မဟာဗုဒ္ဓဝင်/အခန်း- ၄၁

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၄၁

၄၈၇

အခဏ်း-၄၁

သံဝေဂကထာများ

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက်ပင် မွေးညှင်းရွှင်ပျ ကြက်သီးထစေလျက် ကြောက်မက်ဖွယ်ရာ ကြီးစွာသော မြေငလျင်လှုပ်ခြင်းသည် ဖြစ်လေ၏။ တော်လည်းသံ = နတ်စည်တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းလေကုန်၏။

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက်ပင် သဟမ္ပတိဗြဟ္မာကြီးသည် ဤဆိုလတ္တံ့သော သံဝေဂဂါထာကို ရွတ်ဆိုလေ၏-

သဗ္ဗေဝ နိက္ခိပိဿန္တိ၊

ဘူတာ လောကေ သမုဿယံ။

ယတ္ထ ဧတာဒိသော သတ္ထာ၊

လောကေ အပ္ပဋိပုဂ္ဂလော။

တထာဂတော ဗလပတ္တော၊

သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။

ယတ္ထ လောကေ = ဖြစ်လျှင်ပျက်ရ အကြင် လောကကြီးထဲ၌။ သမ္ဗုဒ္ဓေါ = သစ္စာဉေယျ ဓမ္မခပင်း လင်းလင်းထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသော။ ဗလပ္ပတ္တော = ကာယ,ဉာဏ ဗလစွမ်းဟုန် အားဆယ်စုံနှင့် ကုံလုံပြည့်ဝတော်မူသော။ အပ္ပဋိပုဂ္ဂလော = နှိုင်းပြိုင်စံယူ ပုဂ္ဂိုလ်တူ ရှိတော်မမူသော။ သတ္ထာ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူသော။ ဧတာဒိသော တထာဂတော = ဤသို့ရှုအပ် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသော်မှ။ ပရိနိဗ္ဗုတော = ပရိနိဗ္ဗာန် ဝင်စံတော်မူရချေသေး၏။ တတ္ထ လောကေ = ဖြစ်လျှင်ပျက်ရ ထိုလောကကြီးထဲ၌။ သဗ္ဗေဝ ဘူတာ = ရှိသမျှဥဿုံ သတ္တဝါအလုံးစုံတို့ သည်ပင်လျှင်။



၄၈၈

သမုဿယံ = ရုပ်နာမ်အစုဟူသော ဤခန္ဓာကိုယ် အတ္တဘောကို။ နိက္ခိပိဿန္တိ = စုတိတိုင်လစ် ထိုချိန်ခေတ်ဝယ် စွန့်ပစ်ကြရကုန်လိမ့်မည်တကား..။

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက်ပင် သိကြားနတ်မင်းသည် ဤဆိုလတ္တံ့သော သံဝေဂဂါထာကို ရွတ်ဆိုလေ၏-

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။

သင်္ခါရာ = တေဘူမက သင်္ခါရတို့သည်။ ဝတ-ဧကန္တေန = စင်စစ်ဧကန် အမှန်အားဖြင့်။ အနိစ္စာ = အမြဲမရှိကြကုန်။ ဥပ္ပါဒဝယဓမ္မိနော = ဖြစ်ခြင်းပျက်ခြင်းသဘော ရှိကြကုန်၏။ ဥပ္ပဇ္ဇိတွာ = ဖြစ်ပြီး၍။ နိရုဇ္ဈန္တိ = ချုပ်ပျောက်ကြကုန်၏။ တေသံ = ထိုတေဘူမက သင်္ခါရတို့၏။ ဝူပသမော = ချုပ်ရာငြိမ်းရာ မဟာအသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည်။ သုခေါ = ချမ်းသာဧကန် စင်စစ်မှန်စွာ့တကား..။

တနည်း - သင်္ခါရာ = တေဘူမက သင်္ခါရတို့သည်။ (ယသ္မာ = အကြင်ကြောင့်၊ ထည့်)။ ဥပ္ပဇ္ဇိတွာ = ဥပါဒ်ထင်ရှား ဖြစ်ပွါးကြ၍။ နိရုဇ္ဈန္တိ = ဘင်ခဏသို့ရောက် ချုပ်ပျောက်ကြကုန်၏။ (တသ္မာ = ထို့ကြောင့်)။ ဥပ္ပါဒဝယဓမ္မိနော = ဖြစ်ခြင်းပျက်ခြင်း သဘောရင်းသာ ရှိကုန်၏ (ခိုင်မြဲခြင်းသဘော အလျှင်းမရှိဟု ဆိုလိုသည်)။ (ယသ္မာ = အကြင်ကြောင့်) ဥပ္ပါဒဝယဓမ္မိနော = ဖြစ်ခြင်းပျက်ခြင်း သဘောရင်းသာ ရှိကြကုန်၏။ (တသ္မာ = ထို့ကြောင့်)။ အနိစ္စာ ဝတ = မမြဲဧကန် မှန်လှကုန်စွာ့တကား။ တေသံ = ထိုတေဘူမက သင်္ခါရတို့၏။ ဝူပသမော = ငြိမ်းရာအေးရာ မဟာအသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည်။ သုခေါ = ချမ်းသာဧကန် စင်စစ်မှန်စွာ့တကား..။



၄၈၉

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက်ပင် အရှင်အနုရုဒ္ဓါ မထေရ်သည် ဤသံဝေဂဂါထာတို့ကို ရွတ်ဆိုတော်မူ၏-

နာဟု အဿာသပဿာသော၊

ဌိတစိတ္တဿ တာဒိနော။

အနေဇော သန္တိမာရဗ္ဘ၊

ယံ ကာလမကရီ မုနိ။

အာဝုသော = ငါ့ရှင်ဘုရား ရဟန်းများတို့..။ အနေဇော = ဘဝတဏှာ ဧဇာခပ်သိမ်း ငြိမ်းတော်မူပြီးသော။ ယံ-ယော မုနိ = အကြင် ဗုဒ္ဓမုနိ တုမရှိသား တြိဘဝဆရာ တို့မြတ်စွာသည်။ သန္တိံ = အနုပါဒိသေသ နိဗ္ဗာနဓာတ်ကို။ အာရဗ္ဘ = ငါသွားတော့မည် ရည်ရွယ်တော်မူ၍။ ကာလံ အကရိ = ပရိနိဗ္ဗာန် ဝင်စံတော်မူလေပြီ။ ဌိတစိတ္တဿ = လောကဓံလေ့ မုန်တိုင်းဝှေ့လည်း မရွေ့မယိုင် ကြံ့ခိုင်သောစိတ် ရှိတော်မူထသော။ တာဒိနော = တာဒိဂုဏ်နှင့် ပြည့်စုံတော်မူထသော။ တဿ မုနိနော = ထိုဗုဒ္ဓမုနိ တုမရှိသား တြိဘဝဆရာ တို့မြတ်စွာ၏။ အဿာသပဿာသော = ထွက်လေ၀င်လေ ဤနှစ်ထွေသည်။ နာဟု = သန္တိနိရော် ကိန်းစံပျော်၍ မပေါ်မဖြစ်တော့ပြီတကား..။

အသလ္လီနေန စိတ္တေန၊

ဝေဒနံ အဇ္ဈဝါသယိ။

ပဇ္ဇောတဿေဝ နိဗ္ဗာနံ၊

ဝိမောက္ခော စေတသော အဟု။

အာဝုသော = ငါ့ရှင်ဘုရား ရဟန်းများတို့..။ သတ္ထာ = ငါတို့ဆရာ ဘုရားမြတ်စွာသည်။ အသလ္လီနေန = တွန့်တိုညှိုးငယ်ခြင်း အလျှင်းမရှိသော။ စိတ္တေန = စိတ်တော်ဖြင့်။ ဝေဒနံ = ကိုယ်တော်မြတ်၌ ရောက်ဆိုက်ကပ်လာ



၄၉၀

ဒုက္ခဝေဒနာကို။ အဇ္ဈဝါသယိ = အဓိဝါသန ခန္တီနှလုံး ကိုယ်တော်သုံး၍ အပြုံးမပျက် မဖောက်ပြန် သည်းခံတော်မူခဲ့လေပြီ။ ပဇ္ဇောတဿ နိဗ္ဗာနံ ဣဝ = လောင်စာပြတ်ကင်း မီးတောက်မီးလျှံ၏ ငြိမ်းခြင်းကဲ့သို့။ တဿ သတ္ထုနော = ထိုငါတို့ဆရာ ဘုရားမြတ်စွာ၏။ စေတသော ဝိမောက္ခော = တစုံတခုသော တရားဖြင့်မျှ မတားမြစ်အပ် စိတ်တော်မြတ်၏ အဖြစ်ဇာတ်ရုပ်သိမ်း အပြီးတိုင် ချုပ်ငြိမ်း လွတ်မြောက်ခြင်းသည်။ အဟု = ဖြစ်ခဲ့လေပြီတကား..။

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက်ပင် အရှင်အာနန္ဒာမထေရ်သည် ဤသံဝေဂဂါထာကို ရွတ်ဆိုတော်မူ၏-

တဒါသိ ယံ ဘိံသနကံ၊ တဒါသိ လောမဟံသနံ။

သဗ္ဗာကာရဝရူပေတေ၊ သမ္ဗုဒ္ဓေ ပရိနိဗ္ဗုတေ။

အာဝုသော = ငါ့ရှင်ဘုရား ရဟန်းများတို့..။ သဗ္ဗာကာရဝရူပေတေ = အလုံးစုံမြင့်မြတ် ချီးမွမ်းအပ်သည့် ကြောင်းရပ်ဖုံဖုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံထင်ရှား ငါတို့ဆရာဘုရားသည်။ ပရိနိဗ္ဗုတေ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူသည်ရှိသော်။ တဒါ = ထိုအခိုက်၌။ ဘိံသနကံ = ကြောက်ဖွယ်ထန်ပြင်း မြေလှုပ်ခြင်းသည်။ အာသိ = အထင်အရှား ဖြစ်ပွါးခဲ့လေပြီတကား။ တဒါ = ထိုပရိနိဗ္ဗာန် ဝင်စံသောအခိုက်၌။ လောမဟံသနံ = မွေးညှင်းရွှင်ပျ ကြက်သီးထဖွယ် ခြောက်သွယ်ထန်ပြင်း မြေလှုပ်ခြင်းသည်။ အာသိ = အထင်အရှား ဖြစ်ပွါးခဲ့လေပြီတကား..။

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလတ်သည်ရှိသော် ထိုမြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူရာ အရပ်၌ ရှိကြသည့် ရာဂမကင်း ဒေါသမကင်းကြသေးသော ပုထုဇန် သောတာပန် သကဒါဂါမ်ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်



၄၉၁

အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် (သတ္တလောက၏ မျက်စိသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်) အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူခဲ့လေပြီတကား”ဟု ပြောဆိုကြကာ လက်မောင်းတို့ကို မြှောက်ချီ၍ ငိုကြွေးမြည်တမ်းကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့် ထိုထို ဤဤ လူးလှိမ့်ကုန်၏။

     ရာဂဒေါသကင်းပြီးသော အနာဂါမ်ရဟန်း ရဟန္တာရဟန်းတို့သည်ကား “ပြုပြင်ရသော သင်္ခါရတရားတို့သည် မမြဲသော သဘောရှိကုန်၏။ ဤပြုပြင်ရသော သင်္ခါရတရားထည်း၌ ထိုမြဲမှုသဘောကို အဘယ်မှာ ရနိုင်ပါအံ့နည်း = မရနိုင်သည်သာတည်း”ဟု အောက်မေ့ဆင်ခြင်လျက် သည်းခံနိုင်ကြကုန်၏။

     ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်သည် ရဟန်းတို့ကို-

“ငါ့ရှင်တို့.. တန်ကြလော့၊ မစိုးရိမ် မပူဆွေးကြလင့်၊ မငိုကြွေးကြလင့်၊ ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲကွာခြင်း = နာနာဘာဝ, သေကွဲ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် မြတ်စွာဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်လော၊ ငါရှင်တို့.. ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို ‘မပျက်စီးပါစေလင့်’ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိချေ။

ငါ့ရှင်တို့.. ‘အရှင်ကောင်း အရှင်မြတ်တို့သည် မိမိတို့ကိုယ်တိုင်က သည်းမခံနိုင်ကြလျှင် ကြွင်းကျန်သော လူအပေါင်းကို အဘယ်မှာလျှင် သက်သာစေနိုင်ကြလိမ့်မည်နည်း’ဟု



၄၉၂

နတ်တို့ကပင် ကဲ့ရဲ့စကား ပြောကြားကြကုန်၏”-

ဟု သတိပေးသံဝေဂစကား မိန့်ကြားတော်မူလေ၏။

     ထိုအခါ အရှင်အာနန္ဒာမထေရ်က အရှင်အနုရုဒ္ဓါမထေရ်ကို “အရှင်အနုရုဒ္ဓါဘုရား.. အရှင်ဘုရားသည် နတ်ဗြဟ္မာများကို အဘယ်ကဲ့သို့ ဖြစ်ရှိနေကြသည်ကို နှလုံးသွင်း ဆင်ခြင်မိပါသနည်း ဘုရား”ဟု မေးမြန်း လျှောက်ထားလေလျှင် အရှင်အနုရုဒ္ဓါမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို-

“ငါ့ရှင်အာနန္ဒာ.. ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် (တနည်း–သတ္တလောက၏ မျက်စိသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်) အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူခဲ့လေပြီတကား’ဟု ပြောဆိုကြကာ ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏၊ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်, ထိုထိုဤဤ လူးလှိမ့်ကြကုန်၏။

ငါ့ရှင်အာနန္ဒာ.. မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသောနတ်တို့သည် ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ပညာမျက်စိ ရှိတော် မူသော မြတ်စွာဘုရားသည် (တနည်း- သတ္တလောက၏



၉၃

မျက်စိသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်) အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူခဲ့လေပြီတကား..’ဟု ပြောဆိုကြကာ ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏။ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့် ထိုထိုဤဤ လူးလှိမ့်ကြကုန်၏။

ကာမရာဂကင်းပြီးသော နတ်တို့သည်ကား ‘ပြုပြင်ရသော သင်္ခါရတရားတို့သည် မမြဲသော သဘောရှိကုန်၏။ ဤပြုပြင်ရသော သင်္ခါရတရားထည်း၌ ထိုမြဲမှုသဘောကို အဘယ်မှာ ရနိုင်ပါအံ့နည်း = မရနိုင်သည်သာတည်း’ဟု အောက်မေ့ဆင်ခြင်လျက် သည်းခံနိုင်ကုန်၏”-

ဟု မိန့်တော်မူ၏။ ထို့နောက် အရှင်အနုရုဒ္ဓါမထေရ်နှင့် အရှင်အာနန္ဒာ မထေရ်တို့သည် ထိုညဉ့်ကြွင်း မိုးသောက်ယံ (အနည်းငယ်သော အချိန်ကျန်)ကို “ငါ့ရှင်.. နတ်နှင့်တကွသော လောကဝယ် ဖက်ပြိုင်မည့်သူမရှိ ငါတို့၏ဆရာ ဘုရားမြတ်စွာအားပင်သော်မှ ဤသေမင်းသည် မရှက်တုံသေး၏၊ သာမန်လောကီ ထိုထိုဤဤ လူများအပေါင်းအားကား အဘယ်အကြောင်းကြောင့် ရှက်လိမ့်မည်နည်း = မရှက်အံ့သည်သာတည်း” ဤသို့အစရှိသည့် သေခြင်းတရားနှင့်စပ်သော တရားစကားဖြင့် ကုန်လွန်စေကြကုန်၏။ မထေရ်နှစ်ပါး တရားစကား ပြောဆိုနေစဉ် မကြာမြင့်မီပင် အရုဏ်တက်၍ လာလေတော့၏။

     ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်သည် အရှင်အာနန္ဒာမထေရ်ကို “သွားပါချေ ငါ့ရှင်အာနန္ဒာ.. ကုသိနာရုံပြည်သို့ဝင်၍ မလ္လမင်းတို့အား ‘အို ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ယခုအခါ၌ ဆောင်ရွက်ရန်မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်သည်’ဟု ပြောကြားချေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း ကောင်းပါပြီဝန်ခံ၍ အဖော်ရဟန်းတပါးကို ခေါ်ဆောင်ကာ ကုသိနာရုံပြည်သို့ ဝင်ကြွတော်မူလေ၏။



၄၉၄

     ထိုအချိန်၌ မလ္လမင်းများသည် “မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာဌာန၌ အဘယ်သို့သော ပန်းနံ့သာ-စသည် ပူဇော်ဖွယ် ဖြစ်သင့်သည်၊ ရဟန်းသံဃာတော်များအတွက် အဘယ်သို့သော နေရာထိုင်ခင်း စီမံသင့်သည်၊ အဘယ်သို့သော ခဲဖွယ်ဘောဇဉ်များကို စီမံသင့်သည်”- ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခြင်းနှင့်စပ်သော ပြုဖွယ်ကိစ္စဖြင့်ပင်လျှင် မင်းတဲ = လွှတ်တော်၌ တိုင်ပင်ဆွေးနွေး စည်းဝေး လျက် ရှိနေကြကုန်၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ကုသိနာရုံပြည်သား မလ္လမင်းများ၏ စည်းဝေးတိုင်ပင်ရာ လွှတ်တော်သို့ သွားရောက်ပြီးလျှင်-

“အို ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ယခုအခါ၌ ဆောင်ရွက်ရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်သည်”-

ဟု မိန့်ကြားတော်မူလေ၏။ အရှင်အာနန္ဒာ၏ ဤစကားကို ကြားကြကုန်သည်ရှိသော် မလ္လမင်းတို့သည်၎င်း ထိုမင်းတို့၏ သားသမီး ချွေးမ မိဖုရားတို့သည်၎င်း အလွန် ကြေကွဲဝမ်းနည်းကြလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် (တနည်း- သတ္တလောက၏ မျက်စိသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်) အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူခဲ့လေပြီတကား..”ဟု ပြောဆိုကြကာ အချို့က ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏။ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့် ထိုထိုဤဤ လူးလှိမ့်ကြကုန်၏။



၄၉၅

ဥတုဇရုပ်ကလာပ်တော်ကို ပူဇော်ကြခြင်း

     ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းများသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. ထိုသို့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီဖြစ်ရကား ကုသိနာရုံပြည်၌ရှိသည့် ပန်း,နံ့သာကို၎င်း, အတီးအမှုတ် = တူရိယာ အလုံးစုံကို၎င်း စုခဲ့ကြလော့”ဟု အမိန့်ပေးစကား ပြောကြားကြ၍ ပန်း,နံ့သာမျိုးစုံတို့ကို၎င်း, အတီး အမှုတ် = တူရိယာမျိုးစုံတို့ကို၎င်း, ပုဆိုးအစုံ (=ပိတ်ချောအုပ်) ငါးရာတို့ကို၎င်း ယူဆောင်ခဲ့ကြ၍ အင်ကြင်းဥယျာဉ်အတွင်း မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ရှိရာသို့ သွားရောက် ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို က-ခြင်း သီ-ခြင်း တီးမှုတ်ခြင်းတို့ဖြင့်၎င်း, ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် ဗိတာန်မျက်နှာကြက်များကို ပြုလုပ်ကြက်ကြကာ တန်ဆောင်းဝန်းများကို အသစ်စီမံကြလျက် ထိုနေ့အဖို့ကို ကုန်လွန်စေကြကုန်၏။

     ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းများသည် “မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ရန်မှာ ယနေ့ အချိန်အလွန်နှောင်းသွားလေပြီ၊ ငါတို့သည် ဥတုဇရုပ်ကလာပ်တော်ကို နက်ဖြန်ကျမှ မီးသင်္ဂြိုဟ်ကြကုန်စို့”ဟု ကြံစည်တိုင်ပင် ဆွေးနွေးဆုံးဖြတ်ကြလေသည်။

     ထို့နောက် မလ္လမင်းများသည် မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို က-ခြင်း သီ-ခြင်း တီးမှုတ်ခြင်း တို့ဖြင့်၎င်း, ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ, အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် ဗိတာန်မျက်နှာကြက်များကို ပြုလုပ်ကြက်ကြကာ တန်ဆောင်းဝန်းများကို အသစ်စီမံကြရင်းပင် နှစ်ရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေကြကုန်၏။ ထို့အတူ သုံးရက်မြောက်သောနေ့ လေးရက်မြောက်သောနေ့ ငါးရက်မြောက်သောနေ့ ခြောက်ရက်မြောက်သော နေ့ကိုလည်း ကုန်လွန်စေကြကုန်၏။

     ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ ကုသိနာရုံပြည်သား မလ္လမင်းများသည်-



၄၉၆

“ငါတို့သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်ကို က-ခြင်း သီ-ခြင်း တီးမှုတ်ခြင်းတို့ဖြင့်၎င်း, ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ, အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် မြို့၏အပြင် တောင်ဖက်လမ်းဖြင့် မြို့၏အပြင် တောင်အရပ်သို့ ဆောင်ယူကြပြီးလျှင် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို မြို့၏ တောင်ဖက်၌ပင် မီးသင်္ဂြိုဟ်ကြကုန့်စို့”-

ဟု တိုင်ပင် ဆုံးဖြတ်ကြကုန်၏။

     ထို့နောက် အကြီးအမှူး (အားကောင်းမောင်းသန်) မလ္လမင်း ရှစ်ဦးတို့သည် ဦးခေါင်းဆေးကြ၍ အသစ်စက်စက် အဝတ်တို့ကို ဝတ်ဆင်ကြကုန်လျက် “မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို ငါတို့ ချီမကုန်အံ့”ဟု ရည်ရွယ်ကာ တပြိုင်နက် ချီမကြသည်တွင် ရုပ်ကလာပ်တော်ကို ကြွစေခြင်းငှါပင် မတတ်နိုင်ပဲ ရှိကြကုန်၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းများသည် အခြားမထေရ်ကြီးများ ထင်ရှားရှိကြသော်လည်း အရှင်အနုရုဒ္ဓါမထေရ်သည် ဒိဗ္ဗစက္ခုအဘိညာဏ် ရှိသည့်အရာဝယ် ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်တော်မူရကား “ဤအရှင်အနုရုဒ္ဓါသည် ငါတို့အား ထင်ရှားအောင် ဖြေကြားတော်မူနိုင်လိမ့်မည်”ဟု ယုံကြည်ချက်ပြင်းစွာ ရှိကြလျက် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို-

“အရှင်အနုရုဒ္ဓါဘုရား.. ဤအကြီးအမှူး မလ္လမင်းရှစ်ဦးတို့သည် ဦးခေါင်းဆေးကြ၍ အသစ်စက်စက် အဝတ်တို့ကို ဝတ်ဆင်ကြကုန်လျက် ‘မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို ငါတို့ ချီမကုန်အံ့’ဟု ရည်ရွယ်ကာ တပြိုင်နက် ချီမကြသော်လည်း ရုပ်ကလာပ်တော်ကို ကြွစေခြင်းငှါပင် မတတ်နိုင်ပဲရှိ ကြပါသည်၊ အရှင်အနုရုဒ္ဓါဘုရား.. အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”-

ဟု မေးလျှောက်ကြကုန်၏။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်က “ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့ .. သင်တို့၏အလိုကား တမျိုး,



၄၉၇

နတ်တို့၏အလိုကား တမျိုး ဖြစ်၍နေ၏”ဟု မိန့်တော်မူလေလျှင် မလ္လမင်းတို့သည် “အရှင်အနုရုဒ္ဓါဘုရား.. နတ်တို့၏အလိုကား အဘယ်သို့ပါနည်း”ဟု မေးလျှောက်ကြလေကုန်၏။ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ် သည် မလ္လမင်းတို့ကို-

“ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. သင်တို့၏အလိုကား ‘ငါတို့သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို က-ခြင်း သီချင်း တီးမှုတ်ခြင်းဖြင့်၎င်း, ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ, အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် မြို့၏အပြင် တောင်ဖက်လမ်းဖြင့် မြို့၏အပြင် တောင်အရပ်သို့ ဆောင်ယူကြပြီးလျှင် မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို မြို့၏တောင်ဖက်၌ပင် မီးသင်္ဂြိုဟ်ကြကုန်အံ့’ဟု ဤသို့ဖြစ်၏။

ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. နတ်တို့၏အလိုကား ‘ငါတို့သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို နတ်တို့၏ က-ခြင်း သီချင်း တီးမှုတ်ခြင်းတို့ဖြင့်၎င်း, နတ်ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ, အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် မြို့၏အပြင် မြောက်ဖက်လမ်းဖြင့် မြို့၏မြောက်အရပ်သို့ ဆောင်ယူကြပြီးလျှင် မြောက်ဖက်တံခါးမှ မြို့တွင်းသို့ သွင်းကြလျက် မြို့လယ်လမ်းအတိုင်း ပင့်ဆောင် ကြကာ အရှေ့တံခါးမှထွက်၍ မြို၏အရှေ့အရပ် မလ္လမင်းများ၏ *မကုဋဗန္ဓန-မည်သော စေတီဌာန၌ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ကြကုန်အံ့’ဟု ဤသို့ဖြစ်၏”-

