လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ(ကျောင်းသားကိုင်သို့)
348350ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၉။ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

သင်ခန်းစာခေါင်းစဉ်။ ။ လူကောင်းလူတော်ဖြစ်ရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက်။ ။ လူကောင်းလူတော်ဖြစ်ရေးမင်္ဂလာတို့ကို လိုက်နာကျင့်သုံးကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မင်္ဂလာအမည်များ ရေးထားသော မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၆) စု ဖွဲ့ပါ။ ထို့နောက် ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ၊ နေထိုင်ရေး မင်္ဂလာ၊ ပညာရေး မင်္ဂလာ၊ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှု မင်္ဂလာ၊ လူမှုရေး မင်္ဂလာ၊ မကောင်းမှုရှောင် ကောင်းမှုဆောင် မင်္ဂလာ အမည်ပါ မဲလိပ်များကို အုပ်စု (၆) စုအား မဲနှိုက်ကြပါစေ။ မဲကျရာ မင်္ဂလာကဗျာကို အုပ်စုလိုက် ရွတ်ဆိုကြပါစေ။ အုပ်စုတစ်စု ရွတ်ဆိုပြီးတိုင်း ကျန်အုပ်စုများက မင်္ဂလာကဗျာ၏ ခေါင်းစဉ်၊ ပါဝင်သည့် မင်္ဂလာတရား အရေအတွက် နှင့် အမည်များကို ပြောပြကြပါစေ။

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊
မမှီဝဲနှင့် ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

နေထိုင်ရေး မင်္ဂလာ

ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

ပညာရေး မင်္ဂလာ

တတ်ကောင်းတတ်ရာ ဟူသမျှကို၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊
ဆိုရေးတတ်ပါစေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှု မင်္ဂလာ

မြင့်မိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနဲ့မယားကို၊
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင်လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

လူမှုရေး မင်္ဂလာ

သုံးတန်စေတနာ ဖြူစင်လန်းလို့၊
ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုအကျိုး၊
သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

မကောင်းမှုရှောင် ကောင်းမှုဆောင် မင်္ဂလာ

မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊
တရားမမေ့စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

ဆရာသိရန်-

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ သုံးပါး

၁။ လူမိုက်ကို မပေါင်းသင်းခြင်း။
၂။ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။

နေထိုင်ရေး မင်္ဂလာ သုံးပါး

၁။ သင့်လျော်ကောင်းမွန်သော အရပ်တွင် နေထိုင်ခြင်း။
၂။ ရှေးကပြုဖူးသော ကုသိုလ်ကောင်းမှုရှိခြင်း။
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

ပညာရေး မင်္ဂလာ လေးပါး

၁။ အကြားအမြင် ဗဟုသုတများခြင်း။
၂။ တတ်သင့်တတ်ထိုက်သော အတတ်ပညာများ တတ်မြောက်ထားခြင်း။
၃။ ကျင့်ဝတ်တရားများကို လိုက်နာကျင့်သုံးခြင်း။
၄။ မှန်ကန်ယဉ်ကျေးသော စကားကို ပြောဆိုခြင်း၊

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှု မင်္ဂလာ သုံးပါး

၁။ မိဘများကို ကျေးဇူးဆပ်ရခြင်း/မိဘများကို ပြုစုလုပ်ကျွေးရခြင်း။
၂။ သားသမီးဇနီးမယားတို့ကို လုပ်ကိုင်ကျွေးမွေးရခြင်း။
၃။ အပြစ်ကင်းသော (မိမိသူတစ်ပါးကို မထိခိုက်သော) အလုပ်များကို လုပ်ကိုင်ခြင်း။

လူမှုရေး မင်္ဂလာ လေးပါး

၁။ ပေးကမ်းလှူဒါန်းခြင်း၊
၂။ ကောင်းသောအကျင့် မှန်ကန်သောအကျင့်ကို ကျင့်ခြင်း။
၃။ ဆွေမျိုးများအား ကူညီထောက်ပံ့ခြင်း။
၄။ လူအများ အကျိုးရှိစေမည့် ကောင်းသောအလုပ်၊ အပြစ်ကင်းသောအလုပ်များကို လုပ်ဆောင်ခြင်း။

