ဝိသာခါလေး -ဆရာ

From Wikisource
Jump to navigation Jump to search
339265ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၄) ဝိသာခါလေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

ဝိသာခါလေး

သင်ယူမှုဦးတည်ချက် ။ ။ ဘုန်းကြီးကျောင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဝိသာခါလေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

-ဘုန်းကြီးကျောင်း ရောက်ဖူးလား။
-ရောက်ဖူးတယ်ဆိုရင် ဘယ်သူတွေကို မြင်ရလဲ၊ ဘာတွေ တွေ့ ရလဲ။
-ဘုန်းကြီးကျောင်းမှာ ဘာလုပ်လို့ရလဲ။
-ဘုန်းကြီးကျောင်းမှာ ဘာတွေရှိလဲ။
-သားတို့ ဘုန်းကြီးကျောင်းသွားရတာ ပျော်လား။
-ဘာလို့ ပျော်တာလဲ။

֍ကလေးများ သူတို့၏အတွေ့ အကြုံကို လွတ်လပ်စွာ ပြောပါစေ။

֍“ဟိုးရှေးရှေးတုန်းက သားတို့၊ သမီးတို့လိုပဲ အလွန်လိမ္မာတဲ့ ကလေးမလေးတစ်ဦး ရှိခဲ့ဖူးတယ်၊ သူဟာ ဘုန်းကြီးကျောင်းကို နေ့တိုင်းသွားတယ်။ လူကြီးသူမတွေရဲ့ စကားကိုလည်း နားထောင်တယ်၊ အဲဒီကလေးမလေးနာမည်က ဝိသာခါလို့ ခေါ်တယ်။ အခု ဆရာက အဲဒီ ဝိသာခါလေးအကြောင်းကို ပြောပြမယ်နော်”ဟု အစချီပြီး ဝိသာခါလေးအကြောင်းကို ကလေးများအား စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဝိသာခါလေး

ဟိုးရှေးရှေးတုန်းက မြို့ကြီးတစ်မြို့ မှာ အလွန်လိမ္မာရေးခြားရှိတဲ့ ဝိသာခါဆိုတဲ့ ကလေးမလေးတစ်ယောက် ရှိခဲ့တယ်။ ဝိသာခါလေးဟာ လူကြီးမိဘများကို ရိုသေပြီး ဘုရားတရားကို အလွန်ကြည်ညိုကိုင်းရှိုင်းသူတစ်ယောက် ဖြစ်တယ်။

တစ်နေ့တော့ ဝိသာခါလေးတို့ နေတဲ့မြို့ကို မြတ်စွာဘုရားရှင် ကြွလာခဲ့တယ်။ ဝိသာခါလေးတို့ တစ်မြို့လုံး မြတ်စွာဘုရားကို ကြိုဆိုဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြင်ဆင်နေခဲ့ ကြတယ်။ ဝိသာခါလေးရဲ့ ဘိုးဘိုးဘွားဘွားတွေကလည်း မြတ်စွာဘုရားကို ကြိုဆိုဖို့ အကြီးအကျယ် ပြင်ဆင်နေခဲ့ကြတယ်။ ဝိသာခါလေးကိုလည်း ဘုရားရှင်ကို ကြိုဆိုဖို့ဆိုပြီး ရထားအစီးငါးရာ စီစဉ်ပေးတယ်။ ဘုရားရှင် ကြွလာတဲ့နေ့မှာ ဘုရားရှင်ကို ကြိုဆိုဖူးမြော် သူတွေနဲ့ တစ်မြို့လုံး ပြည့်နှက်နေခဲ့တယ်။ ဝိသာခါလေးကလည်း ဘိုးဘိုး စီစဉ်ပေးတဲ့ ရထားကိုစီးပြီး ဘုရားရှင်ကို သွားကြိုခဲ့တယ်။ ဝိသာခါလေးဟာ ဘုရားရှင် အနီးအနားထိ မြင်းရထားစီးသွားရင် မရိုမသေဖြစ်မှာစိုးတာနဲ့ ဘုရားရှင်နဲ့ မလှမ်းမကမ်း ရောက်တဲ့အခါ မြင်းရထားပေါ်က ဆင်းပြီး လမ်းလျှောက်သွားကာ ဘုရားရှင်ကို ဖူးမြော်ခဲ့ပါတယ်။ အသိ ဉာဏ်ကြွယ်ဝပြီး လိမ္မာတဲ့ကလေးလေးဆိုတော့ သူ့ကို ချစ်ခင်တဲ့သူတွေ အများကြီးရှိခဲ့ပါ တယ်။ သူ့နားမှာ အမျိုးသမီးကလေး (၅ဝဝ) က အမြဲတမ်း ရှိနေပါတယ်။

