သူငယ်ချင်းကောင်း -ဆရာ

From Wikisource
Jump to navigation Jump to search
339281ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃ဝ) သူငယ်ချင်းကောင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃ဝ)

သူငယ်ချင်းကောင်း

သင်ယူမှုဦးတည်ချက် ။ ။ သူငယ်ချင်းကောင်း၏ စိတ်နေသဘောထားနှင့်အပြုအမူများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဆရာနှင့် သူ၏သူငယ်ချင်းများ စု၍ ရိုက်ထားသော “ဓာတ်ပုံ”နှင့် သူငယ်ချင်းကောင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “ကလေးများအား ဓမ္မစကူးလ်ကို လာရတာ ပျော်သလားဟု မေး၍ နိဒါန်း ပျိုးပါ။ “ဘာဖြစ်လို့ ပျော်တာလဲ”ဟု ဆက်မေးပါ။ “သူငယ်ချင်းတွေနဲ့ ကစားရလို့” စသည်ဖြင့် ဖြေဆိုပါလိမ့်မည်။

[သတိပြုရန် 1][သတိပြုရန် 2]

֍ထို့နောက် -

-“သူငယ်ချင်းတွေနဲ့ ကစားရတာအပြင် ဘာတွေလုပ်ရသေးလဲ”
“သားတို့၊ သမီးတို့လိုပဲ ဆရာ့မှာလည်း သူငယ်ချင်းတွေ အများကြီးရှိတယ်။ အဲဒီထဲ က သူငယ်ချင်းသုံးယောက်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ပြမယ်နော်”

֍အထက်ပါအတိုင်း ပြောပြီး သူငယ်ချင်းများနှင့် စုရိုက်ထားသော ဓာတ်ပုံကိုပြ၍ “ဆရာ ဘယ်မှာလဲ၊ ဒါ ဘယ်သူ့ပုံလဲ” စသည်ဖြင့်မေး၍ ကလေးများအား ပြောပြပါ။

֍ကလေးများအား “သားတို့မှာ ချစ်တဲ့သူငယ်ချင်းတွေ ရှိလား”ဟု မေးပြီး အတန်းထဲ မှ သူတို့ခင်မင်ရသော သူငယ်ချင်းများကို လက်ညှိုးထိုးပြခိုင်းပါ။

֍ထို့နောက် “အဲဒီသူငယ်ချင်းကို ဘာဖြစ်လို့ ချစ်တာလဲ”ဟု မေးပြီး “အဲဒီသူငယ်ချင်း ကိုရော သား/သမီးက ဘာလုပ်ပေးဖူးလဲ”ဟု ဆက်မေးပါ။

֍မေးခွန်းများ မေးပြီးသောအခါ အောက်ပါကဗျာကို သံပြိုင်ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

သူငယ်ချင်းကောင်း

အစာစားလည်း အတူတူ၊
ကစား အတူတူ။
လဲကျသူကို ထူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ၊
တို့များ ပျော်ရွှင်ကြ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကဏန်းမိသားစု သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု ဆရာနဲ့အတူတူ သီချင်းဆိုကြမယ်၊ သီချင်း ဆိုချင်လား၊ သီချင်းနာမည်က “ကဏန်းမိသားစု”လို့ ခေါ်တယ်၊ ကဏန်းကို သိလား၊ မြင်ဖူးလား”ဟု ပြောပါ။

֍အောက်ပါသီချင်းကဗျာကို သင်ပေးပါ။ အလွတ်ရသည်အထိ သီဆိုကြပါစေ။

[သတိပြုရန် 3][သတိပြုရန် 4]

ကဏန်းမိသားစု

(လက်ကိုမြှောက် ဘေးတိုက်လျှောက်၊
မင်းလမ်းလျှောက်တာ မှားနေတယ်)J
(ဒီလိုမဟုတ်ဘူး ဒီလို ဒီလို )J
ကဏန်းမိသားစု လမ်းလျှောက်ကြတာ၊
ဝိုင်းကာပတ်ကာ ချာချာလည်၊
တို့တစ်တွေလည်း လမ်းလျှောက်ကြမယ်၊
သူငယ်ချင်းတွေနဲ့ အတူတူကွယ်။
(ခေါင်းဆောင်ခြေရာ အတိုင်းပေါ့ကွယ်။ ။)