ဟု မိန့်တော်မူလေ၏။ မလ္လမင်းတို့သည်လည်း “အရှင်ဘုရား.. နတ်တို့၏ အလိုအတိုင်းပင် ဖြစ်ပါစေလော့”ဟု လျှောက်ထားကြကုန်၏။


     * မလ္လမင်းများ အဘိသိက်ခံသောအခါ မကိုဋ်ဆောင်ခြင်း စသည်ဖြင့် တန်းဆာဆင်ရာဖြစ်သော မင်းကွန်း = ဗိုလ်တဲကို ရိုသေလေးစားရာဌာန ဖြစ်သောကြောင့် မကုဋဗန္ဓနစေတီဟု ခေါ်ဆိုအပ်လေသည်။



၄၉၈

     ထိုစဉ်အခါ မလ္လမင်းတို့၏ ကုသိနာရုံပြည်ဝယ် အိမ်ဝင်းခြံစပ်နှင့် အညစ်အကြေးစွန့်ရာ တံမြက်ချေးစွန့်ရာ အရပ်များပါမကျန် မန္ဒာရဝနတ်ပန်း (=ထင်ရှားပန်း)တို့ဖြင့် ဒူးဆစ်မြုပ်လောက်အောင် ဖြန့်ခင်းထားလျက် ရှိပေ၏။

     ထိုအခါ နတ်တို့သည်၎င်း, ကုသိနာရုံပြည်သား မလ္လမင်းတို့သည်၎င်း နတ်,လူတို့၏ က-ခြင်း သီခြင်း တီးမှုတ်ခြင်းတို့ဖြင့်၎င်း, ပန်း,နံ့သာတို့ဖြင့်၎င်း အရိုအသေပြုကြ, အလေးပြုကြ, မြတ်နိုးကြ, ပူဇော်ကြလျက် မြို့၏အပြင် မြောက်ဖက်လမ်းဖြင့် မြို့၏ မြောက်အရပ်သို့ ဥတုဇ ရုပ်ကလာပ်တော်ကို ဆောင်ယူကြပြီးလျှင် မြောက်ဖက်တံခါးမှ မြို့တွင်းသို့ သွင်းကြလျက် မြို့လယ်လမ်းအတိုင်း ခမ်းနားစွာ ပင့်ဆောင်ကြလေကုန်၏။

ဥတုဇရုပ်ကလာပ်တော်ကို

ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာက

မဟာလတာတန်းဆာဖြင့် ပူဇော်ခြင်း

     ထိုသို့ မြတ်စွာဘုရားရှင်၏ ဥတုဇ ရုပ်ကလာပ်တော်ကို မြို့လယ်လမ်းအတိုင်း ပင့်ဆောင်အပ်သည်ရှိသော် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် “မြတ်စွာဘုရား ၏ ဥတုဇရုပ်ကလာပ်တော်ကို ပင့်ဆောင်လာကြပြီတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ မိမိ၏အရှင်လင် ဗန္ဓုလစစ်သူကြီး ကွယ်လွန်သည့်အချိန်မှစ၍ မဝတ်မဆင် မသုံးစွဲပဲ သိမ်းဆည်း၍ထားအပ်သော (ဝိသာခါ၏ အဆင်တန်းဆာနှင့် အလားတူဖြစ်သည့်) မဟာလတာတန်းဆာကို သိမ်းဆည်းရာမှ ထုတ်ဆောင်စေပြီးလျှင် “ဤတန်းဆာဖြင့် မြတ်စွာဘုရားကို ငါပူဇော်ပေအံ့”ဟု ကြံရွယ်ကာ မြူမှုန်များကို ပွတ်သုတ်စေ၍ နံ့သာရေဖြင့် ဆေးကြောပြီးလျှင် မိမိ၏ အိမ်တံခါးဝက အသင့်ရပ်တည် စောင့်မျှော်နေလေ၏။

ထိုမဟာလတာ တန်းဆာကား (၁) ဝိသာခါ၏အထံ (၂) မလ္လိကာ၏အထံ (၃) ဒေဝဒါနိယ-မည်သော ခိုးသူ၏အိမ် = ဤသုံးဌာနတို့၌သာလျှင် ရှိ၏ဟူသတတ်။ ။ထိုမဟာလတာ တန်းဆာကိုပင် ယခုခေတ်အခါ၌ မလ္လိကာတန်းဆာဟု ခေါ်၏။



၄၉၉

     မလ္လိကာစစ်သူကြီးကတော်သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော် မိမိအိမ်တံခါးဝသို့ ရောက်လတ်သည်ရှိသော် “အမောင်မင်းများတို့.. မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို ခေတ္တခဏ ချထားကြပါဦး”ဟု တောင်းပန်ပြောဆို၍ ထို မဟာလတာတန်းဆာကို မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ် ကိုယ်တော်၌ စွပ်လိုက် ဝတ်လိုက်လေ၏။ ဦးခေါင်းတော်မှစ၍ စွပ်အပ် ဝတ်အပ်သော ထိုမဟာလတာ တန်းဆာသည် ခြေဖဝါးတော်အပြင်သို့ တိုင်ရောက်လေသည်။ ရွှေရောင်အဆင်း ဝါဝင်းသော မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ် ကိုယ်တော်သည် ရတနာခုနှစ်ပါး ခြယ်စီအပ်သော မဟာလတာ တန်းဆာဖြင့် တန်းဆာဆင်အပ်ရကား အလွန်ပင် တင့်တယ်လှပေ၏။

     ထိုတင့်တယ်ပုံကို မြင်ရ၍ မလ္လိကာသည် သဒ္ဓါကြည်ညိုစိတ် တရိပ်ရိပ်ဖြစ်ရှိလျက် “မြတ်စွာဘုရား.. သံသရာဝဋ်၌ ကျင်လည်ရသမျှ ကာလပတ်လုံး တပည့်တော်မအဖို့ရာ အသီးအခြား တန်းဆာဆင်ရခြင်း ကိစ္စဟူ၍ မဖြစ်ရပါလို၊ တပည့်တော်မ၏ ဖြစ်လေရာရာ သံသရာဘဝ ကိုယ်ခန္ဓာသည် အမြဲတစေ တန်းဆာ ဆင်ပြီး ဝတ်ပြီးကဲ့သို့သာလျှင် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။ မလ္လိကာသည် နောက်အခါ၌ စုတိပြတ်ကြွေ သေလွန်ပြီးနောက် တာဝတိံသာနတ်ပြည်၌ ဆုတောင်းပြည့်ဝသော နတ်သမီး ဖြစ်လေသည်။ ထိုအကြောင်းအရာ အကျယ်ကို (ဝိမာနဝတ္ထု ဋ္ဌ၊ စာမျက်နှာ ၁၅ဝ-မှစ၍) ၁-ဣတ္ထိဝိမာန၊ ၃-ပရိစ္ဆတ္တက၀ဂ်၊ ၈-မလ္လိကာဝိမာနဝတ္ထုအဖွင့် အဋ္ဌကထာ၌ ကြည့်ရှုမှတ်ယူရာ၏။

     ထို့နောက်မှ မလ္လမင်းများသည် မြတ်စွာဘုရားရှင် ရုပ်ကလာပ်တော်ကို မဟာလတာ တန်းဆာနှင့်တကွ ချီမ-ကြ၍ အရှေ့တံခါးမှ ထုတ်ဆောင်ကြပြီးလျှင် မြို့၏ အရှေ့မျက်နှာ မလ္လမင်းများ၏ မကုဋဗန္ဓန-မည်သော စေတီဌာန၌ မြတ်စွာဘုရားရှင် ရုပ်ကလာပ်တော်ကို ချထားကြကုန်၏။



၅၀၀

ဥတုဇရုပ်ကလာပ်တော်၌ ဆောင်ရွက်ကြပုံ

     ထိုအခါ မလ္လမင်းတို့သည် အရှင်အာနန္ဒာမထေရ်ကို “အရှင်အာနန္ဒာဘုရား.. တပည့်တော်များသည် မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်၌ အဘယ်သို့ ဆောင်ရွက်ကြရပါမည်နည်း”ဟု မေးလျှောက်ကြကုန်၏။ “ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ စီမံဆောင်ရွက်သကဲ့သို့ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ စီမံဆောင်ရွက်အပ်ပေ၏”ဟု အရှင်အာနန္ဒာမထေရ်က ပြန်ကြားမိန့်ဆိုတော်မူလေလျှင် မလ္လမင်းတို့သည် တဖန်ဆက်၍ “အရှင်အာနန္ဒာဘုရား.. စကြဝတေးမင်း၏ ဥတုဇ ရုပ်ကလာပ်၌ အဘယ်သို့ စီမံဆောင်ရွက်ကြပါကုန်သနည်း”ဟု မေးမြန်း လျှောက်ထားကြကုန်၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မလ္လမင်းတို့ကို-

“ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ရကုန်၏၊ အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ပြီးလျှင် ဝါဂွမ်းနုဖြင့် ရစ်ပတ်ရပြန်ကုန်၏။ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးလျှင် တဖန် အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ရပြန်ကုန်၏။ ဤနည်းအတိုင်း အဝတ်စုံငါးရာတို့ဖြင့် စကြဝတေးမင်း၏ ဥတုဇ ရုပ်ကလာပ်ကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော (=ဆီထည့်ထားသော) ရွှေတလား (=ရွှေခေါင်း)၌ ထည့်၍ အခြားရွှေတလားဖုံး (=ရွှေခေါင်းဖုံး)ဖြင့် ဖုံးအုပ်ပြီးသော် နံ့သာမျိုးစုံတို့ကို ထင်းပုံပြု၍ စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ရကုန်၏။ လမ်းမလေးခု (=လမ်းလေးခွ) ဆုံရာ၌ စကြဝတေးမင်း၏ သရီရဓာတ်များကို စေတီတည်ထားရကုန်၏။ ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. ဤဆိုအပ်ပြီးသောအတိုင်း စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ စီမံဆောင်ရွက်ရကုန်၏။



၅၀၁

ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ စီမံဆောင်ရွက်ရသကဲ့သို့ပင် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ စီမံဆောင်ရွက်အပ်ပေ၏။ လမ်းမလေးခု (=လမ်းလေးခွ) ဆုံရာ၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို စေတီတော် တည်ထားအပ်ပေ၏။ ထိုစေတီ၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ နံ့သာကိုဖြစ်စေ နံ့သာမှုန့်ကိုဖြစ်စေ တင်လှူမူလည်း တင်လှူကုန်ငြားအံ့၊ ရှိခိုးမူလည်း ရှိခိုးကုန်ငြားအံ့၊ စိတ်ဖြင့်မူလည်း သဒ္ဓါရွှန်းစို ကြည်ညိုကုန်ငြားအံ့၊ ထိုသူတို့၏ ထိုအပြုအမူများသည် ရှည်လျားစွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပေလိမ့်မည်”-

ဟု (အောက်၌) မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့သည့်အတိုင်း ပြန်ကြား မိန့်ဆိုတော်မူလေ၏။

     ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းများသည် “အချင်းတို့.. ထိုသို့ဖြစ်လျှင် မလ္လမင်းတို့၏ ဝါဂွမ်းနုများကို စုခဲ့ကြကုန်လော့”ဟု မင်းချင်းယောက်ျားတို့ကို အမိန့်ပေးစကား ပြောကြားကြလေကုန်၏။

     ထို့နောက် မလ္လမင်းတို့သည် မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို အရှင်အာနန္ဒာ ပြန်ကြား မိန့်ဆိုတော်မူသည့်အတိုင်း အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ပြီးလျှင် ဝါဂွမ်းနုဖြင့် ရစ်ပတ်ကြကုန်၏။ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးလျှင် အသစ်စက်စက်အဝတ်ဖြင့် ရစ်ပတ်ပြန်ကုန်၏။ ဤနည်းအတိုင်း အဝတ်စုံငါးရာတို့ဖြင့် မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ်ကို ရစ်ပတ်ကြပြီးလျှင် ဆီနှင့်တကွသော (=ဆီထည့်ထားသော) ရွှေတလား (=ရွှေခေါင်း)၌ ထည့်သွင်းကြ၍ ရွှေတလားဖုံး (=ရွှေခေါင်းဖုံး)ဖြင့် ဖုံးအုပ်ပြီးသော် နံ့သာမျိုးစုံတို့ကို ထင်းပုံပြု၍ မြတ်စွာဘုရားရှင်၏ ဥတုဇ ရုပ်ကလာပ်တော်ကို ထိုထင်းပုံထက်၌ တင်ထားကြလေ၏။



၅၀၂

မဟာကဿပမထေရ်ဝတ္ထု

     ထိုစဉ်အခါ အရှင်မဟာကဿပ မထေရ်မြတ်သည် ပါဝါပြည်တွင်း၌ ဆွမ်းခံ လှည့်လည်တော်မူပြီးသော် “ကုသိနာရုံပြည်သို့ သွားပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူကာ ရဟန်းငါးရာတို့နှင့် အတူတကွ ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာတော်မူလျက် ရှိ၏။ ထိုအခါ အရှင်မဟာကဿပ မထေရ်သည် ခရီးမမှ ဖဲခဲ့၍ တခုသောသစ်ပင်ရင်း၌ ရဟန်းတို့နှင့် အတူတကွ ထိုင်နေတော်မူလေ၏။

ဤ၌ နေ့သန့်ရန် ထိုင်နေခြင်းမဟုတ်၊ အပန်းဖြေရန် ထိုင်နေခြင်းဖြစ်သည်ကို အထူး မှတ်ယူရာ၏၊ ချဲ့ဦးအံ့- မထေရ်မြတ်၏ ပရိသတ်ရဟန်း အားလုံးပင် ဘုန်းကြီးသူ ချမ်းသာစွာ ကြီးပွါးခဲ့ရသူများ ဖြစ်ကြလေသည်။ ထိုရဟန်းတို့သည် မွန်းတည့်ရှိန်ရှိန် နေ့အချိန်၌ လောလောပူသည့် ကျောက်ဖျာအတူ အလွန်ပူပြင်းလှသော မြေအပြင်ဝယ် ခြေလျင် ကြွလာကြရကုန်သဖြင့် အလွန်လျှင် ပင်ပန်းလျက် ရှိကြကုန်၏။

အရှင်မဟာကဿပ မထေရ်မြတ်သည် ထိုရဟန်းတို့ အလွန်ပင်ပန်းကြသည်ကို မြင်တော်မူ၍ “ရဟန်းတို့သည် ပင်ပန်းကြလှ၏၊ သွားရမည့် ခရီးသည်လည်း အဝေးကြီးမဟုတ်တော့ချေ၊ အတန်ငယ် အပန်းဖြေ အပူအအိုက်ကို ငြိမ်းအေးစေပြီး ညနေချမ်းအချိန်ကျမှ ကုသိနာရုံပြည်သို့ အရောက်သွားကာ မြတ်စွာဘုရားရှင်ကို ဖူးမြော်တော့မည်”ဟု ကြံစည်တော်မူကာ ခရီးမမှ ဖဲခဲ့၍ တခုသော သစ်ပင်ရင်း၌ သင်္ကန်းကြီးကို ခင်းပြီးလျှင် ရေဗူးမှရေဖြင့် လက်ခြေတို့ကို ဆွတ်ဖျန်းအေးချမ်းစေပြီး ခေတ္တအပန်းဖြေ နားနေတော်မူလေသည်။ ပရိသတ် ရဟန်းတို့သည်လည်း သစ်ပင်ရင်း၌ ထိုင်နေကြကာ ကမ္မဋ္ဌာန်းနှလုံး ကျင့်သုံးကြလျက် အချို့က ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးစကားကို ပြောကြားကြကာ ထိုင်နေလျက် ရှိကြကုန်၏။



၅၀၃

     ထိုအချိန်၌ တက္ကတွန်းတယောက်သည် ကုသိနာရုံပြည်မှ မန္ဒာရဝနတ်ပန်းပွင့်ကြီးတခုကို အရိုးငှါးတပ်ပြီးလျှင် ထီးကဲ့သို့ ဆောင်းမိုးယူဆောင်ကာ ပါဝါပြည်ဖက်သို့ လာလျက်ရှိ၏။ အရှင်မဟာကဿပ မထေရ်သည် ထိုတက္ကတွန်းလာနေသည်ကို အဝေးမှပင် မြင်တော်မူ၍-

“တက္ကတွန်း၏ လက်အတွင်း၌ ဤမန္ဒာရဝနတ်ပန်းပွင့်ကြီးကို လင်းလင်းထင်ထင် မြင်၍နေရ၏၊ ဤမန္ဒာရဝနတ်ပန်း မည်သည်ကို လူ့ပြည်ခရီး၌ အခါခပ်သိမ်း မြင်ရသည်မဟုတ်ချေ၊ စင်စစ်သော်ကား တန်ခိုးရှင်တဦးဦး တန်ခိုးအစီအရင်ပြုသော အခါမျိုး, ဘုရားအလောင်းတော်များ မယ်တော်ဝမ်းသို့ သက်သောအခါမျိုး (=ပဋိသန္ဓေ နေသောအခါမျိုး) စသည်တို့၌သာ ထင်ရှားဖြစ်ပေါ်မြဲ ဖြစ်လေသည်။ ယနေ့ကား- တန်ခိုးရှင် တဦးတယောက်မျှ တန်ခိုးအစီအရင်ကို ပြုအပ်သည်လည်း မဟုတ်၊ ငါ၏ဆရာ မြတ်စွာဘုရားသည် မယ်တော်ဝမ်းသို့ သက်တော်မူသည်လည်း မဟုတ်၊ မယ်တော်ဝမ်းမှ ဖွားမြောက်တော်မူသည်လည်း မဟုတ်၊ ယနေ့ ထိုငါ့ဆရာ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်ကို ရတော်မူခြင်းလည်း ဖြစ်သည်မဟုတ်၊ ဓမ္မစကြာတရားဦး ဟောတော်မူခြင်း, ယမိုက်ပြာဋိဟာ ပြတော်မူခြင်း, တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူခြင်း, အာယုသင်္ခါရကို လွှတ်တော်မူခြင်းများလည်း ဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား ငါ၏ဆရာ မြတ်စွာဘုရားသည် အသက်အရွယ်တော် ကြီးရင့်ခဲ့လေပြီ၊ ဧကန်ပင် ပရိနိဗ္ဗာန် စံတော်မူပြီ ဖြစ်လိမ့်မည်”–

ဟု ကြံစည်တော်မူပြီးနောက် “ထိုတက္ကတွန်းကို မေးဦးမှပဲ”ဟု စိတ်တော်ဖြစ်ရှိကာ “အကယ်၍ ထိုင်နေရင်းကပင် မေးခဲ့လျှင် ဆရာဘုရားအပေါ်၌ မရိုသေမှုပြုရာ ရောက်ချေတော့မည်”ဟု စဉ်းစားတော်မူမိ၍ နေရာမှထကာ တည်နေရင်းအရပ်မှ



၅၀၄

အနည်းငယ်ဖဲလတ်၍ ဆဒ္ဒန်ဆင်မင်းသည် ပတ္တမြားဦးခက်ကို ဆင်ရွက် ခြုံရုံသည့်အလား မြတ်စွာဘုရားရှင် လဲလှယ်ပေးအပ်သည့် မိုးတိမ်ညိုအဆင်းရှိသော ပံသုကူသင်္ကန်းကို မှီရုံတော်မူ၍ လက်သည်းဆယ်ပွင့်ဖြင့် တင့်တယ်တောက်ပသော လက်အုပ်ကို ဦးထိပ်ထက် တင်ထားပြီးလျှင် ဘုရားရှင်၌ပြုအပ်သော ရိုသေခြင်းဖြင့် တက္ကတွန်းဖက်သို့ မျက်နှာတော်မူကာ “ငါ့ရှင်.. ငါတို့ဆရာ မြတ်စွာဘုရားကို သင် သိပါသလော”ဟု မေးတော်မူလေ၏။

(ဤ၌- “အရှင်မဟာကဿပ မထေရ်သည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခြင်းကို သိလျက်နှင့် မေးသလော၊ မသိသည်ဖြစ်၍ မေးသလော”ဟု မေးမြန်းဖွယ်ရှိ၏။ ဤအမေးအတွက် မသိ၍ မေးသည်ဟု ယူဆသည့်ဖက်မှ အကြောင်းတင်ပြချက်ကို အဋ္ဌကထာဆရာတော်တို့ လက်ခံတော်မမူကြချေ။ အဋ္ဌကထာဆရာတော်များ လက်ခံတော်မူသည့် အကြောင်းပြ ဖြေဆိုချက်မှာ-

“ဤအရာ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ကို မသိရန်အကြောင်း အလျှင်းပင် မရှိချေ၊ စကြဝဠာတိုက်တသောင်း တသိမ့်သိမ့် တုန်လှုပ်ခြင်းစသော နိမိတ်ကြီးများဖြင့် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းကား အလွန်ထင်ရှားလှပေ၏။

စင်စစ် အကြောင်းမှန်သော်ကား အရှင်မဟာကဿပ မထေရ်၏ ပရိသတ်တွင် အချို့သော ရဟန်းတို့က မြတ်စွာဘုရားကို ဖူးမြော်ကြဘူး၍ အချို့သော ရဟန်းတို့ကမူ မဖူးမြော်ကြဘူးချေ၊ ထိုရဟန်းတို့အနက် ရှေးက ဖူးမြော်ကြဘူးသော ရဟန်းတို့ကလည်း (ဖူးမြော်ဘူး၍ပင်) ဖူးမြော်ချင်ကြကုန်၏၊ ရှေးက မဖူးမြော်ကြဘူးသော ရဟန်းတို့ကလည်း (မဖူးမြော်ကြဘူးသောကြောင့်ပင်) ဖူးမြော်ချင်ကြကုန်၏။

ယခုမမေး၍ ဘုရားပရိနိဗ္ဗာန် စံတော်မူသည်ကို ကြိုတင်၍ မသိကြလျှင် ရှေးက မဖူးမြော်ကြဘူးသော ရဟန်းတို့သည် အလွန့်အလွန် ဖူးမြော်လိုကြသောကြောင့် ကုသိနာရုံပြည်သို့ရောက်လျှင် “မြတ်စွာဘုရားရှင် အဘယ်မှာနည်း”ဟု မေးကြလိမ့်မည်၊ ယင်းသို့မေး၍ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီ”ဟူသော သတင်းစကားကို ကြားသိကြရသော် ဆောက်တည်နိုင်ကြလိမ့်မည် မဟုတ်၊ သင်္ကန်းသပိတ်တို့ကို စွန့်ပစ် ကြကာ သင်္ကန်းတထည်တည်း ရှိကြ၍၎င်း, မကောင်းသဖြင့် ဝတ်ရုံကြ၍၎င်း ရင်ပတ်တို့ကို ထုနှက်ကြကာ သည်းစွာ ငိုကြွေးကြလိမ့်မည်။

၅၀၅

ထိုသို့ ငိုကြွေးရာ၌ မြင်ကြသူ လူအပေါင်းတို့သည် “အရှင်မဟာကဿပ မထေရ်နှင့် အတူတကွ ရောက်ကြသော ပံသုကူဓုတင်ဆောင် ရဟန်းတို့သည် မိမိတို့ကိုယ်၌က မိန်းမများပမာ သည်းစွာ ငိုကြွေးကြကုန်ဘိ၏။ ထိုရဟန်းတို့သည် ငါတို့ကို အဘယ်မှာလျှင် သက်သာစေနိုင်ကြလိမ့်မည်နည်း = မသက်သာစေနိုင်ကြမည်သာတည်း”ဟု ဧကန်ပင် ငါ၏အပေါ်၌ အပြစ်ပြကာ ပြောဆိုကြလိမ့်မည်။ ယခု ဤနေရာကား လူသူလေးပါး တိတ်ဆိတ်သော တောကြီးဖြစ်သည်၊ ဤတောကြီးထဲ၌ ဟုတ်ဟုတ်ညားညား = လျော်စွာတော်စွာ (=ထိုရဟန်းတို့ စိတ်ရှိသလို ငိုကြွေးကြကုန်သော် ငါ့အပေါ်၌ အပြစ်ကျဖွယ်မရှိချေ။ အလျှင်လက်ဦး ကြိုတင်၍ သတင်းစကားကို ကြားသိရလျှင် စိုးရိမ်မှု = သောကတရားသည်လည်း ခေါင်းပါးနိုင်၏”ဟု ဆင်ခြင်တော်မူမိကာ အတူတကွ လိုက်ပါလာသော ရဟန်းတို့၏သန္တာန်၌ သတိတရား ဖြစ်ပွါးစေခြင်းငှါ သိတော်မူလျက်ပင် မေးမြန်းတော်မူ၏”ဟူ၍ ဖြစ်သည်)။

