မဟာဓမ္မိက ဥပါသကာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၈။ မဟာဓမ္မိက ဥပါသကာ
344843ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၈။ မဟာဓမ္မိက ဥပါသကာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈) မဟာဓမ္မိက ဥပါသကာ

[edit]

မြတ်စွာဘုရား လက်ထက်တော်၌ ဓမ္မိကအမည်ရှိ ဥပါသကာ တစ်ဦးရှိခဲ့သည်။ ဥပါသကာတို့၏ အကြီးအမှူး ဖြစ်သဖြင့် သူ့ကို မဟာဓမ္မိကဥပါသကာ ဟူ၍ ခေါ်ကြ၏။ ဥပါသကာကြီးသည် အကျင့်သီလနှင့်ပြည့်စုံပြီး လှူဒါန်းပေးကမ်းခြင်း၌လည်း အစဉ်အမြဲ မွေ့လျော်သည်။ မိသားစုဝင် အားလုံးသည်လည်း ဥပါသကာကြီးကဲ့သို့ပင် ကုသိုလ်ကောင်းမှုများနှင့် အစဉ်အမြဲ မွေ့လျော်သူများ ဖြစ်ကြ၏။

ဤသို့ဖြင့် ဥပါသကာကြီးသည် အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်လာပြီး အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါတစ်ခု စွဲကပ်လာကာ ညောင်စောင်းပေါ်တွင် လဲလျောင်းနေရ၏။ ထိုအခါ ဥပါသကာကြီးသည် မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို နာကြားလိုသော ဆန္ဒ ဖြစ်ပေါ်လာ၍ ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်ပေးရန် သားသမီးတို့အား ပြောလေသည်။ ရဟန်းသံဃာတော်များ ကြွရောက်လာကြသောအခါ “မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲက ဘယ်တရားတော်ကို နာကြား လိုပါသလဲ”ဟု မေးတော်မူလျှင် ဥပါသကာကြီးက “သတိပဋ္ဌာန်သုတ္တန်ဒေသနာတော်ကို နာကြားလို ပါသည်ဘုရား”ဟု ပြန်လည် လျှောက်ထားလေသည်။

ထိုဒေသနာတော်ကို ရွတ်ဖတ်နေစဉ် နတ်ပြည်ခြောက်ထပ်မှ နတ်သားတို့သည် နတ်ရထား ခြောက်စီးဖြင့် ရောက်ရှိလာပြီး “ဥပါသကာကြီး ... ကျွန်ုပ်တို့ရဲ့ နတ်ပြည်မှာ စည်းစိမ်ခံစားဖို့ ဒီရထား ပေါ် တက်ပါ” စသည်ဖြင့် အလုအယက် ခေါ်နေကြသည်။ ဥပါသကာကြီးသည် တရားနာရသည်ကို အနှောင့်အယှက် မဖြစ်လိုသည့်အတွက် “နေကြပါဦး၊ နေကြပါဦး”ဟု ဟန့်တားလိုက်သည်။ ထိုအခါ ရဟန်းသံဃာများက သူတို့ကို ဟန့်တားသည်ဟု ထင်မှတ်ကာ ကျောင်းတော်သို့ ပြန်ကြွသွားကြ လေသည်။ ဥပါသကာကြီး၏ သားသမီးတို့ကလည်း ဖခင်ကြီးသည် သေရမည်ကို ကြောက်ရွံ့သဖြင့် ကယောင်ကတမ်း ပြောနေသည်ဟု ထင်မှတ်ကာ ဝမ်းနည်းငိုကြွေးကြလေသည်။

သားသမီးတို့ ငိုကြွေးနေကြသည်ကို ဥပါသကာကြီး ကြားသောအခါ “အဘယ်ကြောင့် ငိုကြွေးနေ ကြသနည်း”ဟု မေး၏။ သားသမီးတို့က အကြောင်းစုံကို ရှင်းပြကြသည်။ ထို့နောက် ဥပါသကာ ကြီးက “ရဟန်းသံဃာတော်တွေ အခု ဘယ်မှာလဲ”ဟု မေးရာ သားသမီးတို့က “သတိပဋ္ဌာန် သုတ္တန် ဒေသနာတော်ကို ဆက်မရွတ်ဖို့ အဖေက တားမြစ်လိုက်လို့ ကျောင်းတော်သို့ ပြန်ကြွသွားကြပြီ”ဟု ပြောကြသည်။

