တစ်ကိုယ်ရေ သန့်ရှင်းရေး -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၉) တစ်ကိုယ်ရေ သန့်ရှင်းရေး (ကျောင်းသားကိုင်သို့)
339280ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၉) တစ်ကိုယ်ရေ သန့်ရှင်းရေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

တစ်ကိုယ်ရေသန့်ရှင်းရေး

သင်ယူမှုဦးတည်ချက် ။ ။ တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အကျင့်ကောင်းများကိုသိရှိပြီး သန့်ရှင်းစွာ နေထိုင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကိုကိုနဲ့ ညီညီဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများ ခေါင်းဖြီးထားခြင်း ရှိ/မရှိ အချင်းချင်း ကြည့်ခိုင်းပါ။ ပြီးလျှင် အောက်ပါ မေးခွန်းများကို မေးပါ။

-ဒီနေ့ ဘယ်သူတွေ ခေါင်းဖြီးထားသလဲ။ ကြည့်လိုက်ကြပါဦး။
-ဘယ်သူတွေ လက်သည်းရှည်နေသလဲ၊ ကိုယ့်လက်ကို ကြည့်လိုက်ပါဦး။

֍ထို့နောက် အောက်ပါ ကိုကိုနှင့် ညီညီ ဇာတ်လမ်းကို ပြောပြပါ။

[သတိပြုရန် 1][သတိပြုရန် 2][သတိပြုရန် 3]

ကိုကိုနဲ့ ညီညီ

တစ်ခါတုန်းက ကိုကိုနဲ့ ညီညီဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ ညီညီက သန့်ရှင်းသလောက် ကိုကိုက သိပ်ပြီး ညစ်ပတ်တယ်။ ညီညီက အိပ်ရာထရင် သေချာ သွားတိုက်ပြီး မျက်နှာလည်း သေချာသစ်တယ်။ နေ့တိုင်းလည်း ရေချိုးတယ်။ ကိုကိုက တော့ မေမေက ရေချိုးဖို့ခေါ်ရင် ထွက်ပြေးလေ့ရှိတယ်။ ပြီးတော့ လက်သည်း၊ ခြေသည်း ညှပ်ရတာလည်း ကိုကိုက မကြိုက်ဘူး။ ကစားပြီးရင်လည်း လက်ကို ဘယ်တော့မှ ပြောင်အောင် မဆေးဘူး။ ညီညီက သူ့လက်သည်းတွေ ရှည်နေရင် မေမေ့ကိုပြပြီး ညှပ်ပေးပါလို့ ပြောတတ်တယ်။ ကစားပြီးတိုင်းလည်း လက်ကို ပြောင်အောင် ဆေးတယ်။ ကိုကိုက ခေါင်းလည်း မဖြီး၊ အုန်းဆီလည်း မလိမ်းချင်ဘူး။ ညီညီကတော့ မေမေက ဆီလိမ်းပြီး ခေါင်းဖြီးပေးရင် ငြိမ်ငြိမ်လေးနေတယ်။ ညီညီက မွှေးနေသလောက် ကိုကို့နား က ဖြတ်သွားရင် အလွန်နံတာပဲလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ညီညီနားမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကိုကို့နားမှာတော့ ဘယ်သူမှ မနေချင်ဘူး။ အဲဒီလို သန့်သန့်ရှင်းရှင်းနေတတ်တဲ့အတွက်ကြောင့် ညီညီကို သူရဲ့ဖေဖေ၊ မေမေ၊ ဘိုးဘိုး ဘွားဘွားနဲ့ ဦးဦး၊ ဒေါ်ဒေါ်တွေရော ဆရာတွေကပါ အားလုံး ဝိုင်းချစ်ကြတယ်။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ဘယ်သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိသလဲ။
-ဘာဖြစ်လို့လဲ။
-ဘယ်သူ ခဏခဏနေမကောင်းဖြစ်မယ်ထင်သလဲ။
-ဘာဖြစ်လို့လဲ။
-နေမကောင်း ဖြစ်ဖူးသလား။
-အဲဒီတုန်းက ဘယ်လိုနေရသလဲ။
-နေမကောင်းရင် ဘာတွေဖြစ်မလဲ။

֍ကိုကိုနှင့် ညီညီပုံများကို အတန်း၏ တစ်နေရာတွင် ချိတ်ထားပါ။ “မည်သူနှင့် တူချင်ပါသနည်း”ဟုမေး၍ ၎င်းတို့ နှစ်သက်ရာပုံ၏ ရှေ့တွင် လာ၍ရပ်ပါစေ။

