ယဉ်ယဉ်ကျေးကျေး စားသောက်မယ် -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၈) ယဉ်ယဉ်ကျေးကျေး စားသောက်မယ် (ကျောင်းသားကိုင်သို့)
339279ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၈) ယဉ်ယဉ်ကျေးကျေး စားသောက်မယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

ယဉ်ယဉ်ကျေးကျေးစားသောက်မယ်

သင်ယူမှုဦးတည်ချက် ။ ။ ယဉ်ယဉ်ကျေးကျေး သန့်သန့်ရှင်းရှင်း စားသောက်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သန့်ရှင်းသပ်ရပ်စွာ စားသောက်နေသော ကလေးပုံ၊

သင်ယူမှုလုပ်ငန်းစဉ်

֍သန့်ရှင်းသပ်ရပ်စွာ စားသောက်နေသော ကလေးပုံကို ပြလျက် အောက်ပါ မေးခွန်းများ မေးမြန်းပါ။

[သတိပြုရန် 1]

-သားတို့၊ သမီးတို့ ဘယ်အချိန်မှာ လက်ဆေးကြရမလဲ။
-သားတို့၊ သမီးတို့ ဘာစားလာခဲ့ကြသလဲ။
-စားလို့ ကောင်းလား။
-မစားခင် လက်ဆေးကြရဲ့လား။ (“ဆေးပါတယ်”ဟု ဖြေကြပါလိမ့်မည်။)
-မစားခင် ဘာကြောင့် လက်ဆေးကြတာလဲ။ (ကလေးများကို လွတ်လပ်စွာ ဖြေဆိုကြပါစေ။)
-ဘာနဲ့ လက်ဆေးကြသလဲ။
-စားပြီးရင်ရော လက်ဆေးကြရဲ့လား။
-စားပြီးရင် ဘာကြောင့် လက်ဆေးကြတာလဲ။
-ဘာနဲ့ လက်ဆေးကြသလဲ။

֍ထို့နောက် “လက်မဆေးဘဲ အစာစားမိရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ” ဟူသော မေးခွန်းကို မေးပါ။

֍ကလေးများအားလုံး ပါဝင်ဖြေဆိုကြပါစေ။

֍ထို့နောက် လက်မဆေးဘဲ စားမိလျှင် လက်တွင် ပေကျံနေသော အညစ်အကြေး ဖုန်များ၊ သဲများ၊ ဗိုက်ထဲရောက်နိုင်ကြောင်း၊ ဗိုက်ထဲရောက်လျှင် သံကောင်များ ဖြစ်သွားတတ်ကြောင်း၊ သို့ဖြစ်၍ လက်ကို သေသေချာချာ ဆပ်ပြာနှင့် စင်ကြယ် အောင်ဆေးပြီး သန့်သန့်ရှင်းရှင်း စားသင့်ကြောင်း၊ စားပြီးလျှင်လည်း ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးကြောရမည်ဖြစ်ကြောင်း၊ ဆပ်ပြာနှင့် စင်ကြယ်အောင် မဆေး ကြောဘဲ ညစ်ညစ်ပတ်ပတ်နေလျှင် နေမကောင်းဖြစ်ပြီး ရောဂါများတတ်ကြောင်း စသော အသိအမြင်များကို ဆရာကပြောပြ၍ အနှစ်ချုပ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မယ်ယဉ်ကျေးဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ သန့်သန့်ရှင်းရှင်း စားတာသောက်တာ ကောင်းလား၊ ညစ်ညစ် ပတ်ပတ် မသန့်မရှင်း စားတာသောက်တာ ကောင်းလား”ဟု မေးပြီး စာသင်ချိန် (၁) နှင့် ပြန်လည်ချိတ်ဆက်ပါ။

[သတိပြုရန် 2]

֍“အခု သားတို့၊ သမီးတို့ကို သန့်သန့်ရှင်းရှင်း၊ ယဉ်ယဉ်ကျေးကျေး စားသောက်လို့ မယ်ယဉ်ကျေးဆုကို ရသွားတဲ့ ကလေးမလေးတစ်ယောက်အကြောင်းကို ပြောပြမယ်” ဟု အစချီပြီး အောက်ပါ မယ်ယဉ်ကျေးဇာတ်လမ်းကို ဟန်အမူအရာဖြင့် ပြော ပြပါ။

