အောင်မြင်ရေး မင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁ဝ။ အောင်မြင်ရေး မင်္ဂလာ(ကျောင်းသားကိုင်သို့)
348351ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁ဝ။ အောင်မြင်ရေး မင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

သင်ခန်းစာခေါင်းစဉ်။ ။ အောင်မြင်ရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက်။ ။ အောင်မြင်ရေးမင်္ဂလာတို့ကို လိုက်နာကျင့်သုံးကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... မင်္ဂလာတရား ၂၆-ပါးကို သိပြီးသွားပြီ။ အဲဒီ မင်္ဂလာတရားတွေက ဘာတွေလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ မှတ်မိသလောက် ပြန်ပြောကြပါစေ။

֍ ထို့နောက် သင်ခဲ့ပြီးသော မင်္ဂလာတရားများနှင့် ပတ်သက်၍ ဇာတ်ဝတ္ထုများ၊ အကြောင်းအရာများကို မှတ်မိ သလောက် ဆက်၍ ပြောပြကြပါစေ။ ပြောပြီးလျှင် ဆရာက “အခုတစ်ခါတော့ နောက်ထပ် မင်္ဂလာအသစ် လေးပါးကို လေ့လာရအောင်၊ အဲဒီ လေးပါးကိုတော့ အောင်မြင်ရေးမင်္ဂလာလို့ ခေါ်တယ်”ဟု ပြော၍ ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘယ်လို အကျင့်တွေဟာ အောင်မြင်ရေး မင်္ဂလာတွေ ဖြစ်တယ်ဆိုတာ သိရအောင် နာယူလွယ်က ကောင်းကျိုးရ ဆိုတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ကြမယ်”ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

နာယူလွယ်က ကောင်းကျိုးရ

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၌ သားတော်တစ်ရာ ရှိသည်။ ထိုသားတော်တစ်ရာတို့တွင် အငယ်ဆုံး သားတော်၏ အမည်မှာ သံဝရမင်းသားဖြစ်၏။ မင်းကြီးသည် သားတော် တစ်ရာတို့ကို ပညာရှိ ဆရာကြီးတို့ထံ၌ ပညာသင်ကြားရန် အသီးသီး အပ်နှံထားလေသည်။ ထိုဆရာကြီးများအနက် သံဝရမင်းသား၏ ဆရာသည် ဘုရားအလောင်း ပညာရှိအမတ်ကြီး ဖြစ်သည်။ ဆရာအမတ်ကြီးတို့သည် ပညာသင်ယူပြီးကြသော မင်းသားတို့ကို ဖခင် မင်းကြီးထံ၌ အတတ်ပညာအစွမ်းကို အပြခိုင်းကြသည်။ မင်းကြီးကလည်း ကျေနပ်တော်မူသဖြင့် ထိုသားတော်တို့အား ဇနပုဒ်၊ မြို့ ရွာတို့ကို အပိုင်စား အသီးသီးပေးလိုက်၏။

သံဝရမင်းသားသည်လည်း အတတ်ပညာမျိုးစုံ သင်ယူပြီးသောအခါ ဆရာအမတ်ကြီးကို “ဆရာကြီး အကယ်၍ ကျွန်ုပ်၏ ခမည်းတော်မင်းကြီးက ကျွန်ုပ်အားလည်း ဇနပုဒ်၊ မြို့ ရွာတို့ကို ပေးခဲ့လျှင် မည်သို့ပြုရမည်နည်း”ဟု မေးလေသည်။ ထိုအခါ ဆရာအမတ်ကြီးက “မင်းသား ... ထိုကဲ့သို့ ဇနပုဒ်၊ မြို့ရွာတို့ကိုသာ ပေးလျှင်မယူပါနှင့်၊ပြီးလျှင် ဤသို့ဆက်ပြောပါ၊ ခမည်းတော်မင်းကြီး ... ကျွန်ုပ်သည် အငယ်ဆုံးသား ဖြစ်ပါသည်၊ ကျွန်ုပ်ထွက်သွားမည်ဆိုလျှင် ခမည်းတော်မင်းကြီးအနားမှာ တိတ်ဆိတ်သွားပါလိမ့်မည်၊ ထို့ကြောင့် ခမည်းတော်မင်းကြီး၏ အနားတွင်သာ နေပါရစေဟု လျှောက်တင်ပါ” ဟူ၍ အကြံပြုလိုက်လေသည်။ သံဝရမင်းသားလည်း ဆရာကြီးအကြံပြုသည့်အတိုင်း လျှောက်ထားလေရာ မင်းကြီးက သူ့ကို နေခွင့်ပြုလိုက်သည်။ ဤသို့ဖြင့် သံဝရမင်းသားသည် ခမည်းတော်မင်းကြီးကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း နန်းတွင်းမှာပင် နေထိုင်ခွင့်ရလေသည်။

