ဗုဒ္ဓဘာသာနိုင်ငံများ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ ဗုဒ္ဓဘာသာနိုင်ငံများ
344846ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁၁။ ဗုဒ္ဓဘာသာနိုင်ငံများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁) ဗုဒ္ဓဘာသာနိုင်ငံများ[edit]

ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ ခန့်က အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် စတင်ပေါ်ထွန်းခဲ့ပြီး အိန္ဒိယနိုင်ငံအနှံ့အပြားသို့ ရောက်ရှိပြန့်ပွားသွားခဲ့သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး ဘီစီ ၃ဝ၈ တွင် အိန္ဒိယဘုရင် အသောကမင်းကြီးက ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ် ခဲ့သည်။

အသောကမင်းကြီး၏ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာတော်သည် အနောက်ဘက်တွင် ဂန္ဓာရတိုင်းခေါ် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ခိုတန်ခေါ် တာကစ္စတန်နှင့် ယောနကတိုင်းခေါ်သော တူရကီ၊ ဂရိနိုင်ငံများအထိ ပျံ့နှံ့ထွန်းကားခဲ့၏။ မြောက်ဘက်တွင် ဘူတန်၊ တိဗက်၊ မွန်ဂိုလီးယားနှင့် ရုရှားနိုင်ငံတို့အထိ ပျံ့နှံ့ခဲ့၍ ယခုတိုင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အရှေ့ဘက်တွင် သုဝဏ္ဏဘူမိ ခေါ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများနှင့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံတို့အထိ ပျံ့နှံ့ခဲ့ပြီး နိုင်ငံအများအပြား၌ ယနေ့ထက်တိုင် ဗုဒ္ဓသာသနာ ခိုင်မာစွာ တည်တံ့လျက်ရှိသည်။

ယခုအခါ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာကစ္စတန်၊ တူရကီ၊ ဂရိနိုင်ငံတို့၌ စစ်မက် ဖြစ်ပွားမှုများနှင့် အခြားဘာသာများ၏ လွှမ်းမိုးမှုတို့ကြောင့် ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွား ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပါကစ္စတန် ဆွတ်တောင်ကြားဒေသ (Swat Valley)၊ အာဖဂန်နစ္စတန် ဘာမီယန်ဒေသ ( Bamiyan) နှင့် မက်စ်အနက်ခ်ဒေသ (Mes Aynak) တို့၌ ရဟန်းတော်များ သီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော်ရာဟောင်းများ၊ စေတီပုထိုးများနှင့် ထိုင်တော်မူ၊ ရပ်တော်မူ၊ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုးကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ယနေ့ထက်တိုင် ဖူးတွေ့နိုင်ပါသေးသည်။

ဗုဒ္ဓဘာသာတွင် ယေဘုယျအားဖြင့် ထေရဝါဒနှင့် မဟာယာနဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိသည်။ သီရိလင်္ကာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ၏။ မဟာယာန ဗုဒ္ဓဘာသာကိုမူ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်ဝမ် အစရှိသော အရှေ့အာရှနိုင်ငံများ၌ ယုံကြည်ကိုးကွယ် ကြ၏။ မဟာယာန၏ ဂိုဏ်းခွဲဖြစ်သော ဝဇီရာယာနဗုဒ္ဓဘာသာကို တိဗက်၊ ဘူတန်နှင့် မွန်ဂိုလီးယား တို့တွင် အဓိကကိုးကွယ်ကြ၍ တရုတ်နှင့် ရုရှားနိုင်ငံတို့တွင် အနည်းငယ် တွေ့ရသည်။

ဗုဒ္ဓဘာသာကို အဓိကအားဖြင့် အာရှတိုက်တွင် ကိုးကွယ်ကျင့်သုံးကြသော်လည်း ယခုအခါ ကမ္ဘာအနှံ့တွင် ကိုးကွယ်နေကြသည်ကို တွေ့နေရပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်ဦးရေ သည်ခန့်မှန်းခြေအားဖြင့် သန်း ၁၆ဝဝ ခန့်အထိ ရှိ၍ သန်း ၅၅ဝ ခန့်သည် ဗုဒ္ဓဘာသာကို အခိုင်အမာ ယုံကြည်လက်ခံကြသည်။ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် လူအများ၏ စိတ်ဝင်စားမှုကို အများဆုံး ရရှိကာ လျင်မြန်စွာ တိုးတက်ပြန့်ပွားလျက်ရှိသည်။