အင်္ဂုလိမာလ မထေရ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ အင်္ဂုလိမာလ မထေရ်
344842ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၇။ အင်္ဂုလိမာလ မထေရ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇) အင်္ဂုလိမာလ မထေရ်

[edit]

ဘုရားရှင်လက်ထက်တော်အခါက ကောသလမင်း၏ ပုရောဟိတ်ပုဏ္ဏားကြီးအိမ်၌ သားတစ် ယောက် ဖွားမြင်၏။ ထိုသားကလေးဖွားမြင်စဉ် မင်းကြီး၏ သံလျက်အပါအဝင် တစ်မြို့လုံးရှိ ဓား၊ လှံ၊ လက်နက်များသည် အရောင်တဝင်းဝင်း ထွက်ပေါ်လာ၏။ ထိုထူးဆန်းသော နိမိတ်ကို မြင်တွေ့ရသော မင်းကြီးသည် ထိတ်လန့် တုန်လှုပ်လျက် အိပ်စက်မရခဲ့ပေ။

မိုးလင်း၍ ပုဏ္ဏားကြီး အခစားဝင်ရောက်လာသောအခါ မင်းကြီးသည် သူတွေ့ခဲ့ရသော နိမိတ် နှင့်ပတ်သက်၍ ပုဏ္ဏားကြီးအား မေး၏။ ထိုအခါ ပုဏ္ဏားကြီးက မင်းကြီး ထိတ်လန့်စရာမလိုကြောင်း၊ သူ့အိမ်တွင် ဖွားမြင်သော သူ့သားလေးကြောင့်သာ ဖြစ်ကြောင်း၊ နောင်အခါတွင် ထိုသားလေးသည် အင်အားရှိသော တစ်ကိုယ်တော် သူခိုးကြီးဖြစ်လာမည့် နိမိတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသားလေးကို ယခုကပင် သတ်ပစ်ရမည်လော-စသည်ဖြင့် မင်းကြီးအား လျှောက်တင်လိုက်သည်။ သို့သော် မင်းကြီးက ထိုကလေးကို မသတ်စေဘဲ ကြီးပြင်းလာသည်အထိ ကျွေးမွေးပြုစုခိုင်းလေသည်။ ထိုကလေး၏ အမည်ကို ဟိသက (မင်းကြီး၏ စိတ်ကို နှိပ်စက်ညှဉ်းပန်းလျက် ဖွားမြင်လာသူ)ဟု အမည်မှည့်ခဲ့၏။ သို့သော် ထိုအမည်အတိုင်း မဖြစ်စေလိုသော ဆွေမျိုးများက အဟိံသကဟု ပြင်၍ ခေါ်ကြလေသည်။

အဟိံသကသည် အရွယ်ရောက်သောအခါ ခွန်အားဗလ အလွန်ကြီးမားသူ ဖြစ်လာ၏။ ဖခင်ပုဏ္ဏား ကြီးသည် သားဖြစ်သူ သူခိုးကြီး ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင်ကြားစေသည်။ သားဖြစ်သူ၏ မာန်မာနကို ချိုးနှိမ်လိုသဖြင့် ဆရာကြီးကို ပူဇော်ရန် မည်သည့် ငွေကြေးဥစ္စာကိုမျှ မပေးလိုက်ပေ။ သို့ဖြစ်၍ အဟိံသကသည် ဒိသာပါမောက္ခဆရာကြီးအိမ်တွင် အိမ်မှ ကိစ္စများ ပြုလုပ်၍ ပညာသင်ရ၏။ သို့သော် ပညာကြိုးစားသင်ယူသဖြင့် ပညာရပ်အားလုံးတွင် အထူး ချွန်ဆုံး ဖြစ်နေသည်။ ဆရာကြီးနှင့် ဇနီးတို့ကလည်း သူ့ကို သားအရင်းပမာ ချစ်ခင်ကြသည်။ ထိုအခါ ကျန်တပည့်များက မနာလိုဖြစ်လာကြပြီး အဟိံသကသည် ဆရာကတော်နှင့် ဖောက်ပြန်နေပါသည်ဟု ဆရာကြီးအား ကုန်းချောကြ၏။ ဆရာကြီးသည် ပြောစတွင် မယုံကြည်သော်လည်း အကြိမ်များစွာ ပြောလာသောအခါ ယုံကြည်လာပြီး အဟိံသကကို သတ်ရန် ကြံစည်လေတော့သည်။