-ကိုကိုနဲ့ ညီညီ ဇာတ်လမ်းထဲက ... ကိုကိုနဲ့ ညီညီနှစ်ယောက်မှာ ဘယ်သူနဲ့ သူငယ်ချင်းဖြစ်ချင်လဲ။
-ဘာဖြစ်လို့လဲ။
-ကလေးတို့ကိုယ်တိုင်ရော ဘယ်သူနဲ့ တူချင်သလဲ။
-ဘာဖြစ်လို့လဲ။

֍မေးခွန်းအားလုံး ဖြေပြီးပါက “လူတိုင်းက သန့်ရှင်းသူနှင့်သာ သူငယ်ချင်းဖြစ်ချင်ကြ သည့်အတွက်ကြောင့် မိမိကိုယ်တိုင် သန့်ရှင်းအောင် နေရမည်ဖြစ်ကြောင်း” ဆရာက ရှင်းပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တစ်ကိုယ်ရေသန့်ရှင်းရေး သီချင်းကဗျာနှင့် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်ဆိုင်သော ရုပ်ပုံများကို အခန်းပတ်လည်တွင် ချိတ်ဆွဲထားပါ။

[သတိပြုရန် 4]

-မျက်နှာသစ်နေပုံ၊
-သွားတိုက်နေပုံ၊
-ရေချိုးနေပုံ၊
-လက်ဆေးနေပုံ၊
-သနပ်ခါးလိမ်းနေပုံ။

֍ထို့နောက် အောက်ပါမေးခွန်းများ မေးမြန်းပြီး ပြုလုပ်မည့် ရုပ်ပုံရှေ့တွင် သွား၍ရပ်ကြပါစေ။

-မနက်အိပ်ရာ ထလာတာနဲ့ ဘာလုပ်ကြမလဲ။
-ကျောင်းမသွားခင် ဘာလုပ်ကြမလဲ။
-ညအိပ်ရာ မဝင်ခင် ဘာလုပ်ကြမလဲ။
-အစာမစားခင် ဘာလုပ်ကြမလဲ။
-ကစားပြီးရင် ဘာလုပ်ကြမလဲ။
-မုန့်၊ ထမင်း မစားခင် ဘာလုပ်ကြမလဲ။
-အိမ်သာက ဆင်းလာရင် ဘာလုပ်ကြမလဲ။

֍“အစားတစ်ခုခု စားပြီးတိုင်း ပလုတ်ကျင်းရမည်ဖြစ်ကြောင်း” စသည်ဖြင့် တစ်ကိုယ် ရေ သန့်ရှင်းရေးနှင့်ဆိုင်သော အချက်များကို ကလေးငယ်များ နားလည်အောင် လက်ခံပေးပါ။

ပြောပြပြီးလျှင် အောက်ပါသီချင်းကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး

ခြေသည်း လက်သည်း လှီးပါ့မယ်၊
ချေးညှော် ကင်းအောင်ကွယ်။
မျက်နှာသစ်ကာ ရေချိုးစို့၊
ဆပ်ပြာတိုက်ပါလို့။
ကိုယ်လက် သန့်ရှင်းထားပါ့မယ်၊
သွားကို တိုက်ကာရယ်။
ခေါင်းကိုဖြီးကာ ဆီလိမ်းလို့၊
မွေးကြိုင် လန်းစေဖို့။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဆပ်ပြာခွက်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး (သို့မဟုတ်) ဆား၊ ကျောက်ပျဉ်၊ သနပ်ခါးရေ၊ ရေခွက်၊ ဆံပင်ပုံ၊ ခေါင်းလျှော်ရည်၊ ခြေလက်ပုံ၊ လက်သည်းညှပ်၊ ရေဇလုံ၊ လက်သုတ်ပုဝါ ပန်းချီကတ်ပြားများ (သို့မဟုတ်) ဓာတ်ပုံကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စု (၂) စု ဖွဲ့ပါ။

֍တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို ကလေး အုပ်စုတစ်စုအားလည်းကောင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ရမည့် ခန္ဓာကိုယ် အစိတ်အပိုင်း .. ပန်းချီပုံကတ်ပြားများ သို့မဟုတ် ဓာတ်ပုံကတ်ပြားများကို ကျန် ကလေးအုပ်စုအားလည်းကောင်း ဝေပေးပါ။

֍ဆရာက ဦးဆောင်၍ “ခြေလက်ပုံလေးတွေ ဘယ်သူ့ဆီမှာ ရှိသလဲဟု မေး၍ ရရှိထားသူများအား အများမြင်အောင် ထောင်ပြခိုင်းပါ။ ထို့နောက် “ခြေသည်း လက်သည်းတွေ ရှည်နေရင် . ဒီဘက်အုပ်စုက ဘာပစ္စည်းနဲ့ တွဲမလဲ”ဟုမေး၍ မြှောက်ပြခိုင်းပါ။ အကယ်၍ “လက်သည်းညှပ်ပုံ”နှင့် မယှဉ်တွဲတတ်ပါက အောက်ပါ အတိုင်း ဦးဆောင်မေးမြန်းပြီးမှ လုပ်ဆောင်ပါစေ။