     ထိုသို့ အရှင်မဟာကဿပ မထေရ်မြတ်က မေးမြန်းတော်မူလိုက်သောအခါ တက္ကတွန်းသည် “ငါ့ရှင်.. အိမ်း.. သိပါ၏။ ရဟန်းဂေါတမ ပရိနိဗ္ဗာန်ပြုသည်မှာ ယနေ့ ခုနစ်ရက်ရှိခဲ့ပြီ၊ ထိုပရိနိဗ္ဗာန်ပြုရာအရပ်မှ ဤမန္ဒာရဝနတ်ပန်းကို ငါယူလာခဲ့ပါသည်”ဟု ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ အရှင်မဟာကဿပ မထေရ်၏ နောက်ပါရဟန်း ငါးရာတို့တွင် ရာဂမကင်းသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား၊ သတ္တလောက၏ မျက်စိသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် လောကမှ ကွယ်ခြင်းမလှ ကွယ်ပျောက်တော်မူခဲ့လေပြီတကား”ဟု ပြောဆိုကြကာ လက်မောင်းတို့ကို မြှောက်၍ ငိုကြွေးကြကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့် ထိုထိုဤဤ လူးလှိမ့်ကြကုန်၏။

     ကာမရာဂကင်းပြီးသော ရဟန်းတို့သည်ကား “ပြုပြင်ရသော သင်္ခါရတရားတို့သည် မမြဲသောသဘော ရှိကုန်၏၊ ဤပြုပြင်ရသော



၅၀၆

သင်္ခါရတရားတည်း၌ ထိုမြဲမှုသဘောကို အဘယ်မှာ ရနိုင်ပါအံ့နည်း = မရနိုင်သည်သာတည်း”ဟု အောက်မေ့ ဆင်ခြင်ကြလျက် သည်းခံနိုင်ကုန်၏။

သုဘဒ်တောထွက်ရဟန်းကြီး

     ထိုစဉ်အခါ သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးသည် ထိုရဟန်းငါးရာပရိသတ်၌ ပါဝင်လျက်ရှိ၏။ ရဟန်းတော်များ ထောက်တည်ရာမရ ငိုကြွေးကြသောအခါ ထိုသုဘဒ်တောထွက်ရဟန်းကြီးသည် ရဟန်းတို့ကို-

“ငါ့ရှင်တို့.. တန်ကြလော့၊ မစိုးရိမ် မပူဆွေး မငိုကြွေးကြလင့်၊ ယခုအခါ ငါတို့သည် ထိုရဟန်းကြီးမှ ကောင်းကောင်းကြီး လွတ်မြောက်ကြကုန်ပြီ၊ ထိုရဟန်းကြီးသည် ငါတို့ကို ‘ဤအရာသည် သင်တို့အဖို့ အပ်စပ်၏၊ ဤအရာသည် သင်တို့အဖို့ မအပ်စပ်’ဟု ချုတ်ချယ်ခဲ့၏။ ယခုအခါ၌ကား ငါတို့သည် အလိုရှိအပ်သောအရာကို ပြုကြရကုန်တော့အံ့၊ အလိုမရှိအပ်သောအရာကို မပြုလုပ်ပဲ နေနိုင်ကြရကုန်တော့အံ့”-

ဟု ရိုင်းပြရင့်သီးသော စကားကို ပြောလေ၏။

သုဘဒ်တောထွက်ရဟန်းကြီးအကြောင်း

(ဤအရာ၌- “သုဘဒ်ရဟန်းကြီးသည် အဘယ့်ကြောင့် ဤသို့ ရိုင်းပြရင့်သီးသော စကားကို ပြောကြားဘိသနည်း”ဟု မေးဖွယ်ရှိ၏။ “မြတ်စွာဘုရားရှင်အပေါ်၌ ရန်ငြိုး = အာဃာတ ထားရှိသောကြောင့် ဤသို့ ရိုင်းပြရင့်သီးသော စကားကို ပြောကြားဘိ၏” ဤကား အဖြေအကျဉ်းတည်း။

ချဲ့ဦးအံ့- တချိန်က လူဖြစ်စဉ်ဝယ် ဆေတ္တာသည်ဖြစ်ခဲ့ဘူးသော ထိုသုဘဒ် တောထွက်ရဟန်းကြီးသည် သာယာသောစကား, ဆန်းကြယ်သော အတတ်ရှိ၍ မိမိတို့ဆရာအတတ်ဖြစ်သော ဆတ္တာသည်အမှု၌ ကျွမ်းကျင်လိမ္မာကြသည့်



၅၀၇

သားသာမဏေငယ် နှစ်ပါးနှင့် အတူတကွ အာတုမမြို့၌ နေထိုင်ဆဲရှိလေ၏။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်ပေါင်း (၁၂၅ဝ) တထောင်နှစ်ရာငါးကျိပ်တို့နှင့် အတူတကွ ကုသိနာရုံပြည်မှ အာတုမမြို့သို့ ကြွလာတော်မူသည်တွင် ထိုသုဘဒ် တောထွက်ရဟန်းကြီးသည် ဘုရားရှင်ကြွလာကြောင်း သတင်းစကား ကြားသိရ၍ “မြတ်စွာဘုရား အာတုမမြို့သို့ရောက်လျှင် ယာဂုအလှူဒါနကြီးကို ပေးလှူအံ့”ဟု ကြံစည်ကာ သားသာမဏေငယ် နှစ်ပါးတို့ကို “ချစ်သားတို့.. မြတ်စွာဘုရားသည် ရဟန်းတော်ပေါင်း (၁၂၅၀) တထောင်နှစ်ရာငါးကျိပ်တို့နှင့် အတူတကွ အာတုမမြို့သို့ ကြွလာတော်မူနေသတဲ့၊ ချစ်သားတို့.. သွားကြကုန်လော့၊ သင်ဓုန်းအိတ်ကို ယူဆောင်ကြ၍ ခွက်ဖြင့်၎င်း, အိတ်ဖြင့်၎င်း အိမ်တိုင်းအိမ်တိုင်း လှည့်လည်ကုန်လော့၊ ဆား, ဆီ, ဆန်, ခဲဖွယ်များကို ရသမျှ စုရုံး ဆောင်ယူခဲ့ကြကုန်လော့၊ မြတ်စွာဘုရား ရောက်ရှိတော်မူလာလျှင် ယာဂုအလှူဒါနကြီး ပေးလှူကုန်အံ့”ဟု ပြောဆို စေလွှတ်လိုက်လေသည်။

သားသာမဏေငယ်တို့သည် ဖခင်တောထွက်ရဟန်းကြီး ပြောဆိုတိုင်း ပြုလုပ်ကြလေကုန်၏။ မြို့သူမြို့သား လူအများတို့သည် အသံသာယာ, ပညာဆန်းကြယ်သော ထိုသာမဏေငယ် နှစ်ပါးတို့ကို တွေ့မြင်ကြရ၍ ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြုပြင်လိုကြသူ မပြုပြင်လိုကြသူ အားလုံးတို့သည်ပင် အပြုအပြင်ခိုင်းကြလေသည်။ ပြုပြင်ပြီးသောအခါ “ချစ်သားတို့.. အဘယ်အရာဝတ္ထုကို ယူကြမည်နည်း”ဟု လူများက မေးကြလေသော် ထိုသာမဏေငယ် နှစ်ပါးတို့သည် “ငါတို့အဖို့ရာ အခြား တစုံတရာသော ဝတ္ထုကိုမျှ အလိုမရှိပါ။ စင်စစ်သော်ကား ငါတို့ဖခင် ရဟန်းကြီးသည် မြတ်စွာဘုရား ကြွလာတော်မူသောအခါ ယာဂုအလှူ ပေးလှူလိုပါသည်”ဟု ပြောဆိုကြလေ၏။



၅၀၈

ထိုစကားကို ကြားရ၍ လူတို့သည် တန်ရာတန်ကြေးကို မရေတွက်ကြပဲ ထိုသာမဏေငယ်များ ဆောင်ယူနိုင်ကြသလောက် အားလုံးကို ပေးကြသည့်ပြင် သာမဏေငယ်များ မသယ်ယူနိုင်သည့် ဆန်, ဆီ, ဆား, ခဲဖွယ်များကိုလည်း မိမိတို့အိမ်မှ အစေအပါး လူများကို လိုက်ပါပို့စေကြကုန်၏။

ထို့နောက် မြတ်စွာဘုရားရှင် အာတုမမြို့သို့ရောက်၍ ကောက်ရိုးအုံကျောင်းသို့ ဝင်တော်မူလေလျှင် သုဘဒ် တောထွက်ရဟန်းကြီးသည် ညနေချမ်းအခါ ရွာတံခါးသို့ သွားရောက်၍ လူများကို “ဒကာတို့.. ငါသည် သင်တို့ထံမှ အခြားတစုံတရာကိုမျှ မတောင့်တပါ။ သားငယ်များ ယူဆောင်လာသည့် ဆန်, ဆီ, ဆား, ခဲဖွယ်များသည်ပင် သံဃာတော်အတွက် လောက်လောက်ငင ရှိပါသည်။ ဒကာတို့ကား ငါ့အား လက်အမှု အကူအညီကိုသာ ပေးကြပါလော့”ဟု ပြောဆိုခေါ်ငင်ခဲ့၍ “ဤဝတ္ထု ဤဝတ္ထုများကိုလည်း ယူခဲ့ကြလော့”ဟု ခပ်သိမ်းသော အိုး, ခွက်, ယောက်မ, ခုံလောက်-စသော အဆောက်အဦများကို ယူခဲ့စေပြီးလျှင် မိမိ၏ ကျောင်းတိုက်အတွင်း၌ ခုံလောက်တို့ကို တည်ထားစေကာ သင်္ကန်းအညိုတထည်ကို ဝတ်၍ အခြား သင်္ကန်းအညိုတထည်ကို ရုံကာ “ဤအမှုကို ပြုကြလော့၊ ဤအမှုကို ပြုကြလော့”ဟု တညဉ့်လုံးလုံး ကိုယ်တိုင်ကြပ်မ စီမံလျက် အသပြာတသိန်းတန် စွန့်လွှတ်ကာ ထပ်ထပ်သောယာဂု (=ဘောဇ္ဇယာဂု)နှင့် ပျားမုံ့ဆုပ်တို့ကို များစွာ စီမံစေလေ၏။ (ဘောဇ္ဇယာဂု = ထပ်ထပ်သော ယာဂုဟူသည်မှာ- ရှေးဦးစွာ ဝါး၍စားပြီးမှ သောက်အပ်သော ယာဂုအပြစ်မျိုး ဖြစ်သည်၊ ထိုယာဂု၌ ထောပတ်, ပျား, တင်လဲ, ငါး, အမဲ, ပန်းပွင့်ရည်, သစ်သီးရည်-စသည် ခဲဖွယ်မျိုးစုံကို ထည့်သွင်း ကျိုချက်အပ်လေသည်၊



၅၀၉

မြူးထူးပျော်ရွှင်လိုသူတို့အဖို့ရာ ခေါင်းလိမ်းဆီပြစ်ကဲ့သို့ ဦးခေါင်းကိုလည်း လိမ်းကျံနိုင်၍ မွေးကြိုင်သော ရနံ့ရှိလေသည်)။

ထိုအခါ မြတ်စွာဘုရားသည် စောစောထ၍ ကိုယ်လက်သုတ်သင်မှု ပြုတော်မူပြီးလျှင် ရဟန်းအပေါင်း ခြံရံလျက် ဆွမ်းခံ လှည့်လည်တော်မူရန် အာတုမမြို့သို့ရှေးရှု ကြွချီတော်မူလာလေ၏။ လူအပေါင်းတို့သည် သုဘဒ် တောထွက်ရဟန်းကြီးအား “မြတ်စွာဘုရားရှင် ဆွမ်းခံကြွဝင်တော်မူလာ၏။ အရှင်ဘုရားသည် အဘယ်သူ့အတွက် ယာဂုကို စီရင်အပ်ပါသနည်း”ဟု ပြောကြားကြလေ၏။

သုဘဒ် တောထွက်ရဟန်းကြီးသည် မိမိဝတ်ရုံမြဲတိုင်းသော သင်္ကန်းညိုကြီးများဖြင့်ပင် လက်တဖက်က ယောက်မ, ယောက်ချိုများကို စွဲကိုင်ကာ ဗြဟ္မာထိုင်ထိုင်လျက် (=လက်ျားဒူးဝန်းကို မြေ၌ချထားကာ ထိုင်လျက်) မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် တပည့်တော်၏ ဘောဇ္ဇယာဂုဆွမ်းကို အလှူခံတော်မူပါဘုရား”ဟု လျှောက်ထား ပင့်ဖိတ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် (ဝိနည်းမဟာဝါ၊ ၆-ဘေသဇ္ဇက္ခန္ဓက ပိဋကတ်မြန်မာပြန်၊ မျက်နှာ ၃၅၂-၌ လာရှိသောအတိုင်း) အကြောင်းအရာကို မေးမြန်း ကြားသိတော်မူ၍ ထိုတောထွက်ရဟန်းကို အကြောင်းပေါင်းများစွာတို့ဖြင့် ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ထိုအကြောင်းဝတ္ထု၌ (၁) အကပ္ပိယသမာဒါန သိက္ခာပုဒ် (=မအပ်စပ်သောအရာ၌ ဆောက်တည်စေသော ရဟန်း ပြုလုပ်စေသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ-ဟု ပညတ်သော သိက္ခာပုဒ်)နှင့် (၂) ခုရဘဏ္ဍပရိဟရဏသိက္ခာပုဒ် (=သင်ဓုန်းအိတ်ကို ဆောင်ယူသော ဆေတ္တာသည်ဖြစ်ဘူးသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ-ဟု

၅၁၀

ပညတ်အပ်သော သိက္ခာပုဒ်) ဤသိက္ခာပုဒ် နှစ်ပါးတို့ကို ပညတ်တော်မူပြီးလျှင်-

“ရဟန်းတို့.. ကမ္ဘာကုဋေပေါင်း များစွာသော ကာလတို့ပတ်လုံး အစာအာဟာရ ဘောဇဉ်ကို ရှာမှီးကုန်လျက်သာ သင်ချစ်သားတို့သည် အချိန်ကို ကုန်လွန်စေခဲ့ကြကုန်ပြီ၊ ဤယခု သုဘဒ် တောထွက်ရဟန်းကြီး လှူဒါန်းသည့် ယာဂုဆွမ်းကား ချစ်သားတို့အဖို့ရာ လုံးဝမအပ်စပ်သည့် မတရားသဖြင့်ဖြစ်သော ဘောဇဉ်ဖြစ်ချေသည်၊ ဤဘောဇဉ်ကို စားသုံးသူတို့အဖို့ရာ ကိုယ်အဖြစ် ထောင်ပေါင်းများစွာ အပါယ်လေးပါးတို့၌ ဖြစ်ကြရလိမ့်မည်၊ ချစ်သားတို့.. ဖယ်ရှားကြလော့ မခံယူကြကုန်လင့်”-

ဟု မိန့်တော်မူပြီးလျှင် ဆွမ်းခံရွာသို့ရှေးရှု ကြွသွားတော်မူလေ၏၊ ရဟန်းတပါးကမျှ ထိုသုဘဒ် တောထွက်ရဟန်းကြီး၏ ယာဂုဆွမ်း အနည်းငယ်မျှကိုပင်သော်လည်း မခံယူအပ်တော့ချေ။

သို့ရကား သုဘဒ်ရဟန်းကြီးသည် နှလုံးမသာမယာ ဖြစ်ရှိကာ “ဤရဟန်းကြီးသည် အလုံးစုံကို ငါသိ၏”ဟု ပြောဆိုလှည့်လည်၏၊ အကယ်၍ မခံယူလိုလျှင် တဦးတယောက်ကို စေလွှတ်၍ ပြောကြားသင့်၏၊ ဤယခု ကျိုပြီး ချက်ပြီးသော အစာအာဟာရမည်သည် အကြာဆုံးခံလှမှ ခုနစ်ရက်မျှသာ ခံနိုင်လေရာ ထားနိုင်လေရာ၏၊ ဤယခု ကျိုပြီးချက်ပြီးသော အစာအာဟာရသည် အစိမ်းလိုက် ထားရှိလျှင် ငါ့အဖို့ရာ တသက်ပတ်လုံး စားသောက်နိုင်လေရာ၏။ ယခုမူ ထိုအလုံးစုံကို ရဟန်းကြီးသည် ဖျက်ဆီးအပ်လေပြီ၊ ဤရဟန်းကြီးသည် ငါ့အပေါ်မှာ အကျိုးမဲ့ကို လိုလားသူ = ရန်သူ ဖြစ်ချေသည်”ဟု ကြံစည် အောက်မေ့ပြီးလျှင် မြတ်စွာဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့၍ “ဤရဟန်းကြီးကား မြင့်မြတ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် အထက်တန်းစား ပုဂ္ဂိုလ်တပါးဖြစ်သည်၊

၅၁၁

တစုံတရာ ငါပြောလျှင် ငါ့ကိုသာ ခြိမ်းခြောက်ပေလိမ့်မည်”ဟု ကြံစည် တွေးတောပြီးလျှင် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကာလ၌ တစုံတရာမျှ မပြောဆိုဝံ့ခဲ့ချေ။

ထိုသုဘဒ်ရဟန်းကြီးသည် ယနေ့သော်ကား “မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီ” ဟူသော သတင်းစကားကို ကြားရ၍ သက်သာရာရသကဲ့သို့ ဖြစ်ရှိကာ လွန်စွာ ဝမ်းမြောက်လျက် ဤကဲ့သို့ ပြောဆိုလေသည်။

အရှင်မဟာကဿပ၏ စိတ်အကြံတော်

အရှင်မဟာကဿပ မထေရ်သည် ထိုသုဘဒ်ရဟန်းကြီး၏ ရင့်သီးရိုင်းပြသော စကားကို ကြားရလေလျှင် နှလုံးသား၌ ရိုက်ပုတ်လိုက်သကဲ့သို့၎င်း, ဦးထိပ်ထက်၌ စက်မိုးကြိုး ကျရောက်သကဲ့သို့၎င်း အောက်မေ့တော်မူလေ၏။ မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “ဩ.. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှာ ခုနစ်ရက်မျှသာ ရှိသေးသည်။ ယနေ့ပင်လည်း ထိုမြတ်စွာဘုရား၏ ရွှေရောင်အဆင်း ဝါဝင်းသော သရီရဓာတ် ဥတုဇရုပ်ကလာပ်တော်ကြီး အထင်အရှား ရှိနေပေသေးသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပင်ပန်းဆင်းရဲငြိုငြင်စွာ တည်ထောင်အပ်သည့် သာသနာတော်မြတ်ကြီး၌ သို့ကလောက်စဉ် လျင်မြန်စွာ ရဟန်းယုတ်တည်းဟူသော အမှိုက်သရိုက် ဆူးငြောင့်ခလုတ်များ ထင်ရှား ဖြစ်ပေါ်ဘိ၏၊ ဤရဟန်းယုတ်ကြီးကား မဟန့်တားသဖြင့် ကြီးပွါး၍များ လာခဲ့လျှင် သူကဲ့သို့ပင် အခြားတပါးသော ရဟန်းယုတ် အပင်းအသင်း အဖော်အပေါင်းတို့ကို ရရှိ၍ သာသနာတော်ကို ဆုတ်နစ်စေနိုင်သည်”ဟု ဆင်ခြင်တော်မူကာ ဓမ္မသံဝေဂ = တရားသံဝေ ကြီးစွာဖြစ်လေ၏။

၅၁၂

ထို့နောက် မထေရ်မြတ်၏ သန္တာန်ဝယ် ဤဆိုလတ္တံ့သောအတိုင်း ဓမ္မသံဂါယနာ တင်ဖို့ရန် အကြံအစည်များ ဆက်လက်ဖြစ်ပွါးလာလေသည်၊ ဖြစ်ပွါးပုံမှာ-

“အကယ်၍ ငါသည် ဤသက်ကြားတောထွက် ရဟန်းအိုကြီးကို ဤအရပ်၌ပင် ပုဆိုးကြမ်းကိုဝတ်စေကာ ပြာဖြင့်ကြဲဖျန်း၍ နှင်ထုတ်လိုက်မည်ဆိုပါက များစွာသော လူအပေါင်းတို့သည် ‘ရဟန်းဂေါတမ၏ ဥတုဇရုပ်ကလာပ် ထင်ရှားရှိနေစဉ်ပင် သူ၏တပည့်များ အငြင်းပွါးကုန်ကြပြီ’ဟု ငါတို့အပေါ်၌ အပြစ်တင်ပြ ပြောဆိုကြလိမ့်မည်။ ငါကား အောင့်အည်း သည်းခံဦးမည်။

မှန်၏- မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်များသည် မကုံးမသီအပ်သေးသည့် ပန်းပုံကြီးသဖွယ် ဖြစ်ရှိနေပေသေးသည်၊ ထိုတရားပန်းပုံကြီးဝယ် လေတိုက်ခတ်အပ်သည့် မကုံးမသီရသေးသော ပန်းများသည် ကစဉ့်ကလျား လွင့်ပါး သွားနိုင်ကုန်သကဲ့သို့ ထို့အတူပင် ဤသုဘဒ်ရဟန်းကြီးကဲ့သို့သော ပုဂ္ဂိုလ်ယုတ်တို့၏ အစွမ်းအားဖြင့် အချိန်အခါ လွန်၍ လွန်၍ သွားခဲ့လျှင် ဝိနည်းပိဋကတော်၌ သိက္ခာပုဒ် တခုစ နှစ်ခုစ ပျောက်ပျက်ကုန်လိမ့်မည်၊ သုတ္တန်ပိဋကတော်၌ အမေးအဖြေ တခုစ နှစ်ခုစ ပျောက်ပျက်ကုန်လိမ့်မည်၊ အဘိဓမ္မာပိဋကတော်၌ ကာမာဝစရတရား, ရူပါဝစရတရား, အရူပါဝစရတရား, လောကုတ္တရာတရား တည်းဟူသော တရားထူးများ တပါးစ နှစ်ပါးစ ပျောက်ပျက်ကုန်ကြလိမ့်မည်။ ဤနည်းဖြင့် အစဉ်အတိုင်း သာသနာတော်၏ အရင်းအမြစ်ဖြစ်သည့် သုတ်, ဝိနည်း, အဘိဓမ္မာ ပိဋကတ်တော်များ ပျောက်ပျက်ကုန်လျှင် လောကဥပမာအားဖြင့် သစ်ပင်၌ စိုးအုပ်မှီတွယ်နေသော မြေဘုတ်ဘီလူးသည် ထိုသစ်ပင်၏ အကိုင်းအခက်များ ပျောက်ပျက်လျှင် ပင်စည်ကိုမှီ၍ နေနိုင်သေး၏၊ ပင်စည်ပျောက်ပျက်လျှင်

၅၁၃

အမြစ်ကိုမှီတွယ်၍ နေနိုင်သေး၏၊ အမြစ်ပျောက်ပျက်လျှင်ကား လုံးဝ မှီရာမရှိတော့သကဲ့သို့ ထို့အတူ ငါတို့သည်လည်း မှီရာကင်းမဲ့သူများ ဖြစ်ကြရပေတော့မည်။ (တနည်း- ဖခင်ဖြစ်သော မြေဘုတ်ဘီလူးသည် မိမိ၏ သားငယ်ဖြစ်သော မြေဘုတ်ဘီလူးအား ကိုယ်ပျောက်ဆေးမြစ် တခုခုကို ပေးအပ်ထားလေရာ ထိုကိုယ်ပျောက်ဆေးမြစ် သတိလစ်၍ဖြစ်စေ, အလုအယက်ခံရ၍ဖြစ်စေ ပျောက်ပျက်သော မြေဘုတ်ဘီလူးငယ်သည် ထောက်ရာတည်ရာ မရနိုင်သကဲ့သို့ ထို့အတူပင် ပိဋကတ်တော်များ ပျောက်ပျက်၍ သွားကုန်လျှင် ငါတို့သည်လည်း ထောက်ရာတည်ရာမရ ဖြစ်ကြရပေတော့မည်)။ သို့ရကား ငါတို့သည် ဓမ္မဝိနယသံဂါယနာကို တင်ကြမည်၊ ဤသို့ သံဂါယနာတင်လျှင် ပန်းသီကြိုးဖြင့် ကောင်းစွာသီကုံးအပ်သည့် ပန်းများပမာ ဤဓမ္မဝိနယ သာသနာသည် မတုန်မလှုပ် မယိမ်းမယိုင် ကြံ့ခိုင်ပေလိမ့်မည်။

