သီလဝတီ မိဖုရား

From Wikisource
Jump to navigation Jump to search
344847ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁၂။ သီလဝတီ မိဖုရားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂) သီလဝတီမိဖုရား[edit]

သီဟိုဠ်ကျွန်း အနုရာဓမြို့၌ မဟာလိအမည်ရှိ ဘာသာခြားဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်ခဲ့၏။ မဟာလိဘုရင်သည် အလွန်ချောမောလှပသော သီလဝတီမိဖုရားကို မိဖုရားကြီးအရာ၌ ထား၏။ သို့ သော် သီလဝတီမိဖုရားကြီးသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ မိဖုရားကြီးသည် ဘာသာခြားဘုရင်၏ ကြင်ရာတော် ဖြစ်သော်လည်း ရဟန်းသံဃာတော်တို့အား အမြဲမပြတ် ဆည်းကပ် ကိုးကွယ်လှူဒါန်း လေ့ရှိ၏။ မိဖုရားကြီးသီလဝတီကို ကာလဒေဝီ အမည်ရှိ မိဖုရားငယ်က မနာလိုဝန်တို ဖြစ်နေ၏။ တစ်နေ့ တွင် ကာလဒေဝီမိဖုရားက “သီလဝတီ မိဖုရားကြီးသည် ဘုန်းတော်ကြီးများနှင့် ပေါင်း၍ ထီးနန်းလုဖို့ ကြံစည်နေပါသည်” ဟု မဟာလိဘုရင်ကို ကုန်းချောလေသည်။

မဟာလိဘုရင်သည် မိဖုရားငယ်၏ စကားကို ယုံစားပြီး သီလဝတီမိဖုရားကြီးကို သုသာန်ထုတ် မီးရှို့ သတ်ရန်အမိန့်ချမှတ်လေသည်။ အမိန့်ချမှတ်ချိန်မှစ၍ မိဖုရားကြီးသည် သူပြုခဲ့ဖူးသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတို့ကို ဆင်ခြင်အောက်မေ့နေလေရာ မီးရှို့သောအခါ ရေဖြင့် လောင်းလိုက်သကဲ့သို့ သုံးကြိမ်တိုင်တိုင် မီးငြိမ်းသွားလေ၏။ မဟာလိဘုရင်လည်း အံ့သြတုန်လှုပ် သွားပြီး မိဖုရားကြီးကို ရှိခိုးကန်တော့၍ သူ့အမှားကို ဝန်ချတောင်းပန်လေသည်။ ထို့ပြင် မိဖုရားကြီး စိတ်တိုင်းကျ အလှူဒါနများ ပြုနိုင်ရန် ဘဏ္ဍာတိုက်ကိုလည်း ဖွင့်ပေးလေသည်။ သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာခဲ့ပြီး ဒါန၊ သီလစသော ကုသိုလ်ကောင်းမှုတို့ကို အမြဲမပြတ် ပြုလုပ်ဆောင်ရွက် လေတော့သည်။