ဥပမာ-
-“ခြေသည်းလက်သည်းတွေ ရှည်နေရင် ဘာလုပ်မလဲ”
-“ဘာနဲ့ ညှပ်ရမလဲ”
-“လက်သည်းညှပ်”ဟူသော အဖြေရအောင် မေးပါ။ အဖြေရပြီးမှ “လက်သည်းညှပ်ပုံ ဘယ်သူတွေဆီမှာ ရှိသလဲ မြှောက်ပြပါဦး”

֍ကျန်ရှိသော ပစ္စည်းများကိုလည်း အထက်ပါအတိုင်း ယှဉ်တွဲပါစေ။ အသုံးဝင်မှုကိုပါ တစ်ပါတည်း သိသွားစေရန် သတိပြုပါ။

֍ဗုဒ္ဓဘုရားရှင်က သန့်ရှင်းမှုကို နှစ်သက်သဘောကျကြောင်း၊ သန့်ရှင်းမှုရှိလျှင် စိတ်ကြည်လင်ပြီး ဉာဏ်ကောင်း၍ စာလည်း တော်မည်ဖြစ်ကြောင်း၊ ကျန်းမာပြီး သွက်လက်ဖျတ်လတ်သော၊ ချစ်စရာကောင်းသော ကလေးများကို အားလုံးက ချစ်ခင်ကြောင်း အနှစ်ချုပ်၍ ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။

စာသင်ချိန် (၂) တွင် အသုံးပြုခဲ့သော ပုံများနှင့် လက်ဆေးကြစို့နော် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကျောင်းတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်မှ လက်ဆေးခြင်းအကြောင်း သင်ပြီးခြင်း ရှိ/မရှိ မေးပါ။ သင်ပြီးပြီဆိုပါက အောက်ပါ မေးခွန်းများကို မေးမြန်းပြီး သင်ခန်းစာကို ပြန်နွေးပေးပါ။

-ဘယ်အချိန်တွေမှာ လက်ဆေးကြရမလဲ။
-ဘာကြောင့် လက်ဆေးဖို့ အရေးကြီးသလဲ။
-လက်မဆေးရင် ဘာတွေ ဖြစ်နိုင်သလဲ။

֍အကယ်၍ မသင်ရသေးဘူးဆိုပါက အောက်ပါ သင်ယူမှုလုပ်ငန်းစဉ်များကို ပေးပါ။

֍ရုပ်ပုံများကို ပြသပြီး လက်ဆေးဖို့အရေးကြီးပုံကို ပြောပြပါ။

ဥပမာ - လက်မဆေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှင့် ရောဂါများကို ရှင်းပြပါ။

֍ထို့နောက် အောက်ပါသီချင်းကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆို ပြပါ။ ကလေးများအားလုံးကိုလည်း အသံနေအသံထား ဟန်အမူအရာများဖြင့် လိုက် ဆိုပါစေ။

လက်ဆေးကြစို့နော်

အစားအစာ စားတိုင်းကွယ်၊
လက်ဆေးကြရမယ်။
လက်ကို စင်စင်ဆေး၊
ကျန်းမာရေးနဲ့ ညီညွတ်တယ်၊
(တူပျော်ပျော်)- ထမင်းစားဖို့ မေမေခေါ်၊
လက်ဆေးကြစို့နော်၊
ဟေ့ ... လက်ဆေးကြစို့နော်။ ။

֍ထို့နောက် တစ်ကိုယ်ရေသန့်ရှင်းရေး အရေးကြီးပုံအကြောင်းကို ပြန်လည်ရှင်းပြ အနှစ်ချုပ်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကွာခြားချက်များ ပြောနိုင်သမျှ ပြောစေရန် အချိန်ပေး၍ သေချာစွာ ကြည့်ရှုပါစေ။
  2. တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သော အချက်အလက်များ ပြောဖြစ်စေရန် လမ်းကြောင်းတည့်ပေးပါ။
  3. ကလေးများ ၎င်းတို့၏ အတွေ့အကြုံကို လွတ်လပ်စွာ ပြောခွင့် ပေးပါ။ အချင်းချင်း ရှုတ်ချခြင်းမျိုးကို မပြုလုပ်ရန်နှင့် မိမိကိုယ်ကို ပြန်လည်ကြည့်ရှုရန် ပြောပါ။
  4. ကလေးများ ဖြေသမျှ လက်ခံပေးပါ။