ဗုဒ္ဓဘာသာနိုင်ငံများ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ ဗုဒ္ဓဘာသာနိုင်ငံများ(ကျောင်းသားကိုင်သို့)
348352ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၁။ ဗုဒ္ဓဘာသာနိုင်ငံများ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

သင်ခန်းစာခေါင်းစဉ်။ ။ ဗုဒ္ဓဘာသာနိုင်ငံများ

သင်ယူမှုဦးတည်ချက်။ ။ မိမိကိုးကွယ်သည့် ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့ နေတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ။
-နောက်ထပ် ဘယ်နိုင်ငံတွေ သိသေးလဲ။ သိသလောက် ပြောပြပါ။ (ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာကစ္စ တန်၊ ရုရှား၊ တူရကီ၊ ဂရိ၊ ဘူတန်၊ တိဗက်၊ မွန်ဂိုလီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများ ပါဝင်စေရန် ဆရာက လမ်းကြောင်း ပေးပါ။)
-သားတို့သမီးတို့ကိုးကွယ်နေတာ ဘယ်ဘာသာလဲ။ (ဗုဒ္ဓဘာသာ)
-ဗုဒ္ဓဘာသာဆိုတာ ဘာကို ပြောတာလဲ။ (ဗုဒ္ဓ = ဘုရား၊ ဘာသာ = ဟောတဲ့တရား၊ ဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရား ဟောတဲ့တရားကို လိုက်နာကျင့်သုံးတဲ့ ဘာသာ)
-ဗုဒ္ဓဘာသာကို ဆရာ/ဆရာမတို့ မြန်မာနိုင်ငံတစ်ခုတည်းက ကိုးကွယ်တာလား။ အခြား ဘယ်နိုင်ငံတွေကရော ကိုးကွယ်ကြသေးလဲ။ သိသလောက် ပြောပြကြပါစေ။
-အရင်က ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ပြီး အခု ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတဲ့ နိုင်ငံတွေကိုရော သိကြသလား။ ဘယ်နိုင်ငံတွေလဲ။

֍ ထို့နောက် ဆရာက “နောက်တစ်ချိန်ကျရင် ဗုဒ္ဓဘာသာ ကိုးကွယ်နေဆဲ နိုင်ငံတွေနဲ့ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွား တဲ့ နိုင်ငံတွေအကြောင်းကို ပြောပြမယ်” စသည်ဖြင့်ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဗုဒ္ဓဘာသာနိုင်ငံများ အကြောင်းနှင့် သရုပ်ဖော်ပုံများ၊ ကမ္ဘာ့မြေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ဗုဒ္ဓဘာသာနိုင်ငံများ အကြောင်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။ နားမလည်သော စကားလုံးများကို ကလေးများအား မှတ်သားထားစေပြီး ထိုစကားလုံးများကို ဆရာက ရှင်းပြပါ။

ဗုဒ္ဓဘာသာနိုင်ငံများ

ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ ခန့်က အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် စတင်ပေါ်ထွန်းခဲ့ပြီး အိန္ဒိယနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိပြန့်ပွားသွားခဲ့သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး ဘီစီ ၃၀၈တွင် အိန္ဒိယဘုရင် အသောက မင်းကြီးက ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့သည်။ အသောကမင်းကြီး၏ ကျေးဇူးကြောင့် ဗုဒ္ဓ သာသနာတော်သည် အနောက်ဘက်တွင် ဂန္ဓာရတိုင်းခေါ် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ခိုတန်ခေါ် တာကစ္စတန်နှင့် ယောနကတိုင်းခေါ်သော တူရကီ၊ ဂရိနိုင်ငံများအထိ ပျံ့ နှံ့ထွန်းကားခဲ့၏။ မြောက်ဘက်တွင် ဘူတန်၊ တိဗက်၊ မွန်ဂို လီးယားနှင့် ရုရှားနိုင်ငံတို့အထိ ပျံ့နှံ့ခဲ့၍ ယခုတိုင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အရှေ့ဘက်တွင် သုဝဏ္ဏဘူမိ ခေါ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများနှင့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် နိုင်ငံတို့အထိ ပျံ့နှံ့ခဲ့ပြီး နိုင်ငံအများအပြား၌ ယနေ့ထက်တိုင် ဗုဒ္ဓသာသနာ ခိုင်မာစွာ တည်တံ့လျက်ရှိသည်။