တစ်နေ့တွင် ဆရာကြီးက အဟိံသကကို ခေါ်ပြီး “အမောင် အဟိံသက ... သင်ဟာ အခြား တပည့်တွေထက် ပညာပိုတော်ပေမဲ့ မပြည့်စုံသေးဘူး၊ ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ဖို့ လူပေါင်း တစ်ထောင်ရဲ့ လက်ညှိုးပေါင်း တစ်ထောင်ဖြင့် ငါ့ကို ပူဇော်ရမယ်”ဟု ပြောလိုက်၏။ အဟိံသကလည်း ဖြစ်စေရမည်ဟု ကတိပြု၍ ဆရာကြီးကို ကန်တော့ပြီး တောထဲသို့ ထွက်ခွာသွား၏။

အဟိံသကသည် တောထဲတွင် တွေ့ သမျှလူကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်ညှိုးများကို ဖြတ်ယူ ၏။ သို့သော် ဖြတ်၍ရသော လက်ညှိုးများကို သစ်ခွ၊ သစ်ကိုင်း၊ သစ်ငုတ်များပေါ်တွင် ပစ်ထားသဖြင့် ပျောက်ကုန်၏။ ပျောက်ဆုံးဖန် များလာသောအခါ အကြံရလာကာ လက်ညှိုးများကို ကြိုးဖြင့် သီကုံး ၍ပုခုံး၌ဆွဲထားလိုက်သည်။ထိုအခါမှစ၍လူများက သူ့ကိုအင်္ဂုလိမာလ (လက်ညှိုးပန်းကုံးလွယ်ထားသူ)ဟု ခေါ်ကြသည်။

ထိုတောအုပ်အနီးရှိ ရွာများမှ လူတို့သည် ကြောက်လန့်ပြီး သာဝတ္ထိမြို့တော်သို့ ထွက်ပြေးကာ အင်္ဂုလိမာလကို နှိမ်နှင်းပေးရန် ကောသလမင်းကြီးအား တောင်းဆိုကြသည်။ ထိုအကြောင်းကို ကြားသော အင်္ဂုလိမာလ၏ မိခင်ကြီးသည် သားဖြစ်သူကို ဘုရင်ကြီးက ဖမ်းဆီးသတ်ဖြတ်တော့မည်၊ မဖမ်းမီ သားကို သွားခေါ်ပါဟု ပုဏ္ဏားကြီးအား ပြော၏။ ပုဏ္ဏားကြီးက သူ သွားခေါ်ရန် မသင့် ကြောင်း၊ လူမိုက်ဆိုသည်မှာ မည်သူ့ကိုမျှ ညှာတာထောက်ထားမည် မဟုတ်ကြောင်း ပြောဆို၍ ငြင်းလိုက်၏။ ထိုအခါ မိခင်ကြီးသည် မိခင်တို့၏ ချစ်ခြင်းမေတ္တာဖြင့် သားအပေါ် အပြစ်မမြင်နိုင်ရှာ၊ မိမိအသက်အရွယ်ကိုမျှ မငဲ့ကွက်နိုင်ဘဲ ကြမ်းတမ်းလှသော လမ်းခရီးတွင် အလဲလဲအပြိုပြိုဖြင့် သားကို ပြေးလွှားရှာဖွေလေသည်။