မယ်ယဉ်ကျေး

စုစုနဲ့ နုနုတို့ နေတဲ့ကျောင်းမှာ နှစ်စဉ်နှစ်တိုင်း “မယ်ယဉ်ကျေး၊ မောင်ယဉ်ကျေး” ဆုပေးပွဲ ကျင်းပလေ့ရှိတယ်။ ဒီဆုကို ရဖို့ဆိုရင် စာလည်း တော်ရမယ်၊ လိမ္မာယဉ်ကျေး ရမယ်။ ဒီနှစ်တော့ အတန်းထဲမှာ တစ်ယောက်တစ်လှည့် ပထမဆုကို ရနေကြတဲ့ စုစုနဲ့ နုနုဆိုတဲ့ ကျောင်းသူလေးနှစ်ဦးဟာ “မယ်ယဉ်ကျေးဆုကို ရဖို့ အပြိုင်အဆိုင် ဖြစ်နေ ပါတယ်။ ကျောင်းအုပ်ကြီးကရော ဆရာတွေကပါ ဘယ်သူ့ကို ရွေးချယ်ရမှန်းမသိ ဖြစ်နေ ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ယောက်စလုံးဟာ ပညာရေးမှာလည်း ထူးချွန် ကြတာချင်း တူနေတယ်။ လိမ္မာယဉ်ကျေးတာလည်း တူနေတယ်။ ဆရာတွေ အားလုံး က အမြဲချီးကျူးနေကြရတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်နေတယ်။ နှစ်ယောက်စလုံးမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ရှိနေတာမို့ ဘယ်သူ့ကို ရွေးချယ်ရမှန်း မသိတဲ့ အတွက် အခက်တွေ့နေပါတော့တယ်။

ဒီတော့ ဆရာတွေဟာ ပထမဆုံး စမ်းသပ်တဲ့အနေနဲ့ ခေါက်ဆွဲကြော် အာဟာရ ဒါန ကျွေးပါတယ်။ ခေါက်ဆွဲကြော်က အလွန်ကောင်းလွန်းလို့ ကလေးတွေဟာ အားရ ပါးရ ပျော်ပျော်ရွှင်ရွှင် စားကြတယ်။ နောက်တစ်လမှာတော့ ကြက်သားဆီပြန်ဟင်းနဲ့ ထမင်းကျွေးပြန်ပါတယ်။ ငါးကြိမ်မြောက်ကျွေးအပြီးမှာတော့ နုနုကို ရွေးချယ်ဖို့ သဘော တူ ဆုံးဖြတ်ခဲ့ကြတယ်။

အာဟာရဒါနကျွေးပွဲမှာ တချို့ကလေးတွေဟာ အစားအစာကို စားတဲ့အခါ လျှာကြီးကို အရင်ထုတ်ပြီးမှ စားတတ်သလို ပါးစပ်ထဲမှာ ထမင်းတွေ၊ မုန့်တွေ ပလုတ် ပလောင်းနဲ့လည်း စကားတွေ..ပြောတတ်ပါတယ်။ တချို့ ကလေးတွေကျတော့လည်း ထမင်းစေ့တွေ စားပွဲခုံပေါ်ကျအောင်လည်း စားကြတယ်။ ထမင်းတွေ၊ ဟင်းတွေ ပေနေ လို့ ညစ်ပတ်နေတဲ့ မဆေးရသေးတဲ့လက်နဲ့ ဟင်းရည်ဇွန်းတွေ၊ သောက်ရေခွက်တွေကို ကိုင်တဲ့အခါ ကိုင်ကြတယ်။ အဆိုးဆုံးကတော့ စားပြီးရင် လက်ကို လျှာကြီးနဲ့ လျက်ကြ တာပါပဲ။ နောက်ပြီး ထမင်းတွေကို ကုန်အောင်မစားဘဲ ပန်းကန်ထဲမှာ အများကြီး ချန်ထားခဲ့ကြတယ်။ ဒီလိုအပြုအမူတွေဟာ မယဉ်ကျေးတဲ့သူတွေ ပြုမူတတ်တဲ့ ရှက်စရာ ကောင်းတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ စုစုလေးဟာလည်း စားတဲ့ သောက်တဲ့နေရာမှာ တခြားကလေးတွေလိုပဲ သန့်သန့်ရှင်းရှင်း မစားတတ်ဘူး။ ဒါ့ကြောင့် စုစုလေးဟာ မယ်ယဉ်ကျေးအဖြစ် အရွေးချယ်မခံရတာ ဖြစ်ပါတယ်။

