မဟာဓမ္မိက ဥပါသကာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၈။ မဟာဓမ္မိက ဥပါသကာ(ကျောင်းသားကိုင်သို့)
348349ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၈။ မဟာဓမ္မိက ဥပါသကာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

သင်ခန်းစာခေါင်းစဉ်။ ။ မဟာဓမ္မိက ဥပါသကာ

သင်ယူမှုဦးတည်ချက်။ ။ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၏ အကျိုးတရားများကို သိရှိပြီး လက်တွေ့ပြုလုပ်ကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-နတ်ပြည်ဆိုတာ ကြားဖူးလား။ ဘယ်သူတွေ နေသလဲ။
-နတ်ပြည် ဘယ်နှထပ် ရှိသလဲ။ ဘာတွေလဲ။

֍ ထို့နောက် အောက်ပါ နတ်ပြည်ခြောက်ထပ်၏ အမည်များကို ဆရာက သင်ပုန်းတွင် ရေးပြပါ။ ကလေးများက မှတ်စု စာအုပ်တွင် ကူးရေးကြပါစေ။

နတ်ပြည် ခြောက်ထပ်

၁။ စတုမဟာရာဇ် (စတု မဟာရစ်)
၂။ တာဝတိံသာ (တာဝတိန်သာ)
၃။ ယာမာ
၄။ တုသိတာ
၅။ နိမ္မာနရတိ (နိမ်မာနရတိ)
၆။ ပရနိမ္မိတ ဝသဝတ္တိ (ပရနိမ်မိတ ဝသဝတ်တိ)

֍ နတ်ပြည်ခြောက်ထပ်၏ အမည်များကို ကလေးများ ဖတ်ကြပါစေ။ နတ်ပြည် ခြောက်ထပ်တွင် စတုမဟာရာဇ်နတ် ပြည်သည် အနိမ့်ဆုံးဘုံဖြစ်၍ ပရနိမ္မိတဝသဝတ္တိနတ်ပြည်သည် အမြင့်ဆုံးဘုံဖြစ်ကြောင်း ရှင်းပြပါ။

֍ ထို့နောက် အောက်ပါမေးခွန်းကို မေးပါ။

-ဘာကြောင့် နတ်ပြည်မှာ နတ်သား နတ်သမီးတွေ ဖြစ်နေကြတာလဲ။ (ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သောကြောင့် နတ်ပြည်သို့ ရောက်သည်။)

֍ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ နတ်ပြည်ရောက်သလဲ ဆိုတဲ့အကြောင်းပြောထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နောက်စာသင် ချိန်မှာ လေ့လာကြမယ်ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဥပါသကာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများ ဖြေပြီးလျှင် ဇာတ်လမ်းကို ဖတ်ကြပါစေ။

မဟာဓမ္မိက ဥပါသကာ

မြတ်စွာဘုရား လက်ထက်တော်၌ ဓမ္မိကအမည်ရှိ ဥပါသကာကြီး တစ်ဦးရှိခဲ့သည်။ ဥပါသကာတို့၏ အကြီးအမှူးဖြစ်သဖြင့် သူ့ကို မဟာဓမ္မိကဥပါသကာဟူ၍ ခေါ်ကြ၏။ ဥပါသကာကြီးသည် အကျင့်သီလနှင့်ပြည့်စုံပြီး လှူဒါန်း ပေးကမ်းခြင်း၌လည်း အစဉ်အမြဲ မွေ့လျော်သည်။ မိသားစုဝင် အားလုံးသည်လည်း ဥပါသကာကြီးကဲ့သို့ပင် ကုသိုလ် ကောင်းမှုများနှင့် အစဉ်အမြဲ မွေ့လျော်သူများ ဖြစ်ကြ၏။

ဤသို့ဖြင့် ဥပါသကာကြီးသည် အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်လာပြီး အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါတစ်ခု စွဲကပ်လာကာ ညောင်စောင်းပေါ်တွင် လဲလျောင်းနေရ၏။ ထိုအခါ ဥပါသကာကြီးသည် မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို နာကြားလိုသော ဆန္ဒဖြစ်ပေါ်လာ၍ ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်ပေးရန် သားသမီးတို့အား ပြောလေသည်။ ရဟန်းသံဃာတော်များ ကြွရောက်လာကြသောအခါ “မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲက ဘယ်တရားတော်ကို နာကြားလိုပါသလဲ”ဟု မေးတော်မူလျှင် ဥပါသကာကြီးက “သတိပဋ္ဌာန် သုတ္တန်ဒေသနာတော်ကို နာကြားလိုပါသည်ဘုရား”ဟု ပြန်လည် လျှောက်ထားလေသည်။