ထိုအချိန်တွင် အင်္ဂုလိမာလသည် လူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ကာ တော ထဲတွင် ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ပုန်းအောင်းနေရသည်ကို ငြီးငွေ့နေလေပြီ။ ကြိုးနှင့်သီထားသော လက်ညှိုးများမှာလည်း တစ်ထောင်ပြည့်ရန် တစ်ချောင်းသာ လိုတော့၏။ ထို့ကြောင့် အင်္ဂုလိမာလသည် ထိုနေ့တွင် ပထမဆုံး တွေ့သူသည် လိုနေသော လက်ညှိုးတစ်ချောင်းအတွက် ဖြစ်ရမည်ဟု ဆုံးဖြတ် ထား၏။ ထိုနေ့နံနက်တွင် မြတ်စွာဘုရားရှင်သည် လောကကို ကြည့်ရှုတော်မူသောအခါ အင်္ဂုလိမာလတို့ သားအမိကို မြင်တော်မူသည်။ အင်္ဂုလိမာလသည် မိမိ၏မိခင်ကို မြင်လျှင် ဧကန်မုချ သတ်ဖြတ်ပေတော့ မည်၊ ဤသို့ဖြစ်လျှင် မိခင်ကြီးသည် အချည်းနှီး သေဆုံးရ၍ အင်္ဂုလိမာလမှာလည်း ရဟန္တာဖြစ်ရန် အခွင့်အရေး ဆုံးရှုံးရပေတော့မည်ဟု ဆင်ခြင်တော်မူကာ ယူဇနာသုံးဆယ်မျှ ကွာလှမ်းသော ခရီးကို တစ်ပါးတည်း ကြွတော်မူသည်။

ထိုအချိန်တွင် မိခင်ပုဏ္ဏေးမကြီးသည် အင်္ဂုလိမာလ နေထိုင်ကျက်စားရာ ဇာလိနတောအုပ် သို့ ရောက်ရှိလာသည်။ အင်္ဂုလိမာလသည် မိခင်ကြီးကို မြင်လျှင်မြင်ချင်း ဓားကို ဆွဲ၍ တစ်ဟုန်ထိုး လိုက်လေ၏။ ထိုအချိန်တွင် မိခင်တို့၏ အနန္တမေတ္တာကိုလည်း မမြင်တော့ပေ။ လိုနေသော လက်ညှိုး တစ်ချောင်း ရဖို့အရေးသည်သာ သူ့အတွက် အရေးအကြီးဆုံး ဖြစ်နေသည်။

ထိုအခိုက် မြတ်စွာဘုရားသည် သားအမိနှစ်ယောက်အကြား၌ ပေါ်လာရာ အင်္ဂုလိမာလသည် မိခင် အစား ဤရဟန်းကိုပဲ သတ်မည်ဟု ဆုံးဖြတ်ချက်ပြောင်းကာ မြတ်စွာဘုရားနောက်သို့ သဲကြီးမဲကြီး ပြေးလိုက်လေ၏။ ထိုသို့ သဲကြီးမဲကြီး ပြေးလိုက်သော်လည်း မြတ်စွာဘုရားကို လိုက်၍မမီပေ။ ထို့ကြောင့် အင်္ဂုလိမာလက “ရဟန်းကြီး မပြေးပါနဲ့၊ ရပ်ပါ”ဟု ပြောသောအခါ မြတ်စွာဘုရားက “ငါသည် ရပ်နေ၏၊ သင်ကသာ မရပ်မနား ပြေးသွားနေ၏”ဟု ပြန်လည်မိန့်တော်မူ၏။ ထိုအခါ အင်္ဂုလိမာလက “အသင်ရဟန်းသည် အဘယ့်ကြောင့် မုသားစကား ပြောကြားရသနည်း”ဟု မေးရာ မြတ်စွာဘုရားက “အင်္ဂုလိမာလ ... ငါသည် သတ္တဝါတို့အား သတ်ဖြတ်နှိပ်စက်ခြင်းကို ပယ်စွန့်ပြီး ဖြစ်၍ ရပ်တန့်နေသူ ဖြစ်၏၊ သင်သည်ကား သတ္တဝါတို့အား သတ်ဖြတ်နှိပ်စက်ခြင်းကို ပြုနေသည် ဖြစ်၍ ပြေးလွှားနေသူ ဖြစ်၏”ဟု မိန့်တော်မူသည်။

