက်ရှည်စေနိုင်လေသည်၊ မှန်၏- ကံသည် ကာလ, ဥပဓိ, ပယောဂ, ဂတိတို့၏ သမ္ပတ္တိ ဝိပတ္တိသို့လိုက်၍ အကျိုး ပေးလေသည်။ ထို့ကြောင့် ပကိဏ္ဏကဒေသနာ ရှေးအဋ္ဌကထာ၌ အာယုကပ်ကို ဖွင့်ပြ ကောက်ယူလေသည်။ ထို့ကြောင့်ပင် အရှင်မဟာဗုဒ္ဓဃောသ, အရှင်မဟာဓမ္မပါလ-စသော အဋ္ဌကထာသစ်ဆရာတော်များ ဋီကာဆရာတော်များကလည်း အာယုကပ်ကိုသာ လက်ခံ ကောက်ယူတော်မူကြလေသည်။

မာရ်နတ်နှောက်ယှက်သော အခဏ်း၌ မှတ်ဖွယ်ကား- ဝိပလ္လာသတရား = ဖောက်ပြန်စွာ ဖြစ်တတ်သောတရား (၁၂)-ပါးရှိသည်၊ (၁၂)-ပါးဟူသည်မှာ-

အနိစ္စတရား၌ နိစ္စဟူ၍ဖြစ်သော ၁-သညာဝိပလ္လာသ, ၂-စိတ္တဝိပလ္လာသ, ၃-ဒိဋ္ဌိဝိပလ္လာသဟူ၍ = သုံးပါး၊ ဒုက္ခတရား၌ သုခဟူ၍ဖြစ်သော ၁-သညာဝိပလ္လာသ, ၂-စိတ္တဝိပလ္လာသ, ၃-ဒိဋ္ဌိဝိပလ္လာသဟူ၍ =သုံးပါး၊ အနတ္တတရား၌ အတ္တဟူ၍ဖြစ်သော ၁-သညာဝိပလ္လာသ, ၂-စိတ္တဝိပလ္လာသ, ၃-ဒိဋ္ဌိဝိပလ္လာသဟူ၍ = သုံးပါး၊ အသုဘတရား၌ သုဘဟူ၍ဖြစ်သော ၁-သညာဝိပလ္လာသ, ၂-စိတ္တဝိပလ္လာသ, ၃-ဒိဋ္ဌိဝိပလ္လာသဟူ၍=သုံးပါး၊ ဤသို့ ဝိပလ္လာသတရား (၁၂)-ပါးရှိသည်။

ထိုဝိပလ္လာသတရား (၁၂)-ပါးလုံး ကင်းရှင်း ပယ်ခွါပြီးသော ပုဂ္ဂိုလ်၏စိတ်ကို မာရ်နတ်သည် အနှောက်အယှက်မပေးနိုင်။ (ရှင်မောဂ္ဂလ္လာန်ဝတ္ထုကို ပြန်၍စဉ်းစားရာ၏)။ ထိုဝိပလ္လာသတရား (၁၂)-ပါးလုံး မကင်းရှင်း မပယ်ခွါရသေးသော ပုထုဇန်ပုဂ္ဂိုလ်များနှင့် ထိုဝိပလ္လာသတရားတို့မှ အချို့အဝက်ကိုသာ ပယ်ပြီးဖြစ်၍ အချို့အဝက် ကျန်ရှိနေသေးသော အရိယာပုဂ္ဂိုလ်များ၏ စိတ်ကိုကား မာရ်နတ်သည် အနှောက်အယှက်ပေးနိုင်၏။

အရှင်အာနန္ဒာမထေရ်မှာ ဖော်ပြရာပါ ဝိပလ္လာသ (၁၂)-ပါးတို့အနက် ဒုက္ခတရား၌ သုခဟူ၍ဖြစ်သော သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ ၂-ပါး, အသုဘတရား၌ သူဘဟူ၍ဖြစ်သော သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ ၂-ပါး = ဤလေးပါးသော ဝိပလ္လာသတရားတို့ကို

၃၂၁

မပယ်ရှားရသေး၊ (ကျန်ဝိပလ္လာသတရား ရှစ်ပါးတို့ကိုသာ ပယ်ရှားအပ်ပြီးဖြစ်သည်)၊ ထို့ကြောင့် အရှင်အာနန္ဒာ၏စိတ်ကို မာရ်နတ်သည် အနှောက်အယှက်ပေးနိုင်၏။

မာရ်နတ်သည် သတ္တဝါတို့၏ စိတ်အနှောက်အယှက်ကို ပြုလုပ်လိုသည်ရှိသော် အဘယ်သို့ ပြုလုပ်သနည်းဟူမူ အဖြေကား- ကြောက်မက်ဖွယ်သော အဆင်း = ရူပါရုံကိုမူလည်း ဖန်ဆင်း၍ ပြ၏၊ ကြောက်မက်ဖွယ်သော အသံ = သဒ္ဒါရုံကိုသော်မူလည်း ဖန်ဆင်း၍ ကြားစေ၏၊ ထိုအခါ ဝိပလ္လာသ မကင်းကြသေးသော သတ္တဝါတို့သည် မာရ်နတ် ဖန်ဆင်း၍ ပြအပ်သော ထိုအဆင်းရူပါရုံကို မြင်၍သော်၎င်း အသံသဒ္ဒါရုံကို ကြား၍သော်၎င်း သတိလွတ်ကာ ခံတွင်းဖွင့်ဟလျက် နေကြကုန်၏။ ထိုသူတို့၏ ခံတွင်းမှ မာရ်နတ်သည် မိမိလက်ကိုသွင်း၍ နှလုံးသားကို ကြိတ်ချေသည့်အလား ဆုပ်ကိုင်၍ ထားလေသည်၊ ထိုအခါ ထိုသတ္တဝါတို့သည် သတိသညာ လွတ်ကင်းကြကာ မိန်းမောတွေဝေ နစ်မြော၍ နေကြလေသည်။ ဤနည်းဖြင့် သတ္တဝါ တို့၏စိတ်ကို အနှောက်အယှက် ပြုလေသည်။

အရှင်အာနန္ဒာ မထေရ်အားကား ထိုမာရ်နတ်သည် ခံတွင်းမှ လက်ကိုသွင်း၍ နှလုံးသားကို ကြိတ်ချေသည့်အလား ညှဉ်းပန်းနှိပ်စက်ခြင်းငှါ မစွမ်းနိုင်၊ စင်စစ်သော်ကား ကြောက်မက်ဖွယ်ကောင်းသော အာရုံကို ပြလေသည်၊ ထိုမာရ်နတ်ပြသော ကြောက်မက်ဖွယ်အာရုံကို မြင်ရ၍ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား မိန့်ညွှန်ကြားသည့် စကားနိမိတ် အရိပ်အရောင်ကို မသိပဲ ရှိလေသည်)။

     မြတ်စွာဘုရားရှင်သည် နှစ်ကြိမ်မြောက်လည်း ။(ပ)။ သုံးကြိမ်မြောက်လည်း အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ်ရှိ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ်ရှိ၏။



၃၂၂

ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏၊ ကောင်းစွာဆည်းပူး ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”-

ဟု ထင်ရှားသော နိမိတ် အရိပ်အရောင်စကား မိန့်ကြားတော်မူလေ၏။ မြတ်စွာဘုရားရှင်က ထင်ရှားသောနိမိတ် အရိပ်အရောင်ကို ဤသို့ပင် ပြပါသော်လည်း အရှင်အာနန္ဒာသည်ကား သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ ထို့ကြောင့် “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို သနားစောင့်ရှောက်တော်မူပါရန် ရှင်တော်ဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်နေတော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ အခြား မာန်နတ်အနှောက်အယှက် ခံရသော စိတ်ရှိသူကဲ့သို့ပင် အရှင်အာနန္ဒာသည်လည်း ဖြစ်၍နေလေ၏။



၃၂၃

(ဤ၌- “မြတ်စွာဘုရားရှင်သည် မာရ်နတ် နှောက်ယှက်ထားသည်ကို သိတော်မူလျက်ပင် အဘယ့်ကြောင့် သုံးကြိမ်တိုင်တိုင် ဤသို့ မိန့်ကြားတော်မူပါသနည်း”ဟု မေးဖွယ်ရှိ၏။

အဖြေကား- နောက်၌ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”- စသည်ဖြင့် (မာရ်နတ် အနှောက်အယှက်လွတ်၍ သတိရလာသောအခါ) အရှင်အာနန္ဒာသည် တောင်းပန်လိမ့်ဦးမည်၊ ထိုသို့ တောင်းပန်သောအခါ “ချစ်သားအာနန္ဒာ.. ထိုသို့ မတောင်းပန်ခြင်းသည် သင်၏ အပြစ်သာလျှင် ဖြစ်ချေ၏။ သင်၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏”- စသည်ဖြင့် အပြစ်တင် စကား မိန့်ကြားတော်မူကာ အရှင်အာနန္ဒာ၏ စိုးရိမ်သောကတရား ပါးအောင် ပြုတော်မူလိုသောကြောင့် သုံးကြိမ်တိုင်တိုင် ဤသို့ မိန့်ကြားတော်မူလေသည်။ ဤကား အဖြေတည်း)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. သင် သွားလော့၊ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏”ဟု မိန့်တော်မူလေ၏။ အရှင်အာနန္ဒာမထေရ်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးလျက် မြတ်စွာဘုရားနှင့် မနီးမဝေး တခုသော သစ်ပင်ရင်း၌ ထိုင်နေလေ၏။

မာရ်နတ် တောင်းပန်ခြင်း

     ထိုအခါ အရှင်အာနန္ဒာ ဖဲသွား၍ မကြာမြင့်မီ မာရ်နတ်အယုတ်သည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ တခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားရှင်ကို ဤဆိုလတ္တံ့သောအတိုင်း (ပရိနိဗ္ဗာန် စံတော်မူရန်) လျှောက်ထားလေ၏-

“မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခုအခါသည်



၃၂၄

ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်- ‘မာရ်နတ်.. ငါဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည် မဟုတ်’ဟု မိန့်ကြားတော်မူခဲ့ဘူးပါသည်။

မြတ်စွာဘုရား.. ယခုအခါ ရှင်တော်ဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ လောကုတ္တရာတရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဘန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါပြီ။



၃၂၅

မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခုအခါသည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။ (၁)

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်- ‘မာရ်နတ် ငါဘုရား၏ တပည့် ရဟန်းမိန်းမတို့သည် (ပ)။ (၂)

ငါဘုရား၏ တပည့် ဥပါသကာတို့သည် (ပ)။ (၃)

ငါဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်’ဟု မိန့်ကြားတော်မူခဲ့ဘူးပါသည်။

မြတ်စွာဘုရား.. ယခုအခါ ရှင်တော်ဘုရား၏တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ လောကုတ္တရာတရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊

၃၂၆

လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဘန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါပြီ။

မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခုအခါသည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။ (၄)

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်- ‘မာရ်နတ်.. ငါဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေးသမျှ, မစည်ပင်သေးသမျှ, မပြန့်ပွါးသေးသမျှ, လူအများ မသိသေးသမျှ, များစွာ မဖြစ်ထွန်းသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည် မဟုတ်’ဟု မိန့်ကြားတော်မူခဲ့ ဘူးပါသည်။

မြတ်စွာဘုရား.. ယခုအခါ ရှင်တော်ဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ။

မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော

၃၂၇

မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား ယခုအခါသည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။ (၅)

ဟု လျှောက်ထားတောင်းပန်လေ၏။

(ဤ၌။ ။မာရ်နတ်သည် မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးစ ရှစ်ခုမြောက် သတ္တာဟဝယ် ဗောဓိမဏ္ဍိုင်ကုန်း၌ပင် လာရောက်၍ “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ဘုရားဖြစ်ရန် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့သည့်အတိုင်း ယခုအခါ ဘုရားဖြစ်တော်မူပါပြီ၊ သဗ္ဗညုတရွှေဉာဏ်တော်ကို ထိုးထွင်းရရှိ သိအပ်ပါပြီ၊ အရှင်ဘုရား၏အဖို့ရာ သတ္တလောက အကျိုးအတွက် တမြို့မှ တမြို့သို့ တရွာမှ တရွာသို့ လှည့်လည်ကျက်စား တရားဟောခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု စကားပလ္လင်ခံ၍ ဤယခု (အာယုသင်္ခါရ လွှတ်တော်မူသော) နေ့၌ကဲ့သို့ပင် “မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့” စသည်ဖြင့် ပရိနိဗ္ဗာန် စံတော်မူရန် တောင်းပန်စကား လျှောက်ထားခဲ့လေသည်။

ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးစ သတ္တသတ္တာဟ စံတော်မူပြီးနောက်အချိန်ဝယ် အဇပါလညောင်ပင်ရင်း၌ သဟမ္ပတိဗြဟ္မာကြီးအား၎င်း, သိကြားနတ်မင်းအား၎င်း တရားဟောဖို့ရန် ဝန်ခံတော်မူပြီးသော မြတ်စွာဘုရားကို သိရှိကာ မာရ်နတ်မင်းသည် “ယခုအခါ၌ မြတ်စွာဘုရားသည် သတ္တဝါတို့ကို တရားဟောပြောခြင်းဖြင့် ငါ၏နယ်ပယ်ကို လွန်မြောက်စေတော့မည်”ဟု နှလုံးမသာယာ ဖြစ်ရှိကာ ရပ်တည်ရင်းကပင် “ကိုင်း.. ယခုအခါ ငါသည် မြတ်စွာဘုရားကို ဥပါယ်တမျဉ်ဖြင့် ပရိနိဗ္ဗာန်စံစေအံ့၊ ဤသို့ ပြုမူခြင်းဖြင့် မြတ်စွာဘုရား၏ စိတ်နှလုံးအလို တမျိုးတမည် ပြောင်းလဲသွားကာ ငါ၏ စိတ်နှလုံးအလိုဆန္ဒ ပြည့်ဝပေလိမ့်မည်”ဟု ကြံစည်၍ ဘုရားထံမှောက် သွားရောက်ချဉ်းကပ်လျက် လျောက်ပတ်ရာအရပ်၌ ရပ်တည်ပြီးလျှင် ရှေးဖော်ပြရာပါအတိုင်း စကားပလ္လင်ခံ၍ ပရိနိဗ္ဗာန်စံတော်မူရန် တောင်းပန်စကား လျှောက်ထားခဲ့လေသည်။

ထိုစဉ်အခါ မြတ်စွာဘုရားရှင်ကလည်း ကိုယ်တော်မြတ်၏ တပည့်သာဝက ရဟန်း, ရဟန်းမိန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ (ပ) ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို

၃၂၈

မဟောပြနိုင်သေးသမျှ ကာလပတ်လုံး ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်ကြောင်း မိန့်တော်မူ၍ မာရ်နတ်၏ လျှောက်ထားချက်ကို ပယ်ချတော်မူခဲ့လေသည်။ ထိုအကြောင်းကို ရည်ရွယ်၍ မာရ်နတ်မင်းသည် ယခုအခါ “မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်” အစရှိသော စကားကို တင်ပြလျှောက်ထား တောင်းပန်လေသည်)။

ဤသို့လျှောက်သော် မြတ်စွာဘုရားသည် မာရ်နတ် အယုတ်ကို-

“ဟယ် မာရ်နတ်ယုတ်.. သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံလိမ့်မည်”-

ဟု မိန့်တော်မူ၏။

အာယုသင်္ခါရ လွှတ်တော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် စာပါလစေတီ၌ နေတော်မူစဉ်ပင် သတိရှိလျက် ဆင်ခြင်တော်မူလျက် အာယုသင်္ခါရ (=အသက်ရှည်ရန် ပြုပြင်နိုင်သော အာယုပါလက ဖလသမာပတ်)ကို လွှတ်တော်မူ၏။ ထိုအခါ ကြက်သီးမွေးညှင်းထလျက် ကြောက်မက်ဖွယ်ရာ မြေငလျင် အကြီးအကျယ် တုန်လှုပ်လေ၏။ တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ် ဤဥဒါန်းစကားကို ကျူးရင့်တော်မူ၏-

တုလမတုလဉ္စ သမ္ဘဝံ၊

ဘဝသင်္ခါရမဝဿဇိ မုနိ။

အဇ္ဈတ္တရတော သမာဟိတော၊

အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝံ။



၃၂၉

မုနိ = ဗုဒ္ဓမုနိ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ သမ္ဘဝံ = ပဝတ္တအကျိုး၏ ဖြစ်ပွါးရာ အကြောင်းဖြစ်သော။ ဘဝသင်္ခါရံ = ကာမဘဝ စသည်ဖြစ်ရန် စီမံပြုပြင်တတ်သော။ တုလဉ္စ = ပိုင်းဖြတ်၍ရသည့် ကာမာဝစရကံကို၎င်း။ အတုလဉ္စ = ပိုင်းဖြတ်၍မရသည့် မဟဂ္ဂုတ်ကံကို၎င်း။ အဝဿဇိ = အရိယမဂ်ဖြင့် ထွေးဟက်စွန့်ပစ်တော်မူပြီ။ အဇ္ဈတ္တရတော = ဝိပဿနာ ဉာဏ်ပညာဖြင့် ခန္ဓာပဉ္စက အဇ္ဈတ္တဝယ် လက္ခဏယာဉ် သုံးချက်တင်လျက် ဆင်ခြင်ရှုမြော် မွေ့လျော်တော်မူသည်ဖြစ်၍။ သမာဟိတော = ဥပစာရ, အပ္ပနာ နှစ်ဖြာသောသမာဓိဖြင့် တည်ကြည်ခြင်း ရှိတော်မူသည်ဖြစ်၍။ ကဝစမိဝ = ချပ်ဝတ်ကဲ့သို့။ အတ္တသမ္ဘဝံ = မိမိသန္တာန်ဝယ် ဖန်ဖန်ဖြစ်ပွါး ကိလေသာတရားကို။ အဘိန္ဒိ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့် ပယ်ရှား ဖျက်ဆီးတော်မူခဲ့လေပြီ။

(တနည်း) မုနိ = ဗုဒ္ဓမုနိ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ အတုလဉ္စ = မနှိုင်းရှည်အပ်ငြား နိဗ္ဗာန်တရားကို၎င်း။ သမ္ဘဝဉ္စ = အဖန်ဖန်ဖြစ်ပွါး ဘဝသုံးပါးကို၎င်း။ တုလံ = တုလေန္တော = “ခန္ဓာငါးဝ သင်္ခါရကား အနိစ္စသာ မှန်လှစွာ၏၊ ခန္ဓာငါးတန် ချုပ်ရာမှန်သည့် နိဗ္ဗာန်မည်ငြား ဤတရားမူ ပျက်ပြားမရှိ မြဲလှဘိ”ဟု နှိုင်းရှည့်သုံးသပ် ပညာမြတ်ဖြင့် ဆုံးဖြတ်တော်မူသည်ဖြစ်၍။ ဘဝသင်္ခါရံ = ဘဝအသစ် ဖြစ်ဖို့စီမံ ဘဝဂါမိကံကို။ အဝဿဇိ = အရိယမဂ်ဖြင့် ထွေးဟက်စွန့်ပစ်တော်မူပြီ။ (ကထံ အဝဿဇိ = ဘယ်ပုံဘယ်နည်း စွန့်ပစ်သနည်းဟူမူ)။ အဇ္ဈတ္တရတော = ဝိပဿနာ ဉာဏ်ပညာဖြင့် ခန္ဓာပဉ္စက အဇ္ဈတ္တဝယ် လက္ခဏယာဉ် သုံးချက်တင်လျက် ဆင်ခြင်ရှုမြော် မွေ့လျော်တော်မူသည်ဖြစ်၍။ သမာဟိတော = ဥပစာရ, အပ္ပနာ နှစ်ဖြာသောသမာဓိဖြင့် တည်ကြည်ခြင်း ရှိတော်မူသည်ဖြစ်၍။ ကဝစမိဝ = ချပ်ဝတ်ကဲ့သို့။ အတ္တသမ္ဘဝံ = မိမိသန္တာန်ဝယ် ဖန်ဖန်ဖြစ်ပွါး ကိလေသာတရားကို။ အဘိန္ဒိ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့် ပယ်ရှား ဖျက်ဆီးတော်မူခဲ့လေပြီ။



၃၃၀

     အဓိပ္ပါယ်မှာ- သမထ, ဝိပဿနာ ဘဝနာနှစ်ပါး ပွါးများတော်မူသဖြင့် မြတ်စွာဘုရားသည် အရိယမဂ်လေးပါးကို ရတော်မူသည်။ စစ်မြေဦး၌ စစ်သူရဲကောင်းသည် မိမိကိုယ်ဝယ် အတင်းအကြပ် ဝတ်ဆင်၍ထားအပ်သော ချပ်ဝတ်ကို ထက်လှစွာသော သန်လျက်ဖြင့် ခုတ်ဖျက်၍ပစ်သကဲ့သို့ မြတ်စွာဘုရားသည်လည်း အရိယမဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့် ကိလေသာတရားများကို အကြွင်းမဲ့ခုတ်ဖြတ် ဖျက်ဆီးတော်မူလေသည်။ ထိုကဲ့သို့ ကိလေသာတရားတို့ကို အကြွင်းမဲ့ ဖျက်ဆီးလိုက်သည်နှင့် တပြိုင်နက် (ရေသောက်မြစ်ကို ဖြတ်လိုက်သော သစ်ပင်ကြီး၏ အတွင်းဝယ် ရှိရင်းစွဲဖြစ်သော သီးစေနိုင်သော သတ္တိတို့သည် ငြိမ်းစဲသွားကာ မသီးစေနိုင်တော့သကဲ့သို့) မြတ်စွာဘုရား၏ သန္တာန်တော်ဝယ် အတိတ်သံသရာက လိုက်ပါခဲ့သော ဝဋ္ဋဂါမိ လောကီကံများသည်လည်း ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ပေးစွမ်းနိုင်သော သတ္တိများ ငြိမ်းစဲသွားကြကာ ပယ်ရှားပြီး ဖြစ်လေတော့၏ဟု ဆိုလိုသည်။

(ဤ၌- “မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်တော်မူလျက် အာယုသင်္ခါရကို စွန့်လွှတ်တော်မူ၏”ဟူသော စကားရပ်ဝယ်-

“သတိရှိလျက်”ဟူသော ဝိသေသနဖြင့် မြတ်စွာဘုရားရှင်သည် “ကာယ, ဝေဒနာ, စိတ္တ, ဓမ္မအားဖြင့် = လေးထွေပြားသည့် ခန္ဓာကိုယ် အတ္တဘော တည်းဟူသော ဒုက္ခဝန်ထုပ်ကြီးကို ငါဘုရားသည် ရှည်လျားလှစွာ သံသရာ ကာလပတ်လုံး ပင်ပန်းကြီးစွာ ထမ်းဆောင်ခဲ့ရလေပြီ၊ ယခုအခါ၌ကား ထမ်းဆောင်ရတော့မည်မဟုတ်၊ ဤဒုက္ခဝန်ထုပ်ကြီးကို မထမ်းဆောင်ဖို့ရန် စွန့်ပယ်နိုင်ဖို့ရန် ငါဘုရားသည် လေးအသင်္ချေ ကမ္ဘာတသိန်းကြာအောင် အရိယမဂ်၏ အဆောက်အဦ အဆူဆူသော ပါရမီကောင်းမှုတို့ကို ဆည်းစုအပ်ခဲ့လေပြီ၊ ထိုငါမြော်ကိုး တောင့်တသည့် အရိယမဂ်ကို ယခုအခါ ကောင်းစွာ ထိုးထွင်းသိမြင် ရရှိအပ်ခဲ့လေပြီ၊ ယင်းသို့ ရသောကြောင့်ပင် ဤကာယ, ဝေဒနာ, စိတ္တ, ဓမ္မအားဖြင့် လေးပါးသော တရားတို့ကို အသုဘ, ဒုက္ခ, အနိစ္စ, အနတ္တအားဖြင့် ပိုင်းခြားထင်ထင် အမှန်အတိုင်း သိမြင်အပ်လေပြီ”ဟု သတိလေးပါးကို သက်ဆိုင်ရာ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မအာရုံတို့၌

၃၃၁

ထားပြီးလျှင် သတိလက်မလွတ်ပဲ အာယုသင်္ခါရကို စွန့်လွှတ်တော်မူကြောင်း ပြဆိုသည်။

“ဆင်ခြင်တော်မူလျက်”ဟူသော ဝိသေသနဖြင့် မြတ်စွာဘုရားရှင်သည် “ဤခန္ဓာဝန်ထုပ်ကြီးကို ထမ်းဆောင်နေရခြင်း၌ ၁-အတ္တဟိတ = မိမိအကျိုးစီးပွါး, ၂-ပရဟိတ = သူတပါး၏ အကျိုးစီးပွါးဟူ၍ အကျိုးစီးပွါး = နှစ်မျိုးနှစ်စားရှိရာဝယ် ငါဘုရား၏အတွက် ၁-အတ္တဟိတ = မိမိအကျိုးစီးပွါးကို မဟာဗောဓိပင်ရင်းမှာပင် ပြီးဆုံးစေအပ်ခဲ့လေပြီ။ ဗုဒ္ဓဝေနေယျတို့ကို ဆုံးမချေချွတ်ခြင်း တည်းဟူသော ၂-ပရဟိတ = သူတပါးတို့၏ အကျိုးစီးပွါးကို ရွက်ဆောင်မှုကား မကြာမြင့်မီ လာမည့် သုံးလမြောက် (=ကဆုန်လပြည့်နေ့)၌ ပြီးဆုံးတော့မည်”ဟု ဗုဒ္ဓဉာဏ်တော်ဖြင့် အလုံးစုံကို ဆုံးဖြတ်ပြီးမှ အာယုသင်္ခါရ လွှတ်တော်မူကြောင်းကို ပြဆိုသည်။

“မြတ်စွာဘုရားသည် အာယုသင်္ခါရကို လွှတ်တော်မူ၏” ဟူရာဝယ် အာယုသင်္ခါရ-ဟူသည်ကား ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ရုပ်ဇီဝိတ နာမ်ဇီဝိတ သန္တာန်အစဉ်ကိုလည်း (ကံသည် ပြုပြင်အပ်သောတရား ဖြစ်သောကြောင့်) အာယုသင်္ခါရဟု ခေါ်၏။ ရှေးဖော်ပြရာပါ အာယုပါလက ဖလသမာပတ်ကိုလည်း အသက်ရှည်အောင် ပြုပြင်စောင့်ရှောက် ပေးတတ်သောကြောင့် အာယုသင်္ခါရဟု ခေါ်၏။

ဤသို့ အာယုသင်္ခါရ နှစ်မျိုးရှိရာ ဤယခု “အာယုသင်္ခါရကို လွှတ်တော်မူ၏”ဟူသော စကားရပ်၌ အာယုသင်္ခါရအရ အာယုပါလက ဖလသမာပတ်ကို ကောက်ယူရာ၏။ ထို့ကြောင့် “အာယုသင်္ခါရကို လွှတ်တော်မူ၏” ဟူသည်မှာ- မြတ်စွာဘုရားသည် လက်ဖြင့် ခဲကို စွန့်လွှတ်သကဲ့သို့ အာယုသင်္ခါရကို စွန့်လွှတ်တော်မူသည်မဟုတ်၊ စင်စစ်သော်ကား “ငါဘုရားသည် ဤမှနောက် သုံးလတိုင်ရုံသာ (ကဆုန်လပြည့်နေ့ တိုင်ရုံသာ) အာယုပါလက ဖလသမာပတ်ကို ဝင်စားတော့မည်။ ထိုမှနောက်၌ကား မဝင်စားတော့ဘူး”ဟု စိတ်တော်ကို ဖြစ်စေခြင်း = ဆုံးဖြတ်ချက် ချမှတ်တော်မူလိုက်ခြင်းကို အာယုသင်္ခါရ လွှတ်တော်မူခြင်းဟု ခေါ်ဆိုသည်။ ထိုသို့ “သုံးလမှ နောက်၌ အာယုပါလက ဖလသမာပတ်ကို ငါမဝင်စားတော့ဘူး”ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်သဖြင့်ပင်လျှင် ထိုအာယုပါလက ဖလသမာပတ်ဖြင့် ပြုပြင် စီရင်အပ်သော ဇီဝိတသန္တာန်အစဉ် တည်းဟူသော အကျိုးအာယုသင်္ခါရကို “ငါမဖြစ်စေတော့ဘူး”ဟူ၍ စွန့်လိုက်ပြီး ဆုံးဖြတ်လိုက်ပြီး ဖြစ်လေတော့၏။

၃၃၂

ထိုသို့ အာယုသင်္ခါရကို စွန့်လွှတ်တော်မူလိုက်သောအခါ စကြဝဠာ တိုက်တသောင်းတိုင်အောင် မဟာပထဝီ ဤမြေကြီးသည် ၁-အရှေ့မှ အနောက်သို့ ယိမ်း၍တမျိုး, ၂-အနောက်မှ အရှေ့သို့ ယိမ်း၍တမျိုး, ၃-တောင်မှ မြောက်သို့ ယိမ်း၍တမျိုး, ၄-မြောက်မှ တောင်သို့ ယိမ်း၍တမျိုး, ၅-အောက်မှ အထက်သို့ တက်၍တမျိုး, ၆-အထက်မှ အောက်သို့ သက်၍တမျိုး = ဤသို့ ၆-မျိုးသော အခြင်းအရာဖြင့် ကိလေသာ မကင်းသူများအဖို့ မွေးညှင်းရွှင်ပျ ကြက်သီးထလျက် ကြောက်မက်ဖွယ်ရာ တုန်လှုပ်လေသည်။

ထိုသို့ အာယုသင်္ခါရကို စွန့်လွှတ်တော်မူလိုက်ပြီးသောအခါ မြတ်စွာဘုရားရှင်၏ စိတ်တော်အစဉ်ဝယ် “ငါဘုရားသည် ရှည်လျားလှစွာ သံသရာကာလပတ်လုံး ပင်ပန်းကြီးစွာ ထမ်းဆောင်ခဲ့ရသော ခန္ဓာဝန်ထုပ်ကြီးကို ယခုအခါ မကြာမြင့်မီ သုံးလမြောက်လျှင် စွန့်ချရတော့ပေမည်”ဟု ကြံစည်စဉ်းစား နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း = ပီတိသောမနဿတရား တဖွားဖွား ဖြစ်လေတော့သည်၊ သို့ရကား (ဆီအိုးအတွင်းသို့ ဆီကို လောင်းထည့် သွန်းသောအခါ ပိုလျှံသော ဆီများသည် ဆီအိုးအပေါ်သို့ လျှံ၍တက်သကဲ့သို့) မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ ဖြစ်ပွါးသော ပီတိတရား သောမနဿတရားတို့သည် တကိုယ်လုံး လွှမ်းခြုံကာ ရင်တွင်းမဆံ့ပဲ အပေါ်သို့ လျှံ၍တက်သည့်အလား “တုလမတုလဉ္စ သမ္ဘဝံ”- အစရှိသော ဥဒါန်းဂါထာစကား ကျူးရင့် ဖြစ်ပွါးလာလေသည်။

ထိုသို့ ဥဒါန်းကျူးရင့်တော်မူသဖြင့်ပင် “မြတ်စွာဘုရားသည် မာရ်နတ်ကိုကြောက်၍ အာယုသင်္ခါရ လွှတ်သည်မဟုတ်”ဟူသော အနက်လည်း ပြီးလေ၏။ မှန်၏- ကြောက်ရွံ့သောသူအဖို့ရာ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ခြင်းမည်သည် မရှိ။ ယခု မြတ်စွာဘုရား အာယုသင်္ခါရကို လွှတ်တော်မူသည်မှာ မည်သူကိုမျှ မရွံ့မကြောက် “ခန္ဓာဝန်ကို စွန့်ချ၍ ဒုက္ခဇာတ်သိမ်းရတော့မည်”ဟု ဗုဒ္ဓဉာဏ်ဖြင့် သိမြင်တော်မူလျက် ဥဒါန်းကျူးရင့်ကာ ဝမ်းမြောက်ဝမ်းသာ အာယုသင်္ခါရကို လွှတ်တော်မူလေသည်)။

     ထိုအခါ အရှင်အာနန္ဒာ၏ စိတ်သန္တာန်ဝယ် “အိုး.. အံ့ဖွယ် ရှိပါပေစွာ့၊ မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ ကြက်သီးမွေးညှင်း ထစေလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေ(ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်လေစွာ့တကား၊ အလွန် ကြီးကျယ်လေစွာ့တကား၊



၃၃၃

တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွားကုန်၏။ အကြီးအကျယ် မြေ(ငလျင်) လှုပ်ခြင်း၏ ဇနကအကြောင်းကား အဘယ်ပါလိမ့်နည်း၊ ဥပတ္ထမ္ဘကအကြောင်းကား အဘယ်ပါလိမ့်နည်း”ဟု အကြံအစည် ဖြစ်ရှိလေ၏။

     ထို့နောက် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက် ဆည်းကပ်လျက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် သင့်လျော်လျောက်ပတ်သော နေရာ၌ ထိုင်နေ၍ မြတ်စွာဘုရားရှင်ကို “အံ့ဖွယ်ရှိပါပေစွာ့ မြတ်စွာဘုရား..၊ မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့ မြတ်စွာဘုရား..၊ ကြက်သီးမွေးညှင်း ထစေလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေ(ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွာ့၊ အလွန်ကြီးကျယ်ပါပေစွာ့၊ တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွားကုန်၏၊ မြတ်စွာဘုရား.. မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ဇနကအကြောင်းကား အဘယ်ပါနည်း၊ ဥပတ္ထမ္ဘကအကြောင်းကား အဘယ်ပါနည်း”ဟု လျှောက်ထား မေးမြန်းလေ၏။

မြေ(လျင်)လှုပ်ခြင်းအကြောင်း ရှစ်ပါး

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ရှစ်ပါးတို့ရှိကုန်၏၊ ရှစ်ပါးတို့ ဟူသည်မှာ-

     (၁) ချစ်သားအာနန္ဒာ.. ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၏၊ ရေသည် လေ၌တည်၏၊ လေသည် ကောင်းကင်၌တည်၏။ ချစ်သားအာနန္ဒာ.. လေ ပြင်းစွာ တိုက်ခတ်သောအခါ ထိုလေပြင်းတို့သည် ရေကို လှုပ်စေကုန်၏၊ လှုပ်သောရေသည် မြေကို လှုပ်စေ၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့တည်း။



၃၃၄

     (၂) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း တန်ခိုးရှင်ဖြစ်သော အဘိညာဏ်စိတ်၌ လေ့လာပြီးသော သမဏကဖြစ်စေ, ဗြာဟ္မဏကဖြစ်စေ, ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်ကဖြစ်စေ အားနည်းသော မြေကသိုဏ်းဈာန်သညာနှင့် အားကြီးသော ရေကသိုဏ်း ဈာန်သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေတတ်, တုန်လှုပ်စေတတ်, ပြင်းစွာ တုန်လှုပ်စေတတ်, သွက်သွက်ခါ တုန်လှုပ်စေတတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ နှစ်ခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။

     (၃) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် သမ္ပဇဉ်ရှိလျက် (=သတိသမ္ပဇဉ် လက်မလွတ်ပဲ) အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကားမြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ သုံးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။

     (၄) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း ဘုရားအလောင်း သတိရှိလျက် သမ္ပဇဉ်ရှိလျက် (=သတိသမ္ပဇဉ် လက်မလွတ်ပဲ) အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ လေးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။

     (၅) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသောအခါ (ဘုရားဖြစ်တော်မူသောအခါဟု ဆိုလိုသည်) ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ငါးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။



၃၃၅

     (၆) ချစ်သားအာနန္ဒာ = တဖန် ထို့ပြင်လည်း မြတ်စွာဘုရား အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ခြောက်ခုမြောက်ဖြစ်သော အကြောင်း အထောက်အပံ့တည်း။

     (၇) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း မြတ်စွာဘုရားရှင် သတိရှိလျက် သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ခုနစ်ခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။

     (၈) ချစ်သားအာနန္ဒာ.. တဖန် ထို့ပြင်လည်း မြတ်စွာဘုရားရှင် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသည့် ငြိမ်းချမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်တတ်, တုန်လှုပ်တတ်, ပြင်းစွာတုန်လှုပ်တတ်, သွက်သွက်ခါ တုန်လှုပ်တတ်၏။ ဤကား မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ ရှစ်ခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း။

     ချစ်သားအာနန္ဒာ.. မြေ(ငလျင်) ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း”ဟု မိန့်တော်မူ၏။ (မြတ်စွာဘုရားရှင်၏ စကားတော်အဆက်ကား မပြီးဆုံးသေးပါ)။

(ဤအရာ၌-

၁-ဓာတ်ချောက်ချားအင်, ၂-တန်ခိုးရှင်တို့ ဘိညာဉ်စွမ်းအား ဈာန်ကစားနှင့်, ၃-မြတ်ဖျားစိန္တေ ပရမေတို့ သန္ဓေယူခါ, ၄-ဖွားရာ တလှစ်, ၅-ဘုရားဖြစ်တည့်, ၆-မိန့်လစ်ဓမ္မစက်, ၇-တချက်အာယု စွန့်လွှတ်မှုက, ၈-အနုပါဒီ နိဗ္ဗာန်မှီ၊ ၊ရှစ်လီမြေကြီး လှုပ်ကြောင်းတည်း-

၃၃၆

ဟူသော ဤလင်္ကာကို နှုတ်ရဆောင်ထားပြီးမှ ဤဆိုလတ္တံ့သော အဓိပ္ပါယ်ကို အထူး မှတ်ယူရာ၏။

၁-ဓာတ်ချောက်ချားအင်

ဓာတ်ချောက်ချား၍လည်း မြေ(ငလျင်) တုန်လှုပ်၏။ ချဲ့ဦးအံ့- ကမ္ဘာလောကဓာတ်ကြီး၏ အောက်မှ ယူဇနာပေါင်း (၉၆ဝဝဝဝ) ကိုးသိန်း ခြောက်သောင်း အထုရှိသော လေထုခံလျက်ရှိ၏၊ ထိုလေထု၏အထက်၌ ယူဇနာပေါင်း (၄၈ဝဝဝဝ) လေးသိန်းရှစ်သောင်း အထုရှိသော ရေထုတည်၏၊ ထိုရေထု၏အထက်၌ ယူဇနာပေါင်း (၂၄ဝဝဝဝ) နှစ်သိန်းလေးသောင်း အထုရှိသော မြေထုတည်၏။ ထိုမြေထုတွင် အောက်ပိုင်း ယူဇနာပေါင်း (၁၂ဝဝဝဝ) တသိန်းနှစ်သောင်းကား သိလာမြေ = ကျောက်မြေဖြစ်၏၊ အထက်ပိုင်း ယူဇနာပေါင်း (၁၂ဝဝဝဝ) တသိန်းနှစ်သောင်းကား ပံသုမြေဖြစ်၏။

ဓာတ်ချောက်ချား၍ အောက်ခံ လေထုပကတိတွင် ထူးကဲ၍ လေပြင်းလေကြမ်း တိုက်ခတ်သောအခါ ဥက္ခေပကလေ-ဟုခေါ်သော (ပကတိ ရှိရင်း ရေထုကိုခံသည့် လေကို ဖြတ်တောက်၍ မူလတည်နေရင်းဌာနမှ လွင့်ပါးစေတတ်သော) ဓာတ်ချောက်ချား၍ဖြစ်သည့် လေပြင်း လေကြမ်းများ တိုက်ခတ်ကြကာ ထိုဥက္ခေပကလေတို့က ရေထုကိုခံသော ပကတိမူမှန် လေထုကို ဖြတ်တောက်၍ ပစ်ကြ၏၊ ထိုအခါ ကမ္ဘာရေထုသည် အောက်အဇဋာကာသ ကောင်းကင်သို့ လျှောကျလေ၏၊ ထိုကမ္ဘာရေထု အောက်သို့လျှောကျသော် ကမ္ဘာမြေထုသည်လည်း အောက်သို့ လျှောကျလေ၏။ တဖန် (ဥက္ခေပကဓာတုက္ခောဘလေက ထိုကဲ့သို့ ဖြတ်တောက် တိုက်ခတ်၍ ကင်းစဲသွားသောအခါ) ရေထုကိုခံသော ကမ္ဘာလေထုသည် မိမိ၏ စွမ်းအားဖြင့် (ရေစစ်ဓမကရိုဏ်အတွင်း၌ လေသည် ရေကို အောက်သို့မကျအောင် ဖွဲ့နှောင်ဆွဲဆောင်သကဲ့သို့) ကမ္ဘာရေထုကို ဖွဲ့နှောင်ဆွဲဆောင်၍ ယူပြန်၏၊ ထိုအခါ ရေထုသည် အထက်သို့ တက်လာပြန်၏၊ ထိုကမ္ဘာရေထု အထက်သို့ တက်လတ်သော် ကမ္ဘာမြေထုသည်လည်း အထက်သို့ တက်လေ၏။ ဤနည်းဖြင့် ဓာတုက္ခောဘ ဥက္ခေပကလေ တိုက်ခတ်သောအခါ ကမ္ဘာရေထု တုန်လှုပ်သောကြောင့် ကမ္ဘာမြေထု (ငလျင်) တုန်လှုပ်၏။

ဤဓာတ်ချောက်ချား၍ မြေ(လျင်) တုန်လှုပ်ခြင်းကား ယခုအခါတိုင်အောင်ပင် အကြားအကြားကာလ၌ ဖြစ်တတ်သည်သာတည်း။

၃၃၇

ထိုသို့ဖြစ်သော်လည်း မဟာပထဝီ ဤမြေအထုက ထူထဲလှသောကြောင့် အောက်သို့သက်ခြင်း အထက်သို့တက်ခြင်းများ မထင်ရှားပဲရှိလေသည်။

၂-တန်ခိုးရှင်တို့ ဘိညာဉ်စွမ်းအား ဈာန်ကစားနှင့်

တန်ခိုးဣဒ္ဓိရှင်တို့၏ အဘိညာဉ်ဈာန်အစွမ်းကြောင့်လည်း မြေ(ငလျင်) တုန်လှုပ်၏။ ထိုဣဒ္ဓိရှင်တို့ မြေ(ငလျင်) တုန်လှုပ်စေသောအခါ အာပေါကသိဏဈာန်ကို ဦးတည်ဝင်စား၍ တုန်လှုပ်စေကြရသည်၊ ချဲ့ဦးအံ့- ထိုဣဒ္ဓိရှင်တို့၏ မြေကိုတုန်လှုပ်စေရာ၌ (၁) သိကြားမင်း၏ ဝေဇယန္တာပြာသာဒ်ကို တုန်လှုပ်စေသော အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကဲ့သို့ သူတပါးတို့ကို ထိတ်လန့်သံဝေဂ ရစေလို၍လည်း တုန်လှုပ်စေတတ်၏၊ (၂) သိကြားမင်း၏ ဝေဇယန္တာပြာသာဒ်ကိုပင် တုန်လှုပ်စေသော (မဟာနာဂမထေရ် ၏တူ) သံဃရက္ခိတ သာမဏေကဲ့သို့ စုံစမ်းလို၍လည်း တုန်လှုပ်စေတတ်၏၊ ၂-အချက်ကို ချဲ့၍ပြဦးအံ့-

သံဃရက္ခိတသာမဏေဝတ္ထု

(မဟာနာဂမထေရ်၏တူ) သံဃရက္ခိတ သာမဏေသည် သင်ဓုန်းဦးမှာပင် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင်* “ရှင်ရဟန်းပြုသော နေ့မှာပင် အရဟတ္တဖိုလ်သို့ရောက်၍ သိကြားမင်း၏ ဝေဇယန္တာ နန်းပြာသာဒ်ကို


* ရှင်ပြုရန် ဆံချသောအခါ တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ယူ၍ ထိုကမ္မဋ္ဌာန်းကို သိမ်းဆည်းလျက် နောက်ဆုံး ဆံဝန်းဆံအစုကို ရိတ်ချလိုက်သည်နှင့် တပြိုင်နက်ပင် အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းကို “သင်ဓုန်းဖျား = ဆံရိတ်ခြင်းကိစ္စအဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်း”ဟူ၍ ဆိုသည်။ ဤကား (ခုရဂ္ဂေယေဝါတိ ခုရကမ္မပရိယာသာနေယေဝ၊ တစပဉ္စကကမ္မဋ္ဌာနံ ဂဟေတွာ တံ ပရိဂ္ဂဏှန္တော အန္တိမာယ ကေသဝဋ္ဋိယာ ဝေါရောပနာယ သမကာလမေဝ စ အရဟတ္တံ ပါပုဏီတိ ဝုတ္တံ ဟောတိ)ဟူ၍ ဖွင့်သော သာရတ္ထဒီပနီဋီကာ (ပဌမအုပ်၊ စာမျက်နှာ ၁၂၈) ဖွင့်ချက်နှင့် အညီတည်း၊

(တတ္ထ ခုရဂ္ဂေယေဝါတိ ကေသောရောပနတ္ထံ ခုရဓာရာယ အဂ္ဂ သီသေ ဌပိတေ တစပဉ္စကကမ္မဋ္ဌာနမုခေန ဘာဝနံ အနုယုဉ္ဇန္တော အရဟတ္တံ ပတွာ)ဟူ၍ ဖွင့်သော (သံ ဋီ ၂၊ ၂၃၉) သံယုတ္တဋီကာအလို ဆံရိတ်ရန် သင်ဓုန်းသွားကို ဦးခေါင်းပေါ်၌ ချထားလိုက်လျှင်ပင် တစပဉ္စကကမ္မဋ္ဌာန်းကို အဦးမူကာ ဘာဝနာတရား ပွါးများအားထုတ်လျက် အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို “သင်ဓုန်းဦး၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်း”ဟူ၍ ဆိုသည်။ သာရတ္ထဋီကာအလို (ခုရဂ္ဂေယေဝ = သင်ဓုန်းဖျား၌သာလျှင်)ဟု အနက်ပေး၊ သံယုတ်ဋီကာ အလို (သင်ဓုန်းဦး၌သာလျှင်)ဟု အနက်ပေးရာ၏။

၃၃၈

တုန်လှုပ်စေသည့် ရှင်ရဟန်းတပါးပါး ပေါ်ပေါက်ဘူးသလော”ဟု စဉ်းစား ဆင်ခြင်လတ်သော် တဦးတယောက်မျှ မပေါ်ပေါက်ဘူးသေးကြောင်း သိရ၍ “ငါသည် တုန်လှုပ်စေမည်”ဟု အဘိညာဉ် တန်ခိုးအစွမ်းဖြင့် ဝေဇယန္တာ နန်းပြာသာဒ်ဦးထိပ်၌ ရပ်တည်ပြီးလျှင် ခြေဖြင့်ကန်၍ တုန်လှုပ်အောင် ပြုလုပ်သော်လည်း တုန်လှုပ်စေခြင်းငှါ မတတ်နိုင်ချေ။

ထိုအခါ သာမဏေကို သိကြားမင်း၏ ကခြေသည် နတ်သမီးများက “ချစ်သားသံဃရက္ခိတ.. သင်ချစ်သားသည် အပုပ်နှင့်ရောသော ရနံ့ရှိသည့် ဦးခေါင်းရှိသူဖြစ်လျက် (=အလွန် အသက်အရွယ် ငယ်သူဖြစ်လျက်ဟု ဆိုလိုသည်) ဝေဇယန္တာ နန်းပြာသာဒ်ကို တုန်လှုပ်စေလိုဘိ၏၊ ချစ်သား.. ပြာသာဒ်ကြီးကား ကြံ့ကြံ့ခိုင်ကျည် အလွန် တည်တံ့ပေသည်၊ သင်ချစ်သားသည် အဘယ်မှာလျှင် တုန်လှုပ်စေနိုင်လိမ့်မည်နည်း”ဟု ပြောဆိုကြလေကုန်၏။

သံဃရက္ခိတ သာမဏေသည် “ဤနတ်သမီးတို့ကား ငါနှင့်အတူ ပြက်ရယ်မှု ပြုကြကုန်၏ = ငါ့ကို ပြက်ရယ်မူကြကုန်၏၊ ငါတမူကား သွန်သင်ပြသ ဆိုဆုံးမသည့် ဆရာ့နည်းကို မရသေးချေ။ ငါ၏ဆရာ သာမုဒ္ဒိက မဟာနာဂထေရ်သည် ယခုအခါ အဘယ်အရပ်၌ နေတော်မူသနည်း”ဟု ဆင်ခြင်လတ်သော် မဟာသမုဒြာအတွင်း၌ ရေလိုဏ်ကို ဖန်ဆင်း၍ နေ့သန့်နေထိုင်တော်မူ၏”ဟု သိ၍ ထိုအရပ်သို့ သွားရောက်ကာ မထေရ်ကိုရှိခိုး၍ ရပ်တည်လေ၏။

ထိုအခါ သာမဏေကို မဟာနာဂမထေရ်သည် “ချစ်သားသံဃရက္ခိတ.. အသို့နည်း ကောင်းစွာ မတတ်မြောက်သေးပဲ စစ်ပွဲဝင်ခဲ့သလော”ဟု မိန့်တော်မူကာ “ချစ်သား.. ဝေဇယန္တာ နန်းပြာသာဒ်ကို တုန်လှုပ်စေခြင်းငှါ မတတ်နိုင်ခဲ့ဘူးလော”ဟု တိုက်ရိုက်ပင် မေးတော်မူလေ၏။ သံသရက္ခိတ သာမဏေက “အရှင်ဘုရား.. တပည့်တော်သည် ကောင်းစွာသင်ပြ ဆိုဆုံးမသည့် ဆရာ့နည်းကို မရသေးပါဘုရား”ဟု လျှောက်သောအခါ မဟာနာဂမထေရ်သည် သာမဏေကို “ချစ်သား.. သင်ချစ်သားကဲ့သို့သော ဣဒ္ဓိရှင်တဦးကမှ မတုန်လှုပ်စေနိုင်လျှင် အခြား မည်သူတယောက်သည် တုန်လှုပ်စေနိုင်ချိမ့်မည်နည်း(ဟု အားပေးစကား မိန့်ကြားပြီးလျှင် ဆက်၍) ချစ်သား.. သင်ချစ်သားသည် ရေပြင်၌ နွားချေးခြောက်ခဲ ပေါလောမျောသည်ကို မြင်ဘူးသည် မဟုတ်လော၊ ချစ်သား.. အိုးကင်း၌ မုံ့ကို ကြော်သောသူတို့သည်

၃၃၉

အစွန်အဖျား ကလနားမှ လှည့်ကာ လှည့်ကာ ဖြတ်တောက် ခွါယူကြကုန်၏။ ဤဥပမာဖြင့် သင်ချစ်သားသည် သိလေလော့”ဟု မိန့်တော်မူလေ၏။

သံဃရက္ခိတ သာမဏေသည် “အရှင်ဘုရား.. ဤမျှလောက်ဖြင့် သင့်လျောက်ပတ်ပါလိမ့်မည်”ဟု လျှောက်ထားပြီးလျှင် “ဝေဇယန္တာ နန်းပြာသာဒ်ကြီး တည်ရာအရပ်သည် ရေတပြင်တည်း ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၍ ဝေဇယန္တာ နန်းပြာသာဒ်သို့ ရှေးရှုကြွရောက်လေ၏။ နတ်သမီးတို့သည် သာမဏေကို မြင်ကြ၍ “ပဌမအကြိမ် အရှက်ရ၍ သွားရပြီး သံဃရက္ခိတ သာမဏေသည် တဖန်ထပ်၍ လာဘိ၏၊ တဖန်ထပ်၍ လာဘိ၏”ဟု အထင်သေး အမြင်သေးစကား ပြောကြားကြလေ၏။

သိကြားနတ်မင်းသည် “ငါ့သားနှင့် သင်တို့သည် ပြက်ရယ်စကား မပြောကြားကြလင့်၊ ယခုအခါ ထိုငါ့သားသည် ဆရာကောင်း (ဆရာ့နည်းကောင်း)ကို ရအပ်ခဲ့လေပြီ၊ ခဏအတွင်းမှာပင် ပြာသာဒ်ကြီးကို တုန်လှုပ်စေလိမ့်မည်”ဟု ပြောဆိုလေ၏။ သံဃရက္ခိတ သာမဏေသည်လည်း ခြေမဖြင့် ဝေဇယန္တာပြာသာဒ် ထုပိကာကို တို့လေ၏။ ပြာသာဒ်ကြီးသည် ရှေ့, နောက်, ၀ဲ, ယာ = အရပ်လေးမျက်နှာ ယိမ်းနွဲ့လေ၏။ နတ်သမီးတို့သည် “ချစ်သား.. ပြာသာဒ်ကြီးအား ရပ်တည်ခွင့်ကို ပေးပါလော့၊ ချစ်သား.. ပြာသာဒ်ကြီးအား ရပ်တည်ခွင့်ကို ပေးပါလော့”ဟု ဟစ်အော် မြည်တမ်းကြလေ၏။

သံဃရက္ခိတ သာမဏေသည် ဝေဇယန္တာ နန်းပြာသာဒ်ကြီးကို မူလနေရာ၌ ထားရှိပြီးလျှင် ပြာသာဒ်ထက်၌ ရပ်တည်၍ ဤဆိုလတ္တံ့သော သုံးဂါထာတို့ဖြင့် ဥဒါန်းကျူးရင့်လေ၏-

(၁) အဇ္ဇေဝါဟံ ပဗ္ဗဇိတော၊ အဇ္ဇ ပတ္တာသဝက္ခယံ။

အဇ္ဇ ကမ္ပေမိ ပါသာဒံ၊ အဟော ဗုဒ္ဓဿုဠာရတာ။


(၂) အဇ္ဇေဝါဟံ ပဗ္ဗဇိတော၊ အဇ္ဇ ပတ္တာသဝက္ခယံ။

အဇ္ဇ ကမ္ပေမိ ပါသာဒံ၊ အဟော ဓမ္မဿုဠာရတာ။


(၃) အဇ္ဇေဝါဟံ ပဗ္ဗဇိတော၊ အဇ္ဇ ပတ္တာသဝက္ခယံ။

အဇ္ဇ ကမ္ပေမိ ပါသာဒံ၊ အဟော သံဃဿုဠာရတာ။

(ဤသုံးဂါထာတို့၌ စတုတ္ထအပိုဒ်သာ ထူးသည်၊ ထို့ကြောင့် ထူးရာကိုဖော်ပြလျက် ပေါင်း၍ အနက်ယောဇနာပေအံ့)။

