ဓမ္မစေတီမင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
348355ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၄။ ဓမ္မစေတီမင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

သင်ခန်းစာခေါင်းစဉ်။ ။ ဓမ္မစေတီမင်း

သင်ယူမှုဦးတည်ချက်။ ။ ဓမ္မစေတီမင်း၏ သာသနာပြုလုပ်ငန်းများအကြောင်းကို သိရှိပြီး အတုယူလုပ်ဆောင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဘုရင်မကြီးတစ်ပါးအကြောင်း စတုတ္ထတန်းမှာ ပြောပြခဲ့ပြီးပြီ၊ ဘယ်သူလဲ၊ ဘာတွေ ထူးထူးခြားခြားလုပ်ခဲ့သလဲ မှတ်မိသလောက် ပြန်ပြောပြပါ”ဟု ပြော၍ စာသင်ချိန်ကို စတင် ပါ။

֍ ကလေး ၃/၄-ဦးခန့်က ပြောကြပါစေ။

֍ ထို့နောက် အောက်ပါမေးခွန်းကို ဆက်မေးပါ။

-ရှင်စောပုဘုရင်မကြီးက သူရဲ့ထီးနန်းကို ဘယ်သူ့ကို လွှဲပြောင်းပေးခဲ့သလဲ။ ဘာကြောင့်လဲ။

֍ အထက်ပါ မေးခွန်း၏အဖြေကို ကလေးတိုင်း၏ မှတ်စုစာအုပ်တွင် ရေးပါစေ။ ကလေးအားလုံး ရေးပြီးပါက အတန်း ရှေ့ထွက်၍ တစ်ဦးစီပြောကြပါစေ။ ကလေးများ နားလည်သည့်အတိုင်း ပြောကြပါစေ။ အချိန်ရလျှင် ကလေး အားလုံးကို ပြောခွင့်ပေးပါ။

֍ ကလေးများပြောပြီးလျှင် ဆရာက “သားတို့သမီးတို့ ... နောက်စာသင်ချိန်မှာ အဲဒီ ဓမ္မစေတီမင်းကြီး အကြောင်း လေ့လာကြည့်ကြရအောင်”ဟု ပြော၍ နောက်စာသင်ချိန်ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဓမ္မစေတီမင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။ သင်ယူမှုလုပ်ငန်းစဉ်

֍ “အရင်ဆုံး ဓမ္မစေတီမင်းနဲ့ပတ်သက်လို့ သားတို့သမီးတို့ သိချင်တဲ့အကြောင်းအရာတွေကို ကိုယ်တိုင် မေးခွန်း ထုတ်ကြည့်ကြပြီး မှတ်စုစာအုပ်ထဲမှာ ရေးထားကြပါ။ အဲဒီနောက် သားတို့သမီးတို့ သိချင်တဲ့အဖြေတွေ သိရ အောင် အဲဒီမင်းကြီးအကြောင်းကို ဖတ်ကြည့်ကြရအောင်”ဟု ပြော၍ ဓမ္မစေတီမင်းအကြောင်းကို အသံတိတ် ဖတ်ကြပါစေ။

ဓမ္မစေတီမင်း

ဓမ္မစေတီမင်းသည် ဟံသာဝတီသမိုင်းတွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်သည်။ ရှင်သာမဏေ ဝတ်စဉ် ဘွဲ့အမည်မှာ ရှင်ဓမ္မဓရဖြစ်၏။ ဘုရင်မလောင်း ရှင်စောပုသည် ရှင်ဓမ္မဓရကို သားအမှတ်ထားကာ ရဟန်းခံပေးခဲ့သည်။ ဘုရင်မဖြစ်လာသောအခါ ရှင်စောပုသည် ရှင်ဓမ္မဓရကို လူဝတ်လဲစေပြီး သမီးတော်နှင့် လက်ဆက်ပေး၍ ထီးနန်းကို အပ်နှင်းခဲ့သည်။