မကောင်းမှုရှောင် ကောင်းမှုဆောင် မင်္ဂလာ လေးပါး

၁။ မကောင်းသော ဒုစရိုက်တရားများကို ကြိုတင်၍ အဝေးက ရှောင်ကြဉ်ခြင်း။
၂။ မကောင်းသော ဒုစရိုက်တရားများကို ရင်ဆိုင်တွေ့သော်လည်း မလုပ်ဘဲ အထူး ရှောင်ကြဉ်ခြင်း။
၃။ အရက်သေစာ၊ မူးယစ်ဆေးဝါးသောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၄။ ကောင်းမှုကုသိုလ်တရားများကို မမေ့မလျော့ သတိတရားရှိခြင်း။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ဟာ မင်္ဂလာတရား ၂၁-ပါးကို သိရှိသွားကြပြီ၊ မှတ်လည်း မှတ်မိသွားပြီဆိုတော့ အခု နောက်ထပ် သိသင့်သိထိုက်တဲ့ မင်္ဂလာတရားတချို့ကို ဒီနေ့ လေ့လာမှတ်သားရမယ်”ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ကျေးဇူးသိတတ်သော မင်းကြီး

ရှေးအခါက ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းဖြစ်ခဲ့၏။ တစ်နေ့တွင် မင်းကြီးသည် နိုင်ငံ၏ အစွန် အဖျားတစ်နေရာ၌ ခိုးဆိုးသောင်းကျန်းနေသော သူခိုးဓားပြတို့ကို နှိမ်နင်းရန် စစ်သည်ဗိုလ်ပါများ ခြံရံလျက် သွားရောက် ခဲ့၏။ အကြောင်းမလှသဖြင့် စစ်ရှုံးပြီး မြင်းစီးကာ တစ်ပါးတည်း ထွက်ပြေးခဲ့ရသည်။

ထိုသို့ထွက်ပြေးရင်း မင်းကြီးသည် ရွာတစ်ရွာသို့ ရောက်သွား၏။ ချပ်ဝတ်တန်ဆာ ဆင်ယင်ထားသော မြင်းကို စီး၍ ဝင်လာသည့် မင်းကြီးကို မြင်ကြသောအခါ ရွာသူရွာသားတို့သည် ကြောက်လန့်၍ မိမိတို့၏ အိမ်ထဲသို့ အသီးသီး ဝင်ပြေးကြသည်။ သို့သော် ရွာသားတစ်ယောက်သည်ကား အိမ်ထဲသို့ ဝင်မပြေးဘဲ မင်းကြီးကို ခရီးဦးကြိုဆို၍ အိမ်သို့ ခေါ်ဆောင်သွား၏။ အိမ်သို့ရောက်သောအခါ ဇနီးသည်ကို ခေါ်၍ “ရှင်မ ... လာပါဦး၊ ဒီမိတ်ဆွေရဲ့ခြေတို့ကို ဆေး ကြောပေးပါဦး”ဟု ပြောပြီး ခြေတို့ကို ဆေးကြောပေးစေသည်။ ထို့နောက် မင်းကြီးကို သူတို့၌ရှိသော အစားအစာတို့ဖြင့် ဧည့်ခံကျွေးမွေး၏၊ အိပ်ရာခင်းပေးပြီး အိပ်စက်အနားယူစေ၏။