ကာလအနည်းငယ် ကြာလာသောအခါ သံဝရမင်းသားသည် ဆရာအမတ်ကြီးကို “နောက်ထပ် မည်သို့ဆက် လုပ်ရမည်နည်း”ဟု မေးပြန်ရာ ဆရာကြီးက မင်းကြီး၏ ဥယျာဉ်ဟောင်းတစ်ခုကို တောင်းရန် အကြံပြုလိုက်သည်။ မင်းသားလည်း ဥယျာဉ်ဟောင်းကို တောင်း၍ ထိုဥယျာဉ်မှထွက်သော သစ်သီးဝလံတို့ဖြင့် နန်းတွင်းရှိ အရာထမ်း၊ အမှုထမ်းတို့ကို ပေးကမ်းထောက်ပံ့သည်။ နောက်ပိုင်းတွင်လည်း မင်းသားသည် ဆရာကြီး၏ ညွှန်ကြားချက်များ အတိုင်း ပြည်သူပြည်သားများကို ရိက္ခာဖြန့်ဝေခြင်း၊ အခွန်ဘဏ္ဍာကောက်ခြင်း၊ သံတမန်ဆက်ဆံရေး စသည်တို့ကို အဆင့်ဆင့် တာဝန်ယူလုပ်ဆောင်သည်။ ဤသို့ဖြင့်မင်းသားသည် အပေးအကမ်း ရက်ရောမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ မျှမျှတတ လုပ်ဆောင်မှုတို့ကြောင့် အားလုံး၏ ချစ်ခြင်းမေတ္တာကို ရရှိလာ၏။

တစ်နေ့တွင် မင်းကြီးသည် အသက်အရွယ် အိုမင်းရင့်ရော်ပြီဖြစ်၍ ရောဂါဝေဒနာစွဲကပ်ကာ ညောင်စောင်း ပေါ်တွင် လဲလျောင်းနေရသည်။ ထိုအချိန်တွင် အမတ်ကြီးတို့က “အရှင်မင်းကြီး အရှင်မင်းကြီး လွန်တော်မူသောအခါ မည်သည့်သားတော်ကို ထီးနန်းလွှဲအပ်ခဲ့မည်နည်း” ဟု မေးမြန်းလေသည်။ ထိုအခါ မင်းကြီးက “သားတော် အားလုံးတို့သည် ငါ၏ ထီးနန်းကို ရထိုက်ကြသည်သာ ဖြစ်သည်၊ သို့သော် အမတ်ကြီးတို့၏ စိတ်ကိုကျေနပ်အောင် လုပ်ဆောင် ပေးနိုင်သော သားတော်ကိုသာ ထီးနန်းလွှဲအပ်ပေးလိုက်ပါ”ဟု မှာကြား၍ နတ်ရွာစံသွားလေသည်။ ဤသို့ဖြင့် အမတ်ကြီးတို့၏ စိတ်ကို ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်သော သံဝရမင်းသား ဘုရင်ဖြစ်လာ၏။

ထိုအကြောင်းကို နောင်တော်မင်းသား ၉၉-ယောက်တို့ သိရှိသွားသောအခါ မကျေမနပ်ဖြစ်ပြီး ထီးနန်းကို လုယူ ရန် ရောက်လာကြသည်။ ဤအခါ၌လည်း သံဝရဘုရင်သည် ဆရာအမတ်ကြီးကို တိုင်ပင်သည်။ ဆရာကြီး အကြံပေးသည့်အတိုင်း နောင်တော်မင်းသားတို့နှင့် စစ်ပြိုင်မထိုးဘဲ သူတို့ ရထိုက်သောဥစ္စာစုတို့ကို အသီးသီး ခွဲပေးလိုက်သည်။