֍ကလေးများ အလွတ်သီဆိုနိုင်သောအခါ ကလေးများကို စက်ဝိုင်းပုံစံ ဝိုင်းခိုင်း၍ မတ်တတ်ရပ်ကြပါစေ။

֍ထို့နောက် အောက်ပါ အမူအရာများကို လုပ်ဆောင်လျက် ကဏန်းမိသားစု သီချင်း ကို ပျော်ရွှင်စွာ သီဆိုကြပါစေ။

အမူအရာပုံစံ ..
-ကလေးများ၏ လက်ကို ကဏန်းလက်ပုံစံ ပြုလုပ်ထားကြရမည်။
-“ဒီလိုမဟုတ်ဘူး” စာသားကို သီဆိုနေစဉ် ရှေ့ကိုခြေနှစ်လှမ်းတိုးကြရမည်။
-“ဒီလို ဒီလို” စာသားကို သီဆိုနေစဉ် ဘေးတိုက်လျှောက်ကြရမည်။
-“ဝိုင်းကာပတ်ကာ ချာချာလည်” စာသားကို သီဆိုနေစဉ် မိမိနေရာတွင်သာ ပတ်ချာလည်နေကြရမည်။
-“တို့တစ်တွေလည်းလမ်းလျှောက်ကြမယ်' စာသားကို သီဆိုနေစဉ် မိမိရပ်နေသောနေရာတွင် ဘယ်ညာလျှောက်နေကြရမည်။
-“သူငယ်ချင်းတွေနဲ့အတူတူကွယ်” စာသားကို သီဆိုနေစဉ် ဘေးချင်းကပ်ရပ် တွင်ရှိသော သူငယ်ချင်းနှစ်ယောက်၏လက်ကိုဆွဲ၍ အထက်သို့ မြှောက် နေစေရမည်။

֍အထက်တွင် ဖော်ပြခဲ့သော အမူအရာများနှင့်တွဲလျက် ပျော်ရွှင်စွာ သီဆိုကြပါစေ။

֍သီချင်းဆိုပြီးနောက် အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

- “သီချင်းဆိုရတာ ပျော်လား၊ အခုလို သူငယ်ချင်းတွေနဲ့တူတူ သီချင်းဆိုရတာ ပျော်လား၊ သူငယ်ချင်းတွေနဲ့ အခုလို ချစ်ချစ်ခင်ခင်နေရတာ ပျော်လား” စသည် ဖြင့် မေးပါ။
- “အခုလို သူငယ်ချင်းတွေနဲ့ ဓမ္မစကူးလ်မှာ တူတူလာဆုံရတယ်။ သူငယ်ချင်းတွေ နဲ့လည်း တူတူသီချင်းဆိုရ၊ ကကြရတယ်။ အလွန်ကို ပျော်စရာကောင်းတယ်။ ဒါကြောင့် သားတို့၊ သမီးတို့ဟာ သူငယ်ချင်းအပေါ် ချစ်ခင်ရမယ်နော်၊ သူငယ် ချင်း အကူအညီလိုရင် ကူညီရမယ်နော်”ဟု ပြောပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းကောင်း မောင်ကဏန်းဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“ကလေးတို့ရေ အခု ဆရာက ကလေးတို့လိုပဲ . တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့ သူငယ်ချင်းကောင်း မောင်ကဏန်း ဇာတ်လမ်းပြောပြမယ်”ဟု အစပျိုးပြီး ရုပ်ပုံများကို ပြ၍ ပြောပြပါ။

သူငယ်ချင်းကောင်း မောင်ကဏန်း

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ လယ်သမားတစ်ယောက် ရှိခဲ့တယ်။ သူ့လယ် ကွင်းကြီးဟာ ရွာရဲ့မြောက်ဘက်အရပ်မှာ ရှိပါတယ်။ နေ့တိုင်း လယ်သမားလေးဟာ သူ့အလုပ်သမားနဲ့အတူ လယ်တောကို သွားခဲ့တယ်။ လယ်ထဲရောက်တိုင်း လုပ်စရာ ရှိတာတွေလုပ်ပြီး ရေကန်မှာ မျက်နှာသစ်လေ့ရှိတယ်။ သွားတိုက်ပြီး မျက်နှာသစ်ဖို့ ရေကန်ထဲ ဆင်းလိုက်တိုင်း အဲဒီရေကန်ထဲမှာနေတဲ့ ချစ်စရာကောင်းတဲ့ ကဏန်းလေးတစ်ကောင်ကို အမြဲတမ်း တွေ့ ရတယ်။ အဲဒီ ကဏန်းလေးနဲ့ လယ်သမားလေးတို့ဟာ နေ့တိုင်းတွေ့ နေရတော့ မိတ်ဆွေရင်းချာတွေလို ဖြစ်လာခဲ့တယ်။