တချို့ ကလေးတွေကျတော့ စောစောကလို မသန့်မရှင်း မစားကြဘူး။ အစာစားတဲ့အခါ စည်းကမ်းရှိရှိ ယဉ်ယဉ်ကျေးကျေးနဲ့ သပ်သပ်ရပ်ရပ် စားတတ်ကြပါတယ်။ ထမင်းလုတ်ယူပြီးတဲ့လက် ပါးစပ်နားရောက်မှ ပါးစပ်ကို ဟပြီး စားလေ့ရှိသလို ပါးစပ်ကြီး ပလုတ်ပလောင်းနဲ့လည်း စကားမပြောကြဘူး။ ထမင်းစေ့တွေ စားပွဲပေါ်မကျအောင် လည်း လက်ကလေးနဲ့ သိမ်းပြီး စားတတ်ကြတယ်။ ဟင်းရည်တွေ မညစ်ပေတဲ့လက်နဲ့ ဇွန်းတွေ၊ သောက်ရေခွက်တွေကို ကိုင်ကြတယ်။ ထမင်းကိုလည်း ကုန်နိုင်သလောက် လေးပဲ ထည့်ပြီး ကုန်အောင် စားလေ့ရှိကြတယ်။ နောက်ပြီး လက်ကိုလည်း လျှာကြီးနဲ့ ဘယ်တော့မှ မလျက်ဘူး။ နုနုလေးဟာ အဲဒီလို ယဉ်ယဉ်ကျေးကျေးနဲ့ စည်းကမ်းရှိရှိ စားတတ်တဲ့အတွက်ကြောင့် စုစုလေးနဲ့ စာတော်တာတူပေမဲ့ “မယ်ယဉ်ကျေး” ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

֍ဇာတ်လမ်းပြောပြီးနောက် အောက်ပါ မေးခွန်းများ မေးပါ။

-မယ်ယဉ်ကျေး၊ မောင်ယဉ်ကျေးဆူ ဆိုတာ ဘယ်လိုကလေးမျိုးတွေ ရတတ်တာလဲ။

(ဤမေးခွန်းသည် အနည်းငယ် မြင့်နေပါလိမ့်မည်။ သို့ရာတွင် ကလေးများကို လွတ်လပ်စွာ ဖြေဆိုခွင့်ပေးပါ။ စာတော်ပြီး လိမ္မာယဉ်ကျေးသူ၊ ယဉ်ယဉ်ကျေးကျေး စားသောက် တတ်သူများသာ မယ်ယဉ်ကျေး/မောင်ယဉ်ကျေးဆုကို ရတတ်ကြောင်းကို ဆရာက ပြောပြသိစေရပါမည်)။

-ဇာတ်လမ်းထဲမှာ မယ်ယဉ်ကျေးဆုကို ဘယ်သူ ရသွားလဲ။
-နုနုလေးဟာ မယ်ယဉ်ကျေးဆုကို ဘာကြောင့် ရသွားတာလဲ။
-စုစုလေးဟာ မယ်ယဉ်ကျေးဆု ဘာဖြစ်လို့ မရတာလဲ။
-သားတို့၊ သမီးတို့ အစားအသောက်တွေ စားရင် ယဉ်ယဉ်ကျေးကျေးဖြစ်အောင် ဘယ်လို စားရမလဲ။ (လွတ်လပ်စွာ ဖြေဆိုကြပါစေ။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ထမင်းစားသောက်ပုံအမျိုးမျိုး -

(၁) ထမင်းလုတ် မရောက်ခင် ကြိုတင်ပြီး လျှာထုတ်၊ ပါးစပ်ဟကာ စားနေပုံနှင့် ထမင်းလုတ်ပါးစပ်နားရောက်မှ ပါးစပ်ကို ဟပြီး စနစ်တကျ စားနေပုံ။
(၂) ပလုတ်ပလောင်းစားရင်း စကားပြောနေပုံနှင့် ပလုတ်ပလောင်းမဟုတ်ဘဲ သေသေသပ်သပ် စားနေပုံ။
(၃) စားပွဲပေါ်တွင် ဟင်းရည်များ၊ ထမင်းလုံးများ ပေကျံလျက် စားနေပုံနှင့် သန့်သန့်ရှင်းရှင်း စားနေပုံ။
(၄) ညစ်ပတ်ပေရေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်နေပုံနှင့် သန့်ရှင်းသောလက်ဖြင့် သောက်ရေခွက်ကို ကိုင်နေပုံ။
(၅) ပန်းကန်ထဲတွင် ထမင်းကုန်အောင် မစားဘဲ ထားခဲ့ပုံနှင့် ကုန်စင်အောင် စားပုံ။