ဝိသာခါလေးဟာ မြတ်စွာဘုရားရှင် တရားဟောတာကို ရိုရိုသေသေ နားထောင်ပါ တယ်။ မြတ်စွာဘုရားရဲ့ တရားတော်ကို နှစ်သက်ကြည်ညို သဘောကျသွားခဲ့တယ်။ ဒါကြောင့် ဝိသာခါလေးဟာ သူ့သူငယ်ချင်း (၅ဝဝ) နဲ့အတူတူ လပြည့်၊ လကွယ်ဥပုသ်နေ့ တိုင်း ဘုန်းကြီးကျောင်းသွား၊ သီလဆောက်တည်ပြီး ကုသိုလ်ကောင်းမှုတွေ အမြဲလုပ်ပါ တယ်။ ဝိသာခါလေးဟာ ခုနစ်နှစ်အရွယ်နဲ့ လိမ္မာလွန်းလို့ ကလေးတိုင်းက အားကျကြ တယ်။ လူတိုင်းက အမြဲချီးမွမ်းစကားဆိုကြတယ်။

ဝိသာခါလေးရဲ့ ဂုဏ်သတင်းဟာ တစ်မြို့လုံး ပျံ့နှံ့နေခဲ့တယ်။ အားလုံးကချစ်တဲ့ ဝိသာခါလေးဟာ နေ့စဉ်နေ့တိုင်း သူ့သူငယ်ချင်းတွေ၊ အဘိုး၊ အဘွား၊ မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ပါတယ်။

မှီငြမ်း ။ ။ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ဒုတိယတွဲ၊ ၉၀။ ဧကကနိပါတ၊ ဋ္ဌ၊ ၃၁၂။

֍ဝိသာခါလေးအကြောင်း ပြောပြီးသောအခါ အောက်ပါ မေးခွန်းများကို မေးမြန်းပါ။

-ဝိသာခါလေးက ဘုရားရှင်ဆီကို ဘယ်လိုသွားတာလဲ။
-ဝိသာခါလေးနဲ့အတူ ကလေး ဘယ်နှစ်ယောက်ပါသွားသလဲ။
-ဝိသာခါလေး ဘယ်လိုတရားနာလဲ။
-ဝိသာခါလေးရဲ့ ဂုဏ်သတင်းတွေက ဘာလို့ ပျံ့နှံ့နေတာလဲ။
-ဝိသာခါလေးကို ဘာဖြစ်လို့ ဝိုင်းချစ်ကြတာလဲ။
-သားတို့၊ သမီးတို့ရော ဝိသာခါလေးလို ဖြစ်ချင်ကြလား။

စာသင်ချိန်(၂)

သင်ထောက်ကူပစ္စည်း ။ ။ ဆေးရောင်ခြယ်ရန်၊ ပုံဆွဲရန် ရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

ဝိသာခါလေးပုံ၊ ဝိသာခါလေးနှင့်သူငယ်ချင်းများ ကျောင်းသွားနေကြပုံများကို ဆေးရောင်ခြယ်ကြပါစေ။ (သို့မဟုတ်) ပုံဆွဲကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကလေးများ ဘုန်းကြီးကျောင်း သွားနေကြပုံ၊ တရားထိုင်နေကြပုံ၊ ဘုရားရှိခိုးနေကြပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများအပေါ် မူတည်၍ သရုပ်ဆောင်လိုသော ကလေးများကို ရွေးချယ်ပါ။

֍ကလေးများ ဘုန်းကြီးကျောင်း သွားနေကြသော ရုပ်ပုံကို ပြပြီး ရုပ်ပုံထဲကအတိုင်း ရုပ်သေ သရုပ်ဆောင်ပါစေ။

֍ထို့နောက် ဆက်လက်၍ ကလေးများ တရားထိုင်နေကြပုံ၊ ဘုရားရှိခိုးနေကြသောရုပ်ပုံ ကို ပြပြီး ရုပ်ပုံထဲကအတိုင်း ရုပ်သေ သရုပ်ဆောင်ကြပါစေ။

֍ကျန်ကလေးများနှင့်အတူ ဆရာက အကဲဖြတ်ပေးပါ။

֍ကလေးများတော်ကြောင်း ချီးကျူးပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဝိသာခါလေး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဝိသာခါလေးကဲ့သို့ လိမ္မာယဉ်ကျေးသော ကလေးငယ်များ ဖြစ်စေချင်ကြောင်း၊ ဝိသာခါ လေးကဲ့သို့ မိဘဆရာသမားများနှင့် ဘုရားတရားကို ရိုသေသူများ ဖြစ်စေချင်ကြောင်း စသည်ဖြင့် တိုက်တွန်းပြီး စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် “ဝိသာခါလေးအကြောင်း ကဗျာစပ်ထားတာရှိတယ်၊ အတူတူ ဆိုကြရ အောင်”ဟု ပြောပြီး အောက်ပါကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆို ပြပါ။

ဝိသာခါလေး

သမီးအလိမ္မာ ဝိသာခါ၊
နေ့စဉ် တရားနာ။
သီလယူကာ ကုသိုလ်ပွား၊
ချစ်သူခင်သူများ။
ဘုန်းကြီးကျောင်းကို သွားတဲ့ခါ၊
သူငယ်ချင်းလည်းပါ။
ဘိုးဘွားတို့မှာ ချစ်ခင်ကြ၊
အမြဲပျော်ရွှင်ရ။

  1. ကလေးများ မဖြေနိုင်ပါက ကူညီဖြေဆိုပါ။