လယ်သမားလေးလည်း ကြာလာတော့ ကဏန်းလေးနဲ့ ခင်မင်သွားပြီး လယ် တောကို လာတိုင်းလာတိုင်း သူ့ရဲ့ အပေါ်ရုံထဲမှာ ကဏန်းလေးကို ယုယုယယထည့်ပြီး အိပ်ခိုင်းလေ့ရှိတယ်။ အိမ်ပြန်တော့မယ်ဆိုမှ ရေကန်ထဲကို ပြန်ချပေးထားခဲ့တယ်။ အဲဒီလို ချစ်ချစ်ခင်ခင်နေလာရင်း ကဏန်းလေးရဲ့ ကိုယ်လုံးလေးဟာ အခြားကဏန်း တွေထက် ပိုမိုကြီးမားလာခဲ့တယ်။

အဲဒီလယ်ကွင်းကြီးရဲ့ အနားက ထန်းပင်ပေါ်မှာနေတဲ့ ကျီးမိုက်တစ်ကောင်ဟာ လယ်သမားလေးရဲ့ ကြည်လင်တောက်ပ ဝိုင်းစက်ပြီး စူးရှတဲ့ မျက်လုံးလေးကို ဖောက် စားချင်နေခဲ့တယ်။ ဒါနဲ့ အဲဒီကျီးမိုက်ဟာ လယ်သမားလေးရဲ့ မျက်လုံးကို ဖောက်စားဖို့ အတွက် အကြံအမျိုးမျိုး ထုတ်နေခဲ့တယ်။ နောက်ဆုံးတော့ လယ်ကန်သင်းနားက တောင်ပို့ထဲမှာနေတဲ့ မြွေဟောက်နဲ့ ရင်းနှီးအောင်လုပ်ပြီး အကူအညီတောင်းတော့ မြွေဟောက်ကလည်း ကူညီမယ်လို့ ကတိပေးလိုက်တယ်။

ဒီလိုနဲ့ တစ်နေ့မှာ မြွေဟောက်ဟာ လယ်ကန်သင်းဘေးနားမှာ ပုန်းပြီး လယ် သမားလေးအလာကို စောင့်နေခဲ့တယ်။ လယ်သမားလေးလည်း သူလုပ်နေကျအတိုင်း လယ်တောရောက်တာနဲ့ သူ့မိတ်ဆွေကဏန်းလေးကို သူ့အပေါ်ရုံမှာ အသာအယာထည့် ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နေတုန်းမှာ မြွေဟောက်ဟာ လယ်သမားရဲ့ ဖနောင့်ကို ချောင်းပြီး ပေါက်လိုက်တော့ လယ်သမားလေး လဲကျသွားခဲ့တယ်။ လယ်သမားလေး လဲကျသွားတာနဲ့ ကျီးမိုက်ဟာ လယ်သမားလေးရဲ့ ရင်ဘတ်ပေါ်နားပြီး မျက်စိတွေကို အတင်းထိုးဆိတ်တယ်။