ဤသို့ ဓမ္မဝိနယသံဂါယနာ တင်ရန်ပင် မြတ်စွာဘုရားသည် ငါ့အား သုံးဂါဝုတ်သို့တိုင်တိုင် ကြွရောက်ကာ ခရီးဦးကြိုဆိုမှု ပြုတော်မူခဲ့လေသည်၊ အဆုံးအမ ဩဝါဒသုံးခဏ်းဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ပေးတော်မူခဲ့လေသည်၊ ကိုယ်တော်မြတ်မှ ဝတ်ရုံနေဆဲသင်္ကန်းကို ခွါတော်မူ၍ ငါ၏ကိုယ်၌ ဝတ်ရုံနေဆဲသင်္ကန်းနှင့် သက်န်းချင်းလဲလှယ်မှု ပြုတော်မူခဲ့လေသည်။ ကောင်းကင်၌ လက်တော်ကို လှုပ်ပြ၍ စန္ဒူပမအကျင့်ပဋိပတ်ကို ဟောတော်မူရာမှာလည်း ငါ့ကို ကိုယ်တော့်မျက်မှောက် သက်သေပြုကာ ဟောကြားတော်မူခဲ့ လေသည်၊ ငါ့အား သုံးကြိမ်တိုင်တိုင် အလုံးစုံသော သာသနအမွေကို အပ်နှင်းတော်မူခဲ့လေသည် (ကဿပသံယုတ်လာ ဩဝါဒသုံးသုတ်ကို ရည်ညွှန်းသည်)။ ငါသို့စင် ဘုရားရှင်သား ရဟန်းတပါး ထင်ရှား ရှိနေစဉ် ဤသူယုတ်မာသည် သာသနာ၌ ကြီးပွါးခြင်းကို



၅၁၄

မရစေလင့်။ အဓမ္မ = မတရား မထွန်းကားသေးမီ, တရား = ဓမ္မကို မတားမြစ်အပ်သေးမီ, အဝိနယ = ဘုရားရှင်အဆုံးအမ မဟုတ်သောအရာများ မထွန်းကားသေးမီ, ဝိနယ= ဘုရားရှင်အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ, အဓမ္မဝါဒီ = မတရားပြောကြားသူတို့ အားမရှိသေးမီ, ဓမ္မဝါဒီ = တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ, အဝိနယဝါဒီ = ဘုရားရှင်အဆုံးအမ မဟုတ်သောအရာများ ပြောကြားသူတို့ အားမရှိကြသေးမီ, ဝိနယဝါဒီ = ဘုရားရှင်အဆုံးအမ တရားတော်ကို ပြောဆိုဟောကြားလေ့ရှိသူတို့ အားမနွဲ့ကြသေးမီ ငါသည် သုတ်, အဘိဓမ္မာ, ဝိနည်း တရားတော်များကို သံဂါယနာတင်ပေအံ့၊ ထိုသို့ သံဂါယနာ တင်သည်ရှိသော် ရဟန်းတို့သည် မိမိတို့ စွမ်းနိုင်သလောက် တတ်နိုင်သလောက် ဉာဏ်ငုံနိုင်သလောက် သင်ယူကြ၍ အပ်, မအပ် = ဝိနည်းတရားစကား ပြောကြား ဆွေးနွေးကြလိမ့်မည်၊ ထိုအခါ ဤသူယုတ်မာသည် မိမိအလိုလိုပင် အနှိပ်ခံရခြင်းသို့ ရောက်ရှိကာ ဦးခေါင်းတဖန် ထောင်ဝံတော့လိမ့်မည် မဟုတ်သည့်ပြင် ဘုရားရှင် သာသနာတော်သည်လည်း ပြည့်စုံစည်ပင် ဝပြောခြင်းသို့ ရောက်ပေလိမ့်မည်”-

ဤကဲ့သို့ ဓမ္မသံဂါယနာတင်ရန် အကြံအစည်များ ဆက်လက် ဖြစ်ပွါးလာလေသည်။

မထေရ်မြတ်သည် “ငါ့သန္တာန်ဝယ် ဤသို့သော စိတ်အကြံ ဖြစ်ရှိသည်”ဟူ၍ ရဟန်းတပါးအားမျှ အခြား မည်သူတဦးတယောက်အားမျှ မိန့်ကြားတော်မမူပဲ ထိုစိုးရိမ်ပူဆွေး ငိုကြွေးကြသော ရဟန်းအပေါင်းကို ဤဆိုလတ္တံ့သောအတိုင်း သက်သာရာရအောင် တရားစကား ဟောကြားတော်မူလေသည်။ ဟောကြားတော်မူပုံမှာ-

“ငါရှင်တို့.. တန်ကြလော့၊ မစိုးရိမ် မပူဆွေး မငိုကြွေးကြကုန်လင့်၊ ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့်



၅၁၅

ရှင်ကွဲ ကွဲကွာခြင်း = နာနာဘာဝ, သေကွဲ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် မြတ်စွာဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်လော။ ငါ့ရှင်တို့.. ‘ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို ‘မပျက်စီးပါစေလင့်’ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိ’ဟု ဤစကားကို မြတ်စွာဘုရားရှင် ကြိုတင်၍ ဟောတော်မူဘူးသည် မဟုတ်ပါလော”-

ဟု သက်သာရာရအောင် တရားစကား ဟောကြားတော်မူလေသည်။

ဥတုဇရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ကြခြင်း

     ထိုစဉ်အခါ အကြီးအမှူး (အားကောင်းမောင်းသန်) မလ္လမင်း လေးဦးတို့သည် ဦးခေါင်းဆေးကြ၍ အသစ်စက်စက် အဝတ်တို့ကို ဝတ်ဆင်ကြကုန်လျက် “မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ငါတို့ မီးတိုက်ကုန်အံ့”ဟု ရည်ရွယ်ကာ မီးတိုက်ကြသည်ရှိသော် မီးစွဲလောင်စေခြင်းငှါ မည်သည့်နည်းဖြင့်မျှ မတတ်နိုင်ပဲ ရှိကြကုန်၏။

(ဤ၌။ ။စန္ဒကူး နံ့သာထင်းပုံကား သံတောင် တရာ့နှစ်ဆယ် အမြင့်ရှိ၏၊ မလ္လမင်းတို့သည် လေးယောက်မီးရှို့၍ မတောက်လေလျှင် ရှစ်ယောက်, ဆယ့်ခြောက်ယောက်, သုံးဆယ့်နှစ်ယောက် တိုး၍ တိုး၍ မီးတောက်လောင်စေရန် အစုံအစုံသော မီးရှူးတိုင်ကြီးများကို ၀ဲယာ ကိုင်ယူကြကာ ထန်းရွက်ယပ်ဝန်းတို့ဖြင့် ယပ်ကြ သားရေဖားဖိုတို့ဖြင့် ဖိုကျင်ထိုးကြ မီးတောက်လောင်ရန် အနည်းနည်း ပြုလုပ်ကြသော်လည်း မည်သည့်နည်းဖြင့်မျှ မီးစွဲလောင်စေခြင်းငှါ မတတ်နိုင်ပဲ ရှိကြကုန်၏။

ချဲ့ဦးအံ့- အသီတိမဟာသာဝက မထေရ်မြတ်ကြီးတို့၌ အထူးကြည်ညိုကြ၍ ထိုမထေရ်မြတ်တို့၏ အလုပ်အကျွေး ဒကာရင်းချာ အိမ်ထောင်ပေါင်း ရှစ်သောင်းတို့သည် နတ်ပြည်၌ ဖြစ်ရှိကြလေသည်၊ ထိုနတ်တို့ အနက် အရှင်မဟာကဿပ မထေရ်မြတ်၌ အထူးကြည်ညို၍

၅၁၆

နတ်ပြည်၌ ဖြစ်ကြသော နတ်တို့သည် ထိုအစည်းအဝေး၌ “ငါတို့၏ ဆွမ်းခံကိုယ်တော်ကြီး အရှင်မဟာကဿပ မထေရ်မြတ်သည် အဘယ်မှာနည်း”ဟု ကြည့်ရှုဆင်ခြင်ကြသည်တွင် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ခရီးအကြား ကြွလာတော်မူနေသော မထေရ်မြတ်ကြီးကို မြင်ကြ၍ “ငါတို့၏ ဆွမ်းခံကိုယ်တော်ကြီး အရှင်မဟာကဿပ မထေရ်သည် ရှိခိုးတော်မမူရသေးမီ ဤနံ့သာထင်းပုံကြီး မီးမစွဲလောင်ပါစေသား”ဟု အဓိဋ္ဌာန်မှု ပြုကြသောကြောင့် မီးမစွဲလောင်ပဲ ရှိရလေသည်)။

     ထိုအခါ မလ္လမင်းတို့သည် အရှင်အနုရုဒ္ဓါမထေရ်ကို မီးမစွဲလောင်ခြင်း၏ အကြောင်းကို မေးလျှောက်ကြသဖြင့် အရှင်အနုရုဒ္ဓါမထေရ်က “ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. နတ်တို့၏ အလိုကား တမျိုးဖြစ်နေ၏”ဟု မိန့်တော်မူလေလျှင် မလ္လမင်းတို့သည် “အရှင်ဘုရား.. နတ်တို့၏ အလိုကား အဘယ်သို့ပါနည်း”ဟု မေးလျှောက်ကြပြန်၏။ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်သည် မလ္လမင်းတို့ကို-

“ဝါသေဋ္ဌနွယ်ဖွား မလ္လမင်းများတို့.. ‘အရှင်မဟာကဿပသည် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ငါးရာမျှသော ရဟန်းသံဃာများနှင့်အတူ ကြွလာတော်မူလျက် ရှိ၏၊ အရှင်မဟာကဿပသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်၍ ရှိမခိုးရသေးမီ မြတ်စွာဘုရား၏ နံ့သာထင်းပုံသည် မီးမတောက်လောင်စေသတည်း’ဟု နတ်တို့၏ အလိုသည် ဖြစ်လျက်ရှိ၏”-

ဟု မိန့်တော်မူလေသော် မလ္လမင်းတို့သည် “အရှင်ဘုရား.. နတ်တို့၏ အလိုအတိုင်း သာ ဖြစ်ပါစေလော့”ဟု လျှောက်ထားကြကုန်၏။

     လူအပေါင်းသည် ထိုအကြောင်းကို ကြားသိကြရ၍ “အို အချင်းတို့.. မဟာကဿပ အမည်တော်ရှိသော ရဟန်းတော်သည် ရဟန်းငါးရာတို့နှင့် အတူတကွ ‘မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးအံ့’ဟု လာနေသတဲ့၊ ထိုမဟာကဿပ ရဟန်းတော် မရောက်လာသေးလျှင် စန္ဒကူးနံ့သာထင်းပုံသည် မီးတောက်လိမ့်မည်



၅၁၇

မဟုတ်ဘူးတဲ့၊ အချင်းတို့.. ထိုမဟာကဿပ ရဟန်းတော်သည် အသားမည်းလေသလာ, အသားဖြူဖြူလော, အရပ်တော် ရှည်ရှည်လော, အရပ်တော် တိုတိုလော, အဘယ်သို့သော အဆင်းအရောင် ပုံပန်းသဏ္ဌာန် ရှိလေသနည်း။ အချင်းတို့.. ဤသို့သဘောရှိသော ရဟန်းတော်တပါး ထင်ရှားရှိနေပါလျက် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းမည်သည် အဘယ်သို့ ဖြစ်ပေမည်နည်း”ဟု ကြံစည်ကြ၍ အချို့က နံ့သာ,ပန်း-စသည် လက်စွဲကြလျက် ခရီးရင်ဆိုင် သွားကြလေ၏။ အချို့ကမူ လမ်းခရီးများကို အဆန်းတကြယ် မွမ်းမံပြင်ဆင်ကြလျက် ကြွလာမည့်လမ်းကို မျှော်မှန်း ရပ်တည်လျက် နေကြကုန်၏။

     ထိုအခါ အရှင်မဟာကဿပ မထေရ်သည် ကုသိနာရုံပြည် မလ္လမင်းတို့၏ မကုဋဗန္ဓန-မည်သော စေတီဌာန၌ စန္ဒကူးနံ့သာထင်းပုံသို့ ကြွရောက် ချဉ်းကပ်ပြီးနောက် သင်္ကန်းကို ပခုံးတဖက်၌ လက်ကန်တော့တင်ကာ လက်အုပ်ချီပြီးလျှင် စန္ဒကူးနံ့သာထင်းပုံကို လက်ျာရစ် သုံးပတ်လှည့်လည်ကာ ဆင်ခြင်တော်မူလတ်သည်တွင် “ဤအရပ်၌ မြတ်စွာဘုရား၏ ဦးခေါင်းတော်ရှိ၏၊ ဤအရပ်၌ မြတ်စွာဘုရား၏ ခြေတော်ရှိ၏”ဟု ကောင်းစွာ ပိုင်းပိုင်းခြားခြား သိတော်မူ၍ ဥတုဇရုပ်ကလာပ်တော်၏ ခြေရင်း၌ ရပ်တည်ပြီးလျှင် အဘိညာဏ်၏ အခြေပါဒကဖြစ်သော စတုတ္ထဈာန်ကို ၀င်စား၍ ထိုဈာန်မှထပြီးနောက် “အကန့်တထောင်တို့ဖြင့် တန်ဆာဆင်အပ်သည့် စက်လက္ခဏာပါရှိသော မြတ်စွာဘုရား၏ ခြေတော်အစုံတို့သည် ဝါဂွမ်းစိုင် အထပ်အလွှာများနှင့်တကွ ပုဆိုးအစုံငါးရာတို့ကို၎င်း, ရွှေတလား = ရွှေခေါင်းကို၎င်း, စန္ဒကူးနံ့သာ ထင်းပုံကို၎င်း နှစ်ဖြာခွဲကာ ငါ၏ ဦးထိပ်ထက်၌ တည်လာပါစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူလိုက်လေ၏။

     အဓိဋ္ဌာန်စိတ်နှင့် တပြိုင်နက်ပင် ပုဆိုးအစုံ ငါးရာတို့ကို နှစ်ဖြာခွဲလျက် တိမ်တိုက်ကြားမှ လပြည့်ဝန်းကြီး ပေါ်ထွန်းလာသည့်ပမာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့သည် ထွက်ပြူ၍လာလေကုန်၏။ မထေရ်မြတ်သည် ပွင့်သစ်စ ကြာနီပန်းအသွေး



၅၁၈

နီတွေးသော မိမိလက်တို့ကို ဖြန့်၍ မြတ်စွာဘုရား၏ ရွှေရောင်အဆင်း ဝါဝင်းသော ခြေတော်အစုံတို့ကို ဖမျက်တော်တိုင် မြဲစွာဆုပ်ကိုင်၍ မိမိ၏ဦးခေါင်း ဦးထိပ်ဖျားဝယ် တင်ထားမြတ်နိုး ရှိခိုးတော်မူလေ၏။

     လူများအပေါင်းသည် အံ့ဖွယ်သရဲကို မြင်ကြရ၍ တပြိုင်နက်တည်းပင် သည်းစွ ဟစ်အော် ကောင်းကြီး ကြွေးကြော်ကြ၍ နံ့သာပန်း-စသည်တို့ဖြင့် ပူဇော်ကြကာ မိမိအလိုရှိတိုင်းပင် ရှိခိုးဦးညွှတ်ကြလေ၏။ အရှင်မဟာကဿပမထေရ်နှင့် အတူတကွ လိုက်ပါလာကြသော ရဟန်းငါးရာတို့သည်လည်း သင်္ကန်းကို ပခုံးတဖက်၌ လက်ကန်တော့ တင်ကြကာ လက်အုပ်ချီပြီးလျှင် နံ့သာထင်းပုံကို လက်ျာရစ် သုံးပတ်လှည့်ပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးကြလေ၏။

     ဤသို့လျှင် အရှင်မဟာကဿပ မထေရ်မြတ်သည်၎င်း, လူများအပေါင်းသည်၎င်း, ရဟန်းငါးရာတို့သည်၎င်း မြတ်စွာဘုရား၏ ခြေတော်တို့ကို အလိုရှိတိုင်း ဦးခိုက်ရှိခိုးပြီးကြလေလျှင် တဖန် အဓိဋ္ဌာန်ဖွယ်ကိစ္စ မရှိ၊ ပကတိ အဓိဋ္ဌာန်ချက်ဖြင့်ပင် မထေရ်မြတ်၏ လက်တော်မှ လွတ်လျှင်ပင် ချိပ်ရည်အသွေး နီတွေးသော အဆင်းရှိသည့် မြတ်စွာဘုရား၏ ခြေတော်အစုံတို့သည် စန္ဒကူးထင်းတုံး အစရှိသည်တို့တွင် တစုံတခုကိုမျှ မလှုပ်ရှားစေပဲ ရွှေတလား = ရွှေခေါင်းတော်အတွင်း တည်မြဲတိုင်းသော မူလနေရာ၌ တဖန်ပြန်၍ တည်လေကုန်၏။ မှန်၏- မြတ်စွာဘုရား၏ ခြေတော်အစုံကို ရွှေတလား = ရွှေခေါင်းတော်မှ ထွက်သောအခါ ရွှေတလား = ရွှေခေါင်းတော် အတွင်းသို့ ပြန်ဝင်သော အခါများ၌ ဝါမျှင်တခုမျှ, အမြိတ်အဆာ ချည်မျှင်တပင်မျှ, ဆီကြည်တပေါက်မျှ, စန္ဒကူးနံ့သာ ထင်းတုံးတတုံးမျှ မူလတည်နေရာဌာနမှ လှုပ်ရှားသောမည်သည် မရှိ၊ အလုံးစုံသည်ပင် မူလ တည်နေမြဲဌာန၌ တည်နေကြသည်ချည်း ဖြစ်ပေ၏။

     လဝန်း နေဝန်းတို့ ပေါ်ထွန်းထွက်ပြုပြီးနောက် ထိုလဝန်း နေဝန်း အတ္ထတောင်စွယ်သို့ ဝင်ကွယ်ကြသည့်အလား



၅၁၉

မြတ်စွာဘုရားရှင်၏ ခြေတော်တို့ ရွှေတလား = ရွှေခေါင်းတော်အတွင်းသို့ ဝင်ကွယ်ကြသောအခါ လူများအပေါင်းသည် သည်းထန်စွာ ငိုကြွေးကြလေ၏။ ပရိနိဗ္ဗာန် စံတော်မူသော အခါကထက် သာလွန်စွာ သနားစဖွယ် ဖြစ်လေတော့၏။

     အရှင်မဟာကဿပ မထေရ်နှင့် ထိုရဟန်းငါးရာတို့ အလိုရှိသမျှ ရှိခိုးပြီးလတ်သော် မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်တည်ရာ စန္ဒကူးနံ့သာ ထင်းပုံသည် လူ့ပြည်လူသား တဦးတယောက်ကမျှ မီးမရှို့ရပဲ နတ်တို့၏ အာနုဘော်ကြောင့် ထက်ဝန်းကျင်မှ တပြိုင်နက်တည်း မီးတောက်လောင်လေတော့၏။ (ယင်းကိုပင် တေဇောဓာတ်မီး လောင်ကျွမ်းသည်ဟု ခေါ်ဆို၏)။

     တေဇောဓာတ်မီး လောင်ကျွမ်းသော မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်မှ အရေပါး, အရေထူ, အသား, အကြော, အစေးတို့၏ ပြာများ မှိုင်းများ မထင်မရှိပဲ သရီရဓာတ်တော်တို့သည်သာလျှင် ကြွင်းကျန်ရစ်ကုန်၏။ လောကဥပမာအားဖြင့် မီးတောက်လောင်သော ထောပတ်ဆီတို့၏ ပြာများ မှိုင်းများ မထင်သကဲ့သို့တည်း။ ရုပ်ကလာပ်တော်ကို ရစ်ပတ်၍ထားသော ပုဆိုးအစုံ ငါးရာတို့တွင်လည်း အတွင်းအကျဆုံးပုဆိုးနှင့် အပြင်အကျဆုံးပုဆိုး ဤနှစ်ထည်တို့ကိုသာလျှင် မီးမလောင်ပဲ ရှိကုန်၏။

သရီရဓာတ်တော်များအကြောင်း

(ဤအရာ၌ ဗုဒ္ဓဝင်စာဖတ် ပရိသတ်တို့ အထူးမှတ်ရန်ကို ပြဆိုဦးအံ့- သက်တော်ရှည် မြတ်စွာဘုရားများ၏ သရီရဓာတ်တော်၏ ဖရိုဖရဲ တဆူစီမကွဲပဲ ရွှေခဲရွှေတုံးကြီးပမာ တဆူတည်းသာ ကြွင်းကျန်ရစ်ကုန်၏။ အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားသည်ကား သက်တော်တိုတောင်းသော မြတ်စွာဘုရား ဖြစ်တော်မူသည့်အတွက် ပရိနိဗ္ဗာန် စံတော်မမူမီကပင် “ငါဘုရားသည် မကြာမြင့်မီ တည်၍ ပရိနိဗ္ဗာန် စံရမည်ဖြစ်သည်၊ ငါဘုရား၏ သာသနာသည် အလုံးစုံသော အရပ်မျက်နှာသို့ မပြန့်နှံ့သေးချေ၊ သို့ရကား ငါဘုရားပင် ပရိနိဗ္ဗာန် စံယူလင့်ကစား ငါဘုရား၏ မုံညင်းစေ့ခန့်မျှသော ဓာတ်တော်ကိုပင်လည်း ပင့်ဆောင်ကြကာ မိမိ မိမိတို့၏ နေရာ၌

၅၂၀

စေတီတော် တည်ထား၍ လူများအပေါင်းသည် နတ်ရွာသုဂတိသို့ လားရောက်ကြစေသတည်း”ဟု ရည်ရွယ်တော်မူကာ သရီရဓာတ်တော်များ အဆူဆူကွဲပြားရန် အဓိဋ္ဌာန်တော်မူခဲ့လေသည်။

ဤ၌ ၁-အစိတ်စိတ် မကွဲပြားသော = အဝိပ္ပကိဏ္ဏဓာတ်တော်, ၂-အစိတ်စိတ် အဆူဆူ ကွဲပြားသော = ဝိပ္ပကိဏ္ဏဓာတ်တော်ဟူ၍ ဓာတ်တော် ၂-မျိုးပြားလေသည်။

ထိုနှစ်မျိုးတို့တွင် ၁-စွယ်တော်လေးဆူ, ညှပ်ရိုးတော်နှစ်ဆူ, နဖူးသင်းကျစ်တော် ဓာတ်တဆူ = ဤခုနစ်ဆူသော ဓာတ်တော်တို့မှာ သက်တော်ရှိစဉ် မူလပုံအသွင်အတိုင်း အစိတ်စိတ် မကွဲပြားပဲ တည်ရှိရစ်သည့် အဝိပ္ပကိဏ္ဏဓာတ်တော်များ ဖြစ်လေသည်။

၂-ထိုမှကြွင်းသော အရိုးတော်စသည်မှ ဖြစ်ပွါးသော ဓာတ်တော်များမှာ အစိတ်စိတ် အဆူဆူ ကွဲပြားသည့် ဝိပ္ပကိဏ္ဏဓာတ်တော်များ ဖြစ်လေသည်။ ထိုဓာတ်တော်များမှာ အချင့်အတွက် ပမာဏအားဖြင့် ၁၆-ပြည်သား (=တတင်းသား)ခန့် ကြွင်းကျန်ရစ်လေသည်။

ထိုဓာတ်တော်တို့အနက် (၁) အငယ်ဆုံး ဓာတ်တော်များမှာ မုံညင်းစေ့ခန့် ပမာဏရှိ၍ မုလေးပန်း (=မြတ်လေးပန်း)ငုံနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၆-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။ (၂) အလတ်စား ဓာတ်တော်များမှာ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။ (၃) အကြီးစား ဓာတ်တော်များမှာ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။ ။ဤအကြောင်းအရာများကား သုတ်မဟာဝါအဋ္ဌကထာ နင့် ဗုဒ္ဓဝင်ပါဠိတော် မျက်နှာ ၃၈၄၊ ဓာတုဘာဇနီယာခဏ်း၌ လာရှိသည်)။

     ဥတုဇ ရုပ်ကလာပ်တော်ကို တေဇောဓာတ်မီး လောင်ကျွမ်းပြီးလတ်သော် ကောင်းကင်မှ မောင်းဖျားခန့် သလုံးမြင်းခေါင်းခန့် ထန်းလုံးခန့်မျှသော ရေအယဉ်ကြီးများ နတ်တို့အာနုဘော်ကြောင့် ကျရောက်ကြကာ စန္ဒကူးနံ့သာထင်းပုံကို ငြိမ်းစေကြလေ၏။ ပတ်ဝန်းကျင်၌ တည်ရှိသော အင်ကြင်းပင်တို့၏ ပင်စည်အကြား သစ်ခွအကြားတို့မှလည်း ရေပန်းကြီးများ ဖျာထွက်၍



