သီလဝတီ မိဖုရား (ဆရာ)

From Wikisource
Jump to navigation Jump to search
348353ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၂။ သီလဝတီ မိဖုရား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

သင်ခန်းစာခေါင်းစဉ်။ ။ သီလဝတီမိဖုရား

သင်ယူမှုဦးတည်ချက်။ ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရသည်ကို ဂုဏ်ယူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ရတနာသုံးပါး တို့အားထား ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ကို ဒုတိယတန်းတုန်းက ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို အလွန်ကြည်ညိုတဲ့ မင်းသမီးလေးတစ်ပါး အကြောင်း ပြောပြခဲ့ဖူးတယ်၊ မှတ်မိကြသေးလား၊ ပြောပြပါဦး”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ မှတ်မိသောကလေးများ ပြောပြကြပါစေ။

֍ ကလေးများ မမှတ်မိလျှင် ဆရာက ဒုတိယတန်း၊ သင်ခန်းစာ (၁၅)တွင် သင်ခဲ့သော မွန်မင်းသမီးလေး တလထော် အကြောင်းကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ ပြီးလျှင် ထိုသင်ခန်းစာတွင် ရွတ်ဆိုခဲ့သော အောက်ပါကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

ရတနာသုံးပါး တို့အားထား

ဘုရား၊ တရား၊ မြတ်သံဃာ
ဦးထိပ်ပန်ဆင်ကာ။
ရိုသေစွာ မြတ်နိုးလို့
တို့တစ်တွေ ဆည်းကပ်စို့။
ဆည်းကပ်ကြတဲ့ တို့တစ်တွေ
ကောင်းကျိုးများလှပေ။
အန္တရာယ်တွေ ကင်းစေသည့်
သရဏဂုံ ရွတ်ဆိုကြည့်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

֍ ကဗျာ၏ အဓိပ္ပာယ်ကို ကလေးများ နားလည်သလို ပြောဆိုပါစေ။

֍ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ သီလဝတီ မိဖုရားဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့၊ သမီးတို့ ...တလထော်လိုပဲ မိဖုရားတစ်ပါး ရှိသေးတယ်။ ဘယ်သူလဲ၊ သိကြလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ “အခု အဲဒီမိဖုရားအကြောင်းကို သားတို့သမီးတို့ကိုယ်တိုင် ဖတ်ကြရမယ်၊ ဖတ်ပြီးတော့ သေသေချာချာ မှတ်ထားပြီး ဆရာတို့ ပြန်ပြီးဆွေးနွေးကြမယ်”

သီလဝတီမိဖုရား

သီဟိုဠ်ကျွန်း အနုရာဓမြို့၌ မဟာလိအမည်ရှိ ဘာသာခြားဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်ခဲ့၏။ မဟာလိဘုရင်သည် အလွန်ချောမောလှပသော သီလဝတီမိဖုရားကို မိဖုရားကြီးအရာ၌ထား၏။ သို့သော် သီလဝတီမိဖုရားကြီးသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ မိဖုရားကြီးသည် ဘာသာခြားဘုရင်၏ ကြင်ရာတော်ဖြစ်သော်လည်း ရဟန်းသံဃာတော်တို့အား အမြဲမပြတ် ဆည်းကပ်ကိုးကွယ် လှူဒါန်းလေ့ရှိ၏။

မိဖုရားကြီးသီလဝတီကို ကာလဒေဝီ အမည်ရှိ မိဖုရားငယ်က မနာလိုဝန်တို ဖြစ်နေ၏။ တစ်နေ့တွင် ကာလ ဒေဝီမိဖုရားက “သီလဝတီ မိဖုရားကြီးသည် ဘုန်းတော်ကြီးများနှင့် ပေါင်း၍ ထီးနန်းလုဖို့ ကြံစည်နေပါသည်”ဟု မဟာ လိဘုရင်ကို ကုန်းချောလေသည်။