ကဏန်းလေးက သူ့မိတ်ဆွေ. လယ်သမားလေး မျက်လုံးအဖောက်ခံရမှာကို သိလိုက်ပြီး သူ့ရဲ့ သန်မာတဲ့ လက်မတွေနဲ့ ကျီးမိုက်ရဲ့ လည်ပင်းကို ဖမ်းယူလိုက်ပါတယ်။ ကဏန်းလေးဟာ ကျန်တဲ့လက်မနဲ့ . မြွေဟောက်ရဲ့ လည်ပင်းကိုပါ ထပ်ပြီးဖမ်း လိုက်တယ်။ လည်ပင်းကို အညှပ်ခံလိုက်ရတဲ့ မြွေဟောက်ဟာ အလွန်တုန်လှုပ်ပြီး ကဏန်းလေးကို အမျိုးမျိုးတောင်းပန်တယ်။ နောက်ပြီး “သင့်ကိုလည်း ဘာမှ မလုပ်ဘဲနဲ့ ငါတို့ကို ဘာဖြစ်လို့ ဖမ်းထားရတာလဲ”လို့ မြွေဟောက်က မေးတော့ “ငါ့မိတ်ဆွေကို နှိပ်စက်သူတွေဖြစ်လို့ ဖမ်းထားရတာပါ”လို့ ကဏန်းလေးက ဖြေလိုက်တယ်။ `“ငါ့ကို လွှတ်ပေးရင် သင့်မိတ်ဆွေဆီက အဆိပ်တွေကို ပြန်စုပ်ပေးပါ့မယ်လို့ မြွေဟောက်က ပြောတော့ ကဏန်းလေးဟာ မြွေဟောက်ကို အနည်းငယ် ဖြေလျှော့ပေးပြီး လယ်သမား လေးကိုယ်ထဲက အဆိပ်တွေကို ပြန်ပြီးစုပ်ယူခိုင်းတယ်။ မြွေဆိပ်တွေကို စုပ်ယူပြီးတဲ့အခါ မှာ လယ်သမားလေးဟာ အကောင်းပကတိ ပြန်ဖြစ်သွားပြီး မတ်တတ်ရပ်နိုင်ခဲ့တယ်။

ကဏန်းလေးလည်း လယ်သမားလေး ပြန်ကောင်းလာတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် ကျီးမိုက်ကိုရော မြွေဟောက်ကိုပါ သူ့ရဲ့ သန်မာတဲ့ လက်မနဲ့ ညှပ်ပြီးဖြတ် လိုက်တယ်။ အဲဒီအချိန်ကစပြီး လယ်သမားလေးနဲ့ ကဏန်းလေးတို့လည်း ပျော်ပျော် ရွှင်ရွှင်နဲ့ လက်တွဲနေထိုင်သွားကြပါတယ်။

မှီငြမ်း ။ ။ သုဝဏ္ဏကက္ကဋဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ။ ၂ဝဝ။ ဇာ၊ ဋ္ဌ၊ ၃။ ၂၇၅။

֍ဇာတ်လမ်းပြောပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

- လယ်သမားလေးဟာ သူ့ရဲ့ အပေါ်ရုံထဲမှာ ဘာကိုထည့်ပြီး လယ်ထွန်လေ့ရှိသလဲ။
-ဘယ်သူက လယ်သမားလေးရဲ့ မျက်လုံးကို စားချင်တာလဲ။
- လယ်သမားလေးကို ဘယ်သူ ကူညီလိုက်တာလဲ။
- ဘာဖြစ်လို့ ကူညီတာလဲ။
-ဘယ်သူတွေဟာ သူငယ်ချင်းကောင်းတွေလဲ၊ ဘာဖြစ်လို့လဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မောင်ကဏန်းရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မောင်ကဏန်း ရုပ်ပုံကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆရာက “သူငယ်ချင်းကောင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ် ခင်ခင်နဲ့ အကူအညီပေးကြရတယ်။ ဒီနေ့ကစပြီး သားတို့၊ သမီးတို့တစ်တွေလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နေထိုင်ပြီး အကူအညီလိုတဲ့သူတွေကို ကူညီပေးနိုင်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေလို့ ဆရာ ဆုတောင်း ပေးလိုက်ပါတယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. “သူငယ်ချင်းရှိလို့ သူငယ်ချင်းနဲ့ ကစားရလို့” စသည့် အဖြေရသည်အထိ မေးပါ။
  2. ကလေးတစ်ဦးချင်းစီ ဖြေဆိုခွင့်ပေးပါ။ ဥပမာပြောပြထားခြင်းသာ ဖြစ်ပါသည်။ ဓာတ်ပုံမရှိလျှင်လည်း အခြားသင့်လျော်သလို ပြောပြနိုင်သည်။
  3. ဆရာသည် ကလေးများနှင့် အတူတူ ပါဝင်ရမည်။
  4. ဆရာက သီချင်းပါ စာသားအတိုင်း အမူအရာဖြင့် ပြုလုပ်ပါ။