ချစ်ချစ်ခင်ခင် နေကြမယ် -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၁) ချစ်ချစ်ခင်ခင် နေကြမယ် (ကျောင်းသားကိုင်သို့)
339282ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၁) ချစ်ချစ်ခင်ခင် နေကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

ချစ်ချစ်ခင်ခင် နေကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ သူငယ်ချင်းအချင်းချင်းချစ်ချစ်ခင်ခင် နေထိုင်တတ်စေရန်။

စာသင်ချိန်(၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ် သွားကြမယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံးကို ဝိုင်း ၂-ထပ် ဝိုင်းစေကာ အတွင်းအပြင် မျက်နှာချင်းဆိုင် နေစေပါ။

֍ထို့နောက် “ဓမ္မစကူးလ်သွားကြမယ်” သီချင်းကဗျာကို သံပြိုင်သီဆိုစေကာ အပြင် ဝိုင်းက ညာဘက်၊ အတွင်းဝိုင်းက ဘယ်ဘက်သို့ လှည့်ပါစေ။

ဓမ္မစကူးလ် သွားကြမယ်

လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဘုန်းဘုန်းတွေ့ မယ် ... ဆရာလေးတွေ့ မယ် ... ကုသိုလ်တွေရမယ် ...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် ... ပျော်ရွှင်သွားရမယ် ...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဆေးရောင်ခြယ်မယ် ... ပုံပြောပြမယ် ... သီချင်းတွေ ဆိုကြမယ်
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် ... ပျော်ရွှင်သွားရမယ်...။

֍သီချင်းရပ်လိုက်သည်နှင့် မျက်နှာချင်းဆိုင် သူငယ်ချင်းနှင့် တွေ့ဆုံကာ သူငယ်ချင်း အချင်းချင်း လက်အုပ်ချီနှုတ်ဆက်လျက် အပြန်အလှန် မေးခွန်းမေးပါစေ။

ဥပမာ - “သူငယ်ချင်းနာမည် ဘယ်လိုခေါ်လဲ” “သူငယ်ချင်းက ဘယ်မှာနေလဲ “သူငယ်ချင်းက ဘယ်လို ကစားရတာ ကြိုက်လဲ” စသည်။

စာသင်ချိန်(၂) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဆင်နှင့်မျောက်ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ ဆင် မြင်ဖူးလား
-ဆင်က ဘာလုပ်နိုင်သလဲ။ (အချိန်ပေး၍ လွတ်လပ်စွာ စဉ်းစားပါစေ။)
-မျောက်တွေကိုရော မြင်ဖူးလား။
-မျောက်ကရော ဘယ်လိုလဲ၊ ဘာလုပ်တတ်သလဲ။

֍“ကဲ အခု သားတို့၊ သမီးတို့ဟာ ဆင်လုပ်နိုင်တဲ့ အလုပ်တွေ၊ မျောက်လုပ်နိုင်တဲ့ အလုပ်တွေကို သိသွားပြီနော်၊ ဆင်နဲ့ မျောက်လိုပဲ အခြားတိရစ္ဆာန်တွေဟာလည်း သူ့အစွမ်းအစနဲ့သူ ရှိကြတယ်၊ အခု ဆရာက ဆင်နဲ့ မျောက်ဇာတ်လမ်းကို ပြောပြ မယ်နော်ဟု စကားချီပြီး ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဆင်နှင့် မျောက်

ဟိုးရှေးရှေးတုန်းက ဆင်ကြီးတစ်ကောင်နဲ့ မျောက်လေးတစ်ကောင်ဟာ တော အုပ်ကြီးတစ်ခုမှာ နေထိုင်ကြတယ်။ သူတို့ဟာ တစ်ကောင်နဲ့တစ်ကောင် မတည့်ကြဘူး။ “သူသာတယ်၊ ငါသာတယ်”ဆိုပြီး အမြဲတမ်း ငြင်းခုံနေကြတယ်။ ဆင်ကြီးကလည်း ကုန်းပေါ်မှာ အကောင်အကြီးဆုံး ခွန်အားအကြီးဆုံးဖြစ်လို့ သူသာ အသာဆုံးလို့ပြော တယ်။ မျောက်လေးကလည်း သူက သွက်လက်တယ်၊ ပေါ့ပါးတယ်၊ သစ်ပင်တက်ကျွမ်း တယ်၊ ဒါကြောင့် သူသာ အသာဆုံးဆိုပြီး အချင်းချင်း အမြဲတမ်း ငြင်းခုံနေခဲ့ကြတယ်။