ထိုအခါ အစ်ကိုအကြီးဆုံး ဥပေါသထမင်းသားက “ညီတော်တို့ ... ငါတို့၏ ညီထွေး သံဝရမင်းသားက ငါတို့ကို ရန်သူအဖြစ်ဖြင့် ပြန်၍ မခုခံမတိုက်ခိုက်ပေ၊ ငါတို့ရထိုက်သော ဥစ္စာစုကိုလည်း ပေးလိုက်၏၊ ငါတို့လည်း တစ်ချိန်တည်း မင်းလုပ်ကြရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် ညီထွေးသံဝရမင်းသားကိုသာ ဆက်လက် မင်းလုပ်ခွင့် ပေးလိုက်ကြပါစို့”ဟု အကြံပြုပြောဆိုလိုက်ရာ ကျန်မင်းသားအားလုံးတို့ကလည်း လက်ခံသွားကြပြီး သံဝရမင်းသားကို မင်းအဖြစ် အသိ အမှတ်ပြုကာ သူတို့ အပိုင်စားရသော နေရာအသီးသီးသို့ ပြန်သွားကြလေတော့သည်။

မှီငြမ်း။ ။ သံဝရဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၈၁၅-၈၂၅။ ဇာ၊ဋ္ဌ၊၄၊၁၃၃။

֍ အောက်ပါမေးခွန်းများ မေးပါ။

-ဗြဟ္မဒတ်မင်းကြီးမှာ သားတော် ဘယ်နှပါး ရှိသလဲ။
-သံဝရမင်းသားရဲ့ ဆရာက ဘယ်သူလဲ။
-ပညာရှိအမတ်ကြီးက သံဝရမင်းသားကို ပထမဆုံး ဘယ်လို အကြံပေးခဲ့သလဲ။ ဘာကြောင့်လဲ။
-ပညာရှိအမတ်ကြီးက သံဝရမင်းသားကို အဲဒီလို အကြံကို ဘာကြောင့် ပေးခဲ့တာလဲ။
-သံဝရမင်းသားဟာ ဘာကြောင့် အများရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့တာလဲ။
-ဘုရင်ကြီး နတ်ရွာမစံမီ အမတ်ကြီးတွေက ဘယ်သူ့ကို ထီးနန်းလွှဲအပ်ခဲ့မလဲဟု လျှောက်တင်တဲ့အခါ ဘုရင်ကြီး က ဘယ်လို မိန့်သလဲ။
-သံဝရမင်းသားကို နောင်တော်မင်းသားအားလုံးက မင်းအဖြစ် အသိမှတ်ပြုကြတာ ဘာကြောင့်လို့ ထင်သလဲ။ ဘုရင်ဖြစ်လာပြီးနောက် -နောင်တော်မင်းသားများ ထီးနန်းကို လုယူရန် ရောက်လာကြတဲ့အခါ သံဝရမင်းသားက ဘာလုပ်ခဲ့သလဲ။
-အစ်ကိုအကြီးဆုံး ဥပေါသထမင်းသားက သူ့ရဲ့ ညီတော် မင်းသားတွေကို ဘယ်လိုဆုံးမခဲ့သလဲ။ ဒီဇာတ်လမ်းထဲက သံဝရမင်းသားဟာ -ညီအငယ်ဆုံးဖြစ်ပေမဲ့ ဘာကြောင့် ဘုရင်ဖြစ်လာတာလဲ။ (နာယူလွယ်သည့်အတွက်)
-သားတို့သမီးတို့ရော အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ ဘယ်သူ့ကို တိုင်ပင်သင့်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ အောင်မြင်ရေး မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲမှာ သံဝရမင်းသားဟာ ဘာကြောင့် ဘုရင်အဖြစ်ကို ရရှိခဲ့တာလဲဆိုတာ သိခဲ့ရပြီ၊ သားတို့သမီးတို့ဘဝမှာလည်း အောင်မြင်မှုတွေ ရရှိအောင် ဘယ်လိုကြိုးစားရမယ်ဆိုတာကို လမ်းညွှန် ထားတဲ့ အောင်မြင်ရေးမင်္ဂလာလေးပါးကို အခု လေ့လာကြည့်ရအောင်၊ ကဗျာလေးကို အရင်ဆုံး ဆိုကြည့်ကြမယ်” ဟု ပြော၍ အောက်ပါကဗျာကို စုပေါင်းရွတ်ဆိုကြပါစေ။

