ဓမ္မစေတီမင်း

From Wikisource
Jump to navigation Jump to search
344849ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁၄။ ဓမ္မစေတီမင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄) ဓမ္မစေတီမင်း[edit]

ဓမ္မစေတီမင်းသည် ဟံသာဝတီသမိုင်းတွင် အလွန်ထင်ရှားသော မင်းတစ်ပါး ဖြစ်သည်။ ရှင်သာမဏေဝတ်စဉ် ဘွဲ့အမည်မှာ ရှင်ဓမ္မဓရ ဖြစ်၏။ ဘုရင်မလောင်း ရှင်စောပုသည် ရှင်ဓမ္မဓရကို သားအမှတ်ထားကာ ရဟန်းခံပေးခဲ့သည်။ ဘုရင်မ ဖြစ်လာသောအခါ ရှင်စောပုသည် ရှင်ဓမ္မဓရကို လူဝတ်လဲစေပြီး သမီးတော်နှင့် လက်ဆက်ပေး၍ ထီးနန်းကို အပ်နှင်းခဲ့သည်။

ဓမ္မစေတီမင်းသည် ရဟန်းသာမဏေဘဝဖြင့် ပိဋကတ်စာပေတို့ကို နှစ်ပေါင်းများစွာ သင်ကြားခဲ့ သောကြောင့် စာပေကျမ်းဂန် နှံ့စပ်ကျွမ်းကျင်၏။ ဘုရင်ဖြစ်လာသော်လည်း အားလပ်ချိန်များတွင် ဝတ်ဖြူစင်ကြယ်ကို ဝတ်၍ သံဃာတော်တို့အား စာပေသင်ကြားပို့ချပေးလေ့ရှိသည်။ ဓမ္မစေတီမင်း၏ ပညာဉာဏ်ပြည့်စုံမှုကို သီရိလင်္ကာပြည် (သီဟိုဠ်)၊ ကျည်းပြည် (အိန္ဒိယတောင်ပိုင်း) စသည့် နိုင်ငံရပ်ခြား မင်းများကပင် သိကြ၏။ အချို့ မင်းများက ဓမ္မစေတီမင်း၏ ပညာဉာဏ်စွမ်းကို သိလိုသဖြင့် အမေးပုစ္ဆာ များ မေးကာ စမ်းသပ်ကြသည်။ ဓမ္မစေတီမင်းသည်လည်း မဆိုင်းမတွပင် ပြန်ဖြေပေးနိုင်ခဲ့၏။ ထို့ ကြောင့် သူသည် တိုင်းတစ်ပါးမင်းများ၏ လေးစားကြည်ညိုမှုကိုလည်း ရရှိခဲ့သည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကိုလည်း စနစ်တကျ ဆောင်ရွက် ခဲ့သည်။ ဗုဒ္ဓဂယာသို့ လေ့လာရေးအဖွဲ့ စေလွှတ်၍ ဘုရားစေတီ တည်ဆောက်မှု ပုံသဏ္ဌာန်များကို လေ့လာစေခဲ့၏။ ထိုအဖွဲ့၏ လေ့လာချက်တို့ကို အခြေခံ၍ ဟံသာဝတီပဲခူး၌ ဘုရားစေတီတော်များ တည်ထားကိုးကွယ်ခဲ့သည်။ ဓမ္မစေတီမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရား စေတီတော်များအနက် ကျိုက်ပွန်ဘုရား (လေးမျက်နှာဘုရား)၊ ရွှေဂူကြီးဘုရား စသည်တို့ကို ယနေ့တိုင် ဖူးတွေ့နိုင်သည်။

ဓမ္မစေတီမင်းသည် သာသနာတော်ကို စင်ကြယ်သည်ထက် စင်ကြယ်အောင် ဆောင်ရွက် လိုသဖြင့် မထေရ်ကြီး ၂၂ ပါးကို သီဟိုဠ်ကျွန်းသို့ ကြွစေကာ သိက္ခာသစ် တင်စေခဲ့သည်။ မထေရ်ကြီး များသည် သီဟိုဠ်ကျွန်း ကလျာဏီမြစ်အတွင်းရှိ ရေသိမ်တွင် မဟာဝိဟာရဝါသီဂိုဏ်းသား ရဟန်းတော် များထံမှ ရဟန်းအဖြစ် ထပ်မံခံယူခဲ့ကြသည်။ ထို့နောက် မထေရ်မြတ်များသည် ဟံသာဝတီသို့ ပြန်ကြွလာခဲ့ကြသည်။

ဓမ္မစေတီမင်းသည် သီဟိုဠ်ပြန် မထေရ်ကြီးတို့၏ လမ်းညွှန်မှုဖြင့် ဇိုင်းကနိုင်းအရပ်၌ ကလျာဏီသိမ် တော်ကြီးကို တည်ဆောက်စေခဲ့သည်။ ထိုသိမ်တော်ကြီး၌ သီဟိုဠ်ပြန် မထေရ်ကြီးများက အခြားရဟန်း သံဃာတော်တို့အား သန့်စင်သော ပဉ္စင်းအဖြစ် ထပ်မံ ခံယူစေသည်။ ထိုသိက္ခာသစ်တင်သော အခမ်း အနားသို့ မြန်မာတစ်နိုင်ငံလုံးမှ ရဟန်းသံဃာတော်များသာမက ယိုးဒယား (ထိုင်းနိုင်ငံ) မှ သံဃာတော် များပါ တက်ရောက်ခဲ့ကြသည်။ ထိုအကြောင်းကို ပါဠိဘာသာ၊ မွန်ဘာသာတို့ဖြင့် ကျောက်စာရေးထိုး ထားခဲ့သည်။ ထိုကျောက်စာကို “ကလျာဏီကျောက်စာ”ဟု ခေါ်သည်။ . ထိုကျောက်စာသည် မြန်မာ့သမိုင်းတွင် အရေးကြီးသော ကျောက်စာစာရင်း၌ ပါဝင်သည်။

ဓမ္မစေတီမင်းသည် တရားစီရင်ရာတွင်လည်း ထင်ရှားသည်။မင်းကြီး၏ တရားစီရင်ထုံးများသည် မြန်မာနိုင်ငံ “ဓမ္မစေတီမင်း ဖြတ်ထုံး” အဖြစ် ထင်ရှားသည်။

ဓမ္မစေတီမင်းကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာကြည်ညို၏။ သမိုင်းတွင်သည့် ဗုဒ္ဓသာသနာ အကျိုးပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။