တစ်နေ့ ဆင်ကြီးနဲ့ မျောက်လေးဟာ ဘယ်သူက သာသလဲဆိုတာကို ဆုံးဖြတ် ပေးဖို့ ပညာရှိကြီး ဦးဇီးကွက်ကို သွားမေးကြတယ်။ ဦးဇီးကွက်က သူတို့နှစ်ယောက်ကို “ချောင်းတစ်ဘက်ကမ်းမှာရှိတဲ့ သရက်ပင်က သရက်သီးကို ရအောင်ယူနိုင်တဲ့သူဟာ အသာဆုံးပဲ” လို့ ပြောလိုက်တယ်။

ဒီတော့ ဆင်ကြီးက သရက်သီး ခူးဖို့ဆိုပြီး ချောင်းတစ်ဘက်ကမ်းရောက်အောင် ရေကူးသွားခဲ့တယ်။ ဒါပေမဲ့ မျောက်လေးက ရေမကူးတတ်တော့ တစ်ဘက်ကမ်းမှာပဲ ကျန်ရစ်ခဲ့တယ်။ ဆင်ကြီးကတော့ ဟိုဘက်ကမ်းက သရက်ပင်ကြီးအောက်ကို ရောက် သွားခဲ့တယ်။ ဆင်ကြီးဟာ သရက်ပင်အောက်ကို ရောက်ပေမဲ့ သရက်သီးက အတော် မြင့်တဲ့နေရာမှာ ရှိနေတာမို့ နှာမောင်းနဲ့ မမီဖြစ်နေတော့ သရက်သီးကို ခူးမရ ဖြစ်နေခဲ့ တယ်။ ဒီတော့မှ ဆင်ကြီးဟာ တစ်ဘက်ကမ်းကို ပြန်သွားပြီး ရေမကူးတတ်လို့ ကျန်နေ တဲ့ မျောက်လေးကို သူ့ကိုယ်ပေါ် တက်စေတယ်။ အဲဒီနောက် ချောင်းကိုကူးပြီး သရက် ပင်အောက်ကို ပြန်လာခဲ့တယ်။ သရက်ပင်အောက် ရောက်တာနဲ့ မျောက်လေးဟာ သရက်ပင်ပေါ်ကို အလျင်အမြန် တက်သွားပြီး သရက်သီးကို ခူးလိုက်နိုင်တယ်။ ဒီတော့မှ ဆင်ကြီးနဲ့မျောက်လေးဟာ ပညာရှိကြီး ဦးဇီးကွက် ဘာဖြစ်လို့ သရက်သီး ခူးခိုင်းရတာလဲ ဆိုတာကို သဘောပေါက်သွားကြပါတယ်။

ဆင်ကြီးနဲ့ မျောက်လေးဟာ သရက်သီးခူးပြီး ပညာရှိကြီး ဦးဇီးကွက်ဆီကို ပြန်လာခဲ့ကြတယ်။ ပညာရှိကြီး ဦးဇီးကွက်က “ဘယ်သူက သာတယ်၊ ဘယ်သူက ညံ့ တယ်၊ ဘယ်သူက တော်တယ်၊ လုပ်မနေဘဲ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်ပေးတာ အကောင်းဆုံးပဲ”ဆိုပြီး ဆုံးမစကား ပြောခဲ့တယ်။ အဲဒီအချိန်ကစပြီး ဆင်ကြီးနဲ့ မျောက်လေးဟာ တစ်ကောင်နဲ့တစ်ကောင် အလွန်ချစ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကာ တစ်သက်လုံး ငြင်းခုံရန်ဖြစ်တာတွေ မဖြစ်တော့ဘဲ ချစ်ချစ်ခင်ခင် နေထိုင် သွားကြတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါ မေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲမှာ ဆင်က ဘာတွေ လုပ်တတ်သလဲ။
-ဇာတ်လမ်းထဲမှာ မျောက်က ဘာတွေ လုပ်တတ်သလဲ။
-ဆင်နဲ့မျောက်က သူငယ်ချင်းတွေလား။
-တစ်ဘက်ကမ်းက သရက်သီးကို ဆင်နဲ့မျောက် ဘယ်လို ခူးကြလဲ။
-မျောက်မပါဘဲ ဆင်တစ်ကောင်တည်း ဘာဖြစ်လို့ သရက်သီး မခူးနိုင်ရသလဲ။
-ဆင်မပါဘဲ မျောက်တစ်ကောင်တည်း ဘာဖြစ်လို့ သရက်သီး မခူးနိုင်ရသလဲ။