ယခုအခါ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာကစ္စတန်၊ တူရကီ၊ ဂရိနိုင်ငံတို့၌ စစ်မက်ဖြစ်ပွားမှုများနှင့် အခြား ဘာသာများ၏ လွှမ်းမိုးမှုတို့ကြောင့် ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ပါကစ္စတန် ဆွတ်တောင်ကြားဒေသ (Swat Valley)၊ အာဖဂန်နစ္စတန် ဘာမီယန်ဒေသ (Bamiyan) နှင့် မက်စ်အနက်ခ်ဒေသ (Mes Aynak)တို့၌ ရဟန်းတော်များ သီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော်ရာဟောင်းများ၊ စေတီပုထိုးများနှင့် ထိုင်တော်မူ၊ ရပ်တော်မူ၊ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုးကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ယနေ့ ထက်တိုင် ဖူးတွေ့နိုင်ပါသေးသည်။

ဗုဒ္ဓဘာသာတွင် ယေဘုယျအားဖြင့် ထေရဝါဒနှင့် မဟာယာနဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိသည်။ သီရိ လင်္ကာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ၏။ မဟာယာန ဗုဒ္ဓဘာသာကိုမူ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်ဝမ် အစရှိသော အရှေ့အာရှနိုင်ငံများ၌ ယုံကြည်ကိုးကွယ်ကြ၏။ မဟာယာန၏ ဂိုဏ်းခွဲဖြစ်သော ဝဇီရာယာနဗုဒ္ဓဘာသာကို တိဗက်၊ ဘူတန် နှင့် မွန်ဂိုလီးယားတို့တွင် အဓိက ကိုးကွယ်ကြ၍ တရုတ်နှင့် ရုရှားနိုင်ငံတို့တွင် အနည်းငယ်တွေ့ရသည်။

ဗုဒ္ဓဘာသာကို အဓိကအားဖြင့် အာရှတိုက်တွင် ကိုးကွယ်ကျင့်သုံးကြသော်လည်း ယခုအခါ ကမ္ဘာအနှံ့တွင် ကိုးကွယ်နေသည်ကို တွေ့နေရပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်ဦးရေသည် ခန့်မှန်းခြေအားဖြင့် သန်း ၁၆၀၀ ခန့်အထိရှိ၍ သန်း ၅၅၀ ခန့်သည် ဗုဒ္ဓဘာသာကို အခိုင်အမာ ယုံကြည်လက်ခံကြသည်။ ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် လူအများ၏ စိတ်ဝင်စားမှုကို အများဆုံးရရှိကာ လျင်မြန်စွာ တိုးတက် ပြန့်ပွားလျက်ရှိသည်။

ခက်ဆစ်အဖွင့်

ဘီစီ = ခရစ်တော် မပေါ်မီကာလကို ရေတွက်သည့် နှစ်။ B.C (Before Christ)
ထေရဝါဒ = အရှင်မဟာကဿပစသော မထေရ်ကြီးတို့ အစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော ဗုဒ္ဓဘာသာ
မဟာယာန = လူသားတိုင်း ဘုရားဖြစ်အောင်ကျင့်ရမည်ဟု ယူဆသော ဗုဒ္ဓဘာသာဂိုဏ်းတစ်မျိုး (မြောက်ပိုင်း ဗုဒ္ဓဘာသာဟုလည်းခေါ်သည်)

မှီငြမ်း။ ။ http://en.wikipedia.org/wiki/Buddhism ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး၊ မောင်အံ့၊

֍ အောက်ပါမေးခွန်းများကို မေး၍ အဖြေများကို ကလေးများကိုယ်တိုင် မြေပုံတွင် ထောက်ပြပြီး ဖြေဆိုကြပါစေ။