ထိုဒေသနာတော်ကို ရွတ်ဖတ်နေစဉ် နတ်ပြည်ခြောက်ထပ်မှ နတ်သားတို့သည် နတ်ရထားခြောက်စီးဖြင့် ရောက်ရှိလာပြီး “ဥပါသကာကြီး ... ကျွန်ုပ်တို့ရဲ့ နတ်ပြည်မှာ စည်းစိမ်ခံစားဖို့ ဒီရထားပေါ် တက်ပါ” စသည်ဖြင့် အလု အယက် ခေါ်နေကြသည်။ ဥပါသကာကြီးသည် တရားနာရသည်ကို အနှောင့်အယှက် မဖြစ်လိုသည့်အတွက် “နေကြပါ ဦး၊ နေကြပါဦး”ဟု ဟန့်တားလိုက်သည်။ ထိုအခါ ရဟန်းသံဃာများက သူတို့ကို ဟန့်တားသည်ဟု ထင်မှတ်ကာ ကျောင်းတော်သို့ ပြန်ကြွသွားကြလေသည်။ ဥပါသကာကြီး၏ သားသမီးတို့ကလည်း ဖခင်ကြီးသည် သေရမည်ကို ကြောက်ရွံ့သဖြင့် ကယောင်ကတမ်း ပြောနေသည်ဟု ထင်မှတ်ကာ ဝမ်းနည်းငိုကြွေးကြလေသည်။

သားသမီးတို့ ငိုကြွေးနေကြသည်ကို ဥပါသကာကြီး ကြားသောအခါ ‘အဘယ်ကြောင့် ငိုကြွေးနေကြသနည်းဟု မေး၏။ သားသမီးတို့က အကြောင်းစုံကို ရှင်းပြကြသည်။ ထို့နောက် ဥပါသကာကြီးက “ရဟန်းသံဃာတော်တွေ အခု ဘယ်မှာလဲ”ဟု မေးရာ သားသမီးတို့က “သတိပဋ္ဌာန် သုတ္တန်ဒေသနာတော်ကို ဆက်မရွတ်ဖို့ အဖေက တားမြစ်လိုက် လို့ ကျောင်းတော်သို့ ပြန်ကြွသွားကြပြီ”ဟု ပြောကြသည်။

ထိုအခါ ဥပါသကာကြီးက “သားတို့သမီးတို့ ... အဖေက ရဟန်းတော်တွေကို တားမြစ်တာ မဟုတ်ဘူး၊ နတ် ပြည်ခြောက်ထပ်က နတ်ရထား ခြောက်စီးနဲ့ နတ်သားတွေ ရောက်လာပြီး သူ့ထက်ငါ အလုအယက် ခေါ်နေကြတဲ့အတွက် တရားနာပျက်မှာစိုးလို့ ‘နေကြပါဦး’လို့ ပြောလိုက်တာပါ”ဟု ပြန်လည် ရှင်းပြလေသည်။

ထို့နောက် ဥပါသကာကြီးက “နတ်ပြည်ခြောက်ထပ်မှာ ဘယ်နတ်ပြည်က ပျော်မွေ့ဖွယ် အကောင်းဆုံးလဲ”ဟု မေးရာ သားသမီးတို့က “အဖေ ... ဘုရားအလောင်းတို့ရဲ့ မယ်တော် ခမည်းတော်တို့စံရာ တုသိတာနတ်ပြည်ဟာ ပျော်မွေ့ဖွယ် အကောင်းဆုံးဖြစ်ပါတယ်”ဟု ပြောဆိုကြသည်။ ထိုအခါ ဥပါသကာကြီးက “ဒါဆိုရင် သားတို့သမီးတို့ အဆင်သင့် သီကုံးထားတဲ့ ပန်းကုံးကို တုသိတာ နတ်ပြည်က လာတဲ့နတ်ရထားမှာ ချိတ်ပါစေလို့ အဓိဋ္ဌာန်ပြီး ပစ်လွှင့် လိုက်ကြ”ဟု ပြောလိုက်လေသည်။ သားသမီးတို့လည်း ဖခင်ကြီး စေခိုင်းသည့်အတိုင်း ပန်းကုံးကိုပစ်လွှင့်လိုက်ရာ ပန်း ကုံးသည် တုသိတာ နတ်ပြည်မှလာသော ရထားဦး၌ ချိတ်လျက် ကောင်းကင်တွင် တွဲလဲဆွဲတည်နေလေသည်။ သား သမီးတို့နှင့် လူအပေါင်းတို့သည် ကောင်းကင်၌ တွဲလဲဆွဲတည်နေသော ပန်းကုံးကိုသာ မြင်ကြရ၏၊ နတ်ရထားကိုကား မမြင်ကြရပေ။