သင်ယူမှုလုပ်ငန်းစဉ်

စားသောက်ပုံအမျိုးမျိုး ဆန့်ကျင်ဘက်ပုံများကို တစ်ပုံချင်းစီပြလျက် အောက်ပါ မေးခွန်းများကို မေးပါ။

[သတိပြုရန် 3]

-ဒီပုံထဲမှာ ဘယ်လို စားနေတာလဲ။
-သူ စားနေတဲ့ပုံစံက ကြည့်လို့ကောင်းလား။
-ဘယ်ပုံထဲကလို စားရင် ကြည့်လို့ ကောင်းမလဲ။
-ဘယ်ပုံထဲကလို စားရင်တော့ ကြည့်လို့ မကောင်းဘူးလဲ။
-သားတို့၊ သမီးတို့ဆိုရင် ဘယ်ပုံထဲကလို စားကြမလဲ။

֍ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍စားသောက်ပုံ အမျိုးမျိုးပုံများကို တစ်အုပ်စုလျှင် တစ်စုံစီ ဝေပေးပြီး သန့်သန့်ရှင်းရှင်း စားသောက်ပုံနှင့် မသန့်မရှင်း စားသောက်ပုံများကို ဆွေးနွေး ရွေးချယ်ကြပါစေ။

֍ထို့နောက် အုပ်စုအသီးသီးအား “အဲဒီပုံတွေထဲက သားတို့၊ သမီးတို့ အကြိုက်ဆုံးပုံ ကို ရွေးပြပါ”ဟု မေးပြီး အုပ်စု ကိုယ်စားလှယ်က ရွေးပြပါစေ။

֍အုပ်စုများအားလုံးနှင့် ဆွေးနွေးပြီးပါက မသန့်မရှင်း စားသောက်နေသော ပုံများကို တစ်ခုချင်း ထောက်ပြလျက် ထိုပုံများကဲ့သို့ မစားသင့်ကြောင်းနှင့် သန့်သန့်ရှင်းရှင်း စားနေသောပုံများကို တစ်ခုချင်းထောက်ပြလျက် ထိုပုံများကဲ့သို့ စားသောက်သင့် ကြောင်း ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ယဉ်ကျေးသူလေးများ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၁၊ ၂၊ ၃) တို့ကို ပြန်လည်ချိတ်ဆက်၍ သန့်သန့်ရှင်းရှင်း၊ ယဉ်ယဉ်ကျေး ကျေး စားသောက်သင့်ကြောင်း ပြောပြပြီး အောက်ပါ “ယဉ်ကျေးသူလေးများ” ကဗျာ ကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

ယဉ်ကျေးသူလေးများ

ထမင်းစားစို့ ညီမလေး (ညီငယ်လေး)၊
လက်ကို စင်အောင်ဆေး။
ယဉ်ယဉ်ကျေးကျေး ဟန်မူရာ၊
ထမင်းစေ့ မကျပါ။
ပါးစပ်မှာ ပလုတ်ပလောင်း၊
ဒီလို မစားကောင်း။
ဟင်းရည်တောင်းလည်း သပ်ရပ်စွာ၊
မညစ်ပေစေရာ။
သန့်ရှင်းလိမ္မာ အစာစား၊
ယဉ်ကျေးသူလေးများ။ ။

  1. ကလေးများကို လွတ်လပ် စွာ ဖြေဆိုခွင့်ပေးပါ။ ကလေးများ ဖြေဆိုပြီးတိုင်း ကလေးများ၏ အဖြေကို ထောက်ခံ အသိအမှတ် ပြုပါ။ ကလေးများ မဖြေနိုင် ပါက ဖြေနိုင်စေရန် ဆရာ က လမ်းကြောင်းပေးပါ။ လက်မဆေးလျှင် ဖြစ်နိုင်သော ဆိုးကျိုးများကို ကိုယ်ပိုင်အတွေ့ အကြုံ များဖြင့် ထည့်သွင်း ပြောကြားပေးပါ။
  2. မေးခွန်းများကို ကလေးများ ဖြေဆိုနိုင်အောင် လမ်းကြောင်းပေးပါ။ တတ်နိုင်သမျှ ကလေးများ ဘာသာဖြေဆိုပါစေ။
  3. အတန်းသားများလျှင် အဖွဲ့ခွဲပြီး ကြည့်ရှုခိုင်းပါ။