ထိုအခါ ဥပါသကာကြီးက “သားတို့သမီးတို့ ... အဖေက ရဟန်းတော်တွေကို တားမြစ်တာ မဟုတ်ဘူး၊ နတ်ပြည်ခြောက်ထပ်က နတ်ရထား ခြောက်စီးနဲ့ နတ်သားတွေ ရောက်လာပြီး သူ့ထက် ငါ အလုအယက် ခေါ်နေကြတဲ့အတွက် တရားနာပျက်မှာစိုးလို့ ‘နေကြပါဦး” လို့ ပြောလိုက်တာပါ”ဟု ပြန်လည် ရှင်းပြလေသည်။

ထို့နောက် ဥပါသကာကြီးက “နတ်ပြည်ခြောက်ထပ်မှာ ဘယ်နတ်ပြည်က ပျော်မွေ့ဖွယ် အကောင်းဆုံးလဲ”ဟု မေးရာ သားသမီးတို့က “အဖေ ... ဘုရားအလောင်းတို့ရဲ့ မယ်တော် ခမည်းတို့ စံရာ တုသိတာနတ်ပြည်ဟာ ပျော်မွေ့ဖွယ် အကောင်းဆုံး ဖြစ်ပါတယ်”ဟု ပြောဆိုကြသည်။ ထိုအခါ ဥပါသကာကြီးက “ဒါဆိုရင် သားတို့သမီးတို့ အဆင်သင့် သီကုံးထားတဲ့ ပန်းကုံးကို တုသိတာ နတ်ပြည်ကလာတဲ့ နတ်ရထားမှာ ချိတ်ပါစေလို့ အဓိဋ္ဌာန်ပြီး ပစ်လွှင့်လိုက်ကြ”ဟု ပြောလိုက်လေသည်။ သားသမီးတို့လည်း ဖခင်ကြီး စေခိုင်းသည့်အတိုင်း ပန်းကုံးကို ပစ်လွှင့်လိုက်ရာ ပန်းကုံးသည် တုသိတာ နတ်ပြည်မှ လာသော ရထားဦး၌ ချိတ်လျက် ကောင်းကင်တွင် တွဲလဲဆွဲ တည်နေလေသည်။ သားသမီးတို့နှင့် လူအပေါင်းတို့သည် ကောင်းကင်၌ တွဲလဲဆွဲ တည်နေသော ပန်းကုံးကိုသာ မြင်ကြရ၏၊ နတ်ရထား ကိုကား မမြင်ကြရပေ။

နောက်ဆုံးတွင် ဥပါသကာကြီးက “သားတို့သမီးတို့ ... အဖေ့အတွက် စိုးရိမ်ပူဆွေး ငိုကြွေး ခြင်း မဖြစ်ကြနဲ့၊ သားတို့သမီးတို့ဟာ ဒီဘဝမှာလိုပဲ အဖေနဲ့ မေတ္တာကျွမ်းဝင် ထပ်တွေ့ချင်ကြတယ် ဆိုရင် အဖေ ပြုလုပ်အားထုတ်ခဲ့တဲ့ ဒါန၊ သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို အမြဲမပြတ် ဆက်လက်ပြုလုပ်ကြပါ”ဟု မှာကြား၍ ကွယ်လွန်ကာ နတ်ရထားဖြင့် တုသိတာနတ်ပြည်သို့ လိုက်ပါ သွားလေသည်။

ဥပါသကာကြီးအား သတိပဋ္ဌာန်သုတ္တန်ဒေသနာတော်ကို ရွတ်ဖတ်ပေးခဲ့ကြသော ရဟန်းတော် များသည် ကျောင်းတော်သို့ ပြန်ရောက်လာသောအခါ ဥပါသကာကြီး၏ ဖြစ်ပုံအကြောင်းစုံကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ဥပါသကာကြီး၏ အဖြစ်အပျက်အမှန်ကို ဖြည့်စွက်ဟောကြားတော်မူသည်။ ရဟန်းတော်များသည် ဥပါသကာကြီး၏ အဖြစ်အပျက်အမှန်ကို သဘောပေါက်သွားကြသောအခါ မြတ်စွာဘုရားရှင်က “ကုသိုလ်ကောင်းမှုကို ပြုထားသူဟာ ပစ္စုပ္ပန်၊ တမလွန် ဘဝနှစ်ခုလုံးမှာ ပျော်ရွှင်ဝမ်းမြောက်ရတယ်၊ မိမိရဲ့စင်ကြယ်တဲ့ ကောင်းမှုကံကို မြင်ရပြီး ကောင်းမှုပြုသူဟာ ပျော်ရွှင်ဝမ်းမြောက်ရတယ်”ဟု တရားတော်ကို ဆက်လက် ဟောကြားတော်မူသည်။