မင်းကြီးသည် အလွန်ရိုးသားပြီး မိမိကိုယ်ကို အလွန်နှိမ့်ချတတ်သော ရွာသားဇနီးမောင်နှံ၏ ကျေးဇူးတရားတို့ကို စဉ်းစားနေမိ၏။ ပြန်လည်ကျေးဇူးဆပ်လိုသော ဆန္ဒလည်း ပြင်းပြနေ၏။ ထို့ကြောင့် ထိုအိမ်၌ သုံးလေးရက် အနားယူခဲ့ပြီး အင်အားများ ပြန်လည်ပြည့်ဝလာသောအခါ မင်းကြီးသည် “မိတ်ဆွေ ... ကျွန်ုပ်ဟာ မြင်းစီးကြီး ဖြစ်ပါတယ်၊ အကြောင်းတစ်စုံတစ်ခုနဲ့ မြို့ ကိုလာခဲ့ရင် မြို့ ရဲ့ တောင်ဘက် တံခါးစောင့်ကို မြင်းစီးကြီးအိမ် ဘယ်မှာလဲလို့ မေး လိုက်ပါ၊ သူက မိတ်ဆွေကို ကျွန်ုပ်အိမ်သို့ လိုက်ပို့ပေးပါလိမ့်မယ်”ဟု ပြောခဲ့ပြီး နန်းတော်သို့ ပြန်လာခဲ့သည်။ မင်းကြီးသည် မြို့၏ တောင်တံခါးသို့ ရောက်သောအခါ မြင်းစီးကြီးဟုမေးသော ရွာသားတစ်ယောက်လာခဲ့လျှင် နန်းတော်သို့ လိုက်ပို့ပေးရန် တံခါးစောင့်ကို မှာထားခဲ့သည်။ သို့သော် ရွာသားသည် မြို့ သို့မလာပေ။ မင်းကြီးသည် ရွာသားကို လာစေချင်သောကြောင့် ထိုရွာသား နေထိုင်သောရွာကို အခွန်တောင်း၏။ နှစ်ကြိမ်၊ သုံးကြိမ် အခွန်တောင်းသော်လည်း မလာပေ။

ထိုအခါ ရွာသားတို့သည် “မိတ်ဆွေ ... သင့်ရဲ့ မိတ်ဆွေ မြင်းစီးကြီးလာတဲ့အချိန်ကစပြီး ကျွန်ုပ်တို့ အခွန်နဲ့ နှိပ်စက်ခံနေရတယ်၊ ဒီတော့ သင်မြို့ ကိုသွားပြီး ကျွန်ုပ်တို့ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ သင့်မိတ်ဆွေ မြင်းစီးကြီးအား ပြောပေးပါ”ဟု ထိုရွာသားကို ပြောဆိုကြသည်။ ရွာသားလည်း “ကောင်းပြီ အဆွေတို့၊ ကျွန်ုပ်သွားပါ့မယ်၊ ဒါပေမဲ့ လက်ချည်းဗလာ သွားလို့တော့ မကောင်းဘူး၊ ဒီတော့ ကျွန်ုပ်မိတ်ဆွေရဲ့ မိသားစုအတွက် အဝတ်အစားအချို့ လက်ဆောင်အဖြစ် ယူသွားချင်ပါတယ်”ဟု ပြန်ပြောလိုက်သည်။ ရွာသားတို့လည်း သူ့အလိုကျ စီစဉ်ပေးလိုက်ကြသည်။

ဤသို့ဖြင့် ရွာသားသည် လက်ဆောင်၊ အဝတ်အစား၊ အိမ်လုပ်မုန့်တို့ကို ယူဆောင်၍ မြင်းစီးကြီးနှင့်တွေ့ရန် မြို့ သို့လာခဲ့၏။ မြို့၏တောင်ဘက်တံခါးစောင့်လည်း ရွာသားကို မင်းကြီးထံသို့ လိုက်ပို့ပေးလိုက်၏။ ရွာသားလည်း နန်းတော်ထဲ ရောက်သောအခါမှ သူ့မိတ်ဆွေသည် မင်းကြီးဖြစ်နေမှန်း သိတော့သည်။