နောက်ဆုံးတွင် ဥပါသကာကြီးက “သားတို့သမီးတို့ ... အဖေ့အတွက် စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မဖြစ်ကြနဲ့၊ သားတို့သမီးတို့ဟာ ဒီဘဝမှာလိုပဲ အဖေနဲ့ မေတ္တာကျွမ်းဝင် ထပ်တွေ့ချင်ကြတယ်ဆိုရင် အဖေပြုလုပ်အားထုတ်ခဲ့တဲ့ ဒါန၊ သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှုတို့ကို အမြဲမပြတ် ဆက်လက်ပြုလုပ်ကြပါ”ဟု မှာကြား၍ကွယ်လွန်ကာ နတ် ရထားဖြင့် တုသိတာနတ်ပြည်သို့ လိုက်ပါသွားလေသည်။

ဥပါသကာကြီးအား သတိပဋ္ဌာန်သုတ္တန်ဒေသနာတော်ကို ရွတ်ဖတ်ပေးခဲ့ကြသော ရဟန်းတော်များသည် ကျောင်းတော်သို့ ပြန်ရောက်လာသောအခါ ဥပါသကာကြီး၏ ဖြစ်ပုံအကြောင်းစုံကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ဥပါသကာကြီး၏ အဖြစ်အပျက်အမှန်ကို ဖြည့်စွက်ဟောကြားတော်မူသည်။ ရဟန်းတော်များသည် ဥပသကာကြီး၏ အဖြစ်အပျက်အမှန်ကို သဘောပေါက်သွားကြသောအခါ မြတ်စွာဘုရားရှင်က “ကုသိုလ်ကောင်းမှုကို ပြုထားသူဟာ ပစ္စုပ္ပန်၊ တမလွန်ဘဝ နှစ်ခုလုံးမှာ ပျော်ရွှင်ဝမ်းမြောက်ရတယ်၊ မိမိရဲ့ စင်ကြယ်တဲ့ ကောင်းမှုကံကို မြင်ရပြီး ကောင်းမှုပြုသူဟာ ပျော်ရွှင်ဝမ်းမြောက်ရတယ်”ဟု တရားတော်ကို ဆက်လက်ဟောကြားတော်မူသည်။

မှီငြမ်း။ ။ မဟာဓမ္မိက ဥပါသကာဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ ပထမတွဲ၊ ၁၈၀-၁၈၆။ ဓမ္မ၊ဋ္ဌ၊၁၊၈၃။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဥပါသကာကြီးကို ဘာကြောင့် မဟာဓမ္မိကဥပါသကာလို့ ခေါ်တာလဲ။
-မဟာဓမ္မိက ဥပါသကာကြီးဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။
-ရောဂါဝေဒနာ ခံစားလာရတဲ့အခါမှာ ဥပါသကာကြီးဟာ သံဃာတော်များထံက ဘာတရားကို နာယူလိုခဲ့သလဲ။
-သံဃာတော်များက ဥပါသကာကြီးအတွက် သတိပဋ္ဌာန် သုတ္တန်ဒေသနာတော်ကို ရွတ်ဖတ်နေစဉ် ဘာတွေ ဖြစ် ပျက်ခဲ့သလဲ။
-ဥပါသကာကြီးက မသေခင်မှာ သားသမီးတွေကို ဘာတွေ မှာကြားခဲ့သလဲ။
-ဥပါသကာကြီးရဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဘယ်လို တရားဟောခဲ့သလဲ။
-နတ်ပြည်ခြောက်ထပ်က နတ်သားတွေက နတ်ရထားခြောက်စီးနဲ့ ဥပါသကာကြီးကို လာခေါ်တာ ဘာကြောင့် လို့ ထင်သလဲ။
-ကုသိုလ်ကောင်းမှုပြုလုပ်သူဟာ ဘယ်လို အကျိုးခံစားရသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဥပါသကာကြီးဟာ လှူဒါန်းပေးကမ်းမှု၊ အကျင့်သီလနဲ့ ပြည့်စုံမှုစတဲ့ ကုသိုလ်ကောင်းမှုတွေကို အမြဲပြုလုပ်တဲ့အတွက် နတ်ပြည်ခြောက်ထပ်က နတ်သားတွေကတောင် လာခေါ်ရတယ်ဆိုတာ သားတို့သမီးတို့ သိခဲ့ရပြီ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ရော ဘယ်လို ကုသိုလ်ကောင်းမှုမျိုးတွေ လုပ်နိုင်မလဲ။ စဉ်းစားပြီး အုပ်စုလိုက် ရေးကြရမယ်”ဟု ပြောပြီး ဆရာက သင်ပုန်းတွင် “ကိုယ်တိုင် ပြုလုပ်နိုင်သော ကုသိုလ်ကောင်းမှုများ”ဟု ခေါင်းစဉ်ကို ရေးပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။ အထက်ပါ အကြောင်းအရာကို အုပ်စုလိုက် ဆွေးနွေးစေ၍ ရရှိသော အချက်များကို စာရွက်လွတ်တွင် ရေးသားစေပြီး ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ပြပါစေ။