၃၄၀

အဟံ = သံဃရက္ခိတ မည်ရခေါ်ထွေ ငါသာမဏေသည်။ အဇ္ဇေဝ = ဤနေ့မှာပင်လျှင်။ ပဗ္ဗဇိတော = ရှင်အဖြစ်သို့ စင်စစ်ဆိုက်မြောက် ရောက်ခဲ့လေပြီ။ အဇ္ဇ = ယနေ့။ အာသဝက္ခယံ = အာသဝေါလေးရပ် ကုန်ဆုံးပြတ်သည့် အရဟတ္တဖိုလ်သို့။ ပတ္တော = သင်ဓုန်းဦးဝယ် အထူးဆိုက်မြောက် ရောက်ခဲ့လေပြီ။ အဇ္ဇ = ယနေ့။ ပါသာဒံ = သိကြားဗိမာန် ဝေဇယန်ဘုံထွတ် နန်းပြာသာဒ်ကို။ ကမ္ပေမိ = ဆရာ့ထံမှ နည်းကောင်းရ၍ ခဏလျင်ထွေ တုန်လှုပ်စေခဲ့၏။

၁။ ဗုဒ္ဓဿ = သဗ္ဗညူဗုဒ္ဓ အမည်ရသား သုံးလောကဆရာ ဘုရားရတနာ၏။ ဥဠာရတာ = ဂုဏ်တော်ဥက္ကဌ် ကျေးဇူး ကြီးမြတ်ခြင်းသည်။ အဟော = စုတ်သတ်ရွှင်မော တဩဩလျှင် အတောမသတ် လောကဓာတ်ဝယ် ပြောစမှတ်လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။

၂။ ဓမ္မဿ = နိယျာနိက မှန်မောလှသည့် ဓမ္မဆယ်ဖြာ တရားရတနာ၏။ ဥဠာရတာ = ဂုဏ်တော်ဥက္ကဌ် ကျေးဇူး ကြီးမြတ်ခြင်းသည်။ အဟော = စုတ်သတ်ရွှင်မော တဩဩလျှင် အတောမသတ် လောကဓာတ်ဝယ် ပြောစမှတ်လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။

၃။ သံဃဿ = ပရမတ္ထအရိယာ သံဃာရတနာ၏။ ဥဠာရတာ = ဂုဏ်တော်ဥက္ကဌ် ကျေးဇူး ကြီးမြတ်ခြင်းသည်။ အဟော = စုတ်သတ်ရွှင်မော တဩဩလျှင် အတောမသတ် လောကဓာတ်ဝယ် ပြောစမှတ်လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။

၃-မြတ်ဖျားစိန္တေ ပရမေတို့ သန္ဓေယူခါ ၊(ပ)၊ ၈-အနုပါဒီ နိဗ္ဗာန်မှီ၊

၃-ဘုရားအလောင်းတော်များ ပဋိသန္ဓေ စံနေတော်မူသောအခါ, ၄-ဖွားမြင်တော်မူသောအခါ, ၅-ဘုရားဖြစ်တော်မူသောအခါ, ၆-ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ, ၇-အာယုသင်္ခါရ လွှတ်တော်မူသောအခါ, ၈-အနုပါဒိသေသ ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤအခါများ၌လည်း မြေ(ငလျင်) တုန်လှုပ်၏။ ဤသို့ မြေ(ငလျင်) တုန်လှုပ်ခြင်း ရှစ်မျိုးကို သိမှတ်ရာ၏။

ထိုရှစ်မျိုးတို့တွင် ၁-မြေလှုပ်ခြင်းသည် ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်၏။ ဥက္ခေပကလေဓာတ် ချောက်ချားခြင်းကြောင့် ဖြစ်၏ဟု ဆိုလိုသည်။ ။၂-မြေလှုပ်ခြင်းသည် တန်ခိုးရှင်၏ ဉာဏ်တန်ခိုး ကမ္မဝိပါကဇတန်ခိုးကြောင့် ဖြစ်၏။ ။၃-၄-မြေလှုပ်ခြင်းတို့သည် ဘုရားအလောင်းတော်၏ ကောင်းမှုတန်ခိုးကြောင့် ဖြစ်ကုန်၏။

၃၄၁

၅-မြေလှုပ်ခြင်းသည် ပဋိဝေဓဉာဏ်တော်၏ အာနုဘော်ကြောင့် ဖြစ်၏။ ၆-မြေလှုပ်ခြင်းသည် ဒေသနာဉာဏ်တော်၏ အာနုဘော်ကြောင့် ဖြစ်၏။ ထိုသို့ ဓမ္မစကြာတရား ဟောတော်မူသောအခါ ဒေသနာဉာဏ်တော်၏ အာနုဘော်ကြောင့်ဖြစ်သော မြေလှုပ်ခြင်းသည် မဟာပထဝီမြေကြီးက ကောင်းကြီးပေးသကဲ့သို့ ဖြစ်သောကြောင့် ထို၆-အမှတ်ပြ မြေလှုပ်ခြင်းကို “မြေကြီးက ကောင်းကြီးပေးသောအားဖြင့် ဖြစ်၏”ဟု အဋ္ဌကထာ၌ ဖွင့်ဆိုအပ်လေသည်၊ ဤအဋ္ဌကထာဖွင့်ပြချက်၌ မြေစောင့်နတ်၏ ကောင်းကြီးပေးခြင်းကိုပင် မြေကြီး၏ ကောင်းကြီးပေးခြင်းဟု ဌာနျူပစာအားဖြင့် ဖွင့်ပြချက်ဟု မှတ်ယူရာ၏။ ။၇-မြေလှုပ်ခြင်းသည် သင်္ခတတရားတို့ကို စက်ဆုပ်ငြီးငွေ့သော အခြင်းအရာအားဖြင့်ဖြစ်သော ဉာဏ်တော်အထူး၏ အာနုဘော်ကြောင့် ဖြစ်၏။ ထိုသို့ အာယုသင်္ခါရ လွှတ်သောအခါ သင်္ခတတရားတို့ကို စက်ဆုပ်ပြီးသော အခြင်းအရာဖြင့်ဖြစ်သော ဉာဏ်တော်အထူး၏ အာနုဘော်ကြောင့် မြေလှုပ်ခြင်းကိုပင် ဤမဟာပထဝီမြေကြီး၏ သနားသောသဘောဖြင့် တည်သကဲ့သို့ ဖြစ်ခြင်းကြောင့် အဋ္ဌကထာ၌ ဤ၇-အမှတ်ပြ မြေလှုပ်ခြင်းကို “မြေကြီးက သနားသောသဘောဖြင့် တုန်လှုပ်ခြင်းဖြစ်သည်”ဟု ဖွင့်ပြလေသည်။ ဤဖွင့်ပြချက်မှာလည်း မြေစောင့်နတ်၏ သနားခြင်းသဘောကို မြေကြီး၏ သနားခြင်းသဘောဟု ဌာနျူပစာအားဖြင့် ဖွင့်ပြချက်ဟု မှတ်ယူရာ၏။ ၈-မြေလှုပ်ခြင်းမှာလည်း ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ဖြစ်ပွါးသော အလွန်ထက်မြက် သည့် ဝိပဿနာဉာဏ်တော် ထိုဝိပဿနာဉာဏ်တော် အခြေခံ၍ ဝင်စားအပ်သော ဖလသမာပတ်တော်တို့၏ အစွမ်းဟုန်တို့ဖြင့် ထောက်ပံ့အပ်သော “ယနေ့ ငါဘုရား၏ လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ပါရမီကောင်းမှုတို့ကို ဆည်းစုကာ တောင့်တမျှော်လင့်ခဲ့သော အနုပါဒိသေသနိဗ္ဗာန အငြိမ်းဓာတ်ကြီး ပြီးစီးပြည့်စုံတော့မည်”ဟု ဆင်ခြင်တော်မူသောအခါ အလွန်ဝမ်းမြောက်သော မြတ်စွာဘုရားရှင်၏ သန္တာန်တော် ၌ ပီတိအဟုန်ပြန့်နှံ့ခြင်း အစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် အထူးပြန့်ပြော အံ့ဖွယ်ကောင်းသည့် သာဝကတို့နှင့် မဆက်ဆံသော ဉာဏ်တော်အထူး ဖြစ်ရှိလေသည်၊ ထိုဉာဏ်တော်၏ တန်ခိုးကြောင့် မြေလှုပ်ခြင်း ဖြစ်သည်ကိုပင် ထိုအချိန်ဝယ် ဤမြေကြီးကို ငိုကြွေးသောအခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်သောကြောင့် အဋ္ဌကထာ၌ ရှေးနည်းအတူ ဌာနျူပစာအားဖြင့် “မြေကြီး ငိုကြွေးသောအားဖြင့် ဖြစ်သည်”ဟု ဖွင့်ပြတော်မူလေသည်။ အဋ္ဌကထာနှင့် ဋီကာတို့ကို ဆက်စပ်ညှိနှိုင်း၍ ရေးသား ဖော်ပြသည်)။



၃၄၂

ပရိသတ်ရှစ်ပါး

     ဤသို့ မြတ်စွာဘုရားရှင်က မြေ(ငလျင်)လှုပ်ခြင်းအကြောင်း ရှစ်ပါးတို့ကို ဟောကြားတော်မူလိုက်လျှင်ပင် အရှင်အာနန္ဒာမထေရ်သည် ပညာကြီးသူဖြစ်ရကား “ဧကန္တပင် မြတ်စွာဘုရားသည် ယနေ့ အာယုသင်္ခါရကို လွှတ်တော်မူအပ်ပြီ”ဟု ရိပ်မိ သိရှိတော်မူလေ၏။ မြတ်စွာဘုရားရှင်သည်ကား အရှင်အာနန္ဒာမထေရ် ကောင်းစွာ ရိပ်မိသိရှိကြောင်း သိတော်မူသော်လည်း အရှင်အာနန္ဒာမထေရ်အား တောင်းပန်စကား လျှောက်ထားခွင့်ကို ပေးတော်မမူပဲ (မြေငလျင်တုန်လှုပ်ခြင်း၏ အကြောင်းရှစ်ပါးမှ) တပါးသော ပရိသတ်ရှစ်ပါး, အဘိဘာယတနရှစ်ပါး, ဝိမောက္ခရှစ်ပါးတို့ကို ဤဆိုလတ္တံ့သောအတိုင်း ဆက်လက်၍ ဟောကြားတော်မူလေသည်။ ။(ကေစိဆရာတို့ အလိုအားဖြင့် “အလျင်အမြန် အာယုသင်္ခါရ လွှတ်တော်မူကြောင်းကို မိန့်ကြားတော်မူလိုက်လျှင် အရှင်အာနန္ဒာမထေရ်၏ သန္တာန်၌ သောကကြီးစွာ ဖြစ်လေရာသောကြောင့် ထိုသောကဖြစ်မှုကို ပယ်ရှားတော်မူလိုသည့်အတွက် စကားရှည်ပြန့်အောင် ပြုတော်မူလိုသည်ဖြစ်၍ ပရိသတ်ရှစ်ပါး, အဘိဘာယတနရှစ်ပါး, ဝိမောက္ခရှစ်ပါးတို့ကို စကားတော် အယဉ်မပြတ် ဆက်လက်၍ ဟောကြားတော်မူအပ်လေသည်”ဟု မိန့်ဆိုတော်မူကြ၏)-

     “ချစ်သားအာနန္ဒာ.. ပရိသတ်အပြား ရှစ်ပါးရှိကုန်၏။ ရှစ်ပါးတို့ဟူသည်မှာ-

     မင်းပရိသတ်, ပုဏ္ဏားပရိသတ်, သူဌေးသူကြွယ်ပရိသတ်, ရဟန်းပရိသတ်, စာတုမဟာရာဇ်နတ်ပရိသတ်, တာဝတိံသာနတ်ပရိသတ်, မာရ်နတ်ပရိသတ်, ဗြဟ္မာပရိသတ် = ဤရှစ်ပါးတို့ပေတည်း။

     ချစ်သားအာနန္ဒာ.. ငါဘုရားသည် အရာမကသော မင်းပရိသတ် အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ဘူးသည်ကို ကောင်းစွာမှတ်မိပေ၏၊ ထိုမင်းပရိသတ်များ၌ ငါဘုရားသည် အတူတကွ ထိုင်နေခဲ့ဘူး, ပြောဆိုခဲ့ဘူး, ဆွေးနွေးခဲ့ဘူး၏။ ထိုမင်းပရိသတ်



၃၄၃

အစည်းအဝေး၌ ထိုမင်းတို့၏ အဆင်း, အသံကဲ့သို့ပင် ငါဘုရား၏ အဆင်း, အသံသည်လည်း ဖြစ်ပေ၏။ ငါဘုရားသည် ထိုမင်းတို့ကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေခဲ့၏၊ ဤသို့ ဟောပြောနေစဉ်၌လည်း ထိုမင်းတို့သည် ငါဘုရားကို ‘ဤယခု ဟောပြောနေသောသူကား အဘယ်သူနည်း၊ နတ်လော လူလော’ဟု မသိကြကုန်။ ငါဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏၊ ဤသို့ ကွယ်သောအခါ၌လည်း ထိုမင်းတို့သည် ငါဘုရားကို ‘ဤယခု ကွယ်သွားသောသူသည် အဘယ်သူနည်း၊ နတ်လော လူလော’ဟု မသိကြကုန်။

     ချစ်သားအာနန္ဒာ.. ငါဘုရားသည် အရာမကသော ပုဏ္ဏားပရိသတ် အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ဘူးသည်ကို ကောင်းစွာ မှတ်မိပေ၏ ။ပ။

     သူဌေးသူကြွယ်ပရိသတ် အစည်းအဝေးပွဲများသို့ ။ပ။

     ရဟန်းပရိသတ် အစည်းအဝေးပွဲများသို့ ။ပ။

     စာတုမဟာရာဇ် နတ်ပရိသတ် အစည်းအဝေးပွဲများသို့ ။ပ။

     တာဝတိံသာ နတ်ပရိသတ် အစည်းအဝေးပွဲများသို့ ။ပ။

     မာရ်နတ်ပရိသတ် အစည်းအဝေးပွဲများသို့ ။ပ။

     ချစ်သားအာနန္ဒာ.. ငါဘုရားသည် အရာမကသော ဗြဟ္မာပရိသတ် အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ဘူးသည်ကို ကောင်းစွာ မှတ်မိပေ၏၊ ထိုဗြဟ္မာပရိသတ်များ၌ ငါဘုရားသည် အတူတကွ ထိုင်နေခဲ့ဘူး, ပြောဆိုခဲ့ဘူး, ဆွေးနွေးခဲ့ဘူး၏။ ထိုဗြဟ္မာပရိသတ် အစည်းအဝေးပွဲ၌ ထိုဗြဟ္မာတို့၏ အဆင်း, အသံကဲ့သို့ပင် ငါဘုရား၏ အဆင်း, အသံသည်လည်း ဖြစ်ပေ၏။ ငါဘုရားသည် ထိုဗြဟ္မာတို့ကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန်



၃၄၄

ထက်သန်ရွှင်လန်းစေခဲ့၏။ ဤသို့ ဟောပြောနေစဉ်၌လည်း ထိုဗြဟ္မာတို့သည် ငါဘုရားကို ‘ဤယခု ဟောပြောနေသောသူကား အဘယ်သူနည်း၊ နတ်လော လူလော’ဟု မသိကြကုန်။ ငါဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ ဤသို့ ကွယ်သောအခါ၌လည်း ထိုဗြဟ္မာတို့သည် ငါဘုရားကို ‘ဤယခု ကွယ်သွားသောသူသည် အဘယ်သူနည်း၊ နတ်လော လူလော’ဟု မသိကြကုန်။

     ချစ်သားအာနန္ဒာ.. ပရိသတ်တို့သည်ကား ဤရှစ်ပါးတို့ပေတည်း”ဟု မိန့်တော် မူ၏။ (မြတ်စွာဘုရားရှင်၏ စကားတော်အဆက်ကား မပြီးဆုံးသေးပါ)။

(ဤ၌ “အရာမကသော မင်းပရိသတ် အစည်းအဝေးပွဲများ” ဟူသည်မှာ ဗိမ္ဗိသာရမင်းကြီးနှင့် (ဘုရားဖြစ်ပြီး) ပဌမအကြိမ် တွေ့ဆုံသော (မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၅၇၉-မှစ၍ ဖော်ပြခဲ့သည့်) အစည်းအဝေးပွဲမျိုး, ကပိလဝတ် နေပြည်တော်သို့ ပဌမအကြိမ် ကြွတော်မူသောအခါ ဆွေတော်မျိုးတော် မင်းအပေါင်းတို့နှင့် တွေ့ဆုံသော (မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၇၈-မှစ၍ ဖော်ပြခဲ့သည့်) အစည်းအဝေးပွဲမျိုး, သုနက္ခတ္တဝတ္ထု သစ္စကဝတ္ထု- စသည်၌ လိစ္ဆဝီမင်းအပေါင်းတို့နှင့် တွေ့ဆုံသော (မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၄၃၄-မှစ၍ ဖော်ပြခဲ့သည့်) အစည်းအဝေးပွဲမျိုးကို ဆိုလိုသည်။ ထိုမင်းပရိသတ် အစည်းအဝေးပွဲမျိုးကား ဤစကြဝဠာမှာသာ မဟုတ်၊ အခြား စကြဝဠာတိုက်တို့၌လည်း ရစကောင်း၏။

“ထိုမင်းတို့၏ အဆင်း, အသံကဲ့သို့ပင် ငါဘုရား၏ အဆင်း, အသံသည်လည်း ဖြစ်ပေ၏” ဟူရာ၌ ထိုမင်းတို့ကား အချို့မှာ ဖြူသော ကိုယ်ရေအဆင်း ရှိကြ၏၊ အချို့မှာ မည်းနက်သော ကိုယ်ရေအဆင်း ရှိကြ၏။ အချို့မှာ ကြမ်းပိုးကျောက်ကုန်းရောင် အဆင်းရှိကြကုန်၏၊ မြတ်ဘုရားရှင်သည်ကား ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်ရေအဆင်း ရှိတော်မူသည်သာဖြစ်၏။ “ထိုမင်းတို့၏ အဆင်းကဲ့သို့ပင် ငါဘုရား၏ အဆင်းသည်လည်း ဖြစ်ပေ၏”ဟူသော ဤစကားဝယ် “အဆင်း”ဟူသော စကားရပ်ကို ပုံပန်းသဏ္ဌာန်ကို စွဲ၍ ဟောတော်မူအပ်၏။ ဆက်ဦးအံ့- ထိုအစည်းအဝေး၌ မြတ်စွာဘုရားရှင်သည် တောင်သူ

၃၄၅

လူရိုင်းကြီးနှင့် တူတော်မူသည်မဟုတ်၊ ပတ္တမြားနားဍောင်း သွယ်ပျောင်းစုံလင် တန်းဆာဆင်အပ်သည်လည်း မဟုတ်၊ မြတ်စွာဘုရား၏ ပကတိအသွင်တော်ဖြင့်ပင် ထိုင်နေတော်မူ၏။ ထိုမင်းတို့သည်ကား မိမိတို့နှင့်တူသော ပုံပန်းသဏ္ဌာန်ကိုသာ ဖူးမြင်ကြရလေသည်။ ။(ဤအချက်ကို ရည်မှန်း၍ ရှေးပညာရှင်တို့သည် ဇမ္ဗုပတိချွတ်ခဏ်း ဘုရားပုံပန်းသဏ္ဌာန်တော်ကို ပူဇော်ကြလေသည်)။

“ထိုမင်းတို့၏ အသံကဲ့သို့ ငါဘုရား၏ အသံသည်လည်း ဖြစ်ပေ၏” ဟူရာ၌ ထိုမင်းတို့မှာ အချို့က ကွဲပြတ်သော အသံရှိကြ၍ အချို့က အိုမင်းသော အသံရှိကြလျက် အချို့က ကျီးသံကဲ့သို့သော အသံရှိကြလေသည်၊ မြတ်စွာဘုရားကား ဗြဟ္မာမင်း၏ အသံကဲ့သို့သော အင်္ဂါရှစ်ဖော်နှင့် ပြည့်စုံသည့် အသံရှိတော်မူသည်သာ ဖြစ်၏။ ဤ “အသံတူမှု”ဟူသော စကားရပ်ကို ဘာသာစကား အသံတပါးကို ရည်ညွှန်း၍ မိန့်တော်မူအပ်လေသည်။ အကယ်၍ မြတ်စွာဘုရားသည် မင်းတို့နေရာ ရာဇပလ္လင်၌ ထိုင်နေတော်မူလျက် တရားဟောတော်မူခဲ့လျှင် ထိုနားထောင်သူတို့၏ စိတ်သန္တာန်ဝယ် မင်း၏ ပုံပန်းသဏ္ဌာန် အသွင်ဖြင့်ပင် ထင်မြင်ကြကာ “ယနေ့ ငါတို့မင်းကြီးသည် ချိုမြိန်သောအသံဖြင့် ပြောဆိုပေ၏”ဟု အကြံအစည် ဖြစ်ရှိလေသည်။ မြတ်စွာဘုရား တရားဟောပြီး၍ ဖဲသွားတော်မူလတ်သော် တဖန် လာလတ်သော မင်းကို မြင်ကြလျှင် ထိုသို့ မိမိတို့၏ မင်းအစစ်ကို မြင်ကြရမှ “ဤမင်းတို့နေရာ ရာဇပလ္လင်ပေါ်၌ ယခုပင်လျှင် မဂဓဘာသာဖြင့် (သို့မဟုတ် သီဟဠဘာသာဖြင့်) ချိုမြိန်သော အခြင်းအရာဖြင့် တရားစကား ဟောပြောလျက် ကွယ်၍သွားသော ဤသူကား အဘယ်သူနည်း၊ နတ်လေလော၊ သို့မဟုတ် လူလေလော” ဤကဲ့သို့ စဉ်းစားဆင်ခြင်ကြလေသည်၊ ထိုသို့ စဉ်းစားဆင်ခြင်ကြသော်လည်း မြတ်စွာဘုရားမှန်း မသိကြကုန်။

ဤ၌ “ဤကဲ့သို့ မသိကြသောသူတို့အား အဘယ်အကျိုးငှါ မြတ်စွာဘုရားသည် တရားဟောတော်မူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- တရားအထုံဝါသနာ ဖြစ်ပါစေခြင်းငှါ ဟောတော်မူ၏ဟူပေ။ ချဲ့ဦးအံ့- ဤကဲ့သို့ တရားဟောသူကိုလည်း မည်သူမှန်းမသိပဲ တရားသဘောကိုလည်း နစ်နစ်နောနော မသိရှိပဲ နာကြားအပ်သော တရားတော်ပင် ဖြစ်လင့်ကစား တရားတော်၏ သွာက္ခာတတာ- အစရှိသော အလွန်ကောင်းမြတ်သည့် ကျေးဇူးဂုဏ်ကြောင့် တရားနာသူ၏အဖို့ရာ နောက်အနာဂတ်အခါ၌ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော

၃၄၆

ဥပနိဿယည်း ပစ္စည်းဖြစ်နိုင်လေသည်။ ထို့ကြောင့် နောက်အခါ တရားအထုံဝါသနာ ရပါစိမ့်သောငှါ ဟောတော်မူ၏။

“အရာမကသော ပုဏ္ဏားပရိသတ် အစည်းအဝေးပွဲများ” စသည်အတွက်လည်း သောဏဒန္တ ပုဏ္ဏားအစည်းအဝေး, ကူဋဒန္တ ပုဏ္ဏားအစည်းအဝေး- စသည်အားဖြင့်၎င်း အခြားစကြဝဠာ၌ဖြစ်သော အစည်းအဝေး အားဖြင့်၎င်း ဖြစ်သင့်သည်ကို မှတ်ယူရာ၏။

ဤ၌ “မြတ်စွာဘုရားသည် အဘယ်အကျိုးငှါ ဤပရိသတ်ရှစ်မျိုးကို ထုတ်ဆောင် ဟောပြတော်မူပါသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ကိုယ်တော်မြတ်၏ မကြောက်ရွံ့ခြင်းကို ပြဆိုရန် ထုတ်ဆောင်ဟောပြတော်မူ၏ဟူပေ။ ချဲ့ဦးအံ့- မြတ်စွာဘုရားသည် ဤပရိသတ်ရှစ်မျိုး အကြောင်းကို ထုတ်ဆောင် ဟောပြတော်မူပြီးလျှင် “ချစ်သားအာနန္ဒာ.. ဤပရိသတ် ရှစ်မျိုးလုံးသို့ ချဉ်းကပ်သွားရောက်ကာ တရား ဟောတော်မူသော မြတ်စွာဘုရားအဖို့ရာ ကြောက်ခြင်း, ရွံ့ခြင်း အလျှင်းပင် မရှိပေ။ ထိုသို့ဖြစ်ပါလျက် မာရ်နတ်တယောက်တည်း ယခု လာရောက်သည်ကို မြင်လတ်၍ “မြတ်စွာဘုရားသည် ကြောက်ရွံ့လေရာ၏”ဟု အဘယ်သူသည် ဤသို့သော အမှတ်သညာကို ဖြစ်စေခြင်းငှါ ထိုက်တန်အံ့နည်း၊ မထိုက်တန်သည်သာ။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် မကြောက်မရွံ့ မတုန်မလှုပ်ပဲ သတိရှိလျက် သမ္ပဇဉ်တရားရှိလျက် အာယုသင်္ခါရကို လွှတ်တော်မူသည်”ဟု အရှင်အာနန္ဒာမထေရ်ကို ဖွင့်ဟမိန့်ကြားတော်မူလေသည်။ ဤစကားရပ်ကား သံဂါယနာ မတင်အပ်သည့် ပကိဏ္ဏက ဓမ္မဒေသနာပါဠိဓမ္မပင် ဖြစ်လေသည်၊ ထိုထိုအဋ္ဌကထာ၌ ထုတ်ဖော် ပြသအပ်လေသည်)။

အဘိဘာယတန ရှစ်ပါး

     ထို့နောက် မြတ်စွာဘုရားရှင်သည် စကားအယဉ် မပြတ်စေပဲ တဖန်ဆက်၍ ဤဆိုလတ္တံ့သောအတိုင်း အဘိဘာယတန ဈာန်ရှစ်ပါးတို့ကို ဟောကြားတော်မူပြန် လေသည်-

     “ချစ်သားအာနန္ဒာ.. ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို လွှမ်းမိုးနိုင်ကြောင်း = အဘိဘာယတန ဈာန်တရားတို့သည် ရှစ်ပါးတို့ ရှိကုန်၏၊ ရှစ်ပါးတို့ဟူသည်မှာ-



၃၄၇

     တဦးသောပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာရှိ၍ (အဇ္ဈတ္တရုပ်၌ ပရိကမ္မဘာဝနာသညာကို ပွါးပြီးနောက်ဟု ဆိုလိုသည်) အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ကောင်းသော အဆင်းရှိ မကောင်းသော အဆင်းရှိကြသည့် ငယ်သော ကသိုဏ်းရုပ်တို့ကို အပ္ပနာဘာဝနာဖြင့် ရှု၏၊ ထိုငယ်သော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား ပဌမ အဘိဘာယတန ဈာန်ပေတည်း။ (၁)။ ။(စာဖတ်သူ သူတော်စင်.. ဈာန်ရပုဂ္ဂိုလ်တို့၏ဆိုင်ရာ တရားစကားဖြစ်၍ ရုတ်တရက်သော် နားမရှင်းမလင်းပဲ ရှိလိမ့်မည်၊ စိတ်အား မလျှော့ပါလင့်၊ အဓိပ္ပါယ် ရှင်းပြသောအခါ ကောင်းစွာ နားလည်လာပါလိမ့်မည်)။

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာရှိ၍ (ယင်းသို့ သညာရှိပြီးနောက်) အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ကောင်းသော အဆင်း, မကောင်းသော အဆင်းရှိကြသည့် ကြီးသော ကသိုဏ်းရုပ်တို့ကို အပ္ပနာဘာဝနာဖြင့် ရှု၏၊ ထိုကြီးသော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာ ရှိ၏။ ဤဈာန်ကား ဒုတိယ အဘိဘာယတန ဈာန်ပေတည်း။ (၂)

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ (ပရိကမ္မဘာဝနာ သညာကို မပ္ပါးတော့ပဲဟု ဆိုလိုသည်) အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ကောင်းသောအဆင်း, မကောင်းသောအဆင်း ရှိကြသည့် ငယ်သော ကသိုဏ်းရုပ်တို့ကို ပရိကမ္မဘာဝနာသညာ, အပ္ပနာဘာဝနာ သညာတို့ဖြင့် အစဉ်အတိုင်း ရှု၏၊ ထိုငယ်သော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ဝင်စား၏။ ထိုဈာန်မှ ထသောအခါ



၃၄၈

ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာ ရှိ၏။ ဤဈာန်ကား တတိယ အဘိဘာယတန ဈာန်ပေတည်း။ (၃)

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ကောင်းသော အဆင်းရှိ, မကောင်းသော အဆင်းရှိကြသည့် ကြီးသော ကသိုဏ်းရုပ်တို့ကို ပရိကမ္မဘာဝနာသညာ, အပ္ပနာဘာဝနာသညာတို့ဖြင့် အစဉ်အတိုင်းရှု၏၊ ထိုကြီးသော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား စတုတ္ထ အဘိဘာယတန ဈာန်ပေတည်း။ (၄)

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ညိုသောအဆင်း, အသွေး,အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်းရှု၏။ ဥပမာအားဖြင့် ညိုသောအဆင်း, အသွေး, အရောင်ရှိသည့် အောက်မဲညိုပန်းကဲ့သို၎င်း ညိုသောအဆင်း, အသွေး, အရောင်ရှိသည့် ဗာရာဏသီပြည်ဖြစ် နှစ်ဖက်ချော အဝတ်ကဲ့သို့၎င်း ဤအတူ ဤအခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာသညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ညိုသောအဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား ပဉ္စမ အဘိဘာယတန ဈာန်ပေတည်း။ (၅)

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ



၃၄၉

ဗဟိဒ္ဓသန္တာန်၌ရှိသော ဝါရွှေသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏။ ဥပမာအားဖြင့် ဝါရွှေသော အဆင်း, အသွေး, အရောင်ရှိသည့် မဟာလှေကားပန်းကဲ့သို့၎င်း ဝါရွှေသော အဆင်း, အသွေး, အရောင်ရှိသည့် ဗာရာဏသီပြည်ဖြစ် နှစ်ဖက်ချော အဝတ်ကဲ့သို့၎င်း ဤအတူ ဤအခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ဝါရွှေသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား ဆဋ္ဌ အဘိယတန ဈာန်ပေတည်း။ (၆)

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော နီသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏။ ဥပမာအားဖြင့် နီသော အဆင်း, အသွေး, အရောင်ရှိသည့် မိုးဆွေပန်းကဲ့သို့၎င်း နီသောအဆင်း, အသွေး, အရောင်ရှိသည့် ဗာရာဏသီပြည်ဖြစ် နှစ်ဖက်ချော အဝတ်ကဲ့သို့၎င်း ဤအတူ ဤအခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာသညာ မရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော နီသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ဝင်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား သတ္တမ အဘိဘာယတန ဈာန်ပေတည်း။ (၇)



၃၅၀

     အခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ဖြူသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်းရှု၏။ ဥပမာအားဖြင့် ဖြူသော အဆင်း, အသွေး, အရောင်ရှိသည့် သောက်ရှူးကြယ်ကဲ့သို့၎င်း ဖြူသော အဆင်း, အသွေး, အရောင်ရှိသည့် ဗာရာဏသီပြည်ဖြစ် နှစ်ဖက်ချော အဝတ်ကဲ့သို၎င်း ဤအတူ ဤအခြားတဦးသော ပုဂ္ဂိုလ်သည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ အဆင်းရုပ်၌ ပရိကမ္မဘာဝနာ သညာမရှိပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသော ဖြူသော အဆင်း, အသွေး, အရောင်ရှိသည့် ကသိုဏ်းရုပ်တို့ကို ပရိကမ္မ, အပ္ပနာ ဘာဝနာသညာ နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထသောအခါ ထိုရုပ်တို့ကို “ငါသိသည်၊ ငါမြင်သည်”ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤဈာန်ကား အဋ္ဌမ အဘိဘာယတန ဈာန် ပေတည်း”(၈) ဟု မိန့်တော်မူ၏။ ( မြတ်စွာဘုရားရှင်၏ စကားတော် အဆက်ကား မပြီးဆုံးသေးပါ)။

(ဤ၌။ ။အဘိဘာယတနဈာန် ဟူသည်မှာ- (အဘိဘု=) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို၎င်း အာရုံကို၎င်း လွှမ်းမိုးနိုင်နှင်းသည့် + (အာယတန=) ယောဂီပုဂ္ဂိုလ်၏အတွက် သုခအထူးတို့၏ အကြောင်းဖြစ်သောဈာန်ဟု ဆိုလိုသည်။ ယောဂီပုဂ္ဂိုလ်က အလွန် ဉာဏ်ကြီးမြတ်သူ ဖြစ်သည့်အတွက် အလွယ်တကူနှင့် ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း ပယ်ရှားလွှမ်းမိုးနိုင်သည့်ပြင် ဈာန်၏ အာရုံတို့ကိုလည်း ငယ်သော ကြီးသောမဟူ အလွယ်တကူနှင့်ပင် နိုင်နင်းစွာ ရှုမှတ်ပွါးများ၍ ရရှိအပ်သောဈာန်ကို အဘိဘာယတနဈာန်ဟူ၍ ခေါ်၏။

ထိုအဘိဘာယတနဈာန်ကို ရရှိအောင် အားထုတ်ရာ၌ အစပျိုး၍ ပွါးများအားထုတ်သော ပရိကမ္မဘာဝနာအလုပ်မှာ မိမိ၏ကိုယ်တွင်းရှိ အဇ္ဈတ္တရုပ်ကို အာရုံပြု၍ ပရိကမ္မ ဘာဝနာ အစပျိုး ပွါးများသည်လည်း ရှိ၏၊ (၁)။ အပြင်အပ ဗဟိဒ္ဓသန္တာန်ရှိ ရုပ်ကို အာရုံပြု၍ ပရိကမ္မဘာဝနာ အစပျိုး ပွါးများသည်လည်း ရှိ၏ (၂)။



၃၅၁

ထိုနှစ်မျိုးတို့တွင် အဇ္ဈတ္တရုပ်၌ နီလကသိုဏ်း ပရိကံကို ပြုလုပ်ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ဆံပင်၌ဖြစ်စေ, သည်းခြေ၌ဖြစ်စေ, မျက်နက်ဝန်း၌ဖြစ်စေ နီလံ နီလံ နီလံ = အညို အညို အညိုဟု အဖန်ဖန် ပရိကမ္မဘာဝနာ အလုပ်ကို အားထုတ်ရ၏။ ထိုအဇ္ဈတ္တရုပ်၌ ပီတကသိုဏ်း ပရိကံကို ပြုလုပ် ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် အဆီခဲ၌ဖြစ်စေ, အရေ၌ဖြစ်စေ, လက်ဖမိုး ခြေဖမိုး၌ဖြစ်စေ, မျက်စိအတွင်း ဝါရွှေသော အရာအရပ်၌ဖြစ်စေ ပီတံ ပီတံ ပီတံ = အရွှေ အရွှေ အရွှေဟု အဖန်ဖန် ပရိကမ္မ ဘာဝနာအလုပ်ကို အားထုတ်ရ၏။ ထိုအဇ္ဈတ္တရုပ်၌ လောဟိတကသိုဏ်း ပရိကံကို ပြုလုပ်ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် အသား၌ဖြစ်စေ, အသွေး၌ဖြစ်စေ, လျှာ၌ဖြစ်စေ, မျက်စိအတွင်း နီမြန်းရာအရပ်၌ဖြစ်စေ လောဟိတံ လောဟိတံ လောဟိတံ = အနီ အနီ အနီဟု အဖန်ဖန် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။ ထိုအတ္တရုပ်၌ ဩဒါတကသိုဏ်း ပရိကံကို ပြုလုပ်ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် အရိုး၌ဖြစ်စေ, သွား၌ဖြစ်စေ, လက်သည်း ခြေသည်း၌ဖြစ်စေ, မျက်ဖြူ၌ဖြစ်စေ ဩဒါတံ ဩဒါတံ ဩဒါတံ = အဖြူ အဖြူ အဖြူဟု အဖန်ဖန် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။

ထိုအဇ္ဈတ္တရုပ်၌ ပရိကမ္မဘာဝနာသာ ပြည့်စုံနိုင်သည်၊ အပ္ပနာဘာဝနာ မပြည့်စုံနိုင်။ ထိုအဇ္ဈတ္တရုပ်၌ ပရိကမ္မဘာဝနာပြု၍ ရအပ်သော ကသိုဏ်းနိမိတ် အာရုံသည် ပဋိဘာဂနိမိတ်အာရုံ ဖြစ်နိုင်လောက်အောင် မစင်ကြယ်နိုင်၊ ထို့ကြောင့် ထိုအဇ္ဈတ္တရုပ်၌ ပရိကမ္မ ဘာဝနာအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ် သည် ပရိကမ္မသမာဓိ အားရှိသောအခါ ပဋိဘာဂနိမိတ် အာရုံရရှိရန် အပြင်အပ ဗဟိဒ္ဓရုပ်တို့ကို ပြောင်း၍ တဖန် ဘာဝနာအလုပ် အားထုတ်ရပြန်သည်။ ထိုသို့ အားထုတ်သောအခါ ပဋိဘာဂနိမိတ်အာရုံ ရရှိ၍ ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့သို့ ဆိုက်ရောက်ကာ ဈာန်တရားကို ရရှိလေသည်။

(၂) အမှတ်ပြ အပြင်အပ ဗဟိဒ္ဓရုပ်၌ ပရိကမ္မဘာဝနာအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်ကား ထိုဗဟိဒ္ဓရုပ်၌ပင် အာရုံနိမိတ် သုံးမျိုးထင်လာကာ ဘာဝနာသုံးမျိုး (ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ) ပြည့်စုံသဖြင့် ဈာန်တရားကို ရရှိလေသည်။

ထိုဘာဝနာတို့၏ အာရုံနိမိတ်သည် ငယ်သည်လည်း ရှိ၏၊ ကြီးသည်လည်း ရှိ၏။ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ဉာဏ်အလွန်ထက်မြက်သော

၃၅၂

ယောဂီပုဂ္ဂိုလ်သည် ငယ်သော အာရုံနိမိတ်ဖြစ်လျှင် (၀မ်းမီးကောင်းသောသူသည် တယောက်ချိုမျှသော အစာထမင်းကို ရရှိလတ်သော် “ဤထမင်း၌ စားဖွယ်ရာ ဘယ်လောက်များ ရှိ၍နည်း”ဟု အောက်မေ့ကာ ရှိသမျှ အစာထမင်းကို စုရုံးပြီးလျှင် တလုပ်မျှသာပြု၍ အလျင်အမြန် စားသောက်လေသကဲ့သို့) ဤအတူပင် ဉာဏ်အမြင် သန့်ရှင်းသူဖြစ်ရကား “ဤအနည်းငယ်မျှသော အာရုံ၌ ခဲခဲယဉ်းယဉ်း နှလုံးသွင်း ဝင်စားဖွယ်ရာ အဘယ်မှာ ရှိအံ့နည်း၊ ဤအာရုံ၌ အပ္ပနာဈာန်ကို ရဖို့ရန်အလုပ်သည် ငါ့အဖို့ရာ ဝန်လေးသော အလုပ်မဟုတ်”ဟု အောက်မေ့ကာ ထိုအဆင်းရုပ် = အနည်းငယ်မျှသော အာရုံနိမိတ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ၀င်စားနိုင်၏၊ = ပဋိဘာဂနိမိတ်အာရုံကို အလွယ်တကူနှင့်ပင် ရရှိကာ ဥပစာရဈာန်ကို ရပြီးသည်၏ အခြားမဲ့မှာပင် အပ္ပနာဈာန်ကို ဖြစ်စေနိုင်လေသည်။ ထိုသို့ ရရှိသောဈာန်ကို (ဆန့်ကျင်ဘက် နီဝရဏတရားနှင့် အာရုံတို့ကို အလွယ်တကူနှင့် လွှမ်းမိုးနိုင်နင်း ဖြစ်ပွါးလာသောကြောင့်) အဘိဘာယတနဈာန်ဟူ၍ ခေါ်၏။

ထိုဉာဏ်အလွန်ထက်မြက်သော ယောဂီပုဂ္ဂိုလ်သည် ကြီးသော အာရုံနိမိတ်ဖြစ်လျှင် (ဝမ်းမီးအလွန်ကောင်း၍ အစားကြီးသော ယောက်ျားသည် ခူးပြီး ပြင်ပြီးသော ထမင်းပွဲကြီးတပွဲကို ရရှိလတ်သော် “အခြား ထမင်းတပွဲပင် ရှိလင့်ဦးတော့၊ ငါ့အဖို့ရာ ထိုထမင်းပွဲသည် အဘယ်မူစအံ့နည်း = အရေးမလုပ် ကုန်အောင်စားနိုင်သည်”ဟု အောက်မေ့ကာ ထိုထမင်းပွဲကို ကြီးကျယ်များပြားသောအနေ မရေမတွက်ပဲ အလွယ်တကူနှင့်ပင် ကုန်အောင် စားသုံးပစ်လိုက်သကဲ့သို့) ဤအတူပင် မိမိက ဉာဏ်အမြင် သန့်ရှင်းသူဖြစ်ရကား “ဤကြီးသောအာရုံ၌ ခဲခဲယဉ်းယဉ်း နှလုံးသွင်း ဝင်စားဖွယ်ရာ အဘယ်မှာ ရှိအံ့နည်း၊ ဤအာရုံသည် ငါ့အဖို့ရာ နှလုံးမသွင်းနိုင်လောက်အောင် မဝင်စားနိုင်လောက်အောင် ကြီးကျယ်သော အာရုံမဟုတ်၊ ဤအာရုံ၌ သမာဓိရအောင် ပြုလုပ်ဖို့ရန် ငါ့အဖို့ရာ ဝန်လေးဖွယ် အနည်းငယ်မျှမရှိ”ဟု အောက်မေ့ကာ ထိုကြီးကျယ်သော အာရုံနိမိတ်တို့ကို လွှမ်းမိုး၍ အပ္ပနာဈာန်ကို ဝင်စားနိုင်၏။ = ပဋိဘာဂနိမိတ်အာရုံကို အလွယ်တကူနှင့်ပင် ရရှိကာ ဥပစာရဈာန်ကို ရပြီးသည်၏ အခြားမဲ့မှာပင် အပ္ပနာဈာန်ကို ဖြစ်စေနိုင်လေသည်။ ထိုသို့ ရရှိသောဈာန်ကို (ဆန့်ကျင်ဘက် နီဝရဏတရားနှင့် အာရုံတို့ကို အလွယ်တကူနှင့် လွှမ်းမိုးနိုင်နင်း ဖြစ်ပွါးလာသောကြောင့်) အဘိဘာယတနဈာန်ဟူ၍ ခေါ်၏။

၃၅၃

ရှေးဖော်ပြရာပါ အဘိဘာယတနဈာန် ရှစ်ပါးတို့အနက်-

၁-အမှတ်ပြ အဘိဘာယတနဈာန်မှာ ရှေးဦးစွာ အဇ္ဈတ္တရုပ်၌ ပရိကမ္မဘာဝနာကို ထူထောင်ပြီး နောက်မှ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသည့် ကောင်းသောအဆင်းရှိ မကောင်းသော အဆင်းရှိသော သေးငယ်သော ကသိုဏ်းရုပ်၌ ပဋိဘာဂနိမိတ်အာရုံကို ရရှိကာ အလွယ်တကူ လျင်မြန်စွာ ဥပစာရသမာဓိဈာန်, အပ္ပနာသမာဓိဈာန်ပေါက် ရောက်ရှိသောဈာန်ဖြစ်သည်။ ။၂-အမှတ်ပြ အဘိဘာယတနဈာန်မှာ ထို့အတူပင် ကြီးကျယ်သော ကသိုဏ်းရုပ်၌ ဥပစာရသမာဓိ, အပ္ပနာသမာဓိပေါက် ရောက်ရှိသော ဈာန်ဖြစ်သည်။ ။၃-အမှတ်ပြ အဘိဘာယတနဈာန်မှာ အဇ္ဈတ္တရုပ်၌ ပရိကမ္မဘာဝနာကို မထူထောင်ပဲ အပြင်အပ ဗဟိဒ္ဓသန္တာန်၌ရှိသည့် ကောင်းသောအဆင်းရှိ မကောင်းသော အဆင်းရှိသော သေးငယ်သော ကသိုဏ်းရုပ်၌ ပရိကမ္မနိမိတ်အာရုံ, ဥဂ္ဂဟနိမိတ်အာရုံ, ပဋိဘာဂနိမိတ်အာရုံ = ဤအာရုံသုံးမျိုး အစဉ်အတိုင်း ရရှိကာ ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ = ဤဘာဝနာသုံးပါးတို့ အစဉ်အတိုင်း အလွယ်တကူ ပွါးများပေါက်ရောက်ကာ ရရှိအပ်သောဈာန်ဖြစ်သည်။ ။၄-အမှတ်ပြ အဘိဘာယတနဈာန်မှာ ထို့အတူပင် ကြီးကျယ်သော ကသိုဏ်းရုပ်၌ ပေါက်ရောက် ရရှိအပ်သော ဈာန်ဖြစ်သည်။

၅-၆-၇-၈-အမှတ်ပြ အဘိဘာယတန ဈာန်လေးပါးတို့မှာ အလွန် သန့်ရှင်းစင်ကြယ်သော အဆင်းရှိသည့် အပြင်အပ ဗဟိဒ္ဓ နီလ, ပီတ, လောဟိတ, ဩဒါတ = ဤကသိုဏ်းရုပ် လေးအာရုံတို့၌ အလွယ်တကူ ရရှိအပ်သော ဈာန်လေးပါးတို့ ဖြစ်လေသည်။ အစဉ်အတိုင်း မှတ်ယူလေ။

ထိုအဘိဘာယတနဈာန် ရှစ်မျိုးတို့တွင် ရှေ့ဈာန်လေးပါးတို့၌ ဝိတက်စရိုက် ပြောများသော ပုဂ္ဂိုလ်အတွက် ငယ်သော ကသိုဏ်းရုပ်ဈာန် လာရှိသည်၊ မောဟစရိုက် ပြောများသော ပုဂ္ဂိုလ်အတွက် ကြီးသော ကသိုဏ်းရုပ်ဈာန် လာရှိသည်၊ ဒေါသစရိုက် ပြောများသော ပုဂ္ဂိုလ်အတွက် ကောင်းသော အဆင်းရှိသည့် ကသိုဏ်းရုပ်ဈာန် လာရှိသည်။ ရာဂစရိုက် ပြောများသော ပုဂ္ဂိုလ်အတွက် မကောင်းသော အဆင်းရှိသည့် ကသိုဏ်းရုပ်ဈာန် လာရှိသည်၊ မှန်၏- ထိုပုဂ္ဂိုလ် လေးမျိုးတို့အား ထိုကသိုဏ်းရုပ် လေးမျိုးတို့သည် အစဉ်အတိုင်း သပ္ပါယဖြစ်ကြကုန်၏။

ဤအဘိဘာယတနဈာန် ရှစ်မျိုးတို့ကို မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်မရပဲ မဝင်စားဘူးပဲ ဟောကြားတော်မူသည်မဟုတ်၊

၃၅၄

စင်စစ်ကား ကိုယ်တော်တိုင်ရရှိ၍ အကြိမ်ကြိမ် ဝင်စားပြီးသည်တို့ကို ဟောကြားတော်မူလေသည်။ သာသနာပြင်ပ ဗာဟိရကဖြစ်သည့် အချို့သော ပုဂ္ဂိုလ်၏အဖို့ရာ အလွန်ပြန့်ကျယ် ကြီးမားသည့် ကသိုဏ်းနိမိတ်အာရုံကို မြင်ရလျှင် “ဤအာရုံကြီးကား အဘယ်သို့သော အာရုံကြီးပေနည်း၊ ဩကာသလောကကြီးတခုလုံး ဖုံးအုပ်လွှမ်းမိုးကာ ယူနေပါတကား”ဟု ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်း ဖြစ်လေရာ၏။ မြတ်ဘုရား၏ အဖို့မှာမူ ထိုသို့ ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်း အလျှင်းပင် မရှိချေ၊ သို့ရကား ကိုယ်တော်မြတ်၏ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းတော်မူခြင်းကို ပြဆိုရန် ဤအဘိဘာယတနဈာန် ရှစ်မျိုးတို့ကို အရှင်အာနန္ဒာအား ဟောကြားထုတ်ဖော် ပြသတော်မူ၏။

ဤအဘိဘာယတနဈာန် ရှစ်မျိုးတို့ကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာ မထေရ်ကို “ချစ်သားအာနန္ဒာ.. ဤသို့သဘောရှိသော အဘိဘာယတနဈာန် သမာပတ်တို့ကို ဝင်စားတော်မူ ထိုဈာန်သမာပတ်တို့မှ ထတော်မူသော မြတ်စွာဘုရား၏ အဖို့ရာ ကြောက်ခြင်း ရွံ့ရှားခြင်း အလျှင်းပင် မရှိချေ။ ထိုသို့ဖြစ်ပါလျက် မာရ်နတ်တယောက်တည်း ယခု လာရောက်သည်ကို မြင်လတ်၍ “မြတ်စွာဘုရားသည် ကြောက်ရွံ့လေရာ၏”ဟု အဘယ်သူသည် ဤသို့သော အမှတ်သညာကို ဖြစ်စေခြင်းငှါ ထိုက်တန်အံ့နည်း၊ မထိုက်တန်သည်သာ။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် မကြောက်မရွံ့ မတုန်မလှုပ်ပဲ သတိရှိလျက် သမ္ပဇဉ်တရားရှိလျက် အာယုသင်္ခါရကို လွှတ်တော်မူသည်”ဟု ဖွင့်ဟမိန့်ကြားတော်မူလေသည်။ ဤစကားရပ်က သံဂါယနာ မတင်အပ်သည့် ပကိဏ္ဏက ဓမ္မဒေသနာ ပါဠိဓမ္မပင် ဖြစ်လေသည်၊ ထိုကို အဋ္ဌကထာ၌ ထုတ်ဖော်ပြသအပ်လေသည်)။

ဝိမောက္ခ ၈-ပါး

     ထို့နောက် မြတ်စွာဘုရားရှင်သည် စကားတော်အယဉ် မပြတ်စေပဲ တဖန်ဆက်၍ အရှင်အာနန္ဒာမထေရ်အား ဤဆိုလတ္တံ့သောအတိုင်း ဝိမောက္ခ (=လွတ်မြောက်ခြင်း)တရား ရှစ်ပါးတို့ကို ဟောကြားတော်မူလေသည်-

     ချစ်သားအာနန္ဒာ.. လွတ်မြောက်ခြင်း = ဝိမောက္ခတရားသည် ရှစ်ပါးရှိ၏။ ရှစ်ပါးတို့ဟူသည်မှာ-



၃၅၅

     မိမိသန္တာန်၌ ကသိုဏ်းရုပ်ဈာန် ရှိသည်ဖြစ်၍ ပြင်ပသန္တာန်၌လည်း ကသိုဏ်းရုပ်တို့ကို ရှု၏။ ဤကား ပဌမ ဝိမောက္ခတည်း။ (၁)

     မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမူ၍ ပြင်ပသန္တာန်၌ ကသိုဏ်းရုပ်တို့ကို ရှု၏။ ဤကား ဒုတိယ ဝိမောက္ခတည်း။ (၂)

     တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤကား တတိယ ဝိမောက္ခတည်း။ (၃)

     ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား စတုတ္ထ ဝိမောက္ခတည်း။ (၄)

     အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား ပဉ္စမ ဝိမောက္ခတည်း။ (၅)

     ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစုံတခုမျှမရှိ”ဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား ဆဋ္ဌ မောက္ခတည်း။ (၆)

     အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား သတ္တမ ဝိမောက္ခတည်း။ (၇)

     နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာ, ဝေဒနာတို့၏ချုပ်ရာ နိရောသမာပတ်သို့ ရောက်၍နေ၏။ ဤကား အဋ္ဌမ ဝိမောက္ခတည်း၊ (၈)

     ချစ်သားအာနန္ဒာ.. လွတ်မြက်ခြင်း = ဝိမောက္ခတရားတို့သည် ဤရှစ်ပါးတို့တည်း”ဟု မိန့်တော်မူ၏။ (မြတ်စွာဘုရားရှင်၏ စကားတော် အဆက်ကား မပြီးဆုံးသေးပါ)။



၃၅၆

(ဤ၌- ဆန့်ကျင်ဘက် နီဝရဏတရား စသည်တို့မှ ကောင်းစွာ လွတ်မြောက်သောကြောင့်၎င်း, အဖ၏ရင်ခွင်၌ သားငယ်သည် စိတ်ချလက်ချ ကိုယ်အင်္ဂါတို့ကို ပစ်ချကာ အိပ်စက်သကဲ့သို့ သက်ဆိုင်ရာ ကသိုဏ်းရုပ်-စသော အာရုံ၌ အဖိအနှိပ် အပိတ်အပင်မရှိ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်တတ်သောကြောင့်၎င်း ဝိမောက္ခဟူ၍ ခေါ်၏။