မဟာလိဘုရင်သည် မိဖုရားငယ်၏ စကားကို ယုံစားပြီး သီလဝတီမိဖုရားကြီးကို သုသာန်ထုတ် မီးရှို့ သတ်ရန် အမိန့်ချမှတ်လေသည်။ အမိန့်ချမှတ်ချိန်မှစ၍ မိဖုရားကြီးသည် သူပြုခဲ့ဖူးသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ကောင်းမှုတို့ကို ဆင်ခြင်အောက်မေ့ နေလေရာ မီးရှို့သောအခါ ရေဖြင့်လောင်းလိုက်သကဲ့သို့ သုံးကြိမ်တိုင်တိုင် မီးငြိမ်းလေ၏။ မဟာလိဘုရင်လည်းအံ့ဩတုန်လှုပ်သွားပြီး မိဖုရားကြီးကို ရှိခိုးကန်တော့၍ သူ့အမှားကို ဝန်ချတောင်းပန်လေသည်။ ထို့ပြင် မိဖုရားကြီး စိတ်တိုင်းကျ အလှူဒါနများ ပြုနိုင်ရန် ဘဏ္ဍာတိုက်ကိုလည်း ဖွင့်ပေးလေသည်။ သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာခဲ့ပြီး ဒါန၊ သီလစသော ကုသိုလ်ကောင်းမှုတို့ကို အမြဲမပြတ် ပြုလုပ်ဆောင်ရွက်လေတော့သည်။

မှီငြမ်း။ ။ သီလဝတီမိဖုရား၊ မြန်မာ့ယဉ်ကျေးမှုအခြေခံသော လူမှုဖွံ့ဖြိုးရေးအမြင်ဖွင့် မင်္ဂလာတရား၊ သင်ရိုးညွန်းတမ်း၊ ဆရာလက်စွဲ၊ ၁၁၆။ (မူရင်း– သီလဝတီမိဖုရားဝတ္ထု၊ လင်္ကာဒီပသမိုင်း)။

֍ ကလေးများအားလုံး ဖတ်ပြီးလျှင် အထက်က မေးခွန်းကို ဖြေကြပါစေ။ ထို့နောက် မေးခွန်းများ ဆက်၍ မေးပါ။

-ကလေးတို့ အခုဖတ်ခဲ့တဲ့ ဇာတ်လမ်းက ဘယ်နိုင်ငံမှာ ဖြစ်ခဲ့တာလဲ။
-မိဖုရားကြီးရဲ့ နာမည်က ဘယ်သူလဲ။
-မိဖုရားကြီးက ဘယ်ဘာသာကိုးကွယ်တာလဲ။
-သူဟာ နေ့တိုင်း ဘာလုပ်သလဲ။
-မိဖုရားကြီးကို ဘုရင်က ဘာကြောင့် သတ်တာလဲ။
-မိဖုရားကြီး အသက်မသေတာ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကလေးတို့... သီလဝတီမိဖုရားအကြောင်း လေ့လာပြီးပြီဆိုတော့ ဗုဒ္ဓဘာသာအကြောင်းကို ဆက်ပြီး လေ့လာကြ ရအောင်”ဟု ပြောပြီး အောက်ပါ မေးခွန်းကို မေး၍ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပေးပါ။

-ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်က ဘာတွေဖြစ်မလဲ။

֍ ပြီးနောက် ကလေးများကို အုပ်စု (၅) စု ခွဲ၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-“ဗုဒ္ဓဘာသာဝင်တစ်ယောက်က (ဗုဒ္ဓ၊ ဓမ္မ၊ သံဃ) ရတနာသုံးပါးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ရမလဲ။ အဲဒီလို လုပ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်ထင်သလဲ။

֍ ဆွေးနွေးပြီးသောအခါ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြစေ၍ လိုအပ်လျှင်ဆရာက ဖြည့်စွက်ဆွေးနွေးပြီး အောက် ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ချင်ရင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ ရတနာမြတ်သုံးပါးကို ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ ပူဇော်ပြီး ဘုရားဟော တရားတော်တွေကို လိုက်နာ ကျင့်သုံးခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်သွားပြီ”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာရွက်တစ်ရွက်စီ ဝေပေးပြီး အောက်ပါ မေးခွန်းကို စဉ်းစားချိန်ပေး၍ ရေးသားဖြေဆိုကြပါစေ။ -ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ဂုဏ်ယူစရာ အချက်တွေက ဘာတွေလဲ။

֍ ကလေးများအားလုံး ဖြေပြီးလျှင် မိမိတို့ဖြေထားသော အဖြေများကို အားလုံးကြားအောင် ပြောပြကြပါစေ။ ကလေး တစ်ဦး ပြောပြီးတိုင်း မေးမြန်းလိုသူများကို ဖိတ်ခေါ်၍ မေးကြပါစေ။

֍ ကလေးများဖြေဆိုထားသည့် အချက်များအပေါ်မူတည်၍ ရည်ရွယ်ချက်နှင့်အညီ အနှစ်ချုပ်ကာ သင်ခန်းစာကို အဆုံးသတ်ပါ။