֍သူငယ်ချင်းဟူသည်မှာ အလွန်အရေးကြီးကြောင်း၊ သူငယ်ချင်းများနှင့် ချစ်ချစ် ခင်ခင် နေထိုင်သင့်ကြောင်း အကျယ်တဝင့် ပြောကြားပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကြိုးအဖြစ်သုံးရန် အဝတ်စများ။

သင်ယူမှုလုပ်ငန်းစဉ်

“သူငယ်ချင်းအချင်းချင်း ညီညီညွတ်ညွတ် နေတာဟာ အရေးကြီးလား၊ မကြီးဘူး လား” ဟု မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

֍“ကဲ အခု အချင်းချင်း ညီညီညွတ်ညွတ်နေတာဟာ ဘယ်လောက် အရေးကြီး သလဲဆိုတာ သိရအောင် ကစားနည်းလေးတစ်ခု ကစားကြည့်ကြမယ်”ဟု ပြောပြီး ကလေးများကို နှစ်ယောက်တစ်တွဲ ဘေးတိုက်ယှဉ်ရပ်စေ၍ ကပ်လျက်ဖြစ်နေ သော ကလေးနှစ်ယောက်၏ ခြေထောက်တစ်ဖက်စီကို အဝတ်စကြိုးဖြင့် ချည်ကာ ကျောင်းသား အရေအတွက်ပေါ် မူတည်၍ ၅ တွဲ (သို့မဟုတ်) ၁၀ တွဲစီ အပြေးပြိုင်စေပါ။

֍ခြေထောက်များကို ကြိုးချည်ရာတွင် ကလေးများ မနာကျင်အောင် ဂရုစိုက်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းကောင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၁၊ ၂၊ ၃) ကို ပြန်လည်ချိတ်ဆက်ပြီး ချစ်ချစ်ခင်ခင် နေထိုင်သင့်ကြောင်း ပြောပြပြီး အောက်ပါ မေးခွန်းများကို မေးပါ။

[သတိပြုရန် 1]

-ကလေးတို့ ကျောင်းသားကောင်း ဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား။
-ကျောင်းသားကောင်းတွေဟာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ကြလား။
-ကျောင်းသားကောင်းတွေဟာ သူငယ်ချင်းတွေနဲ့ ဘယ်လိုနေလဲ။
-အနိုင်ကျင့်တာဟာ ကျောင်းသားကောင်းတွေရဲ့ အလုပ်လား။
-အနိုင်ကျင့်တာဟာ ရှက်စရာ ကောင်းလား၊ မကောင်းဘူးလား။
-ကျောင်းသားကောင်းတွေရဲ့ အပြုအမူတွေက ဘာတွေလဲ။

֍ထို့နောက် အောက်ပါ “သူငယ်ချင်းကောင်း” သီချင်းကဗျာကို အသံနေ အသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

သူငယ်ချင်းကောင်း

အစာစားလည်း အတူတူ၊
ကစား အတူတူ။
လဲကျသူကို ထူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ၊
တို့များ ပျော်ရွှင်ကြ။

  1. ကလေးများကို တစ်ယောက်ချင်း အလိုက်ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ၊ အားလုံးခြုံ၍ဖြစ်စေ အမျိုးမျိုးမေးမြန်းပြီး ကလေးများအားလုံး ဖြေဆိုခွင့်ရအောင် ပြုလုပ်ပေးပါ။