ကာလသူဌေးသား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ ကာလသူဌေးသား(ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၁၅)

သင်ခန်းစာခေါင်းစဉ်။ ။ ကာလသူဌေးသား

သင်ယူမှုဦးတည်ချက်။ ။ မိဘစကား နားထောင်သဖြင့် ကောင်းကျိုးများရရှိနိုင်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့... မိဘစကားနားမထောင်လို့ ဒုက္ခရောက်သွားတဲ့ ဇာတ်လမ်းနဲ့ မိဘစကား နားထောင်လို့ ကောင်းကျိုးချမ်းသာရရှိသွားတဲ့ ဇာတ်လမ်းတွေကို မှတ်မိကြသေးလား၊ ပြောပြပါဦး”ဟု မေး၍ စာသင်ချိန်ကို စတင် ပါ။ (ကလေးများ မမှတ်မိလျှင် တတိယတန်း သင်ခန်းစာ (၂၆)၊ “စည်တီးသမားလေး” ဇာတ်လမ်းနှင့် စတုတ္ထတန်း သင်ခန်းစာ (၁၄)၊ “မိဘစကား နားထောင်သော ဒီဃာဝု” ဇာတ်လမ်းကို ဆရာက အကျဉ်းချုပ်၍ ပြန်လည်ပြောပြ ပေးပါ။)

֍ ပြီးလျှင် မိဘစကားနားထောင်၍ အကျိုးကျေးဇူးရရှိပုံ (သို့) မိဘစကားနားမထောင်မိ၍ ဒုက္ခရောက်ရပုံကို ကလေး များသိသော၊ ကြားဖူးသော ဇာတ်လမ်း၊ အဖြစ်အပျက်များကို ပြောပြကြပါစေ။

֍ “သားတို့သမီးတို့မှာ ဇာတ်လမ်းလေးတွေ၊ အဖြစ်အပျက်လေးတွေ အများကြီးရှိနေကြတာပဲ၊ အဲဒီလိုပဲ မြတ်စွာဘုရားရှင် လက်ထက်ကလည်း သူဌေးသားဇာတ်လမ်းလေး တစ်ပုဒ်ရှိခဲ့တယ်၊ အဲဒီ သူဌေးသားလေးက ဘယ်လို လူစားမျိုးလဲဆိုတာ နောက်စာသင်ချိန်မှာ လေ့လာကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ကာလသူဌေးသား ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ၊

ကာလသူဌေးသား

မြတ်စွာဘုရား လက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို အမြဲ မပြတ် နာယူလေ့ရှိ၏။ ရဟန်းသံဃာတော်များကိုလည်း နေ့စဉ်နေ့တိုင်း ဆွမ်းကပ်လှူဒါန်း၏။

အနာထပိဏ်သူဌေးကြီးတွင် ကာလအမည်ရှိ သားတစ်ယောက်ရှိသည်။ မောင်ကာလသည် ဖခင် အနာထပိဏ် သူဌေးကြီးကဲ့သို့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်း မရှိပေ။ မြတ်စွာဘုရားရှင်၏ တရားတော်ကိုလည်း နာကြားရ ကောင်းမှန်း မသိပေ။ မြတ်စွာဘုရား အိမ်သို့ကြွလာလျှင်လည်း ရှိခိုးဦးချလေ့မရှိ၊ အရိုအသေပေးလေ့မရှိပေ။ ဖခင်၏ ဆုံးမစကားကို နားမထောင်ဘဲ ပျော်ပါးသောက်စား၍သာ နေလေရာ ဖခင်အနာထပိဏ်သူဌေးကြီးလည်း သားကို ဆုံးမ ရန် နည်းလမ်းအမျိုးမျိုး ရှာကြံလျက်ရှိ၏။ တစ်နေ့တွင် အကြံတစ်ခုရလာ၏။ ထို့ကြောင့် သားကို ခေါ်၍ “သား ...ဘုရားရှင်ရဲ့ ကျောင်းတော်ကို သွားပြီး ဥပုသ်စောင့်မယ်ဆိုရင် မင်းကို တစ်နေ့အတွက် မုန့်ဖိုး အသပြာတစ်ရာ ပေးမယ်” ဟု ပြောလိုက်သည်။

မောင်ကာလလည်း မုန့်ဖိုးတစ်ရာ လိုချင်သည့်အတွက် ကျောင်းတော်သို့ သွား၍ ဥပုသ်စောင့်လေ၏။ ကျောင်းတော်တွင် အိပ်၍ အိမ်သို့ ပြန်လာကာ ဖခင်ထံမှ မုန့်ဖိုးတစ်ရာကို တောင်းယူသုံးဖြုန်းပစ်၏။ ဤနည်းအတိုင်း ဆက်လက် ဖြစ်နေခဲ့ရာ ဖခင်အနာထပိဏ် သူဌေးကြီးအတွက်လည်း ငွေကုန်ရကျိုး မနပ်ခဲ့ပေ။ ထို့ကြောင့် ဖခင်ကြီးသည် နောက်တစ်မျိုး စဉ်းစားပြန်၏။