၅၂၁

စန္ဒကူးနံ့သာ ထင်းပုံကို ငြိမ်းစေကြလေ၏။ မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော် တင်ထားရာ စန္ဒကူးနံ့သာ ထင်းပုံကြီးကား အလွန်ကြီးမား၏၊ သံတောင် တရာ့နှစ်ဆယ်ခန့် မြင့်၏။ သို့ရကား နံ့သာထင်းပုံ၏ ပတ်ဝန်းကျင်မှလည်း မြေအပြင်ကို ဖောက်ခွဲကာ ထွန်တုံးဦးခန့် ပမာဏရှိသော ရေလုံးကြီးများ ပန်းတက်ကာ နံ့သာထင်းပုံကို ငြိမ်းစေကြလေ၏။ ကုသိနာရုံပြည်သား မလ္လမင်းများသည်လည်း ရွှေအိုး ငွေအိုးများ အပြည့်ထည့်၍ ယူဆောင်လာသော နံ့သာမျိုးစုံရေဖြင့် သွန်းလောင်းကြကာ အသွားရှစ်ချောင်းရှိသော ရွှေထွန်ခြစ် ငွေထွန်ခြစ်တို့ဖြင့် မွှေနှောက်ကြဲဖြန့်ကြ၍ စန္ဒကူးနံ့သာထင်းပုံကို ငြိမ်းစေကြကုန်၏။ ။ဤအရာ၌ အထူးအံ့ဖွယ်ကောင်းသော အချက်မှာ- နံ့သာထင်းပုံကို တေဇောဓာတ်မီး လောင်ကျွမ်းနေစဉ် ပတ်ဝန်းကျင်တည်ရှိသော အင်ကြင်းပင်တို့၏ အခက်ကြား အခွကြား အရွက်ကြားတို့မှ မီးလျှံများ တဖွားဖွား တက်ကြသော်လည်း အရွက်, အခက်, အပွင့်များ မီးလောင်သည်ဟူ၍ မရှိကြ၊ ပိုးရွခြပုန်းများ မျောက်များသည်လည်း မီးလျှံများ အကြားမှပင် အနေမပျက် လှည့်လည်ကျက်စား သွားလာကြလေသည်။

သာဓုကီဠနသဘင် ဆင်ယင်ကျင်းပခြင်း

     ဤသို့ စန္ဒကူးနံ့သာထင်းပုံကို မီးငြိမ်းသတ်ကြပြီးနောက် မလ္လမင်းများသည် မင်းကွန်း = မင်းတဲ၌ ၁-တောင်ဇလပ် ၂-ကုင်္ကုမံ = မာလာကျိကျူ ၃-လေးညှင်းပွင့် ၄-ပန်းညိုရွက် = ဤလေးမျိုးတို့ကို ကြိတ်၍ပြုအပ်သော နံ့သာဖြင့် ပြေပြစ်အောင် လိမ်းကျံပက်ဖျန်းမှု ပြုကြ၍ ၁-ဇလပ်ပန်း ၂-မုလေးပန်း ၃-နေဇာပန်း ၄-မာလာကျိကျူပန်း ၅-ပေါက်ပေါက်ပန်း = ဤပန်း ၅-မျိုးတို့ကို ကြဲဖြန့်ကြပြီးလျှင် ဗိတာန်မျက်နှာကြက် ဖွဲ့ယှက်ကြ၍ ရွှေကြယ် ငွေကြယ်-စသည် စီခြယ်ကြကာ ထိုမင်းတဲ၌ နံ့သာဆိုင်း, ပန်းဆိုင်း, ရတနာဆိုင်းတို့ကို အပြိုင်းပြိုင်း အရွဲရွဲ တွဲရရွဲဆွဲကြပြီးနောက် မင်းကွန်း = မင်းတဲမှသည် မကုဋဗန္ဓနစေတီအရောက် တင်းထိမ်ကန့်လန့်ကာ ဖျာကာမှုကို ပြုကြ၍ ဗိတာန်မျက်နှာကြက်



၅၂၂

ဖွဲ့ယှက်ကြကာ ရွှေကြယ် ငွေကြယ်စသည် စီခြယ်ကြလျက် ထိုနေရာ၌လည်း နံ့သာဆိုင်း, ပန်းဆိုင်း, ရတနာဆိုင်းများကို အပြိုင်းပြိုင်း အရွဲရွဲ ချိတ်ဆွဲကြပြီးလျှင် မြစိမ်းရောင်ဝါးတို့ဖြင့် အဆင်းငါးပါးရှိသော အလံတံခွန်တို့ကို စိုက်ထူလွှင့်တင်ကြကာ ထက်ဝန်းကျင်မှ လေတဖျတ်ဖျတ် ခတ်အပ်သော ကုက္ကားတို့ကိုလည်း ဝန်းရံစိုက်ထူ၍ သန့်ရှင်းပြေပြစ်သော လမ်းခရီးတို့၌ ငှက်ပျောပင်များ ရေပြည့်အိုးများ စိုက်ပျိုးတည်ထားစေကြလျက် မီးရှူးမီးတိုင်များကို မားမားထွန်းညှိ စိုက်ထူကြပြီးလျှင် တန်းဆာစုံလင် ဆင်ယင်အပ်ပြီးသော မင်္ဂလာဆင်တော်၏ ကျောက်ကုန်းထက်၌ ဓာတ်တော်နှင့် တကွသော ရွှေခေါင်းကို တင်ထားကြလေသည်။ ။(ဤ၌ မြတ်စွာဘုရား၏ ဥတုဇ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ရာ ဌာနကား မြို့၏အရှေ့ဖက် မကုဋဗန္ဓန စေတီဖြစ်သည်။ မင်းကွန်း = မင်းတဲ ဗိုလ်တဲကား မြို့တွင်းမှာ ဖြစ်သည်ကို ဉာဏ်မျက်စိဖြင့် ကြည့်ရှု သိမြင်ထားရာ၏)။

     ထို့နောက်မှ မလ္လမင်းတို့သည် သရီရဓာတ်တော်များပါရှိသည့် ရွှေခေါင်းကို မင်္ဂလာဆင်တော်ထက် အသင့်တင်ကြပြီးနောက် ပန်းနံ့သာ- စသည်တို့ဖြင့် ပူဇော်ကြလျက် သာဓုကီဠနပွဲကြီးသဘင် ဆင်ယင်ကျင်းပ (တီးမှုတ်ကခုန် ပူဇော်ကြ)ကာ ကုသိနာရုံမြို့တွင်းသို့ သွင်းဆောင်ခဲ့ကြ၍ ထိုမြို့တွင်းဝယ် အသင့်ပြင်ဆင်ထားသော မင်းကွန်း = ဗိုလ်တဲအတွင်း သရဘမည်သော သားရဲအရုပ်ခံ (တနည်း- ရတနာခုနစ်ပါးဖြင့် ပြီးသော) ပလ္လင်ပျံ၌ တင်ထားကြပြီးလျှင် ထို၏ အထက်အထက်၌ ထီးဖြူတော်ကို အုပ်မိုး၍ ထားကြလေသည်။

     ထို့နောက် မလ္လမင်းတို့သည် သရီရဓာတ်တော်များ ထားရှိရာ မင်းကွန်းဗိုလ်တဲ လုံခြုံရေးအတွက် ရှေးဦးစွာ ဦးကင်းချင်းထိလုမျှ ဆင်တပ်ကြီးကို ဝန်းရံ ချထားစေလေသည်၊ ထို၏ အပြင်ဖက်မှ လည်ချင်းထိလုမျှ မြင်းတပ်ကြီးကို ဝန်းရံ ချထားစေလေသည်။ ထို၏ အပြင်ဖက်မှ ဦးစွန်းချင်းထိလုမျှ ရထားတပ်ကြီး, ထို၏ အပြင်ဖက်မှ လက်ရုံးချင်းထလုမျှ ခြေလျင်တပ်ကြီး, ထို၏ အပြင်ဖက်မှ



၅၂၃

အစွန်းချင်း ထိလုမျှ လေးသည်တော်တပ်ကြီး, လှံတပ်ကြီးများကို အထပ်ထပ်ဝန်းရံ ချထားစေကြလေသည်။ ဤသိုလျှင် မလ္လမင်းတို့သည် ထက်ဝန်းကျင် တယူဇနာအရပ်တိုင်တိုင် ချပ်မိန်ညိုကွန်ရက်ကို ယှက်အပ်သည့်အလား ပြုလုပ်ကြ၍ ခုနစ်ရက်ပတ်လုံး အစောင့်အနေများ ချထားကာ သာဓုကီဠန = သူတော်ကောင်းတို့၏ မြူးထူးပျော်ရွှင်မှု ဈာပနသဘင်ကို ကြီးကျယ်စွာ ဆင်ယင်ကျင်းပကြလေသည်။

     ထိုမလ္လမင်းတို့သည် အဘယ့်ကြောင့် ဤသို့ ပြုလုပ် စီမံကြသနည်းဟူမူ- ရှေးလွန်ခဲ့ပြီးသော နှစ်သတ္တာဟ (=၁၄-ရက်)တို့၌ ထိုမလ္လမင်းတို့သည် ရဟန်းသံဃာတော်အတွက် နေရာထိုင်ခင်း စီမံခြင်း, ခဲဖွယ်ဘောဇဉ်များကို စီမံခြင်းကိစ္စကို ရွက်ဆောင် အားထုတ်နေကြရသဖြင့် သာဓုကီဠနသဘင် ဆင်ယင်ကျင်းပခွင့် မရခဲ့ကြချေ။ ထို့ကြောင့် ထိုမင်းတို့၏ စိတ်သန္တာန်ဝယ် “ဤယခုသတ္တာဟ (=ခုနစ်ရက်)ပတ်လုံး ငါတို့သည် သာဓုကီဠန = သူတော်ကောင်းတို့၏ ဓမ္မသံဝေဂနှင့်စပ်သော မြူးထူးပျော်ရွှင်မှု ဈာပနသဘင်ကို ဆင်ယင်ကျင်းပကြကုန်အံ့၊ ငါတို့ မေ့လျော့ပျော်ရွှင်နေကြသည်ကို သိရှိ၍ တစုံတယောက်သောသူ လာရောက်ကာ သရီရဓာတ်တော်များကို ခိုးဆောင်သွားနိုင်ရန်အကြောင်း ရှိချေသည်၊ ထို့ကြောင့် အစောင့်အနေကို လုံခြုံစွာ ချထားပြီးမှ ငါတို့ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပကြမည်”ဟု ကြံစည်ဆင်ခြင်ခြင်း ဖြစ်ရှိခဲ့လေသည်။ ထို့ကြောင့် ထိုမလ္လမင်းတို့သည် ဤသို့ ပြုလုပ်စီမံကြလေသည်။

သရီရဓာတ်တော်များကို ဝေဘန်ခြင်းအကြောင်း

     မဂဓတိုင်းရှင် ဘုရင်အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင် ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် စံတော်မူကြောင်းကို ကြားသိလေ၏။ သတင်းစကား ကြားသိပုံ အကြောင်းအရာအကျယ်မှာ-

     ရှေးဦးစွာ အဇာတသတ်မင်း၏ အမတ်ကြီးများသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူကြောင်းကို ကြားသိကြ၍



၅၂၄

“မြတ်စွာဘုရားစင်လျက် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ထိုမြတ်စွာဘုရားကို တဖန် အသက်ရှင်အောင် ဆောင်ပြန်ခြင်းငှါ ဘယ်နည်းဖြင့်မျှ မတတ်နိုင်ချေ = မဖြစ်နိုင်ချေ။ ပုထုဇန်တို့၏ သဒ္ဓါတရားအရာမှာလည်း ငါတို့မင်းကြီးနှင့် တူသောသူ တလူမျှ မရှိဖြစ်ချေသည်။ အကယ်၍ ငါတို့မင်းကြီးသည် ဤနည်းအတိုင်း (=ပကတိအနေအတိုင်း) ထိုသတင်းကို ကြားသိတော်မူရလျှင် ဧကန်ပင် ငါတို့မင်းကြီး၏ နှလုံးကား ကွဲချိမ့်မည်၊ စင်စစ်သော်ကား ငါတို့သည် မင်းကြီးကို ရင်ကွဲနာဖြင့် နတ်ရွာမစံအောင် စောင့်ရှောက်သင့်လှသည်”ဟု ကြံစည်တိုင်ပင်ကြ၍ ရွှေခေါင်း = ရွှေတင်း သုံးလုံးတို့ကို ယူဆောင်ကြလျက် စတုမဓုအပြည့် ထည့်ကြပြီးလျှင် အဇာတသတ်မင်းကြီးထံ သွားရောက်ကြ၍-

“အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် မကောင်းသော အိပ်မက်ကို မြင်မက်အပ်ပါသည်။ ထိုအိပ်မက်ဆိုး မကောင်းကျိုးကို ပယ်ဖျောက်နိုင်ရန်အတွက် အရှင်မင်းကြီးတို့သည် ဘွဲ့ဖြူနှစ်ထပ် ဝတ်စုံတော်များ ဝတ်ကြပြီးလျှင် နှာခေါင်းဖုပေါ်ရုံမျှ (=နှာခေါင်းမျှကိုဖော်၍) စတုမဓုရွှေတင်း၌ လျောင်းတော်မူမှ သင့်ပါမည်”–

ဟု လျှောက်ထားကြလေကုန်၏။ မင်းကြီးသည်လည်း အကျိုးလိုလားသည့် အမတ်တို့စကားကို ကြားရလျှင် “အမတ်တို့.. သင်တို့ပြောသည့်အတိုင်း ဖြစ်ပစေ”ဟု ပြောဆိုလက်ခံကာ ဘွဲ့ဖြူနှစ်ထပ် ဝတ်စုံတော်များ ဆင်ဝတ်၍ နှာခေါင်းမျှကိုသာ ဖော်ပြီးလျှင် စတုမဓုရွှေတင်း၌ လျောင်းတော်မူလေ၏။

     ထိုအခါ အမတ်တယောက်သည် အဆင်တန်းဆာတို့ကိုချွတ်၍ ဆံပင်ဖားယားချပြီးလျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာ အရပ်မျက်နှာဖက်သို့ မျက်နှာမူလျက် (=ကုသိနာရုံပြည်ဖက်သို့ မျက်နှာမူလျက်) လက်အုပ်ကို ချီမြှောက်ပြီးလျှင် အဇာတသတ်မင်းကြီးကို-

“အရှင်မင်းကြီး.. သေခြင်းတရားမှလွတ်သော သတ္တဝါမည်သည် မရှိပါ၊ အကျွန်ုပ်တို့၏



၅၂၅

အာယုဝန = အသက်ရှည်ဆေးကြီးသဖွယ်လည်း ဖြစ်တော်မူသော, အရိုအသေပြုရာ စေတီတဆူလည်း ဖြစ်တော်မူသော, ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူသော, ရာဇအဘိသိက်သဘင် ဆင်ယင်ရာ၌ မင်္ဂလာအဘိသိက်ရေချမ်း သွန်းဖျန်းရာလည်း ဖြစ်တော်မူသော လူနတ်တို့၏ဆရာ ထိုဘုရားမြတ်စွာသည် ယခုအခါဝယ် ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါပြီ”-

ဟု လျှောက်ထားလေ၏။ အဇာတသတ်မင်းသည် ထိုသတင်းစကားကို ကြားသိလျှင် ကြားသိခြင်း တွေဝေမိန်းမော နစ်မျော၍ သွားလေတော့၏၊ သောကအရှိန်မီး အဟုန်ကြီးလှသောကြောင့် စတုမဓုတင်း၌ အငွေ့တခြောင်းခြောင်း တထောင်းထောင်း လွှတ်လေ၏။ ထိုအခါ အမတ်တို့သည် အဇာတသတ်မင်းကို ပွေ့ချီကြ၍ ဒုတိယ စတုမဓုရွှေတင်း၌ ထည့်သွင်း လျောင်းစေကြလေကုန်၏။ အဇာတသတ်မင်းသည် တဖန် သတိရလာပြန်၍ “အမတ်တို့.. အဘယ်စကားကို သင်တို့ ပြောကြားလိုက်ကြသနည်း”ဟု မေးလေ၏။ “မြတ်သောမင်းကြီး.. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ”ဟု အမတ်တို့က လျှောက်ထားကြလေလျှင် အဇာတသတ်မင်းကြီးသည် တဖန် တွေဝေမိန်းမော နစ်မျောပြန်လေ၏။ စတုမဓုရွှေတင်း၌ အငွေ့တခြောင်းခြောင်း တထောင်းထောင်း လွှတ်ပြန်လေ၏။ ထိုအခါ မင်းကြီးကို အမတ်တို့သည် ထိုဒုတိယရွှေတင်းမှ ပွေ့ချီကြ၍ တတိယ စတုမရွှေတင်း၌ ထည့်သွင်း လျောင်းစေကြလေကုန်၏။ မင်းကြီးသည် တဖန် သတိရလာပြန်၍ ရှေးနည်းအတူ မေးပြန်လေလျှင် ရှေးနည်းအတူပင် အမတ်တို့က လျှောက်ထားကြ၍ ရှေးနည်းအတူပင် တွေဝေမိန်းမော နစ်မျောပြန်လေ၏။ ထိုအခါ မင်းကြီးကို စတုမဓုရွှေတင်းမှ ထုတ်ဆယ်ပွေ့ချီ၍ နံ့သာရေမိုး ချိုးပေးပြီးလျှင် ဦးထိပ်ထက်၌ ရေစင်ရေချမ်းများကို အိုးအလုံးလုံး သွန်းဖျန်း၍ ပေးကြလေကုန်၏။



၅၂၆

     အဇာတသတ်မင်းသည် သတိရလာ၍ နေရာမှ ထပြီးလျှင် နံ့သာမျိုးစုံဖြင့် ထုံအပ်သည့် မဟူရာကျောက်ရောင် ညိုမှောင်သော ဆံတို့ကို ဖရိုဖရဲ ကြဲဖြန့်၍ ရွှေပျဉ်ချပ်တနှုန်း ကျောက်ကုန်းထက်၌ ဖားယားချလျက် လက်ဖြင့် ရင်ကို ထုပြီးလျှင် သန္တာညွန့်ပုံမှီ တွတ်တွတ်နီသော လက်ချောင်းတို့ဖြင့် ကောင်းစွာ ခင်းစီအပ်သော ရွှေတံကဲပျဉ် အဆင်းရှိသည့် ရင်ကို ချုပ်စပ်သည့်ပမာ မြဲမြံစွာကိုင်၍ သည်းထန်စွာ ငိုကြွေးလျက် သူရူး၏ပုံအဆင်းဖြင့် မြို့တွင်း မင်းလမ်းမသို့ သက်လေ၏။

     အဇာတသတ်မင်းသည် တန်းဆာဆင်အပ်သော ကခြေသည်အပေါင်း ခြံရံလျက် မြို့မှထွက်၍ ဇီဝက၏ သရက်ဥယျာဉ် ကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရား တရားဟောတော်မူရာ နေရာကို ကြည့်ရှု၍-

“ဘုန်းတော်ကြီးမြတ်သော သဗ္ဗညုမြတ်စွာဘုရား.. အရှင်ဘုရားသည် ဤနေရာ၌ ထိုင်နေ၍ တပည့်တော်အား တရားဟောခဲ့သည် မဟုတ်ပါလော၊ အရှင်ဘုရားတို့သည် (ဤနေရာ၌ တရားဟောတော်မူကြကာ) တပည့်တော်၏ သောက ငြောင့်တံသင်းကို ပယ်ရှင်းတော်မူခဲ့ကြသည် မဟုတ်ပါလော၊ တပည့်တော်သည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ = သရဏဂုံတည်သူ ဥပါသကာတယောက် ဖြစ်ပါသည်။ မြတ်စွာဘုရား.. ယခုအခါ၌ကား ရှင်တော်ဘုရားတို့သည် တပည့်တော်အား စကားတုံ့ တခွန်းမျှ မြွက်ညွှန်းတော်မမူကြပါတကား”-

ဤကဲ့သို့ ပြောဆိုကာ သည်းစွာငိုကြွေး၍ “ရှင်တော်ဘုရား.. တပည့်တော်သည် အခြားအခါ ဤသို့သော အချိန်မျိုး၌ ‘ရှင်တော်ဘုရားတို့သည် ရဟန်းများစွာ ခြံရံကုန်လျက် ဇမ္ဗူဒိပ်တခွင်ဝယ် ဒေသစာရီ ကြွချီတော်မူကြသတဲ့’ဟူသော သတင်းစကားကို ကြားသိရသည် မဟုတ်ပါလော၊ ယခုအခါမှာမူ တပည့်တော်သည် ရှင်တော်ဘုရားတို့အတွက်တာ မသင့်လျော်သော သတင်းစကားကိုသာ ကြားသိရပါတော့သည်ဘုရား” ဤသို့ အစရှိသော



၅၂၇

လွမ်းဆွတ်တ-သ စကားများကိုလည်း ပြောကြား၍ ဂါထာခြောက်ဆယ်မျှဖြင့် ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ပြီးလျှင်-

“ငါ့အဖို့ရာ ငိုကြွေးနေရုံမျှဖြင့် ကိစ္စမပြီးသေး၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို ဆောင်ယူစေရန်အရေးကား ကြီးကျယ်စွာရှိသေး၏”-

ဟု ဆက်လက်ကြံစည် စဉ်းစားမိလေ၏။ ။ဤကား အဇာတသတ်မင်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူကြောင်း သတင်းစကားကို ကြားသိပုံ အကျယ်တည်း။

     ထို့နောက် မဂဓတိုင်းရှင် ဘုရင်အဇာတသတ်မင်းသည် မလ္လမင်းများထံသို့ “ကုသိနာရုံပြည်သား မလ္လမင်းများတို့.. မြတ်စွာဘုရားသည်လည်း အသမ္ဘိန္န ခတ္တိယနွယ်ရိုး မင်းမျိုးဖြစ်တော်မူ၏။ ငါသည်လည်း ထို့အတူ အသမ္ဘိန္န ခတ္တိယနွယ်ရိုး မင်းမျိုးဖြစ်၏။ သို့ရကား ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို တစုတပုံ ရထိုက်၏၊ ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို စေတီပုထိုး တည်ထားပူဇော်အံ့”ဟု သံတမန်စေလွှတ်ကာ သဝဏ်လွှာ ပါးလိုက်လေ၏။

     သံတမန်လွှတ်ကာ သဝဏ်လွှာ ပါးပြီးနောက် “မလ္လမင်းများသည် အကယ်၍ ပေးကြလျှင် အပြစ်မရှိ ကောင်းလှဘိ၏၊ မပေးကြလျှင်ကား ရနိုင်သောနည်းဖြင့် သရီရဓာတ်တော်တို့ကို ငါ ဆောင်ယူမည်ဟု ကြံစည်စဉ်းစား၍ အဇာတသတ်မင်း ကိုယ်တိုင်လည်း ဆင်, မြင်း, ရထား, ခြေလျင်အားဖြင့် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးကို ခင်းကျင်းစီစဉ်ကာ ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့လေ၏။ (၁)

     အဇာတသတ်မင်း နည်းအတူပင် ဝေသာလီပြည်သား လိစ္ဆဝီမင်းများသည်၎င်း (၂)၊ ကပိလဝတ်ပြည်သား သာကီဝင်မင်းများသည်၎င်း (၃)၊ အလ္လကပ္ပပြည်သား ဗုလိ(ကာဗုလိ) မင်းများသည်၎င်း (၄)၊ ရာမရွာသား ကောဠိယမင်းများသည်၎င်း၊ (၅)၊ သံတမန်လွှတ်ကာ သဝဏ်လွှာပါးကြပြီးလျှင်



၅၂၈

“မလ္လမင်းများသည် အကယ်၍ ပေးကြလျှင် အပြစ်မရှိ ကောင်းလှဘိ၏။ မပေးကြလျှင်ကား ရနိုင်သောနည်းဖြင့် သရီရဓာတ်တော်တို့ကို ငါတို့ ဆောင်ယူကြမည်”ဟု ကြံစည်စဉ်းစားကြ၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးကို ခင်းကျင်းစီစဉ်ကြကာ မိမိတို့ပြည်မှ ထွက်ခဲ့ကြလေ၏။

     ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည်လည်း မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူကြောင်း ကြားသိလေလျှင် မလ္လမင်းများထံသို့ “ကုသိနာရုံပြည်သား မလ္လမင်းများတို့.. မြတ်စွာဘုရားသည်လည်း ခတ္တိယနွယ်ရိုး မြတ်သောမင်းမျိုး ဖြစ်တော်မူ၏၊ ငါသည်လည်း ဗြာဟ္မဏနွယ်ရိုး မြတ်သောပုဏ္ဏားမျိုး ဖြစ်၏။ သို့ရကား ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို တစုတပုံ ရထိုက်၏။ ငါသည်လည်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို စေတီပုထိုး တည်ထားပူဇော်အံ့”ဟု သံတမန်စေလွှတ်ကာ သဝဏ်လွှာပါးပြီးလျှင် မိမိကိုယ်တိုင်လည်း မိမိအခြံအရံ ပရိသတ်နှင့်တကွ ထွက်ခဲ့လေ၏။ (၆)