֍ အားလုံး ဖတ်ပြပြီးလျှင် အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“အခုဆိုရင် သားတို့သမီးတို့ကိုယ်တိုင်လုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေကို ဖော်ထုတ်ခဲ့ပြီ။ နောက်စာသင်ချိန်မှာတော့ ဘယ်လိုကောင်းမှုမျိုးတွေကို လုပ်ရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတာ ဆွေးနွေးကြမယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

စာသင်ချိန်(၃) အတိုင်း အုပ်စုကို ထားပါ။ အုပ်စုအသီးသီးက ၄င်းတို့ ရေးသားထားသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခြင်းကြောင့် လက်ရှိဘဝတွင် ရနိုင်မည့်အကျိုးနှင့် နောင်ဘဝတွင် ရရှိနိုင်မည့်အကျိုးတို့ကို အောက်ပါပုံစံ အတိုင်း ဆက်လက်ဆွေးနွေး၍ ရေးသားတင်ပြကြပါစေ။ (ကလေးများ ဆွေးနွေးရာတွင် လွယ်ကူမှုရှိစေရန် ဆရာ က အုပ်စုအသီးသီးသို့ လှည့်လည်ကြည့်ရှုပြီး လမ်းကြောင်းပေးသော မေးခွန်းများမေး၍ ကူညီပေးပါ။)

လက်ရှိဘဝတွင် ရနိုင်မည့်အကျိုး နောင်ဘဝတွင် ရနိုင်မည့်အကျိုး

֍ အုပ်စုအားလုံး ဆွေးနွေးပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။ (ကိုယ်စားလှယ်ရွေးချယ်ရာတွင် စာသင် ချိန်(၃)၌ တင်ပြခဲ့သော ကိုယ်စားလှယ်မဟုတ်သည့် အခြားတစ်ဦးကို ရွေးချယ်ရန် ဆရာက အကြံပြုပါ။)

֍ တင်ပြချက်တွင် အောက်ပါအချက်များ မပါလျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပေးပါ။

၁။ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ လျှပ်စစ်မီး လှူခြင်းကြောင့် ရရှိသော အကျိုးများ။
၂။ ငါးပါးသီလ၊ ရှစ်ပါးသီလ စောင့်ထိန်းခြင်းကြောင့် ရရှိသော အကျိုးများ။
၃။ အများအကျိုးအတွက် လုပ်ဆောင်ခြင်းကြောင့် ရရှိသော အကျိုးများ။
၄။ တရားအားထုတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးများ။

֍ နောက်ဆုံးတွင် ဆရာက “ကုသိုလ်ကောင်းမှု ပြုလုပ်သူဟာ လက်ရှိဘဝမှာသာမက နောင်ဘဝမှာပါ ပျော်ရွှင်ဝမ်း မြောက်ရတယ်။ လှူဒါန်းသူရော အလှူခံသူရော နှစ်ဦးလုံး စိတ်ချမ်းသာရတယ်။ ဒါ့ကြောင့် ကုသိုလ်ကောင်းမှုတွေ၊ အများအကျိုးဆောင် လုပ်ငန်းတွေကို စွမ်းနိုင်သလောက် လုပ်သွားကြရမယ်၊ လုပ်ဆောင်သွားနိုင်တဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေ”ဟု ဆုတောင်းပေး၍ သင်ခန်းစာကို အဆုံးသတ်ပါ။