ပတ်ဝန်းကျင်သန့်ရှင်းရေး -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၃) ပတ်ဝန်းကျင်သန့်ရှင်းရေး (ကျောင်းသားကိုင်သို့)
339264ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၃) ပတ်ဝန်းကျင်သန့်ရှင်းရေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

ပတ်ဝန်းကျင် သန့်ရှင်းရေး

သင်ယူမှုဦးတည်ချက် ။ ။ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်စေရန် (ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားတတ်စေရန်)။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ငှက်ပျောသီးခွံ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ငှက်ပျောသီးခွံဇာတ်လမ်းကို ကလေးများအား ပြောပြပါ။

[သတိပြုရန် 1]

ငှက်ပျောသီးခွံ

အောင်အောင်ဟာ ပထမတန်းတက်နေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ မုန့်စားပြီးတိုင်း အခွံတွေ၊ အမှိုက်တွေကို တွေ့ တဲ့နေရာမှာ ပစ်ထားလေ့ရှိ တယ်။ အမှိုက်တွေကို အမှိုက်ပုံး၊ အမှိုက်တောင်းတွေထဲထည့်ဖို့ သူ့အမေကရော၊ သူ့ ဆရာမကပါပြောပေမဲ့ ဘယ်တော့မှ နားမထောင်ဘူး။ ဒီလိုနဲ့ သီတင်းကျွတ် ကျောင်းပိတ် ရက်ကို ရောက်လာတယ်။ “မနက်ဖြန် ပုပ္ပားကို ဘုရားဖူးသွားကြမယ်”လို့ သူ့ဖေဖေက ပြောတယ်။ ပုပ္ပားမှာ မျောက်တွေလည်း အများကြီးရှိတယ်။ သူတို့ကိုကျွေးဖို့ ငှက်ပျောသီး တွေလည်း မေမေက အများကြီးဝယ်ထားတယ်။ အောင်အောင်တို့မောင်နှမတွေ သိပ်ပျော် သွားကြတယ်။

အောင်အောင်က ငှက်ပျောသီး အလွန်ကြိုက်တာဆိုတော့ မေမေဝယ်လာတဲ့ အထဲက ငှက်ပျောသီးတစ်လုံးကို ဖြုတ်ပြီးစားလိုက်တယ်။ “ငှက်ပျောသီးစားပြီးရင် အခွံကို အမှိုက်ပုံးထဲ သွားထည့်နော်”လို့ သူ့မေမေက ပြောတယ်။ ဒါပေမဲ့ အောင်အောင်ဟာ ငှက်ပျောသီးခွံကို အိမ်ပေါက်ဝကနေ အိမ်အပြင်ဘက်ကို ပစ်ချလိုက်တယ်။ သူ့မေမေက မီးဖိုထဲမှာ အလုပ်ရှုပ်နေလို့ မမြင်လိုက်ဘူး။ မေမေ ချက်ပြုတ်နေတုန်း အောင်အောင်တို့ မောင်နှမတွေ ခြံထဲမှာ ဆင်းကစားဖို့ အိမ်ထဲကနေ ပြေးထွက်သွားကြတယ်။ ညီမလေး အော်သံကြားလို့ ကြည့်လိုက်တော့ အိမ်ရှေ့လှေကားပေါ်မှာ အောင်အောင်ပစ်ထားတဲ့ ငှက်ပျောခွံကို တက်နင်းမိပြီး ညီမလေး လိမ့်ကျသွားတာမြင်ရတယ်။ ညီမလေးက “နာ တယ်၊ နာတယ်”ဆိုပြီး မရပ်ဘဲငိုနေလို့ မေမေတို့က ညီမလေးကို ဆေးခန်းခေါ်သွားကြ တယ်။ “ညီမလေး လက်ကျိုးသွားတာတဲ့၊ ဒါကြောင့် တို့မိသားစု ပုပ္ပားကို သွားလို့မရတော့ ဘူး”လို့ ဖေဖေက ပြောတယ်။ အောင်အောင်တို့ မပျော်ကြရတော့ဘူး။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-အောင်အောင်ဟာ ငှက်ပျောသီးခွံကို ဘယ်မှာ ပစ်လိုက်သလဲ။
အောင်အောင်ရဲ့ ညီမလေး ဘာဖြစ်လို့ လက်ကျိုးသွားသလဲ။
-ပုပ္ပားကို ဘုရားဖူးမသွားရတာ ဘယ်သူ့ကြောင့်လဲ၊ ဘာကြောင့်လဲ။
-ငှက်ပျောသီးခွံကို ဘယ်မှာ ပစ်ရမှာလဲ။