     ပါဝါပြည်သား မလ္လမင်းများသည်လည်း အဇာတသတ်မင်း နည်းအတူပင် သံတမန်လွှတ်ကာ သဝဏ်လွှာပါးကြ၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးကို ခင်းကျင်း စီစဉ်ကြကာ ပါဝါပြည်မှ ထွက်ခဲ့ကြလေ၏။ (၇) (ဤခုနှစ်ပြည်ထောင် မင်းများအနက် ပါဝါပြည်သား မလ္လမင်းများသည် အခြား ပြည်ထောင်မင်းများထက် ကုသိနာရုံပြည်နှင့် အလွန်နီးကပ်လှစွာ သုံးဂါဝုတ်မျှသာ ခရီးဝေးသည့် ပါဝါပြည်၌ နေကြပါလျက် မြတ်စွာဘုရားသည်လည်း ပါဝါပြည်သို့ ဝင်ပြီးမှ ကုသိနာရုံပြည်သို့ ကြွလာတော်မူခဲ့ပါလျက် အဘယ့်ကြောင့် အလျင်လက်ဦး မလာရောက်နိုင်ကြသနည်း-ဟု မေးခဲ့သော် “ထိုပါဝါပြည်သား မလ္လမင်းများကား အခမ်းအနား အဆောင်အယောင် အခြားမင်းများထက် အလွန် ကြီးကျယ်ခမ်းနား များပြားလှသောကြောင့် ထို အခမ်းအနား ကြီးကျယ်စွာကို စီမံခန့်ခွဲနေကြရသဖြင့် နောက်ကျနေကြခြင်း ဖြစ်သည်”ဟု ဖြေဆိုရာ၏)။



၅၂၉

     ဤကဲ့သို့ ခုနစ်ပြည်ထောင် မင်းများက သံတမန်စေလွှတ်ကြကာ သဝဏ်လွှာပါးကြ၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးများဖြင့် လာရောက်ကြကာ “ငါတို့အား ဓာတ်တော်တို့ကိုမူလည်း ပေးကုန်လော့၊ ဓာတ်တော်များကို မပေးလိုကြမူ စစ်ကိုမူလည်း ထိုးကုန်လော့”ဟု အရေးဆိုကြကာ ကုသိနာရုံပြည်ကို ဝိုင်း၍ ထားကြလေသော် ကုသိနာရုံပြည်သား မလ္လမင်းများသည်-

“ငါတို့သည် မြတ်စွာဘုရားထံ ပင့်လျှောက်လွှာပို့၍ ပင့်ကြသည်လည်း မဟုတ်၊ ကိုယ်တိုင်သွားရောက်၍ ပင့်ကြသည်လည်း မဟုတ်၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကြွတော်မူလာ၍ သတင်းစကား ကြားရောက်သိစေတော်မူကာ ငါတို့ကို တမင် ခေါ်တော်မူစေခဲ့လေသည်။ သင်မင်းတို့သည်လည်း မိမိတို့၏ တိုင်းနိုင်ငံအတွင်း ဖြစ်ထွန်းပေါ်ပေါက်သော ရတနာများကို ငါတို့အား ပေးကြမည် မဟုတ်၊ နတ်နှင့်တကွသော သတ္တလောကကြီးထဲ၌လည်း ဘုရားရတနာနှင့်တူသော ရတနာမည်သည် တစိုးတစိ မရှိချေ။ ဤသို့သော အမြတ်ဆုံးဖြစ်သည့် ဘုရားရတနာကို ရရှိကြ၍ ငါတို့သည် ဘယ်နည်းဖြင့်မှ မပေးနိုင်ကြကုန်။ သင်တို့သည်သာ အမိနို့ကို သောက်စို့ခဲ့ကြရသည် မဟုတ်၊ ငါတို့သည်လည်း အမိနို့ကို သောက်စို့အပ်ခဲ့ကြရသည်။ သင်တို့သာ ယောက်ျားများ ဖြစ်ကြသည်မဟုတ်၊ ငါတို့သည်လည်း ယောက်ျားများ ဖြစ်ကြသည်။ သင်တို့ ပြောဆိုသည့်အတိုင်း သူရှုံး ငါနိုင် အပြိုင်စစ်ထိုးမှု ဖြစ်စေတော့”-

ဟု ပြန်ကြား ပြောဆိုကြကာ ငါတလူလူ မာန်မူကြ၍ သတင်းအသွားအပြန် ပို့သစေကြလေသည်။ အချင်းချင်း မာနလွှမ်းဖုံး ကြုံးဝါးမှုကို ပြုကြလေသည်။ ။(စစ်တိုက်ကြလျှင်ကား ကုသိနာရုံပြည်သား မလ္လမင်းများကသာ အောင်နိုင်ကြမည် ဖြစ်၏။ အကြောင်းကား မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ဆည်းကပ်ပူဇော်ကြရန် လာရောက်ကြသော နတ်တို့သည်



၅၃၀

“နည်းမှန်လမ်းကျအားဖြင့် သရီရဓာတ်တော်များသည် မလ္လမင်းတို့၏ ဥစ္စာတို့သာ ဖြစ်ကုန်၏”ဟု အမှန်အတိုင်း ဆင်ခြင် အောက်မေ့ကြကာ ထိုမလ္လမင်းတို့၏ အပင်းအသင်း၌ တည်ကြလေကုန်သည်၊ ထို့ကြောင့် စစ်တိုက်ကြလျှင် မလ္လမင်းများကသာ အောင်နိုင်ကြမည်ဖြစ်၏)။

ဒေါဏပုဏ္ဏား ဓာတ်တော်များကို ခွဲဝေပေးခြင်း

     ဤသို့ ခုနစ်ပြည်ထောင် မင်းတို့နှင့် မလ္လမင်းတို့ အချင်းချင်း စစ်ပြိုင်အံ့သောစကား ပြောကြားကြလေလျှင် ဒေါဏပုဏ္ဏားသည် ထိုမင်းတို့၏ ခိုက်ရန်စကားကို ကြားသိရ၍ “ဤမင်းများကား မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူရာဌာန၌ ခိုက်ရန်ငြင်းခုံမှု ပြုကြဘိ၏။ ဤအမှုသည် လုံးဝမသင့်လျော်ချေ၊ ဤခိုက်ရန် ငြင်းခုံမှုဖြင့် အကျိုးမရှိ၊ ငါသည် ထိုခိုက်ရန်ငြင်းခုံမှုကို ငြိမ်းစေအံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုငြင်းခုံရာအရပ်သို့ သွားရောက်ကာ မြေကုန်းမြင့်တခု၌ ရပ်တည်ပြီးလျှင် နှစ်ဘာဏဝါရမျှ (=သံဂါယနာ တင်သောအခါ မထေရ်မြတ်တို့ နှစ်ကြိမ်ရွတ်ဖတ်ရသည့် ပါဠိအစု) အတိုင်းအရှည်ရှိသည့် ဒေါဏဂဇ္ဇိတ = ဒေါဏပုဏ္ဏား၏ ဘုရားဂုဏ်တို့ကို ချီးမွမ်း ကြုံးဝါးချက် (မြတ်စွာဘုရား၏ အကြောင်းနှင့် ပြည့်စုံပုံ = ဟေတုသမ္ပဒါ, အကျိုးနှင့်ပြည့်စုံပုံ = ဖလသမ္ပဒါ, သတ္တဝါတို့အား ကျေးဇူးပြုမှုနှင့် ပြည့်စုံပုံ = သတ္တုပကာရသမ္ပဒါ = ဤသမ္ပဒါသုံးပါး အဝတ္ထာသုံးပါးနှင့်စပ်သော ဘုရားရှင့်ဂုဏ်တို့ကို ချီးမွမ်း ကြုံးဝါးချက်)မည်သော တရားဂါထာအစုကို အားသွန်ရွတ်ဆို ပြောကြားလေ၏။

(ဤသို့ အားသွန်ရွတ်ဆို ကြုံးဝါးနိုင်ရန်ပင် လွန်ခဲ့သော တချိန်က မြတ်စွာဘုရားသည် ဥက္ကဋ္ဌပြည်နှင့် သေတဗျမြို့တို့အကြား ခရီးကြွသွားတော်မူစဉ် “နောက်မှလိုက်လာသော ဒေါဏပုဏ္ဏားသည် ငါဘုရား၏ ခြေတော်ရာတို့ကို မမြင်ရမီအတွင်း ဤခြေတော်ရာများသည် မကွယ်မပျောက်ကြစေသား”ဟု အဓိဋ္ဌာန်တော်မူ၍ တခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူခဲ့လေသည်။



၅၃၁

ဒေါဏပုဏ္ဏားသည်လည်း “ဤခြေရာတို့ကား နတ်နှင့်တကွသော လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်၏ ခြေရာတို့ ဖြစ်ကုန်သည်”ဟု မှတ်ယူ သိရှိကာ ခြေရာခံလိုက်၍ မြတ်စွာဘုရားအထံသို့ ဆည်းကပ်လေသည်။ မြတ်စွာဘုရားသည်လည်း ထိုဒေါဏပုဏ္ဏားအား တရားဟောတော်မူလေသည်။ ထို့ကြောင့် ထိုဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၌ သဒ္ဓါတရား သက်ဝင်ကာ ဤဒေါဏဂဇ္ဇိတမည်သော တရားဂါထာများကို အားသွန် ရွတ်ဆိုနိုင်လေသည်။ (ဤအကြောင်းအရာ အကျယ်ကို ပိဋကတ်တော် မြန်မာပြန် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ပဌမပဏ္ဏာသက၊ ၄-စက္ကဝဂ်၊ ၆-ဒေါဏသုတ်၌ ကြည့်ရှုမှတ်ယူရာ၏)။

     ထိုသို့ ဒေါဏပုဏ္ဏားကြီး နှစ်ဘာဏဝါရမျှ ရွတ်ဆိုရာတွင် ပဌမဘာဏဝါရ၌ ထိုမင်းများကား အငြင်းပွါး ဆူညံနေကြသဖြင့် တပုဒ်မျှ မကြား မသိလိုက်ကြကုန်၊ ဒုတိယဘာဏဝါရ ပြီးဆုံးခါနီးအချိန်တိုင်မှ “ဤအသံကား ဆရာကြီး၏အသံနှင့် တူစွာ့တကား၊ အချင်းတို့.. ဤအသံကား ဆရာကြီး၏အသံနှင့် တူစွာ့တကား”ဟု ပြောဆိုကြကာ အားလုံးသော မင်းတို့သည် အသံတိတ် ငြိမ်သက်၍ သွားကြလေသည်။ မှန်၏- ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထိုစဉ်အခါ အမျိုးကောင်းသား လုလင်များသည် များသောအားဖြင့် ဒေါဏဆရာကြီး၏ တပည့်များသာ ဖြစ်ကြလေ၏။ တပည့်မဟုတ်သူကား မရှိသလောက်ပင် ရှားလှ၏။ ထိုအခါ ဒေါဏဆရာကြီးသည် ထိုမင်းများ မိမိစကားကို ကြားကြ၍ အသံတိတ် ဆိတ်ဆိတ်နေကြသည်ကို သိရှိကာ တဖန်ဆက်၍-

“အရှင်တို့.. အကျွန်ုပ်၏ တခွန်းသောစကားကို နားထောင်ကြပါဦး၊ အကျွန်ုပ်တို့၏ မြတ်စွာဘုရားမှာ သည်းခံသောဝါဒ ရှိပါသည်။ ထိုမြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ခွဲဝေရေးကြောင့် စစ်ဖြစ်ရန် မသင့်လျော်ပါ။

အရှင်တို့.. ငါတို့အားလုံးပင် တပေါင်းတည်း အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၍ သရီရဓာတ်တော်များကို ရှစ်စုရှစ်ပုံ ခွဲဝေကြပါကုန်စို့။ မြတ်စွာဘုရားကို လူအများတို့ ကြည်ညိုကြပါသည်၊ ထိုလူများအတွက်



၅၃၂

အရပ်မျက်နှာ မှာမှာဒေသတို့၌ စေတီပုထိုးများ အနှံ့အပြား တည်ရှိကြပါစေ”-

ဟု ထိုမင်းတို့ကို ပြောကြားလေ၏။ ထိုအခါ မင်းများသည်လည်း ဒေါဏဆရာကြီး ပြောကြားချက်ကို သဘောကျ နှစ်သက်ကြကာ “ဆရာပုဏ္ဏား.. သို့ဖြစ်လျှင် ဆရာကြီးသည်ပင် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ အညီအမျှ ကောင်းစွာ ခွဲဝေပါလော့”ဟု ဆိုကြကုန်၏။

     ဒေါဏပုဏ္ဏားသည် “အရှင်တို့.. ကောင်းပါပြီ”ဟု ထိုမင်းတို့ ပြောကြားချက်ကို ဝန်ခံ၍ ရွှေတလား = ရွှေတင်းကို ဖွင့်စေလေ၏။ မင်းတို့သည် ရွှေတင်းအနီးသို့ လာရောက်ကြ၍ ရွှေတင်း၌သာ မလှုပ်မယှက် ပကတိ တည်နေသော ရွှေရောင်အဆင်းရှိသည့် ဓာတ်တော်များကို ဖူးမြော်ကြရလေလျှင်-

“သဗ္ဗညူထွတ်တင် ရှင်ပင်မြတ်ဘုရား.. ရှေးအခါကဆိုလျှင် တပည့်တော်များသည် အရှင်ဘုရားတို့၏ မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် တန်းဆာဆင်အပ်လျက် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် စီခြယ်အပ်သည့် လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ဖြင့် တင့်တယ်တောက်ပသော ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်တော်မြတ်ကို ဖူးမြော်ကြရပါသည်။ ယခုသော်ကား ရွှေရောင်အဆင်း ဝါဝင်းသော သရီရဓာတ်တော်များသာ ကြွင်းကျန်ကြပါတော့သည်။ မြတ်စွာဘုရား.. ဤသို့ဖြစ်ရခြင်းသည် အရှင်ဘုရားတို့အဖို့ရာ မသင့်လျော်လှပါဘုရား”-

ဟု ပြောဆို ငိုကြွေးကြလေကုန်၏။

     ထိုအခါ ဒေါဏပုဏ္ဏားသည် မင်းအများတို့ မေ့လျော့ကြသော အဖြစ်ကို ရိပ်မိသိရှိကာ မြတ်စွာဘုရား၏ လက်ျာစွယ်တော်ဓာတ်ကို နှိုက်ယူကာ မိမိ၏ဦးရစ် (=ခေါင်းပေါင်း)ကြား၌ ဝှက်ထားလိုက်လေ၏။ ထို့နောက် မင်းများ သတိရလာကြသောအခါ



၅၃၃

သရီရ ဓာတ်တော်များကို ရှစ်ပုံရှစ်စု ပြည်တောင်းဖြင့် ခြင်တွယ်၍ (တပုံလျှင် နှစ်ပြည်ကျစီ) ခွဲဝေလေ၏။ အလုံးစုံသော ဓာတ်တော်များသည် ပကတိ ပြည်တောင်းဖြင့် ဆယ့်ခြောက်ပြည် (=တတင်းသား) ရှိကြလေသည်။ ပြည်ထောင်မင်း တဦးတဦးလျှင် နှစ်ပြည်ကျ နှစ်ပြည်ကျစီ ရရှိကြလေသည်။

     (သူခိုးလက်မှ သူဝှက်လုသည်- ဟူဘိသကဲ့သို့) ဒေါဏပုဏ္ဏားကြီး ဓာတ်တော်များကို ခွဲဝေပေးနေစဉ်ပင် သိကြားနတ်မင်းသည် “နတ်နှင့်တကွသော လူအပေါင်း၏ ယုံမှားကို ပယ်ဖျောက်ရန် အမှန်လေးချက် တရားနက်ကို ဟောမြွက်တော်မူကြောင်း ကောင်းမြတ်သော ဥပနိဿယည်း ပစ္စည်းစင်စစ်ဖြစ်သည့် မြတ်စွာဘုရား၏ လက်ျာစွယ်တော်မြတ်ကို အဘယ်သူသည် ရယူအပ်လေသနည်း”ဟု ကြည့်ရှုလတ်သော် ဒေါဏပုဏ္ဏားကြီး ဦးရစ် (=ခေါင်းပေါင်း)ကြား၌ ဝှက်ယူ၍ ထားအပ်သည်ကို ထင်ရှားစွာမြင်သိ၍ “ဤပုဏ္ဏားသည်လည်း လက်ျာစွယ်တော်မြတ်အား လျောက်ပတ်သော ပူဇော်မှုကို ပြုနိုင်လိမ့်မည်မဟုတ်၊ ထိုလက်ျာစွယ်တော်မြတ်ကို ငါ ပင့်ဆောင်ယူတော့အံ့”ဟု ကြံစည်ဆင်ခြင်ကာ ဦးရစ် (=ခေါင်းပေါင်း)ကြားမှ လက်ျာစွယ်တော်ဓာတ်ကို ပင့်ဆောင်ယူ၍ ရွှေပန်းတောင်း၌ ထားပြီးလျှင် နတ်ပြည်သို့ ပင့်ဆောင်လျက် စူဠာမဏိ စေတီတော်အတွင်း ထည့်သွင်း ဌာပနာလေ၏။

     ဒေါဏပုဏ္ဏားသည်လည်း သရီရဓာတ်တော်များကို ပြည်ထောင်မင်းတို့အား ခွဲဝေပေးပြီးလျှင် မိမိဦးရစ် ခေါင်းပေါင်းအကြား၌ ဝှက်၍ထားသော လက်ျာစွယ်တော်ဓာတ်ကို စမ်းသပ် ရှာဖွေသော်လည်း မတွေ့မမြင်ရကား ခိုးဝှက်၍ ယူထားအပ်သောကြောင့် “အဘယ်သူသည် ငါ၏ စွယ်တော်ဓာတ်ကို ယူအပ်သနည်း”ဟုလည်း မမေးဝံ့၊ “ဆရာကြီး.. ဆရာကြီးသည်ပင် ဓာတ်တော်များကို ခွဲဝေပေးအပ်သည် မဟုတ်လော၊ ဆရာကြီးသည် အဘယ့်ကြောင့် ရှေးဦးကပင် မိမိ၏ ဓာတ်တော်များ အလိုရှိကြောင်းကို မစဉ်းစား မဆင်ခြင်ဘိသနည်း”ဟု မိမိအပေါ်၌ အပြစ်တင်ကြမည်ကို



၅၃၄

ဆင်ခြင်စဉ်းစားမိသောကြောင့် “ငါအားလည်း ဓာတ်တော်ဝေစုများ ပေးကြပါကုန်လော့” ဟူ၍လည်း မပြောဆိုဝံ့ချေ။ သို့ရကား “ဤဓာတ်တော်ခြင်သော ပြည်တောင်းသည်လည်း ဓာတ်တော်အလားရှိသည်သာ ဖြစ်၏။ ယင်း ပြည်တောင်းဖြင့် ဓာတ်တော်များကို ခြင်တွယ်အပ်ခဲ့ကုန်ပြီ၊ သို့ရကား ငါသည် ဤပြည်တောင်းကိုပင် စေတီပုထိုး တည်ထား ကိုးကွယ်ရတော့မည်”ဟု ကြံစည် စဉ်းစားပြီးလျှင် ပြည်ထောင်မင်းတို့ကို-

“အရှင်တို့.. အကျွန်ုပ်အား ဤဓာတ်တော်ခြင်သော ပြည်တောင်းကို ပေးကြပါလော့၊ အကျွန်ုပ်သည်လည်း ဓာတ်တော်ခြင်သော ပြည်တောင်းကို စေတီပုထိုး တည်ထားကိုးကွယ် ပူဇော်ပါအံ့”-

ဟု ပြောဆိုလေ၏။ ပြည်ထောင်မင်းတို့သည်လည်း ဒေါဏပုဏ္ဏားအား ဓာတ်တော်ခြင်သော ပြည်တောင်းကို သဘောတူ ပေးကြလေကုန်၏။

မောရိယမင်းတို့ နောက်မှရောက်လာကြခြင်း

     ပိပ္ပလိဝနတိုင်းသား မောရိယမင်းများသည်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူကြောင်း သတင်းကြားသိကြ၍ အဇာတသတ်မင်းနည်းတူ သံတမန်စေလွှတ်ကာ သဝဏ်လွှာပါးကြ၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးဖြင့် ကုသိနာရုံပြည်အရောက် (နောက်ကျမှ) ချီတက်လာကြလေ၏။

     ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းများက “မြတ်စွာဘုရား၏ သရီရဓာတ်တော် အဖို့ဝေစုကား မရှိတော့ပြီ။ ပြည်ထောင်မင်းတို့အား သရီရဓာတ်တော်တို့ကို ခွဲဝေ၍ ပေးပြီးကုန်ပြီ၊ ဤမီးသင်္ဂြိုဟ်ရာအရပ်မှ မီးသွေးကိုသာ ယူဆောင်ကြကုန်လော့”ဟု ဆိုသဖြင့် မောရိယမင်းတို့သည် မီးသင်္ဂြိုဟ်ရာအရပ်မှ မီးသွေးကိုသာ ယူဆောင် ပြန်သွားကြလေကုန်၏။



၅၃၅

ဓာတ်တော်စေတီကို ပူဇော်ခြင်း

     (၁) မဂဓတိုင်းရှင် ဘုရင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထားပူဇော်၏။ (၂) ဝေသာလီပြည်သား လိစ္ဆဝီမင်းများသည် ဝေသာလီပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ (၃) ကပိလဝတ်ပြည်သား သာကီဝင်မင်းများသည်လည်း ကပိလဝတ်ပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ (၄) အလ္လကပ္ပပြည်သား ကာဗုလိမင်းများသည်လည်း မိမိတို့ အလ္လကပ္ပပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထားပူဇော်ကြကုန်၏။ (၅) ရာမရွာသား ကောဠိယမင်းများသည်လည်း မိမိတို့ ရာမရွာ၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ (၆) ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည်လည်း မိမိ၏ ဝေဋ္ဌဒီပတိုင်း၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထားပူဇော်လေ၏။ (၇) ပါဝါပြည်သား မလ္လမင်းများသည်လည်း မိမိတို့ ပါဝါပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ (၈) ကုသိနာရုံပြည်သား မလ္လမင်းများသည်လည်း မိမိတို့ ကုသိနာရုံပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ (၉) ဒေါဏပုဏ္ဏားသည်လည်း မိမိရသော ပြည်တောင်းကို စေတီပုထိုး တည်ထား ပူဇော်လေ၏။ (၁၀) ပိပ္ပလိဝနတိုင်းသား မောရိယမင်းများသည်လည်း မိမိတို့ရရှိခဲ့သည့် မီးသင်္ဂြိုဟ်ရာအရပ်မှ ပင့်ဆောင်ခဲ့သော မီးသွေးတို့ကို ပိပ္ပလိဝနတိုင်း၌ စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။ ဤသို့လျှင် သရီရဓာတ် စေတီပုထိုးတော်မြတ် ရှစ်ဆူနှင့် ကိုးခုမြောက် ပြည်တောင်းစေတီပုထိုး တဆူ, ဆယ်ခုမြောက် မီးသွေးစေတီပုထိုး တဆူအားဖြင့် ဤစေတီပုထိုးတော် ဆယ်ဆူတို့ ထင်ရှား ဖြစ်ပေါ်ခဲ့လေသတည်း။



၅၃၆

အဇာတသတ်မင်း စေတီတည်ထားခြင်းအကြောင်း

     ထိုစေတီပုထိုးတော် ဆယ်ဆူတို့အနက် အဇာတသတ်မင်း စေတီပုထိုးတော် တည်ထားပုံအကြောင်းကို သုတ်မဟာဝါ အဋ္ဌကထာ ဋီကာတို့၌ အထူးဖွင့်ပြထားပုံကို ဤ၌ ရေးသားဖော်ပြဦးအံ့-

     အဇာတသတ်မင်းသည် သရီရဓာတ်တော်များ ဝေစုရယူပြီးနောက် ကုသိနာရုံပြည်နှင့် ရာဇဂြိုဟ်ပြည်အကြား နှစ်ဆယ့်ငါးယူဇနာ ဝေးကွာသော ခရီးတလျှောက်၌ အကျယ်အပြန့် ရှစ်ဥသဘရှိသောလမ်းကို ညီညွတ်အောင် ပြုစေပြီးလျှင် ကုသိနာရုံပြည်သား မလ္လမင်းတို့ မကုဋဗန္ဓနစေတီနှင့် မြို့လယ်မင်းကွန်း = ဗိုလ်တဲမင်းတဲ အကြား၌ ပူဇော်မှု ပြုကြသည့်နည်းတူ နှစ်ဆယ့်ငါးယူဇနာ ဝေးကွာသော ခရီး၌ ကြီးစွာသော ပူဇော်မှု ပြုလုပ်စေပြီးလျှင် လူအပေါင်းတို့ မငြီးငွေ့ မပျင်းရိစေခြင်းငှါ လမ်းခရီးတလျှောက် အလုံးစုံသောအရပ်တို့၌ ဈေးဆိုင်များကိုလည်း ဖြန့်ခင်းရောင်းချစေ၍ ရွှေတလား = ရွှေတင်း၌ ထည့်သွင်းအပ်သော ဝေစုရ ဓာတ်တော်များကို လှံတပ်ကြီးဖြင့် ဝန်းဝိုင်းခြံရံ စောင့်ရှောက်ကာ ကြီးစွာသော အခမ်းအနားဖြင့် ဓာတ်တော်များကို ရာဇဂြိုဟ်ပြည်ဖက်သို့ ပင့်ဆောင်လာခဲ့လေသည်။