မင်းကြီးလည်း ရွာသားကို မြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ နွေးနွေးထွေးထွေး ခရီးဦးကြိုသည်။ ထို့နောက် မင်းကြီးသည် ရွာသားကို ရာဇပလ္လင်၌ နေစေ၍ မိဖုရားကြီးကို ခေါ်ကာ မိတ်ဆွေ၏ ခြေတို့ကို ဆေးကြော စေ၏။ မင်းကြီးကလည်း ရွှေကရားဖြင့် ရေသွန်းလောင်းပေး၏။ ရွာသား ယူလာသော မုန့်တို့ကို ရွှေခွက်ဖြင့် ထည့်၍ ကိုယ်တိုင်လည်း ချက်ချင်းစား၏၊ မိဖုရားကြီးကိုလည်း စားစေ၏။ အဝတ်တန်ဆာတို့ကိုလည်း ကိုယ်တိုင် ချက်ချင်းဝတ်၏၊ မိဖုရားကြီးကိုလည်း ဝတ်စေ၏။ မင်းကြီးသည် ရွာသားကို ဘုရင်မင်းမြတ်တို့သာ စားတော်တည်လေ့ရှိသော ဘောဇဉ်တို့ကို ကျွေးမွေး၏။ နောက်ဆုံးတွင် မင်းစည်းစိမ် တစ်ဝက်ကို ပေး၍ တိုင်းပြည်ကို မင်းနှစ်ပါးဖြင့် အုပ်ချုပ်ကြလေသည်။

မှီငြမ်း။ ။ မဟာအဿာရောဟဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ ဒုတိယတွဲ၊ ၆၆၁-၆၆၇။ ဇာ၊ဋ္ဌ၊၃၊၈။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ မင်းကြီးကို ရွာသားဇနီးမောင်နှံက ဘယ်လို ပြုစုကြသလဲ။
-ရွာသားဇနီးမောင်နှံရဲ့ စိတ်ဓာတ်က ဘယ်လိုရှိသလဲ။
-မင်းကြီးက သူ့ကိုယ်သူ ဘုရင်ပါ ဆိုပြီး ရွာသားဇနီးမောင်နှံကို ပြောခဲ့သလား။ ဘာကြောင့်လဲ။
-မင်းကြီးက ရွာသား မြို့ကိုလာအောင် ဘယ်လို လုပ်ခဲ့သလဲ။ ဘာကြောင့်လဲ။
-မိတ်ဆွေရွာသားတွေက သူ့ကို ဘယ်လိုပြောပြီး အကူညီတောင်းခဲ့သလဲ။ သူက ဘယ်လို ပြန်ပြောခဲ့သလဲ။
-မင်းကြီးဟာ ရွာသားကို ဘယ်လို ကျေးဇူးဆပ်သလဲ။
-မင်းကြီးနေရာမှာ ကလေးတို့ဆိုရင် ဘယ်လို ကျေးဇူးဆပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲက မင်းကြီးက ဘယ်လို လူမျိုးလဲ၊ ဘာကြောင့် သူ့ကို အဲဒီလို လူမျိုးလို့ ပြောနိုင်တာလဲ”ဟူသော မေးခွန်းကို ကလေးများ ဖြေကြပါစေ။ ထို့နောက် ဆရာက “မင်းကြီးလို လူမျိုးဖြစ်အောင် ဘယ်လို ကြိုးစားရမယ်ဆိုတာကို ညွှန်ပြထားတဲ့ ကဗျာတစ်ပုဒ်ကို စုပေါင်းရွတ်ဆိုကြည့်ရအောင်၊ အဲဒီကဗျာကတော့ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာလို့ ခေါ်တယ်”ဟု ပြော၍ ကဗျာကို ရွတ်ဆိုကြပါစေ။

လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊
နာကြား မပြတ်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