အောင်မြင်ရေးမင်္ဂလာ

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊
စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့ မင်္ဂလာတွေ။

֍ ကဗျာ ရွတ်ဆိုပြီးလျှင် ကဗျာအဓိပ္ပာယ်ကို ကလေးများ နားလည်သည့်အတိုင်း ရှင်းပြကြပါစေ။ ကဗျာပါ အကြောင်းအရာများကို ကလေးများ နားလည်စေရန် အောက်ပါမေးခွန်းများကို မေးပါ။

-စိတ်ကိုချုပ်ထိန်း သည်းခံခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ။ (အရာရာကို လွန်လွန်ကဲကဲ မလုပ်ဘဲ၊ မသုံးဘဲ၊ ချင့်ချင့်ချိန်ချိန် လုပ်ကိုင်ခြင်း၊ သုံးစွဲခြင်း၊ အမျက်ဒေါသကို ထိန်းချုပ်ခြင်း ... စသည်)
-သူမြတ်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ။ (ပညာတတ်တဲ့သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ၊ ရဟန်းတော်များ ... စသည်)
-သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ ဆိုတာက ဘာပြောတာလဲ။ (ရုပ်၊ နာမ် သဘာဝတွေနဲ့ ပတ် သက်၍ မှန်မှန်ကန်ကန် ယူဆတတ်ရန် သင့်လျော်တဲ့အခါ တရားဆွေးနွေးရမယ်။)

֍ ထို့နောက် အောက်ပါ အောင်မြင်ရေးမင်္ဂလာလေးပါးကို သင်ပုန်းတွင်ရေးပြပြီး ကလေးများ၏ မှတ်စုစာအုပ်တွင် ကူးရေးကြပါစေ။

အောင်မြင်ရေးမင်္ဂလာ လေးပါး

၁။ သည်းခံတတ်ခြင်း။
၂။ ဆုံးမစကားကို နာခံသောသူ ဖြစ်ခြင်း။
၃။ ရဟန်းတော် (ပညာရှိသူတော်ကောင်း)တို့ကို ဖူးမြင်တွေ့ဆုံရခြင်း။
၄။ ပညာရှိတို့နှင့် တရားဓမ္မ ဆွေးနွေးတိုင်ပင်ခြင်း။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဇာတ်လမ်းထဲက သံဝရမင်းသားဟာ ဆရာကြီးရဲ့ လမ်းညွှန်မှုတွေကို လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် ကောင်း ကျိုးတွေ အများကြီးရရှိသွားတာကို သိခဲ့ကြပြီ”ဟု ပြောကာ အောက်ပါမေးခွန်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-သံဝရမင်းသားလေးဟာ အောင်မြင်ရေးမင်္ဂလာလေးပါးထဲက ဘယ်အချက်တွေနဲ့အညီ နေထိုင်ဆောင်ရွက်ခဲ့လို့ ကောင်းကျိုးတွေ ရရှိသွားတာလဲ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။ အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေးပြီး ကိုယ်စားလှယ် တစ်ဦးစီက တင်ပြပါစေ။

-အောင်မြင်ရေးမင်္ဂလာ လေးပါးကို သားတို့သမီးတို့ကိုယ်တိုင်ရော ကျင့်သုံးလို့ရသလား။ ဘယ်လို ကျင့်သုံးမလဲ။
-အဲဒီလို ကျင့်သုံးရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ။

֍ အုပ်စုကိုယ်စားလှယ်အားလုံး တင်ပြပြီးလျှင် အောင်မြင်ရေးမင်္ဂလာကဗျာကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။