အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြု ကြွတော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၃။ အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြု ကြွတော်မူခြင်း(ကျောင်းသားကိုင်သို့)
348354ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၃။ အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြု ကြွတော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

သင်ခန်းစာခေါင်းစဉ်။ ။ အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြုကြွတော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာပုံကို သိရှိပြီး ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကိုမေး၍ ကလေးဦးရေ ၅/၆-ဦးခန့်က ပြောကြပါစေ။

-မြတ်စွာဘုရားက သာသနာပြုလုပ်ငန်းအတွက် ဘယ်သူတွေနဲ့ ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ၊ မှတ်မိသလောက် ပြန်ပြောပြပါ။
-ဘာကြောင့် လုပ်တယ်လို့ ထင်သလဲ။

֍ ကလေးများပြောပြီးသောအခါ အောက်ပါမေးခွန်းကို မေး၍ ကလေးများပြောသမျှကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။

-သာသနာပြု စေလွှတ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရမယ် ထင်သလဲ။

֍ ထို့နောက် ဆရာက “သာသနာပြုလုပ်ငန်းကို လုပ်ဆောင်ခဲ့တဲ့ ရဟန်း နှစ်ပါးအကြောင်းကို နောက်စာသင်ချိန်မှာ ဆက်ပြီး လေ့လာကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကမ္ဘာ့မြေပုံ၊ အရှင်သောဏနှင့် အရှင်ဥတ္တရတို့ သာသနာပြု ကြွတော်မူခြင်း အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါအကြောင်းအရာကို ကလေးများအားလုံး ဖတ်ကြပါစေ။

အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြုကြွတော်မူခြင်း

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၂၀၀ ခန့်တွင် အသောကသည် အိန္ဒိယနိုင်ငံ၌ ဧကရာဇ်မင်း တစ်ပါးဖြစ်လာခဲ့၏။ ဘုရင်ဖြစ်စတွင် မင်းကြီးသည် ခမည်းတော် ဗိန္ဒုသာရမင်းကြီးလက်ထက်က ကိုးကွယ်ခဲ့သော တိတ္ထိ တက္ကတွန်းတို့ကို ဆက်လက်ကိုးကွယ်ဆည်းကပ်ခဲ့သည်။ မင်းကြီးသည် ထီးနန်းရရှိချိန်မှစ၍ နယ်မြေချဲ့ ထွင်ရေး စစ်ပွဲ များဆင်နွဲခဲ့ရာ အောင်မြင်မှုများစွာရခဲ့၏။ သို့သော် လူအမြောက်အမြား သေကျေပျက်စီးခဲ့ရသော ကလိင်္ဂစစ်ပွဲအပြီးတွင် သူတစ်ပါးတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ဖျက်ဆီး၍ ယူရသော အောင်မြင်မှုတို့ကို စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ မကြာမီပင် နိဂြောဓသာမဏေနှင့် တွေ့ပြီးနောက် အသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးကြည်ညိုသော မင်းတစ်ပါး ဖြစ်လာခဲ့၏။

ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် အသောကမင်းကြီးသည် ဆရာအရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်၏ လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၏။ ရေတွင်း၊ ရေကန်၊ ကျောင်း၊ ဇရပ်၊ စေတီ ပုထိုးများစွာကိုလည်း ဗုဒ္ဓသာသနာရောက်ရှိရာ နေရာအနှံ့အပြား၌ ဆောက်လုပ်လှူဒါန်း တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓတရားတော်တို့ကို သံဃာတော်များ စုပေါင်းရွတ်ဆိုသည့် တတိယသင်္ဂါယနာတင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်လည်း လှူဒါန်းထောက်ပံ့ခဲ့သည်။ တတိယသင်္ဂါယနာတင်ပွဲအပြီးတွင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့ရာ အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ သုဝဏ္ဏဘူမိသို့ ရောက်ရှိခဲ့ကြ၏။

မထေရ်မြတ်တို့ ရောက်ရှိချိန်တွင် ဘီလူးတို့၏ ဘေးရန်ကြောင့် ဒေသခံလူမျိုးတို့သည် စိုးရိမ်ကြောင့်ကြလျက် နေထိုင်ကြရ၏။ ထို့ကြောင့် မထေရ်မြတ်တို့သည် ရှေးဦးစွာ တန်ခိုးဖြင့် ဘီလူးတို့ကို ထွက်ပြေးစေသည်။ ဘီလူးတို့ နောက်ထပ်တစ်ဖန် ပြန်မလာနိုင်ရန်လည်း ပရိတ်အရံအတားကို ပြုပေးတော်မူကြ၏။ သို့ဖြစ်၍ လူတို့သည် မထေရ်မြတ်တို့ကို ယုံကြည်အားထား ကိုးကွယ်လာခဲ့ကြသည်။

မထေရ်မြတ်တို့လည်း လူအပေါင်းတို့အား သရဏဂုံ၊ သီလတို့ကို ဆောက်တည်စေ၏။ ထို့နောက် ဗြဟ္မဇာလ သုတ်တော်ကို ဟောတော်မူရာ လူပေါင်း ၆၀၀၀၀ ခန့် ဗုဒ္ဓဘာသာဝင် ဖြစ်လာကြ၏။ အမျိုးသား ၃၅၀၀ နှင့် အမျိုးသမီး ၁၅၀၀တို့လည်း သာသနာ့ဘောင်သို့ဝင်၍ ရဟန်းပြုခဲ့ကြသည်။ ထိုအချိန်မှစ၍ သုဝဏ္ဏဘူမိဒေသတွင် ဗုဒ္ဓသာသနာ အရောင် ထွန်းလင်းတောက်ပလာခဲ့သည်။