֍ ကဗျာပါ အကြောင်းအရာများကို ကလေးများ နားလည်စေရန် အောက်ပါမေးခွန်းများကို မေးပါ။

-အသက်ဂုဏ်ဝါကြီးမားတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ပြောတာလဲ။
-သူတို့ကို ဘယ်လို ဆည်းကပ်ခစားရမလဲ။ (သူတို့နှင့် မကြာခဏ စကားပြောဆိုရမယ်၊ သူတို့ထံက အကြံဉာဏ် ရယူရမယ်၊ သူတို့ရဲ့ ဆုံးမစကားကို နာယူမှတ်သားရမယ်။)
-မာန်မာနဆိုတာ ဘာကို ပြောတာလဲ။ (ငါ သိတယ်၊ ငါ တတ်တယ်၊ ငါက ချမ်းသာတယ် စသည်ဖြင့် ကိုယ့်ကိုယ် ကိုယ် အထင်ကြီးခြင်း၊ ဘဝင်မြင့်ခြင်း)
-လောဘအပို လိုမလိုက်နဲ့ဆိုတာကို ဘယ်လိုနားလည်သလဲ။ (လောဘမကြီးနဲ့)
-ကျေးဇူးသိတတ်ခြင်း ဆိုတာကရော ဘာကို ဆိုလိုတာလဲ။
-ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ ဆိုတာက ဘာကိုပြောတာလဲ။ (အခွင့်အရေးရတိုင်းတရား နာခြင်း)

֍ ထို့နောက် အောက်ပါ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာငါးပါးကို သင်ပုန်းတွင်ရေးပြပြီး ကလေးများ၏ မှတ်စု စာအုပ်တွင် ကူးရေးကြပါစေ။

လူကောင်းလူတော်ဖြစ်ရေးမင်္ဂလာ ငါးပါး

၁။ အသက်ဂုဏ်ဝါကြီးမားသော ပုဂ္ဂိုလ်များကို ရိုသေလေးစားခြင်း။
၂။ မာန်မာနကို နှိမ်ချခြင်း။
၃။ ရသမျှနှင့်သာ ရောင့်ရဲလွယ်ခြင်း။
၄။ ကျေးဇူးသိခြင်း။
၅။ တရားတော်များကို နာကြားခြင်း။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ ... စာသင်ချိန်(၂) မှာ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲက မင်းကြီးဟာ အခု လေ့လာခဲ့တဲ့ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာငါးပါးထဲက ဘယ်အချက်တွေနဲ့ညီသလဲ”ဟု မေးပြီး ကလေးများ နားလည်သည့်အတိုင်း ဖြေဆိုကြပါစေ။ ကလေးများ ဖြေပြီးလျှင် မင်္ဂလာကဗျာကို စုပေါင်းရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “မင်းကြီးရဲ့ လုပ်ဆောင်မှုဟာ လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာငါးပါးထဲက မာန်မာနကို နှိမ့်ချခြင်းနှင့် သူတစ်ပါး ကျေးဇူးကို သိတတ်ခြင်းဆိုတဲ့ မင်္ဂလာနှစ်ပါးနဲ့ ကိုက်ညီတယ်ဆိုတာ သားတို့သမီးတို့ သိခဲ့ကြပြီ”ဟု ပြော၍ စာသင် ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများကို အုပ်စု(၅) စုဖွဲ့ပြီး အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေး၍ စာရွက်လွတ်တွင် ရေးကြပါစေ။

-လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာငါးပါးထဲက ဘယ်မင်္ဂလာတွေကို လက်တွေ့ လုပ်ဆောင်နိုင်သလဲ။ ဘယ်လို လုပ်ဆောင်မှာလဲ။

֍ ဆွေးနွေးထားသောအချက်များကို ကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ ကိုယ်စားလှယ်တစ်ဦး တင်ပြပြီးလျှင် အခြားဖွဲ့များက အကြံပြုလိုသော အချက်များ၊ ဖြည့်စွက်လိုသော အချက်များကို ဖြည့်စွက် ဆွေးနွေးကြပါစေ။ လိုအပ်မှသာ ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

֍ အားလုံးတင်ပြပြီးလျှင် ဆရာက “အခု ဆွေးနွေးတင်ပြခဲ့ကြတဲ့အတိုင်း လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာများကို လက်တွေ့ကျင့်သုံးပြီး လူကောင်းလူတော်လေးတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ”ဟု ဆုတောင်းပေး၍ သင်ခန်းစာကို အဆုံးသတ်ပါ။