     ဓာတ်တော်များ ရာဇဂြိုဟ်ပြည်သို့ မရောက်သေးမီပင် ကြိုတင်၍ မိမိ၏ နိုင်ငံတော်အတွင်း၌ ယူဇနာငါးရာ အဝန်းအဝိုင်းရှိသော လူထုပရိသတ်ကြီးကို စည်းဝေးစေလေသည်။ အဇာတသတ်မင်း၏ စစ်သည်ဗိုလ်ပါတို့သည် ဓာတ်တော်များကို ပင့်ဆောင်ကြကာ ကုသိနာရုံပြည်မှ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပ ထွက်ခဲ့ကြသည်တွင် လမ်းခရီးအကြား ရွှေအဆင်းရှိသောပန်းတို့ ပွင့်သောနေရာတိုင်း နေရာတိုင်း၌ ဓာတ်တော်တို့ကို လှံတပ်ကြီးအတွင်း၌ ထားရှိကာ ပူဇော်မှု ပြုကြလေ၏။ ထိုပန်းများ ကုန်သောအခါမှ ရှေ့သို့ ခရီးဆက်ကြလေသည်။ ရထားဦးစွန်း တည်ရာအရပ်သို့ ရထားနောက်စွန်း ရောက်ရှိလျှင် ထိုနေရာ၌ တထောက်နားကြကာ ခုနစ်ရက်ကြာ သာဓုကီဠနသဘင်



၅၃၇

ဆင်ယင်ကျင်းပကြလေသည်။ ဤနည်းဖြင့် ဓာတ်တော်များကို ပင့်ဆောင်၍ လာကြသော အဇာတသတ်မင်း၏ တိုင်းသားပြည်သူ ဗိုလ်လူတို့အဖို့ရာ အချိန်အခါကား ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့ပင် ကျော်လွန်ခဲ့လေကုန်ပြီ။

     မိစ္ဆာအယူ ရှိကြသူများက “ရဟန်းဂေါတမ ပရိနိဗ္ဗာန် စံလွန်ချိန်မှစ၍ အဇာတသတ်မင်းသည် အနိုင်အထက်ပြုမူကာ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပခြင်းဖြင့် ငါတို့ကို နှိပ်စက်ဖိစီးအပ်ကုန်ပြီ၊ ငါတို့၏ အလုပ်အကိုင်အားလုံး ပျက်စီး ပြုန်းတီးကုန်လေပြီ”ဟု ကဲ့ရဲ့ရှုတ်ချမှု ပြုကြလေသည်၊ ယင်းသို့ ကဲ့ရဲ့ရှုတ်ချမှု ပြုကြသော မိစ္ဆာအယူရှိကြသူ လူပေါင်း ရှစ်သောင်း ခြောက်ထောင်မျှတို့သည် ရတနာသုံးပါး အပေါ်၌ စိတ်ပြစ်မှား၍ အပါယ်ဘုံ၌ ဖြစ်ကြရလေသည်။

     ရဟန္တာ အရှင်မြတ်တို့သည် ဆင်ခြင် ကြည့်ရှုတော်မူကြသည်တွင် “ရတနာသုံးပါး၌ စိတ်ပြစ်မှားကြ၍ လူအများ အပါယ်ဘုံ၌ ဖြစ်ကြ၏”ဟု သိမြင်တော်မူကြ၍ “ဓာတ်တော်များကို ရာဇဂြိုဟ်ပြည်သို့ အမြန်ရောက်အောင် ဆောင်စေရန် ဥပါယ်တမျဉ်ကို သိကြားနတ်မင်းကို ငါတို့ ပြုစေကြမည်”ဟု ကြံစည်တော်မူကြလျက် သိကြားနတ်မင်းထံ သွားရောက်ကြပြီးလျှင် ထိုအကြောင်းကို ပြောကြားကြ၍ “သိကြားနတ်မင်း.. ဓာတ်တော်များကို ရာဇဂြိုဟ်သို့ အလျင်အမြန်ရောက်အောင် ဆောင်စေရန် ဥပါယ်တမျဉ်ကို ပြုပါလော့”ဟု မိန့်တော်မူကြလေ၏။ သိကြားမင်းသည်လည်း ရဟန္တာအရှင်မြတ်တို့ကို-

“အရှင်ဘုရားတို့.. အဇာတသတ်မင်းနှင့် အလားတူ သဒ္ဓါတရားရှိသူ ပုထုဇန် တလူမျှ မရှိပါ၊ သူသည် တပည့်တော်၏ စကားကို လိုက်နာလိမ့်မည် မဟုတ်ပါ။ ဥပါယ်နည်းလမ်းကောင်း လျှောက်ထားလိုပါသည်မှာ- တပည့်တော်သည် မာရ်နတ် ဖန်ဆင်းအပ်သည်နှင့် အလားတူ ကြောက်မက်ဖွယ်သော အဆင်းများကို ဖန်ဆင်း၍ ပြပါမည်၊ ကြောက်မက်ဖွယ်သော အသံကို ဖန်ဆင်း၍



၅၃၈

ကြားစေပါမည်။ နတ်ဖမ်း နတ်ပူးသော ရောဂါ ချေဆတ်သောရောဂါ နှုတ်မမြိန်နာ ရောဂါတို့ကို ပြုလုပ်ဖန်ဆင်းပါမည်။ အရှင်ဘုရားတို့သည် အဇာတသတ်မင်းကို ‘မြတ်သောမင်းကြီး.. ဓာတ်တော်ပူဇော်ပွဲ ရက်အရှည်ဆွဲလွန်းသောကြောင့် နတ်များ အမျက်ထွက်ကုန်ပါပြီ၊ ဓာတ်တော်များကို လျင်မြန်စွာ ရာဇဂြိုဟ်ပြည်သို့ရောက်အောင် ဆောင်စေပါလော့’ဟု မိန့်ကြားတော်မူကြပါ၊ ဤသို့ပြုမှသာ အဇာတသတ်မင်းသည် ဓာတ်တော်များကို လျင်မြန်စွာ ဆောင်စေပါလိမ့်မည်”-

ဟု အကြံပေးစကား လျှောက်ထားလေသည်။ ထို့နောက် သိကြားမင်းသည် မိမိ လျှောက်ထားသမျှ အလုံးစုံကို စီမံဖန်ဆင်းလေ၏။

     ရဟန္တာ မထေရ်မြတ်တို့သည်လည်း အဇာတသတ်မင်းထံသို့ ကြွရောက်တော်မူကြ၍ “မြတ်သောမင်းကြီး.. ဓာတ်တော်ပူဇော်ပွဲရက် အလွန်ဆွဲလွန်းသောကြောင့် နတ်များ အမျက်ထွက်ကုန်ပါပြီ၊ ဓာတ်တော်များကို လျင်မြန်စွာ ရာဇဂြိုဟ်ပြည်သို့ရောက်အောင် ပင့်ဆောင်စေပါလော့”ဟု မိန့်တော်မူကြကုန်၏။ အဇာတသတ်မင်းသည် “အရှင်ဘုရား.. တပည့်တော်၏စိတ်မှာ ဓာတ်တော်ပူဇော်ပွဲ ကျင်းပရ၍ မရောင့်ရဲ တင်းမတိမ်သေးပါ။ သိုသော်လည်း ဓာတ်တော်များကို လျင်မြန်စွာ ရာဇဂြိုဟ်ပြည်သို့ရောက်အောင် ပင့်ဆောင်ကြကုန်လော့”ဟု လျှောက်ထား၍ ထိုအတိုင်း အမြန်ပင့်ဆောင်ရန် မင်းချင်းတို့ကို အမိန့်ပေးလေသည်။ ဤသို့ လျှောက်ထား အမိန့်ပေးသည့်နေ့မှာ ကုသိနာရုံပြည်မှ ဓာတ်တော်များကို ပင့်ဆောင်လာ၍ ခုနစ်နှစ် (နှင့်) ခုနစ်လ ပြည့်သောနေ့ ဖြစ်သည်။ ထိုနေ့မှနောက် ခုနစ်ရက်မြောက်၌ ဓာတ်တော်များကို ရာဇဂြိုဟ်ပြည်အရောက် ပင့်ဆောင်ကြလေသည်။ ဤသို့ ပင့်ဆောင်အပ်သော ဓာတ်တော်များကိုယူ၍ အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌ စေတီပုထိုးကို တည်ထားလေသည်။ အခြားသော မင်းပုဏ္ဏားတို့သည်လည်း မိမိ မိမိတို့၏ ဗိုလ်ပါအင်အားအလျောက် ဓာတ်တော်များကို၎င်း,



၅၃၉

ပြည်တောင်း မီးသွေးများကို၎င်း မိမိတို့ပြည်၌ စေတီပုထိုး တည်ထား ပူဇော်ကြလေသည်။ ဤအကြောင်းကို ဒုတိယ, တတိယ သံဂါယနာတင်သောအခါ သံဂီတိကာရက မထေရ်မြတ်တို့သည် အောက်စာမျက်နှာ ၅၃၄ “ဓာတ်တော်စေတီကို ပူဇော်ခြင်း”အခဏ်း၌ လာရှိသည့်အတိုင်း “မဂဓတိုင်းရှင် ဘုရင်အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထားပူဇော်၏” အစရှိသည်ဖြင့် မိန့်ဖော် ဟောကြားတော်မူကြလေကုန်၏။

အရှင်မဟာကဿပမထေရ်နှင့် အဇာတသတ်မင်းတို့ တိုင်ပင်ကြ၍

လျှို့ဝှက်သော ဓာတ်တော်ဌာပနာတိုက်ကြီး

တည်ထားကြခြင်း

     ဓာတ်တော်ဝေစုဖြင့် မင်းပုဏ္ဏားတို့ မိမိတို့တိုင်းပြည်များ၌ စေတီပုထိုးများ တည်ထားပြီးကြလတ်သော် အရှင်မဟာကဿပ မထေရ်သည် အနာဂတံသဉာဏ်ဖြင့် ဆင်ခြင် ကြည့်ရှုတော်မူ၍-

(၁) ထိုထိုစေတီများ၌ တည်ထားမြဲအတိုင်း တည်ရှိကြမည့် ဓာတ်တော်များအတွက် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့ ဖျက်ဆီးကြမည့် အန္တရာယ်ကို၎င်း၊

(၂) လျှို့ဝှက်သော ဓာတ်တော်ဌာပနာတိုက်ကြီး တည်ထားပါလျှင် နောက်အခါ၌ အသောကမင်းတရားသည် ထိုဌာပနာတိုက်ကြီးမှ ဓာတ်တော်တို့ကို ထုတ်ယူပင့်ဆောင်၍ ဇမ္ဗူဒိပ်ကျွန်းလုံးအနှံ့ ပြန့်အောင်ပြုလတ်သော် နတ်လူတို့အတွက် ကြီးစွာသော စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်လိမ့်မည် အဖြစ်ကို၎င်း-

ဤအကြောင်းနှစ်ရပ်ကို မြင်တော်မူ၍ အဇာတသတ်မင်းထံသို့ ကြွရောက်တော်မူပြီးလျှင် “မြတ်သောမင်းကြီး.. လျှို့ဝှက်သော ဓာတ်တော်ဌာပနာတိုက်တခု တည်ဆောက်ပြုလုပ်မှ သင့်လျော်မည်”ဟု လေးနက်စွာ မိန့်ကြားတော်မူလေ၏။

     အဇာတသတ်မင်းက “ကောင်းပါပြီ အရှင်ဘုရား.. လျှို့ဝှက်အပ်သော ဓာတ်တော်ဌာပနတိုက်ကြီး တည်ဆောက်ရန်အမှုမှာ



၅၄၀

တပည့်တော်၏ တာဝန်ရှိပါစေ၊ ကျန်သော ဓာတ်တော်များကိုကား အဘယ်သို့ ပင့်ဆောင်ရမည်နည်း”ဟု လျှောက်ထားလေလျှင် အရှင်မဟာကဿပ မထေရ်မြတ်သည် “မြတ်သောမင်းကြီး.. အခြားမင်းများလက်ဝယ် ရောက်ရှိနေသည့် ဓာတ်တော်များကို ပင့်ဆောင်ရန်မှာ သင်မင်းကြီး၏ တာဝန်မဟုတ်၊ ငါတို့၏တာဝန်သာ ဖြစ်သည်”ဟု မိန့်တော်မူ၍ အဇာတသတ်မင်းကလည်း “ကောင်းပါပြီ အရှင်ဘုရား.. အရှင်ဘုရားတို့သည် ဓာတ်တော်များကိုသာ ပင့်ဆောင်တော်မူကြပါ၊ တပည့်တော်သည် ဓာတ်တော်ဌာပနာတိုက်ကြီးကို တည်ဆောက်ပါမည်”ဟု သဘောတူစကား လျှောက်ထားဝန်ခံလေ၏။

     ဤသို့ ဆရာ,ဒကာ တိုင်ပင် သဘောတူကြပြီးနောက် အရှင်မဟာကဿပ မထေရ်မြတ်သည် ဓာတ်တော်ဝေစုရသော ထိုထိုမင်းတို့ထံ ကြွသွား၍ အကြောင်းအကျိုး မိန့်ကြားတော်မူကာ ထိုထိုမင်းတို့၏ နန်းအိမ်၌ ကိုးကွယ်ပူဇော်လောက်ရုံမျှ ဓာတ်တော်များကို ချန်ထား၍ ကြွင်းသော ဓာတ်တော်များကို ရာဇဂြိုဟ်ပြည်သို့ ပင့်ဆောင်တော်မူခဲ့လေ၏။

     အထူးအားဖြင့် ရာမရွာ၌ရှိသော ဓာတ်တော်များကို နဂါးတို့ သိမ်းဆည်းစောင့်ရှောက်ကြသဖြင့် ထိုဓာတ်တော်များအတွက်တာ အန္တရာယ်မရှိ ဖြစ်လေသည်။ အရှင်မဟာကဿပ မထေရ်မြတ်သည် “နောက်အခါဝယ် သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်၌ မဟာစေတီ တည်သောအခါ ထိုဓာတ်တော်များကို ယူဆောင်၍ ဌာပနာကြလိမ့်မည်”ဟု သိမြင်တော်မူ၍ ထိုဓာတ်တော်များကို မယူဆောင်ခဲ့ပဲ ကြွင်းသော ခုနစ်ပြည်ထောင်တို့မှ ဓာတ်တော်များကိုသာ ယူဆောင်တော်မူခဲ့၍ ရာဇဂြိုဟ်ပြည်၏ အရှေ့တောင်ထောင့် အရပ်၌ ရပ်တည်တော်မူပြီးလျှင် “ဤအရပ်၌ ကျောက်များရှိလျှင် ကွယ်ပစေသတည်း၊ မြေသည် အလွန်စင်ကြယ်သည် ဖြစ်စေသတည်း၊ ရေမထ မပေါ် မထွက်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူလေ၏။



၅၄၁

     အဇာတသတ်မင်းသည် ထိုနေရာကို တူးစေပြီးလျှင် ထိုနေရာမှ ထုတ်ဖော်တူးယူအပ်သော မြေဖြင့်ပင် အုတ်များကို ပြုလုပ်စေ၍ အသီတိ မဟာသာဝကကြီးတို့၏ စေတီတော်အဆူဆူကို တည်ထား ပြုလုပ်စေလေ၏။ “ဤအရပ်၌ မင်းကြီးသည် အဘယ်ကို ပြုစေသနည်း”ဟု မေးသော သူတို့အားလည်း “မဟာသာဝကကြီးများ၏ စေတီတော်များ တည်ထားပြုလုပ်စေ၏” ဟူ၍သာ ဖြေကြား ပြောဆိုကြရ၏။ တဦးတယောက်မျှ ဓာတ်တော်များ ဌာပနာတိုက်ကြီး တည်ထားသည်ကို မသိရချေ။

ဓာတ်တော်များ ကြုတ်အထပ်ထပ်၌ ထည့်သွင်းဌာပနာခြင်း

     ထိုတူးဖော်ရာ မြေအရပ် အတောင်ရှစ်ဆယ် နက်လတ်သော်ကား အဇာတသတ်မင်းသည် အောက်အပြင်၌ ကြေးအခင်းကြီးကို ခင်းစေ၍ ထိုကြေးအခင်းပေါ်၌ ထူပါရာမစေတီအိမ် ပမာဏရှိသော ကြေးနီတိုက်အိမ်ကြီးကို ပြုလုပ်စေပြီးလျှင် အဆင့်ဆင့် ငုံနိုင်လောက်သော စန္ဒကူးရွှေကြုတ် ရှစ်လုံး, စန္ဒကူးရွှေစေတီရှစ်ဆူ စသည်တို့ကို အသင့်စီမံ ပြုလုပ်စေလေသည်။

     ထို့နောင်မှ မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ရှေးဦးစွာ စန္ဒကူးရွှေ = စန္ဒကူးဝါကြုတ်၌ ထည့်ပြီးလျှင် ထိုကြုတ်ကိုလည်း အခြား စန္ဒကူးရွှေကြုတ်၌ ထည့်စေလေသည်၊ ထိုကြုတ်ကိုလည်း အခြားစန္ဒကူး ရွှေကြုတ်၌ ထည့်စေလေသည်၊ ဤနည်းဖြင့် စန္ဒကူးရွှေ = စန္ဒကူးဝါကြုတ် ရှစ်လုံးတို့ကို တလုံးတည်း ပြုလုပ်ပြီးလျှင် ဤနည်းအတိုင်းပင် စန္ဒကူးရွှေ = စန္ဒကူးဝါကြုတ်၌ ရှစ်လုံးတို့ကို ၎င်းစန္ဒကူးရွှေ = စန္ဒကူးဝါ စေတီရှစ်ဆူတို့၌ ထည့်သွင်းစေလေသည်။

     စန္ဒကူးဝါ စေတီရှစ်ဆူတို့ကို စန္ဒကူးနီကြုတ် ရှစ်လုံးတို့၌ ရှေးနည်းအတူ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုစန္ဒကူးနီကြုတ် ရှစ်လုံးတို့ကို စန္ဒကူးနီစေတီ ရှစ်ဆူတို့၌ ထည့်သွင်းစေလေသည်။

     တဖန် ထိုစန္ဒကူးနီစေတီ ရှစ်ဆူတို့ကို ဆင်စွယ်ကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုဆင်စွယ်ကြုတ် ရှစ်လုံးတို့ကို



၅၄၂

ဆင်စွယ်စေတီ ရှစ်ဆူတို့၌ အဆင့်ဆင့် ထည့်သွင်းစေလေသည်။

     တဖန် ထိုဆင်စွယ်စေတီ ရှစ်ဆူတို့ကို ရတနာခုနှစ်ပါး စီခြယ်သော ကြုတ်ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုကြုတ်ရှစ်လုံးတို့ကို ရတနာခုနစ်ပါးစီခြယ်သော စေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုရတနာခုနစ်ပါးစီ စေတီရှစ်ဆူတို့ကို ရွှေကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုရွှေကြုတ်ရှစ်လုံးတို့ကို ရွှေစေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုရွှေစေတီ ရှစ်ဆူတို့ကို ငွေကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုငွေကြုတ် ရှစ်လုံးတို့ကို ငွေစေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုငွေစေတီရှစ်ဆူတို့ကို မြကြုတ်ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုမြကြုတ် ရှစ်လုံးတို့ကို မြစေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုမြစေတီရှစ်ဆူတို့ကို ပတ္တမြားနီကြုတ် ရှစ်လုံးတို့၌ အဆင့်သင့် ထည့်စေပြီးလျှင် ထိုပတ္တမြားနီ ကြုတ် ရှစ်လုံးတို့ကို ပတ္တမြားနီစေတီ ရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုပတ္တမြားနီစေတီ ရှစ်ဆူတို့ကို မသာရဂလ်ကျောက် (=ပတ္တမြားပြောက်) ကြုတ်ရှစ်လုံးတို့၌ အဆင့်ဆင့် ထည့်စေပြီးလျှင် ထိုပတ္တမြားပြောက် ကြုတ်ရှစ်လုံးတို့ကို ပတ္တမြားပြောက် စေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     တဖန် ထိုပတ္တမြားပြောက် စေတီရှစ်ဆူတို့ကို ဖလ်ကြုတ်ရှစ်လုံးတို့၌ ထည့်စေပြီးလျှင် ထိုဖလ်ကြုတ်ရှစ်လုံးတို့ကို ဖလ်စေတီရှစ်ဆူတို့၌ ထည့်သွင်းစေပြန်လေသည်။

     အလုံးစုံသော ကြုတ်, စေတီတို့၏ အထက်ဆုံး = အပြင်အကျဆုံး ဖလ်စေတီသည် သီဟိုဠ်ကျွန်းရှိ ထူပါရာမစေတီမျှ



၅၄၃

ပမာဏရှိ၏။ ထိုဖလ်စေတီ၏ အထက်၌ ရတနာခုနစ်ပါးဖြင့်ပြီးသော စေတီအိမ်ကို ဆောက်လုပ်စေ၏။ ထို၏အထက်၌ ရွှေဖြင့်ပြီးသော စေတီအိမ်, ထို၏အထက်၌ ငွေစေတီအိမ်, ထို၏အထက်၌ ကြေးနီစေတီအိမ်ကို ဆောက်လုပ်စေ၏။

     ထိုကြေးနီစေတီအိမ်၌ ရတနာခုနစ်ပါးတို့ကို သဲအဖြစ်ကြဲဖြန့်၍ ရေပန်း, ကြည်းပန်း = ကုန်းပန်း အထောင်တို့ကို ဖြန့်ကြဲပြီးလျှင် ငါးရာ့ငါးဆယ် ဇာတ်တော်များ, အသီတိ မဟာသာဝကကြီးများ, ခမည်းတော် သုဒ္ဓေါဒနမင်းကြီး, မယ်တော် မဟာမာယာဒေဝီ, ဖွားဖက်တော်ခုနစ်ဦး-စသည် ထည့်သွင်းသင့်သမျှ အလုံးစုံတို့ကို ရွှေစင်ရုပ် သွန်းလုပ်ကာ ထည့်စေလေသည်။ ရေပြည့်သော ရွှေမြူတာအိုးငါးရာ, ငွေမြူတာအိုး ငါးရာတို့ကိုလည်း တည်ထားစေလေသည်။ ရွှေတံခွန်အလံ ငါးရာတို့ကိုလည်း တလွင့်လွင့် စိုက်ထူစေလေသည်။ ရွှေဆီမီးခွက်ငါးရာ, ငွေဆီမီးခွက် ငါးရာတို့ကို ပြုလုပ်စေပြီးလျှင် နံ့သာဆီ အပြည့်ထည့်၍ ထိုဆီမီးခွက်တို့၌ ဘွဲ့ဖြူချည် ဆီမီးစာများကို တည်ထားစေလေ၏။

     ထို့နောက် အရှင်မဟာကဿပ မထေရ်သည် “ပန်းများ မညှိုးကြပါစေကုန်သတည်း၊ နံ့သာများ မပြယ်ပျောက်ပါစေကုန်သတည်း၊ ဆီမီးများ မငြိမ်းပါစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူ၍ ရွှေပြားဝယ်-

“နောက်အခါ၌ ပိယဒါသ-မည်သော မင်းသားသည် ထီးဖြူတော် စိုက်ဆောက်၍ အသောက-မည်သော တရားမင်း ဖြစ်လိမ့်မည်၊ ထိုအသောကမင်းသည် ဤဓာတ်တော်များကို ဇမ္ဗူဒိပ်ကျွန်းအနှံ့ ပြန့်အောင် ပြုရစ်လိမ့်မည်”-

ဟု အက္ခရာတံဆိပ် ထွင်းထုရေးနှိပ်ကာ ထားစေတော်မူလေ၏။

     အဇာတသတ်မင်းသည် အလုံးစုံသော အဆင်တန်းဆာ ရတနာတို့ဖြင့် ပူဇော်၍ အစဆုံးဖြစ်သည့် ရတနာခုနစ်ပါးဖြင့်ပြီးသော စေတီအိမ်တံခါးမှ အစပြုကာ တံခါးများကိုပိတ်လျက် ထွက်ခဲ့လေ၏။ အဇာတသတ်မင်းသည် ကြေးနီစေတီအိမ်တံခါးကို