တစ်နေ့တွင် ဖခင်အနာထပိဏ်သူဌေးကြီးက “သား ... ဒီနေ့ မြတ်စွာဘုရား ကျောင်းတော်ကို သွားပြီး တရား တစ်ပုဒ် နာယူခဲ့ပါ၊ အဲဒီတရားကို ပြန်ပြောပြနိုင်ရင် မုန့်ဖိုး အသပြာတစ်ထောင်ပေးမယ်”ဟု ပြောလိုက်၏။ မောင်ကာလလည်း ဘုရားရှင်ထံ သွားရောက်ပြီး တရားတော်ကို မှတ်မိအောင် ဂရုတစိုက်နာယူ၏။ သို့သော် ရှေ့ကမှတ် နောက်က မေ့ ဖြစ်နေ၏။ မောင်ကာလ၏ စိတ်အကြံကို သိတော်မူသော မြတ်စွာဘုရားရှင်ကလည်း ထိုကဲ့သို့ဖြစ်အောင် တန်ခိုးတော်ဖြင့် ပြုလုပ်ထား၏။ မောင်ကာလလည်း တရားတစ်ပုဒ်ကို မှတ်မိအောင် ကြိုးစား၍ နာယူလိုက်သဖြင့် သောတာပန်အဖြစ်သို့ ရောက်ရှိသွား၏။ ထို့ကြောင့် အသပြာတစ်ထောင် လိုချင်စိတ် လုံးဝမရှိတော့ပေ။

နောက်တစ်နေ့နံနက်တွင် မောင်ကာလသည် မြတ်စွာဘုရားရှင်နှင့်အတူ အိမ်သို့ ပြန်လာခဲ့၏။ “ဖခင်သူဌေးကြီးက ဘုရားရှင်ရဲ့ရှေ့မှာ အသပြာတစ်ထောင်ကို သူ့အား မပေးပါစေနဲ့”ဟုလည်း လမ်းတစ်လျှောက်လုံး ဆုတောင်း လာခဲ့၏။

အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့အား ဆွမ်းကပ်လှူဒါန်း၏။ မောင်ကာလကိုလည်း အာဟာရ ကျွေးမွေး၏။ ထို့နောက် သူဌေးကြီးက ဘုရားရှင်ရှေ့၌ပင် အသပြာတစ်ထောင်ကို မောင်ကာလ အားပေးရာ မောင်ကာလလည်း အလွန်ရှက်သွား၏။ “အသပြာ မလိုချင်တော့ပါ”ဟုလည်း ငြင်းပယ်၏။ ဖခင်သူဌေးကြီးကလည်း အတင်းပေးနေပြန်၏။ မောင်ကာလလည်း ထပ်ကာ ထပ်ကာ ငြင်းပယ်၏။

ထိုအခါ အနာထပိဏ်သူဌေးကြီးသည် ယခင်နေ့များနှင့်မတူ တမူထူးခြားနေသော သူ့သား၏ ဖြစ်အင်ကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ မြတ်စွာဘုရားရှင်က “သူဌေးကြီး ... ဒီနေ့ သင့်သားဟာ စကြဝတေး မင်းရဲ့ စည်းစိမ်ချမ်းသာ၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ စည်းစိမ်ချမ်းသာထက် သာလွန်ထူးကဲတဲ့ သောတာပတ္တိဖိုလ် ချမ်းသာကို ရရှိခံစားနေရပြီ၊ ဒါ့ကြောင့် အသပြာတစ်ထောင်ကို မလိုချင်တော့တာ ဖြစ်တယ်”ဟု မိန့်တော်မူလိုက်လေသည်။

ထိုအချိန်မှစ၍ မောင်ကာလလည်း မြတ်စွာဘုရားကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ပြီး မိဘစကားနားထောင် ကာ လိမ်လိမ်မာမာ နေတော့မည်ဖြစ်ကြောင်း ဖခင်ကြီးအား ကတိပေးလေသည်။ ဖခင်အနာထပိဏ်သူဌေးကြီးလည်း လိမ္မာယဉ်ကျေးလာသော သားမောင်ကာလအတွက် ပြောမပြနိုင်လောက်အောင် ပီတိဖြစ်နေပါတော့သည်။