֍ထို့နောက် အမှိုက်များကို စနစ်တကျ စွန့်ပစ်သင့်ကြောင်း၊ မစွန့်ပစ်ပါက မိမိသာမက မိမိ မိသားစုနှင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ကြောင်း အနှစ်ချုပ် ပြောကြားပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဆရာကိုယ်တိုင် ဦးဆောင်ပြီး အမှိုက်ကောက်ခြင်း (သို့မဟုတ်) ကလေးများစုပေါင်းပြီး အမှိုက်ကောက်နေသော ရုပ်ပုံ။

[သတိပြုရန် 2]

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို ဆရာကိုယ်တိုင် ဦးဆောင်ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကာ အမှိုက်ကောက်ကြပါစေ။

֍စာသင်ခန်းအတွင်းသို့ ပြန်ရောက်လျှင် အမှိုက်များ တွေ့ ခဲ့ကြောင်း ပြောကြပါစေ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ကလေးတို့ရော ဘယ်နေရာမှာ အမှိုက်တွေ တွေ့ဖူးလဲ။
-အမှိုက်ဆိုတာ ဘယ်လိုဟာမျိုးလဲ။
-အမှိုက်တွေရှိရင် ဘာဖြစ်မလဲ။
-အမှိုက်တွေရှိတာ ကောင်းလား။
-အမှိုက်တွေကို ဘယ်မှာ ပစ်ရမလဲ။

֍အမှိုက်များတွေ့လျှင် အမှိုက်ပုံးထဲသို့ စနစ်တကျ ထည့်ရမည်ဖြစ်ကြောင်း၊ အမှိုက်ကောက်ပြီးတိုင်း လက်ကို သေချာစွာ ဆေးရမည်ဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်းလှည်းခြင်း အကျိုးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 3]

֍အမှိုက်ကင်းစင်ပြီး သန့်ရှင်းသောနေရာတွင် နေရလျှင် စိတ်ကြည်လင်ကြောင်း၊ စိတ်ကြည်လင်လျှင် ဉာဏ်ကောင်းပြီး စာလည်း တော်လာမှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်လည်း ညီညွတ်ကြောင်း၊ ဗုဒ္ဓဘုရားရှင်ကလည်း နှစ်သက်ကြောင်း၊ သန့်သန့် ရှင်းရှင်းနေဖို့ အမြဲဆုံးမခဲ့ကြောင်း ပြောပြပါ။

֍ထို့နောက် ကလေးများကို အောက်ပါမေးခွန်းများမေးပါ။

-ဘုရားပေါ်မှာ၊ ကျောင်းဝင်းထဲမှာ တံမြက်စည်းလှည်းနေသူတွေကို တွေ့ ဖူးလား။
-တံမြက်စည်းလှည်းရင် ဘာအကျိုးရမယ်လို့ ထင်သလဲ။

֍ထို့နောက် အောက်ပါကဗျာကို ဦးစွာ ရွတ်ဆိုစေပြီး ကလေးများ နားလည်နိုင်လောက်သော ရှင်းလင်းချက်များဖြင့် တံမြက်စည်းလှည်းခြင်း၏ အကျိုးများကို ပြောပြသိစေပါ။

တံမြက်စည်းလှည်းခြင်း၏အကျိုး

ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့ချစ်လျက်၊ နှစ်သက်ပျော်ရွှင်။
လှကြောင်းကံနှင့်၊ နတ်ဖြစ်ဂုဏ်ရှင်၊
တံမြက်လှည်း၊ ရမြဲကျိုးငါးအင်။ ။