မှီငြမ်း။ ။ သာသနာလင်္ကာရစာတမ်း၊ ၄၄။ ထေရဝါဒဗုဒ္ဓဘာသာ၊ ရေစကြို အရှင်ဧသိက၊ ၈၄-၈၇။ ဝိ၊ဋ္ဌ၊၁၊၅၂။

֍ ဆရာက ဗုဒ္ဓဘာသာရောက်ရှိလာပုံများအား သင်ခန်းစာ (၁၁)တွင် အသုံးပြုခဲ့သော ကျောင်းသားကိုင်စာအုပ်ပါ ကမ္ဘာ့မြေပုံကို ထောက်ပြကာ ပြောပေးပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းဘယ်လောက်အကြာမှာ အသောကမင်းကြီး အုပ်ချုပ်ခဲ့တာလဲ။
-အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာကို အထူးကြည်ညိုတဲ့ မင်းတစ်ပါး ဘယ်လိုဖြစ်လာတာလဲ။
-အသောကမင်းက ဗုဒ္ဓဘာသာကို ဘယ်လို ချီးမြှင့်ခဲ့သလဲ။
-သုဝဏ္ဏဘူမိကို သာသနာပြုရောက်ရှိခဲ့တဲ့ သံဃာနှစ်ပါးက ဘယ်သူတွေလဲ။
-ဘယ်ဒေသကို ရောက်ခဲ့တာလဲ။ အဲဒီဒေသမှာ ဘာတွေဖြစ်နေတာလဲ။
-အဲဒီနေရာမှာဗုဒ္ဓဘာသာဟာ ဘယ်လိုနည်းနဲ့ ထွန်းကားလာခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မြန်မာနိုင်ငံ မြေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက မြန်မာနိုင်ငံမြေပုံကို ကလေးများကို ပြ၍ ဇာတ်လမ်းဖြင့် ချိတ်ဆက် မေးမြန်းဆွေးနွေးပါ။

֍ ထို့နောက် “အရှင်သောဏနဲ့ အရှင်ဥတ္တရ ဦးဆောင်တဲ့ သာသနာ ပြုအဖွဲ့သာ မြန်မာနိုင်ငံကို ရောက်မလာခဲ့ရင် ဒီအချိန်မှာ ဘယ်လိုဘာသာတရား အဆုံးအမတွေ့လက်ခံကျင့်သုံးနေရမယ်လို့ ထင်သလဲ” ဟု မေး၍ ကလေးများ စဉ်းစားထားကြပါစေ။

֍ ထို့နောက် မိမိဘေးမှသူငယ်ချင်းနှင့် အပြန်အလှန် ထပ်မံ၍ ဆွေးနွေးကြပါစေ။

֍ ကလေး ငါးဦးခန့်က အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ တစ်တန်းလုံးသို့ ဝေမျှပြောဆိုကြပါစေ။

֍ ကလေးများ ပြောသွားသောအချက်အလက်များကို မှတ်သားထားကာ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးပါစေ။ ကလေးများအားလုံး ပါဝင်ဆွေးနွေးနိုင်အောင် ဆရာက ပံ့ပိုးပေးပါ။ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးချက်များကို ပြန်လည် ပြောပြပါစေ။

-သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို သိသလောက် ပြောပြပါ။ သူတို့ဟာ အဲဒီလုပ်ငန်း တွေကို ဘာကြောင့် လုပ်နေတယ်လို့ ထင်ပါသလဲ။

(ကလေးများ ပြောသော သာသနာပြုပုဂ္ဂိုလ်များကို သင်ပုန်းတွင် ရေးမှတ်ထားပါ။)

֍ ထို့နောက် ကလေးတစ်ဦးစီကို စာရွက်တစ်ရွက်စီ ပေး၍ အောက်ပါမေးခွန်းကို ရေးသားဖြေဆိုစေပြီး တင်ပြကြပါ စေ။ (ကလေးများ တင်ပြရာတွင် မတူသော အဖြေများကိုသာ ဦးစားပေးတင်ပြရန် ဆရာက စီစဉ်ပေးပါ။)

ဗုဒ္ဓဘာသာ ပြန့်ပွားအောင် ဘယ်လိုလုပ်မလဲ။

֍ အားလုံးပြီးလျှင် ဆရာက “အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ဦးဆောင်တဲ့ သာသနာပြုအဖွဲ့ ကြွတော်မူလာခြင်းကြောင့် မြန်မာပြည်သူ/သားတွေ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရခဲ့တယ်၊ ဒါကြောင့် အဲဒီရဟန်းတော်တွေလိုပဲ သားတို့သမီးတို့လည်း သာသနာပြုလုပ်ငန်းတွေကို တတ်နိုင်သလောက် လုပ်ကြရအောင်”ဟု ပြော၍ အနှစ်ချုပ်ကာ စာသင်ချိန်ကို အဆုံးသတ်ပါ။