မြတ်စွာဘုရား၏ တရားစကားကို ကြားနာလိုက်ရသော အင်္ဂုလိမာလသည် အမှန်တရားကို ချက် ချင်း သဘောပေါက်သွားကာ ပုခုံးမှာ ဆွဲထားသော လက်ညှိုးပန်းကုံးနှင့် ဓားလက်နက်တို့ကို ချောက် ထဲသို့ ပစ်ချလိုက်ပြီး မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်း၍ ရဟန်းပြုပေးရန် တောင်းပန်လေသည်။ မြတ်စွာဘုရားက သူ့ကို ရဟန်းပြုပေးကာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်သွား၏။ ထိုအချိန်တွင် အင်္ဂုလိမာလကို နှိမ်နှင်းရန် စစ်သည်ဗိုလ်ပါများနှင့်အတူ ထွက်လာသော ကောသလမင်းကြီးသည် မြတ်စွာဘုရားထံ ရှေးဦးစွာ ဝင်ရောက်ဖူးမြော်သည်။ ထိုအခါ မြတ်စွာဘုရားက အသင်မင်းကြီး သွားရောက်နှိမ်နှင်းမည့် အင်္ဂုလိမာလဆိုတာ ဤရဟန်းပါပဲဟု မိန့်တော်မူရာ မင်းကြီး သည် အင်္ဂုလိမာလမထေရ်ကို ကြည့်ကာ ထိတ်လန့်သွား၏။ ထိုအခါ မြတ်စွာဘုရားက အင်္ဂုလိမာလသည် ယခု ယဉ်ကျေးသိမ်မွေ့သော ရဟန်းတစ်ပါး ဖြစ်နေသည့်အတွက် ထိတ်လန့်စရာကောင်းသော ပုဂ္ဂိုလ် မဟုတ်တော့ကြောင်း မိန့်တော်မူလိုက်မှသာ မင်းကြီးလည်း စိတ်သက်သာရာ ရသွားလေသည်။

နောက်တစ်နေ့ နံနက်တွင် အင်္ဂုလိမာလမထေရ် မြို့တွင်းသို့ ဆွမ်းခံဝင်ရာ မြို့သူမြို့သားတို့ သည် ဆွမ်းတစ်ဇွန်းမျှ မလောင်းကြသည့်အပြင် မထေရ်ကို မြင်လျှင် ထွက်ပြေးသူပြေး၊ အိမ်တံခါး ပိတ်သူ ပိတ်ကြ၏။ စိတ်မထိန်းနိုင်သူတို့က ခဲ၊ တုတ် စသည်ဖြင့် ပစ်ခတ်ကြသဖြင့် မထေရ်၏ ဦးခေါင်း မှ သွေးပေါက်ပေါက် ကျလေ၏။ မထေရ်သည် မေတ္တာဖြင့် သည်းခံတော်မူသည်။

တစ်နေ့တွင် အင်္ဂုလိမာလမထေရ်သည် မြို့တွင်း၌ ဆွမ်းခံကြွစဉ် သားမဖွားနိုင်သော ကိုယ်ဝန် သည်တစ်ယောက်၏ အော်ဟစ်ညည်းညူနေသံကို ကြားခဲ့ရာ မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားလိုက်၏။ မြတ်စွာဘုရားက မထေရ်အား ပရိတ်တရားတော်ကို သင်ပေးလိုက်၏။ မထေရ်သည် ထို အိမ်သို့ ပြန်ကြွသွားပြီး ပရိတ်တော်ကို ရွတ်ဖတ်ပေးရာ ကိုယ်ဝန်သည် အမျိုးသမီးသည် သားရတနာကို လွယ်ကူစွာ မွေးဖွားလေသည်။ ထိုအချိန်မှစ၍ ထိုပရိတ်တော်သည် “အင်္ဂုလိမာလ ပရိတ်”ဟူ၍ ထင်ရှား လာခဲ့၏။ ထိုသတင်းသည် သာဝတ္ထိတစ်မြို့လုံးသို့ တစ်ခဏချင်း ပျံ့နှံ့သွားပြီး လူများသည် အင်္ဂုလိမာလ မထေရ်အား ကြည်ညိုလေးစားလာကြသည်။ ထိုအခါမှ လောကလူသားတို့၏ ကောင်းကျိုးကို ဆောင်ရွက် နိုင်ပြီဖြစ်၍ မထေရ်၏ စိတ်နှလုံးမှာလည်း အနှောင့်အယှက်များ ကင်းစင်သွားကာ ကမ္မဋ္ဌာန်းတရားကို ကောင်းစွာအားထုတ်နိုင်သဖြင့် မကြာမီပင် ရဟန္တာဖြစ်သွားလေသည်။