-ဗုဒ္ဓဘာသာဟာ ဘယ်တုန်းက စတင်ပေါ်ပေါက်ခဲ့သလဲ။ ဘယ်နေရာမှာလဲ။
-ဘယ်အချိန်မှာ ဗုဒ္ဓဘာသာဟာ ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့သလဲ။
-ဘယ်နိုင်ငံတွေအထိ ထွန်းကားပြန့်ပွားခဲ့သလဲ။
-အခု ဘယ်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားခဲ့ပြီလဲ။ ဘာကြောင့်လဲ။
-လက်ရှိ ဘယ်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားနေသလဲ။
-ဗုဒ္ဓဘာသာမှာ အဓိက ဂိုဏ်းကြီး နှစ်ဂိုဏ်းက ဘာတွေလဲ။
-ကမ္ဘာမှာ ဗုဒ္ဓဘာသာကို ခိုင်ခိုင်မာမာ လက်ခံထားတဲ့ ဦးရေ ဘယ်လောက်ရှိလဲ။
-ယနေ့ကမ္ဘာမှာ ဗုဒ္ဓဘာသာအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုက ဘယ်လိုရှိသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ကမ္ဘာ့မြေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

֍ ထို့နောက် ဆရာက “အခု သားတို့၊ သမီးတို့ဆီမှာရှိနေတဲ့ ကျောင်းသားကိုင်စာအုပ်ထဲက အာရှတိုက် မြေပုံထဲမှာ မြန်မာနိုင်ငံကို ရှာကြမယ်။ ဆရာ/မက တစ်ဖွဲ့ချင်းစီကို လိုက်ကြည့်မယ်” စသည်ဖြင့် ပြောကာ အုပ်စုလိုက် ရှာကြ ပါစေ။

֍ ပြီးနောက် ဆရာက “ဗုဒ္ဓဘာသာကို လက်ရှိကိုးကွယ်နေတဲ့ နိုင်ငံတွေနဲ့ ကွယ်ပျောက်သွားတဲ့ နိုင်ငံတွေကို မြေပုံ ပေါ်မှာ ရှာကြည့်ကြမယ်၊ ရှာကြည့်ပြီးတော့ ကလေးတို့ မှတ်စုထဲမှာ ခွဲရေးထားကြပါ”ဟု ပြော၍ ကလေးများ၏၏ မှတ်စုစာအုပ်တွင် ရေးထားသည်များကို လိုက်လံကြည့်ပါ။

֍ နောက်ဆုံးတွင် ဆရာက “စစ်မက်ဖြစ်ပွားမှုများနှင့် အခြားဘာသာများ၏ လွှမ်းမိုးမှုတို့ကြောင့် နိုင်ငံအချို့မှာ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်သွားခဲ့ရခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာမပျောက်ကွယ်ဖို့ သားတို့သမီးတို့ကိုယ်တိုင် ဘာတွေ လုပ်ဆောင်နိုင်မလဲဆိုတာ နောက်စာသင်ချိန်မှာ ဆက်လက်ဆွေးနွေးကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ “နိုင်ငံအချို့မှာ ဗုဒ္ဓဘာသာ ဘာကြောင့် ပျောက်ကွယ်သွားတယ်ဆိုတာ သားတို့သမီးတို့ သိခဲ့ကြပြီ။ ဒီတော့ မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာ မပျောက်ကွယ်အောင် သားတို့သမီးတို့အနေနဲ့ ဘာတွေ လုပ်ဆောင်သွားကြမလဲ” စသည်ဖြင့် မေးကာ အဖြေများကို စာရွက်လွတ်တွင် ရေးကြပါစေ။ (မျှော်မှန်းအဖြေ = ဓမ္မစကူးလ်တက်မယ်၊ ဗုဒ္ဓစာပေ လေ့လာ မယ်၊ အခြားသူများကို ပြန်ပြောပြမယ်၊ ဗုဒ္ဓဘာသာစာအုပ်များကို လှူဒါန်းမယ်၊ စာသင်သား သံဃာတော်များကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူဒါန်းမယ်... စသည်)

֍ ထို့နောက် ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။ အုပ်စုတိုင်းက မိမိတို့အဖွဲ့ဝင်များအားလုံး ရေးသားထားသည်များကို စုကြပါစေ။ စုဆောင်းထားသော အချက်အလက်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ (မတူသည့်အချက်များကိုသာ ကျန်အုပ်စုများက တင်ပြကြပါစေ။)

֍ နောက်ဆုံးတွင် ဆရာက ကလေးများ၏ အဖြေများကို နားထောင်ပြီး သင်ယူမှုဦးတည်ချက် ရောက်အောင် အနှစ် ချုပ်ပေးပါ။