တံမြက်စည်းလှည်းရခြင်းအကျိုး (၅) ပါး

၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ ချစ်ခင်နှစ်သက်ခြင်း၊
၄။ ကြည်ညိုဖွယ်ဂုဏ်အပေါင်းနှင့် ပြည့်စုံခြင်း၊
၅။ နောက်ဘဝ၌ နတ်ပြည်သို့ ရောက်ရခြင်း။ ။ (ဝိ၊ ၅။ ၂၃၁။)

֍အမှိုက်တွေမရှိဘဲ အမြဲသန့်ရှင်းနေအောင် ဘယ်လိုလုပ်ကြမလဲ။

֍အမှိုက်ကို အမှိုက်ပုံး၊ အမှိုက်တောင်းထဲ မထည့်တဲ့သူတွေ တွေ့ ရင် ဘယ်လိုပြောမလဲ စသည့် မေးခွန်းများကို ဖြေဆိုကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အမှိုက်ပုံးမှာ အမှိုက်ပစ်ကဗျာနှင့် သန့်ရှင်းရေး ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါကဗျာကို အသံနေအသံထား၊ ဟန်အမူအရာဖြင့် ကလေးများနှင့်အတူ ပျော်ရွှင်စွာ ရွတ်ဆိုပြပါ။

အမှိုက်ပုံးမှာ အမှိုက်ပစ်

(အမှိုက်ပစ်မယ်)၂
(ဘယ်မှာပစ်)၂
အမှိုက်ပုံးထဲ ပစ်မယ်
အမှိုက်ပုံးထဲ ထည့်မယ်
(ရောက်အောင်ထည့်)၂

֍အထက်ပါ ကဗျာကို အလွတ်ရသည်အထိ ရွတ်ဆိုပြီးပါက ကလေးများကို ကဗျာရွတ်ဆိုရင်း “ကျောက်ရုပ်ကစားနည်း”ကစားကြပါစေ။

֍ကလေးများကို လမ်းလျှောက်နေပါစေ။ ဆရာက ကဗျာရွတ်ဆိုခြင်းကို ရပ်ချင်သည့် နေရာတွင် ရပ်ပါ။ ကဗျာရုပ်ပါက ကလေးများအားလုံးကလည်း ရုတ်တရက် ရပ်နေရ မည်။ မရပ်ဘဲ လှုပ်နေသောကလေးကို အပြင်ထွက်ပါစေ။ အထက်ပါနည်းအတိုင်း အချိန်အပေါ် မူတည်၍ ကစားပါ။

֍ထို့နောက် အောက်ပါကဗျာကို ဆက်လက်သင်ကြားပေးပြီး အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုကြပါစေ။

သန့်ရှင်းရေး

အမှိုက်တစ်စ တွေ့ ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊
လှပ ရောဂါစင် ... ။
မြင်မြင်သမျှ ကြည်လင်အေး၊
စုပေါင်း သန့်ရှင်းရေး .... ၊

֍ကဗျာရွတ်ဆိုပြီးသောအခါ ရှေ့စာသင်ချိန်များတွင် ရှင်းပြခဲ့သော အမှိုက်ပစ်ခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို ပြန်လည်ချိတ်ဆက် ပြောပြပါ။

  1. အသံနေအသံထား၊ ဟန်အမူအရာများဖြင့် ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။
  2. အမှိုက်များ ကောက်ပြီး လျှင် လက်ကို သေချာစွာ ဆေးပါစေ။ အမှိုက်ကောက်ရန် မဖြစ် နိုင်သောကျောင်း (သို့မဟုတ်) အဆောက်အအုံဖြစ်ပါက “ကလေးများ စုပေါင်းပြီး အမှိုက်ကောက်နေသော ရုပ်ပုံ”ကို ပြပြီး အမေး အဖြေ ပြုလုပ်ပါ။
  3. ကလေးများ စိတ်ဝင်စားနိုင်မည့် စကားလုံးများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရှင်းပြပါ။