မှီငြမ်း။ ။ အနာထပိဏ်သူဌေး၏သား ကာလသတို့သားဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ တတိယတွဲ၊ ၄၁၈-၄၂၁။ ဓမ္မ၊ဋ္ဌ၊၂၊၁၂၃။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ကာလသူဌေးသားဟာ ဘယ်သူရဲ့ သားလဲ။
-ကာလသူဌေးသားဟာ အရင်က ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်ခဲ့သလဲ။
-ဖခင်သူဌေးကြီးက သူ့သားကို ဘာလုပ်ခိုင်းခဲ့သလဲ။
-ကာလသူဌေးသားဟာ ဘာကြောင့် ဥပုသ်စောင့် သွားရတာလဲ။
-သူဌေးကြီးက နောက်ဆုံး ဘယ်လိုစိတ်ကူးနဲ့ သူ့သားကို မြတ်စွာဘုရားကျောင်းတော်သို့ လွတ်လိုက်သလဲ။ -မြတ်စွာဘုရားရဲ့တရားတော်ကို နာယူပြီးတဲ့နောက်မှာ ကာလသူဌေးသားဟာ ဘယ်လို ပြောင်းလဲသွားခဲ့သလဲ။
-အကယ်၍ ကာလသူဌေးသားဟာ ဖခင်သူဌေးကြီးရဲ့ စကားကိုသာ နားမထောင်ခဲ့ဘူးဆိုရင် ဘာတွေ ဖြစ်လာ နိုင်သလဲ။
-သားတို့သမီးတို့သာ ကာလသူဌေးသားနေရာမှာဆိုရင် ဘာလုပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... မိဘစကားအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ အလုပ်တစ်ခုကို စာရွက်ပေါ်မှာ ရေးကြရ မယ်၊ ပြီးတော့ အလှည့်ကျ ပြောပြကြရမယ်၊ တစ်ဦးပြောပြနေတုန်းမှာ အားလုံးက နားထောင်ထားပြီး ကိုယ်သာ ဆိုရင် လိုက်လုပ်ဖို့ သဘောတူ၊ မတူ ဆုံးဖြတ်ပြီး ပြန်ပြောပြရမယ်”ဟု ဆိုကာ စာရွက်တစ်ရွက်စီကို ကလေးတိုင်းအား ပေးပါ။ (စဉ်းစားဖြေဆိုနေစဉ်၌ မတူညီသော အဖြေအမျိုးမျိုး ရရှိအောင် ဆရာက ကူညီပံ့ပိုးပေးပါ။)

֍ တစ်ဦးချင်းစီ၏ တင်ပြချက်အပေါ် အခြားသူများက သဘောတူလျှင် အဘယ်ကြောင့် သဘောတူသည်၊ သဘော မတူလျှင် အဘယ်ကြောင့် သဘောမတူသည်ဟူသော အကြောင်းပြချက်များကို ဆရာက ဖော်ထုတ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား အောက်ပါမေးခွန်းကို မေး၍ ကလေးများ၏ အဖြေများကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်း တင်ပေးထားပါ။ အောက်ပါမျှော်မှန်းအဖြေများ ပါဝင်အောင် ဆရာက လမ်းကြောင်းပေးပါ။

-သားတို့သမီးတို့ကို မိဘတွေက မကြာခဏ ဆုံးမလေ့ရှိတဲ့စကားတွေက ဘာတွေလဲ။

(မျှော်မှန်းအဖြေ = စာကျက်ဖို့၊ လောင်းကစားမလုပ်ဖို့၊ ကျောင်းမပြေးဖို့၊ ရန်မဖြစ်ဖို့၊ TV အလွန်အကျွံ မကြည့်ဖို့၊ အိပ်ရာ စောစောထဖို့၊ ဆေးလိပ် မသောက်ဖို့၊ မိဘကို ကူညီဖို့ ... စသည်)

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စုဖွဲ့၍ ဆရာမှတ်တမ်းတင်ထားသော ပထမဦးဆုံးအချက် ငါးချက်အနက် တစ်ဖွဲ့စီကို တစ်ချက်စီပေး၍ ၄င်းတို့၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြီး အောက်ပါ နမူနာပုံစံအတိုင်း စာရွက် လွတ်များတွင် ရေးသားကြပါစေ။

ဥပမာ-(စာကျက်ဖို့၊၊ ကျောင်းမှန်မှန်တက်ဖို့၊ ရန်မဖြစ်ဖို့၊ အိပ်ရာစောစောထဖို့ ...)

မိဘစိတ်ချမ်းသာ
စာကျက်ဖြစ်မယ်
အတန်းထဲ ဆုရ
ဆရာ ဆရာမများ ချစ်ခင်
ရန်မဖြစ်ဖို့
အားလုံးနဲ့အဆင်ပြေမယ်
စာကျက်ဖို့
သူငယ်ချင်းတွေ လေးစား
စာတော်/စာရ
မိဘ စိတ်ချမ်းသာ

֍ အုပ်စုအားလုံး ပြုလုပ်ပြီးပါက ဆွေးနွေးထားသော အချက်များကို နံရံတွင် ကပ်စေ၍ ကလေးတိုင်းက လိုက်လံ ကြည့်ရှုကြပါစေ။ လိုက်လံကြည့်ရှုနေစဉ် ဖြည့်လိုသည့်အချက်များရှိလျှင် ဖြည့်နိုင်ကြောင်း ဆရာက မှာထားပါ။ ဆရာကလည်း လိုက်လံကြည့်ရှုပါ။

֍ ကလေးများ၏ ဆွေးနွေးချက်များမှ ရရှိသော အကျိုးများကို ကြည့်ပြီး ဆရာက သင်ယူမှုဦးတည်ချက် ရောက်အောင် အနှစ်ချုပ်ပေးပါ။