၅၄၄

ပိတ်ပြီးလျှင် တံခါးလှည့်တို့၌ မင်းတံဆိပ် ခတ်နှိပ်သော (သံကောက်) သော့ကို ဖွဲ့ချည်၍ ထိုသော့၌ပင် ကြီးစွာသော ပတ္တမြားတုံးကြီးကို ထားစေပြီးနောက် “နောင်သောအခါ မင်းဆင်းရဲသည် ဤပတ္တမြားရတနာကိုယူ၍ ထုခွဲရောင်းချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုရစ်စေသတည်း”ဟု ကမ္ပည်းအက္ခရာတို့ကို တွင်းထုရေးနှိပ်ကာ ထားစေလေ၏။

     ထို့နောက် သိကြားနတ်မင်းသည် ဝိသကြုံနတ်သားကိုခေါ်၍ “အမောင်ဝိသကြုံ.. အဇာတသတ်မင်းသည် ဓာတ်တော်များ ဌာပနာမှုကို အတတ်နိုင်ဆုံးပြု၍ ပြီးချေပြီ၊ အမောင်သွား၍ ဤဓာတ်တော် ဌာပနာတိုက်ကြီး၌ အစောင့်အရှောက်ကို ချထားပါချေလော့”ဟု ပြောဆိုစေခိုင်းလေ၏။ ဝိသကြုံနတ်သားသည် ဓာတ်တော်ဌာပနာတိုက် ရှိရာသို့ လာလတ်၍ လောလောပူလျက် ကြောက်မက်ဖွယ် မြင်ကွင်းရှိသည့် အချင်းချင်း ထိစပ်သော ယန္တရားကို တပ်ဆင်လေသည်၊ တပ်ဆင်ပုံမှာ- သစ်သားဘီလူးရုပ်များကို ဖလ်ရောင် အဆင်းရှိသော သန်လျက်ကိုယ်စီ စွဲကိုင်စေကာ ဓာတ်တော်တိုက် ပတ်ပတ်လည်၌ လေနှင့်တူသော အဟုန်ဖြင့် အစဉ်မပြတ် ပတ်ပတ်လှည့်လည်သော စက်ယန္တရားကို တပ်ဆင်ပြီးလျှင် မယ်နတခုတည်း = ခလုတ်တခုတည်းဖြင့် ဖွဲ့ချည်၍ ဝိသကြုံနတ်သားသည် နတ်ပြည်သို့ ပြန်သွားလေ၏။

     အဇာတသတ်မင်းသည် တဖန်ဆက်၍ ဓာတ်တော်ဌာပနာတိုက် ပတ်ဝန်းကျင်၌ အုတ်တိုက်ကျောင်း အခြင်းအရာဖြင့် ကျောက်တံတိုင်း ဝန်းပတ်ပြီးလျှင် ထို၏အထက်၌ ကျောက်ဖျာကြီးတခုဖြင့် ပိတ်ဖုံး၍ မြေဖို့စေပြီးနောက် မြေကို အညီအညွတ်ပြုပြီးသော် ထို၏အထက်၌ ကျောက်စေတီတဆူ တည်ထားလေ၏။

     ဤသို့ ဓာတ်တော်ဌာပနာမှု ပြုပြီးလတ်သော် အသက်အတိုင်း တည်နေတော်မူ၍ အရှင်မဟာကဿပ မထေရ်သည် ပရိနိဗ္ဗာန် စံလွန်တော်မူလေပြီ၊ အဇာတသတ် မင်းတရားသည်လည်း ကံအားလျော်စွာ လားရောက်လေပြီ၊ ထိုစဉ်က လူများလည်း စုတိပြတ်ကြွေ သေလွန်ကြလေပြီ။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကား



၅၄၅

ဤသို့ မမြဲခြင်းသဘော မခိုင်ခြင်းသဘော မသက်သာခြင်းသဘော ရှိကုန်စွာ့တကား..။

အသောကမင်း စေတီအနှံ့အပြား တည်ခြင်း

     မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာသနာ နှစ်ပေါင်းနှစ်ရာကျော် ရောက်လတ်သောအခါ၌ ပိယဒါသမည်သော မင်းသားသည် ထီးတော်စိုက်ဆောက်၍ အသောကမည်သော တရားမင်းဖြစ်ပြီးလျှင် ထိုဓာတ်တော်များကို တူးဖော်ထုတ်ယူ၍ ဇမ္ဗူဒိပ်ကျွန်းအနှံ့ စေတီများ တည်ထား ကိုးကွယ်လေသည်။ အကြောင်းအရာ အကျယ်သော်ကား-

     ထိုအသောကမင်းတရားသည် နိဂြောဓသာမဏေကို အမှီပြုကာ သာသနာတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုခြင်း ပြင်းစွာ ဖြစ်ရှိရကား ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်စေပြီးလျှင် ရဟန်းသံဃာတော်ကို “အရှင်ဘုရားတို့.. တပည့်တော်သည် ကျောင်းပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်ပြီးပြေစေအပ်ပါကုန်ပြီ၊ ဓာတ်တော်များကို အဘယ်မှ ရနိုင်ပါမည်နည်းဘုရား”ဟူ၍ မေးလျှောက်လေသည်။ ထိုအခါ ရဟန်းသံဃာအပေါင်းက-

“မြတ်သောမင်းကြီး.. မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို အရှင်မဟာကဿပမထေရ်နှင့် အဇာတသတ်မင်းတို့ လျှို့ဝှက်စွာ ဌာပနာထားသော ဓာတ်တော်တိုက်ကြီး ဌာပနာတိုက်ကြီး ရှိ၏-ဟု ငါတို့ ကြားသိကြရ၏။ သို့သော် ဤမည်သောဌာန၌ ရှိ၏-ဟူ၍ကား ကွဲကွဲပြားပြား မသိအပ်ချေ”-

ဟူ၍ မိန့်ဆိုလေသော် အသောကမင်းတရားသည် ဓာတ်တော်များ ရှိလိမ့်မည်အထင်နှင့် ရာဇဂြိုဟ်ပြည်၌ မူလပဌမ အဇာတသတ်မင်း တည်ထားသောစေတီကို ဖြိုဖျက်စေ၍ ထိုစေတီအတွင်း၌ ဓာတ်တော်များကို မတွေ့မမြင်ရကား ထိုဖြိုဖျက်အပ်သော စေတီကို နဂိုရ်ပကတိအတိုင်း ပြန်လည်တည်ထားပြီးလျှင်



၅၄၆

ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမ တည်းဟူသော ပရိသတ်လေးပါးတို့ကို ပင့်ခေါ်ဆောင်၍ ဝေသာလီပြည်သို့ သွားရောက်လေသည်။

     ထိုဝေသာလီပြည်၌ လိစ္ဆဝီမင်းများ မူလပဌမ တည်ထားသော စေတီကို ဖြိုဖျက်စေ၍ ထိုစေတီအတွင်း၌လည်း ဓာတ်တော်များကို မတွေ့မမြင်ရကား ထိုစေတီပျက်ကို နဂိုရ်ပကတိအတိုင်း ပြန်လည် တည်ထားပြီးလျှင် ပရိသတ်လေးပါးကို ပင့်ခေါ်ဆောင်၍ ကပိလဝတ်ပြည်သို့ တဖန် သွားပြန်လေသည်။ ထိုကပိလဝတ်ပြည်၌လည်း ရှေးနည်းအတူ ဓာတ်တော်များကို မရရှိရကား ရာမရွာသို့ သွားရောက်ပြန်လေသည်။ ရာမရွာ၌ကား နဂါးတို့သည် စေတီတော်ကို ဖျက်ဆီးခွင့် မပေးကြကုန်၊ (အဘယ်သို့ ပြုလုပ်ကြသနည်းဟူမူ) စေတီ၌ ဖြိုဖျက်ရန် ပေါက်ချလိုက်သော ပေါက်တူး ပေါက်ချွန်းများ အပိုင်းအပိုင်းပြတ်၍ သွားလေသည်။

     ဤသို့လျှင် ရာမရွာ၌လည်း ဓာတ်တော်များကို မရရှိ၍ အစဉ်အတိုင်း အလ္လကပ္ပတိုင်း, ဝေဋ္ဌဒီပတိုင်း, ပါဝါပြည်, ကုသိနာရုံပြည်တို့သို့ သွားရောက်၍ အလုံးစုံသော ထိုတိုင်း ထိုပြည်တို့၌ မူလတည်ရင်း စေတီတို့ကို ဖြိုဖျက်၍ ဓာတ်တော်များကို မရရှိပဲသာလျှင် စေတီပျက်များကို နဂိုရ်ပကတိအတိုင်း ပြန်လည်တည်ထား ပြီးလျှင် တဖန် ရာဇဂြိုဟ်ပြည်သို့ သွားပြန်လေသည်။

     ရာဇဂြိုဟ်ပြည်သို့ ရောက်သောအခါ ပရိသတ်လေးပါးတို့ကို စည်းဝေးစေ၍ “ဤမည်သောနေရာ၌ အဇာတသတ်မင်း ဓာတ်တော်များကို ဌာပနာခဲ့သည်-ဟု ရှေးကကြားဘူးသူ တစုံတယောက် ရှိပါသလော”ဟု မေးလေ၏။ ထိုအစည်းအဝေး၌ အသက် တရာ့နှစ်ဆယ်နှစ်ရှိသော မထေရ်ကြီးတပါးသည် “မြတ်သောမင်းကြီး.. ဤမည်သောနေရာ၌ ဓာတ်တော်များ ဌာပနာသည်ဟူ၍ကား ဧကန်ဧက မသိရပါ၊ အထူးမှာ ငါ၏ဖခင် မထေရ်ကြီးသည် ငါ့ကို ခုနစ်နှစ်သားအရွယ် ကာလတုန်းက ပန်းတောင်း ပန်းကပ်ကို ယူစေပြီးလျှင် “သာမဏေ.. လာလော့၊ ဤမည်သော ချုံအတွင်း၌ ကျောက်စေတီတဆူ ရှိ၏။ ထိုစေတီသို့



၅၄၇

သွားကြကုန်စို့”ဟု ပြောဆိုသွားရောက် ပူဇော်ကြပြီးနောက် ငါ့ဖခင်မထေရ်ကြီးက “သာမဏေ.. ဤနေရာကို သတိတရ မှတ်ဆောင်ထားသင့်၏”ဟု မိန့်ဆိုဘူးပါသည်။ မြတ်သောမင်းကြီး.. ငါသည် ဤမျှလောက် သိပါ၏”ဟု ပြောဆိုလေ၏။

(ဤ၌- ကေစိဆရာတို့က “ထိုအစည်းအဝေးမှာ ဈာန်အဘိညာဏ် တရားထူးရသော ရဟန်းတို့ မပါရှိသောကြောင့် ဤမထေရ်ကြီး ပြောသည်ကိုသာ အထူးဖော်ပြရသည်”ဟု ဆိုကြ၏။ အပရေဆရာတို့ကမူ “ဈာန်အဘိညာဏ် တရားထူးရသော ရဟန်းတို့ မပါရှိမဟုတ် ပါရှိပါ၏။ သို့သော်လည်း ဂုဏအပ္ပိစ္ဆတာ ကျေးဇူးရှင်များ ဖြစ်ကြ၍ မိမိတို့ကိုယ်ကို လျှို့ဝှက်ကြကာ ဤသီတင်းကြီးမထေရ်၏ စကားကို အမှီပြု၍ စူးစမ်းရှာဖွေလျှင် ဧကန်ပင် မင်းကြီး သိပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူကြ၍ မပြောဆိုကြလေကုန်”ဟု မိန့်ဆိုကြ၏။ ။ဋီကာမှ)။

     ထိုအခါ အသောကမင်းတရားသည်“ဤနေရာသည်ပင် အဇာတသတ်မင်း ဓာတ်တော်များကို ဌာပနာရာဌာန စင်စစ်ဖြစ်တော့သည်”ဟု ပြောဆိုကာ ချုံနွယ်ပိပ္ပေါင်းများကို ပယ်ရှားရှင်းလင်းစေ၍ ကျောက်စေတီကို၎င်း, ထိုအောက်မှ မြေများကို၎င်း ဖယ်ရှားစေလတ်သော် အောက်အပြင်၌ အင်္ကတေမြေအခင်းကို ထင်လင်း တွေ့မြင်ရလေ၏။ ထို့နောင်မှ အင်္ကတေနှင့် အုတ်များကို ဖယ်ရှား ထုတ်နုတ်ပြီးသော် အစဉ်သဖြင့် ဓာတ်တော်ဌာပနာတိုက် ပရိဝုဏ်အတွင်း သက်ဆင်း၍ သဲအဖြစ်ခင်းထားသော ရတနာ ခုနစ်ပါးကို၎င်း, သန်လျက်ကိုယ်စီ လက်စွဲထားသော ယန္တရား စက်ရုပ်များ မရပ်မနား လှည့်လည်နေကြသည်ကို၎င်း အံ့ဩဖွယ်ရာ တွေ့မြင်ရလေ၏။

     အသောကမင်းတရားသည် နတ်ဝင်နတ်ထိန်းများကို ခေါ်စေ၍ ဗလိပူဇော်မှု ပြုလုပ်စေသော်လည်း ယန္တရားစက်ရုပ်များ၏ အစအဆုံးကို မတွေ့နိုင်ပဲ ရှိရကား နတ်တို့အား ရှိခိုးဦးညွှတ်လျက် “အကျွန်ုပ်သည် ဤဓာတ်တော်များကို ပင့်ဆောင်၍ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်တို့၌ သိုမှီးဌာပနာပြီးလျှင် ပူဇော်သက္ကာရ ပြုပါမည်၊ အကျွန်ုပ်အား နတ်အများသည်



၅၄၈

အန္တရာယ် အနှောက်အယှက်မှု မပြုကြပါကုန်လင့်”ဟု တောင်းပန်စကား ပြောကြားလေ၏။

     သိကြားနတ်မင်းသည် ခရီးဒေသစာရီ လှည့်လည်ရင်းက ထိုအခြင်းအရာကို မြင်လတ်၍ ဝိသကြုံနတ်သားကို ခေါ်ပြီးလျှင် “အမောင်ဝိသကြုံ.. အသောကမင်းတရားသည် ‘ဓာတ်တော်များကို ထုတ်ယူမည်’ဟု ဌာပနာတိုက် ပရိဝုဏ်အတွင်း သက်ဆင်းလတ်ပြီ၊ အမောင်သွား၍ ယန္တရားရုပ်များကို ဖယ်ရှားပါလေလော့”ဟု ပြောဆိုလေ၏။ ဝိသကြုံနတ်သားသည် ဦးစွန်း ငါးခုရှိသော သူငယ်၏အသွင်ဖြင့် ထိုအရပ်သို့ လာရောက်၍ အသောကမင်း၏ ရှေ့မှောက်၌ လေးလက်စွဲကာ ရပ်တည်ပြီးလျှင် “မြတ်သောမင်းကြီး.. ဤယန္တရားရုပ်များကို အကျွန်ုပ် ဖယ်ရှားပါမည်”ဟု ပြောဆိုလေသော် အသောကမင်းတရားက “ဖယ်ရှားပါ ချစ်သား..”ဟု အခွင့်ပြုစကား မိန့်ကြားလတ်သည်တွင် သူငယ်ပုံဟန် ဖန်ဆင်းထားသော ဝိသကြုံနတ်သားသည် မြှားကိုဆွဲကိုင်၍ ယန္တရားအစပ်၌ တချက်တည်း ပစ်လိုက်လေ၏။ ထိုအခါ အလုံးစုံသော ယန္တရားရုပ်များသည် ဖရိုဖရဲကြဲ၍ သွားလေကုန်၏။

     ထိုအခါ အသောကမင်းတရားသည် တံခါးလှည့်ကြိုး၌ ဖွဲ့ချည်ထားသော မင်းတံဆိပ် ခတ်နှိပ်ထားသည့် သံကောက် (=သော့)ကို ဆွဲကိုင်ကြည့်လေ၏။ အဖိုးများစွာထိုက်သော ပတ္တမြားတုံးကို တွေ့မြင်ရပြီးနောက် တဖန် ရွှေလွှာ၌ ရေးထွင်းထားသည့်-

“နောင်အခါ မင်းဆင်းရဲသည် ဤပတ္တမြားရတနာကိုယူ၍ ထုခွဲရောင်းချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုရစ်စေသတည်း”-

ဟူသော အက္ခရာများကို တွေ့မြင်ရပြန်၍ အမျက်ထွက်ပြီးလျှင် “ငါသို့သောမင်းကို မင်းဆင်းရဲဟူ၍ မပြောဆိုသင့်”ဟု နှုတ်မြွက်ပြောဆိုကာ အဖန်ဖန်အားထုတ်၍ တံခါးများကို ဖွင့်စေပြီးသော် ဓာတ်တော်ဌာပနာတိုက် အိမ်အတွင်းသို့ ဝင်ရောက်လေ၏။



၅၄၉

     လွန်ခဲ့သောနှစ်ပေါင်း (၂၁၈) နှစ်ရာတဆယ့်ရှစ်နှစ်ထက်က ထွန်းညှိ တင်ထားခဲ့သော ဆီမီးများသည် ထွန်းညှိစကအတိုင်းပင် တောက်ပလျက် ရှိကြကုန်၏၊ ကြာညိုပန်းများသည် ထိုခဏ၌ ယူဆောင် တင်လှူအပ်ကုန်သကဲ့သို့ လန်းဆန်းဆဲ ရှိကြကုန်၏၊ ပန်းအခင်းသည်လည်း ထိုခဏ၌ ခင်းအပ်သကဲ့သို့ပင် လန်းဆန်း တင့်တယ်ဆဲရှိ၍ နေ၏။ နံ့သာများသည်လည်း ထိုခဏ၌ကြိတ်၍ တင်လှူအပ်ကုန်သကဲ့သို့ပင် အနံ့မစဲ မခန်းခြောက်ပဲ ကြိုင်လှိုင်ဆဲ ရှိကြကုန်၏။

     အသောကမင်းတရားသည် ရွှေပြားကို ကိုင်ယူ၍ အရှင်မဟာကဿပမထေရ် ရေးထိုးတော်မူစေခဲ့သည့်-

“နောက်အခါ၌ ပိယဒါသ-မည်သော မင်းသားသည် ထီးဖြူစိုက်ဆောက်၍ အသောကမည်သော တရားမင်းဖြစ်လိမ့်မည်၊ ထိုအသောကမင်းသည် ဤဓာတ်တော်များကို ဇမ္ဗူဒိပ်ကျွန်းအနှံ့ ပြန့်အောင် ပြုရစ်လိမ့်မည်”-

ဟူသော စာတမ်းကို ဖတ်ရှုရ၍ အားရဝမ်းသာ ဖြစ်ရှိပြီးလျှင် “အို အချင်းတို့.. ငါ့ကို အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် ကောင်းစွာ မြင်တော်မူအပ်လေပြီ”ဟု ပြောဆိုကာ လက်ဝဲလက်မောင်းကို ခွေ၍ လက်ျာလက်ဖြင့် လက်ခမောင်း တဖြောင်းဖြောင်း ခတ်လေတော့၏။

     ထို့နောင်မှ အသောကမင်းတရားသည် ထိုနေရာ၌ ကိုးကွယ်ပူဇော်လောက်ရုံမျှ ဓာတ်တော်များကို ချန်ထား၍ ကြွင်းသော ဓာတ်တော်များကို ပင့်ဆောင်ပြီးလျှင် ဓာတ်တော်အိမ်တို့ကိုလည်း ရှေးကပိတ်သည့် နည်းအတိုင်း ပိတ်ပြီးမှ အလုံးစုံကို နဂိုရ်ပကတိအတိုင်း အသစ်တဖန် မွမ်းမံတည်ဆောက်၍ ထို၏အထက်၌ ကျောက်စေတီကို တည်ထားစေပြီးသော် မိမိဆောက်လုပ်သော ကျောင်းတိုက်ပေါင်း ရှစ်သောင်းလေးထောင်တို့၏ အတွင်း၌ ဓာတ်တော်များကို စေတီတည်ထားလေသတည်း။



၅၅၀

ဗုဒ္ဓရတနာခဏ်း နိဂုံး

     ဗုဒ္ဓဝင်စာဖတ် ပရိသတ် သူတော်ကောင်းတို့.. ဤတွင် (ဗုဒ္ဓရတနာ)အခဏ်းကို နိဂုံးအုပ်ပါတော့မည်။ အသင် ဗုဒ္ဓဝင်စာဖတ် ပရိသတ် သူတော်ကောင်းများသည် ဤဗုဒ္ဓရတနာခဏ်းကို ဖတ်ရှုကြရာ၌ ဗုဒ္ဓမြတ်စွာနှင့်စပ်၍ အရေးကြီးသော (၁) ပဋိသန္ဓေ ယူတော်မူသည့်နေ့, (၂) ဖွားမြင်တော်မူသည့်နေ့, (၃) တောထွက်တော်မူသည့်နေ့, (၄) ဘုရားဖြစ်တော်မူသည့်နေ့, (၅) ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့, (၆) ပရိနိဗ္ဗာန် စံတော်မူသည့်နေ့, (၇) တေဇောဓာတ်မီး လောင်ကျွမ်းသည့်နေ့ = ဤနေ့ကြီး ခုနစ်နေ့ကို အထူးသတိချပ်မိကြပေလိမ့်မည်။

     ထိုနေ့ကြီး ခုနစ်နေ့တို့မှာ (၁) မဟာသက္ကရာဇ် ၆၇-ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့၌ ဘုရားအလောင်းတော် ပဋိသန္ဓေ ယူတော်မူလေသည်၊ (၂) မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့် သောကြာနေ့၌ ဖွားမြင်တော်မူလေသည်၊ (၃) မဟာသက္ကရာဇ် ၉၇-ခုနှစ် ဝါဆိုလပြည့် တနင်းလာနေ့၌ တောထွက်တော်မူ လေသည်၊ (၄) မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားဖြစ်တော်မူလေသည်၊ (၅) ၎င်းမဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစကြာတရားဦး ဟောတော်မူလေသည်၊ (၆) မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့၌ ပရိနိဗ္ဗာန် စံတော်မူလေသည်၊ (၇) ထိုနှစ် ကဆုန်လပြည့်ကျော် ၁၂-ရက် တနင်္ဂနွေနေ့၌ တေဇောဓာတ်မီးလောင် ကျွမ်းလေသည်။

     ဤနေ့ကြီး ခုနစ်နေ့ကို အောက်မေ့ဆင်ခြင်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးနိုင်ရန်အတွက် လယ်တီဆရာတော်ဘုရားကြီးသည် ဤဆိုလတ္တံ့သော “ခုနစ်နေ့ ဘုရားရှိခိုးလင်္ကာ”များကို ရေးသား ဖွဲ့ဆိုတော်မူခဲ့ပါသည်-

ခုနစ်နေ့ ဘုရားရှိခိုးလင်္ကာ

(၁) သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်..။ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊

၅၅၁

ဝါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ ၊နတ်လူငြိမ်းဘို့ ကိန်းပါကို- နတ်လူငြိမ်းဘို့ ကိန်းပါကို။

(၂) သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ ၊နတ်လူအောင်မြို့ လမ်းပါကို- နတ်လူအောင်မြို့ လမ်းပါကို။

(၃) ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ ၊စုံမြိုင်ပင်ရိပ် ခမ်းမှာကို- စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

(၄) တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ ၊သုံးဖေါ်လူတို့ ငြမ်းပါကို- သုံးဖေါ်လူတို့ ငြမ်းပါကို။

(၅) ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီအပေါင်း၊ တိုက်တသောင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ ၊တရားနတ်စည် ယွမ်းတယ်ကို- တရားနတ်စည် ယွမ်းတယ်ကို။

(၆) တရားနတ်စည်၊ ဆော်ယွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၊ဝှန်းဆူသောင်းလုံး ကျော်တယ်ကို- ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ (လပြေ့-တို့မှာ လပြည့်ဖြစ်သည်)။

၅၅၂

(၇) နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ ၊မွေတော်ရှစ်စိတ် ကြွင်းတယ်ကို- မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။ (ဤ၌- မွေတော်ရှစ်စိတ်ဆိုသော်လည်း ရှစ်စရွတ်ဟုသာ မှတ်ယူရာ၏)။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ၊ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

ကြွက်-သန်, ပူး-ဖွား၊ ကျား-တောသွား၊ ဆင်-ဘုရားဖြစ်၊ စက်လှစ်-နာဂ၊ နိဗ်-သီဟ၊ ဂရုဠ-ဓာတ်မီးလောင်။

(ရှေးပေါရာဏ ခုနစ်နေ့လင်္ကာ၊ ဆောင်)

ဤခုနစ်နေ့ ဘုရားရှိခိုးလင်္ကာကို နှုတ်ရအာဂုံဆောင်ကြ၍ ဘုရားအာရုံ နှလုံး၌ ထုံနိုင်ကြပါစေကုန်သတည်း။

အခဏ်း ၄၁-ပြီး၏။

ဤတွင်ရွေ့ ဗုဒ္ဓရတနာအခဏ်း ပြီး၏။