ဓမ္မစေတီမင်းသည် ရဟန်းသာမဏေဘဝဖြင့် ပိဋကတ်စာပေတို့ကို နှစ်ပေါင်းများစွာ သင်ကြားခဲ့သောကြောင့် စာပေကျမ်းဂန် နှံ့စပ်ကျွမ်းကျင်၏။ ဘုရင်ဖြစ်လာသော်လည်း အားလပ်ချိန်များတွင် ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ သံဃာတော်တို့အား စာပေသင်ကြားပို့ချပေးလေ့ရှိသည်။ ဓမ္မစေတီမင်း၏ ပညာဉာဏ်ပြည့်စုံမှုကို သီဟိုဠ်(သီရိလင်္ကာ)၊ ကျည်းပြည် (အိန္ဒိယတောင်ပိုင်း)စသည့် နိုင်ငံရပ်ခြားမင်းများကပင် သိကြ၏။ အချို့ မင်းများက ဓမ္မစေတီမင်း၏ ပညာဉာဏ် စွမ်းကို သိလိုသဖြင့် အမေးပုစ္ဆာများ မေးကာ စမ်းသပ်ကြသည်။ ဓမ္မစေတီမင်းသည်လည်း မဆိုင်းမတွပင် ပြန်ဖြေပေး နိုင်ခဲ့၏။ ထို့ကြောင့် သူသည် တိုင်းတစ်ပါးမင်းများ၏ လေးစားကြည်ညိုမှုကိုလည်း ရရှိခဲ့သည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓ ဂယာသို့ လေ့လာရေးအဖွဲ့ စေလွှတ်၍ ဘုရားစေတီ တည်ဆောက်မှု ပုံသဏ္ဌာန်များကို လေ့လာစေခဲ့၏။ ထိုအဖွဲ့၏ လေ့လာချက်တို့ကို အခြေခံ၍ ဟံသာဝတီပဲခူး၌ ဘုရားစေတီတော်များ တည်ထားကိုးကွယ်ခဲ့သည်။ ဓမ္မစေတီမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားစေတီတော်များအနက် ကျိုက်ပွန်ဘုရား (လေးမျက်နှာဘုရား)၊ ရွှေဂူကြီးဘုရား စသည်တို့ကို ယနေ့တိုင် ဖူးတွေ့နိုင်သည်။

ဓမ္မစေတီမင်းသည် သာသနာတော်ကို စင်ကြယ်သည်ထက် စင်ကြယ်အောင် ဆောင်ရွက်လိုသဖြင့် မထေရ် ကြီး ၂၂-ပါးကို သီဟိုဠ်ကျွန်းသို့ ကြွစေကာ သိက္ခာသစ်တင်စေခဲ့သည်။ မထေရ်ကြီးများသည် သီဟိုဠ်ကျွန်း ကလျာဏီ မြစ်အတွင်းရှိ ရေသိမ်တွင် မဟာဝိဟာရဝါသီဂိုဏ်း ရဟန်းတော်တို့ထံမှ ရဟန်းအဖြစ် ထပ်မံခံယူခဲ့ကြသည်။ ထို့နောက် မထေရ်မြတ်များသည် ဟံသာဝတီသို့ ပြန်ကြွလာခဲ့ကြသည်။

ဓမ္မစေတီမင်းသည် သီဟိုဠ်ပြန် မထေရ်ကြီးတို့၏ လမ်းညွန်မှုဖြင့် ဇိုင်းကနိုင်းအရပ်၌ ကလျာဏီ သိမ်တော်ကြီးကို တည်ဆောက်စေခဲ့သည်။ ထိုသိမ်တော်ကြီး၌ သီဟိုဠ်ပြန် မထေရ်ကြီးများက အခြားရဟန်း သံဃာတော်တို့အား သန့်စင်သော ပဉ္စင်းအဖြစ် ထပ်မံခံယူစေသည်။ ထိုသိက္ခာသစ်တင်သော အခမ်းအနားသို့ မြန်မာတစ်နိုင်ငံလုံးမှ ရဟန်း သံဃာတော်များသာမက ယိုးဒယား(ထိုင်းနိုင်ငံ)မှ သံဃာတော်များပါ တက်ရောက်ခဲ့ကြသည်။ ထိုအကြောင်းကို ပါဠိ ဘာသာ၊ မွန်ဘာသာတို့ဖြင့် ကျောက်စာ ရေးထိုးထားခဲ့သည်။ ထိုကျောက်စာကို “ကလျာဏီကျောက်စာ”ဟု ခေါ်သည်။ ထိုကျောက်စာသည် မြန်မာ့သမိုင်းတွင် အရေးကြီးသော ကျောက်စာစာရင်း၌ ပါဝင်သည်။

ဓမ္မစေတီမင်းသည် တရားစီရင်ရာတွင်လည်း ထင်ရှားသည်။ မင်းကြီး၏ တရားစီရင်ထုံးများသည် မြန်မာနိုင်ငံ “ဓမ္မစေတီမင်း ဖြတ်ထုံး” အဖြစ် ထင်ရှားသည်။

ဓမ္မစေတီမင်းကြီးသည် ဘာသာ၊ သာသနာကို လွန်စွာကြည်ညို၏။ သမိုင်းတွင်သည့် ဗုဒ္ဓသာသနာ အကျိုးပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။

မှီငြမ်း။ ။ ဓမ္မစေတီ၊ အနော်ရထာနှင့် တို့ကိုးဘွားများ၊ မင်းယုဝေ၊ ၂၁၅-၂၂၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ရှင်သာမဏေ ဝတ်စဉ် ဘွဲ့အမည်က ဘာလဲ။
-ရှင်ဓမ္မဓရကို ဘယ်သူက ရဟန်းခံပေးခဲ့သလဲ။
-ရှင်စောပုဘုရင်မကြီးက သမီးတော်ကို မည်သူနဲ့ လက်ဆက်ပေးခဲ့သလဲ။
-ဓမ္မစေတီမင်းဟာ ဘယ်လိုစာပေတွေကို နှံ့စပ်ကျွမ်းကျင်သလဲ၊ ဘာကြောင့်လဲ။
-ဓမ္မစေတီမင်းဟာ အားလပ်ချိန်မှာ ဘာလုပ်သလဲ။
-ဓမ္မစေတီမင်းရဲ့ အရည်အချင်းကို အခြားနိုင်ငံမင်းတွေက ဘယ်လိုစမ်းသပ်ခဲ့ကြသလဲ။
-ဓမ္မစေတီမင်းက ဘာကျောက်စာကို ရေးထိုးခဲ့တာလဲ။ ဘယ်ဘာသာတွေနဲ့ ရေးထိုးခဲ့တာလဲ။
-မြန်မာနိုင်ငံမှာ ဓမ္မစေတီမင်းရဲ့ တရားစီရင်ထုံးဟာ ဘယ်လိုအမည်နဲ့ ထင်ရှားခဲ့သလဲ။
-ဓမ္မစေတီမင်း ရေးထိုးတဲ့ ကျောက်စာကို ဘယ်လိုခေါ်ပါသလဲ။
-ကလျာဏီကျောက်စာကို ဘယ်ဘာသာတွေနဲ့ ရေးထိုးထားသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကလေးတို့ ... ဓမ္မစေတီမင်းရဲ့ သာသနာပြုလုပ်ငန်းများအကြောင်းကို သိခဲ့ရပြီ၊ အခု ပေးထားတဲ့ မေးခွန်းကို အဖွဲ့လိုက် ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးများကို အုပ်စု(၄) စု (သို့) (၅) စု ဖွဲ့ပါ။ အုပ်စုတိုင်းကို စာရွက် လွတ် တစ်ရွက်စီ ဝေပေး၍ အောက်ပါ နမူနာပုံစံအတိုင်း ဖြေကြပါစေ။

-ဓမ္မစေတီမင်းကြီးရဲ့ သာသနာပြုလုပ်ငန်းတွေက ဘာတွေလဲ။ သာသနာအတွက် ဘယ်လို အကျိုးပြုသလဲ။ လူတွေအတွက် ဘယ်လိုအကျိုးပြုသလဲ။

ဓမ္မစေတီမင်းကြီးရဲ့ ...

သာသနာပြုလုပ်ငန်းများ သာသနာအတွက် အကျိုးပြုပုံ လူတွေအတွက် ရရှိသောအကျိုး

֍ ဆွေးနွေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ဦးစီက မိမိတို့ဆွေးနွေးချက်များကို ပြန်လည်တင်ပြကြပါစေ။

֍ အုပ်စုတိုင်း၏ ဆွေးနွေးတင်ပြချက်များကို နားထောင်ပြီး ထိုလုပ်ဆောင်ချက်များကို လုပ်နိုင်ခဲ့တဲ့အတွက် သမိုင်းတွင် ထင်ရှားတဲ့မင်းတစ်ပါး ဖြစ်ခဲ့တယ်လို့ ဆရာကပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဓမ္မစေတီမင်းကြီးရဲ့ ဗုဒ္ဓသာသနာအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို သိပြီးပြီနော်” စသည်ဖြင့် ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ အောက်ပါမေးခွန်းကို ကလေးများ၏ မှတ်စုစာအုပ်တွင် စဉ်းစားပြီး ဖြေပါစေ။

-ဗုဒ္ဓသာသနာအတွက် ကလေးတို့ကိုယ်တိုင် ဘာတွေ လုပ်ပေးချင်သလဲ။

(မျှော်မှန်းအဖြေ = ဓမ္မစကူးလ်တွေ တက်မယ်၊ ဗုဒ္ဓစာပေတွေ လေ့လာမယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးမယ်၊ မင်္ဂလာတရားတော်တွေနဲ့အညီ လိမ္မာယဉ်ကျေးသိမ်မွေ့အောင် နေမယ် ... စသည်)

֍ ကလေးများအားလုံး ဖြေဆိုပြီးပါက အလှည့်ကျ ပြန်လည်ပြောပြကြပါစေ။ တစ်ဦးပြောနေစဉ် အခြားသူများက နားထောင်၍ မတူညီသော အချက်များကိုသာ ပြန်လည်ပြောပြကြပါစေ။

֍ ကလေးများ တင်ပြချက်များကို ဆရာက မှတ်သားထားပြီး သင်ယူမှုဦးတည်ချက် အတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။