ဖော်ပြရာပါ ဝိမောက္ခရှစ်ပါးတို့တွင် ရှေ့သုံးပါးကား ရူပါဝစရဈာန်တို့တည်း။ ထိုတွင် ၁-အမှတ်ပြ ဝိမောက္ခကား အဇ္ဈတ္တ, ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ၂-အမှတ်ပြ ဝိမောက္ခကား ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ၃-အမှတ်ပြ ဝိမောက္ခကား အလွန် သန့်ရှင်းစင်ကြယ်သော နီလ, ပီတ, လောဟိတ, ဩဒါတ တည်းဟူသော ဝဏ္ဏကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ဤ၃-အမှတ်ပြ ဝိမောက္ခ၌ ဈာန်ကိုဝင်စားစဉ် အပ္ပနာဈာန်၏အတွင်း၌ ဈာန်ရပုဂ္ဂိုလ်မှာ “တင့်တယ်၏”ဟု နှလုံးသွင်းမှု မရှိသော်လည်း သန့်ရှင်းစင်ကြယ် အလွန် တင့်တယ်သော ဝဏ္ဏကသိုဏ်းဈာန်တို့ကို ဝင်စား၍နေလျှင်ပင် “တင့်တယ်၏”ဟု နှလုံးသွင်းကာ ဈာန်ဝင်စား၍ နေသည်မည်သောကြောင့် “တင့်တယ်၏-ဟူ၍သာလျှင် နှလုံးသွင်း၏”ဟူ၍ ပါဠိတော်၌ ဟောတော်မူအပ်လေသည်။

၄-၅-၆-၇-အမှတ်ပြ ဝိမောက္ခတို့ကား အစဉ်အတိုင်း အရူပဈာန် လေးပါးတို့တည်း။ ထိုဈာန်တို့သည်လည်း ရူပသညာစသည်တို့မှ လွတ်မြောက်သောကြောင့်၎င်း, ဆိုင်ရာအာရုံ၌ အဖိအနှိပ် အပိတ်အပင်မရှိ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သောကြောင့်၎င်း ဝိမောက္ခတို့ မည်ကြကုန်၏။

၈-အမှတ်ပြ ဝိမောက္ခကား နိရောဓသမာပတ်တည်း။ ထိုနိရောဓသမာပတ်သည် သညာ ဝေဒနာ ခေါင်းဆောင်သော နာမ်တရားအားလုံးနှင့် စိတ္တဇရုပ် တည်းဟူသော ရုပ်တစိတ် = ဤရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်သောကြောင့် ဝိမောက္ခမည်လေသည်၊ မှန်၏- နိရောဓသမာပတ်ကို ဝင်စားနေခိုက် နာမ်ခန္ဓာလေးပါးနှင့် စိတ္တဇရုပ်တို့ အဖြစ်ရပ်စဲနေကြလေသည်။ ထိုhကြောင့် ထိုနာမ်ခန္ဓာလေးပါး စိတ္တဇရုပ်တို့မှ လွတ်မြောက်သည်ဟု ဆိုရလေသည်။

တေဘူမက ဝဋ်တရား၌ ပျော်ပါးနှစ်ခြိုက်၍နေသော ဝဋ္ဋာဘိရတ ပုဂ္ဂိုလ်အချို့တို့၏ အဖို့ရာ မိမိတို့က ဝဋ္ဋာဘိရတပုဂ္ဂိုလ်တွေ ဖြစ်နေသောကြောင့်

၃၅၇

ဝိမောက္ခတရား ရှစ်ပါးတို့ကို ဝင်စားဖို့ မဆိုထားဘိ၊ ဝိမောက္ခဟူသော အသံကို ကြားရလျှင်ပင် အလွန် ကြောက်လန့်ကြလေသည်။ မြတ်စွာဘုရား၏ အဖို့မှာမူ ထိုဝိမောက္ခတရားတို့ကို ဝင်စား၍နေရလျှင် အလွန်ပင် ဝမ်းမြောက်၍ ကြောက်ရွံ့ခြင်း အလျှင်းရှိတော်မမူချေ။ ထို့ကြောင့် ကိုယ်တော်မြတ်၏ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းတော်မူခြင်းကို ပြဆိုရန် ဤဝိမောက္ခရှစ်မျိုးတို့ကို အရှင်အာနန္ဒာအား ဟောကြားထုတ်ဖော် ပြသတော်မူ၏။

ဤဝိမောက္ခရှစ်ပါးတို့ကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ဤဝိမောက္ခရှစ်ပါးတို့ကို ဝင်စားတော်မူ ထိုသမာပတ်တို့မှ ထတော်မူသော မြတ်စွာဘုရား၏ အဖို့ရာ ကြောက်ခြင်း ရွံရှားခြင်း အလျှင်းပင် မရှိချေ။ ထိုသို့ဖြစ်ပါလျက် မာရ်နတ်တယောက်တည်း ယခု လာရောက်သည်ကို မြင်လတ်၍ ‘မြတ်ဘုရားသည် ကြောက်ရွံ့လေရာ၏’ဟု အဘယ်သူသည် ဤသို့သော အမှတ်သညာကို ဖြစ်စေထိုက်အံ့နည်း၊ မဖြစ်စေထိုက်သည်သာ။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် မကြောက်မရွံ့ မတုန်မလှုပ် သတိရှိလျက် သမ္ပဇဉ်တရားရှိလျက် အာယုသင်္ခါရကို လွှတ်တော်မူသည်”ဟု ဤပကိဏ္ဏက ဓမ္မဒေသနာ စကားကိုလည်း မိန့်ကြားတော်မူလေသည်)။

အာယုသင်္ခါရ လွှတ်တော်မူကြောင်း

အကျယ်မိန့်ကြားတော်မူခြင်း

     ဤသို့ ဝိမောက္ခရှစ်ပါးတို့ကို ဟောကြားတော်မူပြီးသော အခါမှာလည်း မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်အား တောင်းပန်စကား လျှောက်ထားခွင့်ကို ပေးတော်မမူသေးပဲ စကားတော်အယဉ် မပြတ်ဆက်ကာ ဤဆိုလတ္တံ့သော အကြောင်းအရာများကို မိန့်ကြားတော်မူပြန်လေသည်-

     “ချစ်သားအာနန္ဒာ.. ငါဘုရားသည် ဘုရားဖြစ်ပြီးစ (အဋ္ဌမသတ္တာဟဖြစ်သော) အခါတပါးဝယ် ဥရုဝေဠတော နေရဉ္ဇရာမြစ်ကမ်းအနီး အဇပါလ = ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေထိုင်စဉ် မာရ်နတ်ယုတ်သည် ငါဘုရားထံသို့ လာရောက် ရပ်တည်လျက် ငါဘုရားကို ဤသို့ လျှောက်ထားဘူးလေပြီ-



၃၅၈

‘မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခု ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ’-

ဟု လျှောက်ထားဘူးလေပြီ။ ချစ်သားအာနန္ဒာ.. ဤသို့ လျှောက်ဆိုအပ်လေသော် ငါဘုရားသည် မာရ်နတ်ယုတ်ကို ဤဆိုလတ္တံ့သော စကားကို မိန့်ကြားခဲ့ဘူး၏-

‘ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်။

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ရဟန်းမိန်းမတို့သည် ၊(ပ)၊

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ဥပါသကာတို့သည် ၊(ပ)၊

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး

၃၅၉

မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်။

ဟယ်မာရ်နတ်.. ငါဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည်တိုင်အောင် မပြည့်စုံသေးသမျှ, မစည်ပင်သေးသမျှ, မပြန့်ပွါးသေးသမျှ, လူအများ မသိသေးသမျှ, များစွာ မဖြစ်ထွန်းသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်’-

ဟု မိန့်ကြားခဲ့ဘူး၏။

     ချစ်သားအာနန္ဒာ.. မာရ်နတ်ယုတ်သည် ယနေ့ ယခုပင် စာပါလစေတီ၌ ငါဘုရားထံသို့ ချဉ်းကပ်၍ လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ ငါဘုရားကို ဤဆိုလတ္တံ့သောစကားကို လျှောက်ထားလာပြန်သည်-

‘မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့၊ မြတ်စွာဘုရား.. ယခု ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။



၃၆၀

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်- ‘ဟယ် မာရ်နတ်.. ငါဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည် မဟုတ်’ဟု မိန့်ကြားတော်မူခဲ့ဘူးပါသည်။

မြတ်စွာဘုရား.. ယခုအခါ ရှင်တော်ဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ။

မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခုအခါသည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ’-

ဟု လျှောက်ထားလာပြန်သည်။ ချစ်သားအာနန္ဒာ.. ဤကဲ့သို့ မာရ်နတ်သား လျှောက်ထားလတ်သော် ငါဘုရားသည် မာရ်နတ်ကို-

‘ဟယ် မာရ်နတ်ယုတ်.. သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊



၃၆၁

ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလိမ့်မည်’-

ဟု မိန့်ဆိုလိုက်၏။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် ယနေ့ စာပါလစေတီ၌နေစဉ် သတိရှိလျက် သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို ယခုပင် စွန့်လွှတ်လိုက်ပြီ”-ဟု အာယုသင်္ခါရ လွှတ်တော်မူလိုက်ကြောင်းကို အကျယ်မိန့်ကြားတော်မူလေ၏။

အရှင်အာနန္ဒာ တောင်းပန်လျှောက်ထားခြင်း

     ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူလတ်သော် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို-

“မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”-

ဟု တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. တန်တော့၊ ယခုအခါ မြတ်စွာဘုရားကို မတောင်းပန်နှင့်တော့၊ မြတ်စွာဘုရားကို တောင်းပန်ရန် ယခု အခါမဟုတ်တော့ပြီ”ဟု မြစ်ပယ်စကား မိန့်ကြားတော်မူလေ၏။ နှစ်ကြိမ်မြောက် အရှင်အာနန္ဒာက ရှေးနည်းအတူ တောင်းပန် လျှောက်ထားသောအခါမှာလည်း မြတ်စွာဘုရားရှင်သည် ထို့အတူပင် မြစ်ပယ်စကား မိန့်ကြားတော်မူလေ၏။ သုံးကြိမ်မြောက် အရှင်အာနန္ဒာမထေရ်က ရှေးနည်းအတူ တောင်းပန် လျှောက်ထားသောအခါ (မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာမထေရ်တို့ အပြန်အလှန် မိန့်ကြား, လျှောက်ထားကြပုံမှာ)-



၃၆၂

(မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်သည် မဟုတ်ပါလော။

     (အရှင်အာနန္ဒာ) ယုံကြည်ပါသည် မြတ်စွာဘုရား..။

     (မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. ထိုသို့ ယုံကြည်ပါလျက် သင်ချစ်သားသည် မြတ်စွာဘုရားကို အဘယ့်ကြောင့် သုံးကြိမ်တိုင်အောင် နှိပ်စက်ဘိသနည်း။

     (အရှင်အာနန္ဒာ) မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤစကားကို ရှင်တော်ဘုရား၏ မျက်မှောက်၌ပင် ကြားနာခဲ့ဘူး ခံယူခဲ့ဘူးပါ၏- ‘ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏။ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာ ဆည်းပူး ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏’ဟု ကြားနာခဲ့ဘူး ခံယူခဲ့ဘူးပါသည်။ (ထို့ကြောင့် သုံးကြိမ်တိုင်တိုင် တောင်းပန် လျှောက်ထားခြင်း ဖြစ်ပါသည်ဘုရား..)။

     (မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. ထိုတရားကို သင် ယုံကြည်သည် မဟုတ်လော။

     (အရှင်အာနန္ဒာ) ယုံကြည်ပါသည် မြတ်စွာဘုရား..။



၃၆၃

     (မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ်အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

     ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်ချက်ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

ရှေးကလည်း နိမိတ်အရိပ်အရောင် ပြခဲ့ဘူးကြောင်း မိန့်ကြား၍

သောကတရား ခေါင်းပါးစေခြင်း

     (၁) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့စဉ် သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ရာဇဂြိုဟ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ချစ်သားအာနန္ဒာ.. ဂိဇ္ဈကုဋ်တောင်သည် မွေ့လျော်ဖွယ်ရှိ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့



၃၆၄

ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာ ဆည်းပူး, ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ) လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

     ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။



၃၆၅

     (၂) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ထိုရာဇဂြိုဟ်ပြည် ဂေါတမမည်သော ပညောင်ပင်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၃) ထိုရာဇဂြိုဟ်ပြည်၌ပင် စောရပပါတ ချောက်ကမ်းပါး၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၄) ထိုရာဇဂြိုဟ်ပြည်၌ပင် ဝေဘာရတောင်၏ နံပါး (စရည်းပင်ပေါက်ရောက်ရာ) သတ္တပဏ္ဏိလိုဏ်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၅) ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဣသိဂိလိတောင်၏ နံပါး ကာဠသိလာအရပ်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၆) ထိုရာဇဂြိုဟ်ပြည်၌ပင် ယင်းတိုက်တော သပ္ပသောဏ္ဍိက တောင်ဝှမ်း၌ သီတင်း သုံးနေထိုင်ခဲ့စဉ် ။(ပ)။

     (၇) ထိုရာဇဂြိုဟ်ပြည်၌ပင် တပေါဒါရုံကျောင်း၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၈) ထိုရာဇဂြိုဟ်ပြည်၌ပင် ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

     (၉) ထိုရာဇဂြိုဟ်ပြည်၌ပင် ဇီဝက၏ သရက်ဥယျာဉ်၌ နေထိုင်ခဲ့စဉ် ။(ပ)။

     (၁၀) ထိုရာဇဂြိုဟ်ပြည်၌ပင် မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တော၌ နေထိုင်ခဲ့စဉ်လည်း သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ရာဇဂြိုဟ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ချစ်သားအာနန္ဒာ.. ၂-ဂေါတမမည်သော ပညောင်ပင်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၃-စောရပပါတ ချောက်ကမ်းပါးသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၄-ဝေဘာရတောင်၏နံပါး စရည်းပင်ပေါက်ရောက်ရာ သတ္တပဏ္ဏိလိုဏ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၅-ဣသိဂိလိတောင်၏နံပါး ကာဠသိလာအရပ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၆-ယင်းတိုက်တော သပ္ပသောဏ္ဍိက တောင်ဝှမ်းသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။



၃၆၆

     ၇-တပေါဒါရုံကျောင်းသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၈-ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၉-ဇီဝက၏ သရက်ဥယျာဉ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၁၀- မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တောသည် မွေ့လျော်ဖွယ်ရှိ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာအားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ် တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

     ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည်



၃၆၇

သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

     (က) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ဤဝေသာလီပြည်၌ပင် ဥဒေနစေတီ၌ နေထိုင်ခဲ့စဉ်လည်း သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာအားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊



၃၆၈

ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

     ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

     (ခ) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ဤဝေသာလီပြည်၌ပင် ဂေါတမစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

     (ဂ) ဤဝေသာလီပြည်၌ပင် သတ္တမ္ဗစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

     (ဃ) ဤဝေသာလီပြည်၌ပင် ဗဟုပုတ္တစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

     (င) ဤဝေသာလီပြည်၌ပင် သာရန္ဒဒစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

     (စ) ချစ်သားအာနန္ဒာ.. ယနေ့ စာပါလစေတီ၌နေစဉ် ယခုပင် သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏။ စာပါလစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ..



၃၆၉

မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

     ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

(ဤ၌။ ။(၁)မှစ၍ (င)တိုင်အောင်သော အကြောင်းအရာကို မြတ်စွာဘုရားသည် “ငါဘုရားသည် ဤယခု စာပါလစေတီ၌သာ သင်ချစ်သားကို ထင်ရှားသော နိမိတ် အရိပ်အရောင်ပြသည် မဟုတ်သေး၊ အခြားတပါးသော အခါများကလည်း ပြခဲ့ဘူး ပြောခဲ့ဘူးပြီ၊ ထိုသို့ (၁၅)ကြိမ်တိုင် ပြခဲ့ဘူး ပြောခဲ့ဘူးသည့် ထင်ရှားသော နိမိတ်



၃၇၀

အရိပ်အရောင်ကိုလည်း သင်ချစ်သားသည် သဘောမပေါက် မရိပ်မိချေ၊ ဤသို့ ဖြစ်ရခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏”ဟု ဤကဲ့သို့ အရှင်အာနန္ဒာ၏ သန္တာန်ဝယ် စိုးရိမ်သောကတရား ပယ်ရှားတော်မူရန် အမျိုးမျိုးပင် အရှင်အာနန္ဒာမထေရ်၏ အပေါ်၌ အပြစ်တင်ဖို့ရန် မိန့်ကြားတော်မူလေသည်။ ထို၁၅-ဌာနတို့၌ မိန့်တော်မူစဉ်ကလည်း မာရ်နတ် နှောက်ယှက်ထားသောကြောင့် အရှင်အာနန္ဒာမထေရ်သည် သဘောမပေါက် မရိပ်မိပဲ ရှိရလေသည်ကို အထူး မှတ်သားရာ၏)။

     ချစ်သားအာနန္ဒာ.. ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်လျက် ကွဲကွာခြင်း = နာနာဘာဝ, သေ၍ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်ပါလော။ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မပျက်စီးပါစေလင့်-ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ရနိုင်ရန် အကြောင်းမရှိချေ။

     ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် အကြင် အာယုသင်္ခါရကို စွန့်လိုက် ထွေးအန်လိုက် လွှတ်လိုက် ပယ်လိုက် ပစ်လွှင့်လိုက် စွန့်လွှတ်လိုက်လေပြီ၊ ထို့ပြင် “မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှနောက် သုံးလလွန်မြောက်သောအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု ဧကန်မုချ စကားကိုလည်း မိန့်ဆိုလိုက်ပြီ။ မြတ်စွာဘုရားသည် ထိုစွန့်ပယ်လိုက်သော အာယုသင်္ခါရကို အသက်ရှည်စေလိုသောကြောင့် တဖန်ပြန်၍ ဖြစ်စေအံ့သော အကြောင်းသည် လုံးဝမရှိတော့ချေ။ “ချစ်သားအာနန္ဒာ.. လာ, သွားကြကုန်စို့၊ မဟာဝုန်တော ပြသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ကြားလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာနှင့်အတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ကြွသွားတော်မူပြီးလျှင်



၃၇၁

အရှင်အာနန္ဒာကို “ချစ်သား အာနန္ဒာ.. သင် သွားချေ၊ ဝေသာလီပြည်၌ အမှီပြု၍နေကုန်သော ရဟန်းအားလုံးတို့ကို ညီမူစည်းဝေးရာ = ဓမ္မာရုံ၌ စုဝေးစေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည်လည်း မြတ်စွာဘုရာ မိန့်ကြားတော်မူချက်အတိုင်း ရဟန်းအားလုံးကို ညီမူစည်းဝေးရာ = ဓမ္မာရုံ၌ စုဝေးစေပြီးနောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုး ရပ်တည်ပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရဟန်းအပေါင်းသည် စုဝေးပြီးလျက် ရှိပါပြီ၊ ယခုအခါ ကြွတော်မူရန်အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် = ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။

သာသနာအရှည်တည်တံ့ရေးတရား ၃၇-ပါး

     ထိုအခါ မြတ်စွာဘုရားရှင်သည် ညီမူစည်းဝေးရာ = ဓမ္မာရုံသို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏-

     “ရဟန်းတို့.. ငါဘုရားသည် ထူးသောဉာဏ်ဖြင့်သိ၍ ဟောအပ်သော တရားတော်တို့ကို သင်ချစ်သားတို့သည် ကောင်းစွာသင်ယူ၍ မှီဝဲအပ် ပွါးများအပ် အဖန်ဖန် လေကျင့်အပ်ကုန်၏။ ယင်းသို့ မှီဝဲ, ပွါးများ, အဖန်ဖန် လေ့ကျင့်အပ်သည်ရှိသော် ဤမြတ်သောအကျင့် တည်းဟူသော သာသနာတော်သည် အရှည်ခိုင်ခံလျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထိုသို့ တည်တံ့ခြင်းသည် လူအများ၏ စီးပွါး, ချမ်းသာအလို့ငှါ, လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာ၏။

     ထိုတရားတို့ကား အဘယ်နည်းဟူမူ ယင်းတရားတို့ကား (က) သတိပဋ္ဌာန်လေးပါး (ခ) သမ္မပ္ပဓာန်လေးပါး (ဂ) ဣဒ္ဓိပါဒ်လေးပါး (ဃ) ဣန္ဒြေငါးပါး (င) ဗိုလ်ငါးပါး (စ) ဗောဇ္ဈင်ခုနစ်ပါး



၃၇၂

(ဆ) အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားတို့ ဖြစ်သည်။ (ဗောဓိပက္ခိယတရား ၃၇-ပါးဟု ဆိုလိုသည်)။

     ရဟန်းတို့.. ငါဘုရားသည် ထူးသောဉာဏ်ဖြင့်သိ၍ ဟောအပ်သော ဤ၃၇-ပါး (ဗောဓိပက္ခိယ) တရားတို့ကို သင်ချစ်သားတို့သည် ကောင်းစွာသင်ယူ၍ မှီဝဲအပ်, ပွါးများအပ်, အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲ, ပွါးများ, အဖန်ဖန် လေ့ကျင့်အပ်သည်ရှိသော် ဤမြတ်သောအကျင့် တည်းဟူသော သာသနာတော်သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထိုသို့ တည်တံ့ခြင်းသည် လူအများ၏ စီးပွါး,ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာ၏”ဟု မိန့်တော်မူ၏။

     ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဆက်၍ မိန့်တော်မူပြန်သည်မှာ-

“(ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊) = ရဟန်းတို့.. သင်ချစ်သားတို့အား ယခုအခါ ငါဘုရား မိန့်မှာဦးအံ့။ (ဝယဓမ္မာ သင်္ခါရာ) = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ (အပ္ပမာဒေန သမ္မာဒေထ) = မမေ့သော သတိတရားဖြင့် ကိစ္စခပ်သိမ်း ပြီးစီးအောင် ပြည့်စုံအောင် အားထုတ်ကြကုန်လော့။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှနောက် သုံးလလွန်မြောက်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုလိမ့်မည်”-

ဟု မိန့်တော်မူ၏။ ဤစကားကို မိန့်ကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် တပါးသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏-

“ပရိပက္ကော ဝယော မယှံ၊ ပရိတ္တံ မမ ဇီဝိတံ။

ပဟာယ ဝေါ ဂမိဿာမိ၊ ကတံ မေ သရဏမတ္တနော။



၃၇၃

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ မယှံ = ငါဘုရား၏။ ဝယော = အရွယ်တော်သည်။ ပရိပက္ကော = အသက်ရှစ်ဆယ်ပြည့်၍ မှည့်ခဲ့ ရင့်ခဲ့လေပြီ။ မမ = ငါဘုရား၏။ ဇီဝိတံ = အသက်ကြွင်းသည်။ ပရိတ္တံ = သုံးလတာမျှ တည်နေရမည်ကြောင့် နည်းလှခဲ့လေပြီ။ ဝေါ = သင်ချစ်သားတို့ကို။ ပဟာယ = မညှာမငဲ့ စွန့်ပစ်ခဲ့၍။ ဂမိဿာမိ = အနုပါဒါပရိနိဗ္ဗာန် ဝင်စံ ကြွမြန်းရတော့အံ့။ မေ = ငါဘုရားသည်။ အတ္တနော = မိမိ၏။ သရဏံ = ကိုးကွယ်ရာကို။ ကတံ = ပြုအပ်ပြီးပြီ။

အပ္ပမတ္တာ သတီမန္တော၊

သုသီလာ ဟောထ ဘိက္ခဝေါ။

သုသမာဟိတသင်္ကပ္ပါ၊

သစိတ္တမနုရက္ခထ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ အပ္ပမတ္တာ = ကုသိုလ်ဆယ်ပါး မြတ်တရား၌ မခြားနေ့ည ကြိုးလုံ့လသည့် အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လျက်။ သတီမန္တော = မမေ့မလျော့ မပေါ့မတန် ထက်သန်သောသတိ ရှိကြကုန်လျက်။ သုသီလာ = ကောင်းမြတ်ပြည့်စုံ လုံခြုံသောသီလ ရှိကုန်ကြသည်။ ဟောထ = ဧကန်စင်စစ် ဖြစ်ကြကုန်လော့။ သုသမာဟိတသင်္ကပ္ပါ = ကောင်းစွာတည်ကြည် ကောင်းစွာ ကြံစည်ခြင်း ရှိကြကုန်လျက်။ သစိတ္တံ = မိမိတို့၏စိတ်ကို။ အနုရက္ခထ = ကိလေဆယ်ထောက် ရန်မနှောက်အောင် စောင့်ရှောက်ကြကုန်လော့။

ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ၊

ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ယော = အမှတ်မထင် အကြင်သူသည်။



၃၇၄

ဣမသ္မိံ ဓမ္မဝိနယေ = တရားသဖြင့် ဆုံးမရာ ဤဓမ္မဝိနယ သာသနာ၌။ အပ္ပမတ္တော = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ ဝိဟဿတိ = လေးတန်ယာပထ မျှတကြံ့ခိုင် နေထိုင်ငြားအံ့။ သော = ထိုတရားလက်ကိုင် နေထိုင်သောသူသည်။ ဇာတိသံသာရံ = အဖန်ဖန်ဖြစ်၍ ပြောင်းရွှေ့ကျင်လည်ရာ ဘဝသံသရာကို။ ပဟာယ = စွန့်ပယ်၍။ ဒုက္ခဿ = စက်သံသာရ ဝဋ်ဒုက္ခ၏။ အန္တံ = ကမ္ပတ်ပိတ်ဖုံး အပြီးအဆုံးကို။ ကရိဿတိ = မဂ်ဉာဏ်လေးဆိုင် အရပိုင်သဖြင့် ပြုနိုင်ပေလတ္တံ့” -

ဟူသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏။

ဆင်ပြောင်ကြီးကဲ့သို့ ပြန်ကြည့်တော်မူခြင်း

     ထို့နောက် မြတ်စွာဘုရားရှင်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ဝေသာလီပြည်အတွင်းသို့ ဆွမ်းခံ လှည့်လည်တော်မူပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါတော်မူခဲ့၍ ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်လျက် ကြည့်ရှုတော်မူပြီးလျှင် “ချစ်သားအာနန္ဒာ.. ဤယခု ကြည့်ရှုခြင်းသည် ဝေသာလီပြည်ကို မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်ရှုခြင်း ဖြစ်ပေသည်။ ချစ်သားအာနန္ဒာ.. လာ, သွားကြစို့၊ ဘဏ္ဍုရွာသို့ သွားရောက်ကြကုန်အံ့”ဟု အရှင်အာနန္ဒာမထေရ်ကို မိန့်ဆိုတော်မူလေ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား ပြန်ကြား လျှောက်ထားလေ၏။

(ဤ၌ အထူးမှတ်ရန်ကား- ပကတိလူများ၏ အရိုးတို့သည် အစွန်းချင်းထိ၍ တည်ကုန်၏။ (တေ့ဆက်ဟု ဆိုလိုသည်)။ ပစ္စေကဗုဒ္ဓါတို့၏ အရိုးတို့သည် ချွန်း,ချွန်းချင်းချိတ်၍ တည်သကဲ့သို့ တည်ကြကုန်၏။ (ချိတ်ဆက်ဟု ဆိုလိုသည်။) မြတ်စွာဘုရားတို့၏ အရိုးတော်တို့သည်ကား ထိုကဲ့သို့ မဟုတ်ကုန်၊ မြတ်စွာဘုရားရှင်တို့၏ အရိုးတော်တို့မှာ သံကြိုး သံခြေကျဉ်းများကဲ့သို့ အချင်းချင်း တစပ်တည်း



၃၇၅

ဖွဲ့စပ်တည်နေကြကုန်၏၊ (ကွင်းဆက်ဟု ဆိုလိုသည်)။ လက်မောင်းလက်ရုံးရိုးဆက် အစရှိသည့် အရိုးဆက်ကြီး ၁၂-ပါး, လက်ချောင်း ခြေချောင်း အရိုးဆက်ငယ်များကို ချန်၍ ကျန်သော (မြတ်စွာဘုရားရှင်တို့၏) အရိုးဆက်တို့မှာ ကွင်းဆက်သာ ဖြစ်ကြကုန်၏။ ထို့ကြောင့်ပင် ထိုမြတ်စွာဘုရားတို့၏ ပကတိ ကိုယ်တော်အားသည် ကာဠာဝကခေါ်သော ပကတိဆင်ပြောင် ကုဋေတထောင်အား မဇ္ဈိမပုရိသ ကုဋေတသောင်းအားပမာဏ ရှိလေသည်။

ထိုသို့ မြတ်စွာဘုရားရှင်တို့၏ အရိုးတော်တို့မှာ ကွင်းဆက်ကသာ များသောကြောင့် မြတ်စွာဘုရားရှင်တို့ နောက်သို့ပြန်၍ ကြည့်တော်မူလိုသော အခါ၌ လည်တိုင်တော်ချည်းသက်သက် လှည့်၍ မကြည့်ရှုနိုင်၊ စင်စစ်သော်ကား ဆင်ပြောင်ကြီးသည် နောက်သို့ပြန်၍ ကြည့်လိုလတ်သော် တကိုယ်လုံး ပြန်လှည့်၍ ကြည့်သကဲ့သို့ မြတ်စွာဘုရားရှင်တို့သည်လည်း ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူကြရလေသည်။

ဤအရာ၌ကား ဝေသာလီပြည် တံခါးဝ၌ ရပ်တည်တော်မူ၍ ဝေသာလီပြည်ကို ကြည့်ရှုတော်မူလိုသောစိတ် မြတ်စွာဘုရားရှင် သန္တာန်တော်၌ ဖြစ်လျှင်ပင် ဤမဟာပထဝီမြေကြီးသည် “မြတ်စွာဘုရား.. ကမ္ဘာကုဋေ ထောင်ပေါင်းများစွာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့သော အရှင်မြတ်ဘုရားတို့သည် လည်တိုင်တော်ကိုလှည့်၍ ကြည့်ရှုရမည့်ကံကို (လူသာမန်တို့ကဲ့သို့) ပြုတော်မူခဲ့ကြသည် မဟုတ်ပါဘုရား”ဟု လျှောက်ထား ပြောဆိုသည့်အလား အိုးထိန်းစက် (=အိုးလုပ်သူတို့၏ အိုးပြုလုပ်သော ဘီး)ပမာ ချာချာလည်၍ မြတ်စွာဘုရားရှင်ကို ဝေသာလီပြည်ဖက်သို့ မျက်နှာတော် မူပြီးသားဖြစ်အောင် ပြုလုပ်လေသည်။ ။ထိုသို့ဖြစ်လျှင် “ဤယခု ဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းသည် နာဂါပလောကိတ = ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါလှည့်၍ ကြည့်ရှုတော်မူခြင်း အဘယ်သို့ ဖြစ်နိုင်အံ့နည်း”ဟု မေးရန်ရှိပြန်၏။ အဖြေကား - ထိုအချိန်၌ မြတ်စွာဘုရားရှင်က ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ လှည့်၍ ကြည့်ရှုတော်မူလိုသည်၊ သို့သော်လည်း ကိုယ်တော်မြတ်၏ ကောင်းမှုတေဇော် အာနုဘော်ကြောင့် ကိုယ်တော်မြတ် ရပ်တည်ရာ မဟာပထဝီ ဤမြေကြီးက သူ့အလိုလို လည်၍ ပေးရလေသည်၊ သို့ရကား ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ လှည့်၍ ကြည့်ရှုတော်မူလိုသော မြတ်စွာဘုရား၏ အလိုတော်ကို အစွဲပြုကာ ဤယခု ဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းကို “နာဂါပလောကိတ = ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကို လှည့်၍ ကြည့်ရှုတော်မူခြင်း”ဟု ဟောဆိုအပ်လေသည်။

၃၇၆

ဤ၌ မေးမြန်းဖွယ် ရှိလာပြန်သည်မှာ “ဤယခု ဝေသာလီပြည်မှ ထွက်သောအခါ မှာသာ ထိုပြည်ကို နောက်ဆုံး ကြည့်ရှုတော်မူခြင်း ဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား သာဝတ္ထိပြည်, ရာဇဂြိုဟ်ပြည်, နာဠန္ဒမြို့, ပါဋလိရွာ, ကောဋိရွာ, နာတိကရွာငယ်တို့မှ ဤယခု နောက်ဆုံး ထွက်ကြွတော်မူသော အခါမှာလည်း ထိုပြည် ထိုမြို့ ထိုရွာများကို ကြည့်ရှုတော်မူခြင်း အားလုံးသည်ပင် နောက်ဆုံး ကြည့်ရှုတော်မူခြင်းဖြစ်သည် မဟုတ်လော၊ ထိုသို့ဖြစ်လျက် ထိုပြည် ထိုမြို့ ထိုရွာတို့၌ကား အဘယ့်ကြောင့် ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်တော်မူခြင်းမျိုးကို ကြည့်တော်မမူပါသနည်း”ဟု မေးဖွယ်ရှိလာပြန်၏။

အဖြေကား- ထိုထိုမြို့ပြ ပြည်ရွာတိုင်းမှာ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူနေလျှင် ထိုသို့ ကြည့်ရှုတော်မူခြင်းသည် အံ့ဩဖွယ် မဟုတ်တော့ချေ။ ထို့ကြောင့် ထိုပြည် ထိုမြို့ ထိုရွာတို့၌ ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်တော်မူမှုကို ပြုတော်မမူချေ။

အဖြေတနည်း (လိုရင်း)ကား ထိုအချိန်မှာ ဝေသာလီပြည် လိစ္ဆဝီမင်းတို့အား ပျက်စီးရန် အချိန်အခါ နီးကပ်နေလေပြီ၊ ထိုအချိန်မှနောက် သုံးနှစ်မြောက်အထက်၌ အဇာတသတ်မင်းဖျက်၍ ပျက်စီးကြလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍ “ဤသို့ ဆင်ပြောင်ကြီးပမာ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူလျှင် ထိုလိစ္ဆဝီမင်းတို့သည် ဝေသာလီပြည် တံခါးဝ၌ ထိုဆင်ပြောင်ကြီးကဲ့သို့ ကြည့်ရှုတော်မူရာဌာနကို “နာဂါပလောကိတ = ဆင်ပြောင်ပြန်ကြည့်” အမည်ရှိသော စေတီတော်ကို တည်ထားကြ၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်ကြလိမ့်မည်။ ထိုသို့ ပူဇော်ခြင်းသည် ထိုလိစ္ဆဝီမင်းတို့အဖို့ရာ ကာလရှည်မြင့်စွာ စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင် အကျိုးထူးကို သိမြင်တော်မူသဖြင့် ထိုလိစ္ဆဝီမင်းတို့အား သနားစောင့်ရှောက် ချီးမြှောက်တော်မူလိုသောကြောင့် ဝေသာလီပြည်ကိုသာ ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကို ပြန်လှည့်၍ ကြည့်တော်မူသည်။ ဤကား အဖြေတည်း)။

ဘဏ္ဍုရွာ၌ တရားဟောခြင်း

     ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် ဘဏ္ဍုရွာသို့ ကြွရောက်တော်မူ၍ ထိုရွာ၌ သီတင်းသုံး



၃၇၇

နေတော်မူ၏။ ထိုရွာ၌ နေတော်မူစဉ် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့မိန့်ကြား တရားဟောတော်မူ၏-

“ရဟန်းတို့.. တရားလေးပါးတို့ကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။ တရားလေးပါးတို့ ဟူသည်မှာ-

၁-ရဟန်းတို့.. မြတ်သော အရိယသီလကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။

၂-ရဟန်းတို့.. မြတ်သော အရိယသမာဓိကို (ပ)။ ။၃-ရဟန်းတို့.. မြတ်သော အရိယပညာကို (ပ)။ ။၄-ရဟန်းတို့.. မြတ်သော လွတ်မြောက်မှု = အရိယဝိမုတ္တိကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။

ရဟန်းတို့.. ငါဘုရားသည် ထိုမြတ်သော အရိယသီလကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ။ ထိုမြတ်သော အရိယသမာဓိကို (ပ)၊ ထိုမြတ်သော အရိယပညာကို (ပ)၊ ထိုမြတ်သော လွတ်မြောက်မှု = အရိယဝိမုတ္တိကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ။ ဘဝ၌တပ်မက်ခြင်း = ဘဝတဏှာကို အမြစ်ပြတ် ဖြတ်အပ်ပြီ။ ဘ၀သစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ

၃၇၈

ဘဝတဏှာသည် ငါဘုရားသန္တာန်၌ ကုန်ခဲ့လေပြီ။ ယခုအခါ တဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ”-

ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဆက်၍ မိန့်တော်မူပြန်သည်မှာ-

သီလံ သမာဓိ ပညာ စ၊ ဝိမုတ္တိ စ အနုတ္တရာ။

အနုဗုဒ္ဓါ ဣမေ ဓမ္မာ၊ ဂေါတမေန ယသဿိနာ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ အနုတ္တရာ = အတုမရှိ လွန်မြတ်ဘိသော။ သီလဉ္စ = အရိယသီလကို၎င်း။ သမာဓိ စ = အရိယသမာဓိကို၎င်း။ ပညာ စ = အရိယပညာကို၎င်း။ ဝိမုတ္တိ စ = အရိယဝိမုတ္တိကို၎င်း။ ဣမေ ဓမ္မာ = ဤတရားအစုတို့ကို။ ယသဿိနာ = များသော အခြံအရံ ရှိတော်မူသော။ ဂေါတမေန = ဂေါတမနွယ်ဖွား ရှင်တော်ဘုရားသည်။ အနုဗုဒ္ဓါ = မဖောက်မပြန် အမှန်အတိုင်း သိအပ်ကုန်ပြီ။

ဣတိ ဗုဒ္ဓေါ အဘိညာယ၊ ဓမ္မမက္ခာသိ ဘိက္ခုနံ။

ဒုက္ခဿန္တကရော သတ္ထာ၊ စက္ခုမာ ပရိနိဗ္ဗုတော။

ဣတိ = ဤသို့။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ အဘိညာယ = ထူးသောဉာဏ်ဖြင့် အမှန်သိမြင်တော်မူ၍။ ဘိက္ခုနံ = ရဟန်းတို့အား။ ဓမ္မံ = နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အက္ခာသိ = ကရုဏာရှေ့ထား ဟောကြားတော်မူလေပြီ။ စက္ခုမာ = ဗုဒ္ဓ, ဓမ္မ သမန္တနှင့် မံသ, ဒိဗ္ဗာ = ငါးဖြာသောစက္ခုနှင့် တုမဲ့ကုံလုံ ပြည့်စုံတော်မူသော။ ပရိနိဗ္ဗုတော = ကိလေသာခပ်သိမ်း ငြိမ်းအေး တော်မူပြီးသော။ သတ္ထာ = လူနတ်တို့ဆရာ မြတ်စွာဘုရားသည်။ ဒုက္ခဿန္တကရော = ကိုယ်တော့်သန္တာန် သူ့သန္တာန်ဝယ် သံသရာဝဋ်ဒုက္ခ ဟူသမျှတို့ လုံးဝပျက်ပြုန်း ဆုံးအောင်ပြုတော်မူခဲ့လေပြီ” -

ဟူသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏။



၃၇၉

     မြတ်စွာဘုရားရှင်သည် ထိုဘဏ္ဍုရွာ၌ နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန်အချိန် နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သောသမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏၊ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဟောတော်မူ၏။

ဘောဂမြို့၌ မဟာပဒေသလေးပါးကို ဟောကြားတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဘဏ္ဍုရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ဟတ္ထိရွာ (ပ)၊ အမ္ဗရွာ (ပ)၊ ဇမ္ဗုရွာ (ပ)၊ ဘောဂမြို့သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာ ဘုရား..”ဟု အရှင်အာနန္ဒာမထေရ်သည်လည်း မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် ဘောဂမြို့သို့ ကြွရောက်တော်မူ၍ ထိုဘောဂမြို့ အာနန္ဒစေတီ၌ သီတင်းသုံး နေတော်မူ၏။ ထိုအာနန္ဒစေတီ၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား မဟာပဒေသလေးပါး (=ဂုဏ်ကြီးသူတို့ကို ကိုးကား၍ ပြောဆိုသော တရားစကားတို့ကို အမှားအမှန် ဝေဘန်ဆုံးဖြတ်ရန် နည်းညွှန်းဥပဒေသ လေးပါး)တို့ကို ဟောကြားတော်မူသည်မှာ-

     (၁) ရဟန်းတို့.. ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-



၃၈၀

“ငါ့ရှင်တို့.. ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

     ရဟန်းတို့.. ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

     ယင်းသို့ သုတ်တရားတော်၌သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်၊ ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

     သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ရှေးဦးစွာသော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

     (၂) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-



၃၈၁

“ဤမည်သော ကျောင်းတိုက်၌ အကြီးအမှူး မထေရ်နှင့် တကွသော သံဃာသည် နေထိုင်လျက်ရှိ၏၊ ငါသည် ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရ, ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

     ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

     ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ထိုသံဃာ၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

     သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. နှစ်ခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

     (၃) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-



၃၈၂

“ဤမည်သော ကျောင်းတိုက်၌ အကြားအမြင်လည်း များကုန်သော, ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ကုန်သော, တရားတော် ဝိနည်းတော်ကိုလည်း ဆောင်ကုန်သော, ပါတိမောက်ကိုလည်း ဆောင်ကုန်သော များစွာသော မထေရ်ရဟန်းတို့သည် နေထိုင်လျက် ရှိကြပါ၏။ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

     ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

     ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

     သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. သုံးခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။



၃၈၃

     (၄) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

“ဤမည်သော ကျောင်းတိုက်၌ အကြားအမြင်လည်း များသော, ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်သော, တရားတော် ဝိနည်းတော်ကိုလည်း ဆောင်သော, ပါတိမောက်ကိုလည်းဆောင်သော တဦးသော မထေရ်သည် နေထိုင်လျက်ရှိပါ၏။ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း” ဟု ပြောဆိုငြားအံ့။

     ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်ကြရမည်။

     ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

     သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌



၃၈၄

ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. လေးခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

     ရဟန်းတို့.. ဤမဟာပဒေသ လေးပါးတို့ကို မှတ်သားထားကြကုန်လော့ဟု မိန့်တော်မူ၏။

ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်

(ဤအရာ၌ ပြိုးပြွမ်းမှတ်ဖွယ် အဓိပ္ပါယ်ကို အဋ္ဌကထာ၌ ညွှန်ပြသည့်အတိုင်း သိသာရုံ ဖော်ပြဦးအံ့-

ဤ၌ (၁) ဤယခု သုတ္တန်ပိဋက၌လာသော မဟာပဒေသကြီး လေးပါး, (၂) ဝိနည်းမဟာဝါ ပါဠိတော်၌လာသော မဟာပဒေသကြီး လေးပါး, (၃) “ဧကံ, ဝိဘဇ္ဇ, ပဋိ, ဌ = လေးဝဗျာကရဏာ” ဟူသောအတိုင်း အမေးပုစ္ဆာကို ဖြေဆိုကြောင်း အဖြေလေးမျိုး, (၄) ဝိနယလေးပါး, (၅) သင်္ဂါယနာသုံးတန် တည်းဟူသော ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်ကို နားလည်သိရှိရာ၏။

၁-သုတ္တန်ပိဋကလာ မဟာပဒေသလေးပါး

ရှေးဖော်ပြအပ်ပြီးသောအတိုင်း သုတ္တန်ပိဋကလာ မဟာပဒေသ လေးပါးတို့ကို သိရှိရာ၏။

၂-ဝိနည်းပိဋကလာ မဟာပဒေသလေးပါး

ဝိနည်းပိဋကလာ မဟာပဒေသ လေးပါးတို့ ဟူသည်မှာ (ဝိနည်းမဟာဝါ ပါဠိတော်၊ ၆-ဘေသဇ္ဇက္ခန္ဓက၊ စာမျက်နှာ ၃၄၈-၉-တို့၌လာသော) “(က) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်”ဟု မပယ်မြစ်အပ်၊ ထိုအရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ မအပ်စပ်သည့်ဖက်သို့ ညီလျော်လျက် အပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။ (ခ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်”ဟု မပယ်မြစ်အပ်၊ ထိုအရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ အပ်စပ်သည့်ဖက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။ (ဂ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် “ဤအရာဝတ္ထုသည် အပ်စပ်၏”ဟု ခွင့်မပြုအပ်၊ ထိုခွင့်မပြုအပ်သော

၃၈၅

အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ မအပ်စပ်သည့်ဖက်သို့ ညီလျော်လျက် အပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။ (ဃ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် “ဤအရာဝတ္ထုသည် အပ်စပ်၏”ဟု ခွင့်မပြုအပ်၊ ထိုခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ အပ်စပ်သည့်ဖက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏”ဟူ၍ ဟောတော်မူအပ်သော ဥပဒေသကြီး လေးချက်ဖြစ်သည်။

၃-အဖြေလေးမျိုး

“ဧကံ, ဝိဘဇ္ဇ, ပဋိ, ဌ = လေးဝဗျာကရဏာ”ဟူသော လင်္ကာဆောင်ပုဒ်အတိုင်း (အမေးပုဂ္ဂိုလ်၏ သိလိုရေးဖြင့် မေးအပ်သော အနက်ကို ပဉှ = ပြဿနာ = အမေးဟု ခေါ်သည်၊ ထိုအမေးကို ဖြေဆိုခြင်းကို ပဉှဗျာကရဏဟူ၍ ခေါ်သည်၊ ထိုအမေး အဖြေသည်)-

(က) ဧကံသဗျာကရဏီယအမေး = တခွန်းတည်း တချက်တည်း ဖြေဆိုရမည့် အမေးမျိုး, ဧကံသဗျာကရဏအဖြေ = တခွန်းတည်း တချက်တည်း ဖြေဆိုရသည့် အဖြေလည်း တမျိုး (ဥပမာ “စက္ခုသည် အနိစ္စလော”ဟု မေးအပ်လျှင် “အိမ်း.. ဟုတ်သည် စက္ခုသည် အနိစ္စတည်း”ဟု တခွန်းတည်း တချက်တည်း ဖြေဆိုရသည်။ ဤအမေးအဖြေမျိုးကို ဧကံသဗျာကရဏီယအမေး, ဧကံသဗျာကရဏအဖြေဟု ခေါ်၏)။

(ခ) ဝိဘဇ္ဇဗျာကရဏီယအမေး = ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရမည့် အမေးမျိုး, ဝိဘဇ္ဇဗျာကရဏအဖြေ = ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရသည့် အဖြေလည်း တမျိုး (ဥပမာ “အနိစ္စတရားဟူသည် စက္ခုသာလျှင်လော”ဟု မေးအပ်လျှင် “အနိစ္စတရားကား စက္ခုတပါးသာလျှင် မဟုတ်ပေ၊ သောတလည်း အနိစ္စ၊ ဃာနလည်း အနိစ္စ၊ ဇိဝှါလည်း အနိစ္စ ဖြစ်သည်” ဤသို့စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရသည်။ ဤအမေးအဖြေမျိုးကို ဝိဘဇ္ဇဗျာကရဏီယအမေး, ဝိဘဇ္ဇဗျာကရဏအဖြေဟု ခေါ်၏)။

(ဂ) ပဋိပုစ္ဆာဗျာကရဏီယအမေး = မေးမြန်းသူကို တဖန်ပြန်၍ မေးပြီးမှ ဖြေဆိုရမည့် အမေးမျိုး, ပဋိပုစ္ဆာဗျာကရဏအဖြေ = မေးမြန်းသူကို

၃၈၆

တဖန်ပြန်၍ မေးပြီးမှ ဖြေဆိုရသည့် အဖြေမျိုးလည်း တမျိုး, (ဥပမာ “စက္ခုကဲ့သို့ပင် သောတကို မှတ်ရပါမည်လော၊ သောတကဲ့သို့ပင် စက္ခုကို မှတ်ရပါမည်လော”ဟု မေးအပ်လျှင် ထိုမေးမြန်းသူကို တဖန် ပြန်၍ “အဘယ်အနက်သဘောကို ရည်စူး၍ မေးသနည်း”ဟု မေးရပြန်သည်၊ ထိုမေးမြန်းသူက “မြင်မှုအနက်သဘောကို ရည်စူး၍ မေးပါသည် = စက္ခုကဲ့သို့ပင် သောတသည်လည်း မြင်တတ်သလောဟု မေးပါသည်”ဟု ဆိုခဲ့လျှင် “နဟိ = မဟုတ်ပါ”ဟု ဖြေဆိုရသည်။ ထိုမေးမြန်းသူက“ အနိစ္စအနက်သဘောကို ရည်စူး၍ မေးပါသည် = စက္ခုကဲ့သို့ပင် သောတသည်လည်း အနိစ္စဖြစ်သလောဟု မေးပါသည်”ဟု ဆိုခဲ့လျှင် “အာမ = အိမ်း.. ဟုတ်သည် စက္ခုကဲ့သို့ပင် သောတသည်လည်း အနိစ္စဖြစ်သည်”ဟု ဖြေဆိုရသည်။ ဤအမေး,အဖြေမျိုးကို ပဋိပုစ္ဆာကရဏီယအမေး, ပဋိပုစ္ဆာဗျာကရဏ အဖြေဟု ခေါ်၏)။

(ဃ) ဌပနီယအမေး = အဖြေမပေးပဲ လျစ်လျူရှုကာ ထားရသော အမေးမျိုး, ဌပနီယအဖြေ = အဖြေစကားဟူ၍ သီးခြားမပြောရပဲ မဖြေပဲ ထားလိုက်ခြင်းသည်ပင် အဖြေမည်သော ဌပနီယ အဖြေမျိုးလည်း တမျိုး၊ (ဥပမာ အတ္တဒိဋ္ဌိနယ်ပယ်၌ ဇီဝ = လိပ်ပြာဟူသော ဝေါဟာရ, သရီရ = ကိုယ်ဟူသော ဝေါဟာရရှိသည်၊ ထိုဇီဝ, သရီရ = နှစ်မျိုးလုံးပင် ပရမတ္ထအားဖြင့် တရားသားမရကောင်းသော အရာများ ဖြစ်ကြသည်။ ထို့ကြောင့် “ဇီဝ = လိပ်ပြာသည်ပင် သရီရ = ကိုယ်မည်သလော (ဝါ) ဇီဝ = လိပ်ပြာနှင့် သရီရ = ကိုယ်ဟူသည် တခုတည်းလော”ဟု မေးခဲ့လျှင် (လောက၌ မိန်းမမြုံသားဟူသည် မရှိချေ။ မရှိပါပဲလျက် “မိန်းမမြုံသားသည် အမိအပေါ်၌ ကောင်းမွန်ရိုသေစွာ ကျင့်ကြံပါ၏လော”ဟု မေးသော အမေးမျိုးကို အဖြေစကား မပြောပဲ လျစ်လျူရှုကာသာ ထားလိုက်ရသကဲ့သို့ ဤအတူပင်) ယခုအမေး၌လည်း ဇီဝ = လိပ်ပြာဟူသည် ပရမတ္ထအားဖြင့် တရားသားမရကောင်းသော အရာဖြစ်သောကြောင့် “ဤဇီဝ = လိပ်ပြာကို ရှိ၏ဟူ၍ ဘုရားရှင် မဟော”ဟု သိရှိကာ ထိုအမေးကို မဖြေပဲ ထားရ၏၊ ထိုသို့ မဖြေပဲ ထားလိုက်ခြင်းသည်ပင် အဖြေမည်လေတော့၏။ ဤအမေး, အဖြေမျိုးကို ဌပနီယအမေး, ဌပနီယအဖြေဟု ခေါ်၏)။ ဤသို့ အမေးလေးမျိုး, အဖြေလေးမျိုးရှိသည်။

၃၈၇

(၄) ဝိနယလေးပါး

၁-သုတ္တ = ပိဋကသုံးပုံကို ခေါ်သည်။။ ၂-သုတ္တာနုလောမ = ရှေးဖော်ပြရာပါ ဝိနည်း၌လာသော မဟာပဒေသလေးပါးနှင့် သုတ္တန်၌လာသော မဟာပဒေသလေးပါးတို့ကို ခေါ်သည်။ ၃-အာစရိယဝါဒ = မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က ထိုထိုအရပ်ဒေသ၌ အနက်အဓိပ္ပါယ် သဘောအနေအားဖြင့် ဟောကြားအပ်သော ပကိဏ္ဏက ဒေသနာတော်ကို (ပါဠိပိဋကကို ဖွင့်ပြဟောဆိုကြောင်း ဖြစ်သောကြောင့်) အဋ္ဌကထာဟု ခေါ်သည်၊ ထိုအဋ္ဌကထာကို သံဂါယနာ မထေရ်မြတ်တို့သည် ရှေးဦးစွာ ပိဋကသုံးပုံကို သံဂါယနာတင်ပြီးနောက် ထိုပိဋကတော်၏ အနက်အဖွင့်အားလျော်စွာ သင်ကြားရိုး = ဝါစနာမဂ္ဂသို့ တင်ထားအပ်လေသည်၊ ထိုအဋ္ဌကထာ = ပကိဏ္ဏကဒေသနာကိုပင် (ဆရာတို့ ပါဠိပိဋကကို ဖွင့်ပြပြောဆိုကြောင်း ဖြစ်သောကြောင့်) အာစရိယဝါဒဟူ၍ ခေါ်သည်။ ယင်း အာစရိယဝါဒ, အဋ္ဌကထာ, ပကိဏ္ဏကဒေသနာ = သုံးမည်ရသော စကားအစဉ်ကို အရှင်မဟာမဟိန္ဒ မထေရ်သည် သီဟိုဠ်ကျွန်းသို့ ဆောင်ယူအပ်ခဲ့လေသည်။ ၎င်းကို နောက်တချိန်၌ သီဟိုဠ်ကျွန်းသား မထေရ်များသည် ဂိုဏ်းတပါးအယူနှင့် ရောယှက်ရှုပ်ထွေးမှု မရှိစေရန် သီဟိုဠ်ဘာသာဖြင့် အက္ခရာတင်ထားကြလေသည်။ အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် ယင်း သီဟိုဠ်ဘာသာ အဋ္ဌကထာ (=မူလ ပကိဏ္ဏကဒေသနာ)ကိုပင် အထပ်ထပ်လာသော အရာများကို ချုံးလျက်၎င်း, သူ့ပိဋက သူ့နေရာနှင့်သူ သံဝဏ္ဏေတဗ္ဗ သံဝဏ္ဏနာ တွဲဖက်သန့်လျက်၎င်း, အချို့ အချို့ နေရာတို့၌ သင့်လျော်ရာ ထေရဝါဒများကို (အတ္တနောမတိများကို) ဖော်ပြလျက်၎င်း (သီဟိုဠ်အဋ္ဌကထာကို မာဂမီဘာသာပြန်ဆိုလျက်) အဋ္ဌကထာသစ်ကို ပြုစီရင်တော်မူသည်။ ထို့ကြောင့် ဤယခု ဝိနယလေးပါး၌ ၃-ခုမြောက် အာစရိယဝါဒ ဟူသည်မှာ ယနေ့မျက်မြင် ညွှန်ပြရလျှင် အဋ္ဌကထာကိုပင် ညွှန်ပြရပေမည်။ ၄-အတ္တနောမတိ = သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒ တည်းဟူသော ရှေ့သုံးပါးမှ ရရှိသော နည်းကိုယူလျက် ထိုသုံးပါးသို့ အစဉ်လျှောက်သော ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဘန်ဆင်ခြင်၍ သိရှိအပ်သော အနက်သဘော (ထေရဝါဒ)များကို ခေါ် သည်။ ဤသို့လျှင် သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒ, အတ္တနောမတိ တည်းဟူသော ဝိနယလေးပါးကို သိမှတ်ရာ၏။

၃၈၈

(၅) သံဂါယနာသုံးတန်

၁-အရှင်မဟာကဿပမထေရ် ဦးစီး၍ ရဟန္တာငါးရာတို့ ပဌမအကြိမ် တင်အပ်သော ပဉ္စသတိကသံဂါယနာ, ၂-အရှင်မဟာယသထေရ် အကျိုးဆောင်လျက် ရဟန္တာခုနစ်ရာတို့ ဒုတိယအကြိမ် တင်အပ်သော သတ္တသတိကသံဂါယနာ, ၃-အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် ဦးစီး၍ ရဟန္တာတထောင်တို့ တတိယအကြိမ် တင်အပ်သော သဟဿိကသံဂါယနာ = ဤသို့အားဖြင့် တရားဝင် သံဂါယနာကြီး သုံးမျိုးရှိလေသည်။ ။ဤသို့ ရှေးဦးစွာ (၁) သုတ္တန်လာ မဟာပဒေသလေးပါး, (၂) ဝိနည်းလာ မဟာပဒေသလေးပါး, (၃) အမေးအဖြေလေးပါး, (၄) ဝိနယလေးပါး, (၅) တရားဝင် သံဂါယနာကြီးသုံးတန်ကို မှတ်သားရာ၏။

ထို့နောက်မှ (၁) “ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု တဦးတယောက်သော ရဟန်းက မြတ်စွာဘုရားကိုဖြစ်စေ သံဃာကိုဖြစ်စေ မထေရ်အများကိုဖြစ်စေ မထေရ်တပါးကိုဖြစ်စေ ကိုးကား၍ ပြောဆိုသဖြင့် ဓမ္မဝိနယဟုတ်-မဟုတ် ဆုံးဖြတ်ရန် အခွင့်ကြုံလာလျှင် သုတ္တန်ကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ် ရမည်။ ဤမဟာပဒေသလေးပါးတို့၌ ညီညွတ်သောစကားကိုသာ အမှန်ဟူ၍ မှတ်ယူရာ၏။ မညီညွတ်သော စကားဖြစ်ခဲ့လျှင် စကားရှင် ရဟန်းက မည်မျှပင် နှုတ်သရမ်း၍ မြည်တမ်းပြောဆိုစေကာမူ အမှန်ဟူ၍ မမှတ်ယူရ။

(၂) “ဤအမှုသည် အပ်စပ်၏၊ ဤအမှုသည် မအပ်စပ်”ဟူ၍ အပ်မှု, မအပ်မှုနှင့်စပ်၍ ဆုံးဖြတ်ဖွယ်အခွင့် ကြုံကြိုက်လာလျှင် ဝိနည်း မဟာဝါပါဠိတော်လာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ်ရမည်။ (ထိုဝိနည်းကျမ်းလာ မဟာပဒေသ လေးပါးတို့၏ အနက်အဓိပ္ပါယ် အကျယ်ကို ဝိနည်းအဋ္ဌကထာမှ ထုတ်ယူမှတ်သား ရာ၏) ထိုဝိနည်းကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်၍ အပ်စပ်သည့်ဘက်သို့ ညီလျော်သောအမှုကိုမှ “ဤအမှုသည် အပ်စပ်၏”ဟူ၍ ဆုံးဖြတ်ရ၏။ ထိုသို့ ဝိနည်းကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်၍ မအပ်စပ်သည့်ဘက်သို့ ညီလျော်နေသော အမှုမျိုးဖြစ်ခဲ့လျှင် “ဤအမှုသည် မအပ်စပ်”ဟူ၍ ဆုံးဖြတ်ရ၏။

၃၈၉

(၃) ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း တရားသဘောနှင့်စပ်၍ အမေးပုစ္ဆာ ပြဿနာ ပေါ်ပေါက်လာလျှင် အမေးလေးပါးနှင့် လိုက်လျောညီညွတ်အောင် အဖြေလေးမျိုးဖြင့် ဖြေဆိုရာ၏။

(၄) သုတ္တ-စသော ဝိနည်းလေးပါးတို့အနက် တဖက်ပုဂ္ဂိုလ် တင်ပြကိုးကားသော စကားသည် တရားဝင် သံဂါယနာကြီးသုံးတန်၌ တင်အပ်သည့် ပိဋကသုံးပုံ တည်းဟူသော သုတ္တ-စကားဖြစ်ခဲ့လျှင် ထိုစကားကို မပယ်မြစ်အပ်၊ ထိုသုတ္တ-စကားကို ပယ်မြစ်လျှင် ဘုရားရှင်ကိုပင် ပယ်မြစ်အပ်သည် မည်လေတော့၏။ တဖက်ပုဂ္ဂိုလ် တင်ပြသောစကားသည် သုတ္တာနုလောမ ဖြစ်ခဲ့လျှင် ထိုစကားကို သုတ္တ-ခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ လက်ခံမှတ်ယူရာ၏၊ မညီညွတ်လျှင် မမှတ်ယူရာ။ အာစရိယဝါဒ = ပကိဏ္ဏကဒေသနာ = အဋ္ဌကထာကိုလည်း အဋ္ဌကထာဆိုတိုင်း ဧကန်မှန်ပြီဟု မမှတ်ယူရာ၊ ယင်း အာစရိယဝါဒ= ပကိဏ္ဏကဒေသနာ = အဋ္ဌကထာမှာလည်း ပမာဒပါဌ ပမာဒလေခ (=မေ့လျော့၍ ရွတ်ဆိုမှု မေ့လျော့၍ ရေးသားမှု) အနေအားဖြင့် တရံတခါ ပါဠိပိဋကနှင့် မနှီးနှောမိသောအရာလည်း ရှိနိုင်၏။ ထို့ကြောင့် ထိုအာစရိယဝါဒကိုလည်း သုတ္တ-ခေါ်သော “ပါဠိတော်နှင့် ညှိနှိုင်း၍ ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏၊ ပမာဒပါဌ ပမာဒလေခဖြစ်၍ သုတ္တ = ပါဠိတော်နှင့် မညီညွတ်လျှင် အမှန်ဟု မမှတ်ယူရာ။ အတ္တနောမတိ (=ထိုထိုမထေရ်တို့၏ အယူအဆဝါဒ)ကား အလုံးစုံအောက် အားနည်းလှ၏၊ ထိုအတ္တနောမတိကိုလည်း သုတ္တ = ပါဠိတော်နှင့် ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏။ မညီညွတ်လျှင် အမှန်ဟု မမှတ်ယူရာ။

(၅) ပုဂ္ဂိုလ်တဦးတယောက် ကိုးကားတင်ပြသော ပါဠိသည် “သံဂါယနာတင်ပါဠိ ဖြစ်ပါသည်”ဟု ဆိုစေကာမူ ရှေးဖော်ပြရာပါ တရားဝင် သံဂါယနာကြီးသုံးရပ်၌ တင်အပ်သည့် ပါဠိဖြစ်မှသာ ပမာဏဂရု အလေးပြု၍ မှတ်ယူရာ၏။ ဤသံဂါယနာကြီး သုံးတန်၌ မတင်အပ်သည့် သုတ္တန်မျိုးဖြစ်က ကဲ့ရဲ့အပ်သည့် သုတ္တသာဖြစ်၍ အမှန်ဟု မမှတ်ယူရ။ ။ဤကား ပြိုပြွမ်းမှတ်ဖွယ် ပကိဏ္ဏက အဓိပ္ပါယ်တည်း)။

     မြတ်စွာဘုရားရှင်သည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူစဉ်လည်း ရှေး ဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို



၃၉၀

ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-

     “ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏။ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဟောတော်မူ၏။

စုန္ဒရွှေပန်းထိမ်သည်ဝတ္ထု

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဘောဂမြို့၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ပါဝါပြည်သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် ပါဝါပြည်သို့ ကြွရောက်တော်မူ၍ ထိုပါဝါပြည်ဝယ် စုန္ဒမည်သော ရွှေပန်းထိမ်သည်သား လှူဒါန်း ဆောက်လုပ်အပ်သော သရက်ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူ၏။

(ဤ၌။ ။စုန္ဒရွှေပန်းထိမ်သည်သားကား လွန်စွာ ကြွယ်ဝချမ်းသာသော သူကြွယ်တဦး ဖြစ်သည်။ ထိုစုန္ဒရွှေပန်းထိမ်သည်သားသည် မြတ်စွာဘုရားရှင်အား ပဌမအကြိမ် ဖူးမြော်ရစဉ်ကပင် တရားတော်ကို နာယူရ၍ သောတာပန်အရိယာ ဖြစ်ပြီးလျှင် မိမိပိုင် သရက်ပင်စဉ် ဥယျာဉ်အတွင်း၌ ကျောင်းတိုက်ကြီး တည်ဆောက်ကာ လှူဒါန်းခဲ့လေသည်။ ယခုအခါ မြတ်စွာဘုရားသည် ထိုသရက်ဥယျာဉ် ကျောင်းတိုက်၌ နောက်ဆုံး သီတင်းသုံး နေတော်မူခြင်း ဖြစ်သည်)။



၃၉၁

     ကျောင်းတိုက်ဒါယကာ စုန္ဒ ရွှေပန်းထိမ်သည်သားသည် မြတ်စွာ ဘုရားရှင် ကြွရောက်တော်မူလာ၍ မိမိ၏ သရက်ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူကြောင်း သတင်းစကား ကြားသိလေလျှင် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးဝတ်ပြုကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားရှင်သည်လည်း ကျောင်းတိုက်ဒါယကာ စုန္ဒရွှေပန်းထိမ်သည်သားကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ တရားနာပြီးသောအခါ စုန္ဒရွှေပန်းထိမ်သည်သားသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာ ဘုရား.. ရှင်တော်ဘုရားသည် ရဟန်းသံဃာနှင့်တကွ နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ တပည့်တော်၏ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် စုန္ဒရွှေပန်းထိမ်သည်သား၏ လျှောက်ထား ပင့်ဖိတ်ချက်ကို လက်ခံတော်မူ၏။

     စုန္ဒရွှေပန်းထိမ်သည်သားသည် မြတ်စွာဘုရားရှင် လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားခဲ့၍ ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို၎င်း “သူကရမဒ္ဒဝ”ဟု ခေါ်သည့် မကြီးလွန်း မငယ်လွန်း အလယ်အလတ်ဖြစ်သော တောဝက်၏ နူးညံ့သိမ်မွေ့သော အသားများကို၎င်း* ကောင်းစွာ ချက်ပြုတ်စီရင်စေပြီးလျှင် “မြတ်စွာဘုရား.. ဆွမ်းဘုဉ်းပေးချိန် တန်ပါပြီ၊ ဆွမ်းပြင်၍ ပြီးပါပြီ”ဟု ဆွမ်းဘုဉ်းပေးရန် အချိန်တန်ကြောင်း မြတ်စွာဘုရားအား ကြားလျှောက်စေလေ၏။

(ဤ၌။ ။*နွားနို့ အရသာငါးမျိုး ကျိုချက်ပြုတ်နည်း အစီအရင်ဖြင့် ကောင်းစွာ စီရင်အပ်သော နူးညံ့သောထမင်းကို သူကရမဒ္ဒဝဟု ဧကေဆရာတို့က ဆိုကြကြောင်းနှင့် ရသာယန အစီအရင်ဖြင့် ကောင်းစွာ စီရင်ထားသော စားဖွယ်တမျိုးကို သူကရမဒ္ဒဝ-ဟု ခေါ်ဆိုသည်၊ ထိုစားဖွယ်အထူးကို စုန္ဒရွှေပန်းထိမ်သည်သားသည် “မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံလွန်တော်မူခြင်း မဖြစ်လေရာ”ဟု



၃၉၂

ကြံစည်အောက်မေ့ကာ စီရင်အပ်၏ဟူ၍ ကေစိဆရာတို့က ဆိုကြကြောင်း အဋ္ဌကထာ၌ ဖော်ပြထား၏)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်,သင်္ကန်းကို ယူဆောင်တော်မူလျက် ရဟန်းသံဃာနှင့်အတူ စုန္ဒရွှေပန်းထိမ်သည်သား၏ နေအိမ်သို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

     ထိုသို့ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည် စုန္ဒရွှေပန်းထိမ်သည်သားကို “စုန္ဒ.. သင်စီရင်ထားသည့် နူးညံ့သော တောဝက်သားဖြင့် ငါဘုရားကို လုပ်ကျွေးလော့၊ သင်စီရင်ထားသည့် အခြား ခဲဖွယ်ဘောဇဉ်များဖြင့် ရဟန်းသံဃာကို လုပ်ကျွေးလော့”ဟု မိန့်တော်မူ၏။

     စုန္ဒရွှေပန်းထိမ်သည်သားသည် မြတ်စွာဘုရား မိန့်ကြားချက်ကို “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံ၍ မြတ်စွာဘုရားရှင် အမိန့်အတိုင်း မိမိစီရင်ထားသည့် နူးညံ့သော တောဝက်သားဖြင့် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးလေ၏၊ မိမိစီရင်ထားသည့် အခြား ခဲဖွယ်ဘောဇဉ်များဖြင့် ရဟန်းသံဃာကို ပြုစုလုပ်ကျွေးလေ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင်ပင် စုန္ဒရွှေပန်းထိမ်သည်သားကို “စုန္ဒ.. သင်၏ ကြွင်းကျန်သော နူးညံ့သော တောဝက်သားကို တွင်း၌ မြှုပ်လိုက်လော့၊ စုန္ဒ.. မြတ်စွာဘုရားကိုထား၍ နတ်, မာရ်နတ်, ဗြဟ္မာနှင့်တကွသော နတ်လောက(နှင့်) သမဏဗြာဟ္မဏ, မင်းများ, လူများနှင့် တကွသော ဤလူ့လောကဝယ် ထိုနူးညံ့သော တောဝက်သားကို စားလျှင် ကောင်းစွာ အစာကြေအံ့သော ပုဂ္ဂိုလ်ကို ငါဘုရား မမြင်မတွေ့ရချေ”ဟု ရဲရဲတောက်စကား မိန့်ကြားတော်မူလေ၏။

     စုန္ဒရွှေပန်းထိမ်သည်သားသည် မြတ်စွာဘုရား မိန့်ကြားချက်ကို “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံ၍



၃၉၃

မြတ်စွာဘုရားရှင် အမိန့်အတိုင်း ထိုကြွင်းကျန်သော နူးညံ့သော တောဝက်သားကို တွင်း၌ မြှုပ်ပြီးလျှင် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် စုဒ္ဒရွှေပန်းထိမ်သည်သားကို တရားစကား ဟောကြား ညွှန်ပြတော်မူကာ နေရာမှထ၍ ကြွသွားတော်မူလေ၏။

     ထို့နောက် စုန္ဒရွှေပန်းထိမ်သည်သား၏ ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှာ ကြမ်းတမ်းသော အနာရောဂါ ကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်သည့် ရောဂါဝေဒနာများ ဖြစ်ပွါးလာကုန်၏။ မြတ်စွာဘုရားရှင်သည် ထိုဝေဒနာတို့ကို သတိရှိလျက် ဆင်ခြင်လျက် ပင်ပန်းသည်ဟု မရေတွက်ပဲ သည်းခံတော်မူ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြစို့၊ ကုသိနာရုံပြည်သို့ သွားရောက်ကြကုန်စို့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားချက်ကို လျှောက်ထားဝန်ခံလေ၏။

(ဤ၌။ ။စုန္ဒရွှေပန်းထိမ်သည်သား၏ ဆွမ်းကို ဘုဉ်းပေးတော်မူခြင်းကြောင့် မြတ်စွာဘုရားမှာ ဝမ်းသွေးသွန်သော ရောဂါ ဖြစ်သည်မဟုတ်၊ စင်စစ်ကား ဆွမ်းဘုဉ်းပေးပြီးသောအခါ၌ ဝမ်းသွေးသွန်သော ရောဂါဖြစ်သည်ကိုသာ ဆိုလိုသည်။ အကယ်၍ ထိုဆွမ်းကို မဘုဉ်းပေးရမီ ထိုဝမ်းသွေးသွန်သည့် ရောဂါ ဖြစ်ပွါးခဲ့လျှင် ယခု အခြေအနေထက်ပင် မသွားနိုင် မလာနိုင်အောင် အလွန့်အလွန် ရောဂါဝေဒနာ ကြမ်းတမ်းလေရာ၏၊ ယခုမူ ထိုပြေပြစ်နူးညံ့သော စုန္ဒ၏ တောဝက်သားဆွမ်းကို ဘုဉ်းပေးတော်မူရသောကြောင့် သက်သာတန်သလောက် သက်သာစွာ ရောဂါဝေဒနာ ဖြစ်ပွါးလေသည်၊ ထို့ကြောင့်ပင် ကုသိနာရုံပြည်သို့ ရောက်အောင် ခြေလျင် ကြွတော်မူနိုင်လေသည်)။



၃၉၄

သောက်ရေ ဆောင်စေတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှဖဲ၍ တခုသောသစ်ပင်ရင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ငါဘုရား၏ ဒုကုဋ် (=၂ထပ်)သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ ချစ်သား အာနန္ဒာ.. ငါဘုရား ပင်ပန်းလာပြီ၊ ထိုင်ဦးအံ့”-

ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံ၍ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလေ၏။ ထိုခင်းပြီးသော နေရာ၌ ထိုင်နေတော်မူပြီးသောအခါ မြတ်စွာဘုရားရှင်နှင့် အရှင်အာနန္ဒာတို့ အပြန်အလှန် မိန့်ဆိုလျှောက်ထားတော်မူကြသည်မှာ-

     (ဗုဒ္ဓ) ချစ်သားအာနန္ဒာ.. သောက်ရေကို ဆောင်ချေ = ခပ်ချေလော့၊ ချစ်သားအာနန္ဒာ.. ငါဘုရားသည် ရေသောက်တော်မူလို၏၊ ငါဘုရား ရေသောက်အံ့။ (၁)

     (အရှင်အာနန္ဒာ) မြတ်စွာဘုရား.. လှည်းအစီးငါးရာတို့ ယခုပင် ချောင်းကို ဖြတ်ကူးသွားကြပါသည်၊ ထိုသို့ လှည်းများ ဖြတ်ကူးထားသောကြောင့် ထိုအနည်းငယ်သော ချောင်းရေသည် ချောက်ချားနောက်ကျုလျက် စီးနေပါ၏၊ မြတ်စွာဘုရား.. ကကုဓာမြစ်သည် မဝေးလှတော့ပါ၊ ထိုမြစ်သည် ကြည်လင်သော ရေရှိပါ၏၊ ချိုမြိန်သောရေ အေးမြသောရေ ညွန်ကင်းသောရေ ရှိပါ၏၊ ဆိပ်ကမ်းလည်းသာယာ မွေ့လျော်ဖွယ်ရာလည်း ရှိပါ၏၊ ဤကကုဓာမြစ်၌ မြတ်စွာဘုရားသည် ရေကိုလည်း သောက်တော်မူရပါလိမ့်မည်၊ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလိမ့်မည်။

     (ဗုဒ္ဓ) ချစ်သားအာနန္ဒာ.. သောက်ရေကို ဆောင်ချေ = ခပ်ချေလော့၊ ချစ်သားအာနန္ဒာ.. ငါဘုရားသည် ရေသောက်တော်မူလို၏။ ငါဘုရား ရေသောက်အံ့။ (၂)



၃၉၅

     (အရှင်အာနန္ဒာ) မြတ်စွာဘုရား.. လှည်းအစီးငါးရာတို့ ယခုပင် ချောင်းကို ဖြတ်ကူးသွားကြပါသည်။ ထိုသို့ လှည်းများ ဖြတ်ကူးထားသောကြောင့် ထိုအနည်းငယ်သော ချောင်းရေသည် ချောက်ချားနောက်ကျုလျက် စီးနေပါ၏။ မြတ်စွာဘုရား.. ကကုဓာမြစ်သည် မဝေးလှတော့ပါ၊ ထိုမြစ်သည် ကြည်လင်သောရေ ရှိပါ၏၊ ချိုမြိန်သောရေ အေးမြသောရေ ညွန်ကင်းသောရေ ရှိပါ၏၊ ဆိပ်ကမ်းလည်းသာယာ မွေ့လျော်ဖွယ်ရာလည်း ရှိပါ၏၊ ဤကကုဓာမြစ်၌ မြတ်စွာဘုရားသည် ရေကိုလည်း သောက်တော်မူရပါလိမ့်မည်၊ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလိမ့်မည်။

     (ဗုဒ္ဓ) ချစ်သားအာနန္ဒာ.. သောက်ရေကို ဆောင်ချေ = ခပ်ချေလော့၊ ချစ်သားအာနန္ဒာ.. ငါဘုရားသည် ရေသိပ်လှပြီ (=ရေသောက်တော်မူလိုလှပြီ)၊ ငါဘုရား ရေသောက်အံ့။ (၃)

     ဤသို့ သုံးကြိမ်တိုင် မြတ်စွာဘုရားရှင်က သောက်တော်ရေ အလိုရှိကြောင်း မိန့်မြွက်တော်မူလေလျှင် အရှင်အာနန္ဒာမထေရ်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံ၍ သပိတ်ကို ယူဆောင်ကာ ထိုချောင်းငယ်ရှိရာသို့ သွားရောက်လေ၏။ ထိုအခါ လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက် စီးနေသော ထိုချောင်းရေအနည်းငယ်သည် အရှင်အာနန္ဒာမထေရ် ချဉ်းကပ်ရောက်ရှိလျှင်ပင် အံ့ဩဖွယ်ရာ ကြည်လင်သန့်ရှင်း နောက်ကျုခြင်းကင်းလျက် စီးလေ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည်-

“အိုး.. မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးမြတ်တော်မူခြင်းသည် အံ့ဖွယ်ရှိပါပေစွာ့၊ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့၊ လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက် စီးနေသော ဤချောင်းရေ အနည်းငယ်သည် ငါ ချဉ်းကပ်ရောက်ရှိလျှင်ပင် ကြည်လင်သန့်ရှင်း နောက်ကျုခြင်းကင်းလျက် စီးလေဘိ၏”-



၃၉၆

ဟု အံ့ဩစိတ်ဝင် ဆင်ခြင်စဉ်းစားပြီးလျှင် သပိတ်ဖြင့် သောက်ရေကို ခပ်ယူကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်ကို ဤသို့ လျှောက်ထားလေ၏-

“မြတ်စွာဘုရား.. ရှင်တော်ဘုရား၏ တန်ခိုးအာနုဘော် ကြီးမြတ်တော်မူခြင်းသည် အံ့ဖွယ်ရှိပါပေစွာ့၊ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့၊ မြတ်စွာဘုရား.. ယခုပင် လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက် စီးနေသော ထိုချောင်းရေ အနည်းငယ်သည် အကျွန်ုပ် ချဉ်းကပ်ရောက်ရှိလျှင်ပင် ကြည်လင် သန့်ရှင်း နောက်ကျုခြင်းကင်းလျက် စီးဆင်းနေပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သောက်ရေကို သုံးဆောင်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် သောက်ရေကို သုံးဆောင်တော်မူပါလော့”-

ဟု လျှောက်ထားကာ မြတ်စွာဘုရားရှင်အား သောက်တော်ရေကို ဆက်ကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် သောက်ရေကို သုံးဆောင်တော်မူလေ၏။

ဝဋ်တော် ၁၂-ပါးအကြောင်း

(ဤအရာ၌ မြတ်စွာဘုရားရှင်၏ “ဝဋ်တော် ၁၂-ပါးအကြောင်း”ကို အကျဉ်းအားဖြင့် ကြားညှပ်၍ ဖော်ပြဦးအံ့-

(၁) ပဌမဝဋ်တော်။ ။မြတ်ဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် မုနာဠိ-မည်သော သေသောက်ကြူးဖြစ်၍ သုရဘိ-အမည်တော်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို “ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စား မွေ့လျော်ပျော်ပါး၍ တရားမရှိ ဒုဿီလပုဂ္ဂိုလ် ဖြစ်ဘိ၏”ဟု စွပ်စွဲစကား ပြောမှားတော်မူခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ဒုက္ခဝေဒနာကို ခံစားခဲ့ရပြီး ဤယခု နောက်ဆုံး = ပစ္ဆိမဘဝ

၃၉၇

ဘုရားဖြစ်တော်မူသောအခါ လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံတော်မူရလေသည်။ ဤကား ပဌမဝဋ်တော်တည်း။

(၂) ဒုတိယဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် သဗ္ဗာဘိဘူ-အမည်တော်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ နန္ဒ-မည်သော တပည့်သာဝက ဖြစ်ခဲ့၍ ထိုသဗ္ဗာဘိဘူ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို “သီလမရှိ သူယုတ်မာသာ ဖြစ်ဘိ၏”ဟု စွပ်စွဲစကား ပြောမှားခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကြောင့် အနှစ်တသောင်းကြာ ငရဲ၌ ဒုက္ခဝေဒနာကို ခံစံခဲ့ရပြီး လူဖြစ်သော ဘဝများစွာတို့၌လည်း လူသူလေးပါးတို့၏ မဟုတ်မတရား စွပ်စွဲသည်ကို ခံခဲ့ရ၍ ဤယခု နောက်ဆုံး = ပစ္ဆိမဘဝ ဘုရားဖြစ်တော်မူသောအခါ ပရိသတ်ဗိုလ်ပုံအလယ်၌ စိဉ္စမာန် မိန်းမယုတ်၏ မဟုတ်မတရား စွပ်စွဲခြင်းကို ခံတော်မူရလေသည်။ ဤကား ဒုတိယဝဋ်တော်တည်း။

(၃) တတိယဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် လူအများ လေးစားကော်ရော် ပူဇော်အပ်သော ဗေဒင်သုံးရပ် ကမ်းဆုံးခပ်အောင် တတ်မြောက်သူ ပုဏ္ဏားပါမောက္ခဆရာကြီးဖြစ်၍ တပည့်လုလင် ငါးရာတို့ကို မဟာဝုန်တော၌ ဗေဒင်ကျမ်းများကို သင်ကြားပို့ချ ပြသနေစဉ် အဘိညာဉ်တန်ခိုးရှင် ဘီမ-မည်သော ရသေ့သူမြတ် ထိုအရပ်သို့ ကြွရောက်လာသည်ကို မြင်ရ၍ (ကြည်ညိုရမည့်အစား နှလုံးသွင်း မှားယွင်းကာ) “ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်သည်”ဟု စွပ်စွဲစကား တပည့်တို့ကို ပြောကြားလေရာ ထိုတပည့် ငါးရာတို့သည်လည်း ဆရာကြီးစကားကို အားရဝမ်းသာ လက်ခံကြကာ မြို့ရွာအတွင်း ဆွမ်းခံကြွနေသော ထိုဘီမရှင်ရသေ့ကို “ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်သည်”ဟု အိမ်တိုင်း အိမ်တိုင်းရှိ လူများအား ပြောကြားကြလေသည်။

ထိုအကုသိုလ်ကံ အကျိုးဆက်ကြောင့် ထိုတပည့် ငါးရာတို့သည် နောက်ဆုံးဘဝ ဘုရားရှင် လက်ထက်တော်အခါ တပည့်ရဟန်းငါးရာ ဖြစ်လာကြကာ သုန္ဒရီပရိဗိုဇ်မ (တိတ္ထိတို့သတ်၍) သေခြင်းဟူသော အကြောင်းကြောင့် လူအများ၏ မဟုတ်မတရား စွပ်စွဲကဲ့ရဲခြင်းကို ခံရလေသည်။ သာဝကတို့ကို အစွပ်စွဲခံရခြင်းသည်လည်း ကိုယ်တော်မြတ်ကို အစွပ်စွဲခံရသည်သာ မည်လေသည်။ ဤကား တတိယဝဋ်တော်တည်း။

၃၉၈

(၄) စတုတ္ထဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုဘဝဝယ် မိကွဲဖတူဖြစ်သော ညီငယ်ကို ဥစ္စာကို လိုချင်တပ်မက်သောကြောင့် သတ်ဖြတ်၍ တောင်ချောက်ကြား၌ ပစ်ချရုံမျှမက ကျောက်တုံးဖြင့် တဖန်ထပ်၍ ဖိညှပ်ကြိတ်ချေမှု ပြုခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ ဘုရားဖြစ်တော်မူသော အခါဝယ် ရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍ ပစ်ချသည်ကို ခံရ၍ ခြေမတော်ကို ကျောက်ချပ် ကျောက်လွှာ စင်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက် ခံတော်မူရလေသည်။ ဤကား စတုတ္ထဝဋ်တော်တည်း။

(၅) ပဉ္စမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် အမြော်အမြင် အဆင်အခြင်နည်းပါး ကစားလေလွင့် မသင့်စနိုး သူငယ်ဆိုး (လမ်းသူရဲ)ဖြစ်၍ လမ်းခရီးမဝယ် မြူးထူးပျော်ပါး ကစားနေစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို မြင်ရလျှင် (ကြည်ညိုရမည့်အစား နှလုံးသွင်းလွဲမှားကာ) လမ်းခရီး၌ရှိသည့် ကျောက်ခဲများကို ကောက်ယူကာ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ပစ်ခတ် ပြစ်မှားလေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံး ပစ္ဆိမဘဝ ဘုရားဖြစ်တော်မူသောအခါ ကိုယ်တော်မြတ်ကို အသေသတ်ဖို့ရန် ရှင်ဒေဝဒတ်က လူသတ်လေးသမားများ စေလွှတ်သည်ကို ခံတော်မူရလေသည်။ ဤကား ပဉ္စမဝဋ်တော်တည်း။

(၆) ဆဋ္ဌဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် ဆင်ထိန်းယောက်ျား ဖြစ်ခဲ့၍ ဆွမ်းခံကြွဝင်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို ဆင်ဖြင့် နင်းသတ်တော့မည့်ဟန် အဖန်ဖန် ခြောက်လှန့်ခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ရာဇဂြိုဟ်ပြည်ဝယ် အရက်များစွာသောက်၍ အကြမ်းစိတ် အရိုင်းစိတ် ပေါက်နေသော နာဠာဂိရိဆင်က ကိုယ်တော်မြတ်ကို နင်းသတ်ရန် ရှေးရှု ချဉ်းကပ်လာသည်ကို ခံတော်မူရလေသည်။ ဤကား ဆဋ္ဌဝဋ်တော်တည်း။

(၇) သတ္တမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် ပြည့်ရှင်မင်းဖြစ်၍ မင်းမာန်တက်ကာ

၃၉၉

(ဒုစရိုက်မှုကို မစဉ်းစားပဲ) ယောက်ျားတယောက်ကို ကိုယ်တိုင်ပင် လှံဖြင့်ထိုးဆွ သတ်ဖြတ်ခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ငရဲ၌ အနှစ်များစွာ ကျက်ခဲ့ရပြီးလျှင် ဤနောက်ဆုံး = ပစ္ဆိမဘဝ၌ (ရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍ ချသောအခါ ကျောက်လွှာ ကျောက်ချပ် ခြေမတော်၌ ထိခိုက်၍ သွေးစိမ်းတည်သော အနာရောဂါကို ကုစားရန်အတွက်) ဆရာဇီဝက ခြေမတော်ကို ဓားဖြင့်ခွဲသည်ကို ခံတော်မူရလေသည်။ ဤကား သတ္တမဝဋ်တော်တည်း။

(၈) အဋ္ဌမ၀ဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် တခုသော တံငါရွာ၌ တံငါသားငယ်ဖြစ်၍ မိမိဆွေမျိုး တံငါတို့က ငါးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ကြသည်ကို မြင်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိခဲ့လေသည်၊ (ကိုယ်တိုင် သတ်သည်မဟုတ်)။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး = ပစ္ဆိမဘဝ ဘုရားဖြစ်တော်မူသောအခါ ဦးခေါင်းကိုက်ရောဂါ မကြာခဏ ဖြစ်သည်ကို ခံတော်မူရလေသည်။ (ရှေးအခါက ငါးတို့ကို ရက်ရက်စက်စက် သတ်ခဲ့ကြသော ဆွေမျိုး တံငါတို့သည်ကား ယခုအခါ သာကီဝင်မင်းများ ဖြစ်လာကြ၍ ဝိဋဋူဘ၏ ဥပစ္ဆေဒက အသတ်အဖြတ် ခံကြရလေသည်။)။ ဤကား အဋ္ဌမဝဋ်တော်တည်း။

(၉) နဝမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် ဖုဿမြတ်စွာဘုရားရှင်၏ သာသနာတော်၌ တပည့်သာဝက ရဟန်းတော်တို့ကို “သင်တို့သည် မုယောကို ခဲကြ, စားကြလော့၊ သလေးဆွမ်းတို့ကို မစားကြကုန်လင့်”ဟု ရေရွတ်စကား ပြောမှားခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး = ပစ္ဆိမဘ၀ ဘုရားဖြစ်တော်မူသောအခါ ဝေရဉ္ဇာပြည်၌ ဝေရဉ္ဇာပုဏ္ဏား လျှောက်ထား ပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ ဘုဉ်းပေး သုံးဆောင်တော်မူရလေသည်။ ဤကား နဝမဝဋ်တော်တည်း။

(၁၀) ဒသမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် လက်ဝှေ့သမား ဖြစ်တော်မူ၍ အခြား လက်ဝှေ့သမားတဦးကို ခါးရိုးကျိုးအောင် ရိုက်ချို ထိုးသတ်ခဲ့လေသည်။

၄၀၀

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိမဘဝ ဘုရားဖြစ်တော်မူသောအခါ ခါးတော် ညောင်းညာ နာကျင်ကိုက်ခဲခြင်း ဆင်းရဲဒုက္ခကို ခံတော်မူရလေသည်။ ဤကား ဒသမဝဋ်တော်တည်း။

(၁၁) ဧကာဒသမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တခုသောဘဝဝယ် ဆေးဆရာဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတယောက်ကို ဝမ်းလားဆေး တိုက်ကျွေးခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး = ပစ္ဆိမဘဝ ဘုရားဖြစ်တော်မူ၍ ယခု ပရိနိဗ္ဗာန် စံတော်မူခါနီးအခါ သွေးဝမ်းသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။ ဤကား ဧကာဒသမဝဋ်တော်တည်း။

(၁၂) ဒွါဒသမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဇောတိပါလမည်သော ပုဏ္ဏားလုလင်ဖြစ်ခဲ့၍ ကဿပမြတ်စွာဘုရားကို “ဤဦးပြည်း ရဟန်းအဖို့ရာ သဗ္ဗညုတရွှေဉာဏ်တော်သည် အဘယ်မှာ ဖြစ်နိုင်အံ့နည်း၊ သဗ္ဗညုတ ရွှေဉာဏ်တော် ဟူသည်မှာ အလွန်တရာ ရခဲသော တရားဖြစ်သည်”ဟု နှုတ်ဖြင့် ပြစ်မှား ပြောကြားခဲ့လေသည်။

ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး = ပစ္ဆိမဘဝဝယ် တောထွက်၍ ဘုရားဖြစ်ရန် ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ အခြားတပါးသော ဘုရားအလောင်းတို့မှာ ရက်,လ အနည်းငယ်သာ ထိုက်သည်အလျောက် ကျင့်ကြရသော်လည်း ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် အလောင်းတော်မှာမူ ဖော်ပြရာပါ ဝစီဝိပါက် ဝဋ်တော်လိုက်မှုကြောင့် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာကို ကျင့်တော်မူရလေသည်။ ဤကား ဒွါဒသမဝဋ်တော်တည်း။ ။ဤဝဋ်တော် ၁၂-ပါးအကြောင်းကို ခုဒ္ဒကနိကာယ် ထေရာပဒါနပါဠိ ၃၉-အဝဋဖလဝဂ္ဂ၊ ၁၀-ပုဗ္ဗကမ္မပိလောတိက ဗုဒ္ဓအပဒါန်၊ စာမျက်နှာ ခု-၃၊ ၃၄၆-၌ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ဟောကြားတော်မူအပ်သည်)။

၄၀၁

ပုက္ကုသ-မလ္လမင်းသား ဝတ္ထု

     ထိုသို့ မြတ်စွာဘုရားရှင် သောက်တော်ရေ သုံးဆောင်ပြီး သစ်ပင်ရင်း၌ ထိုင်နေတော်မူစဉ်အခါ ကာလာမ-အနွယ်ဖြစ်သည့် အာဠာရဂိုဏ်းဆရာကြီး၏ တပည့်ဖြစ်သူ ပုက္ကုသမည်သော မလ္လမင်းသားသည် ကုသိနာရုံမှ ပါဝါပြည်သို့ ခရီးသွားဆဲဖြစ်၏။ ထိုပုက္ကုသ-မလ္လမင်းသားသည် မြတ်စွာဘုရားရှင် တခုသောသစ်ပင်ရင်း၌ ထိုင်နေတော်မူသည်ကို မြင်လတ်၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်သော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အံ့ဖွယ်ရှိပါပေစွာ့၊ မြတ်စွာဘုရား.. မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့၊ ရဟန်းတို့သည် ငြိမ်သက်သော သမာပတ်ဖြင့် နေတော်မူကြပါပေစွာ့တကား။

မြတ်စွာဘုရား.. ရှေး၌ ဖြစ်ဘူးသည်မှာ- ကာလာမအနွယ်ဖြစ်သည့် အာဠာရဂိုဏ်းဆရာကြီးသည် ခရီးသွားစဉ် လမ်းမမှဖဲ၍ လမ်း၏အနီး တခုသောသစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေပါ၏။ မြတ်စွာဘုရား.. ထိုအခါ ငါးရာမျှသော လှည်းတို့သည် ကာလာမအနွယ်ဖြစ်သည့် အာဠာရ- ဂိုဏ်းဆရာကြီးအနီး၌ ကပ်လျက် ကပ်လျက် ဖြတ်သန်းသွားကြပါသည်။

မြတ်စွာဘုရား.. ထိုအခါ ယောက်ျားတယောက်သည် ထိုလှည်းငါးရာ၏ နောက်မှ နောက်မှ လိုက်ပါလာလတ်သော် ကာလာမအနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးထံသို့ ချဉ်းကပ်ပြီးလျှင်-

(ဒါယကာ)

အရှင်ဘုရား.. ဤအနားမှ ဖြတ်သန်းသွားသော လှည်းအစီးငါးရာတို့ကို မြင်တော်မူလိုက်ပါ သလာ။

(အာဠာရ)

ဒါယကာ.. ငါမမြင်လိုက်ပေ။

(ဒါယကာ)

အရှင်ဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) ထိုလှည်းများ၏ အသံကို ကြားလိုက်ပါ၏လော။



၄၀၂

(အာဠာရ)

ဒါယကာ.. အသံကိုလည်း ငါ မကြားလိုက်ပေ။

(ဒါယကာ)

အရှင်ဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) ထိုအချိန်၌ အရှင်ဘုရားသည် အိပ်ပျော်နေပါသလော။

(အာဠာရ)

ဒါယကာ.. အိပ်ပျော်နေသည်လည်း မဟုတ်ပေ။

(ဒါယကာ)

အရှင်ဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) ထိုအချိန်၌ အရှင်ဘုရားသည် စိတ်သညာရှိနေပါ၏လော။

(အာဠာရ)

ဒါယကာ.. ထိုအချိန်၌ ငါသည် စိတ်သညာလည်း ရှိနေပေ၏။

(ဒါယကာ)

အရှင်ဘုရား.. အရှင်ဘုရားသည် အနီး၌ ကပ်လျက် ကပ်လျက် ဖြတ်သန်းသွားကြသော လှည်းအစီးငါးရာတို့ကို စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်လိုက်ရ, အသံကိုလည်း မကြားလိုက်ရဟု ဆိုတော်မူ၏။ သို့သော်လည်း အရှင်ဘုရား၏ ဒုကုဋ်သင်္ကန်း၌ မြူမှုန်တွေ အလိမ်း အလိမ်း ကပ်နေသည် မဟုတ်ပါလော။

(အာဠာရ)

ဒါယကာ.. အိမ်း ဟုတ်ပေ၏။

မြတ်စွာဘုရား.. ထိုကဲ့သို့ အာဠာရဂိုဏ်းဆရာကြီးနှင့် ဒါယကာတို့ အပြန်အလှန် မေး,ဖြေစကား ပြောကြားကြပြီးသောအခါ ထိုယောက်ျားသည်-

“အိုး.. အံ့ဖွယ်ရှိပါပေစွာ့၊ အိုး.. မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့၊ ရဟန်းတို့သည် ငြိမ်သက်သော သမာပတ်ဖြင့် နေတော်မူကြပါပေစွာ့၊ ဤအာဠာရဆရာကြီးသည် မိမိအနီး၌ ကပ်လျက် ကပ်လျက် ဖြတ်သန်းသွားကြသော လှည်းအစီးငါးရာတို့ကို စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်လိုက်ပဲ ရှိတုံဘိ၏၊ အသံကိုလည်း မကြားလိုက်ပဲ ရှိတုံဘိ၏”-



၄၀၃

ဟု ဆင်ခြင်စဉ်းစားလျက် ကာလာမအနွယ်ဖြစ်သော အာဠာရ ဂိုဏ်းဆရာကြီးအပေါ်၌ လွန်ကဲသော ကြည်ညိုခြင်းကို လျှောက်ကြားပြီးလျှင် ဖဲခွါ၍သွားပါသည်”-

ဟု လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က ပုက္ကုသ-မလ္လမင်းသားကို “ပုက္ကုသ.. ယခု ငါဘုရား မေးမြန်းမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ (၁) တဦးသောသူသည် အနီး၌ ကပ်လျက် ကပ်လျက် ဖြတ်သန်းသွားကြသော လှည်းအစီးငါးရာတို့ကို စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်ရာ၊ အသံကိုလည်း မကြားရာ။ (၂) အခြားတဦးသော သူသည်ကား စိတ်သညာရှိ၍ နိုးကြားနေပါလျက် မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်စဉ် မြင်လည်း မမြင်ရာ၊ အသံကိုလည်း မကြားရာ။ ထိုသူနှစ်ဦးတို့တွင် အဘယ်သူ၏အမှုသည် ပြုရန်လည်း သာလွန်၍ ခဲယဉ်းသနည်း၊ ဖြစ်ရန်လည်း သာလွန်၍ ခဲယဉ်းသနည်း”ဟု မေးမြန်းတော်မူလေလျှင် ပုက္ကုသ-မလ္လမင်းသားသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. လှည်းအစီး ငါးရာဖြစ်စေ, ခြောက်ရာဖြစ်စေ, ခုနစ်ရာ ။ပ။ ရှစ်ရာ, ကိုးရာ, တထောင်ဖြစ်စေ, လှည်းအစီး တသိန်းပင်ဖြစ်စေ အဘယ်ပြုနိုင်အံ့နည်း၊ = အနီး၌ကပ်လျက် ဖြတ်သန်းသွားကြသော ထိုလှည်းများကို မမြင်ပဲ မကြားပဲ နေနိုင်သူ၏ အမှုသည် ခဲယဉ်းသည်ဟု မဆိုသာပါ။ စင်စစ်သော်ကား မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်းမမြင်ပဲ အသံကိုလည်း မကြားပဲ နေနိုင်သူ၏ အမှုသည်သာလျှင် ပြုဖို့ရန်လည်း သာလွန်၍ ခဲယဉ်းလှပါ၏၊ ဖြစ်ရန်လည်း သာလွန်၍ ခဲယဉ်းလှပါ၏”ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ပုက္ကုသ-မလ္လမင်းသားကို-

“ပုက္ကုသ.. အခါတပါး၌ ငါဘုရားသည် အာတုမမြို့ ကောက်ရိုးတဲကျောင်းဝယ် သီတင်းသုံးနေလျက်ရှိ၏။ ထိုအခါ



၄၀၄

မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်သောကြောင့် ကောက်ရိုးတဲကျောင်း၏ အနီး၌ နွားလားလေးကောင်နှင့် လယ်သမားညီနောင် နှစ်ယောက်တို့သည် သေကြလေကုန်၏။

ပုက္ကုသ.. ထိုအခါ များစွာသော လူအပေါင်းသည် အာတုမမြို့မှ ထွက်လာကြ၍ ထိုနွားလားလေးကောင်နှင့် လယ်သမားညီနောင် နှစ်ယောက်တို့ သေနေရာအရပ်သို့ ချဉ်းကပ်သွားရောက်ကြ၏။ ပုက္ကုသ.. ထိုအခါ ငါဘုရားသည် ကောက်ရိုးတဲကျောင်းမှ ထွက်၍ ထိုတဲကျောင်း၏အနီး ဟင်းလင်းအပြင် လွင်တီးခေါင်၌ စင်္ကြံသွားလျက် နေ၏။ ပုက္ကုသ.. ထိုအခါ ထိုများစွာသော လူအပေါင်းထည်းမှ ယောက်ျားတယောက်သည် ငါဘုရားထံသို့ ချဉ်းကပ်၍ ငါဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေ၏။ ပုက္ကုသ.. ထိုအခါ ငါဘုရားနှင့် ထိုယောက်ျားတို့ အပြန်အလှန် မေး, ဖြေ ပြောကြားကြသည်မှာ-

(ဗုဒ္ဓ)

ဒါယကာ.. ဤလူများအပေါင်းသည် အဘယ့်ကြောင့် စုဝေးနေသနည်း။

(ဒါယကာ)

မြတ်စွာဘုရား.. မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်သောကြောင့် နွားလားလေးကောင်နှင့် လယ်သမား ညီနောင်နှစ်ယောက်တို့ သေဆုံးသွားကြပါသည်၊ ဤအကြောင်းကြောင့် လူများအပေါင်း စုဝေးနေကြပါ၏-

(ဒါယကာ)

မြတ်စွာဘုရား.. အရှင်ဘုရားသည်ကား အဘယ်အရပ်မှာ ရှိနေပါသနည်း။

(ဗုဒ္ဓ)

ဒါယကာ.. ငါဘုရားသည် ဤအရပ်၌ပင် ရှိနေပေ၏။



၄၀၅

(ဒါယကာ)

မြတ်စွာဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) မြင်တော်မူလိုက်ပါ၏လော။

(ဗုဒ္ဓ)

ဒါယကာ.. ငါဘုရားသည် မမြင်လိုက်ပေ။

(ဒါယကာ)

မြတ်စွာဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) အသံကိုကော ကြားတော်မူလိုက်ပါ၏လော။

(ဗုဒ္ဓ)

ဒါယကာ.. အသံကိုလည်း ငါဘုရား မကြားလိုက်ပေ။

(ဒါယကာ)

မြတ်စွာဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) ထိုအချိန်၌ ရှင်တော်ဘုရားသည် အိပ်ပျော်နေပါသလော။

(ဗုဒ္ဓ)

ဒါယကာ.. ငါ အိပ်ပျော်နေသည်လည်း မဟုတ်ပေ။

(ဒါယကာ)

မြတ်စွာဘုရား.. အသို့နည်း (=ဘယ့်နှယ်လဲ) ထိုအချိန်၌ ရှင်တော်ဘုရားသည် စိတ်သညာ ရှိနေပါ၏လော။

(ဗုဒ္ဓ)

ဒါယကာ.. ထိုအချိန်၌ ငါဘုရားသည် စိတ်သညာလည်း ရှိနေပေ၏။

(ဒါယကာ)

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် မိုးရွာ၍ တချန်းချန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မြင်တော်မမူလိုက်ပဲ အသံကိုလည်း ကြားတော်မမူလိုက်ပဲ ရှိပါသလော။

(ဗုဒ္ဓ)

ဒါယကာ.. အိမ်း ဟုတ်ပေ၏။

ပုက္ကုသ.. ထိုကဲ့သို့ ငါဘုရားနှင့် ထိုဒါယကာတို့ အပြန်အလှန် မေး,ဖြေစကား ပြောကြားကြပြီးသောအခါ ထိုဒါယကာသည်-



၄၀၆

“အိုး.. အံ့ဖွယ်ရှိပါပေစွာ့၊ အိုး.. မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ့၊ ရဟန်းတို့သည် ငြိမ်သက်သော သမာပတ်ဖြင့် နေတော်မူကြပေစွာ့။ ဤမြတ်စွာဘုရားရှင်သည် မိုးရွာ၍ တချုန်းချုန်း မိုးခြိမ်းစဉ် လျှပ်စစ်များပြက်၍ မိုးကြိုးပစ်စဉ် စိတ်သညာရှိ၍ နိုးကြားနေပါလျက် မြင်လည်း မမြင်လိုက်ပဲ ရှိတုံ၏၊ အသံကိုလည်း မကြားလိုက်ပဲ ရှိတုံ၏”–

ဟု ဆင်ခြင်စဉ်းစားလျက် ငါဘုရားအပေါ်၌ လွန်ကဲသော ကြည်ညိုခြင်းကို လျှောက်ကြားပြီးလျှင် ငါဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ဖဲခွါသွားလေသည်”-

ဟု မိန့်တော်မူ၏။

ပုက္ကုသ-မလ္လမင်းသား၏ ထူးခြားသော သဒ္ဓါ, စေတနာ

     ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူလတ်သော် ပုက္ကုသ-မလ္လမင်းသားသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အကျွန်ုပ်သည် ကာလာမအနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးအပေါ်၌ ကြည်ညိုနေသော သဒ္ဓါတရားကို လေပြင်းမုန်တိုင်း၌မူလည်း တစုံတခုကို လွှင့်ဘိသကဲ့သို့ လွှင့်ပစ်လိုက်ပါ၏။ ရေစီးသန်သော မြစ်၌မူလည်း တစုံတခုကို မျှောဘိသကဲ့သို့ မျှောပစ်လိုက်ပါ၏။

မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ မြတ်စွာဘုရား.. လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသောအကြောင်းဖြင့်



၄၀၇

တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ။ မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့”-

ဟု လျှောက်ထားကာ သရဏဂုံ ခံယူလေ၏။

     ထို့နောက် ပုက္ကုသ-မလ္လမင်းသားသည် မင်းချင်းယောက်ျားတယောက်ကို ခေါ်၍ “အမောင်.. ငါ၏ ရွှေအဆင်းရှိသော မင်္ဂလာပွဲထိုင် အဝတ်ချော (ဝတ်လဲတော်) အစုံကို ဆောင်ယူခဲ့လော့”ဟု စေခိုင်းကာ ထို မင်းချင်းယောက်ျား ယူဆောင်၍ ရောက်ရှိလာသောအခါ ပုက္ကုသ-မလ္လမင်းသားသည် “မြတ်စွာဘုရား.. ရွှေအဆင်းရှိသော မင်္ဂလာပွဲထိုင် အဝတ်ချောအစုံကို ရှင်တော်ဘုရားသည် အကျွန်ုပ်ကို သနားသမှု အကြောင်းပြု၍ ကရုဏာရှေးရှူ အလှူခံတော်မူပါ”ဟု လျှောက်ထားပြီးလျှင် ရွှေအဆင်းရှိသော ထိုမင်္ဂလာပွဲထိုင် အဝတ်ချောအစုံကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က “ပုက္ကုသ.. ထိုသို့ဖြစ်လျှင် အဝတ်တထည်ကို ငါဘုရားအား လှူလော့၊ ကျန်သော အဝတ်တထည်ကို အာနန္ဒာအား လှူလော့”ဟု မိန့်တော်မူသဖြင့် ပုက္ကုသ-မလ္လမင်းသားသည် မြတ်စွာဘုရား မိန့်ကြားတော်မူချက်အတိုင်း တထည်ကို မြတ်စွာဘုရားအား လှူ၍ ကျန်တထည်ကို အရှင်အာနန္ဒာအား လှူဒါန်းလေ၏။

(ဤ၌- “အရှင်အာနန္ဒာမထေရ်သည် ထိုပုက္ကုသ-မလ္လမင်းသား လှူဒါန်းသော အဝတ်တထည်ကို အလှူခံတော်မူသလော”ဟု မေးလျှင် “အလှူခံတော်မူ၏”ဟု ဖြေရာ၏။ “အဘယ့်ကြောင့် အလှူခံတော်မူသနည်း၊ အလုပ်အကျွေးရာထူးကို လက်ခံစဉ်က (ယူလေးသွယ် ပယ်လေးတန်) ဆုရှစ်တန်တွင် မြတ်စွာဘုရားအား လှူဒါန်းအပ်သည့်



၄၀၈

သင်္ကန်း-စသည်ကို မိမိအား မပေးရန် ဆုတခုအနေဖြင့် ယူခဲ့သည် မဟုတ်လော” ဟူငြားအံ့၊ အဖြေကား-

(၁) အလုပ်အကျွေး ဥပဋ္ဌာကကိစ္စ အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်ပြီဖြစ်သောကြောင့် အလှူခံတော်မူသည်။ ချဲ့ဦးအံ့- အရှင်အာနန္ဒာသည် အလုပ်အကျွေးရာထူးကို လက်ခံစဉ်က ဤသို့သော မြတ်စွာဘုရားအား လှူဒါန်းအပ်သည့် သင်္ကန်း-စသော လာဘ်ကို မိမိအား မပေးရန် ပယ်စွန့်သော ဆုတခုအနေဖြင့် ယူခဲ့ပြီးမှ ထိုအလုပ်အကျွေး ဥပဋ္ဌာကရာထူးကို လက်ခံခဲ့သည် မှန်သော်လည်း အရှင်အာနန္ဒာ၏ အဖို့ရာ ထိုအလုပ်အကျွေး ဥပဋ္ဌာကကိစ္စကား အပြီးအဆုံး အထွတ်အထိပ်သို့ ရောက်ခဲ့လေပြီ။ ထို့ကြောင့် အလှူခံတော်မူ၏။

(၂) ထို့ပြင်လည်း အကြင်ပုဂ္ဂိုလ်တို့သည် “အရှင်အာနန္ဒာကား မြတ်စွာဘုရားကို နှစ်သက်အားရ ကျေနပ်လောက်အောင် ပြုစုနိုင်သည်မထင်၊ ၂၅-နှစ်ကြာ အရိပ်ပမာ ပြုစုခဲ့ပါလျက် ထိုအရှင်အာနန္ဒာသည် မြတ်စွာဘုရားအထံတော်မှ တစုံတစုကိုမျှ မရအပ်ချေ”ဟု ပြောဆိုကုန်လေရာ၏၊ ထိုပုဂ္ဂိုလ်တို့ အလွဲလွဲအမှားမှား ပြောကြားရန်အခွင့်ကို ပယ်ဖြတ်လိုသောကြောင့်လည်း အလှူခံတော်မူ၏။

(၃) တနည်းကား- “အာနန္ဒာသည် ထိုအဝတ်ထည်ကို ခံယူပြီးလျှင်လည်း မိမိကိုယ်တိုင် ဝတ်ရုံ သုံးဆောင်လိမ့်မည်မဟုတ်၊ ငါဘုရားအားသာလျှင် ပူဇော်မှုကို ပြုပေလိမ့်မည်။ စင်စစ်သော်ကား ပုက္ကုသ-မလ္လမင်းသားသည် အာနန္ဒာမထေရ်အား ပူဇော်လျှင် သံဃာတော်ကိုလည်း ပူဇော်အပ်သည် ဖြစ်ပေလိမ့်မည်၊ ဤနည်းဖြင့် ထိုပုက္ကုသ-မလ္လမင်းသား အဖို့ရာ ကြီးစွာသော ကုသိုလ်ကောင်းမှု အစုကြီး ဖြစ်ပေလိမ့်မည်”ဟု မြတ်စွာဘုရားရှင်သည် ဆင်ခြင် သိမြင်တော်မူသောကြောင့် အရှင်အာနန္ဒာမထေရ်အား တထည်ကို လှူစေတော်မူသည်။ အရှင်အာနန္ဒာ မထေရ်သည်လည်း ထိုအကြောင်းကြောင့်ပင် အလှူခံတော်မူသည်။ ။ဤကား အထူးမှတ်ရန်တည်း)။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ပုက္ကုသ-မလ္လမင်းသားကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ပုက္ကုသ-မလ္လမင်းသားသည်လည်း မြတ်စွာဘုရားရှင်က တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေအပ်လျက်



၄၀၉

တရားကို ဆောက်တည်အပ်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေအပ်ပြီးရကား နေရာမှထကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

     ထို့နောက် အရှင်အာနန္ဒာမထေရ်သည် ပုက္ကုသ-မလ္လမင်းသား ဖဲသွား၍ မကြာမြင့်မီပင် ရွှေအဆင်းရှိသော အဝတ်ချောအစုံကို မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ ဆက်ကပ် တင်လွှမ်းပေးလေ၏။ မြတ်စွာဘုရားရှင်၏ ပြိုးပြိုးပြက် တောက်ပသော ပကတိကိုယ်တော်၌ ဆက်ကပ် တင်လွှမ်းလိုက်သောအခါ ထိုအဝတ်အစုံသည် အရောင်အဝါ ကင်းသကဲ့သို့ ဖြစ်သွားလေ၏။ ဤအကြောင်းကို အရှင်အာနန္ဒာမထေရ်က တအံ့တဩ မြတ်စွာဘုရားရှင်ကို လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“အာနန္ဒာ.. ဤစကားသည် မှန်ပေ၏၊ အာနန္ဒာ.. ဤစကားသည် မှန်ပေ၏၊ နှစ်ပါးသော အခါတို့၌ မြတ်စွာဘုရား၏ ကိုယ်တော်သည် အလွန်လျှင် စင်ကြယ်၏။ အရေအဆင်းတော်သည် အလွန်လျှင် ပြိုးပြိုးပြက် တောက်ပ၏။ နှစ်ပါးသောအခါတို့ ဟူသည်မှာ-

အာနန္ဒာ.. ၁-မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော အခါနှင့် ၂-ခန္ဓာအကြွင်းမရှိ ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသော ညဉ့်အခါတို့ ဖြစ်သည်။

ချစ်သားအာနန္ဒာ.. ဤနှစ်ပါးသော အခါ၌ မြတ်စွာဘုရား၏ ကိုယ်တော်သည် အလွန်လျှင် စင်ကြယ်၏၊ အရေအဆင်းတော်သည် အလွန်လျှင် ပြိုးပြိုးပြက် တောက်ပ၏။ ချစ်သားအာနန္ဒာ.. ယနေ့ ညဉ့်သန်းလွဲ = ပစ္ဆိမယံ၌ ကုသိနာရုံပြည် မြို့ဝင်ခါနီး လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် အင်ကြင်းပင်အစုံတို့၏ အကြား၌



၄၁၀

မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် ဝင်စံခြင်းသည် ဖြစ်လိမ့်မည်”-

ဟု မိန့်တော်မူပြီးလျှင် “အာနန္ဒာ.. လာ, သွားကြစို့၊ ကကုဓာမြစ်သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားချက်ကို ဝန်ခံလျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်တကွ ကကုဓာမြစ်သို့ ရောက်တော်မူ၍ ထိုမြစ်၌ သက်ဆင်းလျက် ရေချိုးတော်မူ သောက်တော်မူပြီးနောက် တဖန် ပြန်တက်ပြီးလျှင် ထိုမြစ်ကမ်းအနီးရှိ သရက်တောသို့ ချဉ်းကပ်တော်မူ၍ (ထိုအချိန်၌ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်၏ ရေသနုပ်တော်ကို ညှစ်ကာ ကျန်ရစ်သဖြင့် ကိုယ်တော်၏အနီး၌ တည်ရှိသော အရှင်စုန္ဒမထေရ်ကို) “ချစ်သားစုန္ဒ.. ငါဘုရား၏ ဒုကုဋ်သင်္ကန်း (၂-ထပ်သင်္ကန်း)ကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ ချစ်သားစုန္ဒ.. ငါဘုရား ပင်ပန်း၏၊ လျောင်းစက်ဦးအံ့”ဟု မိန့်တော်မူ၏။ အရှင်စုန္ဒမထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားချက်ကို ဝန်ခံစကား လျှောက်ထားပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလေ၏။ ထို့နောက် မြတ်စွာဘုရားသည် လက်ျာခြေပေါ်၌ လက်ဝဲခြေတော်ကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌ ထမည်ဟု) ဥဋ္ဌာနသညာကို နှလုံးသွင်း ပိုင်းခြားလျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ အရှင်စုန္ဒသည်ကား ထိုအရပ်၌ပင် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်၌ ထိုင်နေလေ၏။

ဆွမ်းနှစ်မျိုး အကျိုးတူညီကြောင်း

     ဤမျှသောအချိန်ဖြင့် အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားရှင်၏အနီး ထံတော်မှောက်သို့ ရောက်ရှိလာလေပြီ၊ ထိုအခါ



၄၁၁

မြတ်စွာဘုရားရှင်သည် အရှင် အာနန္ဒာမထေရ်ကို ဤသို့ အမှာစကား မိန့်ကြားတော်မူလေ၏-

“ချစ်သားအာနန္ဒာ.. တစုံတယောက်သောသူသည် ‘အချင်းစုန္ဒ.. သင်၏ဆွမ်းကို နောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူရ၏။ ထို့ကြောင့် သင့်အဖို့ရာ လာဘ်မကောင်းလေစွာ့၊ အရမတော်လေစွာ့’ဟု ပြောဆိုလျက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေသော်မူ ဖြစ်စေပေလိမ့်မည်။

ချစ်သားအာနန္ဒာ.. ထိုသို့ ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ ဖြေဖျောက်ကြရမည်-

‘ဒကာစုန္ဒ.. သင်၏ဆွမ်းကို နောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူ၏။ ထို့ကြောင့် သင့်အဖို့ရာ လာဘ်ကောင်းလေစွာ့၊ အရတော်လေစွာ့၊ ဒကာစုန္ဒ.. မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ ကြားနာလိုက်ရ ခံယူလိုက်ရ၏။ အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ-

‘အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်း တူမျှ၍ အကျိုးဝိပါက် တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- (၁) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ ဤဆွမ်းလည်းတမျိုး, (၂) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏၊ ဤဆွမ်းလည်းတမျိုး = အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုးဝိပါက် တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ဟူသည် ဤဆွမ်းတို့ပင်တည်း’-

၄၁၂

ဟူ၍ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ ကြားနာလိုက်ရ၏။ ထို့ကြောင့် ရွှေပန်းထိမ်သည်သား ဒကာစုန္ဒသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အဆင်းလှခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ ချမ်းသာခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ နတ်ပြည်သို့ ရောက်စေတတ်သော ကံကို ဆည်းပူးရပေပြီ၊ အကြီးအကဲ ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ’-

ဟု ဟောကြား၍ ရွှေပန်းထိမ်သည်သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ကြရမည်”–

ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ် ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူ၏-

ဒဒတော ပုညံ ပဝဍ္ဎတိ၊

သံယမတော ဝေရံ န စီယတိ။

ကုသလော စ ဇဟာတိ ပါပကံ၊

ရာဂဒေါသမောဟက္ခယာ သ နိဗ္ဗုတော။

ဒဒတော = သဒ္ဓါကြည်ဖြူ ပေးလှူသောသူ၏ (အဖို့ရာ)။ ပုညံ = ဖြုစင်လှစွာ ကောင်းမှုတရားသည်သာ။ ပဝဍ္ဎတိ = တနေ့တခြား တိုးပွါးစည်ပင်၏။ သံယမတော = ကိုယ်နှုတ်နှလုံး စောင့်သုံးထိန်းချုပ်သူ၏ (အဖို့ရာ)။ ဝေရံ = ပါဏာတိပါတ စသည်ထွေပြား ရန်ငါးပါးသည်။ န စီယတိ = သီလတန်ခိုး ပယ်နှိမ်ချိုးသဖြင့် မတိုးမပွါးနိုင်။ ကုသလော စ = ဝိပဿနာ ဉာဏ်ပညာအစ အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော ပညာဉာဏ်နှင့် လောက်ငကုံလုံ ပြည့်စုံသောသူသည်ကား။ ပါပကံ = ယုတ်မာညစ်ဆိုး ကိလေသာမျိုးကို။



၄၁၃

ဇဟာတိ = အမြစ်မကျန် ပယ်လှန်စွန့်ပစ်၏။ သ-သော = ထိုဒါန, သီလ, သမထ, ပညာ = ဤလေးဖြာနှင့် ကောင်းစွာလောက်လုံ ပြည့်စုံသောသူသည်။ ရာဂဒေါသမောဟက္ခယာ = ရာဂ, ဒေါသ, မောဟခပင်း အကြွင်းမဲ့ ကုန်ခြင်းကြောင့်။ နိဗ္ဗုတော = ကိလေသာဇာတ်သိမ်း၍ ငြိမ်းအေးရလေပြီ။

(ဤ၌။ ။သုဇာတာလှူသောဆွမ်း (=နို့ဃနာဆွမ်း)နှင့် စုန္ဒလှူသော တောဝက်ပျိုသားဆွမ်း = ဤဆွမ်းနှစ်မျိုးကို အကျိုးပေး တူညီသောအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူရာဝယ် ဤသို့ မေးဖွယ်ရှိ၏-

“မြတ်စွာဘုရားသည် သုဇာတာလှူသော ဆွမ်းကို ဘုဉ်းပေး၍ ထိုနေ့မှာပင် ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ထိုဆွမ်းကို ဘုဉ်းပေးတော်မူသော အချိန်မှာ မြတ်စွာဘုရား၌ ရာဂ, ဒေါသ, မောဟ မကင်းသေးချေ။ ယခု စုန္ဒလှူသော ဆွမ်းကိုကား ရာဂ, ဒေါသ, မောဟ ကင်းပြီးသောအချိန်၌ ဘုဉ်းပေးတော်မူအပ်လေသည်၊ ထိုဆွမ်းနှစ်မျိုးတို့သည် အဘယ့်ကြောင့် အကျိုးပေးချင်း တူမျှကြကုန်သနည်း”ဟု မေးဖွယ်ရှိ၏။

အဖြေကား- (က) ပရိနိဗ္ဗာန်စံခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့်၎င်း, (ခ) သမာပတ်ကို ၀င်စားနိုင်ခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့်၎င်း, (ဂ) နောက်အချိန်ဝယ် အောက်မေ့ပုံချင်း တူမျှသောကြောင့်၎င်း ဆွမ်းနှစ်မျိုးတို့ အကျိုးပေးပုံချင်း တူမျှကြလေသည်။ (ဤ၌ ဆွမ်းနှစ်မျိုးကို အဦးမူသဖြင့် ဆွမ်းအလှူဒါန နှစ်မျိုးကို ဆိုသည်ဟု အထူးမှတ်ယူရာ၏)။

(က) ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် သုဇာတာလှူသော ဆွမ်းကို ဘုဉ်းပေး၍ သဥပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်၊ = ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ စုန္ဒလှူသော ဆွမ်းကို ဘုဉ်းပေး၍ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။ သုဇာတာလှူသော ပဏီတဆွမ်းကို မှီဝဲသုံးဆောင်ရသဖြင့် ထိုဆွမ်းမှ အာဟာရ ပစ္စည်းအထောက်အပံ့ ရရှိကာ မြတ်စွာဘုရားရှင် သန္တာန်တော်၌ ပဏီတရုပ်တို့ ဖြစ်လေသည်။ ထိုပဏီတရုပ်တို့ကို မှီရာရရှိသောကြောင့် ကိုယ်တော်မြတ်သန္တာန်၌ဖြစ်သည့် ဝိပဿနာစိတ္တုပ္ပါဒ် မဂ်စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ်တော် တည်းဟူသော

၄၁၄

ဓမ္မကာယသည် အလွယ်ဖြင့်သာလျှင် ကိလေသာတို့ကို ပယ်စွန့်နိုင်၏ = ကိလေသပရိနိဗ္ဗာန် ဝင်စံရ၏။ စုန္ဒလှူသော ပဏီတဆွမ်းကို မှီဝဲသုံးဆောင်ရသဖြင့် ထို့အတူပင် ဘောဇနသပ္ပါယ ပြီးမြောက် ပြည့်စုံခြင်းကြောင့် အလွယ်ဖြင့်ပင်လျှင် ခန္ဓာတို့ကို ပယ်စွန့်နိုင်၏ = ခန္ဓပရိနိဗ္ဗာန် ဝင်စံရ၏။ သို့ရကား ကိလေသာကို ပယ်စွန့်ခြင်း = ကိလေသပရိနိဗ္ဗာန်, ခန္ဓာကို ပယ်စွန့်ခြင်း = ခန္ဓပရိနိဗ္ဗာန် = ဤပရိနိဗ္ဗာန်နှစ်ပါးတို့ အလွယ်တကူဖြင့် ပြီးမြောက်ကြောင်း အနေအားဖြင့် ဆွမ်းနှစ်ပါးတို့ တူညီကြသောကြောင့် အကျိုးပေးပုံချင်း တူမျှကြလေသည်။

(ခ) မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်မည့်နေ့၌ သုဇာတာလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသော ဒေဝသိကဝဠဉ္ဇနသမာပတ် (နေ့စဉ်ဝင်စားမြဲ သမာပတ်)တို့ကို ဝင်စားသုံးဆောင်တော်မူ၏။ ပရိနိဗ္ဗာန် စံတော်မူမည့် နေ့၌လည်း ထို့အတူပင် စုန္ဒလှူသောဆွမ်းကို ဘုဉ်းပေးတော်မူ၍ ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသော ဒေဝသိကဝဠဉ္ဇနသမာပတ် (=နေ့စဉ် ဝင်စားသုံးဆောင်မြဲ သမာပတ်)တို့ကို ဝင်စား သုံးဆောင်တော်မူ၏။ ထိုဆွမ်းတို့ကို ဘုဉ်းပေးတော်မူရသောကြောင့် ထိုသမာပတ်တို့ကို ချမ်းသာလွယ်ကူစွာ ဝင်စားတော်မူနိုင်လေသည်။ သို့ရကား ထိုကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသော ဒေဝသိကဝဠဉ္ဇန သမာပတ်တို့ကို ဝင်စားနိုင်ခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့် ထိုဆွမ်းနှစ်မျိုးတို့ အကျိုးပေးပုံချင်း တူမျှကြလေသည်။

ကုဋေပေါင်း နှစ်သန်းလေးသိန်းသော သမာပတ်တော်များ

ဤ၌ ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသော ဒေဝသိကဝဠဉ္ဇနသမာပတ် (=နေ့စဉ် ဝင်စားသုံးဆောင်မြဲ သမာပတ်)တို့ကို သံယုတ်ဋီကာ ပဌမအုပ် သဂါထာဝဂ္ဂသံယုတ္တဋီကာ ၆-ဗြဟ္မသံယုတ်၊ ၂-ဒုတိယဝဂ္ဂ၊ ၅-ပရိနိဗ္ဗာနသုတ်အဖွင့်၊ စာမျက်နှာ ၂၅၁-၂၅၂-တို့၌ လာသောအတိုင်း ဖော်ပြဦးအံ့-

ကေစိဝါဒအလို။ ။မြတ်စွာဘုရားသည် နေ့စဉ်နေ့စဉ် မဟာကရုဏာ သမာပတ်တော်ကို အကြိမ်ပေါင်း ကုဋေတသန်းနှစ်သိန်း ဝင်စားတော်မူသည်။ အရဟတ္တဖိုလ် သမာပတ်တော်ကိုလည်း အကြိမ်ပေါင်း ကုဋေတသန်းနှစ်သိန်းပင် ဝင်စားတော်မူသည်။ သို့ရကား ၂-ရပ်ပေါင်း

၄၁၅

ဒေဝသိကဝဠဉ္ဇနသမာပတ် (နေ့စဉ် ဝင်စားသုံးဆောင်မြဲ သမာပတ်)ပေါင်း ကုဋေနှစ်သန်းလေးသိန်း ဖြစ်သည်။ ။(တနည်း) မြတ်စွာဘုရားတို့မှာ ဘဝင်စိတ်ဖြစ်ပွါးမှု အထုံသည် လျင်မြန်လှ၏၊ သမာပတ်တို့၌ လေ့လာနိုင်နင်းမှုကား အထွတ်အထိပ် ရောက်တော်မူ၏။ ထို့ကြောင့် သမာပတ်ကို ဝင်စားခြင်း, သမာပတ်မှ ထခြင်းတို့မှာ စိတ္တက္ခဏ နှစ်ကြိမ် သုံးကြိမ် အနည်းငယ်မျှဖြင့် ပြည့်စုံကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ရူပါဝစရသမာပတ် ၅-ပါး, အရူပါဝစရသမာပတ် ၄-ပါး, အပ္ပမညာသမာပတ် ၁-ပါး, နိရောဓသမာပတ် ၁-ပါး, အရဟတ္တဖိုလ်သမာပတ် ၁-ပါး = ဤသို့အားဖြင့် သမာပတ် ၁၂-မျိုးတို့ကို နေ့စဉ်နေ့စဉ် တမျိုးတမျိုးလျှင် အကြိမ်ပေါင်း ကုဋေတသိန်းကျစီ နံနက်အခါ၌ ဝင်စားတော်မူ၏၊ (ထို့ကြောင့် နံနက်အခါ၌ သမာပတ်ပေါင်း ကုဋေတသန်းနှစ်သိန်း ဖြစ်လေသည်)။ နေလွဲအခါ၌လည်း ထို့အတူပင် ဝင်စားတော်မူရကား နှစ်ရပ်ပေါင်းလျှင် ဒေဝသိကဝဠဉ္ဇနသမာပတ် (=နေ့စဉ် ဝင်စားသုံးဆောင်မြဲ သမာပတ်)တို့ ကုဋေပေါင်း နှစ်သန်းလေးသိန်း ဖြစ်လေသည်။ ။ဤကား ကေစိဝါဒအလိုတည်း။

အပရေဝါဒအလို။ ။မြတ်စွာဘုရားရှင်သည် နေ့စဉ်နေ့စဉ် အရဟတ္တဖလသမာပတ်ကို ၀င်စားတော်မူ၏။ ဖလသမာပတ်ကို ၀င်စားလိုလျှင် ရှေးဦးစွာ ဝိပဿနာ ရှုဆင်ခြင်ရမြဲ ဓမ္မတာဖြစ်သည်၊ (=ဝိပဿနာဝီထိရှေးဦးစွာဖြစ်ပြီးမှ ဖလသမာပတ္တိဝီထိ ဖြစ်သည်ဟု ဆိုလိုသည်)။ ထိုသို့ ဝိပဿနာ ရှုဆင်ခြင်ရာဝယ် မြတ်စွာဘုရားရှင်မှာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါဆယ့်နှစ်ပါးကို အဦးမူသဖြင့် ဝိပဿနာရှုတော်မူခြင်း အလေ့အလာ ရှိတော်မူသည်၊ (အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၃၃၄-၆-ဘုရားဖြစ်ခဏ်း မဟာဝဇီရ ဝိပဿနာကို ပြန်လည် သတိပြုစေချင်သည်)။ သို့ဖြစ်ရကား မြတ်စွာဘုရားသည် ဖလသမာပတ် (=အရဟတ္တဖိုလ် သမာပတ်)ကို ဝင်စားတော်မူလိုလျှင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါဆယ့်နှစ်ရပ်တို့တွင် အနုလောမအားဖြင့် အဝိဇ္ဇာကို ဝိပဿနာရှုပြီးလျှင် အရဟတ္တဖိုလ်ကို အကြိမ်ပေါင်း ကုဋေတသိန်း ဝင်စားတော်မူသည်၊ ထို့အတူ သင်္ခါရကို ဝိပဿနာရှုပြီးလျှင် အရဟတ္တဖိုလ်ကို အကြိမ်ပေါင်း ကုဋေတသိန်း ဝင်စားတော်မူသည်။ ဤနည်းအားဖြင့် ဝိညာဏ်ကို ဝိပဿနာရှု၍ အရဟတ္တဖလသမာပတ် အကြိမ်ပေါင်း ကုဋေတသိန်း၊ နာမ်ရုပ်ကို ဝိပဿနာရှု၍, သဠာယတနကို ဝိပဿနာရှု၍, ဖဿကို, ဝေဒနာကို, တဏှာကို, ဥပါဒါန်ကို, ဘဝကို, ဇာတိကို, ဇရာမရဏကို ဝိပဿနာရှု၍ အရဟတ္တဖလသမာပတ် အကြိမ်ပေါင်း

၄၁၆

ကုဋေတသိန်း ဝင်စားတော်မူသည်။ ပေါင်းလျှင် အနုလောမ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ဆယ့်နှစ်ရပ်ကို အဦးမူ၍ အရဟတ္တဖိုလ်သမာပတ် အကြိမ်ပေါင်း ကုဋေတသန်းနှစ်သိန်း ဖြစ်လေသည်။

ထို့အတူပင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် သမာပတ်အားဖြင့် ဇရာမရဏကို ဝိပဿနာရှု၍ အရဟတ္တဖိုလ်သမာပတ် အကြိမ်ပေါင်း ကုဋေတသိန်း, ဤနည်းအားဖြင့် ဇာတိကို ဝိပဿနာရှု၍ ။ပ။ ဘဝကို, ဥပါဒါန်ကို, တဏှာကို, ဝေဒနာကို, ဖဿကို, သဠာယတနကို, နာမ်ရုပ်ကို, ဝိညာဏ်ကို, သင်္ခါရကို ဝိပဿနာရှု၍ အရဟတ္တဖိုလ်သမာပတ် အကြိမ်ပေါင်း ကုဋေတသိန်း, အဝိဇ္ဇာကို ဝိပဿနာရှု၍ အရဟတ္တဖိုလ်သမာပတ် အကြိမ်ပေါင်း ကုဋေတသိန်း ဝင်စားတော်မူသည်။ ပေါင်းလျှင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အင်္ဂါဆယ့်နှစ်ရပ်ကို အဦးမူ၍ အရဟတ္တဖိုလ်သမာပတ် အကြိမ်ပေါင်း ကုဋေတသန်းနှစ်သိန်း ဖြစ်လေသည်။ နှစ်ရပ်ပေါင်းလျှင် မြတ်စွာဘုရားရှင် နေ့စဉ်နေ့စဉ် ဝင်စားတော်မူအပ်သော အရဟတ္တဖိုလ်သမာပတ်ပေါင်းကား ကုဋေပေါင်း နှစ်သန်းလေးသိန်း ဖြစ်လေသည်။ ။ဤကား အပရေဝါဒအလိုတည်း။

ဤ၌- “ဖော်ပြရာပါ ကုဋေပေါင်း နှစ်သန်းလေးသိန်းသော ဝဠဉ္ဇနသမာပတ်တို့ကို နေ့စဉ်နေ့စဉ်ပင် မြတ်စွာဘုရားရှင် ဝင်စားတော်မူအပ်ပါလျက် အဘယ့်ကြောင့် ဘုရားဖြစ်မည့်နေ့နှင့် ပရိနိဗ္ဗာန်စံတော်မူမည့် နေ့တို့၌ ဝင်စားအပ်သော ထိုသမာပတ်တို့ကို အထူးပြု၍ ဆိုရသနည်း”ဟု မေးခဲ့သော် “အခြားနေ့တို့၌ ရိုးရိုးတန်းတန်းပင် ထိုသမာပတ်တို့ကို ဝင်စားတော်မူသည်၊ ဘုရားဖြစ်မည့်နေ့နှင့် ပရိနိဗ္ဗာန် စံတော်မူမည့် နေ့တို့၌ကား ထူးခြား၍ ရူပသတ္တက (=ရုပ်တရား၌ ခုနစ်ပါးသောအခြင်းအရာ), နာမသတ္တက (=နာမ်တရား၌ ခုနစ်ပါးသော အခြင်းအရာ) = ဤ၁၄-ပါးသော အခြင်းအရာတို့ဖြင့် ရောစပ်နှောက်မွှေ ချေပြီးမှ မဟာဝိပဿနာကို အဦးမူသဖြင့် ထိုသမာပတ်တို့ကို ဝင်စားတော်မူသည်။ ထို့ကြောင့် ထိုနှစ်နေ့တို့၌ ဝင်စားအပ်သော ထိုသမာပတ်တို့ကို အထူးပြု၍ ဆိုရသည်”ဟု ဖြေဆိုရာ၏၊ ဤစာပိုဒ် စကားရပ်ကား သုတ်မဟာဝါဋီကာမှ။

(ဂ) ဆက်ဦးအံ့- သုဇာတာ သူဌေးကတော်သည် ဘုရားဖြစ်ပြီးသည့် နောက်အချိန်၌ “ငါ ဃနာနို့ဆွမ်း လှူခဲ့သော ပုဂ္ဂိုလ်သည် ပညောင်ပင်စောင့် ရုက္ခစိုးနတ်မင်း မဟုတ်ဘူးတဲ့၊ ထိုပုဂ္ဂိုလ်သူမြတ်ကား ဘုရားလောင်းတဲ့၊ ထိုဘုရားလောင်းသည် ငါလှူသော ထိုဃနာနို့ဆွမ်းကို

၄၁၇

ဘုဉ်းပေး သုံးဆောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီတဲ့။ ထိုမြတ်စွာဘုရားရှင် အဖို့ရာ သတ္တဌာန စံနေတော်မူစဉ် ၄၉-ရက်ပတ်လုံး ထိုငါလှူသော နို့ဃနာဆွမ်းဖြင့် မျှတတော်မူခြင်း ဖြစ်သတဲ့”ဟူသော သတင်းစကားကို ကြားသိလေသည်။ ဤသတင်းစကားကောင်းကို ကြားသိရ၍ “ငါ့အဖို့ရာ အရတော်လေစွာ့”ဟု အဖန်ဖန် အောက်မေ့သော သုဇာတာ သူဌေးကတော်၏ သန္တာန်ဝယ် အလွန်အားကြီးသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း = ပီတိ, သောမနဿတရားများ အဖန်ဖန် ဖြစ်ပွါးလေသည်။ ရွှေပန်းထိမ်သည်သား စုန္ဒ၏ သန္တာန်၌လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နောက်အချိန်၌ “ငါသည် နောက်ဆုံးဆွမ်းကို မြတ်စွာဘုရားအား လှူဒါန်းအပ်ပြီတဲ့၊ ငါ၏ဆွမ်းနှင့်စပ်၍ မြတ်စွာဘုရားသည် တရားအပေါင်း၏ ဦးထိပ်သဖွယ်ဖြစ်သော နိဗ္ဗာန်ကို ယူအပ်ပြီတဲ့၊ ငါ့ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသတဲ့”ဟု သတင်းစကား ကြားသိရ၍ “ငါ့အဖို့ရာ အရတော်လေစွာ့”ဟု အဖန်ဖန် အောက်မေ့လတ်သည်တွင် အလွန်အားကြီးသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း = ပီတိ, သောမနဿတရားများ အဖန်ဖန် ဖြစ်ပွါးလေသည်။ ဤသို့ အလှူရှင်နှစ်ဦးတို့၏ အောက်မေ့ပုံချင်း တူမျှသောကြောင့်လည်း ဆွမ်းနှစ်မျိုးတို့ အကျိုးပေးပုံချင်း တူမျှကြလေသည်။ ဤကား အထူးမှတ်ဖွယ်တည်း)။

ကုသိနာရုံပြည်သို့ ရောက်ခြင်း

     ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြစို့၊ ဟိရညဝတီမြစ်၏ ဟိုမှာဖက်ကမ်း ကုသိနာရုံပြည် မြို့ဝင်ခါနီး လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာ မထေရ်သည်လည်း မြတ်စွာဘုရား ရှင် မိန့်ကြားချက်ကို ဝန်ခံစကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့် အတူတကွ ဟိရညဝတီမြစ်၏ ဟိုမှာဖက်ကမ်း ကုသိနာရုံပြည် မြို့ဝင်ခါနီး လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ကြွရောက်ပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ



၄၁၈

ညောင်စောင်းကို ခင်းလော့၊ အာနန္ဒာ.. ငါဘုရား ပင်ပန်းလှ၏၊ လျောင်းစက်အံ့”ဟု မိန့်တော်မူ၏။

     အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံ၍ မြတ်စွာဘုရား မိန့်ကြားတော်မူချက်အတိုင်း အင်ကြင်းပင် အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကို ခင်းလေ၏။ မြတ်စွာဘုရားရှင်သည်လည်း လက်ျာခြေပေါ်၌ လက်ဝဲခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

(ဤအရာဝယ် မှတ်ဖွယ်အထူးကို ပြဆိုဦးအံ့-

ဤယခု ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွချီတော်မူရာဝယ် အခြံအရံ ရဟန်းသံဃာကား မရေမတွက်နိုင်အောင်ပင် များလှ၏။ ချဲ့ဦးအံ့- ဝေဠုဝရွာငယ်၌ ဝေဒနာကို ခွါတော်မူသောအခါမှ စ၍ “မကြာမြင့်မီ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်”ဟု သတင်းကြားကြ၍ ထိုထိုအရပ်မှ လာရောက်ကြသော ရဟန်းတို့အနက် ရဟန်းတပါးမျှ အရပ်တပါးသို့ ဖဲသွားသောမည်သည် မရှိ၊ ထို့ကြောင့် ရဟန်းသံဃာကား မရေမတွက်နိုင်အောင်ပင် များလှ၏။

ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်အတွင်းဝယ် ညောင်စောင်းခင်းမည့် နေရာ၏ ဦးခေါင်းဖက် = မြောက်ဖက်၌ အင်ကြင်းပင်တတန်း, ခြေရင်းဖက် = တောင်ဖက်၌ အင်ကြင်းပင်တတန်း ရှိ၏၊ ထိုအင်ကြင်းပင် နှစ်တန်းတွင်လည်း ခေါင်းရင်းဖက်က အင်ကြင်းပင်ပျိုတပင်, ခြေရင်းဖက်က အင်ကြင်းပင်ပျိုတပင် ရှိလေသည်၊ ၎င်းကို အင်ကြင်းပင်အစုံဟူ၍ ခေါ်ဆိုလေသည်။ တနည်း- အင်ကြင်းပင်အစုံဟူသည် အမြစ်ချင်း, ပင်စည်ချင်း, အကိုင်းအခက် အရွက်ချင်း အချင်းချင်း ဖွဲ့စပ်လျက်တည်သော အင်ကြင်းပင်အစုံတည်း။ ထိုဥယျာဉ်အတွင်း မင်းတို့၏ အိပ်ရာညောင်စောင်း ရှိလေသည်၊ ထိုညောင်စောင်းကိုပင် မြတ်စွာဘုရားရှင်က အခင်းခိုင်း၍ အရှင်အာနန္ဒာကလည်း ခင်း၍ပေးလေသည်။

“အာနန္ဒာ.. ငါဘုရား ပင်ပန်းလှ၏၊ လျောင်းစက်အံ့”ဟူသော ဤစကားရပ်ဝယ် မြတ်စွာဘုရား၏ ပကတိကိုယ်တော်အားသည် ပကတိ ရိုးရိုးဆင် ကုဋေတထောင်အား ရှိ၏၊ ဆဒ္ဒန်ဆင် ဆယ်စီးအား ရှိ၏

၄၁၉

မဇ္ဈိမပုရိသ ကုဋေတသောင်းအား ရှိ၏။ ထိုအလုံးစုံသော အားအစွမ်းသည်ပင် စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန်သောရောဂါ ဖြစ်သည့်အချိန်ကစ၍ ပြာစစ် = ရေစစ်၌ လောင်းထည့်အပ်သော ရေကဲ့သို့ ကုန်ခန်းလေတော့သည်။ ပါဝါပြည်မှ ကုသိနာရုံပြည်သည် သုံးဂါဝုတ်သာ ဝေးကွာ၏၊ ဤအတွင်းဝယ် အကြိမ်ပေါင်း ၂၅-ထောက် နားနေတော်မူကာ ကြိုးစား၍ ကြွတော်မူလာသော်လည်း နေဝင်ဆည်းဈာအချိန်ကျမှ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်သို့ ရောက်တော်မူလေသည်။ ဤသို့လျှင် ရောဂါသည် အလုံးစုံသော ကျန်းမာခြင်းကို နှိမ်နင်းလွှမ်းမိုး၍ တက်လာလေသည်။ ဤအကြောင်းကို ပြတော်မူသကဲ့သို့ “အာနန္ဒာ.. ငါဘုရား ပင်ပန်းလှ၏၊ လျောင်းစက်အံ့”ဟု တလောကလုံး ထိတ်လန့်ဖွယ်စကား မိန့်ကြားတော်မူ လေသည်။

မေးဖွယ်ရှိပြန်သည်မှာ- “အဘယ့်ကြောင့် မြတ်စွာဘုရားရှင်သည် ဤသို့စင် ကြီးစွာသော လုံ့လဖြင့် ကုသိနာရုံသို့ ကြွတော်မူလာသနည်း၊ အခြားနေရာများ၌ ပရိနိဗ္ဗာန် မစံနိုင်ဘူးလော”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ပရိနိဗ္ဗာန် မစံနိုင်ရာအရပ်ဟူ၍ မရှိပါ၊ စင်စစ်သော်ကား အကြောင်းသုံးပါးတို့ကြောင့် မြတ်စွာဘုရားသည် ကုသိနာရုံပြည်သို့ ကြိုးစား၍ ကြွတော်မူလာလေသည်။

(၁) ချဲ့ဦးအံ့- ဤဆိုလတ္တံ့သော အကြောင်းသုံးပါးကို မြတ်စွာဘုရားရှင် သိမြင်တော်မူလေသည်၊ သိမြင်တော်မူပုံမှာ “ငါဘုရားသည် ကုသိနာရုံပြည်မှတပါး အခြားအရပ်၌ ပရိနိဗ္ဗာန်စံခဲ့သော် မဟာသုဒဿန သုတ္တန်ကြီးကို ဟောဖို့ရန် အဋ္ဌုပ္ပတ် ဖြစ်လိမ့်မည်မဟုတ်။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံမှသာလျှင် နတ်ပြည်၌သာ ခံစားသင့်သည့် ကြီးစွာသော စည်းစိမ်ကို လူ့ပြည်၌ပင် ငါဘုရားအလောင်း ခံစားအပ်ခဲ့ပုံကို ဖော်ပြ သည့် မဟာသုဒဿနသုတ်ကို နှစ်ဘာဏဝါရ (သံဂါယနာတင်သောအခါ နှစ်ကြိမ် ရွတ်ဆိုရသည့်) အတိုင်းအရှည်ပမာဏရှိသော စကားအစဉ်ဖြင့် ဟောကြားရလိမ့်မည်၊ ငါဘုရား၏အထံမှ ထိုမဟာသုဒဿန သုတ္တန်ကြီးကို ကြားနာကြရ၍ များစွာသော လူအပေါင်းတို့သည် ကုသိုလ်ကောင်းမှုကို ပြုရကောင်းသည်ဟု အောက်မေ့ကြပေလိမ့်မည်”ဟု သိမြင်တော်မူလေသည်။ ဤကား အကြောင်းတပါး,-

(၂) ထို့ပြင်လည်း “ကုသိနာရုံပြည်မှတပါး အခြားဌာန၌ ပရိနိဗ္ဗာန် စံလွန်လျှင် ငါဘုရားကို သုဘဒ္ဒပရိဗိုဇ်သည် ဖူးမြော်ခွင့် ရလိမ့်မည်မဟုတ်၊ ထိုသုဘဒ္ဒပရိဗိုဇ်သည်လည်း ဗုဒ္ဓဝေနေယျသာ ဖြစ်သည်။

၄၂၀

သာဝကဝေနေယျ မဟုတ်ချေ၊ သို့ရကား ထိုသုဘဒ္ဒပရိဗိုဇ်ကို သာဝကတို့သည် ဆုံးမချေချွတ်ခြင်းငှါ မတတ်နိုင်ကုန်။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် စံလွန်လျှင်ကား ထိုသုဘဒ္ဒပရိဗိုဇ်သည် ငါဘုရားကို ဆည်းကပ်၍ ပြဿနာကို မေးလျှောက်လိမ့်မည်၊ အမေးပုစ္ဆာ ပြဿနာကို ဖြေဆိုသည့်အဆုံး၌လည်း သရဏဂုံတည်၍ ငါဘုရားအထံ၌ ရှင်ရဟန်းအဖြစ်ကို ရယူပြီးလျှင် ကမ္မဋ္ဌာန်းကို သင်ယူလျက် ငါဘုရား အသက်ရှိစဉ်ပင် အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ ပစ္ဆိမသာဝက = နောက်ဆုံးတပည့် ဖြစ်ပေလိမ့်မည်”ဟု သိမြင်တော်မူလေသည်။ ဤသည်လည်း အကြောင်းတပါး,-

(၃) ထို့ပြင်လည်း “ကုသိနာရုံပြည်မှတပါး တခြားဌာန၌ ငါဘုရား ပရိနိဗ္ဗာန်ဝင်စံလျှင် ဓာတ်တော်များ ဝေဘန်ရာ၌ ခိုက်ရန်ကြီး ဖြစ်ရှိကာ သွေးချောင်းစီးအံ့ကဲ့သို့ ဖြစ်လိမ့်မည်။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် စံလွန်လျှင်ကား ဒေါဏပုဏ္ဏားသည် ထိုခိုက်ရန်မှုကို ငြိမ်းအေးစေ၍ ဓာတ်တော်များကို ဝေဘန်ပေးလိမ့်မည်”ဟု သိမြင်တော်မူလေသည်။ ဤသည်လည်း အကြောင်းတပါး-

ဖော်ပြရာပါ ဤအကြောင်းသုံးပါးတို့ကြောင့် မြတ်စွာဘုရားသည် ဤကဲ့သို့ ကြိုးစား၍ ကုသိနာရုံပြည်သို့ ကြွလာတော်မူလေသည်။ ။ဤကား အဖြေတည်း)။

အင်ကြင်းပင်နှင့် နတ်တို့က ပူဇော်ကြခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာနညောင်စောင်း၌ လျောင်းစက်တော်မူသောအခါ အင်ကြင်းပင်အစုံတို့သည် အခါမဲ့ပွင့်သော ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်ကြလျက် ရှိကုန်၏။ ထိုအင်ကြင်းပင်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ပန်းပွင့်တို့ကို မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။

     မန္ဒာရဝမည်သောနတ်ပန်း (=ထင်ရှားပန်း)တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏။ ထိုနတ်ပန်းတို့ကိုလည်း နတ်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။



၄၂၁

     နတ်၌ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏၊ ထိုစန္ဒကူးနံ့သာမှုန့်တို့ကိုလည်း နတ်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။

     နတ်တူရိယာတို့ကိုလည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက် ရှိကုန်၏။ နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏။

အမြတ်ဆုံးသော ပူဇော်မှု

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. အင်ကြင်းပင်အစုံတို့သည် အခါမဲ့၌ ပွင့်သောပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်ကြလျက် ရှိကုန်၏။ ထိုအင်ကြင်းပင်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ပန်းပွင့်တို့ကို မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။

မန္ဒာရဝမည်သော နတ်ပန်း (=ထင်ရှားပန်း)တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏။ ထိုနတ်ပန်းတို့ကိုလည်း နတ်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။

နတ်၌ ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှ ကျလာကုန်၏။ ထိုစန္ဒကူးနံ့သာမှုန့်တို့ကိုလည်း နတ်တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကြလေကုန်၏။

နတ်တူရိယာတို့ကိုလည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက် ရှိကုန်၏။

၄၂၂

နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏။

ချစ်သား အာနန္ဒာ.. ဤမျှလောက် ပူဇော်မှုဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည် မမည်သေး၊ အလေးအမြတ်ပြုသည်, မြတ်နိုးသည်, ပူဇော်သည်, ပသသည် မမည်သေး။ ချစ်သားအာနန္ဒာ.. ရဟန်းယောက်ျားဖြစ်စေ, ရဟန်းမိန်းမဖြစ်စေ, ဥပါသကာ ယောက်ျားဖြစ်စေ, ဥပါသိကာ မိန်းမဖြစ်စေ အမှတ်မထင် အကြင်သူသည် လောကုတ္တရာတရားနှင့် လျော်သောတရားကို ကျင့်လျက်နေ၏၊ လျော်သောအကျင့်ကို ကျင့်လျက်နေ၏၊ တရားနှင့်လျော်စွာ ကျင့်လျက်နေ၏၊ ထိုသူသည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည်မည်၏၊ အလေးပြုသည်, မြတ်နိုးသည်, ပူဇော်သည်, ပသသည် မည်၏။

ချစ်သားအာနန္ဒာ.. သို့ရကား ဤသာသနာတော်၌ လောကုတ္တရာတရားနှင့် လျော်သောတရားကို ကျင့်လျက် နေကုန်အံ့၊ လျော်သောအကျင့်ကို ကျင့်လျက် နေကုန်အံ့၊ တရားနှင့်လျော်စွာ ကျင့်လျက် နေကုန်အံ့ဟု ဤသို့ နှလုံးသွင်းလျက် သင်တို့ ကျင့်ကြံကြိုးကုတ် အားထုတ်ရမည်”-

ဟု မိန့်တော်မူ၏။

(ဤ၌။ ။အင်ကြင်းပင်တို့က မြတ်စွာဘုရားကို ပူဇော်ကြရာဝယ် ဘုမ္မစိုးနတ်တို့က ထိုအင်ကြင်းပင် အကိုင်းအခက်တို့ကို လှုပ်ချ၍ ပူဇော်ကြသည်ဟု မှတ်ယူရာ၏။

မန္ဒာရဝ နတ်ပန်းတို့ဟူသည် နန္ဒာရေကန်၌ဖြစ်သော ပန်းတို့တည်း။ ထိုနတ်ပန်းတို့သည် အရွက်ပမာဏမှာ သစ်ရွက်ထီးခန့်ပမာဏ ရှိကြလျက် ပြည်တောင်းကြီးခန့်ပမာဏ ဝတ်ဆံဝတ်မှုန်ကို ယူကြကုန်၏။ မန္ဒာရဝနတ်ပန်းကိုသာ မဟုတ်ကုန်သေး၊ ပင်လယ်ကသစ်ပန်း အစရှိသော အခြား နတ်ပန်းတို့သည်လည်း ရွှေပန်းတောင်းများအပြည့် စကြဝဠာအနားရေး၌ တည်ကြသော နတ်များ, တာဝတိံသာနတ်ပြည်၌ တည်ကြသော နတ်များ, ဗြဟ္မာ့ပြည်၌ တည်ကြသော ဗြဟ္မာများက

၄၂၃

ပစ်ချပူဇော်အပ်ကြသဖြင့် ကောင်းကင်မှ မပြတ်မစဲ တသဲသဲကျလျက် ရှိကုန်၏။

နတ်၌ဖြစ်သော စန္ဒကူးမှုန့်တို့ ကျလာသည်ကို ဆိုခြင်းမှာ မှတ်နိုင်ရုံ ဥပလက္ခဏနည်းပြမျှသာ ဖြစ်သည်၊ စင်စစ်ကား နတ်စန္ဒကူးမှုန့်များသာ မဟုတ်ကုန်သေး၊ နဂါးပြည် ဂဠုန်ပြည် လူ့ပြည်၌ဖြစ်သော စန္ဒကူးမှုန့်များ အခြားအခြားသော အကျော် စမ္ပာ နံ့သာနီစသော အလုံးစုံသော နတ်နံ့သာမှုန့်များ ဆေးဒန်းမြင်းသိလာမှုန့် မျက်စဉ်းဓာတ်ကျောက်မှုန့် ရွှေမှုန့် ငွေမှုန့်များ အလုံးစုံသော နတ်နံ့သာ အထုံအခိုးများသည်လည်း ရွှေကြုတ်ငွေကြုတ် စသည်အပြည့် ဖော်ပြရာပါ နတ်ဗြဟ္မာတို့က ပစ်ချ ပူဇော်အပ်ကြသဖြင့် ကောင်းကင်မှ မပြတ်မစဲ ဘုရားရှင် ကိုယ်တော်ထက်၌ တသဲသဲကျလျက် ရှိကုန်၏။

နတ်တူရိယာတို့ဖြင့် ပူဇော်ခဏ်း၌လည်း စကြဝဠာ တိုက်တသောင်း၌ ရှိကြသည့် နတ်, နဂါး, ဂဠုန်, လူတို့၏ အလုံးစုံသော တူရိယာမျိုးများကို ဤစကြဝဠာတိုက်၌ စုပေါင်းကြကာ ကောင်းကင်၌ တီးမှုတ်ကြ၏ဟု မှတ်ယူရာ၏။

အလွန်ကြီးစွာသော နတ်ပန်းကုံးကြီး

နတ်သီချင်းသံတို့ ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏- ဟူရာဝယ် အကျယ်အဓိပ္ပါယ်ကား- ဝရုဏ, ဝါရဏ မည်ကြသည့် အသက်ရှည်သော နတ်များ ရှိကြလေသည်။ ထိုနတ်တို့သည် “အလောင်းတော် နတ်သားသည် လူ့ပြည်၌ဖြစ်၍ ဘုရားဖြစ်လိမ့်မည်”ဟူသော သတင်းကို ကြားကြရ၍ “ပဋိသန္ဓေ ယူသောနေ့၌ အလောင်းတော်ကို ပူဇော်ရန် ပန်းကုံးကို ယူဆောင်သွားကြမည်” ကြံကြလျက် ထိုအချိန်ကပင် ပန်းကုံးကို စတင် သီကုံးကြလေသည်။ ထိုနတ်တို့ ပန်းကုံး သီကုံးနေကြစဉ်ပင် “ဘုရားအလောင်းသည် မယ်တော်ဝမ်း၌ ဖြစ်လေပြီ”ဟု ကြား၍ အခြားနတ်များက “သင်တို့သည် အဘယ်သူအတွက် သီကုံးကြသနည်း”ဟု မေးမြန်း ပြောဆိုအပ်ကုန်ရကား “နတ်ပန်းကုံးကား ယခုတိုင်ပင် သီကုံး၍ မပြီးသေး၊ မယ်တော်ဝမ်းမှ ဖွားသန့်သောနေ့၌ ယူဆောင်သွားရောက် ပူဇော်ကြရတော့အံ့”ဟု ပြောဆိုကြကုန်၏။

တဖန် “ဘုရားအလောင်းတော် ဖွားသန့်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော် “တောထွက်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ နှစ်ဆယ့်ကိုးနှစ်

၄၂၄

လူ့ဘောင်၌နေ၍ “ယနေ့ ဘုရားအလောင်းတော် တောထွက်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော် “ဘုရားဖြစ်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူ၍ “ယနေ့ ဘုရားဖြစ်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “ဓမ္မစကြာတရားဦး ဟောကြားတော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ခုနစ်ရက် ခုနစ်လီ မဟာဗောဓိမဏ္ဍိုင်အနီး၌ သတ္တဌာန စံနေတော်မူပြီး၍ ယခုအခါ ဣသိပတန = မိဂဒါဝုန်တောသို့ ကြွရောက်တော်မူကာ ဓမ္မစကြာတရားဦး ဟောကြားတော်မူပြီးပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “အဘိဓမ္မာတရား ဟောပြီး၍ တာဝတိံသာ နတ်ပြည်မှ သက်ဆင်းတော်မူသောနေ့၌ ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “အာယုသင်္ခါရ လွှတ်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ အာယုသင်္ခါရ လွှတ်တော်မူပြီ”ဟု အခြားနတ်တို့ ပြောကြား၍ သတင်းစကား ကြားသိကြရသောအခါမှာလည်း “ပန်းကုံးကြီးကလည်း ပြီးပင်မပြီးနိုင်သေး၊ ပရိနိဗ္ဗာန် စံတော်မူသောနေ့၌မှ သွားရောက်ပူဇော်ကြရတော့အံ့”ဟု ပြောဆိုကြကုန်၏။

ယခု နောက်ဆုံးသတင်းအနေဖြင့် “ယနေ့ မြတ်စွာဘုရားသည် အင်ကြင်းပင်ပျို အစုံတို့၏ အကြား၌ သတိသမ္ပဇဉ် ယှဉ်တော်မူလျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်မှုသို့ ကပ်ရောက်တော်မူလေပြီ၊ မိုးသောက်အားကြီး လင်းခါနီးအချိန်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလိမ့်မည်၊ သင်တို့သည် အဘယ်သူအတွက် ဤပန်းကုံးကြီးကို သီကုံး၍ နေကြသနည်း”ဟု အခြားနတ်တို့ပြောဆို၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူတော့မည့် သတင်းစကား ကြားသိကြရသော်ကား ထိုဝရုဏ, ဝါရဏ-မည်သော သက်တမ်းရှည်နတ်တို့သည်-

“ဤအမှုသည် အဘယ်မည်သော အမှုနည်း (=ဘယ့်နှယ်ဟာလဲ) မြတ်စွာဘုရား အလောင်းတော်သည် ယနေ့ပင် မယ်တော်ဝမ်း၌ ပဋိသန္ဓေ နေတော်မူပြီ၊ ယနေ့ပင် မယ်တော်ဝမ်းမှ ဖွားသန့်တော်မူပြီ၊

၄၂၅

ယနေ့ပင် တောထွက်တော်မူပြီ၊ ယနေ့ပင် ဘုရားဖြစ်တော်မူပြီ၊ ယနေ့ပင် ဓမ္မစကြာတရားဦး ဟောတော်မူပြီ၊ ယနေ့ပင် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီ၊ ယနေ့ပင် တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူပြီ၊ ယနေ့ပင် အာယုသင်္ခါရ လွှတ်တော်မူပြီ၊ ယနေ့ပင် ပရိနိဗ္ဗာန် စံတော်မူတော့မည်တဲ့ (=ခုပဲ သန္ဓေယူ, ခုပဲ ဖွားတော်မူ, ခုပဲ တောထွက်, ခုပဲ ဘုရားဖြစ်, ခုပဲ တရားဦးဟော, ခုပဲ တန်ခိုးပြာဋိဟာပြ, ခုပဲ နတ်ပြည်မှဆင်း, ခုပဲ အာယုသင်္ခါရလွှတ်, ခုပဲ ပရိနိဗ္ဗာန် စံတော်မူတော့မည်တဲ့)။ တကယ်ဆိုလျှင် နောက်တနေ့ ယာဂုသောက်ရုံ ကာလတိုင်ရုံ ဆိုင်းငံ့တည်နေတော်မူသင့်ပါသည်။ ဤသို့ အချိန်တိုတောင်းစွာဖြင့် ပရိနိဗ္ဗာန် စံတော်မူရမည်မှာ ပါရမီဆယ်ပါးကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသော ယောက်ျားမြတ်အဖို့ရာ မသင့်လျော်စွာ့တကား”ဟု ညည်းတွားပြောဆိုကြကာ သီကုံး၍ မပြီးသေးသော ပန်းတို့ကိုပါ ယူဆောင်ခဲ့ကြ၍ ဘုရားရှင်ထံမှောက်သို့ လာရောက်ကြသည်တွင် ဤစကြဝဠာတိုက်အတွင်း၌ နေရာကို မရရှိကြသဖြင့် စကြဝဠာတိုက်၏ အနားရေး၌ပင်လျှင် ထိုပန်းကုံးကြီးကို ကောင်းကင်၌ တွဲလျား ဆွဲချိတ်ကြကာ ထိုစကြဝဠာအနားရေးမှာပင် ပြေးသွားကြကုန်လျက် တဦး လက်မှ တဦးလက်သို့ ပြောင်းရွှေ့ တွဲယှက်ကြ၍၎င်း, တဦးလည်မှ တဦးလည်သို့ ပြောင်းရွှေ့ ဖက်ရမ်းကြကုန်၍၎င်း ရတနာသုံးပါးဂုဏ်ကို အာရုံပြုကြလျက် မြတ်စွာဘုရားရှင်၏ မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါး, ရောင်ခြည်တော် ၆-ပါး, ပါရမီတော် ၁၀-ပါး, အဖြစ်တော် (=ဇာတ်တော်) ၅၅ဝ, ဗုဒ္ဓဉာဏ်တော် ၁၄-ပါးတို့ကို အကြောင်းပြု၍ သီချင်းကဗျာ ဂါထာဂီတများကို ပျောင်းအိနွဲ့ချို ဖွဲ့ဆိုကြ၍ ထိုထို သီချင်းကဗျာ ဂါထာဂီတိ အဆုံးအဆုံး၌ “မဟာယသော = များသော အခြံအရံ ကျော်စောသတင်း ရှိတော်မူသော မြတ်စွာဘုရားပါတကား၊ မဟာယသော = များသော အခြံအရံ ကျော်စောသတင်း ရှိတော်မူသော မြတ်စွာဘုရားပါတကား”ဟု ချီးမွမ်းထောမနာစကား နှုတ်မြွက်ကြားကြလေသည်။ ဤသည်ကိုပင် ရည်၍ ပါဠိတော်၌ “နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏”ဟု ဟောတော်မူအပ်လေသည်။

မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာနညောင်စောင်း၌ လျောင်းတော်မူရင်းကပင် မြေအပြင်မှ စကြဝဠာ အနားရေးတိုင်, စကြဝဠာအနားရေးမှ ဗြဟ္မာပြည်တိုင် စည်းဝေးနေသော နတ်ဗြဟ္မာပရိသတ်၏

၄၂၆

ကြီးစွာသော လုံ့လဥဿာဟကို မြင်တော်မူ၍ အရှင်အာနန္ဒာအား ထိုအကြောင်းကို မိန့်ကြားတော်မူလေသည်။ ဤသို့ နတ်ဗြဟ္မာတို့၏ ကြီးစွာသော အာမိသပူဇာကို ပြတော်မူပြီးနောက် ထိုအာမိသပူဇာဖြင့်လည်း ကိုယ်တော်မြတ်အား အမြတ်ဆုံး အကောင်းဆုံး ပူဇော်သည် မမည်သေးကြောင်းနှင့် ဓမ္မပူဇာဖြင့် ပူဇော်မှသာ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည်မည်ကြောင်း ဆက်လက် ဟောကြားတော်မူလေသည်။ ထိုစကားရပ်၌ ဆိုလိုရင်း အဓိပ္ပါယ်ကား- “ချစ်သားအာနန္ဒာ.. အင်္ဂါရှစ်ပုံ ပြည့်စုံစေကာ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်း ကျောက်ဆစ်တံတားခင်းလျက် ဘုရားဆုကိုပန်ခဲ့, လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ပါရမီတို့ကို ဖြည့်ခဲ့သော ငါဘုရားသည် ပန်း, နံ့သာ, တူရိယာ, နတ်သီချင်းတို့ဖြင့် အပူဇော်ခံဖို့ရန် ရည်သန်၍ ဆုပန်ခဲ့သည်မဟုတ်, ပါရမီတို့ကို ဖြည့်ခဲ့သည်မဟုတ်၊ ထို့ကြောင့် ဤနတ်ပန်းနံ့သာ, တူရိယာ နတ်သီချင်းတို့ဖြင့် ငါဘုရားကို ပူဇော်ခြင်းသည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည် မမည်။ ဓမ္မာနုဓမ္မပဋိပတ်ဖြင့် ပူဇော်မှသာ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည်မည်၏”ဟု ဆိုလိုသည်။

ဤ၌ မေးမြန်းဖွယ် ရှိလာပြန်သည်မှာ “မြတ်စွာဘုရားသည် အခြားနေရာများ၌ နှမ်းကြပ်ပွင့်ကလေး တပွင့်မျှကိုပင် ယူဆောင်ကာ ဘုရားဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်၍ ပူဇော်လျှင်ပင် ဘုရားဉာဏ်ဖြင့် မပိုင်းခြား နိုင်လောက်အောင် အကျိုးကြီးမြတ်ကြောင်း ချီးမွမ်း ဟောကြားတော်မူပါလျက် ဤယခုအရာ၌ကျမှ သို့စင် ကြီးမြတ်သော ပူဇော်မှုကို အဘယ့်ကြောင့် ပယ်မြစ်တော်မူပါသနည်း”ဟု မေးဖွယ်ရှိပြန်၏။

အဖြေကား- ပရိသတ်ကို ချီးမြှောက်တော်မူလိုသောကြောင့်၎င်း, သာသနာအရှည် တည်တံ့ခြင်းကို အလိုတော်ရှိသောကြောင့်၎င်း ပယ်မြစ်တော်မူသည်။ ချဲ့ဦးအံ့- အကယ်၍ မြတ်စွာဘုရားရှင်က ဤသို့ ပယ်တော်မမူလျှင် နောက်အခါဝယ် (တရားတော်၌) သီလလာသော အရာ, သမာဓိလာသော အရာတို့၌ သီလ, သမာဓိကို ဖြည့်ကျင့်ကြလိမ့်မည် မဟုတ်၊ ဝိပဿနာလာသော အရာ၌ ဝိပဿနာတရားကို အားထုတ်ကြတော့မည် မဟုတ်ပဲ အလုပ်အကျွေး ဒကာ, ဒကာမတို့ကို ပန်း, နံ့သာ စသည်တို့ဖြင့် ပူဇော်ဖို့ရန်သာ ဟောပြ ဆောက်တည်စေကြ၍ အာမိသပူဇာမှုကိုသာ ပြုစေလျက် နေကြပေလိမ့်မည်။ အာမိသပူဇာ ဟူသည်မှာလည်း သုံးပါးသိက္ခာ သာသနာကို တရက်မျှ ယာဂုတကြိမ် သောက်ချိန်လောက် ဆောင်ထားခြင်းငှါ စွမ်းနိုင်သည်မဟုတ်။ မှန်၏-

၄၂၇

မဟာဝိဟာရ ကျောင်းတိုက်ကြီးနှင့်တူသော ကျောင်းတိုက်ပေါင်း အထောင်သည်၎င်း, မဟာစေတီနှင့်တူသော စေတီဆူရေ အထောင်သည်၎င်း သာသနာကို အရှည်အကြာ ဆောင်ထားနိုင်သည်မဟုတ်၊ စင်စစ်သော်ကား တည်ဆောက်လှူဒါန်း ပူဇော်သူ၏ လူနတ်နိဗ္ဗာန် ချမ်းသာသုံးတန် ရဖို့ရန် ဥပနိဿယအကြောင်းသာ ဖြစ်သည်။

ကောင်းစွာကျင့်ကြံခြင်း = သမ္မာပဋိပတ်သည်သာ မြတ်စွာဘုရားအား သင့်လျော်သော ပူဇော်ခြင်းဖြစ်သည်။ မှန်၏- ထိုကောင်းစွာကျင့်ခြင်း တည်းဟူသော ဓမ္မပူဇာကိုသာ မြတ်စွာဘုရားကလည်း တောင့်တတော်မူအပ်လေသည်။ ထိုကောင်းစွာကျင့်ခြင်း တည်းဟူသော ဓမ္မပူဇာသည်သာ သာသနာကို အဓွန့်ရှည်စွာ ဆောင်ထားခြင်းငှါလည်း စွမ်းနိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူအပ်လေသည်။ (အာမိသပူဇာ အကျိုးမရှိ၍ ဟောတော်မူသည်မဟုတ်)။ ဤကားအဖြေတည်း။

လောကုတ္တရာတရားအားလျော်သော ပဋိပတ် = အကျင့်

ဤ၌ ဓမ္မာနုဓမ္မပဋိပတ်ခေါ်သော လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့် = ပဋိပတ်ကို ကျင့်သုံးခြင်းသည်ပင် မြတ်စွာဘုရားကို အမြတ်ဆုံး ပူဇော်ခြင်း ဖြစ်လေသည်။ ထိုဓမ္မာနုဓမ္မအကျင့်ပဋိပတ်= လောကုတ္တရာတရားအားလျော်သော အကျင့်ဟူသည်မှာ သရဏဂုံ သီလမှစ၍ ဂေါတြဘုံတိုင်အောင်သော ပုဗ္ဗဘာဂပဋိပဒါ = မဂ်၏ရှေ့အဖို့ (ရှေ့ပိုင်း)၌ဖြစ်သည့် အကျင့်များဖြစ်လေသည်။

ထို့ကြောင့် အကြင်ရဟန်းသည် အဂါရဝတရား ခြောက်ပါးတို့၌ တည်၍ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို လွန်ကျူးအံ့၊ မအပ်သော ရှာမှီးခြင်းဖြင့် ပစ္စည်းလေးဖြာ ဖွေရှာ၍ အသက်မွေးငြားအံ့၊ ထိုရဟန်းသည် ဓမ္မာနုဓမ္မပဋိပတ်ကို မကျင့်သော ရဟန်းမည်၏။ အကြင်ရဟန်းသည်ကား မိမိအတွက် မြတ်စွာဘုရား ပညတ်ထားသည့် အားလုံးသော သိက္ခာပုဒ်တည်းဟူသော ဘုရားစည်းကမ်း ဘုရားတမျဉ်းကြိုးကို အဏုမြူမျှလည်း မလွန်ကျူး၊ ဤရဟန်းသည် ဓမ္မာနုဓမ္မပဋိပတ်ကိုကျင့်သော ရဟန်းမည်၏။ ရဟန်းမိန်းမ၌လည်း ဤနည်းအတူတည်း။

အကြင် ဥပါသကာသည် ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်းစသော ဝေရတရားငါးပါး (မိမိအပေါ် ရန်သူပမာ

၄၂၈

မကောင်းကျိုးကိုသာ ပေးတတ်သည့် အမှုငါးပါး) အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့ကို ဆောက်တည် ကျင့်ကြံငြားအံ့၊ ဤဥပါသကာသည် ဓမ္မာနုဓမ္မပဋိပတ်ကို မကျင့်သော ဥပါသကာမည်၏။ အကြင် ဥပါသကာသည်ကား သရဏဂုံသုံးပါး ငါးပါးသီလ ဆယ်ပါးသီလတို့ကို လုံခြုံအောင် စောင့်ထိန်း ဖြည့်ကျင့်၏၊ တလတလ၏အတွင်း အဖိတ်နေ့လေးရက် ဥပုသ်နေ့လေးရက်အားဖြင့် = ရှစ်ရက်သီတင်း ဥပုသ်စောင့်သုံးခြင်းအမှုကို ပြု၏၊ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏၊ ရတနာသုံးပါးကို နံ့သာပန်းတို့ဖြင့် ပူဇော်၏။ မိဖနှစ်ပါး တရားစောင့်သော သမဏဗြာဟ္မဏခေါ်တွင် သူတော်စင်တို့ကို ပြုစုလုပ်ကျွေး၏။ ထိုဥပါသကာသည် ဓမ္မာနုဓမ္မပဋိပတ်ကိုကျင့်သော ဥပါသကာမည်၏။ ဥပါသိကာ ဒါယိကာမ၌လည်း ဤနည်းအတူတည်း။

ဤဓမ္မာနုဓမ္မပဋိပတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ခြင်းသည် နိရာမိသပူဇာလည်း မည်၏။ ဤနိရာမိသ အမည်ရသည့် အမြတ်ဆုံးသော ပူဇော်ခြင်းသည်သာ သာသနာကို အဓွန့်ရှည်စွာ တည်တံ့အောင် ဆောင်ထားနိုင်၏။ ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမဟူသော = ဤပရိသတ်လေးပါးတို့ မြတ်စွာဘုရားရှင်ကို ဤနိရာမိသပူဇာဖြင့် ပူဇော်၍ နေကြသမျှ ကာလပတ်လုံး ဘုရားရှင် သာသနာတော်သည် ကောင်းကင်အလယ်၌ လပြည့်ဝန်းကဲ့သို့ ထွန်းလင်းတင့်တယ်လိမ့်မည် ဧကန်ဖြစ်သတည်း)။

ဥပဝါဏမထေရ်

     ထိုအခါဝယ် အရှင်ဥပဝါဏမထေရ်သည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ ရှေ့တော်၌ ရပ်တည်နေဆဲရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်ဥပဝါဏမထေရ်ကို “ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်”ဟု မိန့်တော်မူကာ ဖဲသွားစေတော်မူ၏။ အရှင်ဥပဝါဏ မထေရ်သည်လည်း တခွန်းတည်းသော စကားဖြင့်ပင် ထန်းရွက်ယပ်ဝန်းကိုချ၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။

     ထိုအခါ အရှင်အာနန္ဒာမထေရ်၏ စိတ်သန္တာန်ဝယ် “ဤအရှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ (ပဌမဗောဓိ = ဝါတော်နှစ်ဆယ်အတွင်းက) မြတ်စွာဘုရားရှင် ထံတော်ပါး၌နေ၍ အနီး၌



၄၂၉

အမြဲရှိသော အလုပ်အကျွေး ဖြစ်ခဲ့ဘူးပါလျက် မြတ်စွာဘုရားသည် ယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးကာလ၌ ‘ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်’ဟု မိန့်လျက် ဖဲစေတော်မူ၏။ ထိုသို့ ဖဲစေရာ၌ အကြောင်း အဘယ်သို့ရှိသနည်း”ဟု အကြံအစည်ဖြစ်ရှိကာ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ဤအရှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ ရှင်တော်ဘုရား ထံတော်ပါး၌နေ၍ အနီး၌ အမြဲရှိသော အလုပ်အကျွေး ဖြစ်ခဲ့ဘူးပါလျက် ရှင်တော်ဘုရားသည် ဤယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးကာလ၌ ‘ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်’ဟု မိန့်လျက် ဖဲစေတော်မူခဲ့ပါသည်၊ ထိုသို့ဖဲစေရာ၌ အကြောင်းအဘယ်သို့ ရှိပါသနည်း”-

ဟု မေးမြန်းလျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာသည် ဥပဝါဏရဟန်းမှာ အပြစ်ရှိ၍ ဖဲစေသည်ဟု မှတ်ထင်နေ၏၊ ယခုအခါ ငါဘုရားသည် ဥပဝါဏရဟန်း၏ အပြစ်မရှိသောအဖြစ်ကို ပြောကြားပေအံ့”ဟု ကြံစည်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. စကြဝဠာပေါင်း တိုက်တသောင်းတို့၌ ရှိနေသော နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် (အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာတို့ကို ထား၍) များသောအားဖြင့် စည်းဝေးလာကြကုန်၏။ ချစ်သားအာနန္ဒာ.. ကုသိနာရုံပြည်၏ အင်ကြင်းဥယျာဉ်၏ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာ အတွင်း၌ တန်ခိုးကြီးသော နတ်တို့ဖြင့် မတွေ့မထိ မပြည့်သော အရပ်ဒေသမည်သည် သားမြီးဖျား တထောက်မျှပင် မရှိချေ။ (က)

ချစ်သားအာနန္ဒာ.. နတ်တို့သည် ဥပဝါဏရဟန်းကို ‘ငါတို့ကား မြတ်စွာဘုရားကို ဖူးမြော်ရန် အဝေးမှ



၄၃၀

လာခဲ့ရကုန်၏၊ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ယနေ့ညဉ့်သန်းလွဲ = ပစ္ဆိမယံ၌ပင် ဖြစ်တော့မည်၊ တန်ခိုးကြီးသော ဤဥပဝါဏ ရဟန်းကလည်း မြတ်စွာဘုရားရှေ့တော်၌ ကွယ်လျက် ရပ်တည်နေဘိ၏၊ ငါတို့သည် ဤယခု နောက်ဆုံးကာလ၌ မြတ်စွာဘုရားအား ဖူးမြော်ခွင့်ကို မရကြတော့ပါတကား’ဟု ကဲ့ရဲ့စကား ပြောကြားနေကြ၏။ (ထို့ကြောင့် ငါဘုရားသည် ဥပဝါဏရဟန်းကို ဖယ်ရှားစေသည်) (ခ)”-

ဟု ရှင်းလင်းမိန့်ဆိုတော်မူ၏။

(ဤ၌ မှတ်ဖွယ်အထူး ပြဆိုဦးအံ့- (က) စကားရပ်ဝယ် မြတ်စွာဘုရားရှင်နှင့် အနီးကပ်ဆုံးသော အရပ်၌ သားမြီးဖျား တထောက်မျှသော အရပ်မှာပင် သိမ်မွေ့သော ခန္ဓာကိုယ်အတ္တဘောကို ဖန်ဆင်း၍ တကျိပ်စီ တကျိပ်စီသော နတ်ဗြဟ္မာတို့ ရပ်တည်နေကြလေသည်။ ထိုနတ်ဗြဟ္မာတို့၏ အပြင်ဖက်၌ နှစ်ကျိပ်စီ နှစ်ကျိပ်စီ, ထို့အပြင်ဖက်၌ သုံးဆယ်စီ သုံးဆယ်စီ, ထို့အပြင်ဖက်၌ လေးဆယ်စီ လေးဆယ်စီ, ထို့အပြင်ဖက်၌ ငါးဆယ်စီ ငါးဆယ်စီ, ထို့အပြင်ဖက်၌ ခြောက်ကျိပ်စီ ခြောက်ကျိပ်စီသော နတ်ဗြဟ္မာတို့ ရပ်တည်နေကြလေသည်။ ထိုနတ်ဗြဟ္မာတို့သည် အချင်းချင်း လက်ဖြင့်ဖြစ်စေ ခြေဖြင့်ဖြစ်စေ အဝတ်ဖြင့်ဖြစ်စေ မထိပါးကြကုန်၊ “ဖယ်လော့၊ ငါ့ကို မထိပါးလင့်”ဟု ပြောဆိုရမည့် အခြင်းအရာမည်သည် မရှိချေ။

(ခ) စကားရပ်ဝယ် အရှင်ဥပဝါဏမထေရ်သည် ပင်ကိုယ်ကပင် ဆင်ပေါက်ငယ်ပမာ ကိုယ်ခန္ဓာကြီးသူ ဖြစ်သည့်ပြင် ပံသုကူသင်္ကန်းကို ရုံ၍ထားပြန်ရကား အလွန်ကြီး ကြီးသကဲ့သို့ ဖြစ်တော်မူကာ မြတ်စွာဘုရားရှင်၏ ရှေ့တော်၌ ဖုံးလွှမ်း ပိတ်ကွယ်ထားသကဲ့သို့ ဖြစ်နေလေသည်။ သို့ရကား နတ်ဗြဟ္မာများသည် မြတ်စွာဘုရားရှင့် ရွှေမျက်နှာတော်ကို ဖူးမြော်ခွင့် မရကြသည့်အတွက် ထိုကဲ့သို့ ကဲ့ရဲ့ကြလေသည်။

ဤ၌ “နတ်ဗြဟ္မာတို့သည် ဥပဝါဏမထေရ်၏ကိုယ်ကို ဖောက်ထွင်း၍ မြတ်စွာဘုရား မျက်နှာတော်ကို ဖူးမြင်ခြင်းငှါ မတတ်နိုင်ဘူးလော”ဟု မေးဖွယ်ရှိ၏။ အဖြေကား- အိမ်း.. မတတ်နိုင်ကြပေ။ မှန်၏-

၄၃၁

နတ်ဗြဟ္မာတို့သည် ပုထုဇန် ပုဂ္ဂိုလ်တို့ကိုသာ ဖောက်ထွင်း၍ မြင်နိုင်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့ကို ဖောက်ထွင်း၍ မမြင်နိုင်ကြကုန်။ အထူးအားဖြင့် ဥပဝါဏမထေရ်မှာ တန်ခိုးအရှိန်အဝါ ကြီးမြတ်လှသူ ဖြစ်သောကြောင့် ထိုမထေရ်၏ အနီးသို့ ကပ်ရောက်ခြင်းငှါပင် မစွမ်းနိုင်ကြကုန်။

ဤ၌ “အခြားတပါးသော ရဟန္တာတို့သည် ဥပဝါဏမထေရ်လောက် တန်ခိုးအရှိန်အဝါ မကြီးကြပဲ အဘယ့်ကြောင့် ဥပဝါဏမထေရ်သာ ထိုကဲ့သို့ တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူရသနည်း”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ကဿပမြတ်စွာဘုရားရှင့် စေတီတော်၌ အစောင့်အရှောက်နတ် ဖြစ်ခဲ့ဘူးသောကြောင့် ထိုကဲ့သို့ တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူသည်။

စေတီတော်စောင့်နတ်

ချဲ့ဦးအံ့- လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်က ဝိပဿီမြတ်ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူလတ်သော် တခဲနက်သော ရွှေတုံးကြီးနှင့်တူသည့် သာရီရိက (တဆူတည်းသော) ဓာတ်တော်အတွက် စေတီတည်ထားကြလေသည်။ (အထူးကား သက်တော်ရှည် မြတ်စွာဘုရားတို့ ပရိနိဗ္ဗာန် စံတော်မူကြလျှင် သာရီရိက ဓာတ်တော်သည် တဆူတည်းသာ ကြွင်းကျန်၍ စေတီတော်တဆူသာလျှင် လူတို့ တည်ထားကိုးကွယ်ကြမြဲ ဓမ္မတာဖြစ်သည်)။ လူများသည် ဝိပဿီမြတ်စွာဘုရား၏ တဆူတည်းသော သာရီရိကဓာတ်တော် ကိန်းစံရာ စေတီတော်ကို အလျားတတောင် အနံတထွာ အထုနှစ်လက်မရှိသော ရွှေသားစတိအုတ်တို့ဖြင့် အင်္ကတေမြေညက်အစား ဆေးဒန်း, မြင်းသီလာမှုန့်တို့ကို အသုံးပြု၍၎င်း ရေအစား နှမ်းဆီကို အသုံးပြု၍၎င်း တယူဇနာအမြင့်ရှိအောင် တည်ထားကြလေကုန်၏။

ထို့နောက် ဘုမ္မစိုးနတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ထို့နောက် အာကာသစိုးနတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ထို့နောက် ဥဏှဝလာဟက နတ်တို့က တယူဇနာမြင့်အောင်, အဗ္ဘဝလာဟက နတ်တို့က တယူဇနာမြင့်အောင်, စတုမဟာရာဇ် နတ်တို့က တယူဇနာမြင့်အောင်, ထို့နောက် တာဝတိံသာ နတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ဤသို့လျှင် ဝိပဿီမြတ်စွာဘုရားရှင်၏ တဆူတည်းသော သာရီရိကဓာတ်တော် ကိန်းစံရာ စေတီတော်သည် ခုနစ်ယူဇနာ အမြင့်ရှိလေသည်။

၄၃၂

လူအများတို့ ပန်း, နံ့သာ အဝတ်သင်္ကန်း စသည်တို့ကို ယူဆောင်၍ စေတီတော်ကို ပူဇော်ရန် လာရောက်ကြလျှင် စေတီတော်စောင့် နတ်မင်းသည် ထိုပူဇော်ဖွယ် ဝတ္ထုတို့ကို ယူဆောင်၍ ထိုလူများ မြင်ကြစဉ်ပင် စေတီတော်ကို ပူဇော်ပေးလေသည်။

ထိုအခါက ဤယခု အရှင်ဥပဝါဏမထေရ် အလောင်းသည် ပုဏ္ဏားသူဌေးတဦးဖြစ်၍ ရွှေရောင်အဆင်း ဝါဝင်းသော အဝတ်သင်္ကန်းတထည်ကို ယူဆောင်၍ စေတီတော်ကို ပူဇော်ရန် လာရောက်လေ၏။ စေတီတော်စောင့်နတ်သည် ထိုသူ၏လက်မှ အဝတ်သင်္ကန်းကို ယူ၍ စေတီတော်ကို ပူဇော်ပေးလေသည်။ ပုဏ္ဏားသူဌေးသည် ထိုနတ်ကိုမြင်၍ ကြည်ညိုသောစိတ် ရှိရကား “ငါသည်လည်း နောက်အခါ၌ ဤသို့သဘောရှိသော မြတ်စွာဘုရား၏ စေတီတော်၌ အစောင့်နတ်မင်း ဖြစ်ရပါလို၏”ဟု ဆုတောင်းမှု ပြုခဲ့၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။

ထိုသူ နတ်ပြည်, လူ့ပြည်၌ ကျင်လည်စဉ်ပင် ကဿပမြတ်စွာဘုရား လောက၌ ပွင့်ထွန်းတော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့လေသည်။ ထိုကဿပမြတ်စွာဘုရားရှင်၏ သာရီရိက ဓာတ်တော်သည်လည်း (သက်တော်ရှည် ဘုရားဖြစ်၍) တဆူသာ ကြွင်းကျန်ရစ်လေသည်။ ထိုတဆူတည်းသော သာရီရိကဓာတ်တော်ကို ယူဆောင်ကြ၍ မင်းနှင့်တကွ လူအပေါင်းတို့သည် တယူဇနာ အဝန်းအဝိုင်း အမြင့်ရှိသော စေတီတော်ကို တည်ထားကြလေသည်။ ဥပဝါဏမထေရ်၏ အလောင်းဖြစ်သော ထိုသူသည် ထိုကဿပ မြတ်စွာဘုရားရှင်၏ စေတီတော်၌ အစောင့်နတ်မင်းဖြစ်၍ သာသနာတော် ကွယ်ပလတ်သော် နတ်ပြည်၌ တဖန် ဖြစ်ပြီးလျှင် အကျွန်ုပ်တို့ မြတ်ဘုရားရှင် ပွင့်ထွန်းတော်မူလာသောအခါ နတ်ပြည်မှ စုတေခဲ့၍ မြတ်သောအမျိုး၌ ပဋိသန္ဓေယူနေလျက် တောထွက်ကာ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်တော်မူခဲ့လေသည်။

ဤသို့လျှင် ကဿပမြတ်စွာ စေတီတော်၌ အစောင့်နတ်မင်းဖြစ်၍ လာခဲ့သောကြောင့် အရှင်ဥပဝါဏမထေရ်သည် တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူသည်။ ဤကား အဖြေတည်း)။

     ဤသို့ မြတ်စွာဘုရားရှင်က “အရှင်ဥပဝါဏကို အပြစ်ရှိ၍ ဖယ်ရှားစေသည် မဟုတ်၊ နတ်တို့က ကဲ့ရဲ့သောကြောင့်



၄၃၃

ဖယ်ရှားစေရကြောင်း”ကို မိန့်တော်မူလေလျှင် အရှင်အာနန္ဒာသည် တဖန်ဆက်၍ မြတ်စွာဘုရားကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် နတ်ဗြဟ္မာများကို အဘယ်ကဲ့သို့ ဖြစ်ရှိနေကြသည်ကို နှလုံးသွင်း ဆင်ခြင်တော်မူမိပါသနည်းဘုရား”-

ဟု လျှောက်ထား မေးမြန်းလေ၏။ (နတ်ဗြဟ္မာတို့သည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူမည်ကို သည်းခံနိုင်စွမ်း ရှိကြပါ၏လောဟု မေးလိုရင်းဖြစ်သည်။) ထိုအခါ မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာတို့ သည်းမခံနိုင်ကြသည့်အဖြစ်ကို ပြတော်မူလို၍ အရှင်အာနန္ဒာမထေရ်မြတ်ကို-

“ချစ်သားအာနန္ဒာ.. ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား”ဟု ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏။ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။

ချစ်သားအာနန္ဒာ.. မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက် ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ



၄၃၄

လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား” ဟု ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏၊ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏။ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။

ကာမရာဂ ကင်းပြီးသော နတ်တို့သည်ကား “ပြုပြင်ရသော သင်္ခါရတရားတို့သည် မမြဲသောသဘော ရှိကုန်၏။ ဤပြုပြင်ရသော သင်္ခါရတရားထည်း၌ ထိုမြဲမှုသဘောကို အဘယ်မှာ ရနိုင်ပါအံ့နည်း = မရနိုင်သည်သာတည်း”ဟု အောက်မေ့ဆင်ခြင်လျက် သည်းခံနိုင်ကုန်၏”-

ဟု မိန့်တော်မူ၏။

(ဤစကားရပ်တွင် “ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့”- ဟူသည်မှာ ပကတိကောင်းကင်ကို မြေပြင်ဖြစ်အောင် ဖန်ဆင်း၍ ထိုဖန်ဆင်းအပ်သော မြေပြင်၌ မြေပြင်ဟု အမှတ်ပြုလျက် တည်နေကြသော နတ်တို့ဟု ဆိုလိုသည်။ “မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့" ဟူသည်မှာလည်း ပကတိ ရှိရင်းစွဲဖြစ်သော ဤမဟာပထဝီ မြေကြီး၌ မိမိတို့၏ကိုယ်ကို ဆောင်စွမ်းနိုင်လောက်အောင် တန်ခိုးအာနုဘော်ဖြင့် “မြေအသစ်ဖန်ဆင်း၍ ထိုဖန်ဆင်းအပ်သော မြေပြင်၌ မြေပြင်ဟု အမှတ်ပြုလျက် တည်နေကြသော နတ်တို့ဟု ဆိုလိုသည်။

ပကတိမြေကြီးကား ကြမ်းတမ်း၍ နတ်တို့၏ ပကတိကိုယ်ကား သိမ်မွေ့နူးညံ့လှသောကြောင့် ပကတိမြေကြီးသည် နတ်တို့၏ကိုယ်ကို ဆောင်ထားခြင်းငှါ မတတ်နိုင်၊ ထိုပကတိမြေပေါ်၌ နတ်တို့၏ ပကတိကိုယ် ရပ်တည်လိုက်လျှင် မြေကြီးပေါ်၌ ထောပတ်စိုင် ထောပတ်ခဲကို ချထားသကဲ့သို့ စိမ့်၍ စိမ့်၍ ဝင်သွား၏။ ထို့ကြောင့် တချိန်က မြတ်စွာဘုရားရှင်ထံသို့ ဟတ္ထက-မည်သော ဗြဟ္မာတဦး လာရောက်ရပ်တည်ရာ ရပ်တည်၍ မဖြစ်နိုင်၊ မြေထဲသို့ စိမ့်၍ စိမ့်၍ ဝင်သွားသောကြောင့် မြတ်စွာဘုရားရှင်က “ဟတ္ထက.. သင်၏ ခန္ဓာကိုယ် အတ္တဘောကို ရုန့်ရင်းကြမ်းတမ်းသော အတ္တဘောဖြစ်အောင် ဖန်ဆင်းလော့”ဟု နည်းပေးစကား မိန့်ကြားတော်မူလေသည်။ ထို့ကြောင့် ဤယခု အခဏ်း၌လည်း နတ်တို့သည် ပကတိမြေကြီးအပေါ်၌ ရပ်တည်ရန် မစွမ်းနိုင်ကြ၍ မိမိတို့၏ အတ္တဘောကို ဆောင်နိုင်လောက်အောင်



၄၃၅

ပကတိမြေကို နူးညံ့လှစွာ ဖန်ဆင်းပြီးမှ ထိုမြေပေါ်၌ လူးလှိမ့်ငိုကြွေးမှု ပြုကြလေသည်)။

သံဝေဂရစေမည့် ဌာနလေးပါး

     ထို့နောက် ဆက်၍ အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရပ်မျက်နှာတို့၌ ဝါကပ်၍ ဝါကျွတ်ပြီးသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြရန် ရှေးအခါက ကြွလာကြပါကုန်၏။ ထိုသို့ ကြွလာသော ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ရှေးအခါက တပည့်တော်များ ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရခဲ့ပါကုန်၏။ မြတ်စွာဘုရား.. ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသွားပြီး နောက်အခါ၌ကား ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ရှေးအခါကလို တပည့်တော်များ ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရကြတော့မည် မဟုတ်ပါဘုရား”ဟု လျှောက်ထားလေ၏။

     ဘုရားရှင်လက်ထက်တော်က ရဟန်းတို့သည် ၁-ဝါဆိုရက်နီးကပ်သောအခါ ကမ္မဋ္ဌာန်းသင်ယူရန်အတွက် ဘုရားရှင်ရှိရာသို့ လာရောက်၍ စည်းဝေးကြသည် တကြိမ်, ၂-ဝါကျွတ်သောအခါ မိမိတို့သင်ယူအပ်သော ကမ္မဋ္ဌာန်းကို အားထုတ်သဖြင့် ရရှိသော မဂ်ဖိုလ်တရားထူးကို လျှောက်ထားရန် ဘုရားရှင်ရှိရာသို့ လာရောက်၍ စည်းဝေးကြသည် တကြိမ် = ဤသို့ အခါနှစ်ပါးတို့၌ ရဟန်းတို့ စည်းဝေးကြလေသည်။ ဘုရားရှင် လက်ထက်မှာကဲ့သို့ပင် သီဟိုဠ်ကျွန်း၌လည်း ၁-ဝါဆိုရက် နီးကပ်သောအခါ ဤမှာဖက်ကမ်းနေ ရဟန်းတို့သည် လောဟပါသာဒ ပြာသာဒ်၌ စည်းဝေးကြ၍ ထိုမှာဖက်ကမ်း (=မဟာဂါမဖက်ကမ်း)နေ ရဟန်းတို့သည် ကာကဝဏ္ဏတိဿမင်းကြီး ဆောက်လုပ်သော တိဿကျောင်းတိုက်ကြီး၌ စည်းဝေးကြကုန်၏။ ထိုရဟန်းတို့တွင် ဤမှာဖက်ကမ်းနေ ရဟန်းတို့သည် အမှိုက်စွန့်ရန် တောင်း, တံမြက်စည်းများကို ယူဆောင်ကြကာ မဟာဝိဟာရကျောင်းတိုက်၌ လာရောက် စုဝေးကြ၍ မဟာစေတီ၌ အင်္ကတေမှု (လိုအပ်သလို အင်္ကတေ ထေးဖာမှု, ထုံးသင်္ကန်း စသည်ကပ်မှု)များ ပြုလုပ်ကြပြီးလျှင်



၄၃၆

“ဝါကျွတ်သောအခါ လာရောက်ကြ၍ လောဟပါသာဒ ပြာသာဒ်၌ စည်းဝေးကြကုန်လော့”ဟု တိုင်ပင်ညီညွတ်ကြကာ မိမိ မိမိတို့နေရာ၌ တံမြက်လှည်းမှု အမှိုက်စွန့်မှု-စသော ဝတ်ကို ပြုကြပြီးလျှင် မိမိတို့ ချမ်းသာရာအရပ်၌ ဝါကပ် သီတင်းသုံးတော်မူကြလေသည်။ ၂-ဝါကျွတ်သောအခါ တဖန် လာရောက်ကြ၍ လောဟပါသာဒ ပြာသာဒ်အတွင်း ပဉ္စနိကာယ တန်ဆောင်းဝန်း “နိကာယ်ငါးခဏ်း တန်ဆောင်းဝန်း”၌ စည်းဝေးကြကာ ပါဠိသင်သော ရဟန်းတို့က ပါဠိတော်ကို သရဇ္ဈာယ်ကြ၍ အဋ္ဌကထာသင်သော ရဟန်းတို့က အဋ္ဌကထာကို သရဇ္ဈာယ်ကြလေသည်။ ပါဠိကိုဖြစ်စေ, အဋ္ဌကထာကိုဖြစ်စေ မှားယွင်း၍ သရဇ္ဈာယ်သော ရဟန်းကို “ငါ့ရှင်သည် အဘယ်ဆရာ၏အထံ၌ သင်ယူအပ်သနည်း”ဟု မေးမြန်းစိစစ်၍ ဖြောင့်မှန် အောင်ပြုလုပ်ကာ ရွတ်အံ သင်ကြားစေကြလေ၏။ ထိုမှာဖက်ကမ်း (=မဟာဂါမဖက်ကမ်း)နေ ရဟန်းတို့သည်လည်း တိဿကျောင်းတိုက်ကြီး၌ ဤအတူပင် ပြုလုပ်ကြကုန်၏။

     ဤသို့လျှင် မြတ်စွာဘုရား လက်ထက်တော်က နှစ်ပါးသော အခါတို့ဝယ် စည်းဝေးကြသော ရဟန်းတို့အနက် ဝါဆိုဦးအခါ ကမ္မဋ္ဌာန်းကိုသင်ယူ၍ သွားပြီးလျှင် ဝါကျွတ်သောအခါ မိမိရရှိသော မဂ်ဖိုလ်တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားရန် လာရောက်ကြသည့် ရဟန်းတို့ကိုရည်၍ အရှင်အာနန္ဒာမထေရ် သည် ရှေးဆိုအပ်ပြီးသောအတိုင်း မြတ်စွာဘုရားကို လျှောက်ထားလေသည်။

     အရှင်အာနန္ဒာ မထေရ်သည်ကား ဝတ်အကျင့်နှင့် ပြည့်စုံသူ ဖြစ်သောကြောင့် သီတင်းကြီးရဟန်း ကြွလာသည်ကိုမြင်လျှင် မည်သည့်အခါမျှ မာန်မာနခက်ထန်၍ ထိုင်မနေ၊ ခရီးဦးကြိုဆို၍ သီတင်းကြီး အာဂန္တုရဟန်း၏ လက်မှ ထီး, သပိတ်, သင်္ကန်းများကို ဆီးကြိုယူပြီးလျှင် ထိုင်စရာအင်းပျဉ်ကို ခါ၍ နေရာပေးလေသည်။ ထိုနေရာ၌ သီတင်းကြီးရဟန်း ထိုင်နေပြီးလတ်သော် ရှိခိုးဝတ်ပြုပြီးမှ ထိုအာဂန္တု သီတင်းကြီး ရဟန်းအတွက်



၄၃၇

ရသင့်သောကျောင်းကို သုတ်သင်ရှင်းလင်း၍ ပေးလေသည်။ သီတင်းငယ် အာဂန္တုရဟန်းကို မြင်လျှင်လည်း ဆိတ်ဆိတ်နေတော်မမူပဲ ထိုအာဂန္တုရဟန်းအနီး၌ ရပ်တည်၍ ပြုသင့်သမျှသော ဝတ်များကို ပြုတော်မူလေသည်။ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်သည် ထိုမိမိပြုနေကျဖြစ်သည့် ဝတ်ကြီးဝတ်ငယ်များ မယုတ်လျော့မှုကို တောင့်တလင့်ဆို အလိုရှိတော်မူသည်ဖြစ်၍ မြတ်စွာဘုရားရှင်အား ထိုကဲ့သို့ လျှောက်ကြားလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာကား ‘ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ဖူးမြော်ခွင့် ရတော့မည်မဟုတ်’ဟု ကြံစည်ပူပန်နေ၏၊ ယခုအခါ အာနန္ဒာအား ငါဘုရားသည် ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ဖူးမြော်ခွင့် အလွယ်နှင့် ရနိုင်မည့်ဌာနကို ကြားပေအံ့၊ ယင်းအရပ်၌ နေလတ်သော် ထိုထိုဤဤ မလှည့်လည်ရပဲ ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို အလွယ်နှင့် ဖူးမြော်ခွင့် ရပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် လေးပါးရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-

(၁) ချစ်သားအာနန္ဒာ.. လုမ္ဗိနီအင်ကြင်းတော ဌာနသည် “ဤဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၂) ချစ်သားအာနန္ဒာ.. မဟာဗောဓိမဏ္ဍိုင် ဌာနသည် “ဤဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော



၄၃၈

အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၃) ချစ်သားအာနန္ဒာ.. မိဂဒါဝုန် တောအရပ်သည် “ဤဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောမြွက် လည်စေတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၄) ချစ်သားအာနန္ဒာ.. ကုသိနာရုံပြည် အရပ်သည် “ဤဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် ဤလေးပါးတို့ပေတည်း။

ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမများသည် “၁-ဤလုမ္ဗိနီဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏” ဟူ၍၎င်း “၂-ဤမဟာဗောဓိဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏” ဟူ၍၎င်း “၃-ဤမိဂဒါဝုန်ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောမြွက် လည်စေတော်မူ၏” ဟူ၍၎င်း “၄-ဤကုသိနာရုံဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော



၄၃၉

ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏” ဟူ၍၎င်း ကြံစည် အောက်မေ့ကြလျက် လာရောက်ကြလိမ့်မည်။ ချစ်သားအာနန္ဒာ.. စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်ကြသော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် သေကြကုန်လျှင် ထိုသူအားလုံးတို့သည် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ ကောင်းသောလားရာ နတ်ရွာသုဂတိသို့ ရောက်ရှိကြလိမ့်မည်”–

ဟု မိန့်တော်မူလေ၏။

အရှင်အာနန္ဒာ၏ အသေးစိတ် မေးလျှောက်ခွန်း

     ထို့နောက် အရှင်အာနန္ဒာမထေရ်က အသေးစိတ် မေးလျှောက်၍ မြတ်စွာဘုရားရှင်က အသေးစိတ် ဖြေကြားတော်မူပုံမှာ-

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း။

(မြတ်စွာဘုရား)

ချစ်သား အာနန္ဒာ.. မတွေ့မမြင်ရအောင် ကျင့်သုံးရမည် (=မကြည့်နှင့်ဟု ဆိုလိုသည်)။

(မာတုဂါမကို မကြည့်ခြင်းသည် အကောင်းဆုံးသော ကျင့်ထုံးဖြစ်သည်ဟု ဆိုလို၏။ မှန်၏- တံခါးပိတ်၍ ကျောင်းအိပ်ရာနေရာ၌ နေသော ရဟန်းသည် တံခါးဝ၌ လာရောက်ရပ်တည်သော မာတုဂါမကို မမြင်ရသေးသမျှ ဧကန်ပင် လောဘမဖြစ် စိတ်မတုန်လှုပ်ချေ။ မြင်မှသာလျှင် တပ်မက်ခြင်း စိတ်တုန်လှုပ်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် “မကြည့်နှင့် အာနန္ဒာ..”ဟု အကောင်းဆုံး ကျင့်ထုံးကို ဟောကြား ဖြေဆိုတော်မူလေသည်)။

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း။

(မြတ်စွာဘုရား)

ချစ်သားအာနန္ဒာ.. စကားမပြောပဲ နေရမည် (=စကားမပြောနှင့် အာနန္ဒာ..ဟု ဖြေတော်မူလိုရင်း ဖြစ်သည်)။



၄၄၀

(ဆွမ်းကိုယူ၍ လာရောက် ရပ်တည်သောအခါ- စသည်တို့၌ မာတုဂါမကို မမြင်၍ မဖြစ်၊ မြင်ရပါလိမ့်မည်။ ထိုသို့ မြင်သောအခါ အဘယ်သို့ ကျင့်သုံးရမည်နည်းဟု ရှင်အာနန္ဒာက မေးလျှောက်သည်။ ထိုအခါ မြတ်စွာဘုရားရှင်က သန်လျက်ကို စွဲကိုင်၍ “ငါနှင့် စကားပြောလျှင် ဤနေရာမှာပင် သင့်ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေအောင် ဖြတ်ခြွေရလိမ့်မည်”ဟု ပြောဆို ရပ်တည်လာသော ရန်သူယောက်ျားနှင့်သော်၎င်း, “ငါနှင့် စကားပြောလျှင် ဤနေရာ၌ပင် သင့်အသားကို ကျွတ်ကျွတ်ဝါး၍ ငါစားရလိမ့်မည်”ဟု ပြောဆို ရပ်တည်လာသော ဘီလူးမနှင့်သော်၎င်း စကားပြောဆိုရခြင်းက တော်သေး = မြတ်သေး၏။ မှန်၏- ထိုသို့ ပြောဆိုခြင်းကြောင့် တဘဝမှာသာ ပျက်စီးခြင်း ဖြစ်နိုင်သည်၊ အပါယ်လေးဘုံ၌ မပိုင်းခြားနိုင်သော ဒုက္ခကို ခံစားရမှုကား မဖြစ်နိုင်ချေ။ မာတုဂါမနှင့် အာလာပ = အစဦးစွာ ပြောဆိုခြင်း, သလ္လာပ = ထပ်ခါထပ်ခါ (စကားလက်ဆုံကျ၍) ပြောဆိုခြင်းမျိုး ဖြစ်ရှိလတ်လျှင် အကျွမ်းဝင်မှု ရင်းနှီးမှု = ဝိဿာသ ဖြစ်၏၊ ဝိဿာသဖြစ်လျှင် ရာဂသို့သက်ဆင်းမှု ဖြစ်၏၊ ထိုသို့ဖြစ်လျှင် သီလပျက်စီးခြင်းသို့ ရောက်၍ အပါယ်သို့ကျကာ ဆင်းရဲဒုက္ခကြီးစွာ ခံစားရ၏၊ ထို့ကြောင့် “စကား မပြောနှင့် အာနန္ဒာ..”ဟု ဟောကြားဖြေဆိုတော်မူလေသည်)။

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. (မလွှဲသာ၍) စကားပြောရသော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း။

(မြတ်စွာဘုရား)

ချစ်သားအာနန္ဒာ.. အမိရင်း = စသည်ကဲ့သို့ အမှတ်သတိထား၍ ပြောဆိုရမည်။

(အကယ်၍ မာတုဂါမက “ယနေ့ အဘယ်နေ့ပါနည်း” စသည်ဖြင့် နေ့ကိုမေးလျှင်၎င်း, သီလကို တောင်းလျှင်၎င်း, တရားဟောဖို့ရန် တောင်းပန်စကား လျှောက်ကြားလျှင်၎င်း, ပြသနာ မေးလျောက်လျှင်၎င်း ထိုသို့သော အခါမျိုး၌ ဖြေကြားရမည်မှာ ရဟန်းတို့ပြုရမည့် ကိစ္စပင်ဖြစ်သည်၊ ဤသို့သော အခါမျိုး၌ မဖြေမကြား စကားမဆိုလျှင် “ဤရဟန်းကား အအ-ကြီးပါ၊ ဤရဟန်းကား နားထိုင်းသူကြီးပါ။ စားပြီးလျှင် ကျောင်းပိတ်၍ ဆိတ်ဆိတ်နေဘိ၏”ဟု ကဲ့ရဲ့စကား အပြောခံရတတ်သည်၊ ထို့ကြောင့် ထိုကဲ့သို့သော အခါမျိုး၌ ဧကန်ပင် ပြောဆိုရပါလိမ့်မည်။ ဤသို့ “မလွဲသာ၍ စကားပြောရသော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း”ဟု ရှင်အာနန္ဒာက မေးလျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ဧထ တုမှေ ဘိက္ခဝေ မာတုမတ္တီသု



၄၄၁

မာတုစိတ္တံ ဥပဋ္ဌပေထ၊ ဘဂိနိမတ္တီသု ဘဂိနိစိတ္တံ ဥပဋ္ဌပေထ၊ ဓီတုမတ္တီသု ဓီတုစိတ္တံ ဥပဋ္ဌပေထ = ချစ်သားရဟန်းတို့.. လာကြကုန်လော့၊ သင်ချစ်သားတို့သည် အမိမျှ အတိုင်းအရှည်ရှိသော (အမိအရွယ်ရှိသော) မာတုဂါမတို့၌ အမိရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့၊ အစ်မ,နှမမျှ အတိုင်းအရှည်ရှိသော (အစ်မအရွယ်, နှမအရွယ်ရှိသော) မာတုဂါမတို့၌ အစ်မရင်း, နှမရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့၊ သမီးမျှ အတိုင်းအရှည်ရှိသော (သမီးအရွယ်ရှိသော) မာတုဂါမတို့၌ သမီးရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့”ဟူ၍ (သံ ၂၊ ၃၂၉ = သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ သဠာယတနသံယုတ်၊ ၁၃၊ ၃-ဂဟပတိဝဂ်၊ ၄-ဘာရဒွါဇသုတ်၌)လာသော အဆုံးအမ ဩဝါဒကို ရည်ညွှန်းတော်မူ၍ “ချစ်သားအာနန္ဒာ.. အမိရင်း စသည်ကဲ့သို့ အမှတ်သတိထား၍ ပြောဆိုရမည်”ဟု ဟောကြား ဖြေဆိုတော်မူလေသည်)။

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသွားသောအခါ တပည့်တော်များသည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်နှင့် စပ်လျဉ်း၍ အဘယ်သို့ ဆောင်ရွက်ရပါမည်နည်း။

(မြတ်စွာဘုရား)

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို ပူဇော်မှု၌ သင်ချစ်သားတို့ ကြောင့်ကြမစိုက်ကုန်လင့်၊ ချစ်သား အာနန္ဒာ.. ငါဘုရား လေးနက်စွာ တိုက်တွန်း၏- သင်ချစ်သားတို့သည် မြတ်သောအကျင့်၌သာ အားစိုက်ကြကုန်လော့၊ မြတ်သောအကျင့်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်ကြလျက် နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်၍ နေကြကုန်လော့။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရား၌ အလွန်ကြည်ညိုကုန်သော မင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ် ပညာရှိတို့သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်အား ပူဇော်မှုကို ပြုကြလိမ့်မည်။

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. ထိုမင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ် ပညာရှိတို့သည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ အဘယ်သို့ ဆောင်ရွက်အပ်ပါသနည်း (=ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသောအခါ ထိုမင်း, ပုဏ္ဏား,



၄၄၂

သူဌေးသူကြွယ် ပညာရှိတို့သည် ဧကန်ပင် အကျွန်ုပ်ကို ‘အရှင်အာနန္ဒာဘုရား.. တပည့်တော်များသည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ အဘယ်သို့ ဆောင်ရွက်ကြရပါမည်နည်း’ဟု မေးကြပါလိမ့်မည်။ ထိုသူတို့အား တပည့်တော်သည် အဘယ်သို့ စကားတုံ့ = အဖြေပေးရပါမည်နည်း-ဟု မေးလိုရင်းဖြစ်သည်)။

(မြတ်စွာဘုရား)

ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်သကဲ့သို့ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ ဆောင်ရွက်အပ်ပေ၏။

(ရှင်အာနန္ဒာ)

မြတ်စွာဘုရား.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ အဘယ်သို့ ဆောင်ရွက်ကြပါသနည်း။

(မြတ်စွာဘုရား)

ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ်ကြရသည်။ (ထိုကာသိတိုင်းဖြစ် အဝတ်သစ်မှာ အလွန်နူးညံ့လှသောကြောင့် ဆီကို မစုပ်မယူနိုင်၊ ဝါဂွမ်းစိုင်ကသာ ဆီကို စုပ်ယူနိုင်သည် ဖြစ်သောကြောင့်) ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ် ပြီးနောက် ဝါဂွမ်းနုဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးနောက် ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ်ပြီးနောက် ဝါဂွမ်းဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ဤနည်းအတိုင်း ပုဆိုးအစုံ ငါးရာတို့ဖြင့် စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော (ဆီထည့်ထားသော) ရွှေတလား = ရွှေခေါင်း၌ထည့်၍ အခြား ရွှေတလားဖုံး = ရွှေခေါင်းဖုံးဖြင့် ဖုံးအုပ်ပြီးသော် အလုံးစုံသော နံ့သာထင်းတို့ကို ထင်းပုံပြု၍ စကြ၀တေးမင်း၏ ဥတုဇရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ကြရ၏။ လမ်းလေးခွ ဆုံရာ၌ စကြဝတေးမင်း၏ စေတီကို တည်ထားကြရကုန်၏။ ချစ်သားအာနန္ဒာ.. ဤဆိုအပ်ပြီးသောအတိုင်း စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်ကြရ၏။



၄၄၃

စေတီ တည်ထားရမည်

     ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်ကုန်သကဲ့သို့ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌လည်း ဆောင်ရွက်အပ်ပေ၏၊ လမ်းလေးခွ ဆုံရာ၌ မြတ်စွာဘုရား၏ စေတီတော်ကို တည်ထားအပ်ပေ၏။ ထိုစေတီတော်၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ နံ့သာကိုဖြစ်စေ နံ့သာမှုန့်ကိုဖြစ် စေ တင်လှူမူလည်း တင်လှူကြလိမ့်မည်၊ ရှိခိုးမှုလည်း ရှိခိုးကြလိမ့်မည်၊ စိတ်ဖြင့်မူလည်း ကြည်ညိုကြလိမ့်မည်၊ ထိုသို့ ပြုခြင်းသည် ရှည်မြင့်စွာသော ကာလပတ်လုံး ထိုသူတို့အဖို့ရာ စီးပွါး,ချမ်းသာအလိုငှါ ဖြစ်ပေလိမ့်မည်။

စေတီထိုက်သော ပုဂ္ဂိုလ်လေးမျိုး

     ချစ်သားအာနန္ဒာ.. ဤ(ဆိုလတ္တံ့သော) ပုဂ္ဂိုလ်လေးမျိုးတို့သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ ဟူသည်မှာ-

၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို စေတီတည်ထိုက်၏။

၂ ။ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

၃။ မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီတည်ထိုက်၏၊

၄။ စကြဝတေးမင်းကို စေတီတည်ထိုက်၏။-

ဤလေးမျိုးတို့ဖြစ်သည်။

     ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌



၄၄၄

ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်၏။

     ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား ကိုယ်တိုင် သစ္စာလေးပါး တရားထူးကို သိမြင်တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

     ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ မြတ်စွာ ဘုရား၏ တပည့်သာဝက (အရိယာ)ကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုဘုရားသခင့် တပည့်သာဝက အရိယာ၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ မြတ်စွာဘုရား၏ တပည့်သာဝက အရိယာကို စေတီတည်ထိုက်၏။

     ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား တရားစောင့်သော ထိုတရားမင်း (=စကြဝတေး)၏ စေတီတည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုလူတို့သည် ထိုစေတီ၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ



၄၄၅

စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်၏။

     ချစ်သားအာနန္ဒာ.. စေတီတည်ထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆိုအပ်ပြီးသော လေးမျိုးတို့ပေတည်း။

     ဤကား အရှင်အာနန္ဒာမထေရ်က အသေးစိတ် မေးလျှောက်၍ မြတ်စွာဘုရားရှင်က အသေးစိတ် ဖြေကြားတော်မူပုံတည်း။

(ဤ၌ မေးဖွယ်ရှိသည်မှာ- “မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် အိမ်ရာတည်ထောင် လူ့ဘောင်၌နေ၍ စုတေသေလွန်သော စကြဝတေးမင်း၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူ၍ သီလဝန္တ ပုထုဇန် ရဟန်း၏ အတွက်မူ အဘယ့်ကြောင့် စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မမူပါသနည်း”ဟု မေးဖွယ်ရှိ၏။

အဖြေကား- “အံ့ဩဖွယ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ”ဟု အကျဉ်းဖြေရာ၏။ အကျယ်ကား- သီလဝန္တ ပုထုဇန် ရဟန်းတို့အတွက် စေတီကို ခွင့်ပြုတော်မူအပ်လျှင် (အခြားဌာနကို မဆိုထားဘိဦး) သီဟိုဠ်ကျွန်းမှာပင် စေတီတို့၏နေရာ မရှိလောက်အောင်ပင် မြားမြောက်လေရာ၏၊ အခြားဌာနတို့၌လည်း ထို့အတူပင်တည်း။ သို့ရကား သီလဝန္တပုထုဇန် ရဟန်းတို့အတွက် စေတီကို ခွင့်ပြုတော်မူခဲ့လျှင် စေတီတော်တွေ အလွန့်အလွန် များနေ၍ ထိုစေတီများမှာ အံ့ဩဖွယ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ။ စကြဝတေးမင်းကား တဦးတည်းသာဖြစ်၍ ထိုစကြဝတေးမင်း၏ စေတီသည် အံ့ဩဖွယ် ဖြစ်နိုင်လေသည်၊ ထို့ကြောင့် စကြဝတေးမင်း၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူသည်။ သီလဝန္တပုထုဇန် ရဟန်းအတွက် စေတီတည်ထိုက်မှုကို ခွင့်မပြုအပ်သော်လည်း ထိုပုထုဇန် သီလဝန္တရဟန်းအား ပရိနိဗ္ဗာန်စံလွန်သော ရဟန်းအားကဲ့သို့ပင် ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုရန် သင့်လှ အပ်စပ်လှသည်သာဖြစ်၏။ ဤကား အဖြေတည်း)။

အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများ

     ထိုသို့ မြတ်စွာဘုရားရှင်က မေးလျှောက်အပ်သမျှကို အသေးစိတ် ဖြေကြားတော်မူပြီးသောအခါ အရှင်အာနန္ဒာမထေရ်သည်—



၄၄၆

“မြတ်စွာဘုရားသည် ငါ့အား သံဝေဂရစေမည့် ဌာနလေးပါးကိုလည်း ဟောကြားအပ်ပြီးပြီ၊ စေတီတော်ကို ဖူးမြော်ရန် လှည့်လည်ခြင်း၏ အကျိုးရှိသော အဖြစ်ကိုလည်း ဟောကြားအပ်ပြီးပြီ၊ မာတုဂါမများအပေါ်၌ ကျင့်သုံးရန်နှင့်စပ်၍ မေးမြန်း လျှောက်ထားချက်ကိုလည်း ဖြေကြားအပ်ပြီးလေပြီ၊ ကိုယ်တော်မြတ်၏ ဥတုဇရုပ်ကလာပ်တော်၌ စီမံပူဇော်ရမည့် လုပ်ငန်းရပ်များကိုလည်း ဟောကြားအပ်ပြီးလေပြီ၊ စေတီထိုက်သည့် ပုဂ္ဂိုလ်လေးမျိုးတို့ကိုလည်း ဟောကြားအပ်ပြီးလေပြီ၊ ဧကန်ပင် ယနေ့ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်”-

ဟု ဆင်ခြင် စဉ်းစားလေသည်။ ထိုသို့ ဆင်ခြင်စဉ်းစားသော အရှင်အာနန္ဒာ၏ စိတ်သန္တာန် (=စိတ်အစဉ်)ဝယ် အားကြီးသော နှလုံးမချမ်းသာမှု (=စိတ်မချမ်းသာမှု) ဖြစ်လေသည်၊ ထိုအခါ မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရား၏အနီး၌ ငိုကြွေးခြင်းသည် အလွန် မချမ်းသာဖွယ် ဖြစ်သည်၊ သို့ရကား တနေရာသို့ သွားရောက်၍ ငါ၏ နှလုံးပူပန်မှုကို ပါးအောင် ပြုရတော့မည်”ဟု အကြံအစည် ဖြစ်ပြီးနောက် အရှင်အာနန္ဒာသည် *ကျောင်းတွင်းသို့ ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် “ငါသည် သိက္ခာသုံးပါး အကျင့်တရားကို ကျင့်နေဆဲ (=သေက္ခ)ပုဂ္ဂိုလ်မျှသာဖြစ်၍ အထက်မဂ်သုံးပါးအလိုငှါ ပြုဖွယ်ကိစ္စ ရှိချေသေး၏၊ ငါ့အား အစဉ်သနား စောင့်ရှောက်တော်မူသော ဆရာသခင် မြတ်စွာဘုရားရှင်သည်လည်း မကြာခင် ပရိနိဗ္ဗာန် စံတော်မူပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ သည်းစွာငိုကြွေးလျက် ရပ်တည်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. အာနန္ဒာ အဘယ်မှာနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က “မြတ်စွာဘုရား.. ဤအရှင်အာနန္ဒာသည် ကျောင်းတွင်းသို့ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် ‘ငါသည် သိက္ခာသုံးပါး အကျင့်တရားကို ကျင့်နေဆဲ (=သေက္ခ) ပုဂ္ဂိုလ်မျှသာဖြစ်၍ အထက်မဂ်သုံးပါးအလိုငှါ


* ဤ၌ ကျောင်းဟူသည် ညီမူရာ တန်ဆောင်းဝန်းကို ဆိုလိုသည်။



၄၄၇

ပြုဖွယ်ကိစ္စရှိချေသေး၏၊ ငါ့အား အစဉ်သနား စောင့်ရှောက်တော်မူသော ဆရာသခင် မြတ်စွာဘုရားရှင် သည်လည်း မကြာခင် ပရိနိဗ္ဗာန် စံတော်မူပေလိမ့်မည်’ဟု ငိုကြွေးလျက် ရပ်တည်နေပါသည်”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် ရဟန်းတပါးကို “ရဟန်း.. သွားလော့၊ သင်သည် ငါဘုရား၏စကားဖြင့် ‘ငါ့ရှင်အာနန္ဒာ.. သင့်ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၏”ဟု အာနန္ဒာကို ခေါ်ချေလော့’ဟု မိန့်တော်မူ၏။

     ထိုရဟန်း၏ သွားရောက် ခေါ်ငင်ချက်အရ အရှင်အာနန္ဒာ မထေရ်သူမြတ် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ လျောက်ပတ်သောနေရာ၌ ထိုင်နေလတ်သော် မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို-

“တန်တော့ ချစ်သားအာနန္ဒာ.. မစိုးရိမ် မပူဆွေးလင့်၊ မငိုကြွေးလင့်၊ ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်ကွဲကွဲကွာခြင်း = နာနာဘာဝ, သေကွဲ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်လော။ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မြတ်စွာဘုရား၏ ကိုယ်တော်ပင် ဖြစ်လင့်ကစား “မပျက်စီးပါစေလင့်”ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိချေ။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် မြတ်စွာဘုရား၏ စီးပွါး,ချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ များပြားစွာသော မေတ္တာကာယကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ၊ မြတ်စွာဘုရား၏ စီးပွါး,ချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ



၄၄၈

များပြားစွာသော မေတ္တာဝစီကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ၊ မြတ်စွာဘုရား၏ စီးပွါးချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ များပြားစွာသော မေတ္တာမနောကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ။ ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် ကုသိုလ်ကောင်းမှုကို များစွာပင် ပြုပြီးသူဖြစ်၏။ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့၊ လျင်စွာပင် ရဟန္တာဖြစ်ပေလိမ့်မည်”–

ဟု သောကပျောက်ရေး အားပေးတရား ဟောကြားတော်မူလေ၏။

(ဤ၌။ ။အရှင်အာနန္ဒာ၏ မြတ်စွာဘုရားရှင်အပေါ်၌ ပြုအပ်သော မေတ္တာကာယကံ- ဟူသည်မှာ မေတ္တာရှေ့ထား၍ ပြုလုပ်အပ်သော မျက်နှာသစ်တော်ရေ, ဒန်ပူ ဆက်ကပ်ခြင်း-စသော ကာယကံမှု အားလုံးတည်း။ မေတ္တာဝစီကံ- ဟူသည်မှာ မေတ္တာရှေ့ထား၍ မျက်နှာတော်သစ်ရန် အချိန်တန်ပါပြီဘုရား- စသည်ဖြင့် လျှောက်ထားခြင်းစသော ဝစီကံမှု အားလုံးတည်း။

တနည်းကား- အဆုံးအမ ဩဝါဒကို ကြားနာရ၍ “သာဓု ဘန္တေ = သာဓုပါ မြတ်စွာဘုရား..”ဟု လျှောက်ထားခြင်းသည်လည်း မေတ္တာဝစီကံသာလျှင် ဖြစ်၏။ မေတ္တာမနောကံ- ဟူသည်မှာ စောစောထ၍ ကိုယ်လက်သုတ်သင်ပြီးလျှင် ဆိတ်ငြိမ်ရာ၌ ထိုင်နေလျက် “မြတ်စွာဘုရားသည် အနာရောဂါ ကင်းတော်မူပါစေ၊ ဖောက်ပြန်ပျက်စီးခြင်း ကင်းတော်မူပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတော်မူပါစေ”ဟု ဖြစ်စေအပ်သော မနောကံတည်း)။

     ထို့နောက် မြတ်စွာဘုရားရှင်သည် တနေရာရာ၌ ခေါက်လိပ်၍ တည်နေသော မဟာပထဝီမြေကြီးကို ဖြန့်လိုက်သော ယောက်ျားကဲ့သို့၎င်း, တွန့်လိပ်၍ တည်နေသော ကောင်းကင်ကြီးကို ချဲ့ထွင်သော ယောက်ျားကဲ့သို့၎င်း, ယူဇနာပေါင်း တသိန်း ခြောက်သောင်း လေးထောင် အစောက်ရှိသော စကြဝဠာတောင်ကြီးကို



၄၄၉

အောက်သို့ သက်စေသော ယောက်ျားကဲ့သို၎င်း, ယူဇနာပေါင်း တသိန်း ခြောက်သောင်း ရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်မင်းကို မြှောက်ချီသော ယောက်ျားကဲ့သို့၎င်း, ယူဇနာတရာ အမြင့်အပြန့်ရှိသော ဇမ္ဗုသပြေပင်ကို ပင်စည်၌ကိုင်၍ လှုပ်လိုက်သော ယောက်ျားကဲ့သို့၎င်း အရှင်အာနန္ဒာမထေရ်၏ ဂုဏ်ကျေးဇူးစကားကို ဟောကြားတော်မူလိုရကား ရဟန်းတို့ကို-

“ရဟန်းတို့.. ရှေးကာလ၌ ပွင့်တော်မူကြသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့၏ အလုပ်အကျွေးတို့သည်လည်း ငါဘုရား၏ အလုပ်အကျွေးဖြစ်သူ အာနန္ဒာကဲ့သို့သာ ဂုဏ်ကျေးဇူးအတိုင်းအရှည် ရှိခဲ့ကြလေပြီ။

ရဟန်းတို့.. နောက်ကာလ၌ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့၏ အလုပ်အကျွေးတို့သည်လည်း ငါဘုရား၏ အလုပ်အကျွေးဖြစ်သူ အာနန္ဒာကဲ့သို့သာ ဂုဏ်ကျေးဇူးအတိုင်းအရှည် ရှိကြလိမ့်မည်။

ရဟန်းတို့.. အာနန္ဒာသည် ပညာရှိပေ၏၊ ထက်မြက်သောဉာဏ် ရှိပေ၏။ ‘ဤအခါကား မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရဟန်းတို့ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ရဟန်းမိန်းမတို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ဥပါသကာ ( ဒါယကာ)တို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ဥပါသိကာ (ဒါယိကာမ)တို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား မင်းနှင့် အမတ်ကြီးတို့ တိတ္ထိနှင့် တိတ္ထိတပည့်ကို ချဉ်းကပ်ရန် အခါတည်း’ဟု သိပေ၏။ ။(ဤစကားရပ်ဝယ် ပစ္စုပ္ပန်အနေအားဖြင့် အခြားစကြဝဠာတိုက်၌ အစိန္တေယျ မြတ်စွာဘုရားမှတပါး အခြားဘုရားတဆူ ပွင့်ထွန်းနေဆဲ မရှိသောကြောင့်



၄၅၀

‘ရဟန်းတို့.. ယခုအခါ ပွင့်တော်မူကြဆဲဖြစ်သည့်’- အစရှိသော ပစ္စုပ္ပန္နဝါရကို မဟောအပ်သတည်း)။

အရှင်အာနန္ဒာ၏ အံ့ဖွယ်ဂုဏ်လေးပါး

ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ် ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-

(၁) ရဟန်းတို့.. ရဟန်းပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏၊ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

(၂) ရဟန်းတို့.. ရဟန်းမိန်းမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းမိန်းမ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

(၃) ရဟန်းတို့.. ဥပါသကာ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင်

၄၅၁

ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသကာ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

(၄) ရဟန်းတို့.. ဥပါသိကာ ဒါယိကာမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသိကာ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော အံ့ဖွယ်ဂုဏ်တို့ကား ဤလေးပါးတို့တည်း။ (မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကား မပြီးဆုံးသေးပါ)။

(ဤ၌။ ။ဘုရားဖူးရန် လာရောက်ကြသော ပရိသတ်လေးပါးလုံးပင် ရှင်အာနန္ဒာထံသို့ လာရောက်ကြလေသည်။ ထို့ပြင်လည်း “အရှင်အာနန္ဒာသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ကို ဆောင်တော်မူသတဲ့၊ အဆင်းတော်တင့်တယ် ရှုချင်ဖွယ် ရှိသတဲ့၊ ဗဟုသုတများကြွယ် သံဃာကို တင့်တယ်တော်မူစေသတဲ့” ဤသို့ အစရှိသည်ဖြင့် အရှင်အာနန္ဒာမထေရ်၏ ဂုဏ်သတင်းတို့ကို ကြား၍လည်း လာရောက်ကြလေသည်။ ထိုပရိသတ် အားလုံးပင် ရှင်အာနန္ဒာမထေရ်ကို တွေ့မြင်ကြရသောအခါ “ငါတို့၏ အကြားနှင့် လက်တွေ့မျက်တွေ့ ညီညွတ်ပါပေသည်”ဟု နှစ်သက်ဝမ်းမြောက်ကြလေသည်။ ။တရားဟောမှု ဟူသည်မှာလည်း ပဋိသန္ထာရ = အစေ့အစပ် တရားစကားဖြစ်သည်။ အရှင်အာနန္ဒာ မထေရ်သူမြတ်သည် မိမိထံမှောက် ရောက်ရှိလာသော ရဟန်းပရိသတ်ကို “ငါ့ရှင်.. ခံ့ကျန်းပါ၏လော၊ ဣရိယာပထ



၄၅၂

မျှတပါ၏လော၊ ယောနိသော မနသိကာရဖြင့် ရဟန်းတို့အလုပ်ကို အားထုတ် ကျင့်ကြံနိုင်ပါ၏လော၊ ဆရာဥပဇ္ဈာယ်တို့အပေါ်၌ ပြုဖွယ်ရှိသော ဝတ်များကို ဖြည့်စွမ်းနိုင်ကြပါ၏လော”- ဤသို့စသည်ဖြင့် ပဋိသန္ထာရ = အစေ့အစပ် တရားစကား မိန့်ကြားတော်မူလေသည်။ ဘိက္ခုနီပရိသတ်၌ ထို့ထက်ထူး၍ “နှမတို့.. ဂရုဓံရှစ်ပါး တရားတို့ကို ဆောက်တည်၍ ကျင့်ကြပါ၏လော”ဟု ပဋိသန္ထာရ = အစေ့အစပ်စကား မိန့်ကြားတော်မူလေသည်။ ဥပါသကာ ဒါယကာတို့ မိမိထံမှောက် လာရောက်ကြလျှင် “ဒါယကာ.. သင်၏ ဦးခေါင်း, အင်္ဂါ မနာကျင်ပဲ ရှိပါ၏လော၊ သင်၏ သား သမီး ညီများ ရောဂါဘယ ကင်းရှင်းကြပါ၏လော”ဟု ဤကဲ့သို့ ပဋိသန္ထာရအမှုကို ပြုတော်မမူ၊ စင်စစ်သော်ကား “ဒါယကာတို့.. သရဏဂုံသုံးပါး ငါးပါးသီလတို့ကို လုံခြုံအောင် စောင့်ရှောက်ကြပါ၏လော၊ တလလျှင် ရှစ်ကြိမ်ကျ ဥပုသ်သီတင်း စောင့်သုံးခြင်းအမှုကို ပြုကြပါ၏လော၊ မိဖတို့အပေါ်၌ ပြုစုလုပ်ကျွေးခြင်း ကျင့်ဝတ်ကို ဖြည့်ကျင့်ကြပါ၏လော၊ တရားစောင့်သော ရဟန်း,ပုဏ္ဏား သူမြတ်များကို ပြုစုလုပ်ကျွေးကြပါ၏လော” ဤကဲ့သို့သာ ဥပနိသိန္နကထာ = အနီးသို့ လာရောက်ဆည်းကပ်သူတို့အား ဟောကြားမြဲ တရားစကား မိန့်ကြားတော်မူလေသည်။ ဥပါသိကာ ဒါယိကာမတို့ လာလျှင်လည်း ထိုနည်းအတူပင်တည်း။)

စကြဝတေးမင်း၏ အံ့ဖွယ်ဂုဏ်လေးပါး

ရဟန်းတို့.. စကြဝတေးမင်း၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ်ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ ဟူသည်မှာ-

(၁) ရဟန်းတို့.. မင်းပရိသတ်သည် အကယ်၍ စကြဝတေးမင်းကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ စကြဝတေးမင်းသည် အကယ်၍ စကားပြောလျှင် ယင်းသို့ ပြောဆိုအပ်သော စကားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. စကြဝတေးမင်းသည် စကားပြောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် မင်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။



၄၅၃

(၂) ရဟန်းတို့.. ပုဏ္ဏားပရိသတ်သည် ၊(ပ)၊

(၃) ရဟန်းတို့.. သူဌေးသူကြွယ် ပရိသတ်သည် ၊(ပ)၊

(၄) ရဟန်းတို့.. သူတော်သူမြတ် ပရိသတ်သည် အကယ်၍ စကြဝတေးမင်းကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ စကြဝတေးမင်းသည် အကယ်၍ စကားပြောလျှင် ယင်းသို့ ပြောဆိုအပ်သော စကားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. စကြဝတေးမင်းသည် စကားပြောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် သူတော်သူမြတ် ပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။ (ဤလေးပါးတို့ပင်တည်း)။

ရဟန်းတို့.. ဤအတူပင် အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ်ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-

(၁) ရဟန်းတို့.. ရဟန်းပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

(၂) ရဟန်းတို့.. ရဟန်းမိန်းမ ပရိသတ်သည် ၊(ပ)၊

(၃) ရဟန်းတို့.. ဥပါသကာ ဒါယကာ ပရိသတ်သည် ၊(ပ)၊

၄၅၄

(၄) ရဟန်းတို့.. ဥပါသိကာ ဒါယိကာမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသိကာ ဒါယိကာမ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။

ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော အံ့ဖွယ်ဂုဏ်တို့ကား ဤလေးပါး တို့တည်း”-

ဟု မိန့်တော်မူ၏။

(ဤစကားရပ်ဖြင့် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို စကြဝတေးမင်းနှင့် ဥပမာပြုတော်မူသည်။ ထိုစကားရပ်ဝယ် စကြဝတေးမင်းထံ ချဉ်းကပ်လာသော မင်းပရိသတ်အရ အဘိသိက်သွန်းပြီးသောမင်း, အဘိသိက် မသွန်းရသေးသောမင်း အားလုံးကိုပင် ယူရမည်။ ထိုမင်းတို့သည် “စကြဝတေးမင်းကား ရုပ်ဆင်းတင့်တယ် ရှုချင်ဖွယ် ကြည်ညိုဖွယ်ရှိလျက် ကောင်းကင်ဖြင့် လှည့်လည်ကာ ပြည်ရေးပြည်ရာများကို ဆုံးမစီရင်တော်မူသည့် တရားကိုစောင့်သော ဓမ္မရာဇ်မင်း ဖြစ်သတဲ့”ဟူသော စကြဝတေးမင်း၏ ဂုဏ်ကျေးဇူးကို ကြားကြ၍ လာရောက် ဖူးမြော်ကြသည်တွင် “အကြားနှင့်အမြင် ညီညွတ်ပါပေသည်”ဟု နှစ်သက်ဝမ်းမြောက်ကြလေသည်။

စကြဝတေးမင်းသည် မင်းပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အမောင်တို့.. အသို့နည်း (=ဘယ့်နှယ်လဲ) ရာဇဓံဆယ်ပါး မင်းကျင့်တရားကို ဖြည့်စွမ်းကြပါ၏လော၊ ရာဇပဝေဏီ အစဉ်အဆက်ကို မပျက်ရအောင် စောင့်ရှောက်ကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ ပုဏ္ဏားပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “ဆရာတို့.. အသို့နည်း (=ဘယ့်နှယ်လဲ) ဗေဒင်ကျမ်းများကို ပို့ချကြရပါ၏လော၊ ဆရာတို့ထံ အန္တေဝါသိက တပည့်များသည်

၄၅၅

ဗေဒင်ကျမ်းများကို သင်ကြားကြပါ၏လော၊ အလှူကို၎င်း, အဝတ်သစ်တို့ကို၎င်း, (အညိုအဝါရောင်) ကြောင်သော နို့စားနွားမများကို၎င်း ရကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ သူဌေးသူကြွယ် ပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အမောင်တို့.. အသို့နည်း (=ဘယ့်နှယ်လဲ) အမောင်တို့အဖို့ရာ မင်းမျိုးများမှ မတရားဒဏ်ဖြင့်ဖြစ်စေ မတရားသော အခွန်အတုတ်ဖြင့်ဖြစ်စေ နှိပ်စက်ညှဉ်းပန်းခြင်း ကင်းပါ၏လော၊ အချိန်မှန်မှန် မိုးရွာသွန်းပါ၏လော၊ ကောက်စပါးများကော သန်ထွားကုံလုံ ပြည့်စုံကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ သူတော်သူမြတ် ပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အရှင်တို့.. အသို့နည်း၊ ရဟန်းတို့ အသုံးအဆောင်များ ရလွယ်ကြပါ၏လော၊ ရဟန်းတရား၌ မမေ့မလျော့ပဲ နေနိုင်ကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်)။

မဟာသုဒဿနသုတ်ကို ဟောတော်မူခြင်း

     ဤသို့ မြတ်စွာဘုရား (အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများကို) မိန့်ကြားတော်မူပြီးလတ်သော် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ကျေးတောကျ၍ မြို့လက်မျှသာဖြစ်သော ဤ(ကုသိနာရုံ) မြို့သိမ် မြို့ငယ်၌ ပရိနိဗ္ဗာန် စံတော်မမူပါလင့်၊ မြတ်စွာဘုရား.. အခြားတပါးသော စမ္ပာပြည် ရာဇဂြိုဟ်ပြည် သာဝတ္ထိပြည် သာကေတပြည် ကောသမ္ဗီပြည် ဗာရာဏသီပြည်ကြီးတို့သည် ရှိကြပါကုန်၏၊ ထိုပြည်ကြီးများ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါ။ ထိုပြည်ကြီးများ၌ ရှင်တော်ဘုရားကို အလွန်ကြည်ညိုကြသည့် မင်းသူဌေး ပုဏ္ဏားသူဌေး သူကြွယ်သူဌေးတို့သည် များစွာရှိကြပါသည်၊ ထိုသူဌေးများသည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို ခမ်းနားကြီးကျယ်စွာ ပူဇော်ကြပါလိမ့်မည်”—

ဟု လျှောက်ထားလေ၏။



၄၅၆

     ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာ မထေရ်ကို “ချစ်သားအာနန္ဒာ.. ‘ကျေးတောကျ၍ မြို့လက်မျှသာဖြစ်သော မြို့သိမ်မြို့ငယ်’ဟု ဤသို့ မဆိုလင့်၊ ချစ်သားအာနန္ဒာ.. ဤသို့ မဆိုလင့်။

     ချစ်သားအာနန္ဒာ.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒြာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော မဟာသုဒဿန စကြဝတေးမင်းသည် ရှိ၏၊ ထိုမင်းသည် ရန်အပေါင်းကို အောင်နိုင်လျက် တိုင်းနိုင်ငံကို တည်ငြိမ်စေသည့်ပြင် (စကြဝတေးမင်းတို့ဆိုင်ရာ) ရတနာခုနစ်ပါးနှင့် ပြည့်စုံ၏။ ချစ်သားအာနန္ဒာ.. ဤကုသိနာရုံမြို့သည် ထိုစဉ်အခါက မဟာသုဒဿန စကြာမင်း၏ ကုသာဝတီ အမည်ရှိသော နေပြည်တော် ဖြစ်ခဲ့ဘူး၏။ အရှေ့အနောက် အလျား တဆယ့်နှစ်ယူဇနာ ရှိ၏၊ တောင်မြောက် အနံ ခုနစ်ယူဇနာရှိ၏။

     ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏။ များသော လူဦးရေရှိ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်း၏။ အစားအစာ ပေါများ၏။ ချစ်သားအာနန္ဒာ.. ဥပမာအားဖြင့် ဝေဿဝဏ်နတ်မင်း၏ အာဠကမန္ဒာမည်သော နတ်မြို့တော်သည် ပြည့်စုံကြွယ်ဝသကဲ့သို့, စည်ပင်ဝပြောသကဲ့သို့, များသော နတ်ဦးရေ ရှိသကဲ့သို့, နတ်ဘီလူးမျိုးစုံတို့ဖြင့် ပြွမ်းသကဲ့သို့, အစားအစာ ပေါများသကဲ့သို့ ချစ်သားအာနန္ဒာ.. ဤအတူပင် ကုသာဝတီ နေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသော လူဦးရေရှိ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်း၏၊ အစားအစာ ပေါများ၏။

     ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် ဆင်သံ, မြင်းသံ, ရထားသံ, စည်ကြီးသံ, မုရိုးစည်သံ, စောင်းသံ, သီချင်းသံ, ခရုသင်းသံ, စည်းဝါးသံ (ကြေးနင်း ခွက်ခွင်းသံ), “စားလှည့်ပါ သောက်လှည့်ပါ ခဲလှည့်ပါ-ဟု ဖိတ်မန္တကပြုသော” = ဖိတ်ခေါ်သံ ဖိတ်ကြားသံ = ဤအသံ ဆယ်မျိုးတို့ဖြင့် နေ့ရောညဉ့်ပါ မစဲ မဆိတ်သည်သာဖြစ်၏။



၄၅၇

(ဤ၌။ ။အခြားသော မြို့များ၌ “အမှိုက်စွန့်ကြကုန်လော့၊ ပေါက်တူး ယူကြကုန်လော့၊ ခြင်းတောင်း ယူကြကုန်လော့၊ အရပ်တပါး သွားကြကုန်စို့ ၊ ဆန်ထုပ်ကို ယူကြကုန်လော့၊ ထမင်းထုပ်ကို ယူကြကုန်လော့၊ ကာ, လက်နက်များကို စစ်တိုက်သွားရန် ပြင်ဆင်ကြကုန်လော့”- ဤသို့သော အမင်္ဂလာအသံတို့သာ ဖုံးအုပ်၍နေ၏၊ ကုသာဝတီ နေပြည်တော်၌ကား ထိုကဲ့သို့ မဟုတ်ချေ။ “စားလှည့်ပါ သောက်လှည့်ပါ ခဲလှည့်ပါ”- ဤသို့အစရှိသော ဖိတ်မန္တကပြုသည့် မင်္ဂလာရှိသော အသံတို့ဖြင့်သာ နေ့ရောညဉ့်ပါ မစဲမဆိတ်သည်သာလျှင် ဖြစ်၏ဟု ဆိုလိုသည်)။

     ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် တံတိုင်းခုနစ်ထပ်တို့ဖြင့် ရံအပ်ပေ၏”- ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားရှင်သည် နှစ်ဘာဏဝါရ အတိုင်းအရှည်ရှိသော မဟာသုဒဿန သုတ္တန်ကြီးကို (အကျယ်ကို သုတ်မဟာဝါပါဠိတော် မြန်မာပြန်၌ ကြည့်ရှုလေ) ဟောကြား ပြီးဆုံးစေတော်မူပြီးလျှင် အရှင်အာနန္ဒာ မထေရ်မြတ်ကို-

“ချစ်သားအာနန္ဒာ.. သင်သွားချေလော့၊ ကုသိနာရုံပြည်သို့ ဝင်ပြီးလျှင် ‘ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ဖြစ်ပေလိမ့်မည်။ ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. လာကြကုန်လော့၊ လာကြကုန်လော့။ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပါလျက် ငါတို့သည် နောက်ဆုံးကာလ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောက်အခါ နှလုံးမသာ မဖြစ်ကြကုန်လင့်’ဟူ၍ ကုသိနာရုံပြည်သား မလ္လမင်းတို့အား ပြောကြားချေလော့”-

ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် အဖော်ရဟန်းတပါးနှင့် အတူတကွ ကုသိနာရုံပြည်သို့ ဝင်လေ၏။

(ဤ၌- “မြတ်စွာဘုရား ကြွရောက်တော်မူလာကြောင်းကို ထိုမလ္လမင်းတို့ မသိကြဘူးလား”ဟု မေးဖွယ်ရှိ၏။ အဖြေကား- မသိမဟုတ် သိကြပါ၏။ မြတ်စွာဘုရားရှင်တို့ ရောက်တော်မူလေရာ



၄၅၈

အရပ်ဒေသတိုင်းမှာပင် သဒ္ဓါတရားရှိသော နတ်များ, ဥပါသကာများ၏ ရှေ့မှကြိုကာ ကြီးစွာသော ကြွေးကြော်သံ အုတ်အုတ်ကျက်ကျက်သံသည် ဖြစ်မြဲဓမ္မတာပင်။ သို့သော် မလ္လမင်းတို့ကား တစုံတခုပြုရန် ကိစ္စဖြင့် စည်းဝေးနေကြသောကြောင့် မလာရောက်တည့်နိုင်ပဲ ရှိကြလေသည်။ ထိုအင်ကြင်းဥယျာဉ်အတွင်း၌ မြတ်စွာဘုရားကို ရည်ညွှန်း၍ ဆောက်လုပ်အပ်သောကျောင်း မရှိသောကြောင့်၎င်း, ရဟန်းသံဃာတော် အရေအတွက်ကလည်း များလှသောကြောင့်၎င်း “ထိုမလ္လမင်းများ လာရောက်ကြ၍ ရဟန်းသံဃာအတွက် နေရာထိုင်ခင်း ခင်းကျင်းစီမံ လှူဒါန်းကြလိမ့်မည်”ဟု ဆင်ခြင်တော်မူ၍ ထိုမင်းတို့ထံ အချိန်မဟုတ်သော အကာလ = ညဉ့်အခါ၌သော်လည်း မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို စေလွှတ်တော်မူလေသည်။ ယင်းသို့ စေလွှတ်တော်မူရာမှာလည်း “အဘယ့်ကြောင့် မြတ်စွာဘုရားသည် နောက်ဆုံးအခါ၌ ကိုယ်တော်၏ အကြောင်းအရာ သတင်းစကားကို ငါတို့အား မကြားစေဘိသနည်း”ဟု ထိုမလ္လမင်းတို့ နှလုံးမသာယာမှု မဖြစ်ပါစေလင့်”ဟု ရည်ရွယ်တော်မူ၍ ဖော်ပြရာပါအတိုင်း မှာကြား၍ အရှင်အာနန္ဒာကို သတင်းစကား သွားရောက်ပို့စေတော်မူလေသည်)။

မလ္လမင်းတို့ ရှိခိုးခြင်း

     အရှင်အာနန္ဒာ မထေရ်သူမြတ် ကုသိနာရုံပြည်သို့ ဝင်ကြွသွားတော်မူသောအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့ကား မင်းကိစ္စတခုဖြင့် မင်းကွန်း = လွှတ်တော်ရုံး၌ တစုတရုံးတည်း စုရုံး စည်းဝေးနေဆဲ ဖြစ်ကြသည်။ ထိုအခါ အရှင်အာနန္ဒာသည် မလ္လမင်းတို့၏ လွှတ်တော်ရုံးသို့ ကြွရောက်ပြီးလျှင် မြတ်စွာဘုရားရှင် မှာကြားတော်မူလိုက်သည့်အတိုင်း-

“ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ဖြစ်ပေလိမ့်မည်။ ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. လာကြကုန်လော့၊ လာကြကုန်လော့။ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပါလျက် ငါတို့သည် နောက်ဆုံးကာလ၌ မြတ်စွာဘုရားကို



၄၅၉

ဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောက်အခါ နှလုံးမသာ မဖြစ်ကြကုန်လင့်”—

ဟု မလ္လမင်းတို့အား ပြောကြားတော်မူလေ၏။

     အရှင်အာနန္ဒာမထေရ်၏ စကားကို ကြားကြရလျှင် မလ္လမင်းတို့သည်၎င်း, ထိုမင်းတို့၏ သားသမီး ချွေးမ မိဖုရားတို့သည်၎င်း အလွန် ကြေကွဲဝမ်းနည်းကြလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား”ဟု ဆံပင်တို့ကိုဖြန့်၍ ငိုကြွေးကုန်၏၊ လက်မောင်းတို့ကို မြှောက်၍ ငိုကြွေးကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှု လူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။

     ထိုအခါ မလ္လမင်းတို့သည်၎င်း, ထိုမင်းတို့၏ သားသမီး ချွေးမ မိဖုရားတို့သည်၎င်း အလွန် ကြေကွဲဝမ်းနည်းကြလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ အင်ကြင်းဥယျာဉ်သို့ သွားရောက်ကြကာ အရှင်အာနန္ဒာ မထေရ်ထံသို့ ချဉ်းကပ်ကြလေ၏။ ထိုအခါ အရှင်အာနန္ဒာ၏ စိတ်သန္တာန်ဝယ်-

“ငါသည် ကုသိနာရုံပြည်သား မလ္လမင်းများကို တယောက်စီ တယောက်စီ မြတ်စွာဘုရားရှင်အား ဖူးမြော် ကန်တော့စေလျှင် မလ္လမင်းတို့ ကန်တော့၍ မပြီးသေးမီပင် ဤညဉ့်သည် ကုန်ဆုံးသွားလိမ့်မည်၊ ငါသည် ကုသိနာရုံပြည်သား မလ္လမင်းများကို အမျိုးတူ အစုလိုက် အစုလိုက် ထား၍ ‘မြတ်စွာဘုရား.. ဤမည်သော မလ္လမင်းသည် သားသမီး မိဖုရား အမတ် ပရိသတ်နှင့်တကွ ရှင်တော်ဘုရားကို ခြေတော်ဦးခိုက်လျက် ကန်တော့ပါသည်’ဟု



၄၆၀

လျှောက်ကာ လျှောက်ကာ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့စေရပါမူ ကောင်းလေစွာ့”–

ဟု အကြံဖြစ်ရှိပြီးနောက် အရှင်အာနန္ဒာသည် မိမိကြံစည် ဆင်ခြင်မိသည့်အတိုင်း ကုသိနာရုံပြည်သား မလ္လမင်းများကို အမျိုးတူ အစုလိုက် အစုလိုက်ထား၍ “မြတ်စွာဘုရား.. ဤမည်သော မလ္လမင်းသည် သားသမီး မိဖုရား အမတ် ပရိသတ်နှင့်တကွ ရှင်တော်ဘုရားကို ခြေတော်ဦးခိုက်လျက် ကန်တော့ပါသည်”ဟု လျှောက်ကာ လျှောက်ကာ ကန်တော့စေလေ၏။ ဤနည်းဖြင့် အရှင်အာနန္ဒာသည် ကုသိနာရုံပြည်သား မလ္လမင်းများကို မြတ်စွာဘုရားရှင်အား ရှိခိုးကန်တော့စေရာ ညဉ့်ဦးယံ၌ပင်လျှင် ပြီးဆုံးလေ၏။

သုဘဒ္ဒပရိဗိုဇ်ဝတ္ထု

     ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် ကုသိနာရုံပြည်၌ တည်းခိုနေထိုင်ဆဲရှိ၏။ ထိုသုဘဒ္ဒပရိဗိုဇ်သည် “ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ ရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်လိမ့်မည်”ဟု သတင်းစကား ကြားသိလေ၏။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်၏ စိတ်သန္တာန်ဝယ်-

“အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏-ဟု အသက်အရွယ် ကြီးရင့်ကြသော ဆရာ, ဆရာ့ဆရာဖြစ်ကြသည့် ပရိဗိုဇ်ဆရာကြီးများ ပြောကြားသော စကားကို ငါ ကြားရဘူးသည်။ ယနေ့ညဉ့် သန်းလွဲ ပစ္ဆိမယံ၌ပင်လျှင် ရဟန်းမြတ် ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်ပေလိမ့်မည်။ ငါ့သန္တာန်မှာလည်း ဤယုံမှားတခု ဖြစ်ပေါ်လျက်ရှိ၏။ ‘ဤယုံမှားကို ပယ်ဖျောက်နိုင်အောင် ရဟန်းဂေါတမသည် ငါ့အား တရားဟောခြင်းငှါ စွမ်းနိုင်၏’ဟု



၄၆၁

ငါသည် ရဟန်းမြတ် ဂေါတမအပေါ်၌ အကြွင်းမဲ့ ယုံကြည်၏”-

ဟု အကြံအစည် ဖြစ်လေသည်။

သုဘဒ္ဒ၏ အတိတ်အကြောင်း

     ဤယခု သုဘဒ္ဒပရိဗိုဇ် ဟူသည်မှာ ဥပကနှင့် စာပါတို့၏သား သုဘဒ္ဒလည်း မဟုတ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အရှင်မဟာကဿပ မထေရ်မြတ်ကြီး ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ရဟန်းများစွာဖြင့် ကြွရောက်လာတော်မူသောအခါ နောက်ပါရဟန်းတို့အထဲမှ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ငါတို့ပြုလုပ်လိုရာ လွတ်လပ်စွာ ပြုလုပ်ကြရတော့မည်”ဟု ရိုင်းပြ ရင့်သီးသည့်စကား ပြောကြားသော တောထွက်သုဘဒ္ဒရဟန်းကြီးလည်း မဟုတ်ချေ။ စင်စစ်သော်ကား ဤယခု သုဘဒ္ဒပရိဗိုဇ် ဟူသည်မှာ အလွန်ထင်ရှားသည့် ပုဏ္ဏားသူဌေးမျိုးမှ ပရိဗိုဇ်ရဟန်းပြုသည့် မြတ်စွာဘုရား၏ နောက်ဆုံး ဝေနေယျဖြစ်သော အဝတ်ဝတ်သည့် ပရိဗိုဇ်ရဟန်းတဦး ဖြစ်လေသည်။

     ထိုနောက်ဆုံး ဗုဒ္ဓဝေနေယျဖြစ်သည့် သုဘဒ္ဒပရိဗိုဇ်၏ စိတ်သန္တာန်ဝယ် ဤယနေ့ (ပရိနိဗ္ဗာန် စံတော်မူခါနီး)မှ ကပ်၍ အဘယ့်ကြောင့် ဤဖော်ပြရာပါ အကြံအစည်မျိုး ဖြစ်ရသနည်းဟူမူ နောက်ဆုံးအချိန်မှ အကျွတ်တရားရနိုင်သည့် ဥပနိဿယပစ္စည်း ရှေးကောင်းမှုကို ဆည်းပူးခဲ့သောကြောင့် ဤယနေ့ နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးမှ ဤဖော်ပြရာပါ အကြံအစည် ဖြစ်ရလေသည်။

     ချဲ့ဦးအံ့- ရှေးအခါ ကုသိုလ်ကောင်းမှု ပြုလုပ်ဆည်းပူးစဉ်က ညီအစ်ကိုနှစ်ဦးတို့ ရှိကြလေသည်၊ ထိုညီအစ်ကို နှစ်ဦးသားတို့သည် တပေါင်းတစည်းတည်း ကောက်စပါးကို ပြုလုပ်ကြလေသည်။ ထိုသူနှစ်ယောက်တို့တွင် အစ်ကိုကြီးဖြစ်သူ၏ စိတ်သန္တာန်ဝယ် “တကြိမ် တကြိမ် ပြုလုပ်အပ်သော ကောက်စပါး၌ ငါသည် ကောက်ဦးကိုးကြိမ် အလှူဒါန ပြုသင့်၏”ဟု အကြံဖြစ်ရှိလေသည်။



၄၆၂

အစ်ကိုကြီးဖြစ်သူသည် ထိုသို့ အကြံဖြစ်ရှိသည့်အတိုင်း ကောက်စပါး စိုက်ပျိုးကြဲချသောအခါ မျိုးစပါးထဲမှ အဦးအဖျားကိုယူ၍ မျိုးဦးဒါန ပေးလှူပြီးနောက် ကောက်စပါးပင်များ ကောက်သားဝင်သောအခါ (=ဖုံးသော လုံးသောအခါ) “ငါ့ညီ.. ယခု ကောက်ပင်များ ကောက်သားဝင်သောအခါမှာ ကောက်သားနို့ရည်ကို ဖောက်ထုတ်၍ ကောက်သားဦး အလှူဒါန ပြုကြစို့လား”ဟု တိုင်ပင်စကား ပြောကြားလေသော် ညီဖြစ်သူသည် “အစ်ကိုကြီး.. အစ်ကိုကြီးသည်ကား ကောက်နုကလေးများကို ဖျက်ဆီးလိုဘိ၏တကား”ဟု ကန့်ကွက်စကား ပြောကြားလေ၏။

     အစ်ကိုကြီးဖြစ်သူသည် ညီဖြစ်သူက မိမိအလိုသို့ မလိုက်ပါမည်ကို ကောင်းစွာရိပ်မိ သိရှိ၍ လယ်ခင်းကို တယောက်တဝက်စီ ခွဲဝေပြီးလျှင် မိမိအဖို့ ရရှိသော လယ်ခင်းမှ ကောက်သားကိုခွဲ၍ နို့ရည်ကို ထုတ်ပြီးလျှင် ထောပတ်,ဆီဦးတို့နှင့် ရောစပ်၍ ကောက်သားဦး အလှူဒါနကို ပေးလှူလေသည်။ မုံ့ဆန်းပြုလုပ်လောက်သောအခါ မုံ့ဆန်းအလှူဒါနကို ပေးလှူလေသည်။ ကောက်စပါးတို့ရင့်၍ ရိတ်သောအခါမှာလည်း ရှေးဦးရိတ်သော ကောက်ဆုပ်တို့ကိုယူ၍ ရိတ်ဦးအလှူဒါနကို ပေးလှူလေသည်။ ကောက်လှိုင်း ထုံးဖွဲ့သောအခါမှာလည်း ရှေးဦးစွာ ထုံးဖွဲ့သော ကောက်လှိုင်းများကို ထုတ်ယူ၍ ကောက်လှိုင်းဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်လှိုင်းတို့ကို တပေါင်းတည်း စုပုံသောအခါမှာလည်း အဦးအစကိုယူ၍ ကောက်ပုံဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်ပုံမှထုတ်၍ နယ်သောအခါမှာလည်း နယ်ဦး အလှူဒါနကို ပေးလှူလေသည်။ နယ်ပြီးသော ကောက်စပါးများကို လှေ့ပြီးလျှင် တလင်းအပြင်၌ စပါးပုံပြုလုပ်သော အခါ အဦးအစကိုယူ၍ စပါးပုံဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်နယ်တလင်းမှ ကျီအတွင်းသို့ ထည့်သွင်းသောအခါမှာလည်း အဦးအစကိုယူ၍ ကျီဦးအလှူဒါနကို ပေးလှူလေသည်။ ဤသို့လျှင် အစ်ကိုကြီးဖြစ်သူသည်



၄၆၃

ကောက်စပါး တကြိမ် တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ် ကိုးကြိမ် အဦးဒါနကို လှူဒါန်းလေသည်။

     ညီဖြစ်သော သူသည်ကား မိမိစိုက်ပျိုးအပ်သော ကောက်စပါးများအားလုံး ရိတ်သိမ်းပြီး၍ ကျီအတွင်း သွင်းပြီးနောက်မှ ထိုကျီကြမှထုတ်၍ အလှူဒါန ပြုလေသည်။

     ထိုညီနောင် နှစ်ယောက်တို့တွင် အစ်ကိုကြီးဖြစ်သူသည် ဤဘုရားသာသနာဝယ် အညာသိကောဏ္ဍညမထေရ် ဖြစ်လာလေသည်။ မြတ်စွာဘုရားသည် “အဘယ်သူအား ငါသည် တရားဦး ဟောရပါမည်နည်း”ဟု ဆင်ခြင် ကြည့်ရှုတော်မူလေသော် “အညာသိကောဏ္ဍညသည် ကောက်စပါး တကြိမ်စိုက်ပျိုးရာ၌ ကိုးကြိမ် “အဦးဒါန”ကို ပေးလှူခဲ့သူ ဖြစ်သည်။ ဤဓမ္မစကြာတရားဦးကို အဦးဒါနရှင်ဖြစ်သူ ထိုအညာသိကောဏ္ဍညအား ငါဘုရား ဟောကြားပေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူ၍ သူခပ်သိမ်းတို့၏ အလျင်လက်ဦး ဓမ္မစကြာတရားထူးကို ဟောကြားတော်မူလေသည်။ ထိုအညာသိကောဏ္ဍညသည် ဗြဟ္မာပေါင်း တဆယ့်ရှစ်ကုဋေတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေသည်။

     ညီဖြစ်သောသူသည်ကား နောက်ချန်၍ နောက်ကာလမှ အလှူဒါနကို ပေးလှူသောကြောင့် ဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ သုဘဒ္ဒပရိဗိုဇ်ဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခါနီးမှ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ကြံစည်ဆင်ခြင်မိ၍ မြတ်စွာဘုရားကို ဖူးမြော်ရန် အလိုရှိလာလေသည်။ (ဤကား သုဘဒ္ဒပရိဗိုဇ်၏ အတိတ်အကြောင်း ဝတ္ထုတည်း) (ဒီ ဋ္ဌ ၂၊ မျက်နှာ ၁၇၉-၁၈၀-တို့မှ)

     သုဘဒ္ဒပရိဗိုဇ်သည် ပါရမီကောင်းမှု ကုသိုလ်၏ လှုံ့ဆော်ချက်အရ ထိုသို့ ကြံစည်ပြီးသောအခါ အချိန်ကိုမဆွဲပဲ ထိုခဏမှာပင် အင်ကြင်းဥယျာဉ်သို့ သွားရောက်၍ အရှင်အာနန္ဒာမထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် မထေရ်မြတ်ကို-



၄၆၄

“အို အရှင်အာနန္ဒာ.. အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏-ဟု အသက်အရွယ်ကြီးရင့်ကြသော ဆရာ, ဆရာ့ဆရာဖြစ်ကြသည့် ပရိဗိုဇ်ဆရာကြီးများ ပြောကြားသောစကားကို ကျွန်ုပ် ကြားရဘူးပါသည်။ ယနေ့ညဉ့် သန်းလွဲ ပစ္ဆိမယံ၌ပင်လျှင် ရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်ပေလိမ့်မည်၊ အကျွန်ုပ်၏ သန္တာန်မှာလည်း ဤယုံမှားတခု ဖြစ်ပေါ်လျက် ရှိပါ၏။ ‘ဤယုံမှားကို ပယ်ဖျောက်နိုင်အောင် ရဟန်းမြတ်ဂေါတမသည် ငါ့အား တရားဟောခြင်းငှါ စွမ်းနိုင်၏’ဟု အကျွန်ုပ်သည် ရဟန်းမြတ် ဂေါတမအပေါ်၌ အကြွင်းမဲ့ ယုံကြည်ပါ၏။ အို အရှင်အာနန္ဒာ.. အကျွန်ုပ် တောင်းပန်ပါ၏၊ အကျွန်ုပ်သည် ရဟန်းမြတ်ဂေါတမကို ဖူးမြော်ခွင့် ရပါလိုသည်”–

ဟု တောင်းပန်စကား လျှောက်ထားလေ၏။

     ဤသို့ လျှောက်ထားလေသော် အရှင်အာနန္ဒာ မထေရ်မြတ်သည် “ဤသာသနာပြင်ပ ဗာဟိရက အယူရှိကြသော တိတ္တိတို့မည်သည် မိမိအယူကိုသာ စွဲမြဲစွာ ယူတတ်ကြ၏၊ ထိုသုဘဒ္ဒပရိဗိုဇ်၏ မိစ္ဆာအယူကို စွန့်ပယ်ရန် မြတ်စွာဘုရား တရားများစွာ ဟောကြားတော်မူနေပါလျှင် ကိုယ်တော်မြတ်၏ ကိုယ်နှုတ်ပင်ပန်း နွမ်းနယ်ရုံသာ ရှိပေလိမ့်မည်၊ ဤသုဘဒ္ဒပရိဗိုဇ်သည် မိမိ၏ မိစ္ဆာအယူကို စွန့်ပယ်လိမ့်မည်မဟုတ်၊ မြတ်စွာဘုရားသည်လည်း ပကတိအားဖြင့်ပင် ပင်ပန်း နွမ်းနယ်တော်မူဆဲ ဖြစ်လေသည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် သုဘဒ္ဒပရိဗိုဇ်ကို-

“ငါ့ရှင်သုဘဒ္ဒ.. ခွင့်မပြုနိုင်ပါ။ မြတ်စွာဘုရားသည် ပင်ပန်းတော်မူလျက်ရှိ၏၊ မြတ်စွာဘုရားကို မညှဉ်းဆဲပါလင့်”-

ဟု ပြန်ကြားတော်မူလေ၏။



၄၆၅

     သုဘဒ္ဒပရိဗိုဇ်သည် “ငါ့အား ဤအရှင်အာနန္ဒာသည် ခွင့်မပြုချေ၊ သို့သော် အလိုရှိသောသူ မည်သည်ကား သူ့အလိုလိုက်၍ ပြုလုပ်ထိုက်ပေသည်”ဟု ကြံစည်ပြီးလျှင် နှစ်ကြိမ်မြောက်လည်း ရှေးနည်းအတူ တောင်းပန်စကား လျှောက်ထားလေ၏။ အရှင်အာနန္ဒာမထေရ်သည်လည်း ရှေးနည်းအတူပင် ပြန်ကြားတော်မူလေ၏။ သုံးကြိမ်မြောက်လည်း သုဘဒ္ဒပရိဗိုဇ်သည် ရှေးနည်းအတူ တောင်းပန်စကား လျှောက်ထားပြန်လေသော် ရှေးနည်းအတူပင် အရှင်အာနန္ဒာ မထေရ်သည်လည်း ပြန်ကြားတော်မူလေ၏။

     မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်နှင့် အရှင်အာနန္ဒာ စကားပြောဆိုနေသည်ကို ပကတိနားဖြင့်ပင် ကြားသိတော်မူလေလျှင် သုဘဒ္ဒအတွက်ပင် လုံ့လကြီးစွာဖြင့် ကုသိနာရုံပြည်သို့ ကြွလာတော်မူခဲ့ရခြင်း ဖြစ်သောကြောင့် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. တားမြစ်ရန်မသင့်၊ သုဘဒ္ဒကို မတားမြစ်ပါလင့်။ ချစ်သားအာနန္ဒာ.. သုဘဒ္ဒသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရပါစေလော့။ သုဘဒ္ဒသည် ငါဘုရားကို မေးမြန်းလျှင် ထိုမေးမြန်းသမျှသည် ညှဉ်းဆဲလို၍မဟုတ်ပဲ သိလို၍မေးခြင်းသာ ဖြစ်လိမ့်မည်၊ သူမေးသည်ကို ငါဘုရား ဖြေကြားလိုက်လျှင် ထိုအဖြေကို လျင်မြန်စွာ သူသိပေလိမ့်မည်”-

ဟု မိန့်တော်မူ၏။

     ထိုအခါ အရှင်အာနန္ဒာသည် သုဘဒ္ဒပရိဗိုဇ်ကို “ငါရှင်သုဘဒ္ဒ.. မြတ်စွာဘုရားသည် သင့်အား ခွင့်ပြုတော်မူနေပြီ၊ သွားပေတော့”ဟု ခွင့်ပြုစကား မိန့်ကြားလေ၏။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ဆည်းကပ်၍ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြား၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေလျက် အပြစ်လွတ်ရာနေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ဤသို့ လျှောက်ထား မေးမြန်းလေ၏-



၄၆၆

“အို အရှင်မြတ်ဂေါတမ.. အကြင် သမဏ, ဗြာဟ္မဏ အမည်ခံ ပုဂ္ဂိုလ်တို့သည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံကုန်၏။ ဂိုဏ်းနှင့်လည်း ပြည့်စုံကုန်၏။ ဂိုဏ်းဆရာလည်း ဖြစ်ကြကုန်၏။ ထင်ရှားကျော်စောကုန်၏။ အယူဝါဒ တီထွင်သူတို့ ဖြစ်ကြကုန်၏။ သူတော်ကောင်းဟု လူအများက သမုတ်ထားသူများ ဖြစ်ကုန်၏။ ဤသူတို့ကား အဘယ်သူတို့နည်းဟူမူ (၁) ပူရဏကဿပ (၂) မက္ခလိဂေါသာလ (၃) အဇိတကေသကမ္ဗလ (၄) ပကုဓကစ္စာယန (၅) ဗေလဋ္ဌ၏သား သဉ္စယနှင့် (၆) နာဋ၏သား နိဂဏ္ဌတို့ပင်တည်း။

ထိုသူအားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း တရားအားလုံးကို သိကြပါကုန်သလော၊ သို့မဟုတ် ထိုသူအားလုံးတို့သည်ပင် မိမိတို့ ဝန်ခံချက်အတိုင်း တရားအားလုံးကို မသိကြကုန်သလော၊ သို့မဟုတ် အချို့က သိ၍ အချို့က မသိပဲ ရှိကြပါကုန်သလော”-

ဟု မေးလျှောက်လေ၏။

(ဤ၌- သုဘဒ္ဒ၏ မေးလိုရင်းမှာ- “မြတ်စွာဘုရား.. ပူရဏကဿပ အစရှိသော တိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် အသီးအသီး “ငါတို့ကား သဗ္ဗညူ = ခပ်သိမ်းသောတရားကို သိသူများ ဖြစ်ကြသည်”ဟု ဝန်ခံကြပါသည်။ သူတို့၏ တပည့်ဖြစ်သူ လူအများကလည်း သူတို့ကို တကယ့် သူတော်ကောင်းကြီးများဟု အသိအမှတ် ပြုကြပါသည်။ ထိုတိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် သူတို့၏ ဝန်ခံချက်အတိုင်း တကယ်ပင် ခြောက်ဦးလုံးပင် သဗ္ဗညူဘုရားများ ဖြစ်ကြပါသလော၊ သို့မဟုတ် ခြောက်ဦးလုံးပင် သဗ္ဗညူဘုရား မဟုတ်သူများ ဖြစ်ကြပါသလော၊ သို့မဟုတ် တချို့က သဗ္ဗညူဘုရားဟုတ်၍ တချို့က သဗ္ဗညူဘုရား မဟုတ်သူများ ဖြစ်ကြပါသလော။ ။သဗ္ဗညူဘုရားများ ဖြစ်ခဲ့လျှင် သူတို့ပြအပ်သော အယူဝါဒ တရားစကားများသည် သံသရာဝဋ်မှ ထွက်မြောက်စေတတ်သည့် နိယျာနိက တရားများသာ ဖြစ်ရပါမည်၊ ထိုသူတို့ ဟောပြအပ်သော အယူဝါဒ တရားစကားများသည် အားလုံးပင် နိယျာနိကတရားချည်း ဖြစ်ပါသလော၊ သို့မဟုတ်



၄၆၇

အားလုံးပင် နိယျာနိကတရား မဟုတ်သည်ချည်း ဖြစ်ပါသလော၊ သို့မဟုတ် တချို့တရားက နိယျာနိက တရားဖြစ်၍ တချို့တရားက နိယျာနိကတရားမဟုတ်ပဲ ရှိပါသလော-ဟု မေးလျှောက်လိုရင်း ဖြစ်သည်)။

     ထိုသို့ မေးလျှောက်သောအခါ မြတ်စွာဘုရား၏ ကုသိနာရုံပြည်သို့ ကြွလာတော်မူခြင်းကပင် “ပဌမယံ၌ မလ္လမင်းတို့အား တရားဟောမည်၊ ပြီးလျှင် မဇ္ဈိမယံ၌ သုဘဒ္ဒအား တရားဟောမည်၊ ပြီးလျှင် ပစ္ဆိမယံ၌ ရဟန်းသံဃာကို အဆုံးအမ = ဩဝါဒပေး၍ မိုးသောက်အားကြီး လင်းခါနီး၌ ငါဘုရား ပရိနိဗ္ဗာန်စံမည်”ဟူသော ရည်ရွယ်တော်မူချက်ဖြင့် ကြွလာတော်မူခြင်း ဖြစ်ရကား ထိုတိတ္ထိဂိုဏ်းဆရာကြီးတို့တရား၏ နိယျာနိကတရား မဟုတ်ကြောင်း ဟောပြသဖြင့် သုဘဒ္ဒအရာ တစုံတရာ အကျိုးရှိမည် မဟုတ်သောကြောင့်၎င်း, ထိုသို့ဟောပြနေရန် အချိန်အခါ အခွင့်ပင် မရှိတော့သောကြောင့်၎င်း မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်ကို တကယ်ပင် သံသရာဝဋ်မှ ကျွတ်လွတ်စေမည့် အဋ္ဌကမဂ် တည်းဟူသော မဇ္ဈိမပဋိပဒါ တရားဒေသနာကို ဟောပြတော်မူလိုသည်ဖြစ်၍-

“ချစ်သားသုဘဒ္ဒ.. မမေးလင့်၊ ‘ထိုသူအားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း တရားအားလုံးကို သိကြပါကုန်သလော၊ သို့မဟုတ် ထိုသူအားလုံးတို့သည်ပင် မိမိတို့ ဝန်ခံချက်အတိုင်း တရားအားလုံးကို မသိကြကုန်သလော၊ သို့မဟုတ် အချို့ကသိ၍ အချို့ကမသိပဲ ရှိကြပါကုန်သလော’ဟူသော ဤအမေးကို လွတ်ရာဖယ်ရှား ထားလိုက်ဦးလော့။

ချစ်သားသုဘဒ္ဒ.. သင့်အား ငါဘုရားသည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကိုသာလျှင် ဟောအံ့၊ ထိုတရားကို သင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”-



၄၆၈

ဟု မိန့်တော်မူ၍ သုဘဒ္ဒပရိဗိုဇ်က “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သော တရားစကားကို ဟောကြားတော်မူလေ၏-

“ချစ်သားသုဘဒ္ဒ.. အကြင် ဓမ္မဝိနယ (=တရားသဖြင့် ဆုံးမရာ) သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် မရှိ၊ ထိုအရိယမဂ်တရား မရှိသော သာသနာ၌ သောတာပန် ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် ရဟန္တာ ရဟန်းသည်လည်း မရှိ။

ချစ်သားသုဘဒ္ဒ.. အကြင်ဓမ္မဝိနယ (=တရားသဖြင့် ဆုံးမရာ) သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် ရှိ၏။ ထိုအရိယမဂ်တရားရှိသော သာသနာ၌ သောတာပန် ရဟန်းသည်လည်း ရှိ၏။ ဒုတိယအဆင့် သကဒါဂမ် ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်လည်း ရှိ၏။ စတုတ္ထအဆင့် ရဟန္တာရဟန်းသည်လည်း ရှိ၏။

ချစ်သားသုဘဒ္ဒ.. ငါဘုရား၏ တရားသဖြင့် ဆုံးမရာ ဤဓမ္မဝိနယ သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် ထင်ရှားရှိပေ၏၊ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် သောတာပန်ရဟန်းသည် ရှိပေ၏၊ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် ဒုတိယအဆင့် သကဒါဂါမ်ရဟန်းသည် ရှိပေ၏။ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် တတိယအဆင့် အနာဂါမ်ရဟန်းသည် ရှိပေ၏။ ဤအရိယမဂ်တရား ထင်ရှားရှိရာ



၄၆၉

ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် စတုတ္ထအဆင့် ရဟန္တာရဟန်းသည် ရှိပေ၏။

ဤငါဘုရား၏ ဓမ္မဝိနယ သာသနာတော်မှ တပါးသော အယူဝါဒ (=သာသနာ)တို့သည် တရားကို သိမြင်ကြသည့် (မဂ္ဂဋ္ဌအရိယာ လေးယောက်, ဖလဋ္ဌအရိယာ လေးယောက်, မဂ်လေးပါးကိုရရန် အားထုတ်ဆဲဖြစ်သည့် ဝိပဿက လေးယောက် တည်းဟူသော) = ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့မှ ဆိတ်သုဉ်းကုန်၏။

ချစ်သားသုဘဒ္ဒ.. ဤဖော်ပြရာပါ ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့သည် မှန်စွာ အဆင့်ဆင့် ဟောပြောလျက် နေကြကုန်သည်ရှိသော် လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏။

ချစ်သားသုဘဒ္ဒ.. ငါဘုရားသည် သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ်အရွယ်က ရဟန်းပြုခဲ့၏။ ချစ်သားသုဘဒ္ဒ.. ငါ ရဟန်းပြုသည်မှစ၍ အနှစ်ငါးဆယ် ကျော်ခဲ့လေပြီ။ ဤငါဘုရား၏ သာသနာတော်မှအပ အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာကို ပွါးများသောသူသည်လည်း မရှိချေ၊ သောတာပန်ရဟန်းသည်လည်း မရှိချေ၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည်လည်း မရှိချေ။ တတိယအဆင့် အနာဂါမ်ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် ရဟန္တာရဟန်းသည်လည်း မရှိချေ။

ဤငါဘုရား၏ ဓမ္မဝိနယ သာသနာတော်မှ တပါးသော အယူဝါဒ (=သာသနာ)တို့သည် တရားကို သိမြင်ကြသည့် ရှေးဖော်ပြရာပါ ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့မှ ဆိတ်သုဉ်းကုန်၏။ ချစ်သားသုဘဒ္ဒ.. ဤရဟန်းမြတ် တကျိပ်နှစ်ယောက်တို့သည် မှန်စွာ အဆင့်ဆင့် ဟောပြောကြလျက် နေကြကုန်သည်ရှိသော်



၄၇၀

လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏”-

ဟု တရားစကား ဟောကြားတော်မူလေ၏။

သုဘဒ္ဒပရိဗိုဇ် ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

     ဤသို့ မြတ်စွာဘုရားရှင်က တရားစကား ပြောကြားတော်မူလတ်သည်ရှိသော် သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသောအကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ။ မြတ်စွာဘုရား.. ထိုအကျွန်ုပ် သုဘဒ္ဒသည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ် ဆည်းကပ်ပါ၏။ မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရပါရစေ”ဟု လျှောက် ထား တောင်းပန်လေ၏။

     ထိုသို့ လျှောက်ထား တောင်းပန်သောအခါ မြတ်စွာဘုရားရှင်က-

“ချစ်သားသုဘဒ္ဒ.. ဤသာသနာတော်မှ တပါးသော အယူရှိသည့် တိတ္တိဖြစ်ဘူးသောသူသည် ဤဓမ္မဝိနယ သာသနာတော်၌ အကယ်၍ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလိုမူ လေးလတို့ပတ်လုံး ပရိဝါသ်ကျင့်သုံးရသည်။



၄၇၁

လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြု၍ ပေးကြလိမ့်မည်။ ရဟန်း အဖြစ်သို့ မြှင့်တင်ပေးကြလိမ့်မည်။ သို့သော်လည်း ဤအရာ၌ ငါဘုရားသည် ပုဂ္ဂိုလ်၏ခြားနားချက် (=ဤသူကား တိတ္ထိယပရိဝါသ် ကျင့်သုံးထိုက်သူဖြစ်သည်၊ ဤသူကား တိတ္တိယပရိဝါသ် ကျင့်သုံးထိုက်သူ မဟုတ်-ဟူသော အချက်)ကို လင်းလင်းထင်ထင် သိမြင်အပ်ပေ၏”-

ဟူ၍ မိန့်တော်မူလေလျှင် သုဘဒ္ဒပရိဗိုဇ်သည်-

“မြတ်စွာဘုရား.. ဤသာသနာတော်မှ တပါးသော အယူရှိသည့် တိတ္ထိဖြစ်ဘူးသော သူတို့သည် ဤဓမ္မဝိနယ သာသနာတော်၌ အကယ်၍ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလိုကြမူ လေးလတို့ပတ်လုံး ပရိဝါသ်ကျင့်သုံးကြရသည်ဖြစ်လျှင် လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ်ရှိကြ၍ ရှင်ပြု၍ပေးကြ, ရဟန်းအဖြစ်သို့ မြှင့်တင်၍ ပေးကြမည်ဖြစ်လျှင် အကျွန်ုပ်သည် လေးနှစ်ပတ်လုံး တိတ္ထိယပရိဝါသ်ကို ကျင့်သုံးမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ် ရှိတော်မူကြပါလျှင် ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေ”-

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. သို့ဖြစ်လျှင် သုဘဒ္ဒကို ရှင်ရဟန်းပြုပေးလိုက်လော့”ဟု မိန့်ကြားတော်မူ၍ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံလေ၏။

     ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. သင်တို့သည် ဤသာသနာတော်ဝယ် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ တပည့်အဖြစ်ဖြင့် အဘိသိက်သွန်းခြင်းကို ရရှိပါပေကုန်၏၊ ငါ့ရှင်အာနန္ဒာ.. သင်တို့သည်



၄၇၂

လာဘ်ကောင်းပါပေကုန်စွာ့၊ အရတော်ပါပေကုန်စွာ့”ဟု လျှောက်ထား ပြောဆိုလေ၏။

(တိတ္ထိတို့၏ အယူဝါဒ၌ ဆရာဖြစ်သူက အကြင်တပည့်ကို “ဤသူကို ရှင်ပြုပေးလိုက်၊ ဤသူကို ဆုံးမလိုက်၊ ဤသူကို ကံမြစ်လိုက် = အနုသာသနီစကား ပြောကြားလိုက်”ဟု မိမိကိုယ်စား တာဝန်လွှဲစကား ပြောကြား၏၊ ထိုတာဝန်လွှဲစကား အပြောအကြားခံရသော တပည့်သည် ဆရာဖြစ်သူက မိမိရာထူး၌ ထားအပ်သည် မည်လေသည်။ သို့ရကား တပည့်ဖြစ်သူအဖို့ရာ “ဤသူကို ရှင်ပြုပေးလိုက်၊ ဤသူကို ဆုံးမလိုက်၊ ဤသူကို ကံမြစ်လိုက်”ဟု ဆရာဖြစ်သူက မိန့်ကြားသည့် တာဝန်လွှဲစကားများသည် ကြီးမားသော လာဘ်ကြီးတခု ဖြစ်လေသည်။ သုဘဒ္ဒပရိဗိုဇ်သည် ထိုတိတ္ထိတို့၏ အယူဝါဒအတိုင်း အရှင်အာနန္ဒာမထေရ်ကို ဤကဲ့သို့ ပြောကြားလေသည်)။

     ထိုအခါ အရှင်အာနန္ဒာမထေရ်သည် သုဘဒ္ဒပရိဗိုဇ်ကို သင့်လျော်ရာနေရာ၌ ခေါ်ဆောင်သွား၍ ရေဗူးမှရေဖြင့် ဦးခေါင်းကို ဆွတ်ပြီးလျှင် တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၍ ဆံမုတ်ဆိတ်ကို ပယ်ရိတ်ခြင်း, သင်္ကန်းတို့ကို ဝတ်စေခြင်း, သရဏဂုံပေးခြင်း တည်းဟူသော ရှင်ပြုမှုကိစ္စ သုံးရပ်တို့ကို အစဉ်အတိုင်း ပြုပေးပြီးလျှင် သုဘဒ္ဒသာမဏေကို မြတ်စွာဘုရားရှင်ထံတော်သို့ ခေါ်ဆောင်သွားလေ၏။

     မြတ်စွာဘုရားရှင်သည် သုဘဒ္ဒသာမဏေအား ထိုခဏမှာပင် ပဉ္စင်းခံပေးစေ၍ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူလေသည်။ သုဘဒ္ဒရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ထိုကမ္မဋ္ဌာန်းကိုယူ၍ အင်ကြင်းဥယျာဉ်အတွင်း ဆိတ်ငြိမ်ရာ တခုသောနေရာ၌ စင်္ကြံသွားခြင်းဣရိယာပုထ် တခုတည်းဖြင့် မနေမနား တရားအားထုတ်လေရာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မမူမီ ထိုညဉ့်မှာပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ ဘုရားရှင်ထံမှောက်သို့ လာရောက်ရှိခိုး၍ ထိုင်နေလေ၏။

     အရှင်သုဘဒ္ဒသည် အာသဝေါကုန်ခန်း ရဟန္တာတို့တွင် တပါးအပါအဝင်ဖြစ်၍ မြတ်စွာဘုရား၏ နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက ဖြစ်လေသတည်း။



၄၇၃

(နောက်ဆုံး = ပစ္ဆိမ မျက်မှောက်သာဝက- ဟူရာ၌- (၁)အကြင်သူသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ရှင်သာမဏေအဖြစ်ကို ရယူ၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ ရဟန်းအဖြစ်ကို ရယူကာ ကမ္မဋ္ဌာန်းတရား သင်ကြားအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက မည်၏။ (၂) အကြင်သူသည် မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူ၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ ကမ္မဋ္ဌာန်းတရား သင်ကြားအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝကပင် မည်၏။ (၃) အကြင်သူသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပင် ရှင်အဖြစ်ကိုလည်း ရယူ, ရဟန်းအဖြစ်ကိုလည်း ရယူ, ကမ္မဋ္ဌာန်းတရားကိုလည်း သင်ကြား အားထုတ်၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝကပင်မည်၏။ ဤယခု အရှင်သုဘဒ္ဒ ရဟန်းသည်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပင် ရှင်အဖြစ်ကိုရယူ, ရဟန်းအဖြစ်ကိုလည်း ရယူ, ကမ္မဋ္ဌာန်းတရားကိုလည်း သင်ကြား အားထုတ်၍ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာပင် အရဟတ္တဖိုလ်သို့လည်း ရောက်ဆိုက်သူ ဥက္ကဌ်နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက ဖြစ်သည်ကို အထူးမှတ်ယူရာ၏)။

ဓမ္မပဒကျမ်းလာ သုဘဒ္ဒပရိဗိုဇ်ဝတ္ထု

     ဤဆိုအပ်ပြီးသော သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထု စကားအစဉ်သည် သုတ်မဟာဝါပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသော စကားအစဉ် ဖြစ်လေသည်။ ဓမ္မပဒကျမ်းလာ သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထု စကားအစဉ်ကိုလည်း ဤ၌ အကျဉ်းမျှ ဖော်ပြဦးအံ့-

     မြတ်စွာဘုရားရှင် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း ပရိနိဗ္ဗာနညောင်စောင်း၌ လျောင်းတော်မူစဉ် ဤသုဘဒ္ဒပရိဗိုဇ်သည် “ငါကား ပြဿနာသုံးရပ်တို့၌ မိမိ၏ ယုံမှားသံသယကို ပရိဗိုဇ်ဆရာကြီးများကိုသာ မေးမြန်း၍ ရဟန်းမြတ် ဂေါတမကိုမူ ‘အသက်အရွယ်ငယ်သူ ဖြစ်သည်’ဟူသော အမှတ်ဖြင့်



၄၇၄

အထင်သေးကာ မမေးခဲ့မိချေ၊ ယခုလည်း ထိုရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံလွန်ရန် အချိန်နီးကပ်လာလေပြီ၊ ယခု မမေးလိုက်မိလျှင် နောက်တချိန်၌ ငါ့အဖို့ရာ ရဟန်းမြတ် ဂေါတမအား မမေးလိုက်မိခြင်းဟူသော အကြောင်းကြောင့် နှလုံးမသာယာမှု ဖြစ်လေရာ၏”ဟု ကြံစည် ဆင်ခြင်မိကာ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ သွားရောက်၍ အရှင်အာနန္ဒာအား ဘုရားကို ဖူးမြော်ခွင့်ပြုရန် လျှောက်ထားလေရာ အရှင်အာနန္ဒာက ရှေးဖော်ပြရာပါအတိုင်း တားမြစ်အပ်ပါသော်လည်း မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ.. သုဘဒ္ဒကို မတားမြစ်ပါလင့်၊ ငါဘုရားကို အမေးပုစ္ဆာပြဿနာ မေးလျှောက်ပါစေ”ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလတ်သည်တွင် တင်းထိမ်ကန့်လန့်ကာ အတွင်းသို့ ဝင်ရောက်၍ ညောင်စောင်းတော်အောက်က ထိုင်နေပြီးလျှင်-

“အို ရဟန်းမြတ်.. အသို့နည်း (=ဘယ့်နှယ်လဲ) ၁-ကောင်းကင်၌ ခြေရာမည်သည် ဖြစ်နိုင် ရှိနိုင်ပါသလော၊

၂-ဤဘုရားမြတ်စွာ သာသနာတော်မှ အပြင်အပ တိတ္ထိတို့၏အယူဝါဒ၌ ကိလေသာကို ငြိမ်းစေတတ်သည့် ရဟန်းသူမြတ်များ ဖြစ်နိုင် ရှိနိုင်ပါသလော၊

၃-မဖောက်မပြန် မပျက်မစီးပဲ အမြဲတည်သော သင်္ခါရတို့မည်သည် ဖြစ်နိုင် ရှိနိုင်ပါကုန်၏လော”-

ဟူ၍ ဤအမေးပုစ္ဆာ ပြဿနာသုံးချက်ကို မြတ်စွာဘုရားရှင်အား လျှောက်ထား မေးမြန်းလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်အား ထိုသုံးမျိုးလုံးပင် မဖြစ်နိုင်ကြောင်း မရှိနိုင်ကြောင်း ဖြေကြားတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာတို့ဖြင့် တရားကို ဟောကြားတော်မူလေသည်-

အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။

ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။ (၁)



၄၇၅

သုဘဒ္ဒ = ချစ်သားသုဘဒ္ဒ..။ အာကာသေ = အဇဋာပြင် မိုးကောင်းကင်၌။ ပဒံ = တဦးတယောက်၏ ခြေရာမည်သည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ နတ္ထိ ဣဝ = မရှိဧကန် စင်စစ်မှန်သကဲ့သို့။ ဗာဟိရေ = ဤသာသနာတော်မှ အပြင်အပ တိတ္ထိတို့၏ အယူဝါဒ၌။ သမဏော = ကိလေသာခပ်သိမ်းကို အေးငြိမ်းစေတတ် ရဟန်းမြတ် တကျိပ်နှစ်ပါးသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ ပဇာ = လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည်။ ပပဉ္စာဘိရတာ = တဏှာ, မာန, ဒိဋ္ဌိအား သုံးထွေပြားသည့် ပပဉ္စတရား၌သာ ပျော်ပါးနှစ်ခြိုက်၍ နေပေ၏။ တထာဂတာ = ဘုရားရှင်တို့သည်။ နိပ္ပပဉ္စာ = ဗောဓိညောင်မင်း ပင်ခြေရင်း၌ပင် အကြွင်းမဲ့ ပယ်ဖြတ်ပြီးကြ၍ ပပဉ္စတရား လားလားမျှ ရှိတော်မမူကြကုန်။

အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။

သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။ (၂)

သုဘဒ္ဒ = ချစ်သားသုဘဒ္ဒ..။ အာကာသေ = အဇဋာပြင် မိုးကောင်းကင်၌။ ပဒံ = တဦးတယောက်၏ ခြေရာမည်သည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ နတ္ထိ ဣဝ = မရှိဧကန် စင်စစ်မှန်သကဲ့သို့။ ဗာဟိရေ = သာသနာတော်မှ အပြင်အပ တိတ္ထိတို့၏ အယူဝါဒ၌။ သမဏော = ကိလေသာခပ်သိမ်းကို အေးငြိမ်းစေတတ် ရဟန်းမြတ် တကျိပ်နှစ်ပါးသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ သဿတာ = မဖောက်မပြန် မပြိုမကွဲ မြဲသော သဘောရှိကုန်သော။ သင်္ခါရာ = ခန္ဓာငါးပါး သင်္ခါရတရားတို့သည်။ နတ္ထိ = တစိုးတစိ မရှိဧကန် စင်စစ်မှန်ကုန်၏။ ဗုဒ္ဓါနံ = သဗ္ဗညူထွတ်တင် ဘုရားရှင်တို့၏ (သန္တာန်၌)။ ဣဉ္ဇိတံ = တဏှာတည်းဟူသော တုန်လှုပ်ခြင်း, မာနတည်းဟူသော တုန်လှုပ်ခြင်း- စသည်တို့တွင်



၄၇၆

တပါးပါးသော တုန်လှုပ်ခြင်းသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။

     ဤတရားဒေသနာ ဂါထာနိဂုံး ဆုံးသောအခါ၌ သုဘဒ္ဒပရိဗိုဇ်သည် အနာဂါမိဖိုလ်၌ တည်လေ၏။ ထိုအခိုက် မြတ်စွာဘုရား၏ အနီး၌ ရောက်ဆိုက်သော ပရိသတ်အဖို့ရာလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်လေ၏။

     ဤကား ဓမ္မပဒကျမ်း၌လာသော သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထုတည်း။ ။ဤအရာ၌ သုဘဒ္ဒပရိဗိုဇ်သည် သုတ်မဟာဝါ ပါဠိတော်လာ ပြဿနာကို မေးမြန်းလျှောက်ထား၍ မြတ်စွာဘုရား၏ ဖြေကြားချက်ကို နာယူပြီးနောက် ဓမ္မပဒကျမ်းလာ ပြဿနာသုံးချက်ကို ဆက်၍လျှောက်ထား မြတ်စွာဘုရား၏ ဖြေကြားချက်ကို နာယူ၍အဆုံး အနာဂါမ်အရိယာ ဖြစ်ပြီးလျှင် သုတ်မဟာဝါ ပါဠိတော်လာအတိုင်း သရဏဂုံခံယူကာ ရှင်ရဟန်းအဖြစ်ကို တောင်းခံရယူ၍ ရဟန်းတရား အားထုတ်သဖြင့် ဘုရား ပရိနိဗ္ဗာန် စံတော်မမူမီ အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကာ မြတ်စွာဘုရား၏ နောက်ဆုံးပစ္ဆိမ မျက်မှောက်သာဝက ဖြစ်လေသည်ဟု မှတ်ယူလျှင် ကျမ်းဂန်နှစ်ရပ် မဆန့်ကျင်ပဲ စကားချင်းစပ်မိ၏။

မြတ်စွာဘုရား၏ နောက်ဆုံး ဩဝါဒစကားတော်

     မြတ်စွာဘုရားရှင်သည် နောက်ဆုံး = ပစ္ဆိမ တပည့်သာဝကဖြစ်သူ သုဘဒ္ဒပရိဗိုဇ် ရဟန္တာဖြစ်ပြီးသောအခါ ရဟန်းသံဃာအား နောက်ဆုံးဩဝါဒ ပေးတော်မူလိုသည်ဖြစ်၍ အရှင်အာနန္ဒာမထေရ်ကို (တရားနားခံပြုကာ) ဤဆိုလတ္တံ့သောအတိုင်း မိန့် ကြားတော်မူလေသည်။ မိန့်ကြားတော်မူပုံမှာ-

     “ချစ်သားအာနန္ဒာ.. သင်ချစ်သားတို့၏ စိတ်သန္တာန်မှာ ‘တရားစကားတော်သည် ဟောကြားသော ဆရာဘုရားမှ ကင်းကွာခဲ့လေပြီ (=ဟောကြားသူ ဆရာဘုရားမှ ကင်းကွာသော တရားစကားတော် ဖြစ်ခဲ့လေပြီ)၊ ငါတို့၏ ဆရာဘုရားသည်



၄၇၇

မရှိတော့ပြီ’ဟု ဤသို့သော ထင်မှတ်မှု အားငယ်မှု ဖြစ်သော်မူ ဖြစ်လေရာ၏။ ချစ်သားအာနန္ဒာ.. ဤအရာကို ဤသို့ မထင်မှတ်ထိုက်ပေ။ ချစ်သားအာနန္ဒာ.. လေးဆယ့်ငါးဝါ ကာလကြာအောင် ငါဘုရား ဟောကြား ပညတ်အပ်သော တရားတော်, ဝိနည်းတော်သည် ငါဘုရား ကွယ်လွန်သောအခါ၌ သင်ချစ်သားတို့၏ ဆရာဘုရားပင် ဖြစ်ပေ၏။ (က)

     ချစ်သားအာနန္ဒာ.. ယခုအခါ ရဟန်းတို့သည် အချင်းချင်း တပါးက တပါးကို ‘အာဝုသော = ငါ့ရှင်’ဟူသော စကားဖြင့် ကြီး,ငယ်မရွေး ခေါ်ဝေါ်ပြောဆိုကြသကဲ့သို့ ငါဘုရား ကွယ်လွန်သော အခါ၌ကား ဤကဲ့သို့ မခေါ်ဝေါ် မပြောဆိုကြလင့်။ ချစ်သားအာနန္ဒာ.. မထေရ်ကြီးဖြစ်သော ရဟန်းက သီတင်းငယ်ဖြစ်သော ရဟန်းကို အမည်ဖြင့်ဖြစ်စေ အနွယ်ဖြင့်ဖြစ်စေ ‘အာဝုသော = ငါ့ရှင်’ဟူသော စကားဖြင့်ဖြစ်စေ ခေါ်ဝေါ်ပြောဆိုကြရမည်။ သီတင်းငယ်ဖြစ်သော ရဟန်းသည်ကား မထေရ်ကြီးဖြစ်သော ရဟန်းကို ‘ဘန္တေ = အရှင်ဘုရား..’ ဟူ၍သော်၎င်း ‘အာယသ္မာ = သက်တော်ရှည်အရှင်..’ ဟူ၍သော်၎င်း ဤသို့သာ ခေါ်ဝေါ်ပြောဆိုကြရမည်။ (ခ)

     ချစ်သားအာနန္ဒာ.. သံဃာတော်သည် ငါဘုရား ကွယ်လွန်သောအခါ၌ အသေးအနုပ် သိက္ခာပုဒ်များကို ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့။ (ဂ)

     ချစ်သားအာနန္ဒာ.. ငါဘုရား ကွယ်လွန်သောအခါ၌ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏ = ပေးရမည်”ဟု မိန့်တော်မူ၏။

     အရှင်အာနန္ဒာမထေရ်က “မြတ်စွာဘုရား.. ဗြဟ္မဒဏ်ဟူသည် အဘယ်ပါနည်း”ဟု လျှောက်ထား မေးမြန်းလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ဆန္နရဟန်းသည် သူပြောဆိုလိုရာစကားကို ပြောဆိုနိုင်၏။ သို့ရာတွင် ရဟန်းတို့ကမူ ထိုဆန္နရဟန်းကို မပြောဆိုအပ် မဆုံးမအပ် မကံမြစ်အပ်၊ ဤကား ဗြဟ္မဒဏ်တည်း”ဟု မိန့်တော်မူ၏။ (ဃ)



၄၇၈

(ဤဩဝါဒစကားရပ်တို့တွင် (က)မှတ်စကားရပ်၌-

ချစ်သားအာနန္ဒာ.. ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား “ဤအပြစ်ကား ပေါ့သောအပြစ် ဖြစ်သည်၊ ဤအပြစ်ကား လေးသောအပြစ် ဖြစ်သည်၊ ဤအပြစ်ကား ကုစား၍ရကောင်းသော အပြစ်ဖြစ်၍ ဤအပြစ်ကား ကုစား၍မရကောင်းသော အပြစ်ဖြစ်သည်၊ ဤအပြစ်ကား လောကဝဇ္ဇအပြစ် = ဧကန် အကုသိုလ်ဖြစ်သော အပြစ်ဖြစ်၍ ဤအပြစ်ကား ပဏ္ဏတ္တိဝဇ္ဇ = ဘုရားပညတ်ချက်အရသာ အပြစ်ဖြစ်သည်၊ ဤမည်သော အာပတ်သည် ပုဂ္ဂိုလ်၏အထံ၌ ထနိုင် ငြိမ်းနိုင်၏။ ဤအာပတ်သည် ဂိုဏ်း၏အထံ၌ ထနိုင် ငြိမ်းနိုင်၏။ ဤအာပတ်သည် သံဃာ့အထံ၌သာ ထနိုင် ငြိမ်းနိုင်၏” ဤသို့ အစရှိသည်ဖြင့် အာပတ်ခုနစ်ပုံနှင့် စပ်၍ သက်ရောက်လာသော အကြောင်းဝတ္ထုများ၌ မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓက ပရိဝါရတို့နှင့် တကွသော ဥဘတောဝိဘင်း = ဘိက္ခုဝိဘင်း, ဘိက္ခုနီဝိဘင်း တည်းဟူသော ဝိနည်းတရားတော် (ဝိနည်း၅-ကျမ်း ပါဠိတော်)ကို ပကိဏ္ဏကဒေသနာ အဋ္ဌကထာနှင့်တကွ ဟောကြားအပ်ခဲ့လေပြီ၊ ထိုအလုံးစုံသော ဝိနည်းပိဋကတ်သည် ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။

ချစ်သားအာနန္ဒာ.. ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား “ဤတရားတို့သည် သတိပဋ္ဌာန် လေးပါးတို့တည်း၊ သမ္မပ္ပဓာန် လေးပါးတို့တည်း၊ ဣဒ္ဓိပါဒ် လေးပါးတို့တည်း။ ဣန္ဒြေ ငါးပါးတို့တည်း၊ ဗိုလ်ငါးပါးတို့တည်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့တည်း၊ မဂ္ဂင် ရှစ်ပါးတို့တည်း”ဟု ထိုထိုအခြင်းအရာဖြင့် ဤဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဘန်ကာ ဝေဘန်ကာ သုတ္တန်ပိဋကတ်ကို ဟောကြားအပ်လေပြီ၊ ထိုအလုံးစုံသော သုတ္တန်ပိဋကတ်သည်လည်း ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။

ဤတွင်သာမကသေး ယခု ငါဘုရား သက်တော်ထင်ထင် တည်ရှိနေစဉ် “ဤတရားတို့သည် ခန္ဓာငါးပါးတို့တည်း၊ အာယတန တဆယ့်နှစ်ပါးတို့တည်း၊ ဓာတ် တဆယ့်ရှစ်ပါးတို့တည်း၊ သစ္စာလေးပါးတို့တည်း၊ ဣန္ဒြေ နှစ်ဆယ့်နှစ်ပါးတို့တည်း၊ ဟိတ်ကိုးပါးတို့တည်း၊ အာဟာရ လေးပါးတို့တည်း၊ ဖဿ ခုနစ်ပါးတို့တည်း၊ ဝေဒနာ ခုနစ်ပါး, သညာ ခုနစ်ပါး, စေတနာ ခုနစ်ပါး, စိတ်ခုနစ်ပါးတို့တည်း။ ထိုတရားတို့တွင်လည်း

၄၇၉

‘ဤရွေ့ဤမျှတို့ကား ကာမာဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား ရူပါဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား အရူပါဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား ဝဋ်တရား၌ အကျုံးဝင်ကြ၍ ဤရွေ့ဤမျှတို့ကား ဝဋ်တရား၌ အကျုံးမဝင်ကြကုန်၊ ဤရွေ့ဤမျှတို့ကား လောကီတရားတို့ဖြစ်၍ ဤရွေ့ဤမျှတို့ကား လောကုတ္တရာတရားတို့ ဖြစ်ကြသည်’ ဤသို့ စသည်ဖြင့် ဤခန္ဓာအစရှိသော တရားများကို ခွဲခြမ်းစိတ်ဖြာ ဝေဘန်ကာ ဝေဘန်ကာ သမန္တပဋ္ဌာန်း ၂၄-ကျမ်းရှိသည့် အနန္တနယ ပဋ္ဌာန်းကျမ်းကြီးဖြင့် နောက်ဆုံး အထွတ်တပ် တန်းဆာဆင်အပ်သော အဘိဓမ္မာပိဋကကို ဟောကြားအပ်လေပြီ၊ ထိုအလုံးစုံသော အဘိဓမ္မာပိဋကသည်လည်း ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင် ပြီးစေရစ်လိမ့်မည်။ ဤသို့လျှင် ငါဘုရားသည် ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန် စံလွန်သည်တိုင်အောင် လေးဆယ့်ငါးဝါ ကာလတို့ပတ်လုံး ဟောကြားအပ်သော ဤဓမ္မဝိနယ တရားတော်မြတ်အစုသည် ပိဋကအားဖြင့် သုံးသွယ်, နိကာယ်အားဖြင့် ငါးဖြာ, အင်္ဂါအားဖြင့် ကိုးတန်, ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ဤသို့ မြားမြောင်လှသော အပြားရှိပေ၏။ ဤဖော်ပြရာပါ ဘုရားပေါင်း ရှစ်သောင်းလေးထောင်ဟု ခေါ်ဆိုထိုက်သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကား ထင်ရှားစွာ တည်လျက်ပင် ရှိကုန်၏၊ ငါဘုရားတဆူတည်းသာ ပရိနိဗ္ဗာန် စံသေးသည်။ ယခု ငါဘုရား သက်တော်ထင်ရှား ရှိစဉ်မှာ သင်ချစ်သားတို့ကို ငါဘုရား တဆူတည်းသာ ဆုံးမနေ၏၊ ကံမြစ်နေ၏။ ငါဘုရား ပရိနိဗ္ဗာန် စံလတ်သော် ဤဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်တို့သည် ငါဘုရားအရာ၌ တည်ရစ်ကြကာ သင်ချစ်သားတို့ကို ဆုံးမရစ်ကြပေလိမ့်မည်။ ကံမြစ်ရစ်ကြပေလိမ့်မည်”-

ဟု အကြောင်းပေါင်း များစွာ ဖော်ပြလျက် မြတ်စွာဘုရားသည် ရဟန်းသံဃာကို ဆုံးမတော်မူလေသည်၊ အားပေးစကား မိန့်ကြားတော်မူလေသည်။

(ခ)မှတ်စကားရပ်ဖြင့် ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံတော်မူပြီး နောက်အခါ၌ ရဟန်းသံဃာတို့ လိုက်နာရန် စာရိတ္တကို ညွှန်ပြတော်မူသည်။

(ဂ)အမှတ်ပြ စကားရပ်၌ “အသေးအနုပ် သိက္ခာပုဒ်များကို နုတ်ပယ်ကြ”ဟု ဧကန် တခွန်းတည်းသောစကား မိန့်ကြားတော်မမူပဲ

၄၈၀

အဘယ့်ကြောင့် “ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့”ဟု နှစ်ခွစကား မိန့်ကြားတော်မူသနည်း-ဟု မေးရန်ရှိ၏။ အဖြေကား- အရှင်မဟာကဿပမထေရ်၏ သဒ္ဓါအား ပညာအားတို့ကို မြင်တော်မူသောကြောင့် နှစ်ခွစကား မိန့်ကြားတော်မူသည်။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်က “ပယ်နုတ်ကြ”ဟု ဧကန် တခွန်းတည်းသောစကားကို မိန့်ကြားတော်မူစေကာမူ သံဂါယနာတင်သောအခါ အရှင်မဟာကဿပသည် ဘယ်နည်းဖြင့် ပယ်နုတ်လိမ့်မည် မဟုတ်ကြောင်းကို ကောင်းစွာ သိမြင်တော်မူသည်။ ထို့ကြောင့် “ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့”ဟု နှစ်ခွစကား မိန့်ကြားတော်မူသည်။ ။ဤကား အထူးမှတ်ရန်တည်း)။

     ထိုသို့ အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားတော်မူပြီးသောအခါ မြတ်စွာ ဘုရားရှင်သည် ရဟန်းတို့ကို-

“ရဟန်းတို့.. တစုံတယောက်သောရဟန်း၏ စိတ်သန္တာန်ဝယ် ‘ဘုရားဟုတ်လေသလော မဟုတ်သလော၊ တရားကောင်း ဟုတ်လေသလော မဟုတ်သလော၊ သံဃာစစ် ဟုတ်လေသလော မဟုတ်သလော၊ နိဗ္ဗာန်ရောက်ကြောင်း မဂ်အစစ် ဟုတ်လေသလော မဟုတ်သလော၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ဟုတ်လေသလော မဟုတ်သလော’ဟု ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောမှု ဖြစ်ရှိငြားအံ့၊ ရဟန်းတို့.. ငါဘုရားကို မေးကြကုန်လော့။ ‘မြတ်စွာဘုရားသည် ငါတို့မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍မေးခြင်းငှာ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု သင်ချစ်သားတို့သည် နောင်တတဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်”-

ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတို့သည် ဆိတ်ဆိတ်သာ နေကြကုန်၏။ နှစ်ကြိမ်မြောက် ထပ်၍ မိန့်တော်မူသောအခါမှာလည်း ထို့အတူ ဆိတ်ဆိတ်သာ နေကြကုန်၏။ သုံးကြိမ်မြောက် မိန့်တော်မူသော အခါမှာလည်း ထို့အတူပင်



၄၈၁

ဆိတ်ဆိတ်သာ နေကြသောကြောင့် မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို-

“ရဟန်းတို့.. သင်တို့သည် ‘ငါတို့ကား ဘုရားအထံ၌ ရှင်ရဟန်းပြုကြသူများ ဖြစ်သည်၊ ငါတို့၏ ပစ္စည်းလေးပါးတို့မှာလည်း မြတ်စွာဘုရား၏ ဥစ္စာတို့သာ ဖြစ်ကုန်၏၊ ထိုငါတို့သည် ဤမျှကြာအောင် ယုံမှားမှုကို မပြုကြပဲ ယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးအခါမှ ယုံမှားမှုကို ပြုရန်မထိုက်’ဟု အောက်မေ့ကြကာ ဘုရား၌ ရိုသေသဖြင့် မမေးကြသည်မူလည်း ဖြစ်နိုင်၏။ ရဟန်းတို့.. ထိုသို့ဖြစ်ခဲ့လျှင် အဖော်ရဟန်း အချင်းချင်းကိုမူလည်း မိမိ၏ ယုံမှားတွေးတောချက်ကို ပြောကြားလော့”-

ဟု မိန့်တော်မူပြန်၏။ ဤသိုပင် မိန့်တော်မူသော်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်သာလျှင် နေကြလေကုန်၏။

     ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေ၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရား.. ဤရဟန်းသံဃာထည်း၌ ‘ရဟန်းတပါးမျှ၏ သန္တာန်မှာပင် မြတ်စွာဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း အလျှင်းမရှိ’ဟူ၍ အကျွန်ုပ် ယုံကြည်ပါသည်ဘုရား”-

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် ယုံကြည်ခြင်းကြောင့်သာလျှင် ဤသို့ ဆိုပေ၏၊ ချစ်သားအာနန္ဒာ.. ဤရဟန်းသံဃာထည်း၌ ရဟန်းတပါးမျှ၏ သန္တာန်မှာပင် မြတ်စွာဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း



၄၈၂

အလျှင်းမရှိကြောင်းကို မြတ်စွာဘုရား၏ အဖို့ရာ သိပြီးပင် ဖြစ်ပေ၏။ (ယုံကြည်ချက်မျှသာ မဟုတ်ဟူလို)။

ချစ်သားအာနန္ဒာ.. ဤရဟန်း ငါးရာတို့အနက် နောက်ဆုံး ( အောက်ဆုံး)ဖြစ်သော ရဟန်းသည်ပင် အပါယ်သို့ ကျရောက်ခြင်း သဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် နောက်ဆုံး လားရောက်ရာရှိသော သောတာပန်အရိယာ ဖြစ်ပေ၏ (အရှင်အာနန္ဒာကို ရည်ညွှန်းသည်)”-

ဟူ၍ မိန့်တော်မူပြီးလျှင် ရဟန်းတော်များကို နောက်ဆုံးဩဝါဒ ပေးတော်မူသောအားဖြင့်-

“ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ = ရဟန်းတို့.. သင်ချစ်သားတို့အဖို့ရာ ယခု ငါဘုရား နောက်ဆုံး ဩဝါဒစကား မိန့်ကြားလိုသည်မှာ- ၀ယဓမ္မာ သင်္ခါရာ = ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏၊ အပ္ပမာဒေန သမ္ပာဒေထ = သို့ရကား မမေ့သော သတိတရားဖြင့် သင်ချစ်သားတို့သည် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”-

ဟူ၍ မိန့်တော်မူ၏။ ဤသည်လျှင် မြတ်စွာဘုရား၏ နောက်ဆုံးဩဝါဒ မိန့်ခွန်းတော်ပေတည်း။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်ညောင်စောင်း၌ လျောင်းတော်မူရင်းကပင် ၄၅-ဝါ ကာလကြာ ဟောကြားပေးဝေခဲ့သမျှသော ဩဝါဒအလုံးစုံကို အပ္ပမာဒတပုဒ်ထည်း၌ ထည့်သွင်း၍ နောက်ဆုံးဩဝါဒ ပေးတော်မူလေသတည်း။

ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်း

     ဗုဒ္ဓဝင်စာရှု သပ္ပုရိသနွယ်ဝင် အို သူတော်စင်.. အသင်၏စိတ်၌ တခု သတိချပ်စေချင်သည်မှာ မြတ်စွာဘုရားသည် “အပ္ပမာဒေန သမ္ပာဒေထ”ဟူသော စကားကို မိန့်ကြားတော်မူပြီးနောက်



၄၈၃

တခွန်းတပါဒမျှ နှုတ်တော်အိန့်၍ မိန့်တော်မမူတော့ချေ။ အင်ကြင်းတောကြီး တခုလုံး တိတ်ဆိတ်၍သွားလေပြီ။ မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်စံဖို့ရန် ပြင်ဆင်မှု ပရိကံစိတ်အလုပ်ကိုသာ ပြုလုပ်တော်မူလေတော့သည်၊ ကာယကံ, ၀စီကံမဖက် မနောကံသက်သက်ဖြင့် ပရိနိဗ္ဗာန် ဝင်စံရန် ပြင်ဆင်မှု = ပရိကံ ဘာဝနာစိတ် အလုပ်ကိုသာ ပြုလုပ် ပွါးများတော်မူသည်မှာ-

     ရှေးဦးစွာ ရူပါဝစရကြိယာ ပဌမဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် ဒုတိယဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် တတိယဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် ရူပါဝစရကြိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် အရူပါဝစရကြိယာ အာကာသာနဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် ဝိညာဏဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် အာကိဉ္စညာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် နေဝသညာနာသညာယတန သမာပတ်ကို ၀င်စားတော်မူ၏။ ထိုနေဝသညာနာသညာယတန သမာပတ်မှ ထပြီးသော် သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူ၏။

     ထိုသို့ နိရောဓသမာပတ်ကို ၀င်စားတော်မူသောအခါ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှာ ထွက်လေ, ၀င်လေ = ထွက်သက်, ဝင်သက် နှစ်ပါးတို့ ချုပ်ငြိမ်း၍ နေလေသည်၊ ယင်းသို့ ဘုရားရှင်၏ ကိုယ်တော်မှာ ထွက်လေ, ၀င်လေနှစ်ပါးတို့ ချုပ်ငြိမ်းနေသည်ကို မြင်ရ၍ အရှင်အာနန္ဒာမထေရ်သည် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို “အရှင်အနုရုဒ္ဓါဘုရား.. မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသွားပြီလော”ဟု စိုးရိမ်တကြီး မေးလျှောက်လေသည်။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်က “ငါ့ရှင်အာနန္ဒာ.. မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မမူသေးပါ၊ သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူလျက် ရှိပါသည်”ဟု ပြန်ကြား ဖြေဆိုတော်မူလေ၏။



၄၈၄

(ဤအရာ၌။ ။“အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စားတော်မူနေသည်ကို အဘယ်သို့ သိသနည်း”ဟု မေးဖွယ်ရှိ၏၊ အဖြေကား- အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင်နှင့် အတူတကွ ထိုထို ရူပါဝစရဈာန် သမာပတ်လေးပါး အရူပါဝစရဈာန် သမာပတ်လေးပါးတို့ကို လိုက်ပါ ဝင်စားတော်မူသည်၊ (=မြတ်စွာဘုရားရှင် ရူပါဝစရပဌမဈာန်ကို ၀င်စားတော်မူသောအခါ အရှင်အနုရုဒ္ဓါ သည်လည်း ထိုဈာန်ကို ဝင်စားတော်မူသည်၊ မြတ်စွာဘုရားရှင် ရူပါဝစရပဌမဈာန်မှ ထတော်မူသောအခါ အရှင်အနုရုဒ္ဓါသည်လည်း ထိုဈာန်မှ ထတော်မူလေသည်၊ ဤနည်းအားဖြင့်) အရှင်အနုရုဒ္ဓါ မထေရ်သည် နေဝသညာနာသညာယတနဈာန်မှ ထတော်မူသည်တိုင်အောင် မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါ ဝင်စားတော်မူ၍ မြတ်စွာဘုရား နိရောဓသမာပတ် ဝင်စားတော်မူသောအခါမှ မိမိကချန်၍ နေရစ်တော်မူခဲ့လေသည်။

ထို့ကြောင့် “ယခုအခါ မြတ်စွာဘုရားသည် နိရောဓသမာပတ်ကို ဝင်စားတော်မူနေဆဲ ဖြစ်၏၊ နိရောဓသမာပတ် အတွင်း၌လည်း စုတိပြတ်ကြွေ သေလွန်ခြင်း = ပရိနိဗ္ဗာန် စံခြင်းမည်သည် အလျှင်းမရှိ”ဟု သိတော်မူသည်။ ဤနည်းဖြင့် အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စား တော်မူနေသည်ကို သိတော်မူ၏)။

     ထို့နောက် မြတ်စွာဘုရားသည် သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုနေဝသညာနာသညာယတန သမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန သမာပတ်ကို ဝင်စားတော်မူ၏၊ ထိုအာကိဉ္စညာယတန သမာပတ်မှ ထတော်မူ၍ ဝိညာဏဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုဝိညာဏဉ္စာယတန သမာပတ်မှ ထတော်မူ၍ အာကာသာနဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏။ ထိုအာကာသာနဉ္စာယတန သမာပတ်မှ ထတော်မူ၍ ရူပါဝစရကြိယာ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏။ ထိုတတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ထိုဒုတိယဈာန်မှ ထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏။



၄၈၅

(ဤ၌။ ။မြတ်စွာဘုရားသည် အသုဘပညတ် ဆယ်ပါး, ရှေ့ကသိုဏ်း ပညတ်ရှစ်ပါး, ကာယဂတာသတိ၏ အာရုံဖြစ်သော ကာယအစုပညတ်, အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက်ပညတ်, မေတ္တာ ကရုဏာ မုဒိတာဟု ဆိုအပ်သော ဗြဟ္မဝိဟာရတရား သုံးပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်သုံးမျိုး, ပရိစ္ဆေဒါကာသ ပညတ်တပါး = ဤ နှစ်ဆယ့်လေးပါးသော အာရုံတို့၌ ရူပါဝစရကြိယာ ပဌမဈာန်ကို ၀င်စားတော်မူသည်။ ထိုနှစ်ဆယ့်လေးပါးတို့မှ (အသုဘ ပညတ်ဆယ်ပါးနှင့် ကာယအစုပညတ် = ဤဆယ့်တပါးကိုနုတ်၍ ကျန်သော) တဆယ့်သုံးပါးသော အာရုံတို့၌ ရူပါဝစရကြိယာ ဒုတိယဈာန် တတိယဈာန်တို့ကို ဝင်စားတော်မူသည်။ ရှေ့ကသိုဏ်းပညတ် ရှစ်ပါး, ထွက်သက်ဝင်သက် ပညတ်တပါး, ဥပေက္ခာဗြဟ္မဝိဟာရ၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်တပါး, ပရိစ္ဆေဒါကာသ ပညတ်တပါး, အရူပအာရုံလေးပါး = ဤတဆယ့်ငါးပါးသော အာရုံတို့၌ စတုတ္ထဈာန်ကို ၀င်စား တော်မူသည်။

ဤစကားရပ်သည်လည်း အကျဉ်းစကားမျှသာ ဖြစ်သည်၊ စင်စစ်သော်ကား ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူအံ့သော မြတ်စွာဘုရားသည် အလုံးစုံ သော ရှေး (ဆွမ်းနှစ်မျိုး အကျိုးတူညီကြောင်း၊ စာမျက်နှာ ၂၈၃-၂၈၄)၌ ဖော်ပြအပ်သည့် ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသည့် ဝဠဉ္ဇနသမာပတ်တို့ကို ဝင်စားတော်မူ၍ (အရပ်တပါး သွားအံ့သောသူသည် ဆွေမျိုးအပေါင်းကို လည်ဖက်နမ်းရှုပ် အားရအောင်စုတ်ပြီးမှ သွားသကဲ့သို့) အလုံးစုံသော သမာပတ်ချမ်းသာကို ၀-လင်စွာ ခံစား သုံးဆောင်တော်မူပြီးမှ ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူသည်-ဟု အထူးမှတ်ယူရာ၏)။

     တဖန် မြတ်စွာဘုရားရှင်သည် ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ၀င်စားတော်မူပြန်၏၊ ထိုဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ၀င်စားတော်မူပြန်၏၊ ထိုတတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူပြန်၏၊ ထိုစတုတ္ထဈာန်မှ ထတော်မူပြီးနောက် ထိုစတုတ္ထဈာန်၌ ပါရှိသော ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးတို့ကို တပါးစီ၎င်း နှစ်ပါးပေါင်း၍၎င်း ဆင်ခြင်တော်မူပြီးမှ ထိုပစ္စဝေက္ခဏာ မဟာကြိယာဇောတို့၏ အဆုံးဝယ်



၄၈၆

အဗျာကတ ဒုက္ခသစ္စာဖြစ်သော (သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပဌမမဟာဝိပါက်) ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းတော်မူလေသတည်း။

(ဤ၌။ ။(၁)ဈာန်ကို ဝင်စားပြီးလျှင် ထိုဈာန်မှထ၍ ဘဝင်စိတ်သို့ သက်ရောက်သော ပုဂ္ဂိုလ်၏ ထိုဘဝင်စိတ်ခဏ၌ ပရိနိဗ္ဗာန်စံခြင်းကို ဈာနသမနန္တရပရိနိဗ္ဗာန် = ဈာန်၏အခြားမဲ့၌ ပရိနိဗ္ဗာန်စံခြင်းဟု ခေါ်၏၊ (၂) ဈာန်ကိုဝင်စားပြီးလျှင် ထိုဈာန်မှထ၍ ထိုဈာန်၌ပါရှိသော ဈာန်အင်္ဂါတို့ကို အစိတ်စိတ်အားဖြင့်၎င်း, အပေါင်းအားဖြင့်၎င်း ဆင်ခြင်ပြီးမှ ထိုဆင်ခြင်သော ပစ္စဝေက္ခဏာ၏ အဆုံးဝယ် ဘဝင်စိတ်သို့ သက်ရောက်သော ပုဂ္ဂိုလ်၏ ထိုဘဝင်စိတ်ခဏ၌ ပရိနိဗ္ဗာန်စံခြင်းကို ပစ္စဝေက္ခဏာသမနန္တရပရိနိဗ္ဗာန် = ပစ္စဝေက္ခဏာ၏ အခြားမဲ့၌ ပရိနိဗ္ဗာန်စံခြင်းဟု ခေါ်၏။ ထိုနှစ်မျိုးတို့တွင် မြတ်စွာဘုရားရှင်သည် ၂-အမှတ်ပြ ပရိနိဗ္ဗာန်စံခြင်းဖြင့် ပရိနိဗ္ဗာန် စံတော်မူလေသည်ဟု အထူးမှတ်ယူရာ၏။)

ဤတွင် အခဏ်း